Chapter 83
Viewers 23k

Volume 5 : ဇီဝသိပ္ပံဌာန


Chapter 83 (မျိုးရိုးဗီဇသန္ဓေပြောင်းလဲခြင်း ၀၁)


နောက်တစ်နေ့ ဗုဒ္ဓဟူးနေ့ မနက် ခုနစ်နာရီတွင် လူတိုင်း ရေချိုးရန် အချိန်မီ အိပ်ရာထ၍ မနက်စာ စားရန် ကန်တင်းသို့ သွားကြသည်။


စာကြည့်တိုက်ရှိ အဖွဲ့အများစုသည် တတိယထပ်ရှိ ဗိသုကာဌာနတွင် ရုန်းကန်နေရဆဲဖြစ်သည်။ ဗုဒ္ဓဟူးနေ့တွင် ဗိသုကာဌာန၏ သင်တန်းများအားလုံးကို ပြီးမြောက်ခဲ့ပြီး တိုးတက်မှုအမြန်ဆုံးဖြစ်သည့် သုတေသနအဖွဲ့များက 4 ထပ်သို့ သွားခဲ့သည်။


သင်တန်းရွေးချယ်ရေးခန်းမတွင် လူများသိသိသာသာနည်းပါးလာပြီး ယွဲ့ရှင်းဝမ်က ရင်းနှီးသောမျက်နှာများစွာကို တွေ့လိုက်ရသည်။


စီနီယာအစ်ကိုယွိမင်ယွီ ဦးဆောင်သော ကျိုတိုတက္ကသိုလ်၏ A-76 သုတေသနအဖွဲ့ အပါအဝင်၊ ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်မှ စီနီယာအစ်ကိုချင်းလန်အဖွဲ့နှင့် ပေကျင်းတက္ကသိုလ်၏နိုင်ငံရေးသိပ္ပံနှင့်ဥပဒေမှ ချန်မုယွင်ဦးဆောင်သောအဖွဲ့ စသဖြင့်ရှိကြသည်။


ကျန်းဖျင်စစ်က လူအုပ်ကြီးကို တစ်ချက်ကြည့်ကာ ယွဲ့ရှင်းဝမ်နားထဲသို့ တိုးတိုးပြောလိုက်သည်။

"10 ဖွဲ့၊ လူ 120…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"အသန်မာဆုံးနဲ့ အမြန်ဆုံးအဖွဲ့တွေအားလုံးက ဒီမှာရှိနေတာလို့ ဆိုလိုတာပေါ့…"


ကျိုဖုန်းက အရင်ဆုံးလာပြီး သူတို့ကို နှုတ်ဆက်လိုက်သည်။

"မင်ယွီ၊ မင်းတို့လည်း ဒီနေ့ ဇီဝသိပ္ပံဌာနကို လာကြပြီပေါ့?"


ယွိမင်ယွီ: "ဟုတ်တယ်၊ ငါတို့အဖွဲ့က မကြာသေးခင်ကမှ ဖွဲ့ပြီးတာ၊ တိုးတက်မှုက မင်းတို့နဲ့အတူတူပဲ…"


လူတိုင်း၏တိုးတက်မှုသည် တူညီသောကြောင့် အပြန်အလှန်ကိုးကားရန် နည်းဗျူဟာမရှိပေ။ သူတို့သည် ဇီဝသိပ္ပံဌာန၏ စာမေးပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ဖြေဆိုခြင်းဖြစ်ပြီး သူတို့၏ စွမ်းရည်များကိုသာ အားကိုးနိုင်သည်။


ယွဲ့ရှင်းဝမ်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရင်းနှီးသော အတန်းဖော်တချို့ကို နှုတ်ဆက်လိုက်သည်။ ဆရာဖြစ်သင်တန်းတက္ကသိုလ်မှ စီနီယာအစ်ကိုချင်းလန်က ပြောသည်။

"ဒီမနက် ဇီဝသိပ္ပံဌာနရဲ့ သင်တန်းအချိန်ဇယားက ‘မျိုးရိုးဗီဇသန္ဓေပြောင်းလဲခြင်း’သင်တန်းဖြစ်တယ်… ငါတို့ အခုလေးတင် ဆွေးနွေးကြည့်ရသလောက်ကတော့ ရှင်သန်ရေးသင်တန်းတစ်ခုဖြစ်မယ်ထင်တယ်…"


ယွဲ့ရှင်းဝမ်က LCD ဖန်သားပြင်အောက်ခြေသို့ လျှောက်သွားပြီး မော့ကြည့်လိုက်သည်— တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့်သောကြာနေ့ မနက် 8:00 နာရီတွင် ဇီဝသိပ္ပံဌာန၏ သင်တန်းအားလုံးက မသင်မနေရသင်တန်း ‘မျိုးရိုးဗီဇသန္ဓေပြောင်းလဲခြင်း’ကို credit 6 မှတ်ဖြင့် စီစဉ်ပေးထားခဲ့သည်။ အင်္ဂါနေ့နှင့် ကြာသပတေးနေ့ မနက် 8 နာရီတွင် မသင်မနေရသင်တန်း ‘ဆဲလ်မွေးမြူရေး’ကို credit 4 မှတ်ဖြင့် စီစဉ်ပေးထားသည်။ နေ့လယ်ပိုင်းအားလုံးက စိတ်ကြိုက်သင်တန်များဖြင့် ပြည့်နေသည်။ 


ယွဲ့ရှင်းဝမ်က သုတေသနအဖွဲ့ chat channel တွင် မေးလိုက်သည်။

"အားလုံး ဒီမနက် ‘မျိုးရိုးဗီဇသန္ဓေပြောင်းလဲခြင်း’စာမေးပွဲပြီးရင် မနက်ဖြန်မနက်မှာ ‘ဆဲလ်မွေးမြူရေး’စာမေးပွဲကိုဖြေပြီး သောကြာနေ့တစ်ရက်နားကြမလား? ဒီပိတ်ရက်မှာ နောက်ထပ်အများသူငါစိတ်ကြိုက်သင်တန်း ရှိလာမှာကို စိုးရိမ်ပြီး စာမေးပွဲတွေ ဆက်တိုက်ဖြေရတာကြောင့် အားလုံး ပင်ပန်းကြလိမ့်မယ်…"


ကျန်းဖျင်စစ်က သဘောတူသည်။

"စာမေးပွဲတွေကို ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့ မနက်ပိုင်းမှာ ငါတို့ဖြေပြီး နေ့လယ်မှာ အနားယူပြီးတော့ သောကြာနေ့ကို တစ်ရက်နားလိုက်မယ်… ဒီအစီအစဉ်က လက်ခံနိုင်ပါတယ်…"


ကျိုဖုန်းက ပြောသည်။

"သဘောတူတယ်… ငါတို့တိုးတက်မှုက အမြန်ဆုံးဖြစ်နေပါပြီ၊ ဒါကြောင့် အရမ်းကြီး စိတ်ပူနေစရာ မလိုပါဘူး…"


အခြားသူများကလည်း သုတေသနအဖွဲ့ chat channel တွင် ‘သဘောတူတယ်’ဆိုတာကို ရေးခဲ့ကြသည်။


ယွဲ့ရှင်းဝမ်သည် တက်ဘလက်ကွန်ပြူတာသို့ ရောက်လာပြီး သင်တန်းရွေးချယ်ရေးခလုတ်ကို နှိပ်လိုက်ကာ စခရင်ပေါ်တွင် ရင်းနှီးသောအချက်အလက်များ ထွက်ပေါ်လာသည်—


[မသင်မနေရသင်တန်း: မျိုးရိုးဗီဇသန္ဓေပြောင်းလဲခြင်း]


[ဌာန: ဇီဝသိပ္ပံဌာန]


[Credit: 6 မှတ်]


[စာမေးပွဲခန်းစည်းကမ်းများ: စာမေးပွဲခန်းတွင် အများဆုံးစာမေးပွဲဖြေဆိုသူဦးရေမှာ ၁၂ ယောက်ဖြစ်သည်။]


[သင်တန်းဖော်ပြချက်: C မြို့ရှိ ဇီဝသိပ္ပံဌာနသည် လျှို့ဝှက်စမ်းသပ်မှုတစ်ခုကို ပြုလုပ်နေသည်။ ဓာတ်ခွဲခန်းထဲက အချက်အလက်တွေ ဘယ်အချိန်ပေါက်ကြားသွားမှန်း မသိလိုက်ပေ။ လူသားမျိုးရိုးဗီဇအစီအစဉ်သည် ခိုးယူပြီး စမ်းသပ်ပြင်ဆင်ခံရကာ သန္ဓေပြောင်းသူတွေ အများအပြား ထွက်လာခဲ့သည်။]


[စာမေးပွဲလိုအပ်ချက်များ: ပျက်စီးနေသော C မြို့မှ ထွက်ပြေးပြီး F မြို့ရှိ မျိုးရိုးဗီဇသုတေသနစင်တာကို သွားရန်]


[အပိုမေးခွန်း: ပရော်ဖက်ဆာထန်နှင့် ဒေတာချစ်ပ်ပြားကို ကာကွယ်ပြီး ပရော်ဖက်ဆာထန်ကို မျိုးရိုးဗီဇသုတေသနစင်တာသို့ အတူတကွခေါ်သွားပါ၊ +40 မှတ်]


[မှတ်ချက်: ထပ်လောင်းမေးခွန်းသည် မဖြစ်မနေပြီးမြောက်အောင် ပြုလုပ်ရမည့် မေးခွန်းဖြစ်သည်။ ဤသင်တန်းတွင် မျိုးရိုးဗီဇပြုပြင်ဖန်တီးမှု အသိပညာများ ပါဝင်သည်။ ဇီဝသိပ္ပံဌာန ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာမျိုးရိုးဗီဇ ဘာသာရပ်များနှင့်ပတ်သက်သော အဖွဲ့ဝင်များ အဖွဲ့ထဲတွင်ရှိနေရန် အကြုံပြုပါသည်။]


[သင်တန်းရွေးချယ်မှုကိုအတည်ပြုပါ: Yes/No]


ကာလအတန်ကြာ ပျောက်ဆုံးသွားသော အပိုမေးခွန်းက ထပ်ပေါ်လာပြီး ဒါဟာ လိုက်ပါပို့ဆောင်ပေးရမည့် တာဝန်တစ်ခုလား။


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး သူတို့၏ အဖွဲ့ဝင်များကို ပြန်ကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"Credit 6 မှတ်တန် ရှင်သန်ရေးသင်တန်းက ပိုခက်ခဲလာမှာ သေချာတယ်… စာမေးပွဲခန်းထဲရောက်ရင် အားလုံးက မဆင်မခြင်မလှုပ်ရှားဘဲ ညွှန်ကြားထားတဲ့အတိုင်း ပြုမူကြ… အဖွဲ့ဝင်တွေကွဲနေရင် သုတေသနအဖွဲ့ chat channel ရဲ့ သတင်းကို ချက်ချင်းအာရုံစိုက်ပြီး ခယ်ရှောင်ပင်းက ရှောင်ထူကို အဖွဲ့ဝင်တွေကို တတ်နိုင်သမျှအမြန်ဆုံးရှာဖို့ လုပ်လိုက်…"


ခယ်ရှောင်ပင်းက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ "နားလည်ပြီ…"


ယွဲ့ရှင်းဝမ်: "အသင့်ပြင်ထားကြ… ငါ သင်တန်းရွေးပြီ…"


သူက ‘သင်တန်းရွေးချယ်မှုကို အတည်ပြုသည်’ ကို နှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း၏နားထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။

"C-183 သုတေသနအဖွဲ့က ဇီဝသိပ္ပံဌာနရဲ့ ‘မျိုးရိုးဗီဇသန္ဓေပြောင်းလဲခြင်း’သင်တန်းကို အောင်မြင်စွာ ရွေးချယ်ခဲ့ပြီးပါပြီ… စာမေးပွဲကို မနက် 8:00 မှာ စတင်မှာဖြစ်ပါတယ်… အသင့်ပြင်ထားကြပါ…"


ထို့အပြင် ကျိုတိုတက္ကသိုလ်၊ ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်နှင့် အခြားအဖွဲ့များလည်း သင်တန်းရွေးချယ်မှု ပြီးဆုံးခဲ့ပါသည်။


ယွိမင်ယွီက ကျယ်လောင်စွာပြောသည်။

"အားလုံး သင်တန်းကို မကျရှုံးဖို့ ငါမျှော်လင့်ပါတယ်…"


ချင်းလန်က ပြုံးကာ ပြောသည်။

"နောက် 2 နာရီကြာတွင် မင်းတို့ကို ဒီနေရာမှာ ပြန်တွေ့ဖို့ မျှော်လင့်တယ်…"


ချန်မုယွင်က ယွဲ့ရှင်းဝမ်ကို နှုတ်ဆက်ရန် ရောက်လာသည်။

"ရှင်းဝမ်၊ ကျေးဇူးပြုပြီး စီနီယာအစ်မလန်ကို ဂရုစိုက်ပေးပါဦး…"


ယွဲ့ရှင်းဝမ်က ပြုံးကာ ပြောလိုက်သည်။

"အစ်မက အရမ်းယဉ်ကျေးနေပြန်ပြီ… စီနီယာအစ်မကသာ ကျွန်တော်တို့ကို ဂရုစိုက်ပေးသင့်တာ…"


လန်ယာရုန်က လျှောက်လာပြီး ချန်မုယွင်ကို ပွေ့ဖက်လိုက်သည်။

"စိတ်မပူပါနဲ့… ငါ ဆွဲမချစေရပါဘူး…"


စီနီယာအစ်မလန်က ယနေ့အထိ အပြာနုရောင်ဂါဝန်ကို ဝတ်ဆင်ထားဆဲဖြစ်သော်လည်း ဒေါက်မြင့်ဖိနပ်ကို သွားလာရလွယ်ကူသော အားကစားဖိနပ်များဖြင့် အစားထိုးခဲ့သည်။ သူမ၏ ရှည်လျားသော အညိုရောင်ဆံပင်ကောက်ကောက်ကို ခေါင်းနောက်တွင် စည်းထားပြီး အလယ်တန်းကျောင်းသူနဲ့ ပိုတူသည်။ သူမအသက်က 25 နှစ်လို့ ပြောရင် လူတိုင်းမယုံနိုင်လောက်အောင် သူမကြည့်ရတာ 15 နှစ်အရွယ် မိန်းကလေးနဲ့ ပိုတူသည်။


သဘောတူညီချက်အရ အမြွှာညီအစ်မ ချင်မြောင်နှင့် ချင်လုတို့သည် အနက်ရောင်နှင့် အဖြူရောင် အားကစား တီရှပ်အင်္ကျီကို ဝတ်ဆင်ထားသောကြောင့် လူတိုင်းက အစ်မဖြစ်သူနှင့် ညီမဖြစ်သူကို သိနိုင်မည်ဖြစ်သည်။ လင်းမန့်လော်၏ ဆံပင်ရှည်သည် အလွန်သပ်ရပ်ပုံရပြီး ခေါင်းနောက်တွင် စုစည်းချည်ထားသည်။


စာမေးပွဲကာလအတွင်း သားရေဖိနပ်နှင့် ရှပ်အင်္ကျီများကိုသာ ဝတ်ဆင်ရတာ နှစ်သက်လေ့ရှိသည့် ကျန်းဖျင်စစ်ပင်လျှင် အားကစားဝတ်စုံဖြင့် ယွဲ့ရှင်းဝမ်၏နောက်သို့ လိုက်သွားခဲ့သည်။ သည်တစ်ခေါက် စာမေးပွဲခန်းထဲ ဝင်ပြီးလျှင် အဝတ်အစားလဲပေးမလားဆိုတာ မသိနိုင်ပေ။

 

နံပါတ်စဉ်သည် အပေါ်ညာဘက်ထောင့်တွင် စတင်နေခဲ့ပြီး အားလုံးက စိတ်လှုပ်ရှားစွာ အသက်ပြင်းပြင်းရှူသွင်းလိုက်ကြသည်။


နံပါတ်စဉ် ‘1’ကို ရောက်သောအခါ လူတိုင်း၏မျက်လုံးရှေ့က အခန်းလွတ်သည် ချက်ချင်းပုံပျက်သွားသည်——


ယွဲ့ရှင်းဝမ်သည် ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ရာ သူ့ဘေးတွင်ရှိနေသော အဖွဲ့ဝင်များက လုံးလုံး ပျောက်ကွယ်သွားသည်။ သူက မရင်းနှီးသော ဓာတ်ခွဲခန်းတစ်ခုတွင် ပေါ်လာပြီး ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်ကုတ်အင်္ကျီရှိနေကာ သူ၏ဘယ်ဘက်ရင်ဘတ်ပေါ်တွင် ‘သုတေသီ ယွဲ့ရှင်းဝမ်’ဟု ရေးထားသည်။


ဤအခန်းသည် အအေးခံထားသော ကိရိယာများဖြင့် ပြည့်နေပြီး ဝိဇ္ဇာကျောင်းသား ယွဲ့ရှင်းဝမ်က ဤအရာများကို မသိပေ။ သူသည် သုတေသနအဖွဲ့ chat channel တွင် အလျင်အမြန် စာရိုက်လိုက်သည်။

"အားလုံး၊ ကိုယ့်ရဲ့တည်နေရာနဲ့ ပတ်ဝန်းကျင်ကို သတင်းပို့ကြ…"


ခယ်ရှောင်ပင်း: "ငါက ရုံးခန်းထဲမှာ ရှိလောက်တယ်… ဒီမှာ ကွန်ပျူတာတွေ အများကြီးရှိတယ်…"


ကျန်းဖျင်စစ်: "ဓာတ်ခွဲခန်းထဲမှာ ထူးဆန်းတဲ့နမူနာတွေ အများကြီးတွေ့တယ်…"


ကျိုဖုန်း: "ငါက ကျန်းရှောင်နျန်နဲ့အတူ ရှိနေပြီး ဒါက ဝန်ထမ်းအဆောင်ဖြစ်နိုင်တယ်…"


ချင်မြောင်: "ငါ့ညီမနဲ့ ငါကလည်း နှစ်ယောက်ခန်း အိပ်ဆောင်ထဲမှာ…"


ကျန်းရှောင်နျန်းက အချက်အလက်များစွာကို အလျင်အမြန်တင်ပြခဲ့သည်။ 

"ကြမ်းပြင်အမြင့် 2.9 မီတာ၊ အရှည် 6 မီတာ၊ အကျယ် 3 မီတာရှိတဲ့ စတုဂံအခန်းတစ်ခုပဲ… အခန်းက မြောက်ဘက်မှာရှိပြီး တောင်ဘက်ကို မျက်နှာမူနေပြီး တောင်ဘက်မှာ ပြတင်းပေါက်တွေ တပ်ဆင်ထားတယ်… အချိန်က မနက် 8 နာရီဝန်းကျင်ရှိတယ်… အားလုံးတူကြလား?"


လင်းမန့်လော်: "ငါနဲ့ စီနီယာအစ်မလန်ရဲ့ အိပ်ဆောင်က ရှောင်နျန်ပြောတဲ့အတိုင်းပဲ…"


ယွဲ့ရှင်းဝမ်က ပြတင်းပေါက်ဆီသို့ လျှောက်ပြီး လှမ်းကြည့်လိုကသည်။ လင်းလက်တောက်ပနေသော အလင်းတန်းတစ်ခု ရှိနေတာကို တွေ့လိုက်ရပြီး နံရံပေါ်ရှိ နာရီက 8 နာရီဖြစ်ကြောင်း ပြသနေသည်။ သူက အလျင်အမြန် ဆုံးဖြတ်ချက်ချခဲ့သည်။

"အားလုံးက သင်တန်းဖော်ပြချက်မှာ ဖော်ပြထားတဲ့ ဇီဝ‌သိပ္ပံဌာနမှာ ရှိရမယ်… ဒါပေမယ့် တချို့လူတွေက ဓာတ်ခွဲခန်းအဆောက်အဦးမှာ ရှိနေကြပြီး တချို့လူတွေက အိပ်ဆောင်ဧရိယာမှာ တာဝန်ပေးထားတယ်…"


ကျန်းဖျင်စစ်က မေးသည်။

"ငါတို့ အပိုမေးခွန်းကို ဖြေမှာလား? မဖြေဘူးလား?"


စာမေးပွဲလိုအပ်ချက်မှာ မြို့မှလွတ်မြောက်ရန်နှင့် F မြို့ရှိ မျိုးရိုးဗီဇသုတေသနစင်တာသို့ သွားရန်ဖြစ်သည်။ အပိုမေးခွန်းအတွက် လိုအပ်ချက်မှာ ပရော်ဖက်ဆာထန်နှင့် ဒေတာချစ်ပ်ပြားတို့ကို ယူဆောင်လာရန်ဖြစ်သည်။ သူတို့သည် အပိုမေးခွန်းကို မဖြေဆိုဘူးဆိုလျှင် အခုပဲ ထွက်ပြေးလို့ရလေသည်။


ယွဲ့ရှင်းဝမ်က အသက်ပြင်းပြင်းရှူကာ မေးလိုက်သည်။

"အားလုံးဘယ်လိုထင်ကြလဲ?"


ကျန်းဖျင်စစ်: "အမှတ် 40 ကို credit 6 မှတ်နဲ့ သုတေသနအဖွဲ့အပိုဆုရဲ့ 1.5 ဆနဲ့ မြှောက်လိုက်ရင် အမှတ် 360 ရတယ်… ကြိုးစားကြည့်ရအောင်…"


ခယ်ရှောင်ပင်းက ထောက်ခံသည်။

"ငါလည်း ကြိုးစားကြည့်သင့်တယ်လို့ ထင်တယ်… အမှတ် 360 က အရမ်းများတယ်…"


အပိုမေးခွန်းတစ်ခုအတွက် ဤမျှမြင့်မားသောရမှတ်ဖြင့် NPC ကို ပို့ဆောင်ရန်တာဝန်မှာ သေချာပေါက်မလွယ်ကူသော်လည်း သူတို့အားလုံးက တိုက်ရိုက်လက်မလျှော့ချင်ကြပေ။ အဖွဲ့ဝင်များထံမှ ကန့်ကွက်ခြင်းမရှိတာကို တွေ့ရသဖြင့် ယွဲ့ရှင်းဝမ်က ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်သည်။

"ကောင်းပြီ… အပိုမေးခွန်းကို ဖြေပြီး ပရော်ဖက်ဆာထန်ကို အမြန်ရှာမယ်… အိပ်ဆောင်ဧရိယာက လူတွေက အရင်တွေ့ကြပြီး ရှောင်ခယ်က ငါတို့ဆီမလာခင်အထိ ဓာတ်ခွဲခန်းအဆောက်အဦးရဲ့ ဒီဘက်ခြမ်းကို မလာနဲ့ဦး…"


ခယ်ရှောင်ပင်းက ရှောင်ထူကို ဆင့်ခေါ်လိုက်သည်။


အဖွဲ့ဝင်များက လူကွဲနေသောအခါ ရှောင်ထူတွင် အဖွဲ့ဝင်များ၏တည်နေရာကို ရှာဖွေနိုင်သော ‘သူငယ်ချင်းတစ်ယောက်ရှာမယ်’စွမ်းရည်ရှိသည်။ သူက ရှောင်ထူကို လွှတ်ပြီး ‘ရှာမယ်၊ ရှာမယ်၊ သူငယ်ချင်းတစ်ယောက်ရှာမယ်’ဟု သီချင်းဆိုခိုင်းကာ နဖူးပေါ်ရှိ မီးများ လင်းလာကာ ရေဒါမှ သူတို့ကို နေရာတိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။


ခယ်ရှောင်ပင်း၏ လက်ပ်တော့စခရင်သည် မကြာမီတွင် အဖွဲ့ဝင်များ၏ အနေအထားကို ကိုယ်စားပြုသည့် အပြာရောင်အစက်လေးများ ပြသခဲ့သည်။


သူက တံခါးကိုဖွင့်ပြီး လမ်းတစ်လျှောက်လုံး ရှာခဲ့သည်။ သူနဲ့ အနီးဆုံးဓာတ်ခွဲခန်းမှာ လျှိုကျောက်ချင်းနှင့် ရွှီယိရှန်း၊ ထို့နောက်တွင် ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့ဖြစ်ပြီး အတွင်းဆုံးဓာတ်ခွဲခန်းမှာ ရှင်းယန်ဖြစ်ကာ ဓာတ်ခွဲခန်းအဆောက်အဦးတွင် သူတို့ခြောက်ဦးသာရှိသည်။


လူခြောက်ဦး တွေ့ဆုံပြီးနောက် ဓာတ်ခွဲခန်းသုတေသီများ၏ ကုတ်အင်္ကျီအဖြူကို ဝတ်ဆင်ထားကာ ရင်ဘတ်ပေါ်တွင် အမည်တံဆိပ်များ ချိတ်ဆွဲထားပြီး အင်္ကျီအဖြူသည် စာမေးပွဲခန်းထဲသို့ ဝင်သောအခါ ဝတ်ထားသည့် အဝတ်အစားများဖြစ်ကြောင်း သူတို့တွေ့ရှိခဲ့သည်။


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ဆီ လျှောက်လာပြီး မေးသည်။

"ခုနက ဓာတ်ခွဲခန်းထဲမှာ တစ်ခုခုတွေ့ခဲ့လား?"


ကျန်းဖျင်စစ်က ခေါင်းခါလိုက်သည်။

"အဲဒါက စမ်းသပ်ကိရိယာတွေပဲ၊ အဲဒါတွေကို ငါမသိဘူး…"


ယွဲ့ရှင်းဝမ်က ခယ်ရှောင်ပင်းကို ကြည့်ကာ မေးလိုက်သည်။

"အခြားအဖွဲ့ဝင်တွေရော ဘယ်လိုလဲ?"


ခယ်ရှောင်ပင်းက ရှင်းပြသည်။

"ရှောင်ထူက အခြားအဖွဲ့ဝင်တွေရဲ့ တည်နေရာကို ရှာမတွေ့ဘူး… သူတို့က ဒီကနေ မီတာ 500 ထက် ပိုတာကြောင့် ရှောင်ထူရဲ့ ထောက်လှမ်းမှုအကွာအဝေးထဲမှာ သူတို့မပါတာဖြစ်မယ်…"


ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ဤအဆောက်အဦး၏ အတွင်းပိုင်းသည် သန့်ရှင်းသပ်ရပ်သည်။ နှစ်ဖက်စလုံးတွင် မတူညီသောလုပ်ငန်းဆောင်တာများရှိသော ဓာတ်ခွဲခန်းများနှင့် ရုံးခန်းများပါရှိသော စင်္ကြံတစ်ခုရှိသည်။ ပြတင်းပေါက်ကနေ အောက်ကို ငုံ့ကြည့်လိုက်တော့ သူတို့ လက်ရှိရှိနေသည့်အထပ်က တတိယထပ် ဖြစ်ရမည်။


အခြားအဖွဲ့ဝင်များနှင့် ရှောင်ထူအကြားအကွာအဝေးသည် မီတာ 500 ကျော်ရှိပြီး အိပ်ဆောင်ဧရိယာက ဤအဆောက်အအုံတွင်မရှိကြောင်း ညွှန်ပြနေသည်။


ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။

"အိပ်ဆောင်မှာရှိတဲ့လူတွေ အခုအချိန်မှာတော့ အလျင်စလိုမလှုပ်ရှားနဲ့ဦး… အဖွဲ့ကို စီနီယာအစ်ကိုကျိုကဦးဆောင်ပြီး အားလုံးအတူတူ တွေ့ပြီးတော့ အိပ်ဆောင်ထွက်ပေါက်ကို ရှာလိုက်ကြ… ကျွန်တော်တို့က အဓိကလူ ပရော်ဖက်ဆာထန်ကို အရင်ရှာလိုက်မယ်…"


ကျိုဖုန်း: "နားလည်ပြီ၊ မင်းတို့သတိထားကြဦး…"


လောလောဆယ်တွင် ဘာမှမဖြစ်သေးသလို လူတိုင်း၏ရင်ထဲတွင် ရှုပ်ထွေးနေသေးသည်။ သည်သင်တန်းက ဘယ်လိုဖြစ်လာမလဲဆိုတာ သူတို့မသိသေးပေ။


ရွှီယိရှန်း၏အမူအရာမှာ အလွန်စိတ်အေးလက်အေးဖြစ်နေပြီး ပြုံးကာပြောခဲ့သည်။

"အနည်းဆုံးတော့ ဇီဝသိပ္ပံဌာနက အဆောက်အဦး ပြိုကျမှာမဟုတ်ဘူး… စာမေးပွဲအတွက် အချိန်ကန့်သတ်ချက်မရှိဘူးဆိုတော့ ငါတို့စိုးရိမ်စရာမလိုပါဘူး၊ အချိန်ယူလို့ရပါတယ်…"


လျှိုကျောက်ချင်းက အကြံပြုသည်။

"သဲလွန်စ ဒါမှမဟုတ် တစ်ခုခုအတွက် ဓာတ်ခွဲခန်းကို ငါတို့ အရင်ရှာကြမလား?"


ယွဲ့ရှင်းဝမ်မှာလည်း အလားတူ အကြံတစ်ခုရှိသည်။

"သွားရအောင်… ရှောင်ခယ်က ရုံးခန်းကွန်ပြူတာတွေကနေ အချက်အလက်ကို အရင်ကူးလိုက်…"


ခယ်ရှောင်ပင်း၏ ရောက်ရှိရာသည် စင်္ကြံ၏အနောက်ဘက်စွန်းရှိ ရုံးခန်းဖြစ်သည်။ အားလုံးကို ရုံးခန်းသို့ပြန်ခေါ်သွားကာ ကွန်ပြူတာဖွင့်လိုက်ရာ ကွန်ပြူတာက ဗလာဖြစ်နေကြောင်း တွေ့ရှိခဲ့ရပြီး hard drive ပေါ်ရှိ ဒေတာအားလုံး မရှိတော့ကြောင်း သိရသည်။


ခယ်ရှောင်ပင်းက အံ့အားသင့်သွားသည်။ 

"ဒါက... ကွန်ပြူတာ hard drive ကို format လုပ်ပြီး ဒေတာအားလုံးကို ရှင်းသွားတာလား?"


ယွဲ့ရှင်းဝမ်သည် သူ့ဘေးရှိ ကွန်ပျူတာအများအပြားကို အလျင်အမြန်ဖွင့်လိုက်ပြီး system ထည့်သွင်းထားသည့် drive C မှလွဲ၍ အချက်အလက်များထည့်နိုင်သည့် hard drive များအားလုံး ဗလာဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ သူက မျက်မှောင်ကြုတ်ကာ မေးသည်။

"ဒေတာတွေကို ပြန်ယူနိုင်လား?"


ခယ်ရှောင်ပင်းက ခေါင်းခါလိုက်သည်။

"အဲဒါကို ရှင်းလင်းထားတာကြောင့် ပြန်ယူလို့မရတော့ဘူး…"


အားလုံးက တွေးဆနေကြချိန်မှာပဲ ရှင်းယန်က ရုတ်တရက် ပြောလာသည်။ 

"ဒီဓာတ်ခွဲခန်းအဆောက်အဦးက အရမ်းထူးဆန်းတယ်လို့ မထင်ဘူးလား?"


ကျန်းဖျင်စစ်က ‌ပေါ့ပါးစွာပြန်ပြောသည်။

"ဒါက တကယ်ထူးဆန်းတယ်… ဒီနေရာက ဗလာဖြစ်နေပြီး ဘယ်သူမှမရှိဘူး…"


ရှင်းယန်: ဒီလိုကြီးမားတဲ့ သုတေသနအဆောက်အဦးမှာ ငါတို့လူအနည်းစုပဲရှိတယ်၊ အခြားဝန်ထမ်းတွေကကော?"


ယွဲ့ရှင်းဝမ်၏ နောက်ကျောတွေ အေးစက်သွားပြီး သူကပြောသည်။

"ဒါက စွန့်ပစ်ထားတဲ့ သုတေသနအဆောက်အဦးများလား? ဒါမှမဟုတ် ဒီမှာ တစ်ခုခုဖြစ်သွားလို့ သုတေသီတွေက စုပေါင်းထွက်ပြေးသွားတာလား?"


ဆေးပညာဌာန၏ ပထမဆုံးသင်တန်းဖြစ်သော ‘စမ်းသပ်ခန်းမှလွတ်မြောက်ခြင်း’သင်တန်းကို တွေးရင်း လျှိုကျောက်ချင်း၏အမူအရာက ရုတ်တရက် လေးနက်သွားသည်။

"ဇီဝသိပ္ပံဌာနရဲ့ သုတေသနအဆောက်အဦးမှာ မျိုးရိုးဗီဇဆိုင်ရာ စမ်းသပ်မှုတွေ လုပ်လိမ့်မယ်… ကွန်ပျူတာက hard drive ကိုလည်း format လုပ်ထားပြီးပြီဆိုတော့ တစ်စုံတစ်ယောက်က စမ်းသပ်မှုဒေတာကို ‌ရှာတွေ့သွားမှာ မလိုလားလို့ထင်တယ်… ဒီတော့ သူတို့က ဒီနေရာရဲ့ အချက်အလက်အားလုံးကို ရှင်းပစ်လိုက်တာပဲ…"


ရွှီယိရှန်းက သူ့မေးစေ့ကို ပွတ်ကာ ပြောသည်။

"လူသားရဲ့ မျိုးရိုးဗီဇအစီအစဉ်က ပေါက်ကြားသွားပြီး စမ်းသပ်ပြင်ဆင်ခံရပြီးတော့ သန္ဓေပြောင်းတွေ ပေါ်လာတယ်… သင်တန်းရဲ့မှတ်ချက်ထဲမှာ အဓိကစကားလုံး အနည်းငယ်ပဲရှိတယ်… ဒီသင်တန်းက ‘Resident Evil’နဲ့ ဆင်တူနေမလား? ‌သန္ဓေပြောင်းတွေရဲ့ ဖြစ်တည်မှုက သာမန်လူသားအဖွဲ့အစည်းကို ထိခိုက်စေမှာလား?"


လူတိုင်း စကားပြောနေကြစဉ် အပြင်မှ တံခါးခေါက်သံ ရုတ်တရက် မြည်လာသည်။ ယွဲ့ရှင်းဝမ်က အံ့အားသင့်သွားပြီး အကယ်၍ စီနီယာအစ်ကိုကျိုသာ အဖွဲ့ကို ဦးဆောင်ပြီးလာခဲ့ပါက သူသည် သုတေသနအဖွဲ့ chat channel တွင် ဦးစွာ နှုတ်ဆက်စကားပြောမှာဖြစ်သည်။ ဘယ်သူက တံခါးလာခေါက်တာလဲ။


ကျန်းဖျင်စစ်သည် သူ၏ညာလက်ကို အနည်းငယ်မြင့်လိုက်ပြီး ကာကွယ်ရေးအတွက် ပြင်ဆင်ကာ ယွဲ့ရှင်းဝမ်ကို အကြည့်တစ်ချက် ပေးလိုက်သည်။


ထိုမှသာ ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။

"ဝင်လာပါ…"


ဆံပင်ဖြူဖြူ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ သူ၏နူးညံ့သိမ်မွေ့သော အပြုံးဖြင့် သူက လူတိုင်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

"မင်းက ငါ့ကို ကာကွယ်ဖို့ မျိုးရိုးဗီဇသုတေသနစင်တာက ပို့လိုက်တဲ့သူတွေလား?"


လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။


ခယ်ရှောင်ပင်းက မျက်မှန်ကိုပင့်တင်ကာ ယဉ်ကျေးစွာ မေးသည်။

"ခင်ဗျားက ဘယ်သူလဲ?"


လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောသည်။

"ငါ့နာမည်က ထန်ယန်ဖြစ်ပြီး ဒီသုတေသနအဆောက်အဉီးရဲ့ ဒါရိုက်တာပါ…"


ယွဲ့ရှင်းဝမ်က မဝံ့မရဲမေးလိုက်သည်။

"ပရော်ဖက်ဆာထန်လား?"


တစ်ဖက်လူက ခေါင်းငြိမ့်လိုက်သည်။

"မှန်တယ်… အချိန်ကုန်နေပြီ၊ သွားကြရအောင်!"


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး တစ်စုံတစ်ခု ထူးဆန်းနေတာကို သူတို့အမြဲခံစားရသည်—— အပိုမေးခွန်းမှာ သူတို့သည် ပရော်ဖက်ဆာထန်ကို လိုက်ပါပို့ဆောင်ရန်ဖြစ်ပြီး ရလဒ်အနေနဲ့ တစ်ဖက်လူကို သူတို့ရှာမတွေ့ခင် သည်ပရော်ဖက်ဆာထန်က သူတို့ကို အရင်ရှာရန် အစပြုခဲ့တာလား။


#TK