Chapter 76
Viewers 23k

Volume 4 : ဗိသုကာဌာန


Chapter 76 (အဆုံးမရှိလှေကားများ ၀၃)


Möbius strip က ဘယ်တော့မှ အပြင်မထွက်နိုင်ဘဲ အဆုံးမရှိသော လမ်းကြောင်းတစ်ခု ဖြစ်လာရသည့် အကြောင်းရင်းက စာရွက်လိပ်ပြီးသောအခါ အစနဲ့အဆုံးဟာ တစ်ဆက်တည်းဖြစ်နေလို့ပဲဖြစ်သည်။ ဤချိတ်ဆက်မှုအမှတ်ကို ဖြတ်နိုင်သ၍ လိပ်နေတာက ပုံမှန်ပြန်ဖြစ်သွားမှာဖြစ်ပြီး Penrose Staircase မှာလည်း အလားတူပင်ဖြစ်သည်။


ထိုအချိန်တွင် လူခုနစ်ဦးစလုံးသည် "4" ဟူသော အမှတ်အသားရှိသည့် လှေကားပေါ်တွင် ရပ်နေကြသည်။ ရှင်းဝမ်၏သဘောတူညီချက်ကိုရရှိပြီးနောက် ကျန်းရှောင်နျန်သည် လှေကားအထပ် "4" နှင့် "1" ကြားရှိ ဆက်သွယ်မှုအမှတ်ကို ဖြတ်တောက်ရန် မြေတူးစက်ကို အသုံးပြုခဲ့သည်။


လိမ္မော်အဝါရောင် မြေတူးစက် တူးလိုက်သည်နှင့် တစ်ပြိုင်နက် အဆောက်အဦးတုံးများ ကျိုးသွားသကဲ့သို့ လူတိုင်း၏ နားထဲတွင် "ဘမ်း" ဟူသော အသံတစ်ခု ထွက်ပေါ်လာသည်။ ပြီးနောက် ချက်ချင်းပင် "ဝှီး" ဟူသော အသံတစ်ခုထွက်ပေါ်လာပြီး သူတို့၏ခြေထောက်အောက်ရှိ လှေကားများက အမှန်တကယ်ပင် လှည့်ပတ်လာသည်။


ယွဲ့ရှင်းဝမ်က ချက်ချင်းသတိပေးသည်။

"အားလုံး သေချာရပ်ထားကြ!"


လူတိုင်းက တုန်ခါနေပြီး လှေကားလက်ယာဘက်ရှိ လက်ရန်းကို အလျင်အမြန် ဆုပ်ကိုင်ထားကြသည်။ လှေကားတစ်ခုလုံးသည် သူတို့တွေ မြဲမြံစွာမရပ်နိုင်မီ လက်ဝဲရစ်ဖြင့် 180 ဒီဂရီလှည့်ပတ်နေခဲ့သည်။ 


အားလုံးက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။


ခယ်ရှောင်ပင်းက တိုးတိုးပြောသည်။

"ဟယ်ရီပေါ်တာထဲက မှော်ရဲတိုက်ကြီးလား?"


ချင်လုက အံ့အားသင့်သွားသည်။

"ဒီလှေကား တကယ်ရွေ့နေတယ်… လျှို့ဝှက်စက်ယန္တရားတစ်ခုခု ရှိနေပုံရတယ်…"


သူတို့ရှေ့တွင် "4"အမှတ်အသားရှိသည့် လှေကားနှင့် ချိတ်ဆက်ထားသော အခြားလှေကားတစ်ခုရှိပြီး ရှေ့လှေကားတွင် "1"အမှတ်အသားမရှိပေ။ ဆိုလိုသည်မှာ 1၊ 2၊ 3၊ 4 ပါရှိသော မူလအဆင့်လေးဆင့်လှေကားသည် အစနဲ့အဆုံး ချိတ်ဆက်ထားပြီး အဆက်မပြတ် လည်ပတ်နေကာ ချိတ်ဆက်မှုအမှတ် ပြတ်တောက်သွားသောကြောင့် ရစ်ပတ်နေသောနေရာက ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိသွားပြီး "4"၏ထိပ်က "1"နှင့် ချိတ်ဆက်မထားတော့ဘဲ လှေကားအထပ်အသစ်များ ဖြစ်သွားသည်။


ယွဲ့ရှင်းဝမ်က အပေါ်ကို ကြည့်လိုက်ရာ ရင်းနှီးသော မှန်မျက်နှာကျက်ကို မြင်နေရဆဲဖြစ်သည်။ သူ့ပတ်ဝန်းကျင်က မြင်ကွင်းသည် လုံးဝပြောင်းလဲသွားပုံမပေါ်ဘဲ လှေကားထစ်တွေအားလုံးက အရင်ကနဲ့ အတူတူပဲဖြစ်သည်။


မသိစိတ်ကနေ သူတို့သည် လှေကား၏ လှည့်ပတ်ခြင်းအတိုင်း အမှန်တကယ် လိုက်လျှောက်ပြီး အခြားနေရာသို့ ရောက်သွားကြသည်။


ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ရှောင်နျန်၊ အကွာအဝေးကို တိုင်းလိုက်…"


ကျန်းရှောင်နျန်က သူ၏လေဆာ theodolite ကို ချက်ချင်း ထုတ်လိုက်ပြီး လက်ရှိလှေကားနှင့် မျက်နှာကျက်အကွာအဝေးကို တိုင်းတာပြီး အံ့အားသင့်စွာ ပြောလာသည်။

"အကွာအဝေးပြောင်းသွားပြီ၊ 27.5 မီတာ!"


အခုလေးတင် သူတို့သည် မျက်နှာကျက်နဲ့ မီတာ 30 ဝေးနေခဲ့သည်။


ပထမထပ်မှ ဒုတိယ၊ တတိယ၊ လေးထပ်အထိ တက်ခဲ့ပြီး သူတို့ ဘယ်အထပ်မှာပဲ သူတို့ရောက်နေပါစေ မျက်နှာကြက်မှ အကွာအဝေးသည် မီတာ 30 ရှိသည်။ ဆိုလိုသည်မှာ သူတို့သည် မျက်နှာပြင်ပေါ်တွင် အပေါ်ကိုတက်နေပေမယ့် တကယ်တော့ သူတို့သည် ထူးဆန်းသောပြင်ညီမျက်နှာပြင်ပေါ်တွင် လှည့်ပတ်နေခြင်းဖြစ်သည်။


Penrose Stairs ၏ ထူးဆန်းသောအချက်မှာ— မျက်စိမှမြင်ရသည့်အရာသည် ခန္ဓာကိုယ်အတွင်းရှိနေရာနှင့် မကိုက်ညီပေ။


ယခုအခါ မျက်နှာကျက်ကနေ သူတို့သည် 27.5 မီတာ အကွာတွင်ရှိနေပြီး 2.5 မီတာ တက်သွားတာ သိသာပါသည်။


ကျန်းဖျင်စစ်: "ကြည့်ရတာတော့ ငါတို့တွေ ပထမထပ်ကနေ ထွက်သွားနိုင်ပြီထင်တယ်…"


ကျန်းရှောင်နျန်က စိတ်လှုပ်ရှားစွာပြောသည်။

"အထပ်တစ်ထပ်စီက 2.5 မီတာမြင့်တယ်… အခုလေးတင် မျက်နှာကျက်နဲ့ မီတာ 30 ဝေးတယ်… အစက ကျွန်တော်တို့ ပထမထပ်မျက်နှာပြင်မှာ ရှိနေတယ်လို့ဆိုပါစို့… အခု ကျွန်တော်တို့က 27.5 မီတာပဲ ဝေးတော့တာဆိုတော့ ဒါကမှ ဒုတိယထပ်မျက်နှာပြင်အမှန်ပေါ့!"


ကျန်းဖျင်စစ်က မျက်လုံးများကိုမှိတ်ထားပြီး သူ့စိတ်ထဲတွင် 3D ဂျီဩမေတြီပုံစံတစ်ခုကို အမြန်ဆွဲလိုက်သည်။


သူ၏အတွေးအမြင်တွေကို ရှင်းလင်းပြီးနောက် ယွဲ့ရှင်းဝမ်ကိုကြည့်လိုက်ပြီး ပြောသည်။ 

"ဒီအဆောက်အဦးကို မျှော်စင်ပုံစံအဆောက်အအုံလိုမျိုး ငါတို့နားလည်နိုင်တယ်… စုစုပေါင်းအမြင့်က 30 မီတာ၊ အထပ်အမြင့်က 2.5 မီတာ၊ မျှော်စင်က စုစုပေါင်း 12 ထပ်ရှိတယ်… မျှော်စင်ရဲ့ အထပ်တစ်ထပ်စီက သီးခြားနေရာတစ်ခုဖြစ်ပြီး အတွင်းပိုင်းနေရာက တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားတဲ့ အဆင့်လေးဆင့်စက်ဝိုင်းလှေကားတစ်ခုဖြစ်တယ်… ‌မျှော်စင်ရဲ့ အထပ်တစ်ထပ်စီက လျှို့ဝှက်စက်ယန္တရားတွေဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားတယ်…"


နားထောင်နေစဉ်တွင် ခယ်ရှောင်ပင်းသည် လက်ပ်တော့ပေါ်တွင် ပုံကြမ်းတစ်ခုကို ဆွဲခဲ့ပြီး မကြာမီတွင် လှေကား 4 စင်းပါရှိသည့် 12 ထပ်မျှော်စင်တစ်ခု၏ အဆောက်အဦးပုံကို ရေးဆွဲခဲ့သည်။ ခယ်ရှောင်ပင်းသည် လက်တော့ပ်စခရင်ကို လှည့်လိုက်ပြီး ကျန်းဖျင်စစ်ကို မေးသည်။

"ဒီလိုမျိုး မင်းပြောချင်တာလား?"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်သည်။

"တူညီလုနီးပါး…"


ကျန်းရှောင်နျန်က ပုံကြမ်းကိုကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။

"ဒါက အတော်လေးရှင်းပြီး မျှော်စင်ရဲ့ အထပ်တစ်ထပ်စီမှာတဲ့ ‌အတွင်းပိုင်းနေရာတွေကို သီးခြားတွက်ချက်ထားတယ်… အခု ကျွန်တော်တို့က ပထမထပ်ကနေ ဒုတိယထပ်ကို ရောက်လာပြီ… အခုလေးတင် အထပ်နှစ်ထပ်ကြားက စက်ယန္တရားချိတ်ဆက်မှုက လှေကား '4' နဲ့ လှေကား '1' ကြားမှာဖြစ်တယ်…"

သူက ‌တလေးတစားကြည့်ကာ ကျန်းဖျင်စစ်ကို ပြောသည်။

"စီနီယာအစ်ကိုလည်း ဗိသုကာဒီဇိုင်းကို နားလည်တာလား?"


ကျန်းဖျင်စစ်က ပေါ့ပါးစွာ ဆိုသည်။

"3D ဂျီဩမေတြီ တွေးခေါ်မှုနဲ့ နိယာမက အတူတူပဲ…"


လူတိုင်းက အနီးကပ်ကြည့်ရန် ကိုင်းညွတ်လိုက်သည်။ ပုံကြမ်းကို ဆွဲပြီးတာနဲ့ သူတို့ရှေ့က 3D ဝင်္ကပါသည် ပို၍ပုံပေါ်လာသည်ဟု ချက်ချင်း ခံစားလိုက်ရသည်။ အခုလေးတင် သူတို့တက်လို့မရသော စက်ဝိုင်းလှေကားသည် တကယ်တော့ ‘12 ထပ်မျှော်စင်၏ ပထမထပ်နေရာ’ဖြစ်ပြီး ကျန်းရှောင်နျန်က 4 ထပ်နဲ့ 1 ထပ်လှေကား၏ ဆက်သွယ်မှုအမှတ်ကို ဖြတ်ပစ်ရန် မြေတူးစက်ကို အသုံးပြုခဲ့ပြီး ပထမထပ်နေရာက ဒုတိယထပ်နေရာနှင့် ချိတ်ဆက်သွားခဲ့သည်။


သည်လိုဆိုလျှင် ဒုတိယထပ်နေရာနဲ့ တတိယထပ်နေရာကို ချိတ်ဆက်ပေးသည့် စက်ယန္တရားက ဘယ်မှာလဲ။


ယွဲ့ရှင်းဝမ်က သေသေချာချာ စဉ်းစားပြီး ပြောလိုက်သည်။

"ဒီလိုလုပ်ရအောင်… စီနီယာအစ်ကိုကျိုက မျှော်စင်အဆောက်အဦးပုံစံအတိုင်း အမှတ်အသားလုပ်လိုက်… အခုက မျှော်စင်ဒုတိယထပ်မှာဆိုတော့ 2-1၊ 2-2၊ 2-3၊ 2-4 ဆိုပြီး ရေးလိုက်ပြီးတော့ မျှော်စင်တတိယထပ်ကို ရောက်တဲ့အခါ 3-1၊ 3-2 အဲလိုရေးလိုက်… ဒီလိုဆို နောက်ပိုင်းမှာ ရှုပ်ထွေးတာမျိုး မရှိတော့ဘူး…"


လှေကားအားလုံးသည် အတိအကျတူညီပြီး ၎င်းတို့ကို အမှတ်အသားမပြုဘဲ ခွဲခြားရန် ခက်ခဲသည်။ ယွဲ့ရှင်းဝမ်၏ အမှတ်အသားပြုသောနည်းလမ်းသည် အမှန်တကယ်ပင် ပုံပေါ်ပြီး အမှတ်အသားကိုကြည့်ရုံဖြင့် သူတို့ရောက်နေသော မျက်နှာပြင်အဆင့်ကို လူတိုင်းသိနိုင်သည်။


ယွဲ့ရှင်းဝမ်: "စီနီယာအစ်ကို၊ ကျွန်တော်နဲ့ နေရာပြောင်းလိုက်… စီနီယာ အရှေ့ကနေ သွားလိုက်၊ ဒါမှ အမှတ်အသားလုပ်ရတာ အဆင်ပြေမှာ…"


ကျိုဖုန်းက ခေါင်းငြိမ့်ပြပြီး ရွှေရောင်လျှပ်စီးကြောင်းကို ဆင့်ခေါ်ကာ အရှေ့ဘက်လှေကားထစ်များပေါ်တွင် [2-1]အမှတ်အသားကို မီးမြှိုက်လိုက်သည်။


အားလုံးက ဆက်တက်ကြပြီး လှေကားများက အရင်အတိုင်းပဲဖြစ်သည်။ လှေကားများကို 13 ထစ်ဖြင့် ပိုင်းခြားထားပြီး 45 ဒီဂရီထောင့်စောင်းကာ အပေါ်သို့လှည့်၍ စုစုပေါင်း ဒေါင်လိုက်အမြင့် 2.5 မီတာနှင့် ချိတ်ဆက်ထားသော လှေကားများနှင့် 90 ဒီဂရီထောင့်လည်း ရှိပါသည်။


2-1၊ 2-2 နှင့် 2-3 တို့ကို တက်ပြီးနောက် သူတို့သည် ယခုလေးတင် အမှတ်အသားပြုထားသည့် အထပ်'4'သို့ ပြန်ရောက်သွားကြသည်။


‘Penrose လှေကားများ’ကို သူတို့ထပ်တွေ့ပြန်သည်။


ကျိုဖုန်းက အထပ်'4'ပေါ်တွင် '1-4' နှင့် '2-4' ကိုမီးမြှိုက်ခဲ့သည်။


ကျန်းဖျင်စစ်: "အဆင့်လေးက ပထမထပ်နေရာနဲ့ ဒုတိယထပ်နေရာကြားက ဆက်သွယ်မှုအမှတ်လို့ ထင်ရတယ်… ကောက်ချက်ချတာကို အတည်ပြုဖို့ ရှောင်နျန်ကို ထပ်ပြီးတူးကြည့်ခိုင်းလိုက်မယ်…"


ကျန်းရှောင်နျန်က ခေါင်းငြိမ့်ပြပြီး 2-4 နှင့် 2-1 ကြားရှိ ဆက်သွယ်မှုအမှတ်ကို တူးလိုက်သည်။ ရင်းနှီးသော အသံများ ထွက်ပေါ်လာပြီး သူတို့လျှောက်နေသည့် လှေကားများသည် 180 ဒီဂရီ လက်ယာရစ်သို့ တစ်ဖန်လှည့်ပြန်ကာ ထို့နောက်တွင် ရင်းနှီးသော "1" သည် သူတို့ရှေ့တွင် ပေါ်လာသည်။


ယွဲ့ရှင်းဝမ်: "လက်ဝဲရစ် 180 ဒီဂရီလှည့်ပြီး လက်ယာရစ် 180 ဒီဂရီပြန်လှည့်တော့ ငါတို့က အရင်နေရာ ပြန်ရောက်သွားတာလား?"


ကျန်းရှောင်နျန်က သူ၏လေဆာ theodolite ဖြင့် တိုင်းတားပြီး ပြောသည်။

"မျက်နှာကျက်ကနေ မီတာ 30 ဝေးတယ်… ကျွန်တော်တို့ ပထမထပ်ကို တကယ်ပြန်ရောက်ပြီ!"


ကျန်းဖျင်စစ်၏ကောက်ချက်က လုံးဝမှန်ကန်ပုံရသည်။


ယွဲ့ရှင်းဝမ်က ရယ်ကာ ကျန်းဖျင်စစ်၏ပခုံးကို ပုတ်လိုက်သည်။

"မျှော်စင်ပုံစံအဆောက်အဦးထဲမှာ နေရာတစ်ခုစီ သီးခြားရှိနေတယ်လို့ တွက်ချက်ထားတယ်… မင်းရဲ့အတွေးအခေါ်တွေအတွက် ကျေးဇူးတင်ပါတယ်…"


ကျန်းဖျင်စစ်၏ 3D ဂျီသြမေတြီသည် အလွန်အစွမ်းထက်၏။ သူ၏ စိတ်ကူးစိတ်သန်းသည် သာမန်လူများနှင့် မယှဉ်နိုင်တာကို ယွဲ့ရှင်းဝမ်အမြဲသိနေခဲ့သည်။ သူသည် ဗိသုကာဘာသာရပ်မှ မဟုတ်သော်လည်း၊ အချက်အလက်တွေးတောခြင်းနှင့် ဂျီဩမေတြီပုံစံထုတ်ခြင်းတို့ဖြင့် ဤဝင်္ကပါ၏အဓိကဒီဇိုင်းကို ပိုင်းခြားစိတ်ဖြာနိုင်သည်။ ယွဲ့ရှင်းဝမ်သည် သူ့စိတ်ထဲတွင် အလွန်အထင်ကြီးသွားပြီး မနေနိုင်ဘဲ ကျန်းဖျင်စစ်ကို ကြည့်လိုက်သည်။

"မင်း အဖွဲ့ကို ဦးဆောင်လိုက်၊ ငါမင်းနောက်က လိုက်ခဲ့မယ်…"


ကျန်းဖျင်စစ်၏နှုတ်ခမ်းထောင့်များက အနည်းငယ် ကြွတက်လာသည်။

"အင်း…"


သူက ကျိုဖုန်းကို ကြည့်ကာ ပြောလိုက်သည်။

"စီနီယာအစ်ကိုကျို ပထမထပ်က လှေကားတွေကို ပြန်အမှတ်အသားပြုထားလိုက်…"


ကျိုဖုန်းသည် မူလကမီးမြှိုက်ခဲ့သော အမှတ်အသား 2၊ 3 နှင့် 4 ကို 1-2၊ 1-3 နှင့် 1-4 အဖြစ်သို့ ပြောင်းလဲခဲ့ပြီး ၎င်းသည် ပထမထပ်နေရာဖြစ်ကြောင်း ညွှန်ပြနေသည်။ ၎င်းတို့အနက် 1-4 နှင့် 2-4 တို့က စက်ယန္တရား၏ ချိတ်ဆက်မှုဖြစ်သည်။


ကျန်းဖျင်စစ်: "စက်ယန္တရားကို ဖြတ်တောက်ပြီး ဒုတိယထပ်ကို သွားမယ်…"


ကျန်းရှောင်နျန်က ချိတ်ဆက်မှုအမှတ်ကို တစ်ဖန်ပြန်ဖြတ်တောက်လိုက်ပြီး ယခင်က ဒုတိယထပ်နေရာကို ပြန်ရောက်လာသည်။


အားလုံးက ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ကျန်းဖျင်စစ်က ပြောလိုက်သည်။

"2-2 နဲ့ 2-3 ချိတ်ဆက်မှုကို ဖြတ်လိုက်…"


ကျန်းရှောင်နျန်က သူ၏မြေတူးစက်ကို လျင်မြန်စွာ လုပ်ဆောင်ခဲ့ပြီး 2-2 နှင့် 2-3 ၏ ချိတ်ဆက်မှုကို ဖြတ်ပြီးနောက် သူတို့တည်ရှိရာ လှေကား 2-2 သည်လည်း စတင်လည်ပတ်လာသည်။ ယခုတစ်ကြိမ် လှေကားသည် လက်ယာရစ်အတိုင်း 90 ဒီဂရီလှည့်ပတ်ကာ နောက်ထပ်လှေကားဖြင့် ချိတ်ဆက်သွားသည်။ အားလုံးက ရင်းနှီးနေသောရှိသော "1-2" ကိုမြင်လိုက်ရသည်။


လင်းမန့်လော်က အံ့ဩသွားသည်။

"ငါတို့က ပထမထပ်ကို ပြန်ရောက်လာတာလား?"


ကျန်းဖျင်စစ်: "1-4 နဲ့ 1-1 ကို ဖြတ်ပြီး ဒုတိယထပ်ကိုသွားမယ်၊ အဲဒါပြီးရင် 2-3 နဲ့ 2-4 ရဲ့ ချိတ်ဆက်မှုကို ဖြတ်လိုက်…"


ကျန်းရှောင်နျန်က ကျန်းဖျင်စစ်၏ ညွှန်ကြားချက်ကို နာခံစွာ လိုက်နာခဲ့သည်။ အားလုံးက ဒုတိယထပ်ကို ပြန်ရောက်သွားကြသည်။ ကျန်းရှောင်နျန်သည် 2-3 နှင့် 2-4 ကြားက ချိတ်ဆက်မှုအမှတ်ကို ဖြတ်ခဲ့သည်။ လှေကား 2-3 က လှည့်သွားပြီးနောက် အမှတ်အသားမပါသော လှေကားအသစ်တစ်ခုက သူတို့ရှေ့တွင် ပေါ်လာသည်။


ယခုတစ်ကြိမ်တွင် ကျန်းဖျင်စစ်၏သတိပေးချက်မပါဘဲ ကျန်းရှောင်နျန်သည် သူ၏ လေဆာ theodolite ကိုထုတ်ပြီး သူ၏လက်ရှိအနေအထားနှင့် မျက်နှာကျက်၏ အကွာအဝေးကို တိုင်းတာကာ စိတ်လှုပ်ရှားစွာပြောခဲ့သည်။

"မျက်နှာကျက်နဲ့ 25 မီတာ ဝေးတယ်… ကျွန်တော်တို့ မျှော်စင်ရဲ့ တတိယထပ်ကို ရောက်လာပြီ!"


အားလုံးက ရွှင်မြူးသော မျက်လုံးများဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။


ကျန်းဖျင်စစ်က တည်ငြိမ်စွာ ကောက်ချက်ချခဲ့သည်။

"အထပ်တစ်ထပ်စီမှာ Penrose လှေကားလေးစင်းရှိပြီး အစနဲ့အဆုံးကို ချိတ်ဆက်ထားတယ်… လှေကားထစ်တွေကြားက ချိတ်ဆက်မှုအမှတ်တွေမှာ လျှို့ဝှက်စက်ယန္တရားတွေရှိပြီး ချိတ်ဆက်မှုအမှတ်နှစ်ခုက အပေါ်ထပ်ကို ဦးတည်ပြီး နောက်နှစ်ခုက အောက်ထပ်ကို ဦးတည်နေတယ်… နေရာတိုင်းက ဒီလိုပုံစံအတိုင်းပဲဆိုရင် ငါတို့တွေ အထပ်အသစ်ကိုရောက်တိုင်း ငါတို့က ရွေးချယ်စရာမေးခွန်း 3 ခုကနေ 2 ခုကို ရွေးချယ်ရမှာဖြစ်ပြီး အမှန်ကိုရွေးချယ်မိရင် အပေါ်တက်မှာဖြစ်ပေမယ့် အမှားကိုရွေးချယ်မိရင် အောက်ထပ်ဆင်းသွားပြီး ဝင်္ကပါကိုနောက်ထပ်ပြန်လျှောက်ရမယ်… ဝင်္ကပါက အရမ်းရိုးရှင်းလာလိမ့်မယ်…"


ခယ်ရှောင်ပင်းက မနေနိုင်ဘဲ ညည်းညူသည်။

"အခြားလူတွေ ဝင်လာရင် သူတို့ မူးသွားလိမ့်မယ်… ဒါပေမယ့် မင်းအတွက်တော့ အရမ်းရိုးရှင်းမှာပေါ့…"


ကျန်းဖျင်စစ်: "..."


ယွဲ့ရှင်းဝမ်က အပြုံးဖြင့် ဆိုသည်။

"ငါတို့ဖျင်စစ်အတွက်တော့ ဒါက အရမ်းရိုးရှင်းပါတယ်… သူ့စိတ်ထဲမှာ ဂျီဩမေတြီပုံကြမ်း လုပ်ထားပြီးပြီ…"


ကျန်းဖျင်စစ်က ဘာမှမထူးခြားသလိုအကြည့်ဖြင့် ပြောသည်။

"ဆက်လျှောက်မယ်… အဲဒီဗိသုကာပညာရှင်ကျောက် ဖန်တီးထားတဲ့ ဝင်္ကပါပုံစံက 12 ကြိမ်စလုံး ပုံစံအတူတူပဲလို့တော့ ငါမထင်ဘူး…"


ကျန်းရှောင်နျန်က ထောက်ခံသည်။

"ကျွန်တော်လည်း အဲဒီလိုထင်တယ်… တတိယထပ်နေရာကိုသွားဖို့ ကျွန်တော်တို့ 10 မိနစ်လောက် အချိန်ယူရတယ်… တကယ်လို့ ပုံစံတွေက အတူတူပဲဆိုရင် ကျွန်တော်တို့တွေ အပြင်ထွက်ဖို့ နာရီဝက်အောက်ပဲ အချိန်ယူရလိမ့်မယ်…"


ယွဲ့ရှင်းဝမ်: "မြန်မြန်လုပ်ပြီး ဆက်သွားကြမယ်…"


အားလုံးက ဆက်ပြီး တက်လာကြသည်။ ကျန်းရှောင်နျန်သည် 3-2 နှင့် 3-3 ကြားရှိ ချိတ်ဆက်မှုအမှတ်ကို တူးလိုက်ပြီး လှေကားက လှည့်သွားကာ သူတို့ရှေ့တွင် လှေကားအသစ်တစ်ခုဖြင့် ချိတ်ဆက်ထားသည်။ ကျန်းရှောင်နျန်သည် လှေကားအသစ်ပေါ်ကို လှမ်းပြီးနောက် အကွာအဝေးကို တိုင်းတာခဲ့ပြီး 22.5 မီတာရှိကာ သူပြောလိုက်သည်။

"လေးထပ်ပဲ!"


ကျန်းဖျင်စစ်: "ဆက်သွားမယ်…"


အကွာအဝေးတွေးခေါ်မှုအရ မီတာ 30 မြင့်သော အဆောက်အဦးသည် ပထမထပ်တွင် 2.5 မီတာရှိပြီး အဆောက်အဦးတစ်ခုလုံးက 12 ထပ်ရှိသည်။ လောလောဆယ်မှာတော့ သူတို့က လေးထပ်ကို တူညီသောပုံစံဖြင့် ရောက်နေပြီဖြစ်တာကြောင့် 12 ထပ်ရောက်သည်အထိ တူညီသောပုံစံတွေရှိမှာ မဟုတ်ဘူးမလား။


ကျိုဖုန်းသည် သူ့အရှေ့ကလှေကားများတွင် [4-1]စာလုံးကို အမှတ်အသားပြုခဲ့သည်။


လူတိုင်းက ဆက်တက်ကြပြီး ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင် ထူးဆန်းသော "ဘမ်း" အသံတစ်ခုသည် သူတို့နားထဲမှ ထွက်ပေါ်လာပြီး သူတို့လျှောက်လှမ်းနေသော လှေကားများက အလယ်မှ ရုတ်တရက် ကျိုးသွားခဲ့သည်။


ကျန်းဖျင်စစ်နှင့် ကျန်းရှောင်နျန်တို့သည် အကွာအဝေးတိုင်းတာရန်အတွက် အရှေ့မှ လျှောက်လာခဲ့ကြပြီး ကျိုဖုန်းသည် အမှတ်အသားပြုရန် သူတို့နှင့် ဘေးချင်းကပ်လျက် လျှောက်ခဲ့ကာ ကျန်ရှိသော ယွဲ့ရှင်းဝမ်၊ ခယ်ရှောင်ပင်း၊ ချင်လုနှင့် လင်းမန့်လော်တို့က နောက်မှလိုက်လာကြသည်။ လူတိုင်းက အရှေ့နှင့်အနောက်ကို ခြေတစ်လှမ်းထက်မပိုစေဘဲ တစ်ယောက်နှင့်တစ်ယောက် အနီးကပ်လိုက်ကြသည်။


သို့သော် သူတို့ခြေထောက်အောက်ရှိ လှေကားများက ကျိုးကျသွားသည်။


ယွဲ့ရှင်းဝမ်က လေပေါ်နင်းလုနီးပါးဖြစ်သွားသည်။ အသံကြားသောအခါ ကျန်းဖျင်စစ်သည် တစ်ဖက်သို့လှည့်ပြီး ယွဲ့ရှင်းဝမ်၏လက်မောင်းကို တင်းကျပ်စွာ ဖမ်းဆုပ်လိုက်သည်။

"သတိထား!"


ကျိုးသွားသောလှေကားများက ယွဲ့ရှင်းဝမ်နှင့် အခြားသုံးယောက်၏ခြေထောက်များကို လျင်မြန်စွာ ပြုတ်ကျသွားစေသည်။


ကျိုဖုန်းက အော်လိုက်သည်။

"မန့်လော်!"


လင်းမန့်လော် အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူမ၏ ညာလက်ကို ရုတ်တရက် ဆန့်ထုတ်ကာ အစိမ်းရောင်နွယ်ပင်များသည် မြွေကဲ့သို့ အထက်ကို တက်သွားပြီး ကျိုဖုန်း၏ခါးကို တိုက်ရိုက် ရစ်ပတ်သွားသည်။ ကျိုဖုန်းသည် နွယ်ပင်၏ အခြားတစ်ဖက်စွန်းကို ဖမ်းကိုင်လိုက်ပြီး လင်းမန့်လော်ကို ဆွဲထားသည်။ လင်းမန့်လော်က လေထဲမှာ တွဲလျားကျနေပြီး သူမ၏မျက်နှာက ဖြူဖျော့နေသည်။

"ချင်လုနဲ့ ရှောင်ခယ်က ပြုတ်ကျသွားပြီ!"


ယွဲ့ရှင်းဝမ်၏ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ယခုအချိန်တွင် လေထဲ၌ တွဲလျားကျနေခဲ့သည်။ သူက ခေါင်းလှည့်လိုက်ပြီး သူ့အနောက်ကို လှမ်းကြည့်လိုက်တော့ ခယ်ရှောင်ပင်းနှင့် ချလု၏ပုံရိပ်ကို သူမမြင်ရတော့ပေ။ သူတို့ခြေထောက်အောက်က တွန့်လိမ်ကောက်ကွေ့သော လှေကားများသည် ချောက်လိုမျိုး… ပြုတ်ကျသွားပါက တစ်စစီဖြစ်သွားမှာလား။


ယွဲ့ရှင်းဝမ်၏ရင်ထဲတုန်လှုပ်သွားပြီး ကျန်းဖျင်စစ်၏လက်ကို အလျင်အမြန် ဆုပ်ကိုင်လိုက်သည်။


ကျန်းဖျင်စစ်၏နောက်ကျောက တင်းမာနေပြီး သူ့လက်ရှိ သွေးကြောများ ပေါက်ထွက်တော့မလို သူက ယွဲ့ရှင်းဝမ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။

"ငါမင်းကို ဆွဲတင်ပေးမယ်…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"အင်း…"


ကျန်းဖျင်စစ်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ယွဲ့ရှင်းဝမ်၏လက်ကို ညာလက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ယွဲ့ရှင်းဝမ်၏ပခုံးကို အခြားလက်ဖြင့် ဆုပ်ကိုင်ကာ သူ့ကို အပြင်းအထန် ဆွဲလိုက်သည်။ သူ၏ခွန်အားဖြင့် ယွဲ့ရှင်းဝမ်သည် လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်က အပေါ်တက်သွားပြီး လှေကားပေါ်တွင် ထိတ်လန့်စွာ ထိုင်ချလိုက်သည်။ 


လင်းမန့်လော်ကိုလည်း ကျိုဖုန်းက နွယ်ပင်များဖြင့် ဆွဲတင်ခဲ့သည်။


ယွဲ့ရှင်းဝမ် ငုံ့ကြည့်လိုက်သည်။ ခယ်ရှောင်ပင်းနှင့် ချင်လုတို့က ပျောက်ကွယ်သွားပြီး သူတို့၏အော်သံတွေသာ ကြားလိုက်ရသည်။ ယွဲ့ရှင်းဝမ်က သုတေသနအဖွဲ့ chat channel တွင် အလျင်အမြန် စာရိုက်လိုက်သည်။

"ခယ်ရှောင်ပင်း? ချင်လု? မင်းတို့ရှိသေးလား?"


ခဏအကြာတွင် ခယ်ရှောင်ပင်းက တုံ့ပြန်လာသည်။

"ငါတို့ ပထမထပ်ကို ပြုတ်ကျသွားတာ… စီနီယာအစ်ကိုကျို အမှတ်အသားပြုထားတဲ့ 1-2 ကို တွေ့ရတယ်…"


ယွဲ့ရှင်းဝမ်: "သူတို့အဆင်ပြေတယ်ဆိုတော့ ကောင်းပါတယ်!"


ချင်လုနှင့် ခယ်ရှောင်ပင်းတို့လည်း အလွန်ထိတ်လန့်သွားကြသည်။ သူတို့ တိုက်ရိုက်ပြုတ်ကျလာသောအခါ ‌ပြုတ်ကျပြီးသေတော့မည်ဟု ထင်ခဲ့ကြပေမယ့် နေရာတစ်ခု၏အထပ်တစ်ထပ်ထဲကို သူတို့ပြန်ကျသွားသည်။ ခယ်ရှောင်ပင်းက ထိတ်လန့်စွာ ရေးလိုက်သည်။

"ဒါက ရှင်သန်ရေးသင်တန်းမဟုတ်တာ ကံကောင်းတယ်… မဟုတ်ရင် ငါတို့နှစ်ယောက်တော့ တစ်စစီဖြစ်သွားပြီ…"


ချင်လုလည်း တည်ငြိမ်သွားသည်။

"ငါ အခုပဲ ကမ္ဘာလုံးပေါ်မှာ 4-1 နေရာကို ချိန်ထားတယ်… ငါ တယ်လီပို့လိုက်ရမလား?"


ယွဲ့ရှင်းဝမ်: "လာခဲ့လိုက်…"


ချင်လုက နေရာပြောင်းရန် ကျောက်ထုလွှာလှုပ်ရှားမှုကို ဖွင့်လိုက်ပြီး နှစ်ယောက်သား လှေကားထစ်များတွင် ပေါ်လာသည်။ ထိုအချိန်ကျမှ လင်းမန့်လော်၏မျက်နှာက အနည်းငယ်ပြေလျော့သွားသည်။

"လှေကားက ရုတ်တရက် ကျိုးသွားတာကြောင့် ငါနင်တို့ကို ဆွဲလိုက်ဖို့ အချိန်မရလိုက်ဘူး… နင်တို့နှစ်ယောက် ပြုတ်ကျပြီး ထိခိုက်မှုမဖြစ်သွားတာဘဲ ‌ကံကောင်းတယ်!"


ခယ်ရှောင်ပင်းက ပြုံးကာ ပြောသည်။

"ရပါတယ် စီနီယာအစ်မ…"


လှေကားက လုံးဝကိုကျိုးသွားခဲ့ပြီး အကွာအဝေးက 2 မီတာထက် ပိုဝေးတာကြောင့် သူတို့တွေ ခုန်တက်လို့မရပေ။


ချင်လု: "ကျွန်မ နေရာပြန်ပြောင်းလိုက်ရမလား?"


လင်းမန့်လော်: "ငါလုပ်လိုက်မယ်၊ နင့်စွမ်းရည်ကို သိမ်းထားလိုက်…" 


ထိုသို့ပြောပြီးနောက် သူမက ညာလက်ကိုမြှောက်လိုက်ပြီး အစိမ်းရောင်နွယ်ပင်ငါးခုသည် ‌လက်ထဲမှ ထွက်လာကာ ကျိုးနေသော လှေကားထစ်များကြားတွင် အစိမ်းရောင်နွယ်ပင်တံတားကို တည်ဆောက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် နွယ်ပင်၏အခြားတစ်ဖက်က ခယ်ရှောင်ပင်းနှင့် ချင်လုတို့၏ခါးကို ‌ချည်နှောင်ထားပြီး သည်လိုဆိုရင် သူတို့ပြုတ်မကျတော့ပေ။


လင်းမန့်လော်: "နင်တို့ တိုက်ရိုက် ဒီကိုလာခဲ့၊ သတိထားဦးနော်…"


ခယ်ရှောင်ပင်းနှင့် ချင်လုတို့သည် အရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး ကျိုဖုန်းနှင့် လင်းမန်လော်တို့သည် တစ်ဖက်ကနေ သူတို့လက်ကို ချက်ချင်း ဖမ်းဆုပ်လိုက်ကာ တစ်ခါတည်း ဆွဲတင်လိုက်သည်။ အားလုံးက ပြန်လည်စုစည်းသွားပြီး သူတို့နှစ်ယောက်စလုံး ဒဏ်ရာမရရှိခဲ့တာကိုမြင်တော့ ယွဲ့ရှင်းဝမ်သည် နောက်ဆုံးမှာ သက်ပြင်းချလိုက်သည်။

"ဒီလှေကား အမှတ်မထင် ကျိုးသွားတာကြောင့် ငါအံ့ဩသွားတာပဲ…"


ကျန်းဖျင်စစ်က သူ့ကိုကြည့်ကာ ပြောလာသည်။

"မင်းအဆင်ပြေရဲ့လား?"


ယွဲ့ရှင်းဝမ်က သူ့ဘေးရှိ လှေကားထစ်ပေါ်တွင်ထိုင်ကာ ပြုံးပြီး ခေါင်းခါပြသည်။

"ရပါတယ်… ငါထိတ်လန့်သွားရုံပါ… ငါ ဖက်တီးကြီး မဟုတ်နေတာ ကောင်းသွားတာပေါ့၊ မဟုတ်ရင် မင်းငါ့ကို ဆွဲ‌တင်လို့တောင်မရဘဲ ငါကမင်းကို ပြန်ဆွဲချဦးမယ်…"


သူက စနောက်နေနိုင်သေးတာကြောင့် တကယ်အဆင်ပြေပုံရသည်။ ကျန်းဖျင်စစ်သည် သူ့ဘေးတွင်ထိုင်နေသော ယွဲ့ရှင်းဝမ်ဆီ သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး ယွဲ့ရှင်းဝမ်က တစ်ဖက်လူကို သူ့လက်ပြန်ပေးလိုက်သည်။ ကျန်းဖျင်စစ်က သူ့ကို ဆွဲမလိုက်ပြီး ယွဲ့ရှင်းဝမ်အား မတ်တတ်ရပ်စေလိုက်ကာ သူက သူ့အဖွဲ့ဝင်များကိုကြည့်ပြီး ပြောလိုက်သည်။

"လေးထပ်ကနေစပြီး လှေကားပုံစံက အရင်းကနဲ့မတူတော့ဘူး… ငါတို့တွေ အလယ်မှာလျှောက်နေတုန်း ရုတ်တရက် ကျိုးသွားနိုင်တာကြောင့် အားလုံး ခြေလှမ်းကို ဂရုစိုက်လှမ်းကြ!"


#TK