Volume 6 : အားကစားပြိုင်ပွဲများ
Chapter 111 (အားကစားပြိုင်ပွဲ ၀၂)
မနက်က ပေးပို့သော အသိပေးချက်သည် ည12 နာရီတွင် ပိတ်မည်ဖြစ်ပြီး သုတေသနအဖွဲ့အားလုံးက မည်သည့်ပြိုင်ပွဲတွင်ပါဝင်မည်ကို စာရင်းသွင်းရန် ဆွေးနွေးဖို့က တစ်ရက်သာရှိသည်။
ဤအားကစားပြိုင်ပွဲတွင် ဘတ်စကက်ဘော၊ ဘောလုံးနှင့်ဘော်လီဘော၊ အဖွဲ့လိုက်စက်ဘီးစီးပြိုင်ပွဲ၊ ကျွမ်းဘားအဖွဲ့ဘက်စုံပြိုင်ပွဲ၊ စည်းချက်ညီညီရေကူးခြင်း၊ အဖွဲ့လိုက်လွန်ဆွဲခြင်း၊ 4x800 မီတာ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ 4x200 မီတာ ရေကူးခြင်းလက်ဆင့်ကမ်းပြိုင်ပွဲ၊ အဖွဲ့လိုက်လေးပစ်ပြိုင်ပွဲ၊ အဖွဲ့လိုက်လှေလှော်ပြိုင်ပွဲနှင့် စသည်ဖြင့်ပါဝင်သည်။
လူတိုင်းလုံးဝမကစားနိုင်သော ပြိုင်ပွဲတချို့ရှိပြီး ဘောလုံးပြိုင်ပွဲများကို သုံးခုအနက်မှ တစ်ခုသာ ကန့်သတ်ထားသည်။ သူ့အဖွဲ့ဝင်များ၏ ထင်မြင်ယူဆချက်များကို တောင်းခံပြီးနောက် ယွဲ့ရှင်းဝမ်သည် နောက်ဆုံးတွင် အဖွဲ့လိုက်ပြိုင်ပွဲလေးခုအတွက် စာရင်းသွင်းရန်ဆုံးဖြတ်ခဲ့သည်—
4x800 မီတာ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ ဘောလုံး၊ လှေလှော်နှင့် လွန်ဆွဲခြင်းတို့ဖြစ်သည်။
အဖွဲ့ဝင်များ၏ တစ်ဦးချင်းပြိုင်ပွဲများအတွက် လင်းမန့်လော်က ရေကူးခြင်းတွင် စာရင်းသွင်းခဲ့ပြီး လန်ယာရုန်က စားပွဲတင်တင်းနစ်နှင့် ကြက်တောင်ရိုက်ပြိုင်ပွဲများတွင် စာရင်းသွင်းခဲ့ကာ ချင်လုနှင့် ချင်မြောင်တို့ အမြွှာညီအစ်မများက နှစ်ယောက်တွဲစားပွဲတင်တင်းနစ်နှင့် နှစ်ယောက်တွဲတင်းနစ်ပြိုင်ပွဲများအပါအဝင် နှစ်ယောက်တွဲပြိုင်ပွဲလေးခုတွင် စာရင်းသွင်းခဲ့သည်။ ယောင်္ကျားလေးအများစုသည် ပြေးခုန်ပစ်ပြိုင်ပွဲများတွင် စာရင်းသွင်းခဲ့ကြပြီး ကျန်းဖျင်စစ်သည် နှစ်ယောက်တွဲကြက်တောင်ရိုက်ပြိုင်ပွဲတွင် ယွဲ့ရှင်းဝမ်နှင့်အတူ ပါဝင်ရုံသာမက လှံတံ၊ သံပြားနှင့် သံလုံးပစ်ပြိုင်ပွဲများကိုလည်း စာရင်းသွင်းခဲ့သည်။
ယွဲ့ရှင်းဝမ်၊ လျှိုကျောက်ချင်းနှင့် ရွှီယိရှန်းတို့သည် တစ်ဦးချင်း မာရသွန်အပြေးပြိုင်ပွဲအတွက် စာရင်းသွင်းခဲ့ကြသည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှုအားနည်းသော ကျောင်းသားနှစ်ဦးဖြစ်သည့် ကျန်းရှောင်နျန်နှင့် ခယ်ရှောင်ပင်းတို့သည် အရေအတွက်အနည်းဆုံးအဖြစ် ပြိုင်ပွဲများကို စာရင်းသွင်းခဲ့သည်။
ခယ်ရှောင်ပင်း: "ငါ့ရဲ့ရှောင်ထူက မြန်ပေမယ့် ရှောင်ထူက ငါ့နေရာကို အစားထိုးလို့မရတာကြောင့် ငါက ဖြည်းဖြည်းချင်းပဲ ပြေးလို့ရမှာ… ငါ့အတွက်ငါ ပျော်ရွှင်ဖို့မပါဝင်တော့ဘဲ မင်းတို့ကိုပဲ အားပေးတော့မယ်!"
ကျန်းရှောင်နျန်က ရှက်ရွံ့စွာပြောခဲ့သည်။
"ကျွန်တော်က အားကစားမှာ သိပ်မတော်ဘူး… အပြေးပြိုင်ပွဲမှာ မြေတူးစက်ပေါ်ထိုင်ပြီး ကျွန်တော်ပြေးလို့မရဘူးမလား? ကျွန်တော်လည်း အားလုံးအတွက် cheerleader လုပ်ပြီး အဖွဲ့လိုက်ပြိုင်ပွဲတွေအတွက် ကျွန်တော်အားပေးပါ့မယ်!"
လျှိုကျောက်ချင်းက စိတ်ရှုပ်ထွေးစွာဖြင့် မေးသည်။
"ဖျင်စစ်က ဘာလို့ အပစ်ပြိုင်ပွဲအားလုံးကို စာရင်းသွင်းထားရတာလဲ?"
ယွဲ့ရှင်းဝမ်က ရှင်းပြသည်။
"ဒါက ကျွန်တော့်အကြံပါ… သံလုံးပစ်နဲ့ သံပြားပစ်တို့လို အပစ်ပြိုင်ပွဲတွေက အဓိအားဖြင့် parabolic အားကစားတွေပဲ… ဖျင်စစ်က ဆင်းသက်အမှတ်ရဲ့ coordinate တွေကို တတ်နိုင်သမျှ မြန်မြန်တွက်ချက်နိုင်ပြီး ရလဒ်ကောင်းတွေရနိုင်တာကြောင့် တစ်ဦးချင်းပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆုကို ရယူနိုင်တယ်…"
တကယ်တော့ ကျန်းဖျင်စစ်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အလွန်သန်မာပြီး တာဝေးအပြေးနှင့် တာတိုအပြေးများတွင် သူပါဝင်နိုင်သော်လည်း တာဝေးနှင့် တာတိုအပြေးပြိုင်ပွဲများက ပြင်းထန်သောပြိုင်ဆိုင်မှုများရှိမည်ဖြစ်ပြီး ပထဝီဝင်ဌာနကဲ့သို့ BUG စွမ်းရည်များက အရှေ့ကိုချက်ချင်း တယ်လီပို့နိုင်တာကြောင့် ကျန်းဖျင်စစ်သည် အပြေးပြိုင်ပွဲများတွင် အားသာချက်သိပ်မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် ပစ်ခြင်းပြိုင်ပွဲများက အချိန်ကန့်သတ်ချက်မရှိဘဲ ပစ်မှတ်၏ဆင်းသက်သည့်နေရာပေါ်တွင်သာ မူတည်နေပြီး သင်္ချာဌာန၏ parabolic ဖော်မြူလာက ကြီးမားသော အားသာချက်တစ်ခုဖြစ်သည်။
ကျန်းဖျင်စစ်: "ငါ ရှင်းဝမ်ပြောတာ နားထောင်မယ်…"
ယွဲ့ရှင်းဝမ်က ပြုံးလိုက်သည်။
"ဘာပဲဖြစ်ဖြစ် အဖွဲ့ရဲ့ရွှေတံဆိပ်တွေကို နောက်ဆုံးမှာ မျှဝေလို့ရပါတယ်… ပြီးတော့ credit နဲ့ လဲလှယ်ဖို့ ရွှေတံဆိပ်တွေ ထပ်ရတာက အတော်လေး အားထုတ်ရသက်သာပါတယ်…"
ရွှီယိရှန်းက အပြုံးဖြင့်ပြောသည်။
"အားလုံး အားပေးကြရအောင်၊ 4x800 မီတာ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ ဘောလုံး၊ လွန်ဆွဲခြင်းနဲ့ လှေလှော်တို့မှာပဲ ငါတို့တွေ ဆုရနိုင်မယ်လို့ ထင်မိတယ်… အကောင်းဆုံးကြိုးစားကြ!"
အဖွဲ့လိုက်ပြိုင်ပွဲတွင် ဆုရနိုင်သည်ဖြစ်စေ၊ မရနိုင်သည်ဖြစ်စေ ကံကြမ္မာအပေါ်တွင်သာ မူတည်ပါသည်။ ထို့အပြင် သူတို့ 12 ယောက်အနက် လူထက်ဝက်လောက်က ဘောလုံးကစားနိုင်သည် ဒါမှမဟုတ် လှေလှော်နိုင်သည်။ လွန်ဆွဲပွဲများတွင် အလွန်မသန်မာသော ကျောင်းသားများစွာရှိသည်။
ယွဲ့ရှင်းဝမ်သည် ဘတ်စကက်ဘောအစား ဘောလုံးကို စာရင်းသွင်းရခြင်း၏ အကြောင်းရင်းမှာ ဘောလုံးသည် လူ 11 ယောက်ကို တစ်ပြိုင်နက် ကစားနိုင်သည့်အပြင် လူစားလဲကာ သူတို့၏အဖွဲ့ဝင်များအားလုံး ပါဝင်နိုင်သောကြောင့်ဖြစ်သည်။ တစ်ယောက်ယောက်က ဘောလုံးမကစားတတ်ရင်တောင် အားလုံးက အတူတူကစားကြမှာဖြစ်တာကြောင့် အနီးနားကို လျှောက်ကန်ရင်း ပျော်ပျော်ရွှင်ရွှင်ကစားလို့ရသည်။
ည 11 နာရီတွင် ခယ်ရှောင်ပင်းသည် သုတေသနအဖွဲ့၏ အဖွဲ့ဝင်အားလုံးအတွင် ပြိုင်ပွဲများစာရင်းသွင်းကို တက်ဘလက်ကွန်ပျူတာဖြင့် တင်သွင်းခဲ့သည်။
လူတိုင်း၏ သက်ဆိုင်ရာ ကွန်ပျူတာများမှ system အချက်အလက်များကို လျင်မြန်စွာ လက်ခံရရှိခဲ့သည်——
"ပထမအကြိမ် အားကစားပြိုင်ပွဲအတွက် C-183 သုတေသနအဖွဲ့က အောင်မြင်စွာ စာရင်းသွင်းထားပါပြီ… စာကြည့်တိုက်ရဲ့ကြေညာချက်ကို အာရုံစိုက်ပြီး ပြိုင်ပွဲမစတင်မီ သက်ဆိုင်ရာ check-in ကောင်တာကိုသွားပြီး ကိုယ့်ရဲ့အားကစားသမားနံပါတ်ကို မှတ်ထားပါ… ကျောင်းသားယွဲ့ရှင်းဝမ်ရဲ့ အားကစားသမားနံပါတ်က C-183-1၊ ကျန်းဖျင်စစ်က C-183-2၊ ခယ်ရှောင်ပင်းက C-183-3..."
အားကစားသမားအားလုံး၏ နံပါတ်များကို သုတေသနအဖွဲ့နာမည်၏နောက်တွင် နံပါတ်တစ်ခုဖြင့် ပေါင်းထည့်ထားသောကြောင့် မှတ်မိရန် အလွန်လွယ်ကူပါသည်။
အိပ်ဆောင်ထဲမှာ အင်တာနက်မဖြတ်ခင် ယွဲ့ရှင်းဝမ်က သုတေသနအဖွဲ့ chat channel ၌ နောက်ဆုံးတွင် စာပို့ခဲ့သည်။
"အားလုံး စောစောအိပ်ကြ၊ မနက်ဖြန်မနက် 7:30 မှာ မနက်စာစားကြမယ်… ဖျင်စစ်နဲ့ငါက လူတိုင်းအတွက် ကြိုပြီးရေဘူးကတ်ဝယ်ဖို့ စူပါမားကတ်ကို သွားလိုက်မယ်… အဲဒီအချိန်ကျရင် တစ်ယောက်စီ ရေဘူးအနည်းငယ်တော့ ယူသွားရမယ်…"
လျှိုကျောက်ချင်း: "ပြိုင်ပွဲအတွင်းမှာ ငါတိုအားလုံးက တညီတညွတ်တည်း လုပ်ဆောင်ကြမှာလား?"
ယွဲ့ရှင်းဝမ်: "မဟုတ်ဘူး၊ အားလုံးက ပြိုင်ပွဲတွေအများကြီးကို စာရင်းသွင်းထားကြတာ… အချိန်ကမတူဘူးဆိုရင် လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတယ်… အဖွဲ့လိုက်ပြိုင်ပွဲမစခင် သုတေသနအဖွဲ့ chat channel မှာ စာပို့လိုက်မယ်… အားလုံးက သုတေသနအဖွဲ့ chat channel ရဲ့ သတိပေးချက်ကို အချိန်မရွေး အာရုံစိုက်ကြပါ…"
နောက်နေ့မနက်မှာတော့ အားလုံးက မနက်စာစားရန် ကန်တင်းကိုရောက်လာပြီး ကျန်းဖျင်စစ်က ဝယ်လာသောရေဘူးတွေကို တစ်ယောက်နှစ်ဘူးစီ ခွဲပေးလိုက်သည်။ ထို့နောက်မှာတော့ စာကြည့်တိုက်ကြေညာချက်ကို သူတို့ကြားလိုက်ရသည်။
"ပထမဆုံး စာကြည့်တိုက်အားကစားပြိုင်ပွဲကို မနက် 8:00 မှာ စတင်ပါမယ်… ကျေးဇူးပြုပြီး တတ်နိုင်သမျှမြန်မြန် အနုတ် 6 ထပ်ရှိ အားကစားရုံမှာ သွားစုဝေးကြပါ…"
စာကြည့်တိုက်အဆောက်အဦးသည် ယခင်က အနုတ် 5 ထပ်အထိသာ ဖွင့်လှစ်ထားပြီး အနုတ် 6 ထပ်ကို ယနေ့၌သာ ဖွင့်လှစ်ခဲ့သည်။
အားကစားပြိုင်ပွဲအတွက် စာရင်းသွင်းရန် မလိုအပ်သောကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် စွမ်းရည်အားသာခြင်းမရှိသော ကျောင်းသားအများအပြားသည် ပြိုင်ပွဲအတွက် စာရင်းမသွင်းခဲ့ကြသော်လည်း အများစုမှာ စိတ်လှုပ်ရှားစွာကြည့်ရှုရန် အနုတ် 6 ထပ်ရှိ အားကစားရုံသို့ သွားရောက်ခဲ့ကြသည်။
ယွဲ့ရှင်းဝမ်သည် စာကြည့်တိုက်ကို ရောက်ကတည်းက သည်လိုခမ်းနားသော မြင်ကွင်းကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရတာလည်း ဖြစ်သည်။
လွတ်နေသော အားကစားရုံတွင် သပ်သပ်ရပ်ရပ် ထုပ်ပိုးထားသော ထိုင်ခုံများကို သပ်သပ်ရပ်ရပ် စီစဉ်ပေးထားသည်။ အားကစားရုံတစ်ခုလုံးကို A၊ B နှင့် C ဟူ၍ ပိုင်းခြားထားပြီး ထိုင်ခုံများတွင် သုတေသနအဖွဲ့၏ ထိုင်ခုံနံပါတ်များရှိသည်။
သူတို့၏နားထဲသို့ စက်အသံတစ်ခု ထွက်ပေါ်လာသည်။
"အားကစားသမားနံပါတ်အတိုင်း တတ်နိုင်သမျှ အမြန်ဆုံး ထိုင်ခုံနေရာယူပါ…"
ကျန်းဖျင်စစ်၏အကြည့်က လျင်မြန်စွာ လှည့်ပတ်ကြည့်လိုက်သည်။
"ဒီအားကစားရုံက လူ 40,000 လောက်ဆံ့နိုင်တယ်…"
ယွဲ့ရှင်းဝမ်က ပြန်ပြောသည်။
"ဒါက စူပါစတားဖျော်ဖြေပွဲနဲ့ ယှဉ်နိုင်လုနီးပါးပဲ… ထိုင်ခုံအရင်ရှာကြရအောင်…"
အားလုံးက C ဧရိယာသို့ C-183 အမှတ်အသားပြုထားသည့် ထိုင်ခုံကို ရှာတွေ့ကြပြီး သူတို့၏ အားကစားသမား နံပါတ်များအတိုင်း ထိုင်လိုက်ကြသည်။
C-182 သုတေသနအဖွဲ့မှ ကျောင်းသားများသည် ရှေ့ဆုံးတန်းတွင် ထိုင်ကြသည်။ သူတို့က ယွဲ့ရှင်းဝမ်ကို စိုက်ကြည့်ကာ တိုးတိုးလေးပြောနေကြ၏။ ခဏအကြာတွင် သတ္တိရှိသောမိန်းကလေးက ခေါင်းကိုလှည့်ကာ မေးလိုက်သည်။
"ရှင်က C-183 သုတေသနအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ယွဲ့ရှင်းဝမ်လားဟင်?"
ယွဲ့ရှင်းဝမ်က ယဉ်ယဉ်ကျေးကျေး ပြုံးပြပြီး ပြန်ဖြေသည်။
"ဟုတ်ပါတယ်…"
မိန်းကလေး၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာပြီး ပြောသည်။
"ကျွန်မတို့က ဗိသုကာဌာနရဲ့ သင်တန်းကိုပြီးသွားပြီ၊ ရှင့်ရဲ့နည်းဗျူဟာအတွက် ကျေးဇူးတင်ပါတယ်… အဲဒါက အရမ်းအကူအညီဖြစ်တယ်!"
အနောက်တန်းရှိ ကျောင်းသားတချို့ကလည်း နှုတ်ဆက်ရန် အစပြုခဲ့ကြသည်။
"စီနီယာအစ်ကိုကျန်းဖျင်စစ်ရဲ့ ဝင်္ကပါနည်းဗျူဟာအရ ကျွန်မတို့ ‘အဆုံးမရှိလှေကားများ’သင်တန်းကနေ ထွက်လာနိုင်ခဲ့တယ်…"
ကျန်းဖျင်စစ်က တည်ငြိမ်စွာ ခေါင်းငြိမ့်လိုက်သည်။
သူတို့သည် ဖိုရမ်တွင် နည်းဗျူဟာများ မကြာခဏတင်ကြသောကြောင့် စာကြည့်တိုက်တွင် “ဆယ်လီများ”ဖြစ်လာကြပြီး အခြားသူများက ချဉ်းကပ်ခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။
ကျန်းဖျင်စစ်သည် အခြားသူများ သူ့အပေါ် မည်သို့ထင်မြင်သည်ကို ဂရုမစိုက်ဘဲ အခြားအဖွဲ့များမှ ကျောင်းသားများက သူ့ကို နှုတ်ဆက်ရန် အစပြုသည့်အချက်ကို အေးစက်စက်ကာ တုံ့ပြန်ခဲ့သည်။ မရင်းနှီးသောလူများက သူ့ကို မာနကြီးနေသည်ဟု ထင်နိုင်ကြသော်လည်း သူ့ကိုရင်းနှီးသူများသာ သူသည် လူအများကို အမြဲတမ်းဂရုမစိုက်ကြောင်း သိကြပြီး ယွဲ့ရှင်းဝမ်နှင့် အတူရှိသောအခါမှသာ သူ၏အမူအရာမှာ နူးညံ့သိမ်မွေ့လာမည်ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် ယွဲ့ရှင်းဝမ်သည် လိုက်လျောညီထွေရှိသော စရိုက်လက္ခဏာရှိပြီး ရှေ့နှင့်နောက်တန်းရှိ အတန်းဖော်များနှင့် စကားအနည်းငယ်ပြောပြီး ပြုံးပြပြီး ကျန်းဖျင်စစ်၏ အေးစက်စက်တုံ့ပြန်မှုမှ အရှက်ကိုသက်သာစေကာ တစ်ဖက်ကိုခေါင်းလှည့်ကာ အလယ်ရှိကစားကွင်းကြီးကို အာရုံစိုက်လိုက်သည်။
သူက ကျန်းဖျင်စစ်၏နားနားသို့ ကပ်ကာ တိုးတိုးပြောလိုက်သည်။
"ဒီနေ့ လူတွေအရမ်းများတာပဲ… ငါတို့ကျောင်းရဲ့ အားကစားပြိုင်ပွဲထက်တောင် ပိုကြီးတယ်…"
ကျန်းဖျင်စစ်: "အင်း၊ ဘာပြဿနာမှမဖြစ်ဖို့ ငါမျှော်လင့်တယ်…"
မနက် 8:00 နာရီတွင် အားကစားရုံအတွင်း စက်အသံတစ်ခု ထွက်ပေါ်လာသည်။
"ပထမအကြိမ် စာကြည့်တိုက်အားကစားပြိုင်ပွဲ တရားဝင် စတင်ပါပြီ!"
"March of Athletes" ၏ အကျွမ်းတဝင်ရှိသော နောက်ခံတေးဂီတဖြင့် တွဲလျက် စာကြည့်တိုက်သည် ခံစားချက်မဲ့ စက်ရုပ်အသံဖြင့် စာကြောင်းများကို ရွတ်ဆိုခဲ့သည်။
"ဒါက စောင့်မျှော်ခဲ့ရတဲ့ ပြိုင်ပွဲပါ၊ ငယ်ရွယ်ပြီး အားမာန်အပြည့်ရှိတဲ့ ကျောင်းသားတွေက စိတ်အားထက်သန်မှု အပြည့်ရှိမှာပါ… စိတ်အားထက်သန်မှုနဲ့ ယှဉ်ပြိုင်လိုခြင်းစိတ်ဓာတ်ဖြင့် လူတိုင်း ပြန်သုံးသပ်ရမယ့် အဖြစ်အပျက်တစ်ခုပါ! ပထမဆုံးပေါ်လာမှာကတော့ ကွန်ပျူတာဌာနရဲ့ ဉာဏ်ရည်မြင့်စက်ရုပ်အစုအဝေးဖြစ်ပါတယ်…"
မရေမတွက်နိုင်သော အဖြူရောင် စက်ရုပ်များသည် စတုရန်းပုံသဏ္ဌာန်ဖြင့် တန်းစီပြီး ဘီးများဖြင့် အချိန်အတော်ကြာ လှည့်ပတ်နေကာ စက်ရုပ်များ၏နဖူးပေါ်တွင် မီးရောင်များ ထွန်းလင်းပြီး တညီတညွတ်တည်း သီချင်းဆိုကြသည်။
"ကျားနှစ်ကောင်၊ ကျားနှစ်ကောင်၊ မြန်မြန်ပြေး၊ မြန်မြန်ပြေး…"
ကွင်းထဲရှိ ကျောင်းသားများ: "…"
စာကြည့်တိုက်၊ မင်းတော်လောက်ပြီ၊ ဒီဖွင့်ပွဲ အခမ်းအနားက ဟာသမဟုတ်ဘူးလား?
"နောက်ထပ်ကတော့ ပိုလီတက်ခနစ်ဌာနရဲ့ အုပ်စုက ငါတို့ရှေ့ကိုရောက်လာပါပြီ… သူတို့က ရဲရင့်စွာနဲ့ ရှေ့ကိုဆက်နေပါတယ်! သူတို့လက်ထဲက လျှပ်စစ်ဟာ လူတွေကို အပြုံးဖြင့် မီးခိုးဖြစ်သွားအောင် ပြုလုပ်နိုင်ပါတယ်!"
[TK: ပိုလီတက်ခနစ်ဌာန(Polytechnic Department)မှာ အင်ဂျင်နီယာ၊ နည်းပညာ၊ အသုံးချသိပ္ပံနဲ့ သဘာဝသိပ္ပံတို့ပါဝင်ပါတယ်။]
9 တန်း x 9 တိုင်ပါသော စတုရန်းပုံသဏ္ဌာန်က နေရာတွင်ပေါ်လာသည်။ ထူးဆန်းသော ကျောင်းဝတ်စုံများ ဝတ်ဆင်ထားသော စက်ရုပ်များသည် သပ်ရပ်စွာ တန်းစီထားကြသည်။ သူတို့ အားကစားကွင်းကို ဖြတ်သွားစဉ် လျှပ်စစ်စီးကြောင်းသည် ဗို့အားမြင့် ဓာတ်အားလိုင်းကြီးတစ်ခု တိုက်ရိုက်ဖြစ်ပေါ်လာပြီး မြက်ခင်းကို မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ပရိသတ်များ: "…"
စကားပြောရင်း ရယ်မောရင်း ပျံ့ကျဲနေတဲ့ပြာတွေနဲ့ ပျံ့နံ့သွားတဲ့မီးခိုးတွေရဲ့ မူရင်းအဓိပ္ပါယ်က ဒါလား?
"ငယ်ရွယ်တဲ့ကျောင်းသားတစ်ယောက်လိုပဲ ဘဝရဲ့အရွယ်ကောင်းပဲ! ဓာတုဗေဒဌာနရဲ့ ကျောင်းသားတွေက ငါတို့ရှေ့ကို ရဲရင့်တဲ့ပုံစံနဲ့ လျှောက်လာနေပါတယ်… ပေါင်းခံပုလင်းတွေကို သယ်ရင်း၊ အရက်မီးခွက်တွေကို ကိုင်ဆောင်ပြီး လက်တွေ့စမ်းသပ်မှုတွေလုပ်ဖို့ ကြိုးစားနေကြပါတယ်… အားကစားပြိုင်ပွဲမှာ သူတို့ရဲ့ ကိုယ်ပိုင်ပုံစံကို ပြသပါလိမ့်မယ်…"
ရှင်းယန်က အေးစက်စက်ပြောသည်။
"စာကြည့်တိုက်က ပိတ်ထားလို့မရဘူးလား?"
ယွဲ့ရှင်းဝမ်က သူ့ခေါင်းကို အကူအညီမဲ့စွာ ခါယမ်းလိုက်သည်။
"ဒီထူးဆန်းတဲ့အတန်းတွေက အေးစက်စက်အသံနဲ့ ရွတ်ဆိုနေကြပြီး အဲဒါက အရမ်းကိုကိုးရိုးကားရားနိုင်တာပဲ…"
လျှိုကျောက်ချင်းက မနေနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"အတန်းတွေက ဘယ်ကလာမှန်းမသိဘူး… အဲဒါကိုလုပ်ရတာ တကယ်ခက်တယ်… အဲဒါက ငါတို့ကို မမေ့နိုင်တဲ့ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတစ်ခုပေးဖို့ ကြိုးစားနေတာပဲ… ဒါပေမယ့် ကံမကောင်းတာက အကျိုးသက်ရောက်မှုက ဆန့်ကျင်ဘက်ဖြစ်နေပြီး အဲဒီစက်ရုပ်အုပ်စုက ပိုပိုပြီးထူးဆန်းလာတယ်…"
စက်ရုပ်အဖွဲ့သည် သူတို့၏ခေါင်းပေါ်တွင် ပေါင်းခံပုလင်းများးသယ်ဆောင်ကာ သူတို့နှင့်အတူ ပျံဝဲနေသော အရက်မီးခွက်များပါရှိသောကြောင့် ‘မှော်သိပ္ပံစိတ်ကူးယဉ်’အသွင်အပြင်သက်ရောက်မှုသည် ပရိသတ်များကို စက္ကန့်အတော်ကြာ တုန်လှုပ်စေခဲ့ပြီး အသံတောင်မကြားရတော့ပေ။
သို့သော်လည်း စာကြည့်တိုက်က အေးစက်စွာပြောနေဆဲဖြစ်သည်။
"သင်္ချာဌာနမှ ကျောင်းသားတွေက နွေးထွေးစွာ လက်ခုပ်တီးပြီး ကြိုဆိုကြပါစို့! သင်္ချာဌာနမှ ကျောင်းသားတွေက သပ်ရပ်စွာ တန်းစီပြီး သူတို့လက်ထဲမှာ တြိဂံပေတံတွေကို ကိုင်ဆောင်ရင်း ငါတို့ရှေ့ကို စိတ်အားထက်သန်စွာ လျှောက်လာပါတယ်!"
ကျန်းဖျင်စစ်: "..."
သူတို့သည် ထိုမြင်ကွင်းကို မကြည့်နိုင်တော့ပါ။
တရုတ်ဘာသာစကားဌာနအလှည့်ရောက်သောအခါ စက်ရုပ်များအားလုံး၏ လက်ထဲတွင် အဘိဓာန်ထူထူများကိုင်ဆောင်ကာ စာအုပ်များကိုဖွင့်ပြီး လမ်းလျှောက်ရင်း တစ်ပြိုင်နက်တည်း စာဖတ်ကြသည်။
"အားကစားကို ဖွံ့ဖြိုးတိုးတက်အောင် ကျောင်းသားတွေရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု မြင့်တင်ဖို့ လေ့ကျင့်ခန်းလုပ်ရင်း စာကြည့်တိုက်ကို ကာကွယ်ပါ!"
ယွဲ့ရှင်းဝမ်: "..."
စာကြည့်တိုက်သာ သက်ရှိထင်ရှားရှိသောအရာဖြစ်လျှင် ယခုအချိန်မှာ ပရိသတ်အားလုံးက ၎င်းကို ရှာဖွေပြီး ရိုက်နှက်ချင်ကြမည်ဟု ခန့်မှန်းရသည်။
စာကြည့်တိုက်ကို ကာကွယ်ရမှာလား?
အားလုံးအလိုချင်ဆုံးအရာက မင်းတို့စာကြည့်တိုက်ကို ဖြိုခွဲဖို့ပဲ!
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ပေါ်လာသောအခါ လမ်းလျှောက်ရင်း အားကစားကွင်းထဲ၌ သစ်ပင်စိုက်ကြသည်။ ဥပဒေဌာန ပေါ်လာသောအခါ အကျဉ်းထောင်များ တန်းစီးနေရာချထားသည်။ ပထဝီဝင်ဌာန ပေါ်လာသောအခါ အဆုံးထိ တစ်ဟုန်ထိုး တယ်လီပို့သွားကြသည်။
ဆေးပညာဌာနကတော့ စုပေါင်းအဖြူရောင်ကုတ်အင်္ကျီများဖြင့် အတော်လေးသာမန်ကျပေမယ့် သမိုင်းဌာနကတော့ စက်ရုပ်တွေကို တရုတ်ရှေးဝတ်စုံများ ဝတ်ခိုင်းထားသည်။
တိရစ္ဆာန်မွေးမြူရေးဌာနမှ အဓိကကျသော နွားသိုးများကို အားကစားကွင်းထဲသို့ ဦးဆောင်ခေါ်လာကာ ပရိသတ်များက မေးခွန်းထုတ်စရာများဖြင့် ပြည့်နှက်နေခဲ့သည်။
စီးပွားရေးဌာနက လမ်းလျှောက်ရင်း ရွှေဒင်္ဂါးပြားတွေကို လူတွေ မျက်စိကွယ်လုမတတ် ဝိုင်းပစ်ကြပေမယ့် စိတ်ပျက်စရာကောင်းတာက သည်ရွှေဒင်္ဂါးတွေကို စာကြည့်တိုက်မှာ လုံးဝ အသုံးပြုလို့မရဘဲ စာကြည့်တိုက်က ပစ္စည်းတွေကိုဝယ်ဖို့ အမှတ်တွေကိုပဲ သုံးနိုင်သည်။
‘ထူးထူးဆန်းဆန်းဖွင့်ပွဲအခမ်းအနား‘ အပြီးတွင် စက်အသံက နောက်ဆုံးတွင် ထွက်ပေါ်လာသည်။
"ပထမဆုံး စာကြည့်တိုက်အားကစားပြိုင်ပွဲကို တရားဝင်ဖွင့်လစ်ကြောင်း ကြေညာလိုက်ပါပြီ! ဒီနေ့မနက်မှာ အပြေးပြိုင်ပွဲတွေအားလုံးကို စတင်မှာဖြစ်ပြီး အပြေးပြိုင်ပွဲအတွက် စာရင်းသွင်းထားတယ်ဆိုရင် ကိုယ့်ထိုင်ခုံရှေ့က တက်ဘလက်ပေါ်မှာ လက်မှတ်ရေးထိုးနိုင်ပြီး စာရင်းမသွင်းတဲ့သူတွေက ကစားပွဲကိုကြည့်ဖို့ အားကစားကွင်းဆီ သွားနိုင်ပါတယ်…"
ယွဲ့ရှင်းဝမ်က သူ့အဖွဲ့ဝင်များကို အသံတိုးတိုးဖြင့် သတိပေးသည်။
"အပြေးပြိုင်ပွဲအတွက် စာရင်းသွင်းထားတဲ့သူတိုင်း လက်မှတ်ရေးထိုးရမယ်… ငါတို့ကို အပြေးပြိုင်ပွဲကွင်းဆီ ဆွဲခေါ်သွားလိမ့်မယ်လို့ ငါထင်မိတယ်…"
သူထင်တာမှန်၏။
နှစ်ရက်အတွင်း ပြိုင်ပွဲများစွာကို ပြီးမြောက်ရန် မဖြစ်နိုင်သောကြောင့် စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် အားကစားပြိုင်ပွဲကိုလည်း "သင်တန်းစာမေးပွဲ" အသွင်ဆောင်ကာ အပြေးပြိုင်ပွဲများကို "သင်တန်း" အဖြစ် နေရာအခွဲသို့ ဆွဲခေါ်သွားကာ အချိန်ကိုလွတ်လပ်စွာ တွက်ချက်နိုင်သည်။
ဤနည်းအားဖြင့် အပြေးပြိုင်ပွဲများက နှစ်ရက်ကြာဖြစ်လျှင်ပင် စာကြည့်တိုက်ရှိ အချိန်က 2 နာရီသာရှိလိမ့်မည်။
လက်မှတ်ထိုးဝင်ပြီးနောက် လူတိုင်းသည် ကျယ်ပြောလှသော ကစားကွင်းသို့ ရောက်လာကြသည်။
ကစားကွင်း၏အဝင်ဝတွင် မတူညီသောပြိုင်ပွဲများအတွက် လက်မှတ်ရေးထိုးမည့်ဧရိယာဖြစ်ပြီး ၎င်းပတ်ပတ်လည်တွင် စက်ဝိုင်းပုံစံထိုင်ခုံတန်းများရှိနေသေးသည်။
သူတို့နားထဲတွင် ကြေညာချက်တစ်ခု ထွက်ပေါ်လာသည်။
"ပထမပြိုင်ပွဲ၊ မီတာ 400 အပြေးပြိုင်ပွဲ… မီတာ 400 အပြေးပြိုင်ပွဲအတွက် စာရင်းသွင်းထားတဲ့ ကျောင်းသားတွေက စစ်ဆေးရေးအမှတ် 1 မှာ လက်မှတ်ရေးထိုးပြီး အုပ်စုနံပါတ်ကို လက်ခံရယူပါ…"
အပြေးပြိုင်ပွဲအတွက် စာရင်းသွင်းထားသည့် ကျောင်းသား အများအပြား ရှိခဲ့ပြီး ထောင်နှင့်ချီသော လူများသည် မျက်စိတစ်မှိတ်အတွင်း လက်မှတ်ရေးထိုးမည့်ကောင်တာတွင် စုရုံးခဲ့ကြငည်။ သူတို့၏သုတေသနအဖွဲ့တွင် ရွှီယိရှန်းတစ်ယောက်တည်းကသာ အပြေးပြိုင်ပွဲအတွက် စာရင်းသွင်းခဲ့သည်။ သူက လက်မှတ်ထိုးရန် မတ်တက်ရပ်လိုက်တာကိုမြင်တော့ ယွဲ့ရှင်းဝမ်က ပြုံးကာ သူ့လက်ကိုဆန့်တန်းလိုက်သည်။
"ကြိုးစားထားနော် စီနီယာအစ်ကို!"
ရွှီယိရှန်းက လက်ဝါးချင်းရိုက်လိုက်ပြီး ပြောသည်။
"ငါ့ကိုကြည့်ထားနော်!"
စီနီယာအစ်ကိုရွှီယိရှန်း ထွက်သွားပြီးနောက် လင်းမန့်လော်က ရုတ်တရက် မေးလာသည်။
"ရှောင်လု၊ နင် ဘာလို့ အပြေးပြိုင်ပွဲအတွက် စာရင်းမသွင်းရတာလဲ? ပထဝီဝင်ဌာနရဲ့ ကျောက်ထုလွှာလှုပ်ရှားမှုနဲ့ဆိုရင် နေရာပြောင်းပြီး ပန်းတိုင်ကို ချက်ချင်း ရောက်နိုင်တယ် မဟုတ်ဘူးလား?"
ချင်လု: "ကျွန်မရဲ့ ပထဝီဝင်ဌာနက စွမ်းရည်ကို တစ်နေ့ 12 ကြိမ်ပဲ အသုံးပြုနိုင်ပြီး အဖွဲ့လိုက်ပြိုင်ပွဲတွေအတွက် ချန်ထားချင်လို့ပါ… ဒါ့အပြင် ပထဝီဝင်ဌာနက ပန်းတိုင်ကို ချက်ချင်း ရောက်နိုင်မှာ မဟုတ်လောက်ဘူး… အားလုံးက ပထဝီဝင်ဌာနရဲ့ ကျောင်းသားတွေကို ထိန်းချုပ်ခြင်းစွမ်းရည်တွေနဲ့ ပစ်မှတ်ထားလိမ့်မယ်လို့ ကျွန်မထင်မိတယ်…"
လန်ယာရုန်က ထောက်ခံသည်။
"ဒါက အဓိပ္ပါယ်ရှိတယ်… ငါ့ရဲ့အုပ်စုထဲမှာ ပထဝီဝင်ဌာနက ကျောင်းသားပါနေရင် အဲဒီလူကို ငါအရင်ဆုံး ထောင်ချလိမ့်မယ်… ပထဝီဝင်ဌာနမှာ အသန်မာဆုံး နေရာရွှေ့ပြောင်းခြင်း စွမ်းရည်ရှိတယ်ဆိုတာ လူတိုင်းသိပြီး ပြိုင်ပွဲမှာ သူတို့က အလွယ်တကူ အတိုက်ခံရလိမ့်မယ်… နောက်ဆုံးအထိ ချန်ပီယံဆုရဖို့က အရမ်းခက်ခဲတယ်…"
ဥပဒေဌာနက အကျဉ်းထောင်တစ်ခုသည် လူများကို အနည်းဆုံး 3 မိနစ်ကြာအောင် ထိန်းသိမ်းထားနိုင်ပြီး မီတာ 400 အပြေးပြိုင်ပွဲက စောစီးစွာ အဆုံးသတ်သွားမည်။
အပြေးပြိုင်ပွဲများထဲရှိ ကျောင်းသားများတွင် ထိန်းချုပ်ခြင်းစွမ်းရည်ရှိပါက ချင်လုသည် ၎င်းကို အမှန်တကယ် အသုံးချနိုင်မည်မဟုတ်ပေ။ သူတို့အမြွှာညီအစ်မနှစ်ယောက်သည် နှစ်ယောက်တွဲပြိုင်ပွဲများကို စာရင်းသွင်းခဲ့ကြပြီး တစ်ဦးချင်းပြိုင်ပွဲများကို လက်လျှော့ကာ အဖွဲ့လိုက်ပြိုင်ပွဲများအတွက် စွမ်းရည်များကို ချန်ထားတာက ပို၍သင့်လျော်သည်။
စာကြည့်တိုက်: "မီတာ 400 အုပ်စုဖွဲ့ခြင်း ပြီးသွားပါပြီ… ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို ထုတ်ပြန်ကြေညာပါမယ်… အပြေးပြိုင်ပွဲက နာရီလက်တံပြောင်းပြန်အတိုင်း သွားမှာဖြစ်ပြီး စွမ်းရည်တွေကို ပြိုင်ပွဲအတွင်း အသုံးပြုနိုင်ပါတယ်… ဘယ်လိုနည်းလမ်းနဲ့မဆို စမှတ်ကနေဆုံးမှတ်အထိ ကြာမြင့်ချိန်က နောက်ဆုံးစာမေးပွဲရလဒ်ဖြစ်ပါတယ်… အုပ်စု 1 စတင်ဖို့ အသင့်ပြင်ပါ!"
ဤအားကစားကွင်းသည် ပုံမှန်အားကစားကွင်းနှင့် အတူတူပင်ဖြစ်သည်။ ကွင်းတစ်ပတ်၏ အရှည်မှာ မီတာ 400 ဖြစ်ပြီး လမ်းကြောင်း 10 ခုပါဝင်ကာ လူ 10 ဦးက အဖွဲ့လိုက် ယှဉ်ပြိုင်မည်ဖြစ်သည်။
ယွဲ့ရှင်းဝမ်သည် စိတ်လှုပ်ရှားစွာ မတ်မတ်ထိုင်ပြီး ကွင်းအလယ်သို့ လှမ်းကြည့်လိုက်သည်။
ဤ‘ပျော်စရာအားကစားပြိုင်ပွဲ’တွင် ပါဝင်သည့် မတူညီသောဘာသာရပ်အသီးသီးမှ အားကစားသမားများသည် မည်သည့်နည်းဗျူဟာများကို အသုံးပြုမည်ကို သူအလွန်သိချင်မိ၏။
#TK