Chapter 129
Viewers 23k

Volume 6 : အားကစားပြိုင်ပွဲများ


Chapter 129 (အားကစားပြိုင်ပွဲ ဇာတ်သိမ်း)


စာကြည့်တိုက် အားကစားပြိုင်ပွဲများကို တနင်္ဂနွေနေ့ ည 8 နာရီတွင် တရားဝင်ပိတ်ခဲ့သည်။


ဖွင့်ပွဲအခမ်းအနားတွင် စာကြည့်တိုက်သည် စက်ရုပ်များဖြင့် ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့ပြီး “ငယ်ရွယ်ပြီး အားမာန်အပြည့်ရှိတဲ့ ကျောင်းသားတွေက စိတ်အားထက်သန်မှု အပြည့်ရှိမှာပါ၊ xxဌာနရဲ့ အုပ်စုက ငါတို့ရှေ့ကိုရောက်လာပါပြီ”ဟု ရွတ်ဆိုရန် အေးစက်စက် စက်အသံကို အသုံးပြုခဲ့ကာ ထူးဆန်းသောစာကြောင်းများက ခန်းမအတွင်းရှိ ကျောင်းသားများကို ရှုပ်ထွေးစေခဲ့သည်။ စာကြည့်တိုက်သည် သာမန်တက္ကသိုလ်တစ်ခုအဖြစ် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့တာကို လူတိုင်း ခံစားရနိုင်သည်။


ပိတ်ပွဲအခမ်းအနားတွင် ကျောင်းသားအားလုံး ပါဝင်ရန် လိုအပ်သည်။ သုတေသနအဖွဲ့၏ အရေအတွက်အရ လူတိုင်း နေရာယူပြီးနောက် ရင်းနှီးသော အားကစားသမားများ၏ ချီတက်မှုကို ထပ်မံပြုလုပ်ခဲ့သည်။ ပရိသတ်များသည် နဖူးကို ကူကယ်ရာမဲ့ ကိုင်ထားကြသည်။ "လာပြန်ပြီ!"


"စာကြည့်တိုက်က တကယ်ကို လက်မလျှော့ဘူးပဲ၊ ဒီစာကြောင်းတွေကို အလေးအနက်ဖတ်ဖို့ လိုလို့လား?"


"စာကြည့်တိုက်က ဒီစာကြောင်းတွေကို ဘယ်လိုဖန်တီးထားလဲ ငါမသိဘူး…"


ဆူညံသံများကြားတွင် ပရိသတ်ကြားတွင် ရင်းနှီးသော စက်ရုပ်အသံတစ်ခု ထွက်ပေါ်လာပြီး အေးစက်စက်နှင့် ခံစားချက်မဲ့လေသံဖြင့်

"ကျောင်းသားများအားလုံး၊ ပြိုင်ပွဲကို နှစ်ရက်ကြာ ကျင်းပပြီးနောက် ဒီနှစ်စာကြည့်တိုက်အားကစားပြိုင်ပွဲက အောင်မြင်စွာ ပြီးဆုံးသွားပါပြီ! ဒီနှစ်အားကစားပြိုင်ပွဲက အရည်အသွေးပြည့်မီသော ပညာရေးကို အကောင်အထည်ဖော်ဆောင်ဖို့၊ ကျောင်းသားတွေရဲ့ ကြံ့ခိုင်မှုကို မြင့်တင်ဖို့နဲ့ ကျောင်းသားဘဝအတွေ့အကြုံပေါများအောင် ပြုလုပ်ဖို့ အရေးကြီးတဲ့ အစပျိုးမှုတစ်ခုအဖြစ် ကျင်းပခဲ့ခြင်းဖြစ်ပါတယ်…"


ကျောင်းသားများ:"......"


အရည်အသွေးပြည့်မီသော ပညာရေးကို အကောင်အထည်ဖော်မယ်?


စာကြည့်တိုက်: "ကျောင်းသားတွေက သူတို့ရဲ့ စွမ်းရည်တွေကို ပြသခဲ့ပြီး အခုနှစ်အားကစားပြိုင်ပွဲကို သတ္တိရှိရှိယှဉ်ပြိုင်ခဲ့ပြီးတော့ စံချိန်တွေကို အကြိမ်များစွာ ချိုးဖျက်ပြီး ပိုမိုမြင့်မားမြန်ဆန်ပြီး ပိုမိုအားကောင်းတဲ့ အားကစားစွမ်းရည်တွေကို မြင့်တင်ခဲ့ကြပါတယ်… အားကစားပြိုင်ပွဲပြီးဆုံးသွားပေမယ့်လည်း ကျောင်းသားတွေရဲ့ တက်ကြွမှုနဲ့ စိတ်အားထက်သန်မှုတွေက ဘယ်သောအခါမှ ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး…"


ကျောင်းသားများ:"???"


မဟုတ်သေးပါဘူး၊ ပြီးတာကပြီးသွားပြီလေ၊ ငါတို့ကို နောက်ထပ် မနှိပ်စက်ပါနဲ့တော့၊ ကျေးဇူးတင်ပါတယ်။


စာကြည့်တိုက်က ဆက်ပြောသည်။

"အားကစားပြိုင်ပွဲရဲ့ အကောင်းဆုံးအခိုက်အတန့်တချို့ကို ပြန်ကြည့်ကြရအောင်…"


အားကစားပြိုင်ပွဲလုပ်ငန်းစဉ်၏ highlight များစွာကို ပြသသည့် ကွင်းလယ်တွင် ကြီးမားသော LCD ဖန်သားပြင်က ရုတ်တရက် ပေါ်လာသည်။


C-183 သုတေသနအဖွဲ့၏ အသွင်အပြင်က ထူးထူးခြားခြားမြင့်မားနေသည်။ ဥပမာအားဖြင့် ကျန်းဖျင်စစ်သည် 4x800 မီတာ အပြေးပြိုင်ပွဲတွင် coordinate system ဖြင့် လူများကို နောက်ပြန်ပို့တာ၊ ဘောလုံးပွဲတွင် လိမ္မော်သီးများဝယ်တာ၊ လက်ထပ်ထိမ်းမြားတာ၊ ရုပ်ရှင်ရိုက်ကူးတာ စသဖြင့်ပါဝင်ခဲ့သည်…


ဒဿနိကကျောင်းသားတစ်ဦးသည် ချောက်ထဲကျသောစွမ်းရည်ကို ဖွင့်ခဲ့ပြီး သူ့ရှေ့က စက်ဘီးများကို အနက်ရောင်အပေါက်ထဲ ပြုတ်ကျအောင်ပြုလုပ်ခဲ့သည့် အဖွဲ့လိုက်စက်ဘီးစီးပြိုင်ပွဲကဲ့သို့သော အခြားနေရာများမှ highlight များလည်း ရှိခဲ့သည်။


အဖွဲ့လိုက်ဘတ်စကတ်ဘောပြိုင်ပွဲတွင် ဆေးပညာဌာနမှ ကျောင်းသားတချို့သည် ခြင်းတောင်းဘောင်ကိုပိတ်ရန် ပတ်တီးကို အသုံးပြုထားသောကြောင့် ပြိုင်ဘက်သည် ခြင်းထဲသို့ ဘောလုံးမပစ်သွင်းနိုင်ခဲ့ပေ။ ဘောလီဘောပြိုင်ပွဲက ပို၍တောင် ညစ်ပတ်ကြပြီး ကွင်းထဲမှာ လူများပြည့်နေကာ ကွင်းလယ်က ပိုက်သည် ကျောင်းသားများကြောင့် စုတ်ပြတ်သတ်နေခဲ့သည်…


ဖန်သားပြင်ပေါ်မှာ ပေါ်လာသော ရယ်စရာကောင်းသည့် မြင်ကွင်းများကို ကြည့်ရင်း ပရိသတ်များ ရယ်မောခဲ့ကြသည်။


ဤသီတင်းပတ်ကုန်သည် စာကြည့်တိုက်ထဲသို့ဝင်ရောက်ပြီးကတည်းက ကျောင်းသားများ၏ ရယ်မောသံကို ယွဲ့ရှင်းဝမ် ကြားရသည့်အချိန်ဖြစ်သည်။ များသောအားဖြင့် ကန်တင်းနှင့် သုတေသနအဖွဲ့စင်တာတွင် ကျောင်းသားများသည် တိတ်ဆိတ်နေပြီး လေထုသည် ထူးထူးခြားခြား စိတ်ပျက်ဖွယ်ကောင်းနေပါသည်။ အားကစားပြိုင်ပွဲကျင်းပရန် စာကြည့်တိုက်၏ရည်ရွယ်ချက်က မည်သို့ပင်ရှိစေကာမူ နှစ်ရက်တာပိတ်ရက်သည် စာကြည့်တိုက်သို့ရောက်ပြီးကတည်းက သူတို့အတွက် အပျော်ဆုံးဖြစ်ခဲ့သည်။


စာကြည့်တိုက်:"ဒီနေရာမှာ ထူးချွန်တဲ့ရလဒ်တွေရှိခဲ့တဲ့ ကျောင်းသားတွေနဲ့ သုတေသနအဖွဲ့တွေကို နွေးထွေးစွာ ဂုဏ်ယူပြုလိုပါတယ်! ဒီအားကစားပြိုင်ပွဲမှာ ဆုတံဆိပ်အများဆုံးရရှိတဲ့ ထိပ်တန်းသုတေသနအဖွဲ့သုံးဖွဲ့မှာ C-183 သုတေသနအဖွဲ့: ရွှေတံဆိပ် 3 ခု၊ A-76 သုတေသနအဖွဲ့: ရွှေတံဆိပ် 2 ခုနဲ့ ငွေတံဆိပ် 1 ခု၊ B-98 သုတေသနအဖွဲ: ရွှေတံဆိပ် 1 ခုနဲ့ ငွေတံဆိပ် 2 ခု ဖြစ်ပါတယ်! သုတေသနအဖွဲ့သုံးဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တွေက ဆုလက်ခံရယူဖို့ စင်မြင့်ပေါ်သို့ ကြွရောက်ပါ…"


ပရိသတ်ထဲမှ ကျောင်းသားများသည် ခဏတာ အံ့ဩသွားပြီး နွေးထွေးသော လက်ခုပ်သံများ ထွက်ပေါ်လာသည်။


ယွဲ့ရှင်းဝမ်သည် အပိုဆုများ ရရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူသည် ခန်းမအလယ်ရှိ စင်မြင့်ဆီသို့ လျင်မြန်စွာ လျှောက်သွားခဲ့ပြီး စက်ရုပ်သုံးခုသည် သူတို့အား ဆုပေးရန်အတွက် သပ်သပ်ရပ်ရပ် လျှောစီးလာကြသည်။ ထိပ်တန်းဆုသုံးဆုမှာ သုတေသနအဖွဲ့အတွက် အမှတ် 1,500၊ 1,000 နှင့် 800 များဖြစ်သည်။ 


အဖွဲ့လိုက်အမှတ်များကို အဖွဲ့ခေါင်းဆောင်မှ ခွဲဝေပေးနိုင်သည်။ သူတို့၏သုတေသနအဖွဲ့အတွက် အဖွဲ့ရန်ပုံငွေများက ကုန်လုနီးပါးဖြစ်နေပြီဖြစ်ကာ စာကြည့်တိုက်မှ ချီးမြှင့်သော အမှတ် 1,500 သည် ကန်တင်းတွင် နေ့လယ်စာထမင်းဘူးအဖြစ် ပြောင်းလဲပြီး 150 ဘူးရရှိနိုင်ကာ တစ်ပတ်စာ သူတို့၏နေ့စဉ်ကုန်ကျစရိတ်အတွက် လုံလောက်ပါသည်။


ယွဲ့ရှင်းဝမ်သည် အမှတ်များကို ပျော်ရွှင်စွာ ရရှိခဲ့သည်။


စာကြည့်တိုက်: "ဒီနှစ်အားကစားပြိုင်ပွဲရဲ့ တစ်ယောက်ချင်းနဲ့ နှစ်ယောက်တွဲပြိုင်ပွဲတွေမှာ အမြင့်ဆုံးဆုတံဆိပ်တွေရရှိခဲ့ကြတဲ့ သူတွေကတော့ ကျန်းဖျင်စစ်: ရွှေတံဆိပ် 3 ခုနဲ့ ငွေတံဆိပ် 1 ခု၊ ယွိမင်ယွီ: ရွှေတံဆိပ် 2 ခုနဲ့ ငွေတံဆိပ် 1 ခု၊ ရှဲ့ကျစ်ချန်: ရွှေတံဆိပ် 2 ခုနဲ့ ကြေးတံဆိပ် 2 ခု ဖြစ်ပါတယ်… အထက်ပါကျောင်းသားသုံးဦးက ဆုလက်ခံရယူဖို့ စင်မြင့်ပေါ်ကို ကြွရောက်ပါ…"


ယွဲ့ရှင်းဝမ်သည် ဆုလက်ခံရယူပြီးနောက် ကျန်းဖျင်စစ်သည်လည်း စင်မြင့်ပေါ်ကို ရောက်လာခဲ့သည်။ တစ်ယောက်ချင်းဆုကလည်း အမှတ်များဖြစ်သည်။ ကျန်းဖျင်စစ်က အမှတ် 800 ရခဲ့ပြီး ဒုတိယနှင့် တတိယနေရာက အမှတ် 600 နှင့် 400 ရရှိခဲ့ကာ ၎င်းသည် သင်တန်းတစ်ခုကျော်ဖြတ်ပြီးနောက် ရှင်းလင်းရေးအမှတ်နှင့် ညီမျှသည်။


အားလုံးက စင်မြင့်ပေါ်တွင် အဖွဲ့လိုက်လိုက် ဓာတ်ပုံရိုက်ကြသည်။


စာကြည့်တိုက်: "ဒီနေရာမှာ အားကစားပြိုင်ပွဲကို တရားဝင်ပိတ်ပါပြီလို့ ကြေညာပါတယ်! နောက်နှစ်မှာ ထပ်လာဖို့ မင်းတို့အားလုံးကို ကြိုဆိုပါတယ်…"


ကျောင်းသားများ:"......"


နောက်နှစ်မှာ ငါ့ဖင်ထဲပဲ ထပ်လာခိုင်းလိုက်! အားလုံးက ဒီတစ္ဆေနေရာကနေ လွတ်မြောက်ဖို့ အသည်းအသန်ကြိုးစားနေကြတာ၊ သူတို့တွေ ဒီနေရာမှာ နောက်ထပ်တစ်နှစ်လောက် ထပ်နေရရင် ရူးသွားလိမ့်မယ်!


အားကစားပြိုင်ပွဲအပြီးတွင် အိပ်ဆောင်သို့ပြန်လာပြီးနောက်၊ ယွဲ့ရှင်းဝမ်သည် ငွေကိုင် ကျန်းဖျင်စစ်ထံသို့ အဖွဲ့အမှတ် 1,500 ကို ဦးစွာပေးအပ်ခဲ့သည်။


ကျန်းဖျင်စစ်: "ဒီဆုက အချိန်မီပဲ… ငါတို့အရင်ကရခဲ့တဲ့ အဖွဲ့ရန်ပုံငွေတွေက ကုန်တော့မယ်… ဒီအမှတ် 1,500 နဲ့ဆိုရင် နောက်အပတ်အတွက် စားသောက်ကုန်ကျစရိတ်ကို အပြည့်အဝဖြေရှင်းနိုင်မှာ…"


နေ့လယ်စာတစ်ဘူးလျှင် 10 မှတ် ကုန်ကျပြီး သူတို့၏နေ့စဉ်စားသောက်ကုန်ကျစရိတ်မှာလည်း လျစ်လျူရှု၍မရသော အချက်ဖြစ်သည်။ မူလက ယွဲ့ရှင်းဝမ်သည် ကျောင်းသားများအား အဖွဲ့ရန်ပုံငွေ အနည်းငယ်ကောက်ခံရန် စီစဉ်ခဲ့သော်လည်း ယခု အားကစားပြိုင်ပွဲ၏ ဆုဖြင့် လူတိုင်း၏ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်ခဲ့သည်။


ယွဲ့ရှင်းဝမ်က အပြုံးဖြင့် ပြောသည်။

"စာကြည့်တိုက်မှာ ရမှတ်တွေက အကောင်းဆုံးဆုပဲ… မင်းရခဲ့တဲ့အမှတ်ကို ဘာလုပ်ဖို့စီစဉ်ထားလဲ? စွမ်းရည်တွေကို လဲလှယ်မှာလား?"


ကျန်းဖျင်စစ်: "သင်္ချာဌာနရဲ့ ပေတံဖြောင့်နဲ့ ခဲတံကိရိယာတွေအတွက် လဲလှယ်ဖို့ အမှတ်တွေမလုံလောက်ဘူး… အခြားဖော်မြူလာစွမ်းရည်တွေကို လဲလှယ်တာ ဒါမှမဟုတ် အဆင်မြင့်ဖို့အတွက် အမှတ် 1,000 လိုအပ်တယ်… အမှတ်ကိုသိမ်းထားပြီး နောက်ထပ်ဌာနတစ်ခုကို ကျော်ဖြတ်တဲ့အထိ ငါစောင့်လိုက်တော့မယ်…"


သူတို့၏လက်ရှိအဖွဲ့စွမ်းရည်းများက အလွန်ပေါများပြီး စွမ်းရည်အသစ်များကို ပြောင်းလဲရန် အလျင်မလိုပေ။


ယွဲ့ရှင်းဝမ်သည် 183 သုတေသနအဖွဲ့၏ ဆုတံဆိပ်အားလုံးကို အိပ်ယာပေါ်တင်ကာ သေချာရေတွက်ခဲ့သည်။ 

"ငါတို့ရခဲ့တဲ့ အဖွဲ့လိုက်ရွှေတံဆိပ်က 3 ခု၊ တစ်ယောက်ချင်းရွှေတံဆိပ်တွေက စီနီယာအစ်ကိုရွှီရဲ့ မီတာ 400 အပြေးပြိုင်ပွဲနဲ့ မင်းရဲ့အပစ်ပြိုင်ပွဲတွေဆိုတော့ 4 ခု၊ ငါတို့နှစ်ယောက်က ကြက်တောင်ပြိုင်ပွဲမှာ ငွေတံဆိပ် 2 ခု၊ စီနီယာအစ်မလင်းက ရေကူးပြိုင်ပွဲမှာ ကြေးတံဆိပ် 2 ခု၊ ချင်လုနဲ့ချင်မြောင်က စားပွဲတင်တင်းနစ်မှာ ကြေးတံဆိပ်တွေရရှိခဲ့တယ်…"


အားကစားပြိုင်ပွဲအတွက် လဲလှယ်ခြင်းစည်းမျဉ်းများ:

ရွှေ 2 ခု = ငွေ 4 ခု = ကြေး 8 ခု = credit 1 မှတ်


ကျန်းဖျင်စစ်က ရလဒ်ကို လျင်မြန်စွာ တွက်ချက်ခဲ့သည်။

"အဖွဲ့လိုက်ပြိုင်ပွဲတွေက အဖွဲ့လိုက် credit 1 မှတ်နဲ့ လဲလှယ်နိုင်ပြီး တစ်ယောက်ချင်းပြိုင်ပွဲတွေက တစ်ယောက်ချင်း credit 2 မှတ်နဲ့ လဲလှယ်နိုင်တယ်… ပြီးရင် ငါတို့မှာ အဖွဲ့လိုက် ရွှေတံဆိပ် 1 ခု၊ တစ်ယောက်ချင်း ငွေတံဆိပ် 2 ခုနဲ့ တစ်ယောက်ချင်း ကြေးတံဆိပ် 4 ခုကျန်တယ်…"


အပိုဆုတံဆိပ်တွေနဲ့ သူတို့ ဘာလုပ်ရမှာလဲ?


ယွဲ့ရှင်းဝမ်က အဲဒါကိုစဉ်းစားပြီး ပြောလိုက်သည်။

"အခြားသုတေသနအဖွဲ့တွေနဲ့ လဲလှယ်ချင်သလား? ဘာပဲဖြစ်ဖြစ် ဒီဆုတံဆိပ်တွေက တန်ဖိုးနည်းပြီး အခြားသုတေသနအဖွဲ့မှာလည်း လိုနေတာ၊ ပိုနေတာမျိုးရှိနိုင်တယ်…"


ကျန်းဖျင်စစ်သည် ဆုလက်ခံရရှိချိန်တွင် A-76 သုတေသနအဖွဲ့တွင် ရွှေ 2 ခုနှင့် ငွေ 1 ခုရှိကြောင်း၊ B-98 အဖွဲ့တွင် ရွှေ 1 ခုနှင့် ငွေ 2 ခုရှိကြောင်း ပြောခဲ့တာကို သတိရမိသောကြောင့် သူက ပြောလိုက်သည်။

"ယွိမင်ယွီနဲ့ ချန်မုယွင်တို့ကို ဆက်သွယ်လိုက်၊ သူတို့အဖွဲ့ရဲ့ဆုတံဆိပ်တွေလည်း ပိုတာ၊လိုတာရှိလောက်တယ်…"


ယွဲ့ရှင်းဝမ်သည် ဖိုရမ်မှာ စာပို့ချင်ပေမယ့် ချန်မုယွင်က အရင် သူ့ဆီ စာပို့လာသည်။

"ရှင်းဝမ်၊ နင်တို့က အဖွဲ့လိုက် ရွှေတံဆိပ် 3 ခု ရခဲ့တာမလား? ငါတို့မှာ အဖွဲ့လိုက် ရွှေတံဆိပ် 1 ခုပဲရထားတော့ credit 1 မှတ်နဲ့ လဲလှယ်လို့မရဘူး… ငါ နင်တို့ကို အဲဒီရွှေတံဆိပ်ပေးမယ်လေ ဟုတ်ပြီလား? ပြီးရင် နင်တို့ရဲ့ အပိုဆုတံဆိပ်တွေကို လဲလှယ်ဖို့အတွက် ငါတို့ကိုပေးနိုင်မလား?"


ယွဲ့ရှင်းဝမ်က ခဏတာ အံ့အားသင့်သွားသည်။

"ငါက မင်းတို့ကို ရွှေတံဆိပ် 1 ခုပေးဖို့ စဉ်းစားနေတာ၊ မင်းတို့တွေ အဖွဲ့လိုက် credit 1 မှတ် လဲလှယ်လို့ရတာပေါ့!"


ချန်မုယွင်: "နင်တို့ပဲ လဲလှယ်လိုက်ပါ၊ credit 2 မှတ်က စိတ်ကြိုက်သင်တန်းတစ်ခုနဲ့ ညီမျှတယ်၊ အချိန်ကျလာမှ ငါတို့က နောက်ထပ်စိတ်ကြိုက်သင်တန်းတစ်ခုကို ဖြေလို့ရတယ်… ငါ့အဖွဲ့ဝင်တွေရဲ့ credit ကွာဟမှုက အတော်လေးကြီးမားပြီး ငါ့အဖွဲ့ဝင်တွေရဲ့ credit မှတ်တွေလဲလှယ်ဖို့ တစ်ယောက်ချင်းဆုတံဆိပ်တွေကို ငါလိုအပ်တယ်…"


နှစ်ဖက်စလုံးက ဆုတံဆိပ်များကို ရိုးရှင်းစွာ လဲလှယ်ခဲ့ကြသည်။


နောက်ဆုံးတွင် 183 သုတေသနအဖွဲ့သည် အဖွဲ့လိုက်ရွှေတံဆုများသာ ကျန်ခဲ့ပြီး တစ်ယောက်ချင်းပြိုင်ပွဲများ၏ ဆုတံဆိပ်အားလုံးကို B-98 မှ ချန်မုယွင်အား လဲလှယ်ပေးခဲ့သည်။


ရွှေတံဆိပ် 4 ခုကို အဖွဲ့လိုက် credit 2 မှတ်ဖြင့် လဲလှယ်နိုင်ပြီး လူတစ်ဦးစီ credit 2 မှတ် ရရှိနိုင်တာကြောင့် သူတို့၏ 183 သုတေသနအဖွဲ့သည် ဤအပတ်တွင် ပင်ပန်းခက်ခဲပြီး အန္တရာယ်မရှိသော အများသူငါစိတ်ကြိုက်သင်တန်းကို တက်ရောက်ခဲ့ခြင်းနှင့် ညီမျှသည်။ ဤနှစ်ရက်၏အတွေ့အကြုံကိုပြန်ကြည့်လျှင် လူတိုင်းသည် သူတို့၏တက္ကသိုလ်နေ့ရက်များသို့ ပြန်သွားပြီး ပျော်ရွှင်ဖွယ်ရာအားကစားပြိုင်ပွဲများတွင် ပါဝင်ခဲ့ကြပုံရသည်။


အားကစားပြိုင်ပွဲအပြီးတွင် ဖိုရမ်၌ “ဆုတံဆိပ်လဲလှယ်သည့်ပို့စ်များ” အများအပြားပေါ်လာပြီး လူတိုင်းသည် လွတ်လပ်စွာ လဲလှယ်ကြပြီး တချို့သောလူများက အပိုကြေးတံဆိပ်ဆုနှင့် ငွေတံဆိပ်ဆုများကို ရင်းနှီးသောသူငယ်ချင်းများအား တိုက်ရိုက်ပေးခဲ့ကြသည်။ ဆုတံဆိပ်၏တန်ဖိုးသည် credit မှတ်များဖြင့် လဲလှယ်ရန်ဖြစ်သည်ကို လူတိုင်းသိကြပြီး သိမ်းထားတာက အသုံးမဝင်ပေ။ သည်အပတ် စာကြည့်တိုက်၏ အားကစားပြိုင်ပွဲသည် ကျောင်းသားအားလုံးပါဝင်ရန် ပုံဖျက်ထားသော အများသူငါစိတ်ကြိုက်သင်တန်းနှင့် တူညီသည်။


ကံကောင်းထောက်မစွာ တက္ကသိုလ်မဟာမိတ်အဖွဲ့၏ ကြီးကြပ်မှုအောက်တွင် ဤအားကစားပြိုင်ပွဲ၌ စွမ်းရည်ဖြင့် အန္တရာယ်ရှိသော ထိခိုက်ဒဏ်ရာရမှု တစ်ကြိမ်မျှ မဖြစ်နိုင်ခဲ့ပါ။ မတော်တဆ ဒဏ်ရာရသွားသော ကျောင်းသားများအတွက် သွေးထွက်ခြင်းကို ချက်ချင်းရပ်တန့်ရန် ပတ်တီးဖြင့် ကူညီပေးသော ဆေးပညာဌာနမှ လူများလည်း ပါဝင်ခဲ့သည်။ လူတိုင်းဟာ နောက်ဆုံးမှာ ဆုတံဆိပ်ဘယ်လောက်ပဲရခဲ့ပါစေ စိတ်ဝင်စားစရာကောင်းပြီး မမေ့နိုင်သော ပိတ်ရက်များကို ကုန်ဆုံးကြခဲ့သည်။ စာကြည့်တိုက်ကို ရောက်ကတည်းက ရှားရှားပါးပါး အပန်းဖြေရသည့် အခိုက်အတန့်ပါပဲ။


သို့သော် ကောင်းကင်သည် တဖြည်းဖြည်း မှောင်လာသည်နှင့်အမျှ အားကစားပြိုင်ပွဲများတွင် ပါဝင်ခြင်းအတွက် လူတိုင်း၏ စိတ်လှုပ်ရှားမှုများ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။


မနက်ဖြန်သည် တနင်္လာနေ့ဖြစ်ပြီး ဘာသာရပ်ဌာနတွင် သင်တန်းစာမေးပွဲအတွက် ရက်သတ္တပတ်အသစ်ဖြစ်သည်။


ဘယ်လိုမျိုးအန္တရာယ်ရှိသောသင်တန်းများ သူတို့ကို စောင့်ကြိုနေမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘဲ နောက်အပတ်မှာ လူတိုင်း ရှင်သန်နိုင်ပါ့မလား။


စိတ်အားထက်သန်စွာ စောင့်ဆိုင်းပြီးနောက် ည 10 နာရီတွင် စာကြည့်တိုက်၏ အထပ်အားလုံး၏ အတန်းချိန်ဇယားကို နောက်ဆုံးတွင် ထပ်မံမွမ်းမံပြီး အိပ်ဆောင်တစ်ခုစီ၏ တက်ဘလက်ကွန်ပျူတာများတွင် ထပ်တူပြုလုပ်ခဲ့သည်။


တိုးတက်မှုနှေးကွေးသောအဖွဲ့သည် 3 ထပ်နှင့် 4 ထပ်ရှိ မသင်မနေရသင်တန်းများကို အစားထိုးထားခြင်း ရှိ၊မရှိ စစ်ဆေးရန် အလျင်အမြန်လုပ်ဆောင်ခဲ့သည်။


တိုးတက်မှုအမြန်ဆုံးရှိသော ပထမဆုံးနေရာတွင် C-183၊ ကျိုတိုတက္ကသိုလ်မှ ယွိမင်ယွီ ဦးဆောင်သော A-76၊ နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်မှ ချန်မုယွင် ဦးဆောင်သော B-98၊ ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်မှ ချင်းလန် ဦးဆောင်သော A-153 စသည်တို့သည် အသစ်ဖွင့်သောအထပ်က ဘယ်ဌာနဖြစ်မလဲဆိုတာ အာရုံစိုက်ခဲ့ကြသည်။


ယွဲ့ရှင်းဝမ်သည် စာကြည့်တိုက်၏ အထပ်စာရင်းကို ချက်ချင်းဖွင့်လိုက်သည်။


1 ထပ်: ဆေးပညာဌာန


2 ထပ်: သင်္ချာဌာန


3 ထပ်: ဗိသုကာဌာန


4 ထပ်: ဇီဝသိပ္ပံဌာန


5 ထပ်: အများသူငါစိတ်ကြိုက်သင်တန်းစင်တာ


6 ထပ်: ဥပဒေဌာန (အသစ်)


အသစ်ဖွင့်သော 6 ထပ်က တကယ်တော့ ဥပဒေဌာနဖြစ်သည်။


ယွဲ့ရှင်းဝမ်၏ မျက်လုံးများသည် 6 ထပ်ကို စိုက်ကြည့်နေပြီး သုတေသနအဖွဲ့ chat channel တွင် ပြောခဲ့သည်။

"5 ထပ်ရဲ့အထက်မှာ ဝိဇ္ဇာဘာသာရပ်ဌာနတစ်ခု တကယ်ပေါ်လာပြီ… စီနီယာအစ်မလန်၊ အချိန်ဇယားကို မြင်ပြီးပြီလား?"


လန်ယာရုန်က ပြန်ဖြေသည်။

"ငါကြည့်လိုက်ပြီ၊ ဥပဒေဌာနမှာ မသင်မနေရသင်တန်းနှစ်ခုရှိပြီး စုစုပေါင်း credit 9 မှတ်ရှိတယ်…"


တနင်္လာ၊ ဗုဒ္ဓဟူး နှင့် သောကြာ မနက်:

မသင်မနေရသင်တန်း ‘ရှေ့နေသေဆုံးခြင်း’ credit 4 မှတ်။


အင်္ဂါနှင့် ကြာသပတေး မနက်:

မသင်မနေရသင်တန်း ‘ပြစ်မှုမရှိကြောင်းချေပချက်’ credit 5 မှတ်။


အဖွဲ့ဝင်များသည် အတန်းအချိန်ဇယားကို မြင်သောအခါ ဘာပြောရမှန်းမသိ ဖြစ်သွားကြသည်။


လျှိုကျောက်ချင်းသည် ခေါင်းကိုက်ကာ သူ့နားထင်ကို နှိပ်လိုက်သည်။

"ရှေ့နေသေဆုံးခြင်းက တစ်ချက်ကြည့်ရုံနဲ့ ပဟေဠိဖြေရှင်းခြင်းသင်တန်းဆိုတာ သိသာတယ်…"


ရွှီယိရှန်းက အကူအညီမဲ့စွာ ဆိုသည်။

"ပြစ်မှုမရှိကြောင်းချေပချက်၊ တရားခံဘက်ကနေ ခုခံဖို့ ငါတို့တွေ တရားရုံးကို သွားရမှာက အရမ်းမလွန်လွန်းဘူးလား?


ယွဲ့ရှင်းဝမ်: "အဲဒါက တရားရုံးရဲ့ ကျိုးကြောင်းဆင်ခြင်မှုဖြစ်နိုင်တယ်… တရားရုံးအကြောင်း ကျွန်တော် သိပ်မသိဘူး… အဲဒီအချိန်ရောက်ရင် စီနီယာအစ်မလန်ရဲ့ အကူအညီလိုအပ်လိမ့်မယ်…"


လန်ယာရုန်: "ကိစ္စမရှိပါဘူး… ငါက ဥပဒေလုပ်ငန်းတစ်ခုမှာ တစ်နှစ်လောက် အလုပ်သင်ဆင်းခဲ့ပြီး ငါ့ဆရာနဲ့လည်း တရားရုံးကို အကြိမ်ပေါင်းများစွာ ရောက်ဖူးတယ်… အားလုံးကို ကူညီဖို့ ငါ အကောင်းဆုံး ကြိုးစားသွားမှာပါ…"


ယွဲ့ရှင်းဝမ်က ဆိုသည်။

"နှစ်ရက်ကြာ အားကစားပြိုင်ပွဲပြီးပြီဆိုတော့ အားလုံး ပင်ပန်းနေလောက်ပြီ… အရင်ဆုံး အနားယူရအောင်! မနက်ဖြန် မနက် 7 နာရီခွဲမှာ ‌ကန်တင်းဝင်ပေါက်မှာ ဆုံကြမယ်… ငါတို့တွေ 6 ထပ်က ဥပဒေဌာနရဲ့ သင်တန်းတွေကို ဆက်သွားကြမယ်!"


【Volume 6: အားကစားပြိုင်ပွဲများ ပြီးပါပြီ။】


#TK