Chapter 124
Viewers 23k

Volume 6 : အားကစားပြိုင်ပွဲများ


Chapter 124 (အားကစားပြိုင်ပွဲ ၁၅)


ဘောလုံးကွင်းက ကျယ်လွန်းပြီး နောက်တန်းမှာ ရပ်နေသော ကျောင်းသားများက ယွဲ့ရှင်းဝမ်ပြောတာကို မကြားခဲ့ကြပေ။ တောင်သုံးလုံးကို ဆင့်ခေါ်သော အသားဖြူဖြူကောင်လေးသည် ယွဲ့ရှင်းဝမ်နှင့် စကားပြောအပြီးတွင် ဘောလုံးကွင်းထဲ၌ လူရုပ်တုကဲ့သို့ မတ်တတ်ရပ်နေတာကိုပဲ သူတို့တွေ့လိုက်သည်။


ပရိသတ်များသည် တစ်ယောက်ကိုတစ်ယောက် ရှုပ်ထွေးစွာကြည့်ကာ လူတချို့က မှန်းဆသည်။

"သူ့ကို ရုပ်တုအဖြစ်ပြောင်းဖို့ ရှင်းဝမ်က ဘာပြောလိုက်တာလဲ?"


"ငါမသိဘူး၊ ယွဲ့ရှင်းဝမ်ရဲ့စွမ်းရည်တွေက ထူးဆန်းတယ်၊ မန္တန်ရွတ်လိုက်တာများလား?"


ယွဲ့ရှင်းဝမ်ပြောတာကို ရှေ့ဆုံးတန်းက ကျောင်းသားများပဲ ကြားခဲ့သည်။


ဖိုရမ်၏ “ဘောလုံးပွဲတိုက်ရိုက်လွှင့်ပို့စ်”တွင် တစ်စုံတစ်ဦးမှ ဖြေကြားခဲ့သည်။

"ငါ အဲဒါကို ရှင်းရှင်းလင်းကြားခဲ့တယ်၊ ယွဲ့ရှင်းဝမ်က ‘ငါလိမ္မော်သီး သွားဝယ်ဦးမယ်… မင်းဒီမှာနေပြီး လှည့်မကြည့်နဲ့…’လို့ ပြောခဲ့တာ… အဲဒီနောက် သူ့လက်ထဲမှာ လိမ္မော်သီးပေါ်လာတယ်… သူက ဘေးနားမှာ စက်ရုပ်တစ်ရုပ်နဲ့ ဗီဒီယိုရိုက်နေတဲ့ ခယ်ရှောင်ပင်းကို လိမ္မော်သီးပေးလိုက်ပြီး ခယ်ရှောင်ပင်းက လိမ္မော်သီးစားပြီးတော့ ထွက်သွားတယ်၊ အဲဒီကောင်လေးက ရုပ်တုအဖြစ် ပြောင်းသွားခဲ့တယ်!"


အဖြေကိုမြင်သူများက ကြောင်နေကြသည်။

"ဒါက ဘယ်လိုစွမ်းရည်မျိုးလဲ?"


"လိမ္မော်သီးထုတ်ပြီး ပြိုင်ဘက်ကို နေရာမှာတင် ထိန်းထားတာလား?"


တစ်စုံတစ်ယောက်က တုံ့ပြန်ခဲ့သည်။

"အဖေက သူ့သားကိုပြောခဲ့တဲ့ ကျူးကျစ်ချင်းရဲ့ ‘နောက်ကျောမြင်ကွင်း’ထဲက စာသားပဲ…"


"ဟုတ်တယ်၊ သူ့အဖေက ကျူးကျစ်ချင်းကို ရထားဘူတာရုံဆီ လိုက်ပို့တဲ့အခါ သူလိမ္မော်သီးသွားဦးမယ်လို့ပြောပြီး ကျူးကျစ်ချင်းက သူ့အဖေရဲ့နောက်ကျောကို မလှုပ်မယှက်ဘဲ ကြည့်နေခဲ့တာ…"


"လိမ္မော်သီးဝယ်ပေးမယ်ဆိုတာက ဆဲတာမဟုတ်ဘူးလား? ဆိုလိုရင်း: မင်းက ငါ့သားလား?"


တစ်စုံတစ်ယောက်က ပို့စ်တွင် ဟာသပြောခဲ့သည်။

"စီနီယာအစ်ကိုရှင်းဝမ်က စီနီယာအစ်ကိုဖျင်စစ်နဲ့ လက်ထပ်စာချုပ်ရတုန်းပဲရှိသေးတယ် သူ့သားကို အသိအမှတ်ပြုဖို့ ဘောလုံးကွင်းထဲကို ရောက်လာတာလား?"


"183 သုတေသနအဖွဲ့ရဲ့ အသင်းဝတ်စုံတွေက အနီရောင်ဖြစ်နေတာကို မမြင်ဘူးလား? ဒါက မင်္ဂလာဆောင်မယ့်အဖွဲ့ဖြစ်တယ်ဆိုတာ သိသာထင်ရှားတယ်! သားတစ်ယောက်ကို အသိအမှတ်ပြုတာက ဘာမှားလို့လဲ? နေ့ကြီးရက်ကြီးမှာ မိသားစုလိုက်က သဟဇာတဖြစ်ပြီး လှပတယ်!"


ဂိမ်းကိုကြည့်နေစဉ် ပရိသတ်များသည် ထိုင်ခုံဘေးရှိ တက်ဘလက်ကွန်ပျူတာတွင် ဖိုရမ်ကို ကြည့်ရှုခဲ့ကြပြီး ဆွေးနွေးမှုမှာ အလွန်အသက်ဝင်ပါသည်။


ထိုအချိန်တွင် ကွင်းကလည်း အလွန်အသက်ဝင်နေခဲ့သည်။


နိုင်ငံရေးသိပ္ပံဘာသာရပ်မှ ကောင်လေးကို နေရာမှာရပ်ခိုင်းထားပြီးနောက် ကျိုဖုန်းက ဘောလုံးကို အလျင်အမြန်ဆွဲယူပြီး ရွှီယိရှန်းထံ ပေးပို့လိုက်သည်။ ရွှီယိရှန်းသည် mitosis ကို အသုံးပြုပြီး ဘောလုံးဖြင့် ဆန့်ကျင်ဘက်ခံစစ်သို့ ဖြတ်သွားခဲ့သည်။ ပြိုင်ဘက်သည် ချက်ချင်းပင် ခံစစ်ကို စီစဉ်ပြီး ရွှီယိရှန်းကို စိုက်ကြည့်ရန် လူနှစ်ယောက်ကို စေလွှတ်လိုက်သည်။


ရွှီယိရှန်းသည် ပြိုင်ဘက်၏ ခံစစ်ကို ခဏတာမျှ မဖြတ်နိုင်ခဲ့သောကြောင့် ယွဲ့ရှင်းဝမ်ထံသို့ ဘောလုံးကို ပြန်ပေးခဲ့ရသည်။


ယွဲ့ရှင်းဝမ်သည် ဘောလုံးနှင့်အတူ ရှေ့သို့ ပြေးသွားပြီး ဘယ်တောင်ပံ တိုက်စစ်မှူး လျှိုကျောက်ချင်းထံ ဘောလုံးဖြတ်ပေးခါနီးတွင် မိန်းကလေး၏ ရှင်းလင်းသော အသံက သူ့ဘေးနားမှ ရုတ်တရက် ထွက်ပေါ်လာသည်။

"နင်က ချောက်ထဲကို စိုက်ကြည့်နေတဲ့အခါ ချောက်ကလည်း နင့်ကို ပြန်စိုက်ကြည့်နေတယ်!"


အချင်း 3 မီတာခန့်ရှိသော တွင်းနက်ကြီးသည် ယွဲ့ရှင်းဝမ်၏ ခြေဖဝါးအောက်တွင် အောက်ခြေမရှိသော အနက်ရောင်ချောက်ကြီးတစ်ခုလို ရုတ်တရက်ပေါ်လာသည်။ သူသည် ချောက်ဘေးတွင်ရပ်ကာ လှုပ်ရှားခြင်းမရှိတော့ဘဲ သူ၏ခေါင်းက အောက်ငုံ့ပြီး ‘ချောက်ထဲကို စိုက်ကြည့်ရန်’ ဖိအားပေးခံခဲ့ရသည်။


ပရိတ်သတ်များသည် ယွဲ့ရှင်းဝမ်က အကူအညီမဲ့စွာ ငုတ်တုတ်ထိုင်ပြီး ချောက်ထဲစိုက်ကြည့်နေတာကို မြင်လိုက်ရသောအခါ ရယ်မောနေခဲ့ကြသည်။


Nietzsche ၏ ကျော်ကြားသော ဒဿနိကဗေဒကိုးကားချက်ဖြစ်သောကြောင့် ဤမိန်းကလေးက ဒဿနိကဗေဒဌာနဖြစ်ရမည်။


ယွဲ့ရှင်းဝမ်သည် သူ့စိတ်ထဲတွင် တုန်လှုပ်သွားပြီး မိန်းကလေးက ဆက်လက် ရွတ်ဆိုနေတာကိုပဲ နားထောင်နေခဲ့ရသည်။

"ပျော်ရွှင်မှုက စိတ်ဝိညာဉ်ရဲ့ အသင့်လျော်ဆုံးနေရာသို့ ရောက်ရှိလာခြင်းဖြစ်တယ်…"


နောက်အခိုက်အတန့်တွင် ဘောလုံးသည် ကွင်းဒုတိယတစ်ဝက်၌ ပေါ်လာပြီး ဂိုးပေါက်နှင့် အလွန်နီးကပ်နေတာကို တွေ့လိုက်ရကာ အနီးနားတွင် A-37 သုတေသနအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ရှိနေခဲ့သည်။ ပြိုင်ဘက်က ဘောလုံးကို မဆွဲယူတော့ဘဲ ဂိုးပေါက်ကို တိုက်ရိုက် သွင်းခဲ့သည်။


ဘောလုံးသည် ရှေ့တန်းတစ်ဝက်မှ နောက်တန်းတစ်ဝက်သို့ ရုတ်တရက် ကူးပြောင်းသွားသည်။ ရုတ်တရက်ဆိုတော့ လူတိုင်းက အချိန်မီ မတုံ့ပြန်နိုင်ခဲ့ကြဘူး။ ခံစစ်က စက္ကန့်အနည်းငယ်မျှ နှေးကွေးသွားခဲ့သည်။ လန်ယာရုန်သည် ပြိုင်ဘက်ကစားသမားကို ပိတ်လှောင်လိုက်သောအခါတွင် ဘောလုံးကို ကန်လိုက်ပြီးဖြစ်သည်။


ဂိုးဆီသို့ တန်းတန်းမတ်မတ်ရောက်လာသော ဘောလုံးကို မြင်လိုက်ရသောအခါ ပွဲကြည့်စင်ရှိ ကျောင်းသားများအားလုံး တင်းမာသွားကြသည်။ ကျန်းဖျင်စစ်က ငြိမ်သက်စွာ ကြည့်နေပြီး သူ၏ညာလက်ကိုအသုံးပြု၍ ဘောလုံးသည် ရုတ်တရက် လေထဲတွင် ထောင့်တစ်ခုကို လှည့်ကာ ဂိုး၏ ညာဘက်အပေါ်ထောင့်ရှိ ထောင့်ဖြတ်မျဉ်းကို ပွတ်တိုက်ပြီး ပျံသန်းသွားတာကို သူမြင်လိုက်ရသည်။


အရေးကြီးသောအခိုက်အတန့်တွင် ကျန်းဖျင်စစ်က ဘောလုံးလမ်းကြောင်းကို ပြောင်းလဲခဲ့သည်။


A-37 သုတေသနအဖွဲ့သည် ဂိုးကန်သွင်းတာ မအောင်မြင်ခဲ့ပေ။


ကန်သွင်းလိုက်သော ကစားသမားက အကူအညီမဲ့ပုံပေါက်နေသည်။

"ဒီလိုပြောင်းလို့ရတာပေါ့၊ အရမ်းမိုက်တာပဲ!"


သူတို့သည် ယွဲ့ရှင်းဝမ်ကို ထိန်းချုပ်ရန် ဒဿနိကဗေဒဌာန၏ စွမ်းရည်နှစ်ခုကို အားကိုးပြီး ဘောလုံးကို ကွင်း၏ဒုတိယတစ်ဝက်သို့ ပေးပို့ကာ အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်မှုကို စတင်ခဲ့သည်။ ဘောလုံးကို သေချာပေါက် ကန်သွင်းနိုင်ပြီဟု သူတို့တွေးထင်ခဲ့သော်လည်း ကျန်းဖျင်စစ်က ဘောလုံးကို စိုက်ကြည့်နေမယ်လို့ မထင်ထားခဲ့ပေ။ ဘောလုံးကွင်းတစ်ခုလုံးသည် သူ၏အမြင်တွင် coordinate system ဖြစ်လာပြီး အမှတ်တစ်ခုစီတွင် ၎င်း၏ကိုယ်ပိုင် coordinate အချက်အလက်ရှိသည်။


ဘောလုံးပေါ်လာသောအခိုက်မှာ သူက ဖော်မြူလာကို တွက်ချက်ပြီးသွားပြီ။


ပရိသတ်များက ရုတ်ရုတ်သဲသဲဖြစ်ခဲ့ကြပြီး ဖိုရမ်တွင် ဆွေးနွေးမှုများမှာလည်း အလွန်တက်ကြွနေပါသည်။

"ကျန်းဖျင်စစ်က ဂိုးသမားတစ်ယောက်အနေနဲ့ အရမ်းမိုက်တာပဲ! ပြိုင်ဘက်က ဘယ်လိုလုပ်ပြီး ဂိုးသွင်းနိုင်တော့မှာလဲ?"


"183 သုတေသနအဖွဲ့ရဲ့ ဂိုးဆီ ဖြတ်ကျော်ချင်တယ်ဆိုရင် ရှေ့တန်းနဲ့ ယွဲ့ရှင်းဝမ်ကို ထိန်းချုပ်တာတင် မလုံလောက်ဘူးလို့ ငါထင်တယ်… အရေးကြီးဆုံးအရာက မကန်သွင်းခင် ကျန်းဖျင်စစ်ကို ထိန်းချုပ်ဖို့ပဲ…"


ဒါပေမယ့် ကျန်းဖျင်စစ်ကို ဘယ်လိုထိန်းချုပ်မှာလဲ။


သူက နေရာမှာတင် ရပ်နေလျှင်တောင် မလုပ်မဖြစ်ပေ။ သူက ညာလက်ဖြင့် ဖော်မြူလာရေးနိုင်သ၍ သူတို့၏ဘောလုံးကို မဝင်အောင် ပြုလုပ်နိုင်သည်။


ကျောင်းသားတစ်ယောက်က အကြံပြုသည်။

"ငါတို့ သူ့လက်ကို နွယ်ပင်နဲ့ ချည်ထားလိုက်ရင် သူ ဖော်မြူလာမရေးနိုင်တော့ဘူးမလား?"


"ဒါမှမဟုတ် မူးဝေတာ၊ အိပ်ငိုက်တာလိုမျိုး ပြင်းထန်းတဲ့ ထိန်းချုပ်ရေးစွမ်းရည်နဲ့ ခဏသတိလွတ်သွားအောင် အသုံးပြုနိုင်တယ်…"


"ငါ့အထင်တော့ အရပ်ဘက်ရေးရာဗျူရိုက စိတ်အချရဆုံးပဲ၊ ကျန်းဖျင်စစ်နဲ့ ယွဲ့ရှင်းဝမ်ကို ပြန်ပြီးလက်ထပ်ခိုင်းလိုက်ပါ!"


ဘောလုံးက စည်းပြင်ထွက်သွားတာကြောင့် ကျန်းဖျင်စစ်က ၎င်းကို ပြန်ယူပြီး ပြိုင်ဘက်၏ကွင်းတစ်ဝက်က လျှိုကျောက်ချင်းဆီ သပ်သပ်ရပ်ရပ် ချပေးလိုက်သည်။


လျှိုကျောက်ချင်းသည် ဘောလုံးကို လက်ခံရရှိချိန်တွင် A-37 မှ ရုတ်တရက် ထွက်လာသော ကောင်လေးကြောင့် လမ်းတစ်ဝက်တွင် ကြားဖြတ်ခံခဲ့ရသည်။ ထိုကောင်လေးသည် ပထဝီဝင်ဌာနမှဖြစ်ပြီး ကွင်း၏ဒုတိယတစ်ဝက်ကို ဘောလုံးနှင့်အတူ ရောက်ရှိလာစေရန် ကျောက်ထုလွှာလှုပ်ရှားမှုကို တိုက်ရိုက်အသုံးပြုခဲ့ပြီး နောက်ထပ်တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် အဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။


ဒဿနိကဗေဒဌာနမှ မိန်းကလေးက လျင်မြန်စွာ ရွတ်ဆိုခဲ့သည်။ 

"လူသားတွေက လွတ်လပ်စွာ မွေးဖွားလာပေမယ့်လည်း နေရာတိုင်းမှာ သံကြိုးတွေနဲ့ ချုပ်နှောင်ခံထားရတယ်…"


Rousseau ဆီမှ ဒဿနိကကိုးကားချက်။


စကားလုံးများထွက်လာတာနဲ့ ကျန်းဖျင်စစ်၏ခန္ဓာကိုယ်ပေါ်မှာ သံကြိုးတစ်ခုပေါ်လာပြီး သူ့လက်နဲ့ခြေထောက်များကို တိုက်ရိုက်ချည်နှောင်ထားသောကြောင့် သူ၏စွမ်းရည်ကို ထုတ်လို့မရတော့ပေ။


မိန်းကလေးက ဆက်ရွတ်သည်။

"နင်တို့ကို ပင်ပန်းစေမှာက ရှေ့ကတောင်မဟုတ်ဘူး၊ နင်တို့ဖိနပ်ထဲက သဲတွေပဲ…"


183 သုတေသနအဖွဲ့မှ အားလုံးသည် ဖိနပ်ထဲသို့ သဲများစွာရောက်နေသလို ခံစားခဲ့ရသည်။ အားလုံးက တစ်ချိန်တည်းမှာ ချော်လဲပြီး မြေပြင်ပေါ်လဲကျသွားသည်။ A-37 သုတေသနအဖွဲ့သည် ဘောလုံးကို ယူဆောင်ပြီး ဂိုးထဲသို့ ကန်သွင်းရန် အခွင့်အရေးကို ရယူခဲ့သည်။


ဂိုး 1:1 !


ပြိုင်ဘက်၏ ပူးပေါင်းဆောင်ရွက်မှုက တကယ့်ကို အံ့ဩစရာပါပဲ။ ပထမဦးစွာ ဂိုးသမားကို ထိန်းချုပ်ပြီးနောက် လူတိုင်းကို သဲပေါ်တွင် ချော်လဲခိုင်းခဲ့သည်။ ပထဝီဝင်ဌာန၏ ကျောင်းသားသည် ရှေ့ကိုသွားရန် အခွင့်အရေးယူခဲ့ပြီး ဘောလုံးကို ဂိုးပေါက်ဆီသို့ ဆက်တိုက် တယ်လီပို့ကာ ဂိုးပေါက်ထဲကန်သွင်းပြီး ရိုးရှင်းစွာ အမှတ်ယူခဲ့သည်။


183 သုတေသနအဖွဲ့၏ ပေးဂိုး 0 စံချိန်က နောက်ဆုံးတွင် ကျိုးပျက်သွားခဲ့သည်။


ပရိသတ်များ၏ လက်ခုပ်သံများက ထွက်ပေါ်လာသည်။

"နောက်ဆုံး တစ်ယောက်ယောက်က ကန်နိုင်လိုက်ပြီ!"


ကျန်းဖျင်စစ်သည် ချည်နှောင်ခံထားရပြီး သူ၏စွမ်းရည်ကို မထုတ်လွတ်နိုင်ခဲ့သဖြင့် တတ်နိုင်သမျှ အမြန်ဆုံး ကယ်တင်ရမည်ဖြစ်သည်။


A-37 သည် အတော်လေး သန်မာပြီး ယွဲ့ရှင်းဝမ်၏ ချောက်ထဲသို့ စိုက်ကြည့်ချိန်က ပြီးဆုံးသွားကာ သူ့စိတ်က လျင်မြန်စွာ သတိပြန်လည်လာပြီး ၎င်းကို ဖြေရှင်းရန် နည်းဗျူဟာများကို တွေးနေလေသည်။ ဤအဖွဲ့တွင် ဘာသာရပ်များ အစုံအလင်ရှိသော်လည်း အဓိကဖိအားမှာ သူတို့တွင်မရှိသော နိုင်ငံရေးသိပ္ပံနှင့် ဒဿနိကဗေဒဌာနဖြစ်သည်။ အဆုံးမသတ်နိုင်သော ဒဿနိကဗေဒကိုးကားချက်များသည် လူများ၏ခေါင်းကို မူးဝေစေပြီး ဂိမ်းတစ်ခုကစားဖို့ ဒဿနိကဗေဒကို နားလည်ရန် လိုအပ်သလား။


နိုင်ငံရေးသိပ္ပံဌာနမှ ကောင်လေးသည်လည်း စတင်ရွတ်ဆိုခဲ့သည်။

"သာယာဝပြောရေး၊ ဒီမိုကရေစီ၊ ယဉ်ကျေးမှုနှင့် သဟဇာတဖြစ်မှု! လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးမှု!"


နယ်ချဲ့စနစ်၊ ပဒေသရာဇ်စနစ်နှင့် ဗျူရိုကရေစီအရင်းရှင်စနစ်၏ တောင်ကြီးသုံးလုံးနောက်တွင် ဆိုရှယ်လစ်စနစ်၏ ကြွေးကြော်သံလည်း ထွက်ပေါ်လာခဲ့သည်။ စွမ်းရည်အကျိုးသက်ရောက်မှုသည် ကွင်းတစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီး 3 မိနစ်အတွင်း မလွှမ်းမိုးနိုင်ပေ။


ဤအချိန်ကို အခွင့်ကောင်းယူ၍ A-37 သုတေသနအဖွဲ့မှ ထပ်မံတိုက်ခိုက်ခဲ့သည်။


ကျန်းဖျင်စစ်က ထိန်းချုပ်ခံထားရပြီး နောက်တန်းခံစစ်က ဖိအားများစွာခံခဲ့ရသည်။ ယွဲ့ရှင်းဝမ်က ချက်ချင်းဆိုသလို အော်လိုက်သည်။

"စီနီယာအစ်မမန့်လော်၊ ဖျင်စစ်ကို ကယ်ပါဦး!"


လင်းမန့်လော်က ထိုအချိန်တွင် ကွင်းအနောက်နှင့် နီးကပ်နေသည်။ ယွဲ့ရှင်းဝမ်၏အသံကြားပြီးနောက် သူမသည် ကျန်းဖျင်စစ်၏ခြေထောက်အောက်တွင် အစိမ်းရောင်သစ်ပင်တစ်ပင်ကို စိုက်လိုက်သည်။ အစိမ်းရောင်မြက်ခင်းပြင်သည် ထိန်းချုပ်မှုနှင့် အပျက်သဘောဆောင်သော အခြေအနေများကို လွတ်ပေးနိုင်သည်။ သူ၏လွတ်လပ်ခွင့်ကို ပြန်လည်ရရှိလာသော ကျန်းဖျင်စစ်က ချက်ချင်းဆိုသလို သူ၏ညာလက်ကို မြှောက်လိုက်ပြီး ဖော်မြူလာကိုချရေးကာ ပြိုင်ဘက်က ဘောလုံးကို ကန်လိုက်ပြီး ဂိုးပေါက်နှင့် 20 စင်တီမီတာအကွာတွင်ရှိနေချိန်၌ ၎င်းသည် လမ်းကြောင်းမှ တုန်လှုပ်ချောက်ချားဖွယ်ပုံစံဖြင့် သွေဖည်သွားခဲ့သည်။


မြက်ခင်းပြင်သည် 5 မိနစ် တည်ရှိသောကြောင့် ကျန်းဖျင်စစ်သည် လက်ရှိအချိန်တွင် ထိန်းချုပ်မှုကို ခုခံနိုင်စွမ်းရှိပြီး ဂိုးပေါက်ကို ထပ်မံမခြိမ်းခြောက်နိုင်တော့ပေ။


နှစ်သင်းလုံး အချိန်အတော်ကြာ ကစားခဲ့ကြသော်လည်း ဂိုးမသွင်းနိုင်ခဲ့ပေ။ လျှိုကျောက်ချင်းသည် နောက်ဆုံးတွင် ဘောလုံးကို ဂိုးပေါက်ကို ယူဆောင်လာကာ တစ်ဖက်ရှိ နိုင်ငံရေးသိပ္ပံဌာနက ထပ်မံရွတ်ဆိုပြန်သည်။

"ကြည်လင်တဲ့ရေနဲ့ စိမ်းလန်းစိုပြေတဲ့တောင်တွေက အဖိုးမဖြတ်နိုင်တဲ့ ပိုင်ဆိုင်မှုတွေပဲဖြစ်တယ်!"


ကြည်လင်သောရေများနှင့် စိမ်းလန်းသောတောင်များသည် ကောင်းကင်မှကျဆင်းလာကာ အစိမ်းရောင်တောင်တန်းများသည် ဂိုးပေါက်ရှေ့သို့ တိုက်ရိုက်ရောက်ရှိနေပြီး ကြည်လင်သောရေကန်သည် ဂိုးပေါက်ဧရိယာကို ဝန်းရံထားကာ ကျွန်းတစ်ကျွန်းအဖြစ်သို့ ရောက်ရှိသွားသည်—— မင်းဘယ်လိုဂိုးသွင်းမလဲကြည့်တာပေါ့။


ပွဲပြီးဆုံးချိန် နောက်ဆုံး 5 မိနစ်သာကျန်တော့ပြီး ဂိုးအရေအတွက် 1:1 ဖြစ်နေဆဲဖြစ်သည်။


အဆုံးတွင် ဂိုးအရေအတွက်သည် သရေကျနေပါက အချိန်ပို ‘ပင်နယ်တီအဆုံးအဖြတ်’ကို သွားရန် လိုအပ်ပါသည်။ နိုင်ငံရေးသိပ္ပံဌာန၏ တစ်ဖက်ခြမ်းရှိ တောင်တန်းများကို ဖြတ်ကျော်၍မရနိုင်ဘဲ သူတို့သည် ပင်နယ်တီအဆုံးအဖြတ်ဖြင့် အခွင့်ကောင်းယူ၍ မရပေ။


ယွဲ့ရှင်းဝမ်သည် အသက်ပြင်းပြင်းရှူလိုက်သည်။ ပြိုင်ဘက်၏ ‘ကြည်လင်နေသောရေနှင့် စိမ်းလန်းနေသောတောင်တန်းများ’ ပျောက်ကွယ်သွားသောအခါတွင် သူက ကျိုဖုန်းကို အလုံးအရင်းဖြင့် တိုက်ခိုက်မည့်ပုံစံမျိုး အကြည့်ပေးလိုက်ကာ ကျိုဖုန်းက သူ့အဖွဲ့ဝင်များကို အမူအရာပြလိုက်သည်။


ယွဲ့ရှင်းဝမ်သည် ဒဿနိကဗေဒဌာန၏ မိန်းကလေးကို ကြည့်ပြီး ဘောလုံးနှင့်အတူ လျင်မြန်စွာ တယ်လီပို့ခဲ့သော ပထဝီဝင်ဌာနမှ ယောင်္ကျားလေးကို ဆက်ကြည့်ကာ ပြောလိုက်သည်။

"ငါလိမ္မော်သီး သွားဝယ်ဦးမယ်… မင်းတို့တွေ ဒီမှာနေပြီး လှည့်မကြည့်နဲ့!"


လိမ္မော်သီးဝယ်ယူခြင်းစွမ်းရည်ကို အဆင့်မြှင့်ပြီးနောက် သူက လိမ္မော်သီး 3 ခုအထိ ဝယ်နိုင်ပြီး ပစ်မှတ် 3 ခုသတ်မှတ်နိုင်သည်။


ရလဒ်အနေဖြင့် ကွင်းကို ထိန်းချုပ်ရန် တာဝန်ယူထားသော ဒဿနိကဗေဒဌာနရှိ မိန်းကလေးနှင့် ပထဝီဝင်ဌာနမှ တိုက်စစ်မှူးတို့သည် နေရာမှာတင် မတ်တတ်ရပ်နေကြသည်။

 

ယွဲ့ရှင်းဝမ်က လျင်မြန်စွာ ပြောလိုက်သည်။

"လူသားတွေရဲ့ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေက ဘယ်လိုမှ ဆက်စပ်မှုမရှိဘူး။ ငါတော့ သူတို့တွေ ဆူညံတယ်လို့ပဲ ထင်မိတယ်!"


ပတ်ဝန်းကျင်က တိတ်ဆိတ်နေခဲ့သည်။


မိန်းကလေးသည် နေရာမှာတင် ရပ်နေပြီး မလှုပ်ရှားနိုင်ရုံသာမက အသံထွက်လို့မရတော့တာကို တွေ့ရှိခဲ့သည်။


ယွဲ့ရှင်းဝမ်က စိတ်ထဲတွင် ပြောခဲ့သည်။

“ဒဿနိကဌာနမှာ ဘဝရဲ့အခြေခံမူတွေ အရမ်းများလွန်းတယ်၊ ငါတို့နောက်မှ အဲဒါကိုပြန်လေ့လာပါ့မယ်၊ အခုတော့ စကားမပြောနဲ့ဦး၊ ငါတို့ ဘောလုံးကန်လိုက်ဦးမယ်!"


ဒဿနိကဗေဒကိုးကားချက်များနှင့် နိုင်ငံရေးသိပ္ပံအယူအဆများက မန္တန်များကိုဆင့်ခေါ်ကာ စာကြောင်းများရွတ်ဆိုဖို့လိုမှန်း သူတွေ့ရှိခဲ့သည်။ ထိန်းချုပ်ရန် တာဝန်ယူထားသော ဒဿနိကဗေဒဌာနမှ မိန်းကလေးနှင့် နိုင်ငံရေးသိပ္ပံဌာနမှ ယောင်္ကျားလေးတို့ကို အသံပိတ်လိုက်ပြီးနောက် သူတို့သည် စာကြောင်းများကို မရွတ်ဆိုနိုင်တော့ဘဲ သူတို့၏စွမ်းရည်များက ပယ်ဖျက်ခံလိုက်ရသည်။


လင်းမန့်လော်သည် နွယ်ပင် 5 ခုကို ဆင့်ခေါ်ကာ ပြိုင်ဘက်၏နောက်တန်းတွင် ခုခံကာကွယ်နေသည့် ကျောင်းသားငါးဦးစလုံးကို အတူတကွ ချည်နှောင်ရန် အခွင့်အရေးယူခဲ့သည်။


ချင်လုက ချက်ချင်း နေရာပြောင်းကာ ယွဲ့ရှင်းဝမ်ထံ ဘောလုံးယူဆောင်လာပြီး သူ့ဆီ ဘောလုံးပေးပို့ခဲ့သည်။


ယွဲ့ရှင်းဝမ်သည် ကွင်းလယ်ရှေ့တွင် ရှိနေပြီး တိုက်စစ်ကို စီစဉ်ရန် တာဝန်ယူနေသည်။ ထိုအချိန်တွင် လျှိုကျောက်ချင်းကို စိုက်ကြည့်နေသော ကောင်လေးကို နွယ်ပင်များဖြင့် ချည်နှောင်ထားပြီး ရွှီယိရှန်းကို စိုက်ကြည့်နေသော ဇီဝသိပ္ပံဌာနမှ မိန်းကလေးသည် သူတို့၏ကိုယ်ပွားများဖြင့် ပရမ်းပတာ ဖြစ်နေကာ ယွဲ့ရှင်းဝမ်က ရွှီယိရှန်းကို ဘောလုံးပေးလိုက်သည်။


ရွှီယိရှန်းသည် ဘယ်တောင်ပံတိုက်စစ်မှူး လျှိုကျောက်ချင်းထံသို့ ဘောလုံးကန်ပေးလိုက်သည်။


လျှိုကျောက်ချင်းသည် တစ်ဖက်က ကစားသမားများ နွယ်ပင်များဖြင့် ချည်နှောင်ခံထားရတာကို အခွင့်ကောင်းယူကာ ဘောလုံးကို ခြေထောက်ဖြင့် သပ်သပ်ရပ်ရပ် ဆွဲယူပြီး ဂိုးပေါက်၏အနီးသို့ ယူဆောင်လာကာ ဂိုးပေါက်၏ညာဘက်ထောင့်အပေါ်သို့ ကန်သွင်းလိုက်သည်။


နောက်ဆုံးမိနစ်မှာ သူတို့ဂိုးရသွားသည်။


ဂိုး 2:1 !


ပရိသတ်များထံမှ စူးစူးဝါးဝါးအားပေးသံများ ထွက်ပေါ်လာပြီး ကျိုဖုန်းက အလျင်အမြန် အော်လိုက်သည်။

"အားလုံး ခံစစ်ကိုဆင်းကြ!"

 

183 သုတေသနအဖွဲ့မှ အားလုံးသည် ဒုတိယကွင်းတစ်ဝက်သို့ ဆုတ်ခွာသွားခဲ့ကြပြီး နောက်ဆုံးမိနစ်ကို ထိန်းထားနိုင်သ၍ အနိုင်ရနိုင်သည်။


ယွဲ့ရှင်းဝမ်၏လိမ္မော်သီးများပေးပို့သည့်အချိန်က အလွန်ကောင်းမွန်ကြောင်း သက်သေပြခဲ့သည်။ ဆန့်ကျင်ဘက်ရှိ ဒဿနိကဗေဒဌာနမှ မိန်းကလေးနှင့် ပထဝီဝင်ဌာနမှ ယောင်္ကျားလေးတို့သည် လှုပ်ရှားလို့မရတော့ဘဲ ပြိုင်ဘက်၏အင်အားက ခွန်အားများ အလွန်လျော့ကျသွားပြီး နောက်ထပ်တိုက်ခိုက်မှုကို ပြုလုပ်ရန် ခက်ခဲသည်။


လန်ယာရုန်၏ သံလှောင်အိမ်နှင့် ရှင်းယန်၏ ဖန်ပုလင်းတို့ဖြင့် ပြိုင်ဘက်ကို ခဏတာ ပိတ်လှောင်ထားခဲ့သည်။ 183 သုတေသနအဖွဲ့၏ ခံစစ်က မပျက်စီးနိုင်သော တံတိုင်းတစ်ခုလိုပင်။ 37 သုတေသနအဖွဲ့သည် ဒုတိယကွင်းတစ်ဝက်သို့ ဘောလုံးယူရန် ခက်ခဲခဲ့သည်။ ထို့အပြင် ကျန်းဖျင်စစ်သည် သူ၏လွတ်လပ်မှုကို ပြန်လည်ရရှိပြီးနောက် သူတို့အတွက် ဂိုးကန်သွင်းဖို့ မျှော်လင့်ချက်မရှိတော့ဘူး။


ပြိုင်ပွဲက ပြီးသွားပြီ။


နောက်ဆုံးဂိုးအရေအတွက်မှာ 2:1 ဖြစ်ပြီး C-183 သုတေသနအဖွဲ့သည် အုပ်စုအဆင့်၏ ပထမဆုံးပွဲကို အနိုင်ရသွားခဲ့သည်။

 

ဖိုရမ်၏တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဆွေးနွေးမှုများစွာရှိခဲ့သည်။

"ရှင်းဝမ်က ဒီဂိမ်းမှာ သားနှစ်ယောက်နဲ့ သမီးတစ်ယောက်ကို အသိအမှတ်ပြုခဲ့တာလား?"


"သူက လိမ္မော်သီးသွားဝယ်ဦးမယ်လို့ ပြောလိုက်ပေမယ့် နောက်ဆုံးကျတော့ သူဝယ်လာတဲ့ လိမ္မော်သီးအားလုံးကို ခယ်ရှောင်ပင်းက စားသွားတာလား? ဒီတော့ ခယ်ရှောင်ပင်းက သူ့သားအရင်းဖြစ်ပြီး အခြားလူတွေက မွေးစားထားတာလား?"


ကွင်းထဲတွင် ဒဿနိကဗေဒဌာနမှ မိန်းကလေးက စိတ်ပျက်စွာ ပြောသည်။

"အသံပိတ်က အရမ်းများလွန်းတယ်၊ ငါ့ရဲ့စွမ်းရည်တော်တော်များများကို ထုတ်လွတ်လို့မရဘူး!"


နိုင်ငံရေးသိပ္ပံဌာနမှ ယောင်္ကျားလေးက ရှုံ့မဲ့သောအပြုံးဖြင့် သူ့ခေါင်းကိုကုတ်ကာ ပြောသည်။

"ငါကောပဲ၊ သိပ္ပံနည်းကျ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အယူအဆကို ဖတ်လို့မပြီးလိုက်ဘူး၊ တကယ်တမ်းတွေးကြည့်ရင် ငါတို့က အရမ်းဆူညံနေတယ်… ဒါပေမယ့် ယွဲ့ရှင်းဝမ်က အဆူညံဆုံးပဲ ဟုတ်တယ်မလား?"


ပထဝီဝင်ဌာနမှ တိုက်စစ်မှူးသည် ခါးသက်သက်မျက်နှာဖြင့် ဖြေသိမ့်ခဲ့သည်။

"အနည်းဆုံးတော့ ငါတို့က 1 ဂိုးရခဲ့ပြီး 0 ဂိုးနဲ့ အဆုံးမသတ်ခဲ့ဘူး…"


သူတို့သည် 183 သုတေသနအဖွဲ့ကို တွေ့သောအခါ တစ်ဂိုးသွင်းဖို့က တကယ်မလွယ်ဘူး။ ပထမအကျော့ ရှုံးထွက်အဆင့်မှ အခြားအဖွဲ့များသည် 183 နဲ့ ရင်ဆိုင်ခဲ့ကြပြီး 0 ဂိုးဖြင့် အဆုံးသတ်ခဲ့ကာ သူတို့၏ A-37 သုတေသနအဖွဲ့သည် 0 ဂိုးကိုချိုးဖြတ်ပြီး ပထမဆုံးအကြိမ် အောင်မြင်မှုရရှိခဲ့သည်။


183 သုတေသနအဖွဲ့ကဲ့သို့ နတ်ဆိုးအဖွဲ့နှင့် တွေ့ဆုံပြီး ဂိုးသွင်းယူနိုင်ခြင်းက သူတို့တွေ ဂုဏ်ယူထိုက်ပေသည်။


[TK:

“နိုင်ငံရေးသိပ္ပံ= Political Science”

နယ်ချဲ့စနစ်= Imperialism 

ပဒေသရာဇ်စနစ်= Feudalism

ဗျူရိုကရေစီအရင်းရှင်စနစ်= Bureaucracy Capitalism

ဆိုရှယ်လစ်စနစ်= Socialism


“ဒဿနိကဗေဒ= Philosophy”

“နင်က ချောက်ထဲကို စိုက်ကြည့်နေတဲ့အခါ ချောက်ကလည်း နင့်ကိုပြန်စိုက်ကြည့်နေတယ်”—Friedrich Nietzsche

【‘နတ်ဆိုး’ကိုချေမှုန်းတဲ့အခါ သင်ကိုယ်တိုင်နတ်ဆိုးမဖြစ်သွားဖို့ သတိထားပါလို့ အဓိပ္ပါယ်ရပါတယ်။】


“ပျော်ရွှင်မှုက စိတ်ဝိညာဉ်ရဲ့ အသင့်လျော်ဆုံးနေရာကို ရောက်ရှိလာခြင်းဖြစ်တယ်”—Aristotle Stagiritis

【လူတိုင်း ပျော်ရွှင်မှုကို ရှာဖွေနိုင်ပြီး ရှာဖွေတဲ့ပုံစံခြင်းမတူဘူးလို့ အဓိပ္ပါယ်ရပါတယ်။】


“လူသားတွေက လွတ်လပ်စွာ မွေးဖွားလာပေမယ့်လည်း နေရာတိုင်းမှာ သံကြိုးတွေနဲ့ ချည်နှောင်ခံထားရတယ်”—Jean-Jacques Rousseau

【လူတိုင်းက တန်းတူအခွင့်အရေးတွေနဲ့ မွေးဖွားလာကြပေမယ့် တချို့က အဲဒီအခွင့်အရေးတွေကို ဆုံးရှုံးပြီး ကျွန်တွေအဖြစ် သံကြိုးတွေနဲ့ အတင်းအကျပ် ချုပ်နှောင်ခံထားရတယ်လို့ အဓိပ္ပါယ်ရပါတယ်။】


“နင်တို့ကိုပင်ပန်းစေမှာက ရှေ့ကတောင်မဟုတ်ဘူး၊ နင်တို့ဖိနပ်ထဲက သဲတွေပဲ”— Robert W. Service

【တစ်ခါတစ်ရံမှာ လက်တွေ့ဘဝက စိန်ခေါ်မှုကြီးမဟုတ်သော်လည်း အသေးအမွှားလို့ ထင်ထားတဲ့အရာတွေက စိန်ခေါ်မှုကြီးဖြစ်လာတတ်တယ်လို့ အဓိပ္ပါယ်ရပါတယ်။】



#TK