Chapter 28
Viewers 5k

👻Chapter 28

: သွေးနီလရဲ့ သမန်းဝံပုလွေ သတ်ဖြတ်ခြင်း (6)



လီရှင်းရန်က သူတို့နေသည့် အိမ်နားကို ကျော်သွားရန် ပြင်လိုက်စဥ် သူမ၏ ဖုန်းမျက်နှာပြင်က ရုတ်တရက် လင်းထိန်လာသည်။


သူမက ချူဟွိုက်နှင့် ကျန်နှစ်ယောက်နေသည့် အိမ်တံခါးနားတွင် ရောက်နေ၏။


ပတ်ပတ်လည်က တိတ်ဆိတ်နေသည်။


ပြတင်းပေါက်ကို ဖြတ်ပြီး ချူဟွိုက်က လီရှင်းရန် ဖုန်းဖြေလိုက်သည်ကို မြင်နေရသည်။


သူမက စိတ်လှုပ်ရှားနေသည့်ပုံပေါ်သည်။


"ကိုယ့်နားကို ရောက်နေပြီ" ဖုန်းတစ်ဖက်မှ အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။


ချူဟွိုက်က အသက်အောင့်ထားမိသည်။


ဒါ လုံးဝ မမှားနိုင်ဘူး...သူ့ အသံကြီး။


"တကယ်" လီရှင်းရန်၏ လက်က တုန်ယင်နေပြီး မျက်ဝန်းထက် မျက်ရည်များလည်း ဝေ့သီလာသည်။


သူမက အောင့်မထားနိုင်တော့၍ ဆက်မေးလိုက်သည်


 " ဒါဆို အခု ရှင် ဘယ်မှာလဲ"


ဖုန်းတစ်ဖက်က 'ချူဟွိုက်'က ရုတ်တရက် ပြုံးလိုက်သည်။


နူးနူးညံ့ညံ့လေသံနှင့် သူက ပြောလာသည် 


" မင်း...နောက်မှာ"


“မင်းကို...တွေ့ပြီ" နောက်ဆုံးတွင် ဖုန်းတစ်ဖက်မှ အသံက အေးစက်ပြီး မှိုင်းညှို့နေသည့် အသံအဖြစ် ပြောင်းသွားသည်။


ဖုန်းမျက်နှာပြင်က ချက်ချင်း မည်းကျသွားသည်။


လီရှင်းရန်က ချက်ချင်း လှည့်ကြည့်လိုက်ရာ မျက်နှာထက် အပြုံးက တောင့်ခဲသွားရသည်။


သူမက အလိုလို ခေါင်းငုံ့လိုက်ရင်း မျက်နှာထက် မယုံနိုင်ဟန် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။


မီးဖိုချောင်သုံးဓါး တစ်လက်က သူမဝမ်းဗိုက်ကို ထိုးဖောက်ဝင်ရောက်လာလေသည်။


တစ်ဖက်တွင်လည်း ချူဟွိုက်၏ မျက်လုံးများက အက်ကွဲလာရသည်။


ကျန့်ယောင်က လီရှင်းရန် လွတ်သွားမည်စိုး၍ သူမဆံပင်ကို ဆုပ်ကိုင်လာပြီး ပြတင်းပေါက်ဆီ မျက်နှာကို ကပ်ပစ်လိုက်သည်။


ထင်မထားစွာ ချူဟွိုက်နှင့် လီရှင်းရန်တို့ကြား ပြတင်းပေါက် တစ်ချပ်သာ ခြားတော့သည်။


သုံးနှစ်ကြာပြီးနောက် သူမက သူ့ကို ပြန်တွေ့ရပြီ ဖြစ်သည်။


သူမရဲ့ မသေခင် နောက်ဆုံးအချိန်လေးမှာပေါ့။


ချူဟွိုက်က တော်တော်လေး ပြောင်းလဲသွားတယ် ဆိုရင်တောင်မှ တစ်ချက်ကြည့်ရုံနဲ့ သူ့ကို မှတ်မိပါသေးတယ်။ 


ကျန့်ယောင်၏ လက်များက အားပြင်းလွန်း၍ လီရှင်းရန်၏ မျက်နှာက တွန့်လိမ်ပြီး ရှုံ့တွလာသည်။ မျက်ရည်ပူများက ဖုန်အလိမ်းလိမ်းနှင့် ပြတင်းပေါက်မှန်ပေါ် စီးကျသွားပြီး ပြတင်းပေါက်တွင် လမ်းကြောင်း နှစ်ခု ပေါ်လာသည်။ 


မျက်ရည်စက်များက ပြတင်းပေါက် အောက်ခြေထိ လိမ့်ဆင်းသွားပြီး ညစ်ပေသွားရသည်။


လီရှင်းရန်၏ ဆံပင်များက ဦးရေပြားမှ ကျွတ်ထွက်သွားပြီး သွေးတို့ စိမ့်ထွက်လာသည်။


လီရှင်းရန်က သူမကို ဖုန်းခေါ်လာသည့်သူက ချူဟွိုက်မဟုတ်ပဲ သရဲဖြစ်နေမှန်း သေကာနီးအချိန်မှ နားလည်သွားရသည်။


ချူဟွိုက်အတွက်ကြောင့်သာ မဟုတ်ရင် သရဲဆီကနေ အရူးလုပ်ခံရပြီး ကျန့်ယောင်လက်ထဲ သေရမှာ မဟုတ်ဘူး။


လီရှင်းရန်က သူ့ကို ကောင်းကောင်းပုန်းနေပြီး အပြင်ထွက်မလာရန် ခေါင်းယမ်းပြသည်။


သူမက ပါးစပ်ဟလာသည် 


" ကျွန်မ တောင်းပန်ပါတယ်"


လီရှင်းရန်က ထိုစကားနှစ်ခွန်းကို အမြဲတမ်း ပြောချင်ခဲ့သော်လည်း မပြောရဲခဲ့ချေ။


သူမ ပိုပြီး လွတ်မြောက်သွားလေလေ ထိုစကားများ ပြောထွက်ရန် ပိုခက်လာသလို ခံစားခဲ့ရသည်။ 


ချူဟွိုက်က နှုတ်ခမ်းလှုပ်ရုံ ပြောသည့်စကားကို ဖတ်တတ်မှန်း သူမ သိသည်။


အမှန်တွင်ဖြင့် ချူဟွိုက်၏ သဘောအတိုင်း ဆိုပါက သူမ ပြန်မပေးလျှင်ပင် သူက စိတ်ထဲထားမည် မဟုတ်ပေ။


ထိုကိစ္စကို လျစ်လျူရှူမထားနိုင်သည်က သူမသာ ဖြစ်သည်။


လူတိုင်းက သူမအပေါ် အထင်သေးနိုင်သော်လည်း ချူဟွိုက်ကတော့ သူမအပေါ် အထင်သေးသွားလို့ မဖြစ်ချေ။


သူသာ အထင်သေးသွားမယ်ဆို သူမမှာ ဘာမျှော်လင့်ချက်မှ ရှိတော့မှာ မဟုတ်ဘူး။


ချူဟွိုက်က သူမကို စစတွေ့တွေ့ချင်းမှာ ကယ်ခဲ့တာကို နောင်တရနေလောက်တယ်။


သူမက အန္တရာယ်များတယ် သမာသမတ်မကျဘူး သူပေးတဲ့ ကြင်နာမှုတွေနဲ့ မထိုက်တန်ဘူး။


လီရှင်းရန်က ထိုစကားလုံးများကို အသံတိတ် ပြောလိုက်ပြီးနောက် သူမမျက်နှာက ငြိမ်းချမ်းသွားသည်။


သူမ သေသွားပြီ ဖြစ်သည်။


ရှင်းရန်ဆိုသည့် နာမည်က အသက်ဆယ့်ရှစ်နှစ် အရွယ်တွင် သူမကိုယ်တိုင် ပြောင်းလိုက်သည့် နာမည် ဖြစ်သည်။


 á€€á€źá€šá€şá€€á€œá€ąá€¸á€€ မိုးကောင်းကင်ပေါ် တက်မလာခင် ကြွေကျသွားပြီ ဖြစ်သည်။


ချူဟွိုက်က နံရံဘက်ကို အဖိခံထားရပြီး လက်နှစ်ဖက်စလုံးကိုလည်း အနောက်ကနေ လော်မင်က ချုပ်ထား၍ လှုပ်မရ ဖြစ်နေသည်။ သို့သော်လည်း ချူဟွိုက်၏ မျက်လုံးများက အေးစက်နေသည်။


လော်မင်က နှာမှုတ်လိုက်ရင်း " သူမက သေလောက်တဲ့ ဒဏ်ရာ ရသွားတာ"


"အခု ထွက်သွားလိုက်ရင်ရော ဘာအသုံးဝင်တော့မှာလဲ။ သူမရဲ့ နောက်ဆုံးစကားကို နားထောင်ပြီး လက်စားပြန်ချေပေးမလို့လား။ မင်း ဘယ်အချိန်ကစပြီး စိတ်လိုက်မာန်ပါ ဖြစ်သွားရတာလဲ"


"သူမက မသေပဲ ဒဏ်ရာပြင်းပြင်းရသွားရင်တောင် သိပ်မကြာခင်ထိ တောင့်ထားနိုင်တော့မှာ မဟုတ်ဘူး။ ပြီးတော့လည်း ဒီနေရာမှာ ဆေးဝါးကုသမှုတွေ ထောက်ပံ့မှုတွေ မရှိဘူးလေ"


"ကလေးတစ်ယောက် ခေါ်လာတာနဲ့တင် မလုံလောက်သေးဘူးလား"


လော်မင်က တိတ်တိတ်လေး အိပ်ပျော်နေသော ကောင်လေးကို အေးစက်စက်အကြည့်နှင် ကြည့်လိုက်သည်။


အဲ့ဒီကောင်လေးကြောင့် မဟုတ်ရင် သူ မလုပ်လောက်...။


တစ်ဖက်တွင်လည်း ချူဟွိုက်က အသံထွက်မလာချေ။


လော်မင်ပြောသည်က မှန်နေကြောင်း သူဝန်ခံရမည်။ ထိုလူ့ ရွေးချယ်မှုက အမြင်ရှင်းပြီး လက်တွေ့အကျဆုံး ဖြစ်သည်။


သို့သော်လည်း သူ့အတွက် လီရှင်းရန်က ထူးခြားသည့်သူ ဖြစ်သည်။


သူငယ်ငယ်က လုပ်ခဲ့သည့် အရာအတွက် ပြန်ပေးဆပ်ချင်၍ အရွယ်ရောက်လာသည့်အချိန် လီရှင်းရန်၏ အခြေအနေကို သိလိုက်ရပြီးနောက် သူမကို ကယ်တင်ရန် ဆုံးဖြတ်ခဲ့သည်။


သူက ညမှောင်မှောင်တိုင်း အိပ်ရာထက် ငိုငိုတတ်သော ကောင်ငယ်လေးအတွက် ပြုပြင်ပေးရန် ကြိုးစားခဲ့သည်။


သူ့အပြစ်ကြွေး ကျေသွားလိမ့်မည်ဟု ထင်ခဲ့မိသည်။


 á€žá€­á€Żá€ˇá€žá€ąá€Źá€şá€œá€Šá€şá€¸ လီရှင်းရန်က သေသွားခဲ့ပြီ ဖြစ်၏။


လူများကို ကယ်တင်ခြင်းက အသုံးမဝင်ပဲ သူ့ကိုယ်တိုင်ကို ကယ်တင်ရုံသာ တတ်နိုင်တော့သည်။ 


ချူဟွိုက်က ပြုံးလိုက်သည်။ သူ့မျက်လုံးထဲတွင် သူ့တွင် ရှိခဲ့ဖူးသည့် ကောင်းမှုကုသိုလ်များက အစိတ်စိတ်အမွှာမွှာ ကွဲသွားသလိုပင်။


လော်မင်က ချူဟွိုက် စိတ်ငြိမ်သွားပြီမှန်း သိလိုက်၍ လွှတ်ပေးလာသည်။


"သူမက သူ့ဘာသာ တုံးလို သေသွားရတာ။ မင်းနဲ့ ဘာမှမဆိုင်ဘူး" သူက မနေတတ်သလို ပြောလာသည်။


အပြင်ဘက်တွင် ကြောက်စရာကောင်းအောင် မှောင်မည်းနေသည်။ ထူးဆန်းသော လကြီးကလည်း လူသေကောင်၏ သွေးတို့ စွန်းထင်းနေသည့်ပမာ နီရဲနေသည်။


လူသားများက မွေးရာပါ အမှောင်ကြောက်ကြသည်။


ကမ္ဘာဦးအစ ကာလများတွင် အမှောင်ထုက ကြိုတင်ခန့်မှန်း၍ မရနိုင်သော အန္တရာယ်ဟု ပြောကြသည်။


ဤကြောက်စိတ်က သူတို့ အရိုးထဲထိ စွဲမြဲနေပြီ ဖြစ်သည်။


ထိုခေတ်အချိန်တွင်း ညနက်လာသည်နှင့် တောရိုင်းတိရစ္ဆာန်များက လူနေသည့် ဂူများအတွင်း အစာရှာအတွက် အလစ်ဝင်လာတတ်သည်။


ကံကောင်းသည့်သူများသာ သူတို့အစာ မဖြစ်သွားကြသော်လည်း သူတို့အဖော်များ စားသောက်ခံနေရသည်ကို တိတ်တဆိတ် စောင့်ကြည့်နေရုံသာ တတ်နိုင်ကြသည်။


ကျွတ်ကျွတ်ဝါးနေသည့် အသံက အကြောတို့ပင် ထောင်သွားစေသည်။


ထိုတိရစ္ဆာန်ကြီးများ ဗိုက်ပြည့်သွားသောအခါ သူတို့က ပြန်သွားကြသည်။


ဤဖြစ်စဥ်များက ထပ်ကာတလဲလဲ ဖြစ်ပွားလေ့ရှိသည်။


သူတို့၏ လက်ရှိအခြေအနေကလည်း ထိုအရာနှင့် ထူးမခြားနားပင်။ သွေးနီလ ပေါ်ပေါက်လာချိန် အိမ်ထဲတွင် ပုန်းနေနိုင်သည့် ကံကောင်းသည့်သူက သရဲအစားခံလိုက်ရသည့် ကံမကောင်းသည့်သူကို စောင့်ကြည့်နေရုံပဲ တတ်နိုင်သည်။


သူတို့ လုပ်နိုင်သည်အရာဟူ၍ မရှိချေ။


မဟုတ်ဘူး။ ဒီလို မဖြစ်သင့်ဘူး။


ချူဟွိုက်က ရုတ်တရက် လန့်နိုးလာသည်။


လူသားတွေက ဒီနေ့အထိ အသက်ရှင်လာတယ်ဆိုပေမယ့် သူတို့အဖော်ကို သစ္စာဖောက်ခဲ့ပြီး ရှင်သန်လာခဲ့ကြတယ်လို့ မဆိုလိုဘူးလေ။


သူတို့သာ ဒီနေရာမှာ သေဖို့ကံပါလာရင် သူတို့က ပြစ်မှုကို ကျူးလွန်ပြီးတာနဲ့ လွတ်နိုင်တော့မှာ မဟုတ်ဘူး။ ဒါဖြင့် ရုန်းကန်လှုပ်ရှားနေရတာ ဘာအကြောင်းရင်းကြောင့်လဲ။


ဘာလို့ သူတို့က အသက်ရှင်သန်ဖို့ နည်းလမ်းကို ရှာမှာလဲ။


သူတို့က အသက်ဘေးနဲ့ ဆိုင်တဲ့ ကိစ္စကို မထူးခြားသလို လုပ်နေလို့ မရဘူး။ ပြီးတော့ ကံကောင်းမှုကိုပဲ အားကိုးနေလို့မရဘူး။


သူက နတ်ဘုရားပဲ။


သူ လုပ်နိုင်တာ တစ်ခုခုတော့ ရှိရမယ်။


ချူဟွိုက်က နောက်ဆုံး စိတ်ပြန်ငြိမ်သွားသည်။ 


သူ၏ မျက်လုံးလေးများက တလက်လက်ဖြစ်နေပြီး ကြယ်ကင်းစင်သည့် အမှောင်ယံည အောက်ဝယ် ခိုနားနေသည့် ပင်လယ်ကြီးပမာ နက်ရှိုင်းနေသည်။


လော်မင်က ချူကျောင်းက သူ့ကို အပြစ်တင်နေလိမ့်မည် သို့မဟုတ် မတရားသလို ခံစားရပြီး အသံတိတ် ငိုနေလိမ့်မည်ဟု တွေးမိသည်။ အမှန်တွင်ဖြင့် သူက ဤပရလောကသို့ ပထမဆုံး ရောက်လာသည့်အချိန် သူလည်း ထိုသို့ ဖြစ်ဖူးသည်။


သူဝင်ခဲ့သည့် ဖြစ်ရပ်တွင် သူ့ကို ကောင်းကောင်းဆက်ဆံပေးခဲ့သည့် နူးညံ့သည့် မိန်းမငယ်လေး တစ်ယောက် ရှိခဲ့ဖူးသည်။ 


သူမသည်လည်း အသစ်ဝင်လာသည့်သူ ဖြစ်သည်။


နောက်ပိုင်းတွင် သရဲ ပေါ်လာခဲ့သည်။


သူက အဘိုးကြီးတစ်ယောက်နှင့်အတူ အဆောက်အဦးထဲရှိ ဗီရိုကြီးထဲတွင် ပုန်းနေခဲ့သည်။ အဘိုးကြီးက လော်မင့်ပါးစပ်ကို တင်းတင်း အုပ်ထားလေသည်။


သရဲက ထိုမိန်းကလေးကို သတ်နေသည်ကို သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။


ထိုကိစ္စပြီးသွားချိန် အဘိုးကြီးက သူ့ကို စကားဆိုလာခဲ့သည် :အဲ့ဒီညက သူမသာ သေမသွားဘူးဆိုရင် သေရမယ့်သူက မင်းဖြစ်သွားနိုင်တယ်။


…


ချူကျောင်း၏ အမူအရာကို ကြည့်နေရင်း လော်မင်က အချို့လူများက မျက်ရည်နှင့် တုန့်ဆိုင်းမှုမရှိပဲ အသက်ရှင်ရန် မွေးဖွားလာကြသည်ဟု ခံစားမိသည်။


သူမက ကလေးဘဝကတည်းက အလိုလိုက်ခံခဲ့ရပြီး ပရလောကသို့ ဝင်လာချိန်တွင်လည်း ကျင်းထျန်းယိက ကာကွယ်ပေးခဲ့၍ ဖြစ်နိုင်သည်။ တစ်နည်းဆိုရရင် သူမက လက်တွေ့ဘဝနဲ့ ကင်းကွာတဲ့အရပ်မှာ နေခဲ့ရတဲ့သူ ဖြစ်မယ်။


ဒါကြောင့် ချူကျောင်းက ဒီလို ရက်စက်တဲ့အရာတွေကို ကြုံဖူးမှာ မဟုတ်ဘူး။ ပြီးတော့ ဒါတွေကို ဘယ်လို စိန်ခေါ်ရမလဲ ဆိုတာလည်း မသိလောက်ဘူး။


အဲ့ဒီအတွက် သူမက အပြင်လောကကို ထွက်လာတဲ့အချိန်မှာ အေးအေးဆေးဆေး လျှောက်နိုင်တာပေါ့။


ဒီလိုလုပ်တာက တကယ် အတွေ့အကြုံမရှိတဲ့သူ ပုံစံပဲ။


သူ့အတွက်က ထိုအတိုင်းလုပ်ရန် မဖြစ်နိုင်ပေ။  


…


လီရှင်းရန်၏ အလောင်းက အနည်းငယ် အေးစက်နေသည်။


ကျန့်ယောင်က သူမကို ထပ်ပြီး ထိန်းမထားနိုင်တော့၍ အားတို့ လျော့လာရသည်။


လီရှင်းရန်၏ ခန္ဓာကိုယ်က ပြတင်းပေါက်မှန်မှ တောက်တဲ့တစ်ကောင်လို တွဲကျလာသည်။


ကျန့်ယောင်၏ လက်က သူမ၏ သွေးတို့ စွန်းထင်းနေ၍ ထိလိုက်သည်နှင့် နွေးတေးတေး ဖြစ်နေဆဲပင်။ သို့သော်လည်း သူမနှလုံးသားက အေးစက်နေသလို ခံစားရသည်။


သူမ လူသတ်ခဲ့သည်။


သူမ ထိုသို့ မလုပ်ချင်ခဲ့ပေ။


သို့သော်လည်း လီရှင်းရန်သာ သေမသွားခဲ့လျှင် ၁၀နာရီကြာပြီးသည့်နောက် သေရမည့်သူက သူမ ဖြစ်သွားလိမ့်မည်။


ဤသည်က သူမအတွက် အသက်ရှင်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။

 

သူမက ဖြစ်ရပ်ထဲ ဝင်လာသည့် လွန်ခဲ့သောအချိန်ပိုင်းက သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်နှင့် သွားတိုးမိသည်။


ထိုအမျိုးသမီးက သူမဆီ အပြေးလာပြီး သူမ၏ သားဖြစ်သူကို တွေ့မိသေးလား မေးလာသည်။


ထိုအမျိုးသမီးနှင့် သားဖြစ်သူက ကွဲသွားကြဟန် ရှိသည်။


ကျန့်ယောင်က သူမနှင့်အတူ လျှောက်သွားပြီး သားဖြစ်သူကို ကူရှာပေးရန် ရွေးချယ်ခဲ့သည်။


ထို့နောက်....။


သွေးနီလက ပေါ်လာသည့်အချိန် ထိုအမျိုးသမီးက သူမကို စိုက်ကြည့်လာသည်။ ထိုအမျိုးသမီး၏ မျက်နှာထက် ကြောက်ရွံ့မှု အထင်းသား ပေါ်လာပြီး ကျန့်ယောင် မတုန့်ပြန်နိုင်မီ ဖိနပ်တစ်ဖက်ကျွတ်လျက် ထွက်ပြေးသွားသည်။


စက္ကန့်အနည်းငယ် ကြာပြီးနောက် သွေးနီရောင် စာတန်းက ကျန့်ယောင်၏ ခေါင်းထဲ ပေါ်လာသည်။


[ပြိုင်ပွဲဝင် ကျန့်ယောင်ကို တစ်ဖက်ပြိုင်ပွဲဝင်က သရဲအဖြစ် သတ်မှတ်လိုက်ပါပြီ(ပထမအကြိမ် သတ်မှတ်ခြင်း) ဒါကြောင့် သရဲအဖွဲ့ထဲကို အလိုလို ရောက်သွားပါတယ်]


[သရဲအဖွဲ့ မစ်ရှင်က အကုန်လုံးကို သတ်ရမှာ ဖြစ်တယ်(သာမန်လူတွေကို သတ်ရင်သတ်၊ မဟုတ်ရင် သာမန်လူတွေကြား ပုန်းနေတဲ့ နတ်ဘုရားကို ရှာပြီး သတ်ပါ)]


[ပထမမြောက် စွမ်းရည်: ညအမြင်အာရုံ]


[ဒုတိယမြောက် စွမ်းရည်: တည်နေရာ (သွေးနီလအချိန်အတွင်း မင်းနဲ့ မီတာ၂၀၀အကွာမှာရှိတဲ့ ပြိုင်ပွဲဝင်တွေကို ထောက်လှမ်းကြည့်လို့ ရပါတယ်)]


သူမက စိတ်ရင်းအမှန်နှင့် ထိုအမျိုသမီး၏ ကလေးကို ကူရှာပေးခဲ့သော်လည်း ထိုအမျိုးသမီးက သူမကို သရဲအဖြစ် သတ်မှတ်သွားသည်။


အဆုံးတွင် သူမက သရဲတစ်ကောင် ဖြစ်လာသည်။


နာကျည်းပြီး ဒေါသထွက်ရမည့် အစား ကျန့်ယောင်က ကျေးဇူးတင်မိသည်။


အနည်းဆုံး သူမက သရဲတစ်ကောင် ဖြစ်လာ၍ အခြားသရဲများက သူမကို သတ်လာမည် မဟုတ်ပေ။


သူမက သာမန်လူနှင့် လူများကြား ပုန်းနေသည့် နတ်ဘုရားကို သတ်နိုင်သရွေ့...။


အသက်ရှင်နိုင်မည့် နည်းလမ်းက စိတ်ကူးယဥ်နေရုံလောက် မဟုတ်တော့ပေ။


ထို့အပြင် သူမက တစ်ယောက်တည်း တိုက်နေသည် မဟုတ်ပေ။ သူမတွင် သရဲအပေါင်းအပါများ ရှိလေသည်။


သူမက သူတို့ကို မတွေ့ဖူးသေးသော်လည်း...။


စစချင်းတွင် ကျန့်ယောင်က လမ်းပေါ် လျှောက်သွားနေခြင်း ဖြစ်သည်။ ထို့နောက် သူမခေါင်းထဲ အနီစက်လေးတစ်ခုနှင့် မြေပုံတစ်ခုက ရုတ်တရက် ပေါ်လာသည်။


အကြောင်းတစ်ချို့ကြောင့် အနီစက်လေးက သူမနေရာနှင့် နီးကပ်လာသည်။


တစ်စတစ်စ ပိုပိုနီးလာသည်။


သူမက အိမ်တစ်လုံး နောက်တွင် ပုန်းလိုက်ရင်း လီရှင်းရန်ကို တွေ့လိုက်ရသည်။


သူမ အမြဲတစေ မုန်းတီးခဲ့သည့် မိန်းမ ဖြစ်သည်။


သူမက စာအရမ်းကြိုးစားခဲ့ပြီး နောက်ဆုံး ဒီပလိုမာတန်းကို ဝင်ခွင့်ဖြေစရာမလိုပဲ တက်နိုင်တော့မည် ဖြစ်သည်။သို့သော်လည်း လီရှင်းရန်က သူမကောင်လေးက ကျောင်းနှင့် ဆက်ဆံရေးကောင်းသည့်အတွက် သူမဆီက ထိုနေရာကို လုယူသွားခဲ့သည်။


ဘာလို့လဲ။


လီရှင်းရန်ကသာ ချမ်းသာသည့် မိသားစုက အကြီးဆုံးသမီး ဖြစ်နေလျှင် ကျန့်ယောင်က ထိုသို့ မနာလို ဖြစ်မိမည် မဟုတ်ပေ။ အမှန်တွင်ဖြင့် လီရှင်းရန်က ပြည့်စုံသည့် မိသားစုက လာသည့်သူ မဟုတ်ပေ။ သို့သော်လည်း လက်တွေ့တွင် ထိုသို့ မဟုတ်ပဲ လီရှင်းက ချမ်းသာသည့် ဒုတိယမျိုးဆက် သခင်လေးပုံစံ ချစ်သူရှာရန်အတွက် ကံကို အားကိုးခဲ့သည်။ 


သူမတို့နှစ်ယောက်က ဘဝတူတွေမှန်း ပြောစရာကိုမလိုဘူး။


ဒါပေမယ့် ဘာလို့ လီရှင်းရန်က သူမထက် ကံပိုကောင်းနေရတာလဲ။


ကျန့်ယောင်ကလည်း လီရှင်းရန်ကို မသတ်ချင်ပေ။ သို့သော်လည်း သူမနှင့် ထိုမိန်းမက မတူညီသည့် လမ်းကို လျှောက်နေရသူ ဖြစ်၍ ကျန့်ယောင်သာ သူမကို မသတ်လိုက်လျှင် သေရမည့်သူက သူမ ဖြစ်သွားလိမ့်မည်။


သူမက သရဲအဖွဲ့ကမှန်း လီရှင်းရန် သိသွားလျှင်လည်း ကောင်းမည့် ကိစ္စ မဟုတ်ပေ။ 


ထို့ကြောင့် အရင်ဆုံး လက်ဦးယူလိုက်သည်က သူမအတွက် ပိုကောင်းလိမ့်မည်။


သို့သော်လည်း ကျန့်ယောင်အပေါ်ကိုပဲ လုံးလုံး အပြစ်တင်၍မရချေ။ သူမကိုယ်သူမ သေမင်းတံခါးဝသို့ တွန်းပို့လိုက်သည့် လီရှင်းရန်ကိုသာ အပြစ်တင်ရမည် ဖြစ်သည်။


…


ကျန့်ယောင်က နံရံပေါ် မှီထားရင်း စိတ်တည်ငြိမ်ရန် အသက်ကို ကြိုစားရှူနေရသည်။


သူမက ပထမဆုံးအကြိမ် လူသတ်မိခြင်း ဖြစ်သော်လည်း ကြောက်သလို မခံစားမိသည့် အကြောင်းရင်းကို မသိပေ။ တစ်ခြားနည်းနှင့် ဆိုပါက သူမက တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲ ဓါးကို ထိုးဖောက်လိုက်ချိန် ပျော်သွားသလို ခံစားမိသည်။ 


ငါ့မှာ ရွေးစရာ မရှိခဲ့လို့ ငါ့ကို အပြစ်တင်လို့ မရဘူး။


ငါက အသက်ရှင်ချင်ရုံလေးပါပဲ။


ကျန့်ယောင်က ဓါးကို လွှင့်ပစ်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအချိန် ဖုန်းက ရုတ်တရက် လင်းလာသည်။


ခေါ်လာသည့်သူက သူမရည်းစား ဝမ်ကျယ် ဖြစ်နေ၏။


ကျန့်ယောင်က အံ့သြသွားရသည်။


👻