Volume 7 : ဥပဒေဌာန
Chapter 163 (ပြစ်မှုမရှိကြောင်းချေပချက် ၁၉၊ ဇာတ်သိမ်း)
သက်သေမေးမြန်းခြင်းအဆင့်ပြီးသောအခါ ယွဲ့ရှင်းဝမ်က တရားခံရှေ့နေစားပွဲသို့ ပြန်လာပြီး ထိုင်လိုက်သည်။
တရားသူကြီးက ခဏလောက် နှုတ်ဆိတ်နေပြီး အသံကျယ်ကျယ်ဖြင့် ပြောလာသည်။
"မေးခွန်းမေးမြန်းတာ ပြီးသွားပြီးနောက် နှစ်ဖက်စလုံးက သက်သေပြတဲ့ အဆင့်ကို ရောက်ပါပြီ… ပထမအနေနဲ့ အစိုးရရှေ့နေကို သက်သေအဖြစ် တင်ပြဖို့ ဖိတ်ခေါ်ပါတယ်… တရားရုံးမှာ သက်သေအထောက်အထားတွေရဲ့ စစ်မှန်မှုကို စစ်ဆေးအတည်ပြုဖို့ တရားခံနဲ့ တရားခံရှေ့နေတွေက မေးခွန်းတွေ မေးမြန်းနိုင်ပါတယ်"
တရားခွင်အတွင်း သက်သေပြသည့်အဆင့်သည် အလွန်အရေးကြီးပြီး သက်သေတိုင်းကို ဂရုတစိုက်ခွဲခြမ်းစိတ်ဖြာပြီး အတည်ပြုရမည်ဖြစ်သည်။ ကြားဖြတ်နားထောင်ခြင်းနှင့် ဓာတ်ပုံခိုးရိုက်ခြင်းကဲ့သို့သော တရားမဝင်နည်းလမ်းဖြင့် ရရှိသောသက်သေများကို တရားရုံးတွင် အသိအမှတ်မပြုပါ။
အစိုးရရှေ့နေ၏လက်ထောက်သည် USB flash drive ကို ကွန်ပျူတာနှင့်ချိတ်ဆက်ခဲ့ပြီး ဓာတ်ပုံနှစ်ပုံကို ဖန်သားပြင်ပေါ်တွင် ချဲ့ထွင်ခဲ့သည်— သေဆုံးသူ၏ဒဏ်ရာဓာတ်ပုံများနှင့်မှုခင်းဆရာဝန်မှထုတ်ပေးသော သေဆုံးရခြင်းအကြောင်းရင်းကို ဖော်ထုတ်ခဲ့သည်။ ဝန်ထမ်းတစ်ဦးမှ လက်မှတ်နှစ်စောင်ကိုလည်း တရားရုံးသို့ ပေးအပ်ခဲ့သည်။
တရားလိုရှေ့နေက ချက်ချင်းထရပ်ပြီး ပြောသည်။
"ဒါက အခင်းဖြစ်ရာနေရာရဲ့ ဓာတ်ပုံနဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ထားတဲ့ သက်သေအထောက်အထားတွေပါ… မှုခင်းဆေးစစ်ချက်အရ သေဆုံးသူမှာ အခြားဒဏ်ရာတွေ မရှိပါဘူး… မသေဆုံးခင် လိင်ပိုင်းဆိုင်ရာ စော်ကားမှု သဲလွန်စတွေ မရှိပါဘူး… နှလုံးဧရိယာက ဒဏ်ရာတစ်ခုပဲရှိပါတယ်… ဒဏ်ရာကို ခွဲခြမ်းစိတ်ဖြာပြီး ပုံစံထုတ်ထားတဲ့ လူသတ်လက်နက်က အခင်းဖြစ်ရာနေရာမှာ သိမ်းဆည်းရမိတဲ့ သစ်သီးဓားနဲ့ အတူတူပါပဲ”
လက်ထောက်က လူသတ်လက်နက်ကို ပိုးသတ်ထားသည့် ပလပ်စတစ်အိတ်ထဲမှာ အလုံပိတ်ထားပြီး တရားရုံးဆီ ယူဆောင်လာသည်။
အစိုးရရှေ့နေက ဆက်လက်ပြောကြားသည်။
"သစ်သီးဓားပေါ်က သွေးတွေဟာ သေဆုံးသူရှဲ့ရှန်းချင်ရဲ့သွေးဖြစ်ပြီး ဓားရဲ့လက်ကိုင်မှာ တရားခံကျူးရှောင်ထင်ရဲ့ လက်ဗွေရာသာ ရှိပါတယ်… ဒါက လူသတ်လက်နက်ပေါ်မှာ သွေးစွန်းထင်နေတဲ့ မျိုးရိုးဗီဇရလဒ်နဲ့ လက်ဗွေရာဖော်ထုတ်ခြင်း ဖြစ်ပါတယ်"
ဖန်သားပြင်ကြီးတွင် အသိအမှတ်ပြုလက်မှတ်ပုံနှစ်ပုံကို တစ်ခါတည်းပြသခဲ့သည်။
တရားသူကြီးက ခေါင်းငြိမ့်ပြီး ပြောသည်။
"တရားခံနဲ့ တရားခံရှေ့နေတွေက ဒီသက်သေကို လက်ခံပါသလား"
ကျူးရှောင်ထင်က လန်ယာရုန်နှင့် ယွဲ့ရှင်းဝမ်တို့အား ကူကယ်ရာမဲ့ ကြည့်နေလေသည်။ မမျှော်လင့်ဘဲ ယွဲ့ရှင်းဝမ်နှင့် လန်ယာရုန်တို့သည် အသံတိုးတိုးဖြင့် စကားအနည်းငယ်ပြောပြီး ဆတ်ခနဲထကာ ခုံရုံးကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
"တရားခံက လူသတ်လက်နက်နဲ့ ပတ်သက်တဲ့ ပစ္စည်းသက်သေကို လက်ခံပါတယ်"
လူတော်တော်များများ အံ့အားသင့်ခဲ့ကြသည်။
ဤရုပ်ပိုင်းဆိုင်ရာ သက်သေအထောက်အထားကို ရယူရန်နည်းလမ်း သို့မဟုတ် ဖော်ထုတ်ခြင်းရလဒ်ကို ငြင်းဆို၍မရပါ။ သူတို့ငြင်းရင် ရှုပ်သွားလိမ့်မည်။ ယွဲ့ရှင်းဝမ်က အခြားရှုထောင့်မှ ပြောသည်။
"ဒါပေမဲ့ လူသတ်လက်နက်မှာ တရားခံကျူးရှောင်ထင်ရဲ့ လက်ဗွေရာပဲရှိတယ်ဆိုတဲ့အချက်နဲ့ ကျူးရှောင်ထင်က လူသတ်သမားလို့ မဆိုလိုပါဘူး"
အစိုးရရှေ့နေက မျက်မှောင်ကြုတ်သွားသည်။
"လူသတ်သမားက အခြားလူဖြစ်ပြီး လူသတ်လက်နက်မှာ လက်ဗွေရာမထားခဲ့ဘူးလို့ တရားခံရှေ့နေက ပြောချင်တာလား"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။
"ဟုတ်ပါတယ်… လူသတ်သမားက တစ်စုံတစ်ယောက်ကို သတ်ဖို့ အချိန်အကြာကြီး ကြံစည်ထားပြီး လူသတ်မှုကျူးလွန်ဖို့ လက်အိတ်တစ်စုံ ဝတ်ထားရင် လူသတ်လက်နက်မှာ လက်ဗွေရာတွေ ကျန်တော့မှာ မဟုတ်ဘူး… သူမက 703 အိပ်ဆောင်ထဲကို ဝင်လိုက်တာနဲ့ ရှဲ့ရှန်းချင်က သွေးအိုင်ထဲမှာ လဲကျနေပြီး သူမက လူကယ်တင်ဖို့အတွက် လူသတ်လက်နက်ကို မတော်တဆ ထိမိခဲ့တာပါ"
ယွဲ့ရှင်းဝမ်က ဖန်သားပြင်ကို ကြည့်ကာ ချက်ချင်း ပြောခဲ့သည်။
"ကျေးဇူးပြုပြီး နောက်ဆုံးဓာတ်ပုံကို ပြန်ပြဖို့ လက်ထောက်ကို အကူအညီတောင်းပါရစေ"
လက်ထောက်သည် ဓာတ်ပုံကို ပြန်လည်ပေးပို့ခဲ့ပြီး သေဆုံးသူ၏ ဒဏ်ရာနှင့် သေဆုံးခြင်းအကြောင်း သက်သေခံလက်မှတ် မှုခင်းဆေးပညာဆိုင်ရာ ဓာတ်ပုံတို့သည် ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။ ယွဲ့ရှင်းဝမ်က ဆက်လက်ပြောသည်။
"ကျူးရှောင်ထင်က လျှိုကျားကျားအမှုမှာ လူသတ်သမားလင်ဖေးရွှယ်က သူမရဲ့အစာထဲကို ဝမ်းနုတ်ဆေးထည့်ခဲ့တာကြောင့် တစ်ညလုံး ကမ်းခြေမှာ ဝမ်းပျက်နေခဲ့တာပါ… လျှိုကျားကျားအမှုမှာ လင်ဖေးရွှယ်က ဒါကို သူမရဲ့ထွက်ဆိုချက်မှာ ဝန်ခံခဲ့ပါတယ်… သက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းတွေကို တရားရုံးဆီ တင်ပြခွင့်ပြုပါ"
တရားသူကြီးက ခေါင်းငြိမ့်ပြပြီး လင်းမန့်လော်မှ ပုံနှိပ်ထားသော သက်သေများကို တရားရုံးသို့ လွှဲပြောင်းပေးခဲ့သည်။
ယွဲ့ရှင်းဝမ်: "တစ်ညလုံး ဝမ်းပျက်ပြီး ပေါင် 100 အောက် ပိန်ပါးတဲ့မိန်းကလေးတစ်ယောက်က လူတစ်ယောက်ရဲ့ရင်ဘတ်ကို ဓားနဲ့ထိုးဖို့ ခွန်အား လုံလုံလောက်လောက် မရှိပါဘူး… ကျူးရှောင်ထင်က အထက်တန်းကျောင်းမှာ ဝိဇ္ဇာဘာသာရပ်ကို သင်ယူခဲ့သလို တက္ကသိုလ်မှာ ဘာသာပြန်ဌာနက ဖြစ်ပါတယ်… သူမရဲ့မိသားစုနဲ့ သူငယ်ချင်းတွေထဲမှာ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေ မရှိပါဘူး… သူမက လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကို လုံးဝမသိပါဘူး… သူမက သေဆုံးသူနဲ့ အငြင်းအခုံဖြစ်ခဲ့ရင်တောင် တစ်ညလုံး ဝမ်းပျက်နေတာကြောင့် သူမခန္ဓာကိုယ်က အားနည်းပါတယ်… တကယ်လို့ သူမက တစ်ဖက်လူကို ဓားနဲ့ထိုးခဲ့ရင်တောင် သေဆုံးသူရဲ့ခန္ဓာကိုယ်ပေါ်မှာ အခြားဒဏ်ရာတွေမချန်ဘဲ နှလုံးသွေးလွှတ်ကြောကို အတိအကျထိုးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး"
အစိုးရရှေ့နေက မျက်မှောင်ကြုတ်လိုက်သည်။
"တရားခံရှေ့နေက အယူအဆ ကျိုးကြောင်းဆီလျော်မှုကို ရှေ့တန်းတင်ပြီး သက်သေအထောက်အထား မရှိပါဘူး"
ယွဲ့ရှင်းဝမ်: "ဒါပေမဲ့ ဒီလူသတ်လက်နက်က သံသယဖြစ်စရာပါ… လက်ဗွေရာတွေကို အခြေခံပြီး ကျူးရှောင်ထင်ကို လူသတ်သမားဖြစ်ကြောင်း အတည်ပြုဖို့ ခက်လွန်းပါတယ်… တကယ်လို့ သစ်သီးဓားကို ကျွန်တော်ထိလိုက်ပြီး အခု လက်ဗွေရာတွေ ထားခဲ့မယ်ဆိုရင် ကျွန်တော်လည်း လူသတ်သမား ဖြစ်လာမှာမလား"
အစိုးရရှေ့နေက ဆိုသည်။
"သက်သေက လူသတ်လက်နက်တင်မကဘဲ ခြေရာတွေကောပါပဲ"
ခြေရာများကို ဖော်ထုတ်နိုင်ရေးအတွက် သက်သေအထောက်အထားများကို ဖန်သားပြင်ကြီးတွင် ပြသခဲ့သည်။
"တရားသူကြီး ဒါက အခင်းဖြစ်ပွားရာ 703 အိပ်ဆောင်ထဲက ဓာတ်ပုံပါ… သဲလွန်စတွေ စုဆောင်းပြီး ဖော်ထုတ်ပြီးနောက် အခင်းဖြစ်ပွားရာနေရာက ခြေရာတွေဟာ သေဆုံးသူရှဲ့ရှန်းချင်နဲ့ တရားခံကျူးရှောင်ထင်တို့နဲ့ သက်ဆိုင်ကြောင်း ပြည်သူ့လုံခြုံရေးအဖွဲ့က ကောက်ချက်ချခဲ့ပါတယ်… 703 အိပ်ဆောင်ရဲ့ အနီးနားမှာ လူလေးယောက်ရဲ့ လက်ဗွေရာတွေကို စုဆောင်းရရှိပြီး အခန်းဖော်လေးယောက်ဖြစ်တဲ့ ရှဲ့ရှန်းချင်၊ ကျူးရှောင်ထင်၊ မောင်ယွဲ့နဲ့ လီဟွေ့ကျွမ်းတို့နဲ့ သက်ဆိုင်ပါတယ်… မောင်ယွဲ့နဲ့ လီဟွေ့ကျွမ်းတို့ဟာ အောက်တိုဘာလ 26 ရက်နေ့မှာ အလီဘိုင်ရှိခဲ့ပြီး အခင်းဖြစ်ပွားချိန်မှာ အိပ်ဆောင်ထဲက ခြေရာတွေနဲ့ လက်ဗွေရာတွေဟာ သေဆုံးသူရှဲ့ရှန်းချင်နဲ့ တရားခံကျူးရှောင်ထင်တို့ပဲ 703 အိပ်ဆောင်မှာရှိခဲ့ကြောင်း အတည်ပြုနိုင်ပြီး တတိယလူရဲ့ခြေရာကို ရှာမတွေ့ပါဘူး… ဒါကြောင့် တစ်စုံတစ်ယောက်က ရှဲ့ရှန်းချင်ကို သတ်ပြီး ကျူးရှောင်ထင်ကို ချောက်ချခဲ့တယ်ဆိုတဲ့ တရားခံရှေ့နေရဲ့ ယူဆချက်က မမှန်ပါဘူး"
ဓာတ်ပုံများအပြင် အစိုးရရှေ့နေသည် ရဲထောက်လှမ်းရေးဌာနရှိ ကျွမ်းကျင်ပညာရှင်တစ်ဦးမှ ထုတ်ပေးသော သက်သေခံလက်မှတ်အား လူတိုင်းကို ပြသခဲ့သည်။
အဆင့်မြင့်နည်းပညာသုံးပစ္စည်းများ၏အကူအညီဖြင့် လက်ဗွေရာနှင့်ခြေရာများကိုဖော်ထုတ်ရာတွင် အမှားအယွင်းများဖြစ်နိုင်ခြေမရှိပါ— သဲလွန်ဖော်ထုတ်ခြင်းတွင် ဒီသက်သေက အလွန်ယုံကြည်စိတ်ချရပါသည်။
အခင်းဖြစ်ပွားရာနေရာ၌ လူနှစ်ဦးသာ ရှိခဲ့သည်။ ဒါကို ဘယ်လိုရှင်းပြမှာလဲ။
တရားသူကြီးက မေးသည်။
"တရားခံနဲ့ တရားခံရှေ့နေတွေက သက်သေကို လက်ခံပါသလား"
လန်ယာရုန်က မတ်တတ်ထရပ်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ကျွန်မ လက်မခံပါဘူး"
ခန်းမထဲရှိ လူအုပ်ကြီးက အချင်းချင်း ထိတ်လန့်စွာ ကြည့်နေကြသည်။
လန်ယာရုန်က ကျူးရှောင်ထင်ထံသို့ အေးဆေးတည်ငြိမ်စွာ လျှောက်သွားပြီး အပြုံးဖြင့် မေးသည်။
"ကျူးရှောင်ထင်… ရှင်က ဖိနပ်ဆိုဒ် ဘယ်လောက်ဝတ်တာလဲ"
ကျူးရှောင်ထင်: "ဆိုဒ် 37"
လန်ယာရုန်က ဆက်မေးသည်။
"ရှဲ့ရှန်းချင် ဝတ်ထားတဲ့ ဖိနပ်ဆိုဒ်ကိုသိလား"
ကျူးရှောင်ထင် အဲဒါကို ခဏလောက်စဉ်းစားပြီး အတည်ပြုခဲ့သည်။
"ဆိုဒ် 39… သူမက အရပ်ပိုရှည်ပြီး ခြေဖဝါးပိုကြီးတယ်"
လန်ယာရုန်က လင်းမန့်လော်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။
"ဖိနပ်ဆိုဒ်နဲ့ သက်ဆိုင်းတဲ့ အထောက်အပံ့ပစ္စည်းတွေကို တင်ပြပေးဖို့ ကျွန်မတို့ရဲ့လက်ထောက်ကို ဖိတ်ခေါ်ချင်ပါတယ်"
လင်းမန့်လော်မှ ပြသခဲ့သောပုံတွင် ပုံစံတူ ခြေနင်းနှစ်စုံ ပေါ်လာသည်။ ကြက်ခြေကတ်ကြိုး၏ ရိုးရှင်းသောဒီဇိုင်းကို ပေါ့ပေါ့ပါးပါးအဝတ်အစားနှင့်အတူ ကြိုးသိုင်းဖိနပ်အဖြစ် ဒါမှမဟုတ် ကွင်းထိုးဖိနပ်အဖြစ် ဝတ်ဆင်နိုင်သည်။ အနီရောင်နှင့် အပြာရောင်ပါသော ဖိနပ်နှစ်ရံဖြစ်သည်။
ဖိနပ်၏အောက်ခြေကို ဒုတိယဓာတ်ပုံတွင် ပြသထားပြီး ခြေဖဝါးနှစ်ခု၏ အသွင်အပြင်သည် အတိအကျတူညီကြောင်း တွေ့မြင်နိုင်သည်။
လန်ယာရုန်: "ဒီဖိနပ်နှစ်ရံက ပုံစံတူပြီး အရောင်မတူပါဘူး… ခြေဖဝါးတွေက လှိုင်းတွန့်တွေဖြစ်ပြီး ထူးခြားမှုမရှိသလို ကျန်ခဲ့တဲ့ ခြေရာတွေမှာလည်း ကွာခြားမှုမရှိပါဘူး… အဲဒီဖိနပ်တွေထဲမှာ အနီရောင်ကြိုးသိုင်းဖိနပ်က ရှဲ့ရှန်းချင်ပိုင်တာဖြစ်ပြီး အပြာရောင်ကိုတော့…"
လင်းမန့်လော်က နောက်ထပ်ဓာတ်ပုံကို ပြသခဲ့သည်။
ဓာတ်ပုံထဲတွင် အပြာရောင်ဂါဝန်နှင့် အပြာရောင်ကြိုးသိုင်းဖိနပ်စီးထားသည့် မိန်းကလေးတစ်ဦးသည် သူမ၏ပါးပြင်ပေါ်တွင် ချစ်စရာ ပါးချိုင့်လေးနှစ်ခုဖြင့် ကင်မရာကို တောက်ပစွာပြုံးပြနေသည်။ "သူမ"ကို မကြာသေးမီက အိပ်ဆောင်အန်တီဖြစ်သူသည် မိန်းကလေးအိပ်ဆောင်တွင် အကြိမ်များစွာ ပေါ်လာကြောင်း အတည်ပြုခဲ့သည်— အမျိုးသမီးတစ်ဦးလိုဝတ်ဆင်ထားသော ကျိရှောင်ဟွေးဖြစ်သည်။
လန်ယာရုန်က တရားသူကြီးကို ပြန်ကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဒီဖိနပ်ကို ကျိရှောင်ဟွေး ပိုင်တာပါ"
ခန်းမထဲရှိ လူများက အေးစက်စက် ပင့်သက်ရှိုက်သွားခဲ့သည်။
ကျိရှောင်ဟွေးက ရှဲ့ရှန်းချင်လိုမျိုး ဖိနပ်တစ်ရံကို တကယ်ဝယ်ခဲ့တာလား…
လန်ယာရုန်: "ကျိရှောင်ဟွေးက အရပ် 175 cm ရှိပြီး သူ့ဖိနပ်ဆိုဒ်က အရမ်းသေးတဲ့အတွက် ဆိုဒ် 39 ရှိတဲ့ဖိနပ်ကို စီးနိုင်ပါတယ်… သူ့မှာ ရှဲ့ရှန်းချင်လိုပုံစံတူ ဖိနပ်တစ်ရံရှိပြီး သူက ဒီဖိနပ်ကို မကြာခဏ စီးလေ့ရှိပါတယ်… ကျိရှောင်ဟွေးင မိန်းကလေးအိပ်ဆောင်မှာ အကြိမ်များစွာ ပေါ်လာခဲ့ကြောင်းကိုလည်း အိပ်ဆောင်အန်တီက အခုလေးတင် တည်ပြုခဲ့ပါတယ်… ဒီတော့ 703 အိပ်ဆောင်မှာ တွေ့ရှိခဲ့တဲ့ လူနှစ်ယောက်ရဲ့ ခြေရာတွေမှာ ဆိုဒ် 37 ဖိနပ်က ကျူးရှောင်ထင်ရဲ့ခြေရာတွေဆိုတာ သံသယဖြစ်ရာမလိုပေမဲ့ ဆိုဒ် 39 ဖိနပ်က တကယ်ပဲ ရှဲ့ရှန်းချင်ရဲ့ခြေရာတွေလား"
အစိုးရရှေ့နေသည် ခဏတာ အံ့အားသင့်သွားပြီး တရားခံရှေ့နေများ တွေ့ရှိခဲ့သည့် အမျိုးသမီးလိုဝတ်စားသော Boss ၏ တူညီသောဖိနပ်ကြောင့် သိသိသာသာ တုန်လှုပ်သွားခဲ့သည်။
တရားသူကြီးက ခေါင်းငြိမ့်ပြပြီး သူမကို ဆက်လက်လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။
လန်ယာရုန်က လင်းမန့်လော်ကို လှည့်ကြည့်လိုက်ပြီး အခုလေးတင် အခင်းဖြစ်ရာနေရာ၏ ဓာတ်ပုံများ ပြသပေးရန် သူမကို တောင်းဆိုခဲ့သည်။
"ရှဲ့ရှန်းချင် သေတုန်းက သူမခြေထောက်မှာ ဒီကြိုးသိုင်းဖိနပ်ကို ဝတ်ထားခဲ့ပါတယ်… ကျိရှောင်ဟွေးမှာ သူမနဲ့ပုံစံတူ ဖိနပ်တစ်ရံရှိပြီး ကျိရှောင်ဟွေးသာ 703 အိပ်ဆောင်ထဲကို ဝင်လိုက်တာနဲ့ ကြမ်းပြင်မှာ တူညီတဲ့ပုံစံ ခြေရာတွေပဲ ကျန်ခဲ့မှာပါ"
"အိပ်ဆောင်ကြမ်းပြင်ကို အုတ်ခဲတွေနဲ့ ဖုံးထားတာကြောင့် သဲနဲ့ နှင်းတွေလို မဟုတ်ဘဲ အလေးချိန်ကို ခြေရာတွေရဲ့ အတိမ်အနက်နဲ့ ဆုံးဖြတ်ဖို့ မဖြစ်နိုင်ပါဘူး… ခြေရာတွေကိုကြည့်ရင် ကြိုးသိုင်းဖိနပ်နှစ်စုံမှာ ဆိုဒ် 39 လှိုင်းတွန့်ပုံစံတွေပဲ ကျန်ခဲ့တာကြောင့် ဒီခြေရာတွေက ရှဲ့ရှန်းချင်ရဲ့ခြေရာပါလို့ ပြောလို့မရပါဘူး… ဒါကြောင့် အခင်းဖြစ်ပွားရာနေရာမှာ ရှဲ့ရှန်းချင်နဲ့ ကျူးရှောင်ထင်တို့ရဲ့ ခြေရာတွေပဲရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ယုံကြည်နိုင်စရာမရှိပါဘူး"
စီနီယာအစ်မလန်သည် အများအားဖြင့် ဖော်ရွေသောအပြုံးနှင့် သေးငယ်သောအရပ်အမောင်းရှိပြီး စီနီယာအစ်မနှင့်မတူဘဲ ဂျူနီယာညီမလေးနဲ့ဆင်သည်။ သို့သော် ယခုအချိန်တွင် တရားခွင်၌ ရပ်နေသော သူမ၏အသံသည် ကြည်လင်ပြီး အားကောင်းသည်။ သူမ၏ မျက်လုံးများသည် တည်ငြိမ်ပြီး သူမ၏ခန္ဓာကိုယ်က ချက်ချင်းပင် ထက်မြက်သော အမျိုးသမီးတစ်ဦး၏ အသွင်အပြင်သို့ ပြောင်းလဲသွားသည်။
သူမ၏ ရှင်းလင်းပြတ်သားသော ငြင်းခုံမှုသည် အစိုးရရှေ့နေကို ပို၍ မျက်မှောင်ကြုတ်သွားစေပြီး တရားသူကြီးကလည်း သံသယဖြစ်ဖွယ် ကြည့်နေလေသည်။
တရားသူကြီးက မေးသည်။
"တရားခံရှေ့နေက တင်ပြတဲ့ ဖိနပ်ဆိုဒ်နဲ့ ပတ်သက်တဲ့ သက်သေကို အစိုးရရှေ့နေက လက်ခံပါသလား"
အစိုးရရှေ့နေသည် ခဏမျှ ငြိမ်သက်သွားပြီး ခေါင်းငြိမ့်လိုက်သည်။
တရားခံရှေ့နေဘက်က တင်သွင်းခဲ့သော သက်သေကို အစိုးရရှေ့နေက ပထမဆုံးအကြိမ် ခေါင်းငြိမ့်သဘောတူခဲ့သည်။ သူတို့၏စိတ်ထဲမှာလည်း ဒီအမှုကို သံသယဝင်စပြုလာတယ်ဆိုတာ ထင်ရှားပါသည်။
ဒါက ကောင်းသောလက္ခဏာပါပဲ။
လန်ယာရုန်က ယွဲ့ရှင်းဝမ်ကို အကြည့်တစ်ချက်ပေးလိုက်ပြီး သူမက ရေသောက်ရန် ပြန်ထိုင်လိုက်ပြီး ရှင်းဝမ်က ဆက်၍ အစားထိုးလိုက်သည်။
အစိုးရရှေ့နေက သက်သေကို ဆက်၍တင်ပြသည်။
"သေဆုံးသူရှဲ့ရှန်းချင်ရဲ့ လက်သည်းတွေထဲမှာ တွေ့ရှိရတဲ့ အရေပြားအပိုင်းအစတွေဟာ မျိုးရိုးဗီဇအရ ကျူးရှောင်ထင်နဲ့သက်ဆိုင်ပါတယ်… အခင်းဖြစ်ပွားတဲ့နေ့မှာ ကျူးရှောင်ထင်ရဲ့လက်နောက်ဘက်မှာ ခြစ်ရာတွေရရှိခဲ့တာက အရေပြားတစ်ရှူးဖော်ထုတ်ခြင်းရဲ့ရလဒ်တွေနဲ့ ကိုက်ညီပါတယ်"
ယွဲ့ရှင်းဝမ်: "တရားခံက သက်သေကို လက်ခံပါတယ်… ဒါပေမဲ့ ကျူးရှောင်ထင်ရဲ့ထွက်ဆိုလျက်ကို ကျေးဇူးပြုပြီး ကိုးကားပါရစေ… သူမက 703 အိပ်ဆောင်ထဲကို ဝင်သွားတဲ့အခါ ရှဲ့ရှန်းချင်က သွေးအိုင်ထဲမှာ လဲကျနေပါပြီ… သူမက လူကယ်ဖို့ အရှေ့ကိုလှမ်းခဲ့ပါတယ်… ရှဲ့ရှန်းချင်က လူ့ဗီဇအရ အသက်ရှင်ဖို့ စိတ်အားထက်သန့်ခဲ့ပြီး သူမလက်ကို ဆုပ်ကိုင်ခဲ့ပါတယ်… ရှဲ့ရှန်းချင်ရဲ့လက်သည်းတွေက အရမ်းရှည်ပြီး ကျူးရှောင်ထင်ရဲ့လက်ကို ဆုပ်ကိုင်လိုက်တဲ့ဖြစ်စဉ်မှာ သူမရဲ့လက်နောက်ဘက်ကို ပုံမှန်အတိုင်း ခြစ်မိသွားပါတယ်"
သူက အစိုးရရှေ့နေကို အေးဆေးတည်ငြိမ်စွာကြည့်ကာ ပြောခဲ့သည်။
"တကယ်လို့ ကျူးရှောင်ထင်နဲ့ ရှဲ့ရှန်းချင်တို့ဟာ အဲဒီအချိန်မှာ အငြင်းအခုံဖြစ်နေကြတာဆိုရင် ရှဲ့ရှန်းချင်က ကျူးရှောင်ထင်ရဲ့လက်နောက်ဘက်ကိုပဲ ကုတ်မှာမဟုတ်ပါဘူး… မိန်းကလေးတွေ ရန်ဖြစ်တာကို လူအများစုက မြင်ဖူးကြမယ်ထင်ပါတယ်… မိန်းကလေးနှစ်ယောက် ရန်ဖြစ်တဲ့အခါ သူတို့က တစ်ဖက်လူရဲ့လက်နောက်ဘက်ကို လက်သည်းတွေနဲ့ ညင်သာစွာ ကုတ်ကြလား"
ဤစကားကိုကြားပြီးနောက် လူတိုင်းသည် ဒီလူငယ်ရှေ့နေပြောသည့်စကားက အလွန်အဓိပ္ပာယ်ရှိကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ မိန်းကလေးနှစ်ယောက် ရန်ဖြစ်သောအခါ တစ်ယောက်နဲ့တစ်ယောက် နာကျင်မှုမရှိဘဲ လက်နောက်ဘက်ကို ဘယ်သူက ကုတ်မှာလဲ။ သူတို့က တစ်ယောက်မျက်နှာ တစ်ယောက်ကုတ်တာ ဒါမှမဟုတ် ဆံပင်တွေကိုဆွဲတာမျိုး လုပ်လိမ့်မည်။
သူမ၏လက်နောက်ဘက်ကို ကုတ်တာက ရှဲ့ရှန်းချင်သည် တစ်ဖက်လူ၏လက်ကို ဆုပ်ကိုင်ဖို့ကြိုးစားတာနဲ့ ပိုတူသည်။
ဒါဆို သူတို့က ရန်ဖြစ်တာ မဟုတ်ဘူး။
ယွဲ့ရှင်းဝမ်: "ရှဲ့ရှန်းချင်ရဲ့လက်သည်းအရှည်နဲ့ သူတို့နှစ်ယောက်သာ ကျူးရှောင်ထင်က သူမကို ဓားနဲ့ထိုးလောက်တဲ့အထိ အငြင်းအခုံက ပြင်းထန်နေမယ်ဆိုရင် ရှဲ့ရှန်းချင်က ငြိမ်ခံပြီး သူမရဲ့လက်နောက်ဘက်ကို ကုတ်နေမှာမဟုတ်ဘူး… ဒါပေမဲ့ အခင်းဖြစ်ပွားတဲ့အချိန်က ရှဲ့ရှန်းချင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ တိုက်ခိုက်တဲ့သဲလွန်စတွေမရှိသလို ကျူးရှောင်ထင်ကလည်း သူမလက်နောက်ဘက်မှာသာ ကုန်ခြစ်ရာရခဲ့တာကြောင့် ‘မိန်းကလေးနှစ်ယောက်က အငြင်းအခုံဖြစ်ပြီး ကျူးရှောင်ထက်က ရှဲ့ရှန်းချင်ကို ဓားနဲ့ထိုးသတ်ခဲ့တယ်’ဆိုတဲ့ အစိုးရရှေ့နေရဲ့ ကျိုးကြောင်းဆင်ခြင်မှုနဲ့ မကိုက်ညီပါဘူး… ဒါ့အပြင် ရှဲ့ရှန်းချင်ရဲ့လက်သည်းတွေထဲက အရေပြားတစ်ရှူးတွေဟာ ကျူးရှောင်ထင်က လူသတ်သမားဖြစ်ပါတယ်ကို သက်သေမပြနိုင်တာကြောင့် တရားရုံးက ဒီသက်သေကို လက်မခံဖို့ အကြုံပြုလိုပါတယ်"
တရားသူကြီးသည် ခဏလောက် သေချာစဉ်းစားပြီး ပြောလိုက်သည်။
"အရေပြားတစ်ရှူးတွေရဲ့ သက်သေက ယုံကြည်နိုင်လောက်စရာမရှိတာကြောင့် လက်မခံပါဘူး"
အစိုးရရှေ့နေဘက်က သက်သေများ တင်ပြ၍ပြီးသွားပါပြီ။ ဟန်ချက်သည် ကျူးရှောင်ထင်၏ ဦးတည်ရာဆီသို့ တဖြည်းဖြည်း စောင်းလာသည်။
ယွဲ့ရှင်းဝမ်က ဆက်လက်ပြောကြားခဲ့သည်။
"နောက်ထပ် တရားရုံးကို ကျွန်တော်တို့ သက်သေတချို့ တင်ပြချင်ပါတယ်"
ဓာတ်ပုံအများအပြားက ဖန်သားပြင်ကြီးတွင် ပေါ်လာသည်။
ပထမပုံသည် ‘လေးရာသီကဲ့သို့လေ’၏ အင်တာနက် ID ဖြင့် ကျိရှောင်ဟွေး၏ ဈေးဝယ်မှတ်တမ်းဖြစ်သည်။
ယွဲ့ရှင်းဝမ်က အသံကျယ်ကျယ်ဖြင့် ပြောသည်။
"လေးရာသီကဲ့သို့လေဆိုတာက ဈေးဝယ်ဆိုဒ်မှာ ကျိရှောင်ဟွေး မှတ်ပုံတင်ထားတဲ့ ID ဖြစ်ပြီး သူ့အခန်းဖော်က အတည်ပြုထားပါတယ်… ရှာဖွေမှုမှတ်တမ်းတွေအရ လွန်ခဲ့တဲ့ ခြောက်လက cosplay anime အဝတ်အစားတွေ ဝယ်ယူတာအပြင် ပုံမှန်အမျိုးသမီးအဝတ်အစားနှစ်စုံ၊ အမျိုးသမီးဖိနပ်နဲ့ ဆံပင်တုတွေလည်း ဝယ်ခဲ့ပါတယ်… ဒါ့အပြင် သူက anime အရုပ်သုံးရုပ်ကို ဝယ်ခဲ့ပါသေးတယ်"
နောက်တစ်ပုံတွင် ဤအရုပ်သုံးရုပ်က ရှဲ့ရှန်းချင်၏စားပွဲပေါ်တွင် ပေါ်လာသည်။
ယွဲ့ရှင်းဝမ်က အနည်းငယ် ခေတ္တရပ်လိုက်ပြီး ပြောသည်။
"သူက ယွမ် 1,000 ကျော်တန်ဖိုးရှိတဲ့ ဒီအရုပ်တွေအားလုံးကို ရှဲ့ရှန်းချင်ကို ပေးခဲ့ပါတယ်"
တရားခွင်မစမီ ယွဲ့ရှင်းဝမ်နှင့် လန်ယာရုန်တို့သည် တရားခွင်အတွက် နည်းဗျူဟာများကို တစ်ညလုံး ဆွေးနွေးခဲ့ကြသည်။
ယွဲ့ရှင်းဝမ်သည် မကြာခဏ စကားရည်လုပြိုင်ပွဲများတွင် ပါဝင်ပြီး လိုက်လျောညီထွေရှိသော အတွေးအခေါ်များရှိသည်။ လန်ယာရုန်သည် ဥပဒေဌာနမှ ကျောင်းသူတစ်ဦးဖြစ်ပြီး တရားရုံးစစ်ဆေးမှုများတွင် ပိုမိုကျွမ်းကျင်သည်။ သေသေချာချာ ဆွေးနွေးပြီးနောက် နှစ်ဦးသား အဖြေရှာ ဆွေးနွေးခဲ့ကြသည်——
ကျူးရှောင်ထင်၏နာမည်အား တိုက်ရိုက်ရှင်းလင်းရန် ကူညီပေးဖို့ အလွန်ခက်ခဲသည်။ ထို့အပြင် အစိုးရရှေ့နေမှာ မျက်မြင်သက်သေနှင့် ရုပ်ပိုင်းဆိုင်ရာ သက်သေများစွာရှိသည်။ ထို့ကြောင့် တရားသူကြီးက ကျူးရှောင်ထင်မှာ အပြစ်မရှိကြောင်း မည်သို့ယုံကြည်အောင်ပြုလုပ်ရမည်နည်း။
အဲဒါက တရားရုံးမှာ နောက်ထပ်လူသတ်သမားကို ရှာဖို့ပါပဲ။
အခြားလူသတ်သမား၏ လူသတ်ရန်ရည်ရွယ်ချက်၊ သက်သေအထောက်အထား၊ အယူအဆနှင့် ရှဲ့ရှန်းချင်ကို သတ်နိုင်ခြေသည် ကျူးရှောင်ထင်ထက်သာလွန်နေသ၍ ကျူးရှောင်ထင်၏သံသယများသည် သဘာဝအတိုင်း လျော့ကျသွားမည်ဖြစ်သည်။ အကယ်၍ တရားသူကြီးက အပြစ်မရှိဘူးလို့ မတွေးခဲ့ရင်တောင် သူမက ဒီအမှုကို အမြန်ပိတ်ပြီး ကျူးရှောင်ထင်ကို သေဒဏ်ချမှတ်မှာမဟုတ်ပေ။
ကျိရှောင်ဟွေးသည် ယနေ့တွင် မရှိဘဲ ယနေ့တွင် တစ်ဦးတည်းသောတရားခံမှာ ကျူးရှောင်ထင်ဖြစ်ပြီး တရားခံအစစ်ကို ရဲများက နေရာမှာတင် ဖမ်းရန် မဖြစ်နိုင်ပေ။ သို့သော်လည်း တရားသူကြီးက ကျူးရှောင်ထင်ကို ယာယီတရားသေလွှတ်ပေးနိုင်ပြီး သဲလွန်စများထပ်မံစုဆောင်းရန်အတွက် အစိုးရရှေ့နေ၏ရုံးကို အမှုအား ပြန်လည်စစ်ဆေးခွင့်ပြုနိုင်သည်။
အဲဒါက သူတို့၏ရည်ရွယ်ချက်ပဲဖြစ်သည်။
တရားခွင်တွင် ဤအချိန်၌ ကြည့်ရှုသူများဖြစ်စေ၊ တရားသူကြီးဖြစ်စေ၊ အမျိုးသမီးလိုဝတ်စားသော Boss ‘ကျိရှောင်ဟွေး’အပေါ် အာရုံစိုက်မှုသည် ကျူးရှောင်ထင်ထက် လုံးဝကို သာလွန်သွားခဲ့သည်။
ကျိရှောင်ဟွေးက ပြစ်မှုကျူးလွန်ကြောင်း တိုက်ရိုက်သက်သေမပြနိုင်သော်လည်း သက်သေအထောက်အထားတိုင်းက "ဒီအမှုမှာ သံသယတွေ အများကြီးရှိတယ်" ဆိုတာကို သက်သေပြနေပါသည်။
ယွဲ့ရှင်းဝမ်က တရားသူကြီးကို ကြည့်ကာ တစ်လုံးချင်းပြောလိုက်သည်။
"ကျိရှောင်ဟွေးနဲ့ ရှဲ့ရှန်းချင်တို့ကြားဆက်ဆံရေးက မရိုးရှင်းကြောင်း သက်သေပြဖို့ လုံလောက်ပါတယ်… ရှဲ့ရှန်းချင်က ကျိုးယိကျားရဲ့ကောင်မလေးဖြစ်ပြီး ကျိရှောင်ဟွေးက ကျိုးယိကျားရဲ့အခန်းဖော်အနေနဲ့ သံသယကိင ရှောင်နိုင်ပါတယ်"
"ဒါပေမဲ့ သူက ရှဲ့ရှန်းချင်နဲ့ သီးသန့်ရင်းနှီးတဲ့ ဆက်ဆံရေးရှိရုံတင်မကဘဲ သူမကို တန်ဖိုးကြီးအရုပ်တွေပေးပြီး ရုပ်ပြပွဲကို ခေါ်သွားပြီးတော့ နှစ်ယောက်သား လက်ကိုင်ပြီး ရင်းရင်းနှီးနှီး ဓာတ်ပုံရိုက်ခဲ့ကြပါတယ်… ကျိရှောင်ဟွေးက မိန်းကလေးလိုဝတ်ဆင်ပြှး မိန်းကလေးအိပ်ဆောင်ကို အကြိမ်ပေါင်းများစွာ ဝင်လိုက်ထွက်လိုက်လုပ်ခဲ့ပါတယ်… ကျွန်တော့်တို့မှာ သံသယဖြစ်စရာ အကြောင်းပြချက်တွေ အများကြီးရှိပါတယ်— ကျိရှောင်ဟွေးနဲ့ ရှဲ့ရှန်းချင်တို့က နောက်ကွယ်မှာ ဖောက်ပြန်နေကြတာပါ"
ဒီလိုကောက်ချက်ချလိုက်တာနဲ့ ကြည့်ရှုသူများက အံ့အားသင့်သွားခဲ့သည်။
ယောင်္ကျားလေးက မိန်းကလေးလိုဝတ်စားပြီး မိန်းကလေးအိပ်ဆောင်ကို သွားပြီးတော့ အခန်းဖော်၏ကောင်မလေးနဲ့ ဖောက်ပြန်နေခဲ့သည်… ဒါက လူသားများ၏ အမြင်သုံးခုကို ပြန်လည်ဆန်းသစ်စေသည်။
ယွဲ့ရှင်းဝမ်က ဆက်လက်ပြောသည်။
"မိန်းကလေးလိုဝတ်စားထားတဲ့ ကျိရှောင်ဟွေးက အပြင်မှာ အလုပ်လုပ်နေခဲ့တာကြောင့် ပိတ်ရက်တွေမှာ ကြိမ်ဖန်များစွာ အိပ်ဆောင်ကို ညဘက်ပြန်လာပြီး မနက်စောစော ထွက်သွားလေ့ရှိကြောင်း အိပ်ဆောင်အန်တီဖြစ်သူရဲ့ ထွက်ဆိုချက်မှာ ဖော်ပြထားပါတယ်… ဒီအကြောင်းပြချက်နဲ့ သူက အိပ်ဆောင်အန်တီကို လှည့်စားခဲ့ပြီး တကယ့်အကြောင်းပြချက်ကတော့—— ပိတ်ရက်တွေမှာ 703 အိပ်ဆောင်တွင် ရှဲ့ရှန်းချင်တစ်ယောက်တည်း ရှိနေလို့ပါ"
လင်းမန့်လော်သည် သူမ၏ moments မှ screenshot အများအပြားကို ချက်ချင်းပြသခဲ့သည်။
ယွဲ့ရှင်းဝမ်က တစ်ခုချင်းစီ စတင်ရှင်းပြခဲ့သည်။
"မေလ 1 ရက်နေ့မှာ ကျိုးယိကျားရဲ့အိပ်ဆောင်က လူသုံးယောက်ဟာ အတူတူ ဂိမ်းကစားခဲ့ပြီး ရှဲ့ရှန်းချင်က သူမကောင်လေးကို သူမအချစ်ဆုံးသူငယ်ချင်းနဲ့ ရုပ်ရှင်သွားကြည့်မယ်လို့ ပြောခဲ့ပါတယ်… ဒါပေမဲ့ အဲဒီနေ့က moments မှာ လီဟွေ့ကျွမ်း၊ မောင်ယွဲ့နဲ့ ကျူးရှောင်ထင်တို့အားလုံးက မေလ 1 ရက်နေ့ ပိတ်ရက်ဖြစ်တာကြောင့် အိပ်ပြန်သွားတာကို ပြသခဲ့ပြီး 703 အိပ်ဆောင်မှာ ရှဲ့ရှန်းချင်တစ်ယောက်တည်း ရှိနေပါတယ်… ရုပ်ပြပွဲအပြီးမှာ ကျိရှောင်ဟွေးက မိန်းကလေးအိပ်ဆောင်ကို ဝင်ရောက်ခဲ့ပါတယ်"
"ဇွန်လ 6 ရက်နေ့ ပိတ်ရက်မှာ မောင်ယွဲ့က စာလေ့လာဖို့ တစ်ညလုံး စာကြည့်ခန်းကို သွားခဲ့တယ်၊ လီဟွေ့ကျွမ်းက အိပ်ဆောင်မှာမရှိဘူး၊ ကျူးရှောင်ထင်က အင်တာဗျူးတစ်ခုမှာပါဝင်ဖို့ အမြန်ရထားစီးသွားတာကို moments မှာ ပြသခဲ့ပါတယ်… ကျိရှောင်ဟွေးကလည်း ဒီအပတ်မှာ မိန်းကလေးအိပ်ဆောင်ကို ရောက်လာခဲ့တာလား"
"ဇူလိုင်လ 4 ရက်နေ့ကလည်း ပိတ်ရက်ဖြစ်ခဲ့ပါတယ်… ရှဲ့ရှန်းချင်က အိပ်ဆောင်မှာ တစ်ယောက်တည်းနေပြီး 105 အိပ်ဆောင်က ကောင်လေးသုံးယောက်နဲ့အတူတူ ဂိမ်းကစားခဲ့ပါတယ်… ကျိရှောင်ဟွေးက ထပ်မံပျောက်သွားပြီး သူက မိန်းကလေးလိုဝတ်စားပြီးတော့ မိန်းကလေးအိပ်ဆောင်ထဲကို ဝင်သွားလို့ပါပဲ
Moments ၏ screenshot များကို ဖန်သားပြင်ကြီးတွင် ဖော်ပြထားပါသည်။ ရှဲ့ရှန်းချင်သည် ပိတ်ရက်များတွင် အိပ်ဆောင်၌ တစ်ယောက်တည်းနေသည့်အခါတိုင်း ကျိရှောင်ဟွေးသည် ယောင်္ကျားလေးအိပ်ဆောင်ကနေ ပျောက်သွားခဲ့သည်။
တိုက်ဆိုင်တာလား…
ဒီလောက်များတဲ့တိုက်ဆိုင်မှုမျိုး ဘယ်လိုလုပ်ရှိမှာလဲ…
ယွဲ့ရှင်းဝမ်သည် screenshot တစ်ပုံကို နောက်ဆုံးတွင် ပြသခဲ့သည်။
"အောက်တိုဘာ 26 ရက် အခင်းဖြစ်ပွားတဲ့နေ့မှာ ကျူးရှောင်ထင်က အိပ်ဆောင်မှာမဟုတ်ဘဲ ဘာဘီကျူးစားဖို့အတွက် ကမ်းခြေကိုသွားခဲ့တယ်… လီဟွေ့ကျွမ်းက အိပ်ဆောင်မှာမဟုတ်ဘဲ အလုပ်ဆင်းနေခဲ့တယ်… မောင်ယွဲ့ကလည်း စာလေ့လာဖို့ တစ်ညလုံးစာကြည့်ခန်းကို သွားခဲ့ပြီး 703 အိပ်ဆောင်မှာ ရှဲ့ရှန်းချင်တစ်ယောက်ပဲ ကျန်ခဲ့တယ်"
ယွဲ့ရှင်းဝမ်က တရားသူကြီးကို ကြည့်လိုက်ပြီး စိတ်ရောကိုယ်ပါ ပြောခဲ့သည်။
ဒါဆို ကျိရှောင်ဟွေးက မိန်းကလေးအိပ်ဆောက်ကို ထပ်လာပြန်ပြီလား"
လူတိုင်း: "…"
တစ်ရက်လောက်ကို ခွဲခြမ်းစိတ်ဖြာဖို့အတွက် တိုက်ဆိုင်မှုလို့ပြောနိုင်ပေမဲ့ သီတင်းပတ်များစွာကြာပြီးနောက်မှာတော့ ခွဲခြမ်းစိတ်ဖြာမှုကို အဆင့်ဆင့်လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးမှာတော့ ‘ကျိရှောင်ဟွေးဟာ အောက်တိုဘာလ 26 ရက်နေ့မှာ မိန်းကလေးအိပ်ဆောင်ကို ရောက်လာခဲ့တယ်’ ဆိုသော ကောက်ချက်က တကယ်ကို ယုံကြည်နိုင်စရာရှိသည်။
ခန်းမထဲရှိ အားလုံး၏မျက်လုံးများက ပြူးကျယ်သွားကာ တရားသူကြီးသည်လည်း မတ်မတ်ထိုင်ပြီး ယွဲ့ရှင်းဝမ်ပြောတာကို ဂရုတစိုက် နားထောင်နေသည်။
ယွဲ့ရှင်းဝမ်က ဆက်ပြောသည်။
"အောက်တိုဘာ 26 ရက်နေ့မှာ 105 အိပ်ဆောင်က ကောင်လေး လေးယောက်ဟာ မနက် 4 နာရီအထိ ဂိမ်းအတူတူ ကစားခဲ့ကြတယ်… သူတို့က မနက် 4 နာရီမတိုင်ခင်အထိ ဘယ်သူမှ မထွက်သွားခဲ့ဘူးလို့ အချင်းချင်းသက်သေပြနိုင်တယ်… ဒါပေမဲ့ 4 နာရီ နောက်ပိုင်းမှာကော… အိပ်ရာထနောက်ကျတာကြောင့် သူတို့လေးယောက်စလုံးက နေ့လယ် 11 နာရီအထိ အိပ်နေကြတယ်လို့ ပြောကြပြီး သူတို့အိပ်ပျော်နေစဉ် သူတို့ရဲ့အခန်းဖော်တွေ ထွက်သွားသလားဆိုတာကို သူတို့သေချာမသိပါဘူး"
"ဒါကြောင့် အယူအဆအရ ကျိရှောင်ဟွေးဟာ သူ့အခန်းဖော်တွေနဲ့ မနက် 4 နာရီအထိ ဂိမ်းအတူကစားပြီးတဲ့အခါ အခန်းဖော်တွေ အိပ်ပျော်နေချိန်မှာ အရင်အပတ်တွေလိုပဲ မိန်းကလေးအိပ်ဆောင်ထဲကို ခိုးဝင်သွားနိုင်ပါတယ်… မိန်းကလေးအိပ်ဆောင်ရဲ့ ဝင်ပေါက်ထိန်းချုပ်ရေးနဲ့ စောင့်ကြည့်ရေးစနစ်က ပျက်နေပြီး အိပ်ဆောင်အန်တီကလည်း အိပ်ပျော်နေတာကြောင့် သူ့ကို တားမဲ့သူဘယ်သူမှ မရှိပါဘူး"
"703 အိပ်ဆောင်ရဲ့သော့က ပျောက်ဆုံးသွားခဲ့ပြီး အရင်တုန်းက သူဟာ 703 အိပ်ဆောင်ကို ရောက်လာတဲ့အခါ ရှဲ့ရှန်းချင်နဲ့ ချိန်းပြီး ရှဲ့ရှန်းချင်က သူ့အတွက် တံခါးဖွင့်ပေးဖို့ အစပြုခဲ့ပါတယ်… ဒါပေမဲ့ ဒီတစ်ကြိမ်မှာ သူက ရှဲ့ရှန်းချင်ကို သတ်ပစ်ဖို့ စိတ်ပိုင်းဖြတ်ထားတာကြောင့် လက်အိတ်ဝတ်ပြီး သော့ကိုယူကာ တံခါးကိုဖွင့်ပြီးတော့ အိပ်ဆောင်ထဲကိုဝင်သွားကာ ကျူးရှောင်ထင်ရဲ့ သစ်သီးဓားနဲ့ ရှဲ့ရှန်းချင်ကို သတ်ပစ်ခဲ့ပါတယ်"
"သူက ရှဲ့ရှန်းချင်နဲ့ တူညီတဲ့ဖိနပ်ကို ဝတ်ထားတာကြောင့် အခင်းဖြစ်ပွားရာနေရာမှာ တတိယလူရဲ့ခြေရာတွေ မကျန်တော့ပါဘူး… လက်အိတ်ဝတ်ထားရင် လူသတ်လက်နက်မှာ လက်ဗွေရာတွေ ကျန်မှာမဟုတ်ပါဘူး… ပြစ်မှုကျူးလွန်ပြီးနောက် လသာဆောင် ပြတင်းပေါက်ကနေ သူက ကျူးရှောင်ထင်ပြန်လာတာကို မြင်လိုက်ပြီး သူက သူမကို ချောက်ချဖို့အတွက် ရှဲ့ရှန်းချင်ရဲ့ဖုန်းကိုယူပြီး ကျူးရှောင်ထင်ကို ဖုန်းခေါ်ပြီး WeChat ကနေ စာပို့ပြီးတော့ ထွက်သွားခဲ့ပါတယ်"
ယွဲ့ရှင်းဝမ်က တရားသူကြီးကို ပြန်ကြည့်လိုက်သည်။
"ကျွန်တော်တို့ရဲ့ ကျိုးကြောင်းဆင်ခြင်မှုမှာ သက်သေမရှိသလို အိပ်ဆောင်စောင့်ကြည့်ရေးကင်မရာကလည်း ပျက်နေခဲ့ပါတယ်… အဲဒါကြောင့် ကျိရှောင်ဟွေးက အခင်းဖြစ်ပွားတဲ့နေ့မှာ မိန်းကလေးအိပ်ဆောင်ကို ရောက်လာခြင်း ရှိ၊မရှိကို အတည်မပြုနိုင်ပါဘူး… ဒါပေမဲ့ ဒီဖြစ်နိုင်ခြေကို လုံးလုံးလျားလျား ငြင်းဆန်လို့မရပါဘူး… အဲဒီအတွက်ကြောင့် ကျွန်တော့်အမှုသည်ကျူးရှောင်ထင်ကို အလျင်စလို ပြစ်ဒဏ်မချမှတ်ပါနဲ့"
ယွဲ့ရှင်းဝမ်၏ အသံက စူးရှပြီး အားကောင်းသည်။ သူပြောပြီးသည်နှင့် တရားခွင်တစ်ခုလုံးက တိတ်ဆိတ်သွားကာ လူတိုင်းက လေးလေးနက်နက် တွေးတောနေပုံရသည်။ ယွဲ့ရှင်းဝမ်သည် စကားရည်လုရာတွင် အတွေ့အကြုံရှိပြီး လူအများ၏နှလုံးသားကို တိုက်ရိုက်ထိမှန်စေရန် မည်သို့ပြောရမည်ကို သိသည်။
ခန်းမထဲရှိ ကြည့်ရှုသူများ၏ အပြုအမူများကို အကဲဖြတ်ရာတွင် ယနေ့ သူ၏စကားပြောစွမ်းရည်က မဆိုးလှပေ။
ယွဲ့ရှင်းဝမ်သည် တရားခံရှေ့နေ၏ ထိုင်ခုံဆီသို့ ပြန်သွားကာ ထိုင်လိုက်သည်။
နှစ်ဖက်စလုံးမှ သက်သေများ တင်သွင်းခြင်း ပြီးဆုံးပြီးနောက် တရားသူကြီးက ပြောကြားခဲ့သည်။
"အစိုးရရှေ့နေနဲ့ တရားခံရှေ့နေက ထွက်ဆိုချက်တွေကို ကျေးဇူးပြုပြီး အကျဉ်းချုပ် ကြေညာချက် ထုတ်ပါမယ်"
အစိုးရရှေ့နေသည် လက်ရှိသက်သေများကို အကျဉ်းချုပ်ခဲ့ပြီး တရားခံဘက်က လန်ယာရုန်သည် ဒီအမှုနဲ့ပတ်သက်ပြီး သံသယအားလုံးကို အကျဉ်းချုပ်ခဲ့သည်။
သူတို့သည် အကျဉ်းချုပ်ထုတ်ပြန်ချက်မူကြမ်းကို ရေးသားထားပြီးဖြစ်သည်။ တစ်ဖက်လူနှင့် ယွဲ့ရှင်းဝမ်တို့၏ စကားရည်လုရာတွင် လန်ယာရုန်သည် အကျဉ်းချုပ်ထုတ်ပြန်ချက်တွင် အသေးစိတ်အချက်အလက်များကို ထည့်သွင်းရန် အချိန်ယူခဲ့သည်။
သူတို့၏ထုတ်ပြန်ချက်များသည် အမှု၏သံသယဖြစ်ဖွယ်အချက်အားလုံးကို ရှင်းလင်းစွာဖော်ပြထားပါသည်။
ခြေရာများ၊ လူသတ်လက်နက်များ၊ အရေပြားအပိုင်းအစများ၊ သက်သေများ၏ယုံကြည်ကိုးစားမှု၊ မှုခင်းဖြစ်ပွားသည့်နေ့တွင် ကျူးရှောင်ထင်၏ရုပ်ပိုင်းဆိုင်ရာအခြေအနေ၊ လူ့ခန္ဓာဗေဒကိုနားမလည်၍ တစ်ချက်တည်းဖြင့် မထိုးသတ်နိုင်ဟူသော ရည်ရွယ်ချက်၊ သူမအပေါ်ထပ်တက်သွားသောအခါတွင် သူမကြားလိုက်ရသောခြေသံများ ...
ကျိရှောင်ဟွေးနှင့်ပတ်သက်သော ရုပ်ပိုင်းဆိုင်ရာနှင့် လူသား သက်သေအထောက်အထားအားလုံးလည်း ရှိပါသည်။
လန်ယာရုန်သည် အကျဉ်းချုပ်ထုတ်ပြန်ချက်ကို အေးအေးဆေးဆေးဖတ်ပြီး နောက်ဆုံးတွင် ပြောလိုက်သည်။
"အကျဉ်းချုပ်ပြောရရင် ရှဲ့ရှန်းချင်အမှုမှာ သံသယများစွာရှိနေဆဲဖြစ်ပြီး အစိုးရရှေ့နေရဲ့သက်သေအထောက်အထားတွေက တရားခံကျူးရှောင်ထင်ဟာ လူသတ်သမားဖြစ်ကြောင်း ဆုံးဖြတ်ဖို့ မလုံလောက်ပါဘူး… တရားမျှတမှုဥပဒေက လူသတ်သမားအစစ်ကို လွှတ်ထားမှာမဟုတ်သလို အပြစ်မဲ့နိုင်ငံသားတစ်ဦးကို မှားယွင်းစွာစွပ်စွဲမှာမဟုတ်ဘူးလို့ ကျွန်မတို့ယုံကြည်ပါတယ်… ကျူးရှောင်ထင်ကို တရားသေလွှတ်ပေးပြီူ ရှဲ့ရှန်းချင် သေဆုံးရခြင်းရဲ့ အမှန်တရားကို ပြန်လည်စုံစမ်းစစ်ဆေးဖို့ တရားသူကြီးအား ကျွန်မတို့ အလေးအနက်တောင်းဆိုပါတယ်"
နိဂုံးချုပ်ပြီးနောက် တရားသူကြီးမှ တရားရုံးအား ရပ်နားကြောင်း ကြေညာခဲ့သည်။
လန်ယာရုန်နှင့် ယွဲ့ရှင်းဝမ်တို့က နားနေခန်းသို့ ပြန်လာခဲ့သည်။
တစ်နာရီကျော်ကြာ အချေအတင်ဆွေးနွေးပြီးနောက်တွင် လူနှစ်ဦး၏လည်ချောင်းမျာက မီးခိုးငွေ့များထွက်ကာ သူတို့၏အသံက အနည်းငယ် ဩရှရှဖြစ်နေခဲ့သည်။ လင်းမန့်လော်သည် သူတို့အား ချက်ချင်းပဲ ရေနှစ်ဘူးပေးပြီး ပြောခဲ့သည်။
"ဒါက ခက်ခဲတယ်"
လန်ယာရုန်သည် သူမ၏လည်ချောင်းကို စိုစွတ်စေရန် ရေသောက်ပြီး ယွဲ့ရှင်းဝမ်ကို လှည့်ကြည့်ကာ အပြုံးဖြင့် ပြောလိုက်သည်။
"ရှင်းဝမ်… ဒီနေ့ နင့်ရဲ့စွမ်းဆောင်ရည်က အရမ်းကောင်းတယ်… နင်က သာမန်လူဆိုတာတောင် ငါမမြင်ရဘူး… အရှိန်အဟုန်က တိုက်ပွဲပေါင်းရာနဲ့ချီ တွေ့ကြုံဖူးတဲ့ ပရော်ဖက်ရှင်နယ်ရှေ့နေနဲ့တူတယ်"
ယွဲ့ရှင်းဝမ်က သူ့နှာခေါင်းကို ထိလိုက်သည်။
"ကျွန်တော်က စီနီယာအစ်မဆီကလည်း သင်ယူခဲ့ပါတယ်…"
လင်းမန့်လော်သည် စိုးရိမ်တကြီးနဲ့ နံရံပေါ်က နာရီကို ကြည့်လိုက်သည်။
"စီရင်ချက်ကို မကြာခင် ကြေညာတော့မယ်… စီနီယာအစ်မ ဘယ်လိုခံစားရလဲ"
လန်ယာရုန်: "စိတ်မပူပါနဲ့… သေဒဏ်က စီရင်ချက်ချဖို့ မလွယ်ပါဘူး… ကျူးရှောင်ထင်က အပြစ်ရှိကြောင်း ဝန်မခံထားသလို ဒီအမှုမှာ သံသယတွေ အများကြီးရှိနေတုန်းပဲ… ငါ့အတွေ့အကြုံအရ တရားသူကြီးက ကျူးရှောင်ထင်ကို အပြစ်မရှိကြောင်း စီရင်ချက်ချလိမ့်မယ်"
ခဏကြာတော့ တရားရုံးပြန်စခဲ့သည်။
တရားသူကြီးက လေးနက်သောအကြည့်ဖြင့် စီရင်ချက်ချခဲ့သည်။
"703 အိပ်ဆောင်ရှိ ရှဲ့ရှန်းချင်ရဲ့အမှုမှာ သံသယဖြစ်ဖွယ်အချက်များစွာရှိပြီး အစိုးရရှေ့နေမှ ရရှိခဲ့တဲ့ သက်သေအထောက်အထားတွေဟာ တရားခံကျူးရှောင်ထင်ကို ရည်ရွယ်ချက်ရှိရှိ လူသတ်မှုနဲ့ ပြစ်မှုကျူးခဲ့ကြောင်း လုံဝအတည်မပြုနိုင်ပါဘူး… အစုအဖွဲ့မှ သေသေချာချာ ဆွေးနွေးပြီးနောက် နောက်ဆုံးစီရင်ချက်ကတော့—— ကျူးရှောင်ထင်မှာ အပြစ်မရှိပါဘူး"
ဤစကားများကိုကြားလိုက်ရတော့ ကျူးရှောင်ထင်၏ စိတ်ခံစားမှုများက ထိန်းမနိုင်သိမ်းမရဖြစ်သွားကာ မျက်ရည်များက ရေပိုက်ခေါင်းကဲ့သို့ စီးကျလာတော့သည်။ သူမသည် တရားခံထိုင်ခုံ၏ စားပွဲတွင် တွယ်ကပ်နေပြီး ခြေထောက်များ အားနည်းကာ မတ်တပ်မရပ်နိုင် ဖြစ်နေသည်။
အပြစ်မရှိဘူး…
နောက်ဆုံးတော့ တရားရုံးက သူမကို တရားမျှတမှုပေးခဲ့ပြီ…
တရားသူကြီးက ပြောကြားခဲ့သည်။
"ရှဲ့ရှန်းချင်အမှုကို ပြန်လည်စုံစမ်းစစ်ဆေးမှာဖြစ်ပြီး အစိုးရရှေ့နေက သက်သေတွေကို တရားရုံးဆီ မတင်သွင်းမီ သက်သေတွေ ထပ်မံစုဆောင်းသင့်ပါတယ်"
အစိုးရရှေ့နေသည် ဒီရလဒ်ကို ကန့်ကွက်ခြင်းမရှိသလို နားလည်မှုလည်းပြဖို့ ခေါင်းငြိမ့်လိုက်သည်
တရားသူကြီး: "တရားခွင်ပြီးပါပြီ… ကျေးဇူးပြုပြီး စနစ်တကျ ထွက်သွားပါ"
လန်ယာရုန်နှင့် ယွဲ့ရှင်းဝမ်တို့သည် ပစ္စည်းများကို အမြန်ထုပ်ပိုးကြသည်။ တရားရုံးမှ မထွက်ခွာမီ သူတို့နှစ်ဦးသည် မျက်ရည်များသုတ်နေသော ကျူးရှောင်ထင်ထံသို့ ရောက်လာပြီး သူမက ငိုသံဖြင့် ပြောသည်။
"ကျေးဇူးတင်ပါတယ်… တကယ်ကျေးဇူးအများကြီးတင်ပါတယ်"
လန်ယာရုန်က ပြုံးပြီး သူမပခုံးကို ပုတ်လိုက်သည်။
"ဒါက ငါတို့လုပ်သင့်တဲ့အရာပါ"
‘ရှေ့နေသေဆုံးခြင်း’သင်တန်းပြီးဆုံးပြီးနောက် လန်ယာရုန်က အလွန်စိတ်ဓာတ်ကျနေခဲ့သည်။ ရှေ့နေများကြားတွင် စုန်းပြူးများသည် ပုဂ္ဂိုလ်ရေးအရ အမြတ်ထုတ်ရန် ဥပဒေဆိုင်ရာ ဟာကွက်များကို အသုံးပြုခဲ့သည်။ အဲဒါက တကယ်ကို မုန်းစရာကောင်းပါသည်။ ‘ရှေ့နေသေဆုံးခြင်း’အပေါ် လူအများက စာနာစိတ်မရှိကြဘဲ ရှေ့နေကိုသတ်ခဲ့သော လုံခြုံရေးအစောင့်က နောက်ဆုံးတွင် ကြေကွဲစရာအဖြစ်ဆိုးကို ဖြစ်ပေါ်စေခဲ့သော မိကျောင်းကြည်းတင်ဖြင့် လက်တုံ့ပြန်ခဲ့သည်။
သို့ပေမဲ့ ဒီသင်တန်းမှာတော့ သူမ၏ရင်ထဲတွင် ပြီးမြောက်အောင်မြင်စေသော ခံစားချက်ဖြင့် ပြည့်နေခဲ့သည်။
ကျူးရှောင်ထင်ကို နေရာမှာတင် လွှတ်ပေးခဲ့ပြီး ဤသည်မှာ ရှေ့နေတစ်ယောက်အနေဖြင့် သူမအား အပြင်းအထန် ခုခံချေပခြင်း၏ ရလဒ်ဖြစ်သည်။
ရှဲ့ရှန်းချင်၏အမှုကို စုံစမ်းစစ်ဆေးမှုကို ပြန်လည်စတင်ခဲ့သည်။ စုဆောင်းထားသော သက်သေအထောက်အထားများကို ရဲစခန်းဆီ တင်ပြခဲ့သည်။ ရဲတပ်ဖွဲ့သည် အမျိုးသမီးလိုဝတ်စားသော boss ကျိရှောင်ဟွေးနှင့် သေဆုံးသူ၏ ကောင်လေး ကျိုးယိကျားတို့ကို ဖမ်းဆီးခဲ့ပြီး သူတို့နှစ်ဦးအား စုံစမ်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
ကျိုးယိကျားက မကြာခင် ဝန်ခံခဲ့သည်။ သူနှင့် ရှဲ့ရှန်းချင်တို့ အပြင်းအထန် ရန်ဖြစ်ရသည့် အကြောင်းရင်းမှာ ရှဲ့ရှန်းချင်က ဖောက်ပြန်ခဲ့ကြောင်း သိလိုက်ရသော်လည်း ရှဲ့ရှန်းချင်က မည်သူနဲ့ ဖောက်ပြန်နေကြောင်း မသိကြောင်း သူက ပြောကြားခဲ့သည်။ ဓားကိုင်ထားသော ကျူးရှောင်ထင်ကို မောင်ယွဲ့က လူကိုယ်တိုင်မြင်ခဲ့တာကြောင့် ရှဲ့ရှန်းချက်ကိုသတ်သော လူသတ်သမားက ကျူးရှောင်ထင်ပဲလို့ သူထင်ခဲ့သည်။ သူ့ကောင်မလေး၏ နာမည်ဂုဏ်သတင်းကို ကာကွယ်ဖို့အတွက် ‘ရှဲ့ရှန်းချင်က သူ့ကို ဖောက်ပြန်နေတယ်’လို့ မပြောခဲ့ဘူး။
ကျိရှောင်ဟွေးက ပထမကတော့ ခေါင်းမာနေခဲ့ကြသည်။ စောင့်ကြည့်ရေးကင်မရာ မပျက်ခင်အချိန်က အဆောက်အဦး 6 ဝင်ပေါက်ရှိ ဗီဒီယိုကို ရဲတပ်ဖွဲ့က ပြန်လည်ရယူခဲ့သည်။ အိပ်ဆောင်အဆောက်အဦး 6 သို့ ဝင်ထွက်သွားလာသူ မိန်းကလေးထောင်ချီများကြားတွင် မိန်းကလေးလိုဝတ်စားထားသော ကျိရှောင်ဟွေးကို အောင်မြင်စွာ တွေ့ရှိခဲ့ကြသည်။
ကျိရှောင်ဟွေးသည် ဘာမှမပြောနိုင်တော့ဘဲ နောက်ဆုံးတွင် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။
သူငယ်ငယ်လေးကတည်းက သူ့အဖေကို ဆုံးရှုံးလိုက်ရပြီး သူ့အမေက သူ့ကို ဂရုမစိုက်ဘဲ အလုပ်တွေရှုပ်နေခဲ့သည်။ ထို့ကြောင့် သူသည် သူ့နှလုံးသားထဲတွင် အမြဲတမ်း အထီးကျန်နေပြီး အမျိုးသမီးများ၏ ချစ်ခြင်းမေတ္တာကို တောင့်တနေခဲ့သည်။ ရှဲ့ရှန်းချင်သည် သူ့ထက် တစ်နှစ်ပိုကြီးပြီး သွက်လက်သော ပင်ကိုယ်စရိုက်ရှိသည်။ ဂိမ်းကစားသောအခါ သူ့ကို ချီးကျူးတတ်သည်။ သူမက လှပပြီး ချိုသာတာကြောင့် သူက ရှဲ့ရှန်းချင်ကို စွဲဆောင်ပြီး တစ်ဖက်လူနဲ့ ရင်းနှီးလာကာ တစ်ဖက်လူနဲ့ တိတ်တိတ်ပုန်းချစ်သူဖြစ်လာခဲ့သည်။
သို့သော်လည်း သိပ်မကြာခင်မှာပဲ ကျိုးယိကျားက ရှဲ့ရှန်းချင်ကို သူ့မိဘများနှင့်တွေ့ရန် ခေါ်သွားလိုသောကြောင့် ရှဲ့ရှန်းချင်က သူ့ကို ရုတ်တရက် ဖြတ်လိုက်သည်။ သူမသည် လှေနံနှစ်ဖက်မနင်းချင်တော့ဘဲ သူမ၏ငယ်ရွယ်ပြီး မသိနားမလည်သော လုပ်ရပ်များကို နောင်တရကာ ဒီအမှားကို ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့သည်။
‘အမှားတွေကို မင်းရပ်ချင်တိုင်း ရပ်လို့ရလား… ကစားပြီး လွှင့်ပစ်ရအောင် သူက ဘာလဲ’ သူသည် သူ့အဖေက ထားသွားတာကို သတိရရင်း ကျိရှောင်ဟွေး၏ စိတ်က တဖြည်းဖြည်း ပုံပျက်သွားကာ 703 အိပ်ဆောင်သော့ကို ခိုးယူပြီး ဤလူသတ်မှု အစီအစဉ်ကို အသေအချာ ပြင်ဆင်ခဲ့သည်။
အမှု၏အမှန်တရားကို မကြာမီ ထုတ်ဖော်ပြသခဲ့ပြီး ကျူးရှောင်ထင်သည် သူမ၏နစ်နာချက်များကို လုံးလုံးလျားလျား ရှင်းလင်းခဲ့သည်။
အမှုပိတ်သောနေ့မှာ ကျူးရှောင်ထင်က သူတို့ကို ညစာကျွေးချင်တယ်လို့ ပြောခဲ့ပေမဲ့ ယွဲ့ရှင်းဝမ်က အပြုံးနဲ့ငြင်းဆိုခဲ့သည်။
ကျူးရှောင်ထင်က အလွန်ရှုပ်ထွေးနေခဲ့သည်။
"ရှင်တို့က ကျွန်မကို ကူညီချေပပေးခဲ့ပြီး ကျွန်မပိုက်ဆံကို မယူဘူးဆိုတော့ ကျွန်မ အရမ်းအားနာသလို ခံစားရတယ်…" သူမသည် ရှက်ရွံ့သွားပြီး သူမအိတ်ကပ်ထဲမှ စာအိတ်ကို ထုတ်လိုက်သည်။ "ဒါက ကျွန်မရဲ့လစာပါ… ဒါက နည်းတယ်ဆိုပေမဲ့ ရှေ့နေခအနေနဲ့ ရှင်တို့ကိုပေးဖို့ အဆင်ပြေရဲ့လား"
လန်ယာရုန်က ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။
"တကယ်မလိုပါဘူး… နင့်ကို ကူညီချေပပေးတာက ငါတို့လုပ်သင့်တဲ့အရာပါ… ငါတို့ နင့်ပိုက်ဆံကို ယူလို့မရဘူး"
ပိုက်ဆံယူစရာမလိုဘဲ ထိုအရာကို သူတို့နှင့်အတူ ယူသွားလို့မရသလို စာမေးပွဲပြီးရင် သူတို့က စာကြည့်တိုက်ကို ပြန်သွားရမည်။
အမှန်တရားကို နောက်ဆုံးတွင် ဖော်ထုတ်ခဲ့ပြီး ကျူးရှောင်ထင်လည်း သူမ၏ဘဝသစ်ကို စတင်မည်ဖြစ်သည်။
ရှေ့နေတစ်ယောက်အနေနဲ့ အပျော်ဆုံးကတော့ အပြစ်သားအစစ်များကို ဥပဒေနဲ့အညီဖြစ်အောင်လုပ်ပြီး အပြစ်မဲ့သူများကို တရားမျှတမှုပေးဖို့ပဲဖြစ်သည်။
သူတို့ လုပ်နိုင်ခဲ့ပြီ…
[Volume 7: ဥပဒေဌာန ပြီးပါပြီ။]
#TK