Chapter 78
Viewers 23k

Volume 4 : ဗိသုကာဌာန


Chapter 78 (အဖွဲ့ဝင် ၀၁)


ကျန်းဖျင်စစ်သည် လူတိုင်းကို နောက်ဆုံးလှေကားမှ ဦးဆောင်သွားပြီး လှေကားအဆုံးရှိ တံခါးကို တွန်းဖွင့်လိုက်သည်။


ယွဲ့ရှင်းဝမ် မော့ကြည့်လိုက်တော့ ဒါက အဆောက်အဦး၏ ခေါင်မိုးဖြစ်ပြီး အပေါ်က ကောင်းကင်ကြီးသည် ဘာအရောင်မှ ရောယှက်ခြင်းမရှိဘဲ ရှင်းလင်းသော အပြာရောင်ဖြစ်နေပြီး အဝေးက အထပ်မြင့်အဆောက်အဦးများနှင့် ထူးဆန်းသောမြို့တစ်မြို့ကို တွေ့လိုက်ရသည်။ အားလုံး ခေါင်းမိုးထိပ်ကို တက်သွားသောအခါ လူတိုင်း၏မျက်စိရှေ့တွင် သင်တန်းအောင်မြင်ခြင်းအချက်ပေးသံက တစ်ချိန်တည်းပေါ်လာသည်——


သုတေသနအဖွဲ့: C-183


သင်တန်း: အဆုံးမရှိလှေကားများ


Credit: 3 မှတ်


ရှင်းလင်းရေးရမှတ်: 95 မှတ်


စုစုပေါင်းအမှတ်: 3x95 = 285 မှတ်


သုတေသနအဖွဲ့အပိုဆု: အဖွဲ့ C က 1.5 ဆ အပိုဆုအမှတ်ရရှိပါသည်။ စုစုပေါင်းအမှတ် 428 မှတ် ရရှိပါသည်။


Credit မျှဝေခြင်း လုပ်ဆောင်ချက် ဖြေရှင်းခြင်း:

ရှင်းယန်၊ ချင်မြောင်၊ လျှိုကျောက်ချင်းနှင့် ရွှီယိရှန်းတို့သည် Credit 3 မှတ်နှင့် မျှဝေထားသော အမှတ် 428 ကို ရရှိခဲ့သည်။


သင်တန်းကျရှုံးမှုနှုန်း: 45%


လူခုနစ်ယောက်ရှေ့က ပုံရိပ်သည် လျှပ်တပြက်ဖြင့် စာကြည့်တိုက်ရှိ အခန်းလွတ်ဆီသို့ ပြန်ရောက်သွားကြသည်။


စာမေးပွဲမဖြေဆိုခဲ့သော အဖွဲ့ဝင်လေးဦးသည် အခန်းအတွင်းတွင် လူတိုင်းကို စောင့်မျှော်နေသည်။ လျှိုကျောက်ချင်းက သူတို့ကိုတွေ့ရန် အမြန်ပြေးလာသည်။

"သင်တန်းအောင်သွားတယ်ဆိုတဲ့ အချက်အလက်ကို ငါတို့လည်း တွေ့လိုက်တယ်… မင်းတို့ရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်… လဲလျောင်းပြီး အနိုင်ရတာက ခံစားလို့ကောင်းတယ်!"


ရွှီယိရှန်းက အပြုံးဖြင့်ပြောသည်။

"95 မှတ်က အရမ်းမြင့်တာပဲ… ဒီတစ်ခေါက် လှေကားဝင်္ကပါက သုဒ္ဓကိန်းဝင်္ကပါထက် ပိုခက်တယ်မလား?"


ကျန်းဖျင်စစ်: "လှေကားဝင်္ကပါက အများကြီး တွက်ချက်စရာ မလိုပါဘူး… ဒါပေမယ့် နေရာက ပိုရှုပ်ထွေးပြီး အခက်အခဲက နည်းနည်းပိုမြင့်တယ်…"


ချင်မြောင်က ရောက်လာပြီး သူမ၏အမြွှာညီမအား မေးသည်။

"လုပ်ငန်းစဉ်က အဆင်ပြေလား?"


ချင်လုက စိတ်ရှုပ်ထွေးသောအမူအရာဖြင့် ပြောသည်။

"ငါ ဝင်္ကပါရဲ့ ဖွဲ့စည်းပုံကို နားမလည်သေးပေမယ့် လမ်းလျှောက်ပြီး ထွက်လာခဲ့တာပဲ…"


လင်းမန့်လော်က အပြုံးဖြင့် ပြောသည်။

"နောက်ဆုံးသုံးထပ်ကို ငါတို့ ဘယ်လိုဖြတ်သွားကြလဲ ငါလည်းနားမလည်ဘူး…"


ကျန်းရှောင်နျန်က ဂရုတစိုက် ရှင်းပြသည်။

"နောက်ဆုံးသုံးထပ်ရဲ့နေရာက လုံးဝကိုဖရိုဖရဲပဲ… လှေကားတွေအားလုံးက ရွေ့လျား လှည့်ပတ်နေပြီး နေရာတစ်ခုတည်းလိုပဲ… လှေကားက အခြားလှေကားတစ်ခုနဲ့ ချိတ်ဆက်တိုင်း အခြားနေရာတစ်ခုကို ဝင်ရောက်သွားနိုင်ချေရှိတယ်… ကျွန်တော်တို့က လက်ရှိအထပ်ရဲ့ လှေကားနဲ့ မျက်နှာကျက်ကြားက အကွာအဝေးကိုတိုင်းတာပြီး စီနီယာအစ်ကိုကျိုကို အမှတ်အသားလုပ်လို့ တောင်းဆိုလိုက်တယ်…"


ကျိုဖုန်း: "ဟုတ်တယ်… အမှတ်အသားလုပ်ပြီးနောက် ငါ ဖျင်စစ်ရဲ့ နည်းလမ်းအတိုင်း 10 ထပ်ကနေ 12 ထပ်အထိ ငါးခါလောက်လမ်းလျှောက်ပြီးမှ ခေါင်းမိုးပေါ်တက်တဲ့ တံခါးကို တွေ့လိုက်ရတယ်… ဒီဝင်္ကပါကိုဖြတ်ရင်း ငါမူးဝေလုနီးပါးပဲ၊ အကွာအဝေးစိတ်ကူးနိုင်စွမ်းကောင်းတဲ့ ကျောင်းသားတွေသာမပါရင် ဒီဝင်္ကပါကိုဖြတ်ဖို့ အရမ်းခက်ခဲတယ်… ပြီးတော့ အဖွဲ့ကိုဦးဆောင်ဖို့ 3D ဂျီသြမေတြီ ကျွမ်းကျင်တဲ့ သူတစ်ယောက်လည်း ရှိရမယ်…"


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်၏ပခုံးကို ပုတ်လိုက်သည်။

"အလုပ်အရမ်းကြိုးစားခဲ့တာဆိုတော့ မင်းရဲ့ဦးနှောက်ဆဲလ်တွေ အများကြီး ကုန်သွားပြီလား?"


ကျန်းဖျင်စစ်က ပေါ့ပါးစွာ ပြန်ပြောသည်။

"ရပါတယ်…"


ယွဲ့ရှင်းဝမ်က ပြုံးကာ လူတိုင်းကို ကြည့်လိုက်သည်။

"သတင်းကောင်းကတော့ 3 ထပ်မှာရှိတဲ့ ဗိသုကာဌာနကို ငါတို့တွေ ရှင်းလင်းလို့သွားပြီ!"


အနီးပတ်ဝန်းကျင်ရှိ ကျောင်းသားများ၏ လက်ခုပ်သံများ ထွက်ပေါ်လာသည်။


နှစ်ရက်အတွင်း မသင်မနေရသင်တန်းသုံးခုကို ပြီးမြောက်ခဲ့သည်။ သူတို့အဖွဲ့ဟာ တကယ်ကို စွမ်းဆောင်ရည်ကောင်းခဲ့ပါသည်။ သင်တန်းအားလုံးကို တစ်ထိုင်တည်း ပြီးသွားခဲ့ပြီး သူတို့တွေ သင်တန်းကျရှုံးခြင်းမရှိသလို အမှတ်တွေလည်း မြင့်မားခဲ့သည်။


ကျိုဖုန်းက မေးသည်။

"ငါတို့တွေ မနက်ဖြန် 4 ထပ်ကို တိုက်ရိုက်သွားကြမှာလား?"


ယွဲ့ရှင်းဝမ်: "အင်း… ဗုဒ္ဓဟူးနေ့ကနေသောကြာနေ့အထိ 3 ရက်ရှိသေးတာကြောင့် ကျွန်တော်တို့ နောက်ထပ်ဌာနတစ်ခုကို အောင်နိုင်တယ်…"


ဤအရှိန်ဖြင့် တစ်ပတ်လျှင် ဌာနနှစ်ခုကို ရှင်းလင်းမည်ဆိုပါက တစ်လကျော်အတွင်း စာကြည့်တိုက်မှ ထွက်ပြီး သူတို့တွေ ကမ္ဘာအစစ်သို့ ပြန်လာနိုင်မည်ဟု ခန့်မှန်းရသည်။ လူတိုင်းသည် ဘာမှမပြောကြပေမယ့် အားလုံးက သည်တစ္ဆေနေရာကနေ မြန်မြန်ဘွဲ့ရဖို့ မျှော်လင့်နေကြသည်။


ကျိုဖုန်း: "ကျိုတိုတက္ကသိုလ်က ယွိမင်ယွီနဲ့ သူ့အဖွဲ့ကလည်း ဒီအပတ်မှာ 4 ထပ်ကို သွားပြီ… 4 ထပ်က ဇီဝသိပ္ပံဌာနတဲ့…"


ရွှီယိရှန်း၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။

"ဇီဝသိပ္ပံဌာနလား? သင်တန်းကခက်လား?"


ကျိုဖုန်း: "သူတို့က အရင်က လေးယောက်အဖွဲ့ဖြစ်ပြီး စာမေးပွဲမဖြေခင် လူ 12 ယောက်ပါတဲ့ သုတေသနအဖွဲ့ကို သွားချင်တာကြောင့် လူစုဆောင်းပြီး သူတို့အဖွဲ့ကိုတိုးချဲ့ခဲ့တယ်… သူတို့က စာမေးပွဲ မဖြေရသေးတော့ သင်တန်းရဲ့ တိကျတဲ့အကြောင်းအရာကို မသိရသေးဘူး…"


ယွဲ့ရှင်းဝမ်၏ သုတေသနအဖွဲ့ ဖွဲ့စည်းခြင်း လုပ်ငန်းစဉ်သည် အတော်လေး ချောမွေ့ခဲ့သည်။ အစပိုင်းတွင် သူသည် စီနီယာအစ်ကိုကျိုဖုန်းနှင့် သူ၏အဖွဲ့ဝင်နှစ်ယောက်တို့ဖြင့် တွေ့ဆုံခဲ့ပြီး သူတို့အဖွဲ့နှစ်ဖွဲ့ကို ပေါင်းစည်းခဲ့သညိ။ နောက်ပိုင်းမှာ ရှင်းယန်၊ အမြွှာညီအစ်မဖြစ်သော ချင်မြောင်နှင့် ချင်လု၊ ကျန်းရှောင်နျန်အပါအဝင် လူ 11 ယောက် ရှိလာခဲ့သည်။


ကျိုတိုတက္ကသိုလ်မှ အဖွဲ့သည် သိပ္ပံကျောင်းသားများဖြစ်ကြပြီး သူတို့၏တိုးတက်မှုကို 4 ထပ်တွင် ရပ်တန့်ထားသည်။ စီနီယာအစ်ကိုယွိသည် ဝိဇ္ဇာဘာသာရပ်မှ အဖွဲ့ဝင်တချို့ကို စုဆောင်းပြီး နောက်ပိုင်းတွင် အတန်းများကို ဆက်လက်တက်မည်ဖြစ်သည်။ အဆင့် 3 သုတေသနအဖွဲ့သည် "X အဖွဲ့၀င်များ" နှင့် "Credit မျှဝေခြင်း" ၏လုပ်ဆောင်ချက်များကို ဖွင့်ပေးမည်ဖြစ်သောကြောင့် အဆင့် 3 သုတေသနအဖွဲ့သို့ တိုက်ရိုက်အဆင့်မြင့်တာက ပို၍အဆင်ပြေမည်ဖြစ်သည်။


ယွဲ့ရှင်းဝမ်က မေးသည်။

"စီနီယာအစ်ကိုယွိရဲ့အဖွဲ့က ပြည့်သွားပြီလား?"


ကျိုဖုန်း: "အင်း… မနေ့ညကပဲ လူ 12 ယောက်ရသွားပြီလို့ ငါ့ကို စာပို့လာတယ်… သူက ဝိဇ္ဇာဘာသာရပ်ကျောင်းသားတွေ အများကြီးရှာတွေ့ခဲ့ပြီး ဒီနေ့ပဲ သူတို့ စာမေးပွဲဖြေခဲ့တယ်… သူတို့ရဲ့တိုးတက်မှုက ငါတို့နဲ့အတူတူပဲ…"


ယွဲ့ရှင်းဝမ်က အဲဒါကို သေသေချာချာ စဉ်းစားပြီး ပြောသည်။

"ကျွန်တော်တို့လည်း နောက်အဖွဲ့ဝင်တစ်ယောက် ခေါ်သင့်သလား?"


လူ 12 ဦးပါဝင်နိုင်သော သုတေသနအဖွဲ့တွင် အဖွဲ့ဝင် 1 ဦး လိုနေသေးသည်။


ကျန်းဖျင်စစ်: "ငါတို့တွေ နောက်ထပ် ဝိဇ္ဇာဘာသာရပ် မိန်းကလေးတစ်ယောက်ကို ခေါ်ယူလို့ရမယ်ထင်တယ်…"


ယွဲ့ရှင်းဝမ်က သူနဲ့ထပ်တူ အတွေးရှိထားသည်။

"စီနီယာအစ်မမန့်လော်ရဲ့ အိပ်ဆောင်က လေးယောက်ခန်းမှာ နေရာလွတ်တစ်နေရာ ရှိသေးတယ်မလား? ဝိဇ္ဇာဘာသာရပ်က နောက်ထပ်မိန်းကလေးတစ်ယောက်ကို ခေါ်ယူပြီး စီနီယာအစ်မရဲ့ အိပ်ဆောင်ကို ပြောင်းရွှေ့ခိုင်းလိုက်ရင် ကျွန်တော်တို့အဖွဲ့က လူ 12 ယောက် ပြည့်သွားလိမ့်မယ်…"


လက်ရှိတွင် လျှိုကျောက်ချင်း၊ ရွှီယိရှန်း၊ ကျိုဖုန်းနှင့် ကျန်းရှောင်နျန်တို့က F930 ရှိ လေးယောက်ခန်းတွင် နေထိုင်ကြပြီး ရှင်းယန်-ခယ်ရှောင်ပင်း နှင့် ယွဲ့ရှင်းဝမ်-ကျန်းဖျင်စစ်တို့က နှစ်ယောက်ခန်းတွင် နေထိုင်ကြသည်။ အခြားယောင်္ကျားလေးတစ်ဦးကို ခေါ်ယူပါက အိပ်ဆောင်ကို ခွဲဝေပေးရန် မလွယ်ကူပေ။ မိန်းကလေးဘက်တွင် လူ 3 ယောက်သာရှိပြီး ကုတင်တစ်လုံး လစ်လပ်နေသည်။ သူတို့အဖွဲ့၏ဝိဇ္ဇာဘာသာရပ်မှာလည်း အတော်လေး အားနည်းခဲ့သည်။ ဝိဇ္ဇာဘာသာရပ်မှ မိန်းကလေးတစ်ဦးကို ခေါ်ယူခြင်းက အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။


အားလုံးက ဒါကိုကြားသောအခါ ခေါင်းငြိမ့် သဘောတူကြသည်။


လင်းမန့်လော်: "ငါတို့အိပ်ဆောင်က အရမ်းသဟဇာတဖြစ်တယ်… ငါတို့ အခြားမိန်းကလေးတစ်ယောက်ကို ခေါ်မယ်ဆိုရင် သူမကို ငါ့ဘေးနားမှာ အိပ်ခိုင်းလို့ရတယ်…"


ချင်လု: "လူ 12 ယောက်ပါတဲ့ အဖွဲ့ဖွဲ့တာက ပိုကောင်းမယ်ထင်တယ်… သင်တန်းတော်တော်များများမှာ စာမေးပွဲခန်းကို လူ 12 ယောက်နဲ့ ကန့်သတ်ထားတယ်… ငါတို့ရဲ့သုတေသနအဖွဲ့က လူပြည့်သွားရင် သူစိမ်းကျောင်းသားတွေနဲ့ တစ်တန်းတည်းကျမှာကို စိုးရိမ်စရာမလိုတော့ဘူး…"


ကျိုဖုန်းက ယွဲ့ရှင်းဝမ်ကို မေးသည်။

"ရှင်းဝမ်၊ အဖွဲ့ဝင်ကို ဘယ်ဘာသာရပ်နဲ့ မင်း အဓိကရှာချင်လဲ?"


ယွဲ့ရှင်းဝမ်က သေသေချာချာ စဉ်းစားပြီး ပြောသည်။

"ပြီးပြည့်စုံမှုအရ ကျွန်တော့်ရဲ့ လက်ရှိဖွဲ့စည်းမှုမှာ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ တရုတ်ဘာသာစကား၊ သင်္ချာ၊ သမိုင်းနဲ့ ပထဝီတို့ရှိထားပြီ… ကျွန်တော်တို့မှာ နိုင်ငံခြားဘာသာစကားနဲ့ နိုင်ငံရေးမရှိသေးဘူး…"


အထက်တန်းကျောင်း၏ အခြေခံဘာသာရပ်များမှာ တရုတ်ဘာသာစကား၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ နိုင်ငံရေး၊ သမိုင်းနှင့် ပထဝီဝင်ဘာသာရပ်များဖြစ်သည်။ တက္ကသိုလ်များ၏ ဘာသာရပ်များမှာ ‌အထက်တန်းကျောင်းတုန်းက ဘာသာရပ် 9 မျိုးမှ ချဲ့ထွင်ပြီး မွမ်းမံထားသည်။ ဥပမာအားဖြင့် ဆေးပညာသည် ဇီဝဗေဒနှင့် ဓာတုဗေဒအခြေခံ လိုအပ်သည်၊ ဗိသုကာပညာသည် သင်္ချာနှင့် ရူပဗေဒအခြေခံ လိုအပ်သည်၊ စီးပွားရေးနှင့် ဥပဒေကဲ့သို့သော ဘာသာရပ်များတွင် နိုင်ငံရေးအခြေခံကောင်းသော ကျောင်းသားများကို လိုအပ်သည်။


ယွဲ့ရှင်းဝမ်က လူတိုင်းကို ကြည့်လိုက်သည်။

"ငါတို့က နိုင်ငံခြားဘာသာစကား ဒါမှမဟုတ် နိုင်ငံရေးသိပ္ပံနှင့်ဥပဒေကို ရှာမယ်ဆိုရင် ဘယ်ဘာသာရပ်ကို မင်းတို့ပိုကြိုက်လဲ?"


ကျန်းဖျင်စစ်: "ငါကတော့ နိုင်ငံရေးသိပ္ပံနှင့်ဥ‌ပဒေဘာသာရပ်ကို အကြံပေးချင်တယ်…"


ယွဲ့ရှင်းဝမ်လည်း တွေးဆကာ ခေါင်းငြိမ့်လိုက်သည်။

"ငါတို့ရဲ့ နိုင်ငံခြားဘာသာစကားက အားမနည်းပါဘူး… စီနီယာအစ်ကိုရွှီက ကပြားဖြစ်ပြီး သူ့အမေက ဥရောပသားဆိုတော့ သူက နိုင်ငံခြားဘာသာစကားကို ပြောနိုင်လောက်တယ်မလား?"


ရွှီယိရှန်းက ပြုံးကာ ပြောသည်။

"ငါက ပြင်သစ်နဲ့ဂျာမန် ဘာသာစကားနှစ်မျိုးကို ပြောနိုင်ပြီး ထမင်းစားရေသောက်လောက်ကတော့ ပြဿနာမရှိပါဘူး…"


ကျိုဖုန်းက လက်မထောင်ပြသည်။

"မင်းက အရမ်းလျှို့ဝှက်တတ်တာပဲ!"


ရွှီယိရှန်း၏မျက်လုံးက ကျဉ်းမြောင်းသွားပြီး လက်ဝှေ့ယမ်းပြသည်။

"မင်းငါ့ကို မြှောက်နေပြန်ပြီ၊ ငါမလျှို့ဝှက်တတ်ပါဘူး၊ မင်းတို့က မေးမှမမေးတာ…"


လူတိုင်း : "..." 


မင်းက တကယ်ကို နှိမ့်ချနေတာမဟုတ်ဘူးပဲ!


ဂျပန်၊ ကိုးရီးယား၊ ပြင်သစ်၊ ဂျာမန်၊ ရုရှားစသည့် နိုင်ငံခြားဘာသာစကားဌာနတွင် ဘာသာစကားများစွာ ရှိပါသည်။


နိုင်ငံခြားဘာသာစကားဌာနတစ်ခုရှိ အဖွဲ့ဝင်တစ်ဦးကို ရှာရင်လည်း ဘာသာစကား ခုနစ်မျိုး၊ရှစ်မျိုး ကျွမ်းကျင်သောလူကို သူတို့ရှာတွေ့ရန် မဖြစ်နိုင်ပေ။


နိုင်ငံခြားဘာသာစကားဌာန၏ စွမ်းရည်မှာ မည်ကဲ့သို့ စွမ်းရည်ဖြစ်သည်ကို မသိရသေးသော်လည်း စာကြည့်တိုက်တွင် သူတို့‌မရေတွက်နိုင်သော ဘာသာရပ်စွမ်းရည်များစွာရှိသည်။ ယေဘုယျအားဖြင့် ထိန်းချုပ်မှု၊ တိုက်ခိုက်မှု၊ နေရာရွှေ့ပြောင်းမှုနှင့် သူတို့လက်ရှိအဖွဲ့စွမ်းရည်ပေါင်းစပ်မှုက အလွန်ပြီးပြည့်စုံပါသည်။ သူတို့သည် နောက်ပိုင်းအဆင့်မှာ နိုင်ငံခြားဘာသာစကားဌာနကို ကျော်ဖြတ်နိုင်သ၍ ဒါကလုံလောက်နေပါပြီ။


ယွဲ့ရှင်းဝမ်: "စီနီယာအစ်ကိုရွှီကို နိုင်ငံခြားဘာသာစကားဌာနရဲ့ တစ်ဝက်လို့ မှတ်ယူလို့ရတယ်… ကျွန်တော်၊ ဖျင်စစ်၊ စီနီယာအစ်ကိုကျို၊ စီနီယာမန့်လော်နဲ့ ရှောင်ခယ်တို့အားလုံးက CET-6 ကို အောင်ထားပြီးပြီ… အခြားနိုင်ငံခြားဘာသာစကားကို သိတဲ့သူတွေရှိသေးလား?"

『TK: CET(Collage English Test)ဆိုတာက ဘွဲ့ရတော့မယ့်တက္ကသိုလ်ကျောင်းသားတွေ(သို့)ဘွဲ့လွန်တက္ကသိုလ်ကျောင်းသားတွေအတွက် တရုတ်အစိုးရစစ်‌ဆေးတဲ့ အင်္ဂလိပ်ဘာသာစကား အသိအမှတ်ပြုလက်မှတ်ဖြစ်ပါတယ်။ CET-4, CET-6 နှစ်မျိုးရှိပြီး တတိယနှစ်ရောက်တာနဲ့ CET-4 ကို ဖြေထားနှင့်ပြီး CET-6 ဖြေဖို့ ရွယ်ထားသူဖြစ်သင့်ပါတယ်။ ဘွဲ့ရ(သို့)ဘွဲ့လွန်တွေအတွက် CET လက်မှတ်ကို ကိုင်ဆောင်ထားသူမှ အလုပ်အကိုင်ကောင်းတာဖြစ်ပါတယ်။』


ခယ်ရှောင်ပင်းက လက်မြှောက်လိုက်သည်။

"ငါ ဂျပန်စကား နည်းနည်းပြောတတ်တယ်…"


ရှင်းယန်က သူ့ကို အံ့အားသင့်စွာ ကြည့်လာသည်။

"မင်း ဘယ်တုန်းက ဂျပန်စကားသင်လိုက်တာလဲ?"


ခယ်ရှောင်ပင်းက လေးနက်စွာ ရှင်းပြသည်။

"ငါက တစ်ခါတစ်လေ ဂျပန် anime တွေ ကြည့်တာကြောင့် ဂျပန်ဘာသာစကားသင်တန်းမှာ နှစ်နှစ်စာ စာရင်းသွင်းခဲ့တယ်…" သူက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့ကာ "ထမင်းစားရေသောက်လောက်ကတော့ အဆင်ပြေပေမယ့် အရမ်းရှုပ်ထွေးရင်တော့ ငါနားမလည်ဘူး…"


ယွဲ့ရှင်းဝမ်က ဘာမှမပြောသေးသော လူအနည်းငယ်ကို ကြည့်ပြီး မေးလိုက်သည်။

"အခြားသူတွေကော ဘယ်လိုလဲ?"


လျှိုကျောက်ချင်း: "CET-6 က ဘွဲ့ရတွေအားလုံး အောင်ထားဖို့လိုတယ်လေ…"


ရှင်းယန်: "CET-6…"


ချင်လု: "ငါနဲ့ ငါ့အစ်မက CET-4 ကို အောင်ထားပြီးပြီ… ဘွဲ့မရခင် ငါတို့တွေ CET-6 ကို ဖြေဖို့ စီစဉ်ထားတယ်…"


ကျန်းရှောင်နျန်က ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ကာ ပြောသည်။

"ဒီနှစ်မှ CET-4 ကိုဖြေဖို့ ကျွန်တော် စာရင်းသွင်းထားတုန်းပဲ ‌ရှိသေးတယ်… စာမေးပွဲမဖြေရသေးခင် ကျွန်တော် စာကြည့်တိုက်ထဲကို ဆွဲသွင်းခံလိုက်ရတယ်…"


ရွှီယိရှန်းက လေးနက်သောအပြုံးဖြင့် ပြောသည်။

"ဂျူနီယာညီလေးက ပထမနှစ်ပဲရှိသေးတာ CET-4 ကို ဖြေတော့မှာပေါ့၊ မင်းက အရမ်းအထင်ကြီးစရာကောင်းတာပဲ…"


ကျိုဖုန်းက သက်ပြင်းချလိုက်သည်။

"အားလုံးက CET-4 ကို အောင်ထားကြပြီး ငါတို့ထဲကတစ်ဝက်က CET-6 ကို အောင်ထားတယ်… ငါတို့အဖွဲ့ထဲမှာလည်း ပြင်သစ်၊ ဂျာမန်၊ ဂျပန်လို ပြောတတ်တဲ့သူတွေရှိတယ်… ဒီတော့ နိုင်ငံခြားဘာသာစကားဌာနက အဖွဲ့ဝင်ကိုရှာဖို့ မလိုတော့ဘူးထင်တယ်…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြီး ပြောသည်။

"နောက်ပိုင်းအထပ်မှာ နိုင်ငံခြားဘာသာစကားဌာနရှိလာရင် မသင်မနေရသင်တန်းတွေထဲက တစ်ခုကတော့ အင်္ဂလိပ်စာဖြစ်နိုင်ပြီး အခြားသာမန်ဘာသာစကားသင်တန်းတွေကိုတော့ အဲဒီအချိန်ရောက်ရင် အကူအညီတောင်းဖို့ X အဖွဲ့ဝင်တွေ ခေါ်လိုက်မယ်… ပုံသေအဖွဲ့ဝင်အဖြစ် နိုင်ငံရေးသိပ္ပံနှင့်ဥပဒေဌာနကို ရှာတာ ပိုကောင်းတယ်…"


ကျန်းဖျင်စစ်က သူ့ကိုကြည့်ကာ မေးသည်။

"ဖိုရမ်ကနေ ခေါ်ချင်လား? ဒါမှမဟုတ် အကြံပြုဖို့အတွက် အသိမိတ်ဆွေကနေ ရှာချင်တာလား?"


ကျိုဖုန်းက အကြံပြုလာသည်။

"အသိမိတ်ဆွေတွေရဲ့ အကြံပြုချက်က ပိုစိတ်ချရတယ်လို့ ငါထင်တယ်… ရှင်းဝမ်နဲ့ ဖျင်စစ်တို့ရဲ့ လူကြိုက်များမှုက အရမ်းမြင့်မားပြီး fanboy၊ fangirl တွေ အရမ်းများတယ်… ဒီတော့ ငါတို့က ဖိုရမ်ကနေ လူသစ်ခေါ်မယ်ဆိုရင် လာလျှောက်သူတွေ အရမ်းများလိမ့်မယ်…"


ယွဲ့ရှင်းဝမ်က နည်းဗျူဟာမြောက်များစွာကို တင်ထားပြီး ကျန်းဖျင်စစ်၏ သုဒ္ဓကိန်းများဝင်္ကပါနည်းဗျူဟာကလည်း ပင်မစာမျက်နှာတွင် ပေါ်နေဆဲဖြစ်သည်။ သူတို့တွေ ပြန်ရောက်လျှင် အဆုံးမရှိလှေကားများဝင်္ကပါအတွက်လည်း နည်းဗျူဟာရေးမှာဖြစ်သည်။ ထိပ်တန်းကျောင်းသားနှစ်ယောက် ဦးဆောင်သော C-183 သုတေသနအဖွဲ့သည် ဖိုရမ်တွင် အဖွဲ့ဝင်များစုဆောင်းခြင်းဆိုင်ရာ သတင်းကို ထုတ်ပြန်သောအခါ ကျောင်းသားအများအပြား လာရောက်ကြမည်မှာ အမှန်ပင်ဖြစ်သည်။ ထိုလူအများအပြားကို ရွေးချယ်ဖို့က မလွယ်သလို ‌အရွေးမခံရသော လူများကိုလည်း စော်ကားသလိုဖြစ်လိမ့်မည်။ 


ထို့ကြောင့် အဖွဲ့ဝင်တစ်ယောက်ကိုရှာတာက အလွန်အကျွံမလှုပ်ရှားသင့်ဘဲ သူတို့ကို သီးသန့်ရှာဖွေခြင်းက အကောင်းဆုံးဖြစ်သည်။


ယွဲ့ရှင်းဝမ်က ခဏလောက် စဉ်းစားပြီး ပြောသည်။

"ဟွာအန်းတက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံနှင့်ဥပဒေဌာနက ကျောင်းသားဟောင်းတွေကို ရှာရတာ ပိုကောင်းလား? ဒါမှမဟုတ် အခြားတက္ကသိုလ်တွေကနေ ရှာရတာ ပိုကောင်းလား?"


လက်ရှိအဖွဲ့ထဲတွင် ချင်လုတစ်ယောက်တည်းကသာ တစ်နိုင်ငံလုံးတွင် ထိပ်တန်းတက္ကသိုလ် 10 ခုမှ တစ်ခုဖြစ်သော နန်ယန်ကျောင်းထုံးတက္ကသိုလ်၏ ပထဝီဝင်စီမံကိန်းဘာသာရပ်မှဖြစ်သည်။ သူမအစ်မနောက်သို့ လိုက်ခဲ့တာကြောင့် ဒီအဖွဲ့ထဲဝင်ခဲ့ခြင်းဖြစ်သည်။ အခြား 10 ယောက်ကတော့ ဟွာအန်းတက္ကသိုလ်မှ ဖြစ်ကြသည်။


လင်းမန့်လော်က အကြံပြုသည်။

"နိုင်ငံရေးသိပ္ပံနှင့်ဥပဒေနဲ့ ပတ်သက်ရင် အင်အားအကြီးဆုံးက ပေကျင်းတက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံနှင့်ဥပဒေဌာနပဲ… ငါတို့တက္ကသိုလ်ရဲ့ ဥပဒေဌာနက အားမနည်းဘူးဆိုပေမယ့် ပေကျင်းနိုင်ငံရေးသိပ္ပံနှင့်ဥပဒေထက်တော့ နည်းနည်းနိမ့်ကျတယ်… ငါ မုယွင်နဲ့ စကားပြောပြီး သူမကို အကြံပေးခိုင်းလိုက်ရမလား?"


အမျိုးသမီးဥက္ကဋ္ဌအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည့် ပေကျင်းတက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံနှင့်ဥပဒေမှ ကျောင်းသားကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ ချန်မုယွင်သည် တစ်ချိန်က စကားရည်လုပွဲ၌ ယွဲ့ရှင်းဝမ်နှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ယခုတစ်ကြိမ်တွင် စာကြည့်တိုက်၏ ကျောင်းသားသဘောတူညီချက်ကိုလည်း ရေးဆွဲခဲ့သည်။


တက္ကသိုလ်မဟာမိတ်ဖွဲ့ခြင်း အစည်းအဝေးအပြီးတွင် လင်းမန့်လော်နှင့် ချန်မုယွင်တို့သည် သီးသန့်အဆက်အသွယ်ရှိခဲ့သည်။


သူမ အကြံပြုသော ကျောင်းသားများက အားမနည်းမှာ သေချာပါသည်။ ယွဲ့ရှင်းဝမ်က ရိုးရိုးရှင်းရှင်းပဲ ခေါင်းငြိမ့်လိုက်သည်။ "ဒါဆို ချန်မုယွင်ကို အကြံပေးခိုင်းဖို့အတွက် စီနီယာအစ်မကိုပဲ အလုပ်ရှုပ်ခိုင်းရတော့မယ်… သူတို့တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံနှင့်ဥပဒေဘာသာရပ်တွေ အများကြီးရှိပြီး သူတို့အဖွဲ့က နိုင်ငံရေးသိပ္ပံနှင့်ဥပဒေဌာနရဲ့ ကျောင်းသားတော်တော်များများကို ခေါ်ထားဖို့မဖြစ်နိုင်ဘူး…"


လင်းမန့်လော်: "ကောင်းပြီ၊ ငါပြန်သွားတာနဲ့ သူမကို ဆက်သွယ်လိုက်မယ်…"


အိပ်ဆောင်သို့ပြန်ရောက်ပြီးနောက် လင်းမန့်လော်က ချန်မုယွင်ကို ဖိုရမ်စာတစ်စောင် ပေးပို့ခဲ့သည်။

"မုယွင်၊ ငါတို့ သုတေသနအဖွဲ့မှာ လူ 11 ယောက်ရှိနေပြီ၊ တစ်ယောက်ပဲ ကျန်တော့တယ်… ရှင်းဝမ်က နိုင်ငံရေးသိပ္ပံနှင့်ဥပဒေဘာသာရပ်ဖြစ်တဲ့ အဖွဲ့ဝင်ကို ရှာချင်နေတာ… နင့်မှာ သင့်တော်တဲ့သူရှိရင် ငါတို့ကို အကြံပေးဖို့ ကူညီပေးပါလား?"


ချင်မုယွင်က လျင်မြန်စွာ ပြန်ပြောသည်။

"ဥပဒေဘာသာရပ်ဆို အဆင်ပြေပြီလား? ငါ့ဘက်မှာ ဥပဒေကျောင်းသားတွေ အရမ်းများနေလို့!"


လင်းမန့်လော်: "ရတယ်၊ ငါတို့ ဥပဒေကျောင်းသားကို လိုချင်တယ်…"


ချင်မုယွင်: "သူမ သွားဖို့ ဆန္ဒရှိ၊မရှိကို ငါမေးပြီးရင် နင်တို့ကို အဖြေပြန်ပေးမယ်…"


#TK