Chapter 85
Viewers 22k

Volume 5 : ဇီဝသိပ္ပံဌာန


Chapter 85 (မျိုးရိုးဗီဇသန္ဓေပြောင်းလဲခြင်း ၀၃)


ယွဲ့ရှင်းဝမ်သည် ပရော်ဖက်ဆာထန်က ထိုကဲ့သို့ အရေးကြီးသော ချစ်ပ်ပြားကို တိုက်ရိုက် လွှဲပြောင်းပေးမည်ဟု မယုံကြည်ခဲ့သော်လည်း သန္ဓေပြောင်းများစွာက သူတို့နောက်တွင် ရှိနေကာ ခြေလှမ်းများ နီးကပ်လာခဲ့သည်။ ချစ်ပ်ပြားက အစစ်အမှန်ဖြစ်ဆိုတာကို စစ်ဆေးရန် သူ့မှာ အချိန်မရှိပေ—— သုတေသနအဆောက်အဦးကနေ ထွက်သွားရန်က ဦးစားပေးတစ်ခုဖြစ်သည်။


သူတို့သည် အပိုမေးခွန်းကို အမှားဖြေမိလျှင်တောင် ‌စာမေးပွဲအောင်နိုင်သေးတာမို့ ယွဲ့ရှင်းဝမ်က ချက်ချင်း ဆုံးဖြတ်ချက်ချကာ ချင်လုကို ကြည့်ပြီး ပြောလိုက်သည်။

"သွားတော့!"


ချင်လုသည် ကမ္ဘာလုံးကို ထုတ်ယူပြီး လျှင်မြန်စွာ နှစ်ကြိမ်တို့လိုက်သည်။ လူတိုင်းသည် ကျောက်ထုလွှာလှုပ်ရှားမှုဖြင့် နေရာပြောင်းသွားပြီး လူ 12 ယောက်သည် ပစ်မှတ်နှင့်အတူ မီတာဒါဇင်နှင့်ချီဝေးသော အရပ်သို့ တယ်လီပို့ခံလိုက်ရသည်။


လင်းမန့်လော်က လမ်းညွှန်ဆိုင်းဘုတ်ကို မြင်ခဲ့ပြီးဖြစ်ကာ အရှေ့ဘက်သို့သွားသောလမ်းက သုတေသနအဆောက်အဦး၏ ဂိတ်ပေါက်ဖြစ်သည်။


သို့သော်လည်း လူတိုင်းက ထောင့်တစ်ဝိုက်ကို လျှောက်သွားလိုက်သည်နှင့် သူတို့ရှေ့တွင် အိပ်ဆောင်ထဲမှ သန္ဓေပြောင်းအများအပြား ပေါ်လာတာကို တွေ့လိုက်ရသည်။ သူတို့လက်ထဲမှာ သေနတ်တွေကိုင်ထားပြီး ပြတင်းပေါက်ကနေ ခေါင်းထွက်ကာ လူတိုင်းကို ပစ်ခတ်ကြသည်။


သေနတ်သံကြောင့် လူတိုင်း လန့်ဖျပ်သွား၏။ ကျန်းရှောင်နျန်သည် ကျည်ဆန်များကို တားဆီးရန် နံရံကို မသိစိတ်က စိုက်ထူလိုက်သည်။ ချင်မြောင်လည်း သူမညာဘက်လက်ကို ‌အမြန်မြှောက်လိုက်ပြီး ပြောလိုက်သည်။

"စစ်တပ်အာဏာကို ဖြတ်ချဖို့ ဝိုင်ခွက်တွေကိုသုံးမယ်!"


ပြတင်းပေါက်ကနေ မရေမတွက်နိုင်သော သေနတ်များ ပြုတ်ကျပြီး အကြီးစား လက်နက်ဖြုတ်သိမ်းမှုမှာ အမှန်တကယ် အစွမ်းထက်သည်။


သေနတ်သံများ ရပ်တန့်သွားပြီး ယွဲ့ရှင်းဝမ်က အလျင်အမြန် ပြောလိုက်သည်။

"မြန်မြန်လုပ်ကြ!"

 

ချင်လုသည် မျက်နှာဖြူဖျော့စွာ ကမ္ဘာလုံးကို ထိန်းချုပ်ပြီး တစ်ခါတည်း အကြိမ်ပေါင်းများစွာ တယ်လီပို့ကာ နောက်ဆုံးတွင် ကျောက်ထုလွှာလှုပ်ရှားမှုစွမ်းရည်များ ကုန်ဆုံးတော့မည့်အချိန်မှ သုတေသနအဆောက်အဦး၏ တံခါးဆီသို့ ရောက်လာခဲ့သည်။


သို့သော် တံခါးကို အနက်ရောင်ဝတ်စုံနဲ့ လူတစ်စုက ပိတ်ဆို့ထားသည်။ 


သူတို့က အနက်ရောင်ဒိုင်းကာများကို သူတို့အားလုံး၏ရှေ့တွင် စိုက်ထူထားပြီး ကျန်တစ်ဖက်မှာ ကောင်းစွာလေ့ကျင့်ထားသော အထူးစစ်ဆင်ရေးတပ်ဖွဲ့တစ်ခုကဲ့သို့ သေနတ်များကို သပ်ရပ်စွာ ကိုင်ဆောင်ထားသည်။


ယွဲ့ရှင်းဝမ်နှင့် သူ့အဖွဲ့ပေါ်လာသည့်အခိုက်တွင် အနက်ရောင်လူတစ်စု၏လက်ထဲမှ သေနတ်များကို တညီတညွတ်တည်း မြှောက်လိုက်ကြသည်။


ယွဲ့ရှင်းဝမ်က ရုတ်တရက်ရပ်လိုက်သည်...


အနက်ရောက်သေနတ်ဖြင့် သူတို့ဦးခေါင်းတွေကို တိုက်ရိုက် ချိန်ထားခြင်းခံရသည်မှာ သူတို့ဘဝတွင် ပထမဆုံးအကြိမ်ဖြစ်သည်။


သူတို့သည် စွမ်းရည်အမျိုးမျိုးကို သင်ယူခဲ့ကြသော်လည်း မရေမတွက်နိုင်သော အနက်ရောင်သေနတ်များဖြင့် ရင်ဆိုင်ရာတွင် မည်သူမျှ သတိလက်လွတ်မလုပ်ရဲကြပေ။ တစ်ဖက်၏ သေနတ်ပစ်ခတ်မှုအမြန်နှုန်းသည် သူတို့ထက် 0.01 စက္ကန့် ပိုမြန်သ၍ သူတို့က သေဆုံးသွားမည်ဖြစ်သည်။


ကျည်ဆန် ခန္ဓာကိုယ်ထဲဝင်သွားတာ ဟာသမဟုတ်သလို စီနီယာအစ်ကိုလျှိုလည်း ကယ်တင်နိုင်မှာမဟုတ်ပေ။


"မလှုပ်နဲ့…" 

နေကာမျက်မှန်တပ်ထားသော အလယ်မှာရပ်နေသည့် အမျိုးသမီးက အေးစက်စွာပြောသည်။

"ပရော်ဖက်ဆာထန်နဲ့ အချက်အလက်ကို ထားခဲ့လိုက်… ငါ နင်တို့ရဲ့အသက်ကို ချမ်းသာပေးလို့ရတယ်…"


"..." 

‌သန္ဓေပြောင်းတွေ၏ပစ်မှတ်က တကယ်တော့ အချက်အလက်ပဲဖြစ်သည်။


ယွဲ့ရှင်းဝမ်၏စိတ်သည် လျင်မြန်စွာ လှည့်ပတ်နေပြီး တန်ပြန်တုံ့ပြန်ရန်အကြောင်းကို တွေးနေသည်။


သန္ဓေပြောင်းများ၏ ပြုမူပုံကို အကဲဖြတ်၍ သူတို့ရှာတွေ့ခဲ့သော ပရော်ဖက်ဆာထန်က သည်တစ်ကြိမ်မှာ အစစ်ဖြစ်နိုင်သည်။


ပထမအချက်၊ သန္ဓေပြောင်းများသည် အချက်အလက်များကိုသာ သိသော်လည်း အချက်အလက်များသည် ချစ်ပ်ပြားထဲတွင် ထည့်ထားကြောင်း မသိပေ။ ပရော်ဖက်ဆာထန်သည် ချစ်ပ်ပြားကို ယွဲ့ရှင်းဝမ်ထံ တိုက်ရိုက်ပေးအပ်သည်။ ချစ်ပ်ပြားက မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အနည်းဆုံးတော့ ချစ်ပ်ပြား၏တည်ရှိမှုကို သူသိသည်။ ထို့နောက် သူက ပရော်ဖက်ဆာထန် ဖြစ်နိုင်ခြေမြင့်မားလှသည်။


ဒုတိယအချက်မှာ သန္ဓေပြောင်းများသည် ပရော်ဖက်ဆာထန်လို ဟန်ဆောင်ပြီး ခေါင်မိုးပေါ်က သေတ္တာထဲတွင် ပုန်းနေရန် မလိုအပ်ပေ။ အချိန်ရှိတုန်း ဓာတ်ခွဲခန်းအဆောက်အဦးကို ရှာဖွေပြီး လူအစစ်ကို ရှာဖွေလိမ့်မည်။


ထို့ကြောင့် ခေါင်မိုးပေါ်တွင် ပုန်းနေပြီး ‘ချစ်ပ်ပြား’ဟု တိကျစွာပြောနိုင်သော လူသည် သူတို့ပို့ဆောင်ပေးရမည့် ပစ်မှတ်ဖြစ်သည်။


ယွဲ့ရှင်းဝမ်က ပရော်ဖက်ဆာထန်ကို ကြည့်ရန် ခေါင်းကိုလှည့်လိုက်ပြီး ထိုအချိန်မှာ ပရော်ဖက်ဆာထန်က ရွှေရောင်မျက်မှန်ကို ပင့်တင်ကာ ယွဲ့ရှင်းဝမ်ကို နွေးထွေးစွာ ပြောသည်။

"ပရော်ဖက်ဆာထန်၊ ငါတောင်းပန်ပါတယ်… မင်း သူတို့ကို အချက်အလက်ပေးလိုက်ပါလား? မဟုတ်ရင် ငါတို့ အပြင်ထွက်လို့ရမှာမဟုတ်ဘူး…"


လူတိုင်း: "..."


သူ့နာမည်က ပရော်ဖက်ဆာထန်ရှင်းဝမ်လား?!


ဤ NPC သည် ချောက်တွန်းရာတွင် တကယ်တော်သည်။ သူသည် ယွဲ့ရှင်းဝမ်အား ချစ်ပ်ပြားကို ပေးကာ ယွဲ့ရှင်းဝမ်ကို လူအများရှေ့တွင် ‘ပရော်ဖက်ဆာထန်’ဟုခေါ်ရန် အစပြုလိုက်ပြီး သန္ဓေပြောင်းများက ယွဲ့ရှင်းဝမ်ကို ပရော်ဖက်ဆာထန်ဟု ထင်မြင်လာကြလိမ့်မည်။


သူက ယွဲ့ရှင်းဝမ်ကို သူ့နေရာမှာ အစားထိုးချင်တာကြောင့် သည်လိုမျိုး သိသာထင်ရှားစွာ ပြုလုပ်ခဲ့သည်။ ထို့အပြင် ပရော်ဖက်ဆာထန်က မည်ကဲ့သို့ပုံသဏ္ဌာန်ရှိသည်ကို မည်သူမျှမသိကြသည့်အပြင် သူ၏ကျား၊မနှင့် အသက်သည်လည်း ပဟေဠိတစ်ခုဖြစ်နေသည်။ ယွဲ့ရှင်းဝမ်ကို သူလွှဲပေးလိုက်သော ချစ်ပ်ပြားသည် အတုဖြစ်နိုင်ဖွယ်ရှိသည်။


ယွဲ့ရှင်းဝမ်က အရာအားလုံးကို ချက်ချင်းနားလည်သည်။


ပရော်ဖက်ဆာထန်၏ အသံထွက်သွားသည်နှင့် သေနတ်တွေအားလုံးက ယွဲ့ရှင်းဝမ်ကို ချိန်ရွယ်လိုက်ကြသည်။


အမျိုးသမီးက အေးစက်စွာပြောသည်။

"နင်က ပရော်ဖက်ဆာထန်လား? အရမ်းငယ်ပါလား?"


သူမဘေးနားရှိ တစ်ယောက်က တိုးတိုးပြောသည်။ 

"ပရော်ဖက်ဆာထန်က ငယ်ငယ်လေးကတည်းက သိပ္ပံပညာဆိုင်ရာ သုတေသနပညာရှင်တစ်ယောက်ဖြစ်တယ်ဆိုတာ ကြားဖူးတယ်… သူ့အသက်ဘယ်လောက်ရှိပြီလဲ ဘယ်သူမှမသိဘူး… သူက အသက် 20 အရွယ်နဲ့ ဉာဏ်ကြီးရှင်ဖြစ်နိုင်တယ်မလား?"


အမျိုးသမီးသည် ယွဲ့ရှင်းဝမ်ကို သံသယဖြင့် ကြည့်လိုက်သည်။


ယွဲ့ရှင်းဝမ်က အစီအစဉ်ကို တွက်ချက်ပြီး သူ့အိတ်ကပ်ထဲက ဒေတာချစ်ပ်ပြားသေတ္တာကို ထုတ်ကာ သူမကို တစ်ချက်ကြည့်ပြီး ၎င်းကို နောက်ပြန်ရုတ်သိမ်းကာ မေးလိုက်သည်။

"မင်းတို့ရဲ့ရည်ရွယ်ချက်က ဒီဒေတာချစ်ပ်ပြားမလား?"


ချစ်ပ်ပြားကို မြင်သောအခါ အမျိုးသမီး၏ မျက်နှာသည် ပြောင်းလဲသွားပြီး ယွဲ့ရှင်းဝမ်၏ခေါင်းကို ချက်ချင်း သေနတ်ဖြင့် ချိန်လိုက်သည်။

"အချက်အလက်ကို လွှဲပေးရင် နင့်ကို အသက်ရှင်ခွင့်ပေးမယ်…"


ယွဲ့ရှင်းဝမ်က အေးဆေးတည်ငြိမ်စွာပြောခဲ့သည်။

"အချက်အလက်က ငါ့လက်ထဲမှာရှိတယ်… ဒါပေမယ့် ချစ်ပ်ပြားရဲ့ စကားဝှက်ကို ငါပဲသိတယ်… ချစ်ပ်ပြားမှာ ကိုယ့်ဘာသာကိုယ် ဖျက်ဆီးတဲ့ ပရိုဂရမ်တစ်ခုရှိပြီး မင်း အဲဒါကို အတင်းအကြပ်ဖွင့်မယ်ဆိုရင် ဒေတာအားလုံး ပျက်စီးသွားလိမ့်မယ်… မင်းငါ့ကို သတ်လိုက်ရင်တောင် မင်း ချစ်ပ်ပြားကို ရရင်တောင် အဲဒါက အသုံးမဝင်ဘူး…"


ယွဲ့ရှင်းဝမ်က ကြုံရာကျပန်း ဖန်တီးပြောဆိုလိုက်သည်။


ပရော်ဖက်ဆာထန်က သူ့ကို အံ့အားသင့်သော အကြည့်ပေးခဲ့သည်။


ယွဲ့ရှင်းဝမ်က ဆက်ပြောသည်။

"ငါ မင်းကို အချက်အလက် ပေးနိုင်တယ်… သေနတ်တွေကို အရင်ချပြီး အပြစ်မဲ့သူတွေကို ထွက်သွားခွင့်ပေးရမယ်…"


အမျိုးသမီးက သူ့ကို မကျေမနပ်နဲ့ ကြည့်ပြီး မေးသည်။

"နင့်မှာ ငါနဲ့ညှိနှိုင်းဖို့ ဘာအရည်အချင်းရှိလို့လဲ?"


ယွဲ့ရှင်းဝမ်၏မျက်လုံးတွေက သူ့အရှေ့ရှိ သန္ဓေပြောင်းအဖွဲ့ကို ဖြည်းညှင်းစွာ စိုက်ကြည့်ပြီး တည်ငြိမ်စွာပြောခဲ့သည်။

"ငါက ဒီကမ္ဘာပေါ်မှာ ချစ်ပ်ပြားရဲ့စကားဝှက်ကိုသိတဲ့ တစ်ယောက်တည်းသောလူဖြစ်တယ်… မင်း မဆင်မခြင်ပြုမူရင် ဒီအချက်အလက်က ပျက်စီးသွားပြီး မင်းရဲ့အထက်လူကြီးတွေကို ရှင်းပြဖို့ ခက်သွားလိမ့်မယ် မဟုတ်ဘူးလား?"


အမျိုးသမီးက မျက်မှောင်ကြုတ်ကာ စက္ကန့်အနည်းငယ်မျှ ရှုပ်ထွေးနေပြီးနောက် သူမ၏ ဘယ်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ 

"လွှတ်ပေးလိုက်!"


သေနတ်အားလုံးကို တညီတညွတ်တည်း ချလိုက်သော်လည်း အမျိုးသမီး၏လက်ထဲရှိသေနတ်က ယွဲ့ရှင်းဝမ်၏ခေါင်းကို ချိန်နေဆဲဖြစ်သည်။


ကျန်းဖျင်စစ်၏ မျက်နှာက ရုပ်ဆိုးနေပြီး ယွဲ့ရှင်းဝမ်၏ မျက်လုံးများကို တင်းတင်းကျပ်ကျပ် စိုက်ကြည့်ရင်း သူ့မျက်လုံးများက စိုးရိမ်မှုနှင့်ပြည့်နေသည်။ ယွဲ့ရှင်းဝမ်က သူ့ကိုပြုံးပြပြီး ‘စိတ်ချပါ’ဟူသော အကြည့်မျိုးပေးကာ တိုးတိုးပြောလိုက်သည်။

"မင်းတို့ အရင်သွားနှင့်ကြ…"


အဖွဲ့ဝင်များက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။


ကျန်းဖျင်စစ်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး တိုက်ရိုက်ပြောလိုက်သည်။

"သွားမယ်!"


——ချင်လု၏ကျောက်ထုလွှာလှုပ်ရှားမှုက ကုန်သွားပြီဖြစ်ပြီး သေနတ်တွေအများကြီးကလည်း သူတို့ကိုချိန်ထားတာကြောင့် ကျန်းဖျင်စစ်သည် ဖော်မြူလာများစွာကို ရေးသားရန် အချိန်မရှိပေ။ ချက်ချင်းလွတ်မြောက်နိုင်သည့် တစ်ခုတည်းသောစွမ်းရည်ကတော့ ယွဲ့ရှင်းဝမ်၏ ‘ရွှေပုစဉ်းရင်ကွဲခွံ’ဖြစ်သည်။


‘ရွှေပုစဉ်းရင်ကွဲခွံ’၏ အကြီးမားဆုံး ကန့်သတ်ချက်မှာ သုတေသနအဖွဲ့၏ အဖွဲ့ဝင်များအတွက်သာ အကျုံးဝင်ပါသည်။ အကယ်၍ သူတို့သည် ‘ရွှေပုစဉ်းရင်ကွဲခွံ’ကိုအသုံးပြုပါက ပရော်ဖက်ဆာထန်အစစ်ကို ဖမ်းဆီးသွားမည်ဖြစ်ပြီး အပိုမေးခွန်းကို ပြီးမြောက်အောင်မလုပ်ဆောင်နိုင်တော့ပေ။


ယွဲ့ရှင်းဝမ်သည် ပရော်ဖက်ဆာထန်ကဲ့သို့ ဟန်ဆောင်ကာ သန္ဓေပြောင်းများကို သူတို့၏သတိရှိမှုကို ဖြေလျှော့နိုင်ရန် ဒေတာချပ်စ်ပြားဖြင့် ဤနေရာတွင်နေခဲ့သည်။ အဖွဲ့ဝင်တွေက ပရော်ဖက်ဆာထန်ကို ခေါ်သွားပြီးနောက် လွတ်မြောက်ရန် ‘ရွှေ‌ပုစဉ်းရင်ကွဲခွံ’ကို သူအသုံးပြုနိုင်ပြီး ၎င်းက လက်ရှိတွင်အကောင်းဆုံးနည်းလမ်းဖြစ်သည်။


အခြားအဖွဲ့ဝင်များက ယွဲ့ရှင်းဝမ်၏အခြေအနေအတွက် စိုးရိမ်နေကြသော်လည်း ကျန်းဖျင်စစ်သည် သူ့မျက်လုံးများမှ သူ့အတွေးများကို နားလည်သည်။


တချို့သောစွန့်စားမှုများက အကောင်းဆုံးဖြေရှင်းချက်ဖြစ်သည်။


သူ့ရင်ထဲမှာ စိုးရိမ်နေပေမယ့် ယွဲ့ရှင်းဝမ်၏မျက်လုံးထဲက အကြည့်သည် ကျန်းဖျင်စစ်ကို သတ္တိရှိရှိ ဆုံးဖြတ်ချက်ချစေခဲ့သည်—— ယခင်က သူ ဝင်္ကပါကိုဖြတ်သောအခါ ယွဲ့ရှင်းဝမ်သည် အမြဲတမ်းပြုံးနေပြီး သူ့ပခုံးကိုပုတ်ကာ ‘ငါမင်းကိုယုံတယ်’လို့ ပြောခဲ့သလိုမျိုး သူကလည်း ရှင်းဝမ်ကို ယုံကြည်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။


ရှင်းဝမ်သည် သူ၏အသက်နဲ့ လောင်းကြေးထပ်ဖို့ မဆိုထားနှင့် မသေချာသောအရာကို ဘယ်တော့မှမလုပ်ပေ။


ယွဲ့ရှင်းဝမ်၏ဆုံးဖြတ်ချက်ကို သူယုံကြည်သင့်သည်။


ကျန်းဖျင်စစ်သည် သူ၏အဖွဲ့ဝင်များကို သုတေသနအဆောက်အဦးမှ ခေါ်ထုတ်သွားကာ ‌နောက်ကျောဘက်တွင် လက်သီးကို တင်းတင်းဆုပ်ထားပြီး သူ၏လက်မက ဘယ်ဘက်ကို ညွှန်ပြနေသည်။


၎င်းကို ယွဲ့ရှင်းဝမ် မြင်လိုက်သည်။


အမျိုးသမီးက ရှေ့ကို လှမ်းလာပြီး ယွဲ့ရှင်းဝမ်၏နားထင်ကို သေနက်ဖြင့်ချိန်ထားကာ ပြောသည်။

"ပရော်ဖက်ဆာထန်၊ ငါတို့နဲ့ လိုက်ခဲ့ပါ…"


ယွဲ့ရှင်းဝမ်က အကူအညီမဲ့စွာ ပြုံးလိုက်သည်။

"ကောင်းပြီ… မင်းရဲ့ခေါင်းဆောင်နဲ့ ငါတွေ့တဲ့အခါ ငါ့ကို အသက်ရှင်လျက် လွှတ်ပေးမယ်လို့ သူကတိပေးရင် ငါသူ့ကို မျက်နှာချင်းဆိုင်ပြီး စကားဝှက်ပြောပြမယ်…"


အမျိုးသမီးသည် သူမ၏လက်တစ်ဖက်ကိုဆန့်ကာ လက်ဖဝါးကိုဖြန့်လိုက်သည်။

"ဒေတာချစ်ပ်ပြားကို လုံခြုံအောင်လို့ ငါ့ဆီလွှဲပေးပါ…"


"ကိစ္စမရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် မင်းမှ စကားဝှက်ကို မသိတာ…"

ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြပြီး ညာဘက်လက်ကို ကုတ်အင်္ကျီဖြူအိတ်ကပ်ထဲထည့်ကာ ချစ်ပ်ပြားကိုထုတ်ဟန်ဆောင်လိုက်သည်။ တကယ်တော့ သူ့လက်ကို အိတ်ကပ်ထဲ ထည့်လိုက်သောအခါ ‘ရွှေပုစဉ်ရင်ကွဲခွံ’ဆိုသော စကားလုံးကို တိတ်တဆိတ် ရွတ်ဆိုနေသည်။


ယွဲ့ရှင်းဝမ်သည် သူ့ကုတ်အင်္ကျီဖြူအိတ်ကပ်ထဲကနေ သူ့လက်ကို ထုတ်ပြီး အမျိုးသမီးရှေ့မှာ ဖြည်းညှင်းစွာ ဖြန့်လိုက်သည်။


လက်ဖဝါးထဲကနေ အဘိဓာန်ထူကြီးတစ်ခု ပေါ်လာသည်။


အမျိုးသမီးသည် ခဏတာ အံ့အားသင့်သွားပြီး အဘိဓာန်ကို ရှင်းရှင်းလင်းလင်း မမြင်ရခင် သူမ၏ရှေ့မှ လူငယ်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။


အမျိုးသမီးက ဒေါသတကြီးဖြင့် အော်လိုက်သည်။

"ငါတို့ အရူးလုပ်ခံလိုက်ရပြီ! သူတို့နောက်ကို မြန်မြန်လိုက်ကြ!"


ယွဲ့ရှင်းဝမ်၏ ‘ရွှေပုစဉ်းရင်ကွဲခွံ’ကို အဆင့်မြင့်ပြီးနောက် ၎င်းက မီတာ 100 အကွာအဝေးရှိနေရာသို့ တစ်ကြိမ်မျှ တယ်လီပို့နိုင်သည်။ ကျန်းဖျင်စစ်သည် သူ့လက်သီးဖြင့် ညွှန်ပြခဲ့ပြီး သူထွက်သွားချိန်မှာ ဘယ်ဘက်ကို တယ်လီပို့လိုက်သည်။


ယွဲ့ရှင်းဝမ်သည် ဘယ်ဘက် မီတာ 100 အကွာအဝေးသို့ ရောက်သောအခါ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေသော သူ့အဖွဲ့ဝင်များကို သူတွေ့လိုက်ရသည်။


ကျန်းဖျင်စစ်သည် ရုတ်တရက် သူ့လက်များကို ဆန့်တန်းကာ ယွဲ့ရှင်းဝမ်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ပြီး သူ့အသံက အနည်းငယ် တုန်ယင်နေသည်။

"မင်းကအရူးပဲ!"


တုန်လှုပ်ချောက်ချားသည့်ပုံစံဖြင့် လွတ်မြောက်ခဲ့သော ယွဲ့ရှင်းဝမ်သည်လည်း ကြောက်ရွံ့မှုများ ဆက်တိုက်ရှိနေသည်။


သေနတ်၏အမြန်နှုန်းသည် သူ၏စွမ်းရည်ထက် ပိုမြန်သည်။ အခုလေးတင်ပဲ တစ်ဖက်က တစ်ခုခုမှားနေတာကို သတိထားမိပြီး မောင်းခလုတ်ကို တိုက်ရိုက်ဆွဲလိုက်ပါက သူ့ဘဝက ချိန်ခွင်လျှာပေါ်ရောက်သွားလိမ့်မည်။


သို့သော် အဘိဓာန်များက ဘယ်ကမှန်းမသိ ထွက်ပေါ်လာရှိသည်။ ယွဲ့ရှင်းဝမ်သည် ဤအရာကို အခွင့်ကောင်းယူကာ အဘိဓာန်ကိုဆင့်ခေါ်ပြီး စွမ်းရည်ကို တစ်ပြိုင်နက်ဖတ်ကာ တစ်ဖက်အဖွဲ့မှ မောင်းခလုတ်မဆွဲခင် ‘ရွှေပုစဉ်းရင်ကွဲခွံ”ဖြင့် ထွက်ပြေးလာခဲ့သည်။


သူ့ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း ပေါ်လွင်ပါသည်။


လူ 12 ဦး လွတ်မြောက်ရုံသာမက ပရော်ဖက်ဆာထန်လည်း သူတို့နှင့်အတူ ထွက်လာနိုင်ခဲ့သည်။


ယွဲ့ရှင်းဝမ်သည် ယခုအချိန်တွင် ဤယုတ်မာသော ပရော်ဖက်ဆာထန်နဲ့ ဘာမှမပြောချင်တော့ပေ။ သူက ကျန်းဖျင်စစ်ကိုသာ တင်းတင်းကျပ်ကျပ် ဖက်ထားသည်။ အကြောင်းပြချက်တစ်ခုခုကြောင့် တစ်ဖက်လူ၏ ပွေ့ဖက်မှုက သူ၏ပြင်းထန်နေသော နှလုံးခုန်သံကို တဖြည်းဖြည်း ငြိမ်သက်သွားစေခဲ့သည်။


သေခြင်းမှ လွတ်မြောက်ခြင်းသည် တကယ်ကို စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။


ယွဲ့ရှင်းဝမ်က ဖြည်းညှင်းစွာ အသက်ရှူထုတ်လိုက်ပြီး ဆက်ပြောသည်။

"ကျန်တာကို ငါတို့နောက်မှ ပြောကြမယ်၊ ဒီကနေ အရင်ထွက်သွားရအောင်…"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်လိုက်သည်။

"မြန်မြန်လာကြ၊ ငါတို့မှာ စွမ်းရည်အလုံအလောက်မရှိဘူး!"

 

သူ၏ coordinate system သည် လူများကို ထိန်းချုပ်နိုင်သော်လည်း ထိန်းချုပ်နိုင်သော ပစ်မှတ်၏ အများဆုံးကန့်သတ်ချက်မှာ လူ 12 ဦးဖြစ်ပြီး သူသည် ၎င်းကို ယခုတစ်ကြိမ်သာ အသုံးပြုထားခဲ့သည်။ ပရော်ဖက်ဆာထန်နှင့်အတူ အဖွဲ့တွင် လက်ရှိလူ 13 ဦးရှိသောကြောင့် ၎င်းကို အပြည့်အဝထိန်းချုပ်ရန် ခက်ခဲသည်။


ချင်လု၏ ကျောက်ထုလွှာလှုပ်ရှားမှုနှင့် ယွဲ့ရှင်းဝမ်၏ နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုပြီးသွားပြီဖြစ်သည်။


ရွှီယိရှန်းသည် ကားဂိတ်ဘေးတွင် ရပ်ထားသည့် သန့်ရှင်းရေးလုပ်ရန် ဆိုင်းဘုတ်တင်ထားသော ဘတ်စ်ကားတစ်စီးကို တွေ့လိုက်ရသည်။ ယာဉ်မောင်းက ကားထဲမှာ မရှိတာကြောင့် သူက အလျင်အမြန် ပြောလိုက်သည်။

"ဘာနည်းလမ်းမှာ မရှိတာကြောင့် ကားစီးပြီး သွားရအောင်!"


ကျန်းဖျင်စစ်က သူ့ညာလက်ကို မြှောက်လိုက်ပြီး ကားပြတင်းပေါက်ကို ချွန်ထက်သော တြိဂံပေတံဖြင့် ပစ်လိုက်သည်။ သူတို့၏နားထဲတွင် မှန်ကွဲသံ ထွက်ပေါ်လာသည်။ ရွှီယိရှန်းက သူ၏ဆဲလ်ပုံစံကို အသုံးပြုကာ ပြတင်းပေါက်မှ ကားပေါ်သို့ တိုက်ရိုက်တက်သွားပြီး အတွင်းမှ တံခါးကို ဖွင့်လိုက်သည်။


အားလုံးက ကားပေါ်တက်ပြီး ထိုင်ခုံရှာကာ ထိုင်ကြသည်။ ရွှီယိရှန်းက ကားမောင်းသူ၏ထိုင်ခုံတွင် သတိရှိရှိထိုင်ကာ ထိုင်ခုံခါးပတ်ကို ပတ်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

"အားလုံးထိုင်ကြ၊ သွားကြမယ်!"


သူက သော့ကို လှည့်လိုက်ပြီး ညာဘက်ခြေနဲ့ လီဘာကိုနင်းကာ ဘတ်စ်ကားက ကားဂိတ်ကနေ ခုန်ထွက်ပြီး ကျယ်ပြောလှသောလမ်းဆီ အမြန်သွားခဲ့သည်။


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က နောက်တန်းတွင် ထိုင်နေကြသည်။


ကားပြတင်းပေါက်အပြင်ဘက်သို့ လျင်မြန်စွာ ဖြတ်သန်းသွားနေသော မြို့လမ်းမမြင်ကွင်းကို ကြည့်ကာ ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်သွားပြီး ယွဲ့ရှင်းဝမ်၏လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားရာ သူ့လက်ချောင်းသွယ်သွယ်များက သိသိသာသာ တောင့်တင်းနေလေသည်။ ယွဲ့ရှင်းဝမ်က သူ့ကိုကြည့်ကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ငါအဆင်ပြေနေတာပဲ မဟုတ်လား?"

 

ကျန်းဖျင်စစ်၏အကြည့်တွေက လေးနက်သွားသည်။

"နောင်ကျရင် မင်းကိုယ်မင်း မစွန့်စားနဲ့၊ ငါပြောတာကြားလား?"


ယွဲ့ရှင်းဝမ်က စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ပြီး ပြန်ပြောသည်။

"အင်း၊ အခုကလည်း ငါကဖိအားပေးခံရလို့ပါ… မင်းတို့နဲ့အတူ ပရော်ဖက်ဆာထန်ကို ခေါ်သွားနိုင်တဲ့နည်းလမ်းက အဲဒီတစ်နည်းပဲရှိတာကို… မင်းငါ့ကိုနားလည်လို့ တော်သေးတာပေါ့၊ မင်းတို့တွေ တွန့်ဆုတ်နေတာ ဒါမှမဟုတ် ငါ့ကို ထုတ်ဖော်လိုက်တာဆိုရင် ငါတို့အားလုံး ကိစ္စတုံးသွားနိုင်တယ်…"


ယွဲ့ရှင်းဝမ်က အမြဲသတ္တိရှိပေမယ့် ဂရုတစိုက်ရှိကြောင်း ကျန်းဖျင်စစ်က သိတာကြောင့် သူက ပေါ့ပေါ့ဆဆ ပြုမူမည်မဟုတ်ပေ။


သို့ပေမယ့် အခုလေးတင် သေနတ်နဲ့ချိန်ခံရသော ရှင်းဝမ်၏မြင်ကွင်းကို ပြန်ပြောင်းသတိရရင်း ကျန်းဖျင်စစ်၏ရင်ထဲ တင်းမာနေဆဲဖြစ်ပြီး မနေနိုင်စွာ တစ်ဖက်လူ၏လက်ချောင်းတွေကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။


ယွဲ့ရှင်းဝမ်သည် ဖျင်စစ်၏လက်က ပို၍တင်းကျပ်လာတာကို သတိပြုမိပြီး သိသာထင်ရှားစွာ စိတ်ပူနေသော ခံစားချက်ကို သယ်ဆောင်လာတာကြောင့် ယွဲ့ရှင်းဝမ်ကပြုံးကာ နူးညံ့စွာ ပြောလိုက်သည်။

"ကဲပါ… တကယ်အဆင်ပြေပါတယ်ဆို…"

သူသည် ကျန်းဖျင်စစ်၏လက်ကို နှစ်သိမ့်သည့်သဘောဖြင့် ပုတ်လိုက်သည်။ ထို့နောက်မှ ကျန်းဖျစ်စစ်သည် သူ့လက်ကို တိတ်တဆိတ် ပြန်ရုတ်သိမ်းလိုက်သည်။


အဆင်မပြေမှုတွေကို ဖုံးကွယ်ရန်အတွက် ကျန်းဖျင်စစ်သည် သူ့ခေါင်းကိုလှည့်ပြီး ပြတင်းပေါက်အပြင်ကို လှမ်းကြည့်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူက ရုတ်တရက် ပြောလာသည်။

"ဒီမြို့က တစ်ခုခုတော့မှားနေပြီ…"


ယွဲ့ရှင်းဝမ်က သူ့အကြည့်အတိုင်း အပြင်လိုက်ကြည့်ရင်း အံ့ဩစွာ ပြောလာသည်။

"လမ်းပေါ်မှာ… လူတစ်ယောက်မှလည်း မရှိပါလား?"


#TK