Chapter 62
Viewers 5k

Volume 4 : ဗိသုကာဌာန


Chapter 62 (ဆောက်လုပ်ရေးဆိုက်၏ပဟေဠိ ၀၁)


စာမေးပွဲက မနက် 10 နာရီမှာ ပြီးသွားတော့ ‘မြို့ပြိုကျခြင်း’သင်တန်းကြောင့် အလွန်ပင်ပန်းနေကြပြီး ယွဲ့ရှင်းဝမ်က အားလုံးကို အိပ်ဆောင်သို့ အမြန်ပြန်စေပြီး နေ့လယ်စာစားပြီး အနားယူခိုင်းလိုက်သည်။ သူနဲ့ ကျန်းဖျင်စစ်လည်း တစ်နာရီလောက် တစ်ရေးတစ်မော အိပ်ဖို့ ပြန်လာခဲ့သည်။


နေ့လယ် 1:40 တွင် အားလုံးက တက်ကြွလန်းဆန်းသွားပြီး ဗိသုကာဌာန၏ 3 ထပ်မြောက် သင်တန်းရွေးချယ်ခြင်းခန်းမမှာ စုဝေးခဲ့ကြသည်။ 


ဗိသုကာဌာန၏ အချိန်ဇယားအရ တနင်္လာနေ့မှ သောကြာနေ့အထိ နေ့လယ် 2 နာရီတွင် မသင်မနေရသင်တန်း ‘ဆောက်လုပ်ရေးဆိုက်၏ပဟေဠိ’ရှိသည်။ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တက်ဘလက်ကွန်ပြူတာဆီသို့ လျှောက်သွားခဲ့ကြပြီး အချိန်ဇယားမှ မသင်မနေရသင်တန်းကို ရွေးချယ်ခဲ့သည်။


စခရင်ပေါ်တွင် အကျွမ်းတဝင်ရှိသော သင်တန်းအချက်အလက်များ အမြန်ပေါ်လာသည်——


[မသင်မနေရသင်တန်း: ဆောက်လုပ်ရေးဆိုက်၏ပဟေဠိ]


[Credit: 4 မှတ်]


[စာမေးပွဲခန်းစည်းကမ်းများ: တစ်ယောက်ချင်း (သို့) သုတေသနအဖွဲ့လိုက် စာရင်းသွင်းနိုင်သည်။ စာမေးပွဲခန်းတွင် အများဆုံးလူအရေအတွက်မှာ 12 ဦးဖြစ်သည်။]


[သင်တန်းဖော်ပြချက်: မြို့ A ၏ တောင်ပိုင်းဆင်ခြေဖုံးရပ်ကွက်ရှိ စွန့်ပစ်မြေစာပုံကို developer တစ်ဦးမှ ယွမ်သန်း 200 နဲ့ မြင့်မားသောဈေးနှုန်းဖြင့် ဝယ်ယူခဲ့သည်။ developer က ၎င်းကို မြို့တောင်ပိုင်းတွင် စီးပွားရေးအချက်အချာအဖြစ် တည်ဆောက်မည်ဟု ကတိပြုခဲ့သည်။ ဆောက်လုပ်ရေးအစီအစဉ်တွင် ဈေးဝယ်ပလာဇာများ၊ လူသွားလမ်းများနှင့် လမ်းဘေးအစားအသောက်ဆိုင်များ ပါဝင်သည်။ တစ်နှစ်အကြာတွင် ခုနစ်ထပ်ဈေးဝယ်ပလာဇာအဆောက်အဦးကို မကြာမီကာလအတွင်း အပြီးတည်ဆောက်နိုင်ခဲ့သည်။]


[စာမေးပွဲလိုအပ်ချက်များ: ဆောက်လုပ်ရေးဆိုက်၏ ပဟေဠိကို ဖော်ထုတ်ပါ]


[မှတ်ချက်များ: ပဟေဠိဖြေရှင်းခြင်းသင်တန်းများအတွက် ဗိသုကာဌာနတွင် အဓိကသင်ကြားနေသော အဖွဲ့ဝင်တစ်ယောက်ကို ခေါ်ဆောင်လာဖို့ အကြံပြုပါသည်။]


[သင်တန်းရွေးချယ်မှုကိုအတည်ပြုပါ: Yes/No]


ယွဲ့ရှင်းဝမ်က ဒီသင်တန်းဟာ ပဟေဠိဖြေရှင်းသည့်သင်တန်းတစ်ခုမှန်း ဟိုးအရင်ကတည်းက မှန်းဆထားခဲ့ပြီး ဒါကိုမြင်တော့ သူက လှည့်ပြီး လူတိုင်းကို ပြောခဲ့သည်။

"ဒီသင်တန်းက သုတေသနအဖွဲ့အတွက်ပဲ ကန့်သတ်ထားတာမဟုတ်တာကြောင့် credit မျှဝေခြင်းလုပ်ဆောင်ချက်ကို ငါတို့အသုံးပြုလို့မရဘူး… ဆိုလိုတာက ငါတို့ 11 ယောက်လုံး စာမေးပွဲဖြေရမှာ…"


ချင်မြောင်က တိုက်ရိုက်မေးလာသည်။

"စာမေးပွဲခန်းထဲမှာ အများဆုံးလူအရေအတွက်က ဘယ်လောက်ရှိမှာလဲ? ရှုပ်ယှက်ခတ်နေတဲ့ ကျောင်းသားတွေနဲ့တော့ ထပ်ပြီးမကျနိုင်ဘူးမလား?"


သူမသည် နောက်ဆုံးအကြိမ် တည်းခိုခန်းတွင် လော့ကျားကျားနှင့် လုခိုင်တို့ စုံတွဲကို မုန်းခဲ့သည်။ သူတို့သည် စာမေးပွဲစစ်ဆေးသူ၏ ညွှန်ကြားချက်တွေကို နားမထောင်ဘဲ သဲလွန်စလည်း မစုဆောင်းခဲ့ဘူး၊ တစ်ယောက်က ထိတ်လန့်တုန်လှုပ်ပြီး ပတ်ပြေးနေရင်း လှေကားကပြုတ်ကျပြီး သေသွားသည်၊ ကျန်တစ်ယောက်ကလည်း သေဖို့အတွက် ထွက်ပြေးသွားသည်… ဒါက တကယ်ကို စိတ်ပျက်စရာကောင်း၏။ ဒီသင်တန်းထဲမှာ စိတ်ရှုပ်စေသည့် သူစိမ်းတွေနဲ့မကျဘဲ သူတို့ 11 ယောက်ပဲ စာမေးပွဲဖြေရတာက ပိုကောင်းပါသည်။ 


ချင်မြောင်၏အေးစက်စက်မျက်နှာကို ကြည့်လိုက်ပြီး ယွဲ့ရှင်စဝမ်က သူမတွေးနေသည့်အရာကို သိကာ အပြုံးဖြင့် ပြောလိုက်သည်။

"စိတ်မပူပါနဲ့… ဒီစာမေးပွဲခန်းရဲ့ အများဆုံးလူအရေအတွက်က 12 ယောက်ပဲ… ငါတို့ သုတေသနအဖွဲ့မှာ နေရာ 11 ခုကို ယူမှာဆိုတော့ ကြုံရာ လူ 1 ယောက်နဲ့ မကျပါနိုင်ဘူး…"


ကျိုဖုန်းက ရောက်လာပြီး ပြောသည်။

"3 ထပ်မြောက်က ဗိသုကာဌာနကို ငါတို့ရောက်တုန်းက ကျောင်းသားတွေ တစ်ယောက်တည်းရှိတဲ့သူ မရှိတော့ဘူး… ငါတို့ဟာငါတို့ စာမေးပွဲကိုဖြေတာက အကောင်းဆုံးပါပဲ…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။

"ဒါဆို ငါစာရင်းသွင်းလိုက်မယ်… အားလုံး အဆင်သင့်ပြင်ထားကြ…"


သူက စခရင်ပေါ်ရှိ ‘စာရင်းသွင်းခြင်း’ရွေးစရာကို နှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း၏နားထဲတွင် အချက်ပြသံမြည်လာသည်။

"သင်ရဲ့ C-183 သုတေသနအဖွဲ့က ဗိသုကာဌာနရဲ့ မသင်မနေရသင်တန်း ‘ဆောက်လုပ်ရေးဆိုက်၏ပဟေဠိ’ကို အောင်မြင်စွာ စာရင်းသွင်းလိုက်ပါပြီ… စာမေးပွဲက 10 မိနစ်အတွင်း စတင်ပါတော့မယ်… ကျေးဇူးပြုပြီး ပြင်ဆင်ထားပါ…"


အနီးတစ်ဝိုက်တွင် အခန်းအလွတ်များစွာရှိပြီး ကျိုဖုန်းက လူတိုင်းကို အနားယူရန် အခန်းထဲသို့ ခေါ်သွားခဲ့သည်။


လူ 11 ဦးက တရားရုံးတွင် စီရင်ချက်ချရန် စောင့်ဆိုင်းနေသကဲ့သို့ သူတို့၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများဖြင့် ထိုင်တဲ့သူကထိုင်၊ ရပ်တဲ့သူကရပ်နေခဲ့ကြသည်။


အခန်းက ခဏမျှ တိတ်ဆိတ်သွားပြီး လျှိုကျောက်ချင်းက လေထုကို ချိန်ညှိရန် အရွှန်းဖောက်လိုက်သည်။

"ပဟေဠိဖြေရှင်းတဲ့သင်တန်းတွေအတွက် ဖိအားများနေစရာ မလိုပါဘူး… ရှင်းဝမ်နဲ့ ဖျင်စစ်သာဆိုရင် ငါတို့တွေ သေချာပေါက် အောင်တယ်… ငါက မင်းတို့ဒဏ်ရာတွေကို အချိန်မရွေး ကုသပေးနိုင်တာကြောင့် လဲလျောင်းပြီး အနိုင်ယူလိုက်ရုံပဲ…"


ရွှီယိရှန်းက သူ့ဆံပင်ကောက်ကောက်တွေကို ပွတ်သပ်ရင်း ပြောသည်။

"ငါ့ခန္ဓာကိုယ်ကို ခွဲပြီး အချက်အလက်တွေသိအောင် ကူညီပေးနိုင်တယ်မလား?"


ကျိုဖုန်း: "မင်းတို့ကို အလင်းပေးဖို့ ငါ လျှပ်စစ်ကို သုံးလို့ရတယ်မလား?"


လင်းမန့်လော်က ယွဲ့ရှင်းဝမ်ကိုကြည့်ကာ စနောက်လိုက်သည်။

"ငါ့နွယ်ပင်က ဘာလုပ်နိုင်မလဲ? နင်တို့ကို ဝှေ့ယမ်းရမှာလား?"


ယွဲ့ရှင်းဝမ်က သူ၏စီနီယာအစ်မကိုကြည့်ကာ ပြုံးပြပြီး လူတိုင်းကို နှစ်သိမ့်ပေးသည်။

"ရပါတယ်… ကျွန်တော်တို့က အဖွဲ့တစ်ဖွဲ့ဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ ဦးနှောက်တွေကိုသုံးပြီး တိုက်ခိုက်ရေးစွမ်းရည်တွေနဲ့ ပံ့ပိုးပေးနိုင်တယ်… ဘယ်သူက အကူအညီပိုဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကို စိတ်ပူနေစရာမလိုပါဘူး… ပဟေဠိဖြေရှင်းတဲ့သင်တန်းမှာ ဖျင်စစ်နဲ့ ကျွန်တော့်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုက အမြဲတမ်း မှန်ကန်နိုင်မှာမဟုတ်တာကြောင့် အားလုံးအတူတူ အဖြေရှာကြတာပေါ့…"


ကျန်းဖျင်စစ်: "ရှင်းဝမ်ရဲ့ ညွှန်ကြားချက်ကို နားထောင်ပြီး ခွင့်ပြုချက်မရဘဲ မလုပ်ဆောင်ကြနဲ့…"


လူတိုင်းက ခေါင်းညိတ်ကြသည်။ ဆောက်လုပ်ရေးဆိုက်၏ ပဟေဠိမှာ ‘ပဟေဠိ’က ဘယ်မှာလည်းဆိုတာ မသိရသေးပေ။ 


စာမေးပွဲအချိန်က နီးကပ်လာပြီး ညာဘက်အပေါ်ထောင့်တွင် ‘စာမေးပွဲစတင်ရန် အချိန်ရေတွက်ခြင်း’ဆိုသော စာသားနဲ့အတူ လူတိုင်း၏မျက်လုံးတွေက လင်းလက်သွားသည်——


ဆောက်လုပ်ရေးဆိုက်တစ်ခုမှာ သူတို့ပေါ်လာသည်။


လူ 11 ယောက်ကို အလုပ်သမားအဝတ်အစားနှင့် လုံခြုံရေးဦးထုပ်များအဖြစ် ပြောင်းလဲခဲ့သည်။


သို့သော် သူတို့၏ဦးထုပ်များက အရောင်မတူကြပေ။ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်က အနီရောင်ဦးထုပ်ကို ဆောင်းထားကြပြီး ကျန်းရှောင်နျန်၊ ခယ်ရှောင်ပင်းနှင့် ကျိုဖုန်းတို့က အပြာရောင်ဦးထုပ်ဆောင်းထားကာ ကျန်သောသူအားလုံးက အဝါရောင်ဦးထုပ်ကို ဆောင်းထားကြသည်။


ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကို ပြန်ကြည့်ကာ ရှင်းဝမ်၏ခေါင်းပေါ်ရှိ ဦးထုပ်က ချောင်လွန်း၍ မျက်လုံးတစ်ဖက်ကို အုပ်ထားကာ သူ့မျက်နှာပေါ်ရှိ အမူအရာမှာ အနည်းငယ် ရှုပ်ထွေးနေသည်။ ကျန်းဖျင်စစ်က ရှင်းဝမ်ကိုကြည့်ကာ ခပ်ရေးရေး ရယ်လိုက်ပြီး သူ့ဦးထုပ်ကို တည့်အောင် ကူညီပေးရန် လက်ဆန့်လိုက်သည်။ ယွဲ့ရှင်းဝမ်က အသိပြန်ဝင်လာပြီး တုန်ခါနေသော ဦးထုပ်ကို အမြန်ဆွဲချလိုက်ပြီး လူတိုင်းကို ပြန်ကြည့်ကာ ပြောလိုက်သည်။

"ဆောက်လုပ်ရေးဆိုက်လား? ငါတို့က အလုပ်သမားတွေနေရာကနေ ကစားရမှာလား?"


"ငါ့ခေါင်းကပဲ အရမ်းကြီးနေတာလား? ဒီဦးထုပ်က အရမ်းကြပ်တယ်…"

ရွှီယိရှန်းက တိုးတိုးပြောပြီး ချိန်ညှိရန် ဦးထုပ်ကို ချွတ်လိုက်သည်။


"မင်းဆံပင်တွေက အရမ်းထူပြီး ကောက်တာကို…"

ကျိုဖုန်းက အနောက်ကနေ သူ့ကိုစနောက်သည်။


လျှိုကျောက်ချင်းက ပတ်ဝန်းကျင်ရှိ အတန်းဖော်များကိုကြည့်ကာ 

"ငါတို့ဦးထုပ်တွေက ဘာလို့ အရောင်တွေ မတူရတာလဲ? သတိထားရမယ့်အချက်များရှိလား?"


ကျန်းရှောင်နျန်က ခေါင်းသေးပြီး ဦးထုပ်က သူ့ခေါင်းတစ်ခုလုံးကို ဖုံးနေသည်။ သူက ဦးထုပ်ကိုချွတ်ကာ ကြိုးကိုညှိနေရင်း လေးနက်စွာ ပြန်ဖြေသည်။

"ဆောက်လုပ်ရေးဆိုက်တွေမှာ ဦးထုပ်တွေရဲ့ အရောင်က မတူညီတဲ့အဆင့်ကို ကိုယ်စားပြုတယ်… သာမန်ဆောက်လုပ်ရေး လုပ်သားတွေက အဝါရောင်ဦးထုပ်တွေကို ဆောင်းကြတယ်… ကျွမ်းကျင်လုပ်သားတွေက အပြာရောင်ဦးထုပ်တွေ ဆောင်းကြတယ်… စီမံခန့်ခွဲသူတွေက အနီရောင်ဦးထုပ်တွေကို ဆောင်းကြတယ်… အဖြူရောင်ဦးထုပ်လည်း ရှိသေးတယ်… အဲဒါတွေကို ဆောင်းတဲ့သူတွေက ပရောဂျက်တစ်ခုလုံးကို တာဝန်ခံသူဖြစ်ပြီး အများအားဖြင့် ပေါ်လာလေ့မရှိဘူး…"


လျှိုကျောက်ချင်းက ရုတ်တရက် သဘောပေါက်သွားသည်။

"ဒါဆို အဝါရောင်ဦးထုပ်ဆောင်းထားတဲ့ ငါတို့အားလုံးက သာမန်လုပ်သားတွေပေါ့… ရှောင်ခယ်၊ ရှောင်နျန်နဲ့ ကျိုဖုန်းတို့က အပြာရောင်ဦးထုပ် ဆောင်းထားတာဆိုတော့ ကျွမ်းကျင်လုပ်သားတွေဖြစ်ပြီး ရှင်းဝမ်နဲ့ ဖျင်စစ်တို့ရဲ့ အနီရောင်ဦးထုပ်က စီမံခန့်ခွဲသူကို ကိုယ်စားပြုတာပေါ့…"


ကျန်းဖျင်စစ်က ပေါ့ပါးစွာ ပြောသည်။

"ခယ်ရှောင်ပင်းနဲ့ ကျန်းရှောင်နျန်တို့က အင်ဂျင်နီယာအဖွဲ့မှာ ပါဝင်ပြီး၊ စီနီယာအစ်ကိုကျိုဖုန်းက လျှပ်စစ်ကျွမ်းကျင်အဖွဲ့မှာ ပါဝင်တယ်… ကျွန်တော်နဲ့ ရှင်းဝမ်က စီမံခန့်ခွဲရေးအဖွဲ့မှာ ပါဝင်ပြီး အခြားသူတွေက အမှုကိစ္စကို ရှုထောင့်အမျိုးမျိုးကနေ စုံစမ်းစစ်ဆေးဖို့ ဆောက်လုပ်ရေးလုပ်သားတွေနဲ့အတူ ရှိနေမယ်…"


သူ၏ရှင်းပြချက်ကို ကြားပြီးနောက် ဆောက်လုပ်ရေးဆိုက်တွင် ဦးထုပ်အမျိုးမျိုးဝတ်ဆင်ရခြင်း၏ ရည်ရွယ်ချက်ကို လူတိုင်းနားလည်သွားကြသည်။


ဆောက်လုပ်ရေးဆိုက်အပြင်ဘက်တွင် ‘X ပြည်နယ် အမှတ် 8 ဆောက်လုပ်ရေးအဖွဲ့’ နှင့် ‘မြို့ A ၏ တောင်ပိုင်းဆင်ခြေဖုံးရှိ ရှင်းယွဲ့ပလာဇာပရောဂျက်’စသည့် ဆိုင်းဘုတ်များ တပ်ဆင်ထားပြီး ခုနစ်ထပ်တွင် ဖဲကြိုးနီအများအပြား ချိတ်ဆွဲထားကာ အဆောက်အဦးရှေ့တွင် ‘XX အဖွဲ့က ရှင်းယွဲ့ပလာဇာပရောဂျက်ကို အောင်မြင်စွာ ထိပ်တန်းဂုဏ်ပြုလွှာ’ကို ရွှေရောင်စာလုံးကြီးဖြင့် ရေးထားသည်။


ယွဲ့ရှင်းဝမ်က မော့ကြည့်လိုက်သည်။

"မကြာသေးမီက ထိပ်တန်းအခမ်းအနား ကျင်းပခဲ့တာလား?"


ကျန်းရှောင်နျန်: "ဆောက်လုပ်ရေးအဖွဲ့ရဲ့ ပရောဂျက်ကို အဆင့်တွေအများကြီး ခွဲထားတယ်… ပုံမှန်အားဖြင့် နောက်ဆုံး beam ကို အဆောက်အဦးရဲ့အပေါ်ဆုံးထပ်မှာ နေရာချပြီးတာနဲ့ ခေါင်းဆောင်က ကိုယ်တိုင်လာရောက်စစ်ဆေးလိမ့်မယ်… အတွင်းပိုင်းအဆောက်အဦး မွမ်းမံတည်ဆောက်ခြင်းမပြုမီ ထိပ်တန်းအခမ်းအနားကို ပြုလုပ်တယ်…"


လျှိုကျောက်ချင်းက သူ့မေးစေ့ကို ပွတ်ကာ အရှေ့က ခုနစ်ထပ်တိုက်ကို မော့ကြည့်လိုက်သည်။

"ငါသိလောက်ကတော့ နောက်ဆုံး beam ကို နေရာချတာ အရမ်းမြန်တယ် မဟုတ်ဘူးလား? အဆောက်အဦးတစ်ခုက အုတ်မြစ်ချတာကနေ ထိပ်တန်းအခမ်းအနားအထိ အချိန်သိပ်မကြာသင့်ပါဘူး…"


ကျန်းရှောင်နျန်က ခေါင်းငြိမ့်ပြီး ပြောသည်။

"ဟုတ်တယ်… အဆောက်အဦးရဲ့ဘောင်က ဆောက်ရတာ အရမ်းလွယ်တယ်… အမြန်ဆောက်လုပ်ရေးအဖွဲ့က အုတ်တွေကို အထပ်လိုက်အထပ်လိုက် သွားပြီးတော့ ကြမ်းပြင်ကို တစ်ရက်တည်း ဆောက်နိုင်တယ်… ဒါပေမယ့် ထိပ်တန်းအခမ်းအနားနဲ့ တရားဝင်ကိုင်တွယ်ရမယ့်အချိန်က နည်းနည်းပိုကြာတယ်… အတွင်းပိုင်းမီးထိန်းချုပ်မှု၊ ရေ၊ လျှပ်စစ်ဓာတ်အား၊ ကွန်ရက်၊ အပူ၊ အဲဒါတွေက ဒုက္ခအပေးနိုင်ဆုံး အသေးစိတ်အချက်တွေပဲ…"


ယွဲ့ရှင်းဝမ်က တွေးဆသည်။

"ဒီရှင်းယွဲ့ပလာဇာပရောဂျက်ရဲ့ လက်ရှိဆောက်လုပ်ရေးတိုးတက်မှုကတော့ လမ်းဆုံရဲ့ ပင်မအဆောက်အဦးကို အခုလေးတင် ထိပ်တန်းအခမ်းအနားကျင်းပထားပြီး၊ ဆိုလိုတာကတော့ ငါတို့က ဆောက်လုပ်ရေးဆိုက်မှာ နေပြီး သူတို့နဲ့အတူ နောက်လာမယ့်အဆင့်တွေကို ဆက်သွားမယ်… ဘယ်လိုကိစ္စမျိုးဖြစ်ပါလိမ့်?"


ကျန်းဖျင်စစ်: "ဒီတစ်ခေါက်က လုပ်ကြံမှုတစ်ခု ဖြစ်နိုင်တယ်… ငါတို့က ဆောက်လုပ်ရေးဆိုက်မှာ အဲဒီလူတွေကို စုံစမ်းဖို့ သွားရောက်ကြည့်ရှုလို့ရတယ်…"


သင်္ချာဌာန၏ ယခင်ဖြစ်ရပ်သည် ဇာတ်လမ်းအတွင်းက ဇာတ်လမ်း လျှို့ဝှက်ဆန်းကြယ်သောဖြစ်ရပ် ဖြစ်ခဲ့သည်။ သူတို့အား အမှုဖြစ်ပွားရာနေရာသို့ ပို့ဆောင်ခဲ့ပြီး အလောင်းကိုရှာဖွေရန်၊ သဲလွန်စများနှင့် အမှုဖြစ်စဉ်ကို ကောက်ချက်ချခဲ့ရသည်။ 


ဒီတစ်ခေါက် ဆောက်လုပ်ရေးဆိုက်ကတော့ မတူပေ။ သူတို့အားလုံးက ဦးထုပ်တွေကို ဆောင်းထားကြပြီး လူသတ်မှုကို ကိုယ်တိုင်တွေ့ကြုံရမည်လား? လူတိုင်း၏ရင်ထဲတွင် မသေချာမရေရာဖြစ်နေကြသည်။ ယွဲ့ရှင်းဝမ်က ပြောလာ၏။

"မင်းတို့ရဲ့လုံခြုံရေးဦးထုပ်ကိုဆောင်းပြီး အထဲအရင်ဝင်ရအောင်…"


အကျယ် 5 မီတာနှင့် အမြင့် 3 မီတာကျော်ရှိသည့် ဝင်ပေါက်ထွက်ပေါက်တစ်ခုသာရှိပြီး ဆောက်လုပ်ရေးဆိုက်ပတ်ပတ်လည်ကို ခြံစည်းရိုးကာရံထားသည်။


ဝင်ပေါက်ထွက်ပေါက်ထိပ်တွင် အပြာရောင်နောက်ခံနှင့် အဖြူရောင်စာလုံးဖြင့် ‘ဘေးကင်းသောလမ်းကြောင်း’ဟုရေးထားပြီး ‘ဘေးကင်းစေရန် အထူးဂရုစိုက်ပါ’နှင့် ‘ပြုတ်ကျခြင်းမှသတိထားပါ’ကဲ့သို့သော သတိပေးသင်္ကေတများပါရှိသည်။ ဘယ်နှင့်ညာနှစ်ဖက်တွင် အပြာရောင်နောက်ခံနှင့် အဖြူရောင်စာလုံးပါသော စာအတွဲလိုက်ပါရှိသည်။ ဘယ်ဘက်တွင် ‘ထုတ်လုပ်မှုတွင် ဘေးကင်းရေးနှင့် သာယာဝပြောရေး’နှင့် ညာဘက်တွင် ‘တည်ဆောက်ရေးတွင် ယဉ်ကျေးမှုနှင့် သာယာဝပြောမှု’ဟု ရေးထားသည်။


လူတိုင်း: "…"


ဆောက်လုပ်ရေးဆိုက်သို့ လူတိုင်းလာရောက်ခြင်းက ပထမဆုံးအကြိမ်ဖြစ်သည်။ အစိမ်းရောင်ဘေးကင်းရေးပိုက်ကွန်ဖြင့် ဖုံးအုပ်ထားသည့် အဆောက်အအုံကို ကြည့်လိုက်လျှင် အဆက်မပြတ် အလုပ်လုပ်နေသော စက်ကိရိယာများနှင့် "ဒေါင်ဒေါင်"ဖြင့် ဆောက်လုပ်ရေးဆိုက်၏ ဆူညံသံများက အနည်းငယ် စိတ်မသက်မသာဖြစ်မိမည်မှာ မလွဲဧကန်ပင်။


သူတို့၏နားထဲတွင် ရင်းနှီးသော စက်ရုပ်အသံတစ်ခု ထွက်ပေါ်လာသည်။

"ကျေးဇူးပြုပြီး ကိုယ့်ရဲ့ ID ကတ်ကို ကိုယ့်ရင်ဘတ်မှာတပ်ပြီး ဆောက်လုပ်ရေးဆိုက်ထဲကို ဝင်ပါ…"


ယွဲ့ရှင်းဝမ်က သူ့အိတ်ကပ်ထဲ နှိုက်လိုက်သည်နှင့် အပြာရောင်ကြိုးဖြင့် ချည်ထားသော ‘ကိုယ်စားလှယ်ကတ်’နှင့် ဆင်တူသော ID ကတ်ကို တွေ့ရှိခဲ့သည်။ လူတိုင်းက ID ကတ်ကို ရင်ဘတ်မှာ တပ်ထားကြပြီး ဘေးကင်းသောလမ်းကြောင်းဆီသို့ ယွဲ့ရှင်းဝမ် ဦးဆောင်ခဲ့သည်။


ယနေ့ ဆောက်လုပ်ရေးဆိုက်တွင် လူအများအပြားရှိပြီး အလုပ်သမားများအားလုံးက အလုပ်ကြိုးစားကြပြီး အဖြူရောင်ဦးထုပ်ဆောင်းထားသော လူလတ်ပိုင်းအချို့လည်း ရှိသည်။


ကျန်းရှောင်နျန်က ရောက်လာပြီး သူတို့ကိုညွှန်ပြကာ တိုးတိုးပြောသည်။

"ဒီလူတွေက ဆောက်လုပ်ရေးဆိုက်ကို လာရောက်စစ်ဆေးတဲ့ ခေါင်းဆောင်တွေ ဖြစ်နိုင်တယ်…"


ခေါင်းဆောင်အများအပြားက ဆောက်လုပ်ရေးဆိုက်ကို အုပ်စုလိုက် ဝိုင်းရံထားပြီး တချို့မှာ ဘိလပ်မြေရောစပ်ခြင်း၊ ရွေ့လျားနေသော အုတ်တချို့နှင့် တချို့သောသတ္တုများကို ဂဟေဆော်နေကြသည့် ဆောက်လုပ်ရေးလုပ်သားများကို ဝိုင်းရံစစ်ဆေးနေကြသည်။ လျှပ်စစ်ဂဟေဆော်ခြင်းနှင့် သတ္တုပွတ်တိုက်မှုကြောင့် ပြင်းထန်သောဆူညံသံ ထွက်ပေါ်နေသည်။


ဆူညံနေသောအသံများနှင့် မြင်ကွင်းများက ယွဲ့ရှင်းဝမ်၏ခေါင်းကို တုန်ခါစေခဲ့သည်။


ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်သွားပြီး သူ့မျက်လုံးတွေက ဆောက်လုပ်ရေးဆိုက်ကို လျင်မြန်စွာ ကြည့်လိုက်ကာ ခြောက်ထပ်မှာ ရပ်ထားသော ကရိန်းတစ်စီးကို မြင်လိုက်ရပြီး နံရံကိုပြင်ရန် ကရိန်းထဲမှာ လူတစ်ယောက် ရပ်နေကာ တချို့သော မြေတူးစက်များနှင်ါ ကရိန်းများက အဝေးတွင် ရပ်ထားကြသည်။ လေထဲတွင် မြင့်မားသောကရိန်းများဖြင့် ဆောက်လုပ်ရေးပစ္စည်းများကို သယ်ယူနေကြသည်။


ဘာတွေဖြစ်ပျက်နေတာလဲ?


ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်၏နားထဲသို့ တိုးတိုးကပ်ပြောလိုက်သည်။

"ဒါက အရမ်းရှုပ်ပွနေတာပဲ… ဆောက်လုပ်ရေးဆိုက်ရဲ့ ပုံစံပြာကို ငါတို့ယူရမယ်…"


ယွဲ့ရှင်းဝမ်က ခေါင်းညိတ်ပြပြီး လူတိုင်းကို ကြည့်လိုက်သည်။

"တစ်ဖွဲ့က ဒီအဆောက်အဦးရဲ့ ဆောက်လုပ်ရေးပုံစံပြာကို ရေးဆွဲပြီး ဒုတိယတစ်ဖွဲ့က ဆောက်လုပ်ရေးဆိုက်ရဲ့ အထပ်အစီအစဉ်ပဲ… ဆောက်လုပ်ရေးပုံစံပြာကို ရှောင်ခယ်နဲ့ ရှောင်နျန်တို့ဆီ အပ်လိုက်မယ်… ငါတို့က ပတ်ဝန်းကျင်ကို နည်းနည်းပါးပါးလေ့လာပြီး ဆောက်လုပ်ရေးဆိုက်ရဲ့ ဖြန့်ချီရေးမြေပုံကို ကိုယ်တိုင်ဆွဲမယ်…"


ခယ်ရှောင်ပင်းက မေးသည်။

"ဒါဆို ရှောင်နျန်နဲ့ ငါက သူတို့ရုံးခန်းထဲကို အရင်သွားပြီး ဆောက်လုပ်ရေးပုံစံပြာကို ကော်ပီကူးလိုက်ရမလား?"


ကျန်းရှောင်နျန်က အသံတိုးတိုးဖြင့်ပြောသည်။

"ခေါင်းဆောင်တွေက ဒီနေ့ လာစစ်ဆေးကြပြီး အဖြူရောင်ဦးထုပ်တွေဘေးက အပြာရောင်ဉီးထုပ်တွေက ဒီဇိုင်ဆွဲသူတွေနဲ့ အင်ဂျင်နီယာတွေ ဖြစ်နိုင်တယ်… အခုအချိန်မှာ သူတို့ရုံးခန်းတွေက လူမရှိလောက်ဘူး… ကျွန်တော်တို့ ခိုးဝင်ပြီး သူတို့ကွန်ပျူတာထဲက အချက်အလက်တွေကို ကော်ပီကူးတာ ဒါမှမဟုတ် သူတို့ဆွဲထားတဲ့ ပုံစံပြာကို ကော်ပီလိုက်လို့ရတယ်…"


နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး အရှေ့ကို လျှောက်လာရင်း ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။

"ရှင်းယန်၊ ချင်လု၊ မင်းတို့က သူတို့ကို ကာကွယ်ဖို့ လိုက်သွားလိုက်…"


ခယ်ရှောင်ပင်းနှင့် ကျန်းရှောင်နျန်သာ မတော်တဆမှုဖြစ်ခဲ့လျှင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်စွမ်းမရှိကြပေ။ ယွဲ့ရှင်းဝမ်က သူတို့ဆီ သက်တော်စောင့်နှစ်ယောက်ကို စေလွတ်လိုက်ပြီး သူတို့လေးယောက်က အဆောက်အဦး၏အနောက်ကို ချက်ချင်း ဖြတ်ကျော်သွားကာ ရုံးခန်းဧရိယာကို ပြေးသွားကြသည်။ 


ယွဲ့ရှင်းဝမ်က ဆက်ပြောသည်။

"စီနီယာအစ်ကိုကျို၊ စီနီယာအစ်မလင်းတို့ နှစ်ယောက်က ဆောက်လုပ်ရေးဆိုက်မှာ ရေနဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှုကို အနီးစပ်ဆုံး စစ်ဆေးကြည့်ကြပါ…"


ကျိုဖုန်းက ခေါင်းငြိမ့်ပြပြီး လင်းမန့်လော်ကိုခေါ်ကာ ထွက်သွားသည်။


ကျန်သောသူများက ဆောက်လုပ်ရေးဆိုက်တွင် ယွဲ့ရှင်းဝမ်အနောက်လိုက်ကြသည်။


လျှိုကျောက်ချင်းက အသံတိုးတိုးဖြင့် ခန့်မှန်းသည်။

"ဆောက်လုပ်ရေးဆိုက်တွေက မတော်တဆမှု ဖြစ်နိုင်ခြေ အရှိဆုံးပဲ… ဆောက်လုပ်ရေးလုပ်သားတွေ သေဆုံးမှာလား? ဒါမှမဟုတ် ဆောက်လုပ်ရေး ကာလအတွင်း အလောင်းတွေကို တူးမိမှာလား?"


ရွှီယိရှန်းက သူ၏လုံခြုံရေးဦးထုပ်ကို ကိုင်လိုက်သည်။

"ခဏလောက် စိတ်ညစ်အောင်လုပ်နေတာ ရပ်ပါတော့…"


ယွဲ့ရှင်းဝမ်: "စီနီယာအစ်ကိုလျှိုပြောတဲ့ဟာ ဖြစ်နိုင်တယ်… နောက်ထပ်ဘာပဲဖြစ်လာပါစေ ကျွန်တော်တို့က ကြိုတင်ပြင်ဆင်တဲ့အလုပ်ကို အရင်လုပ်ရမယ်… အနည်းဆုံးတော့ ဆောက်လုပ်ရေးဆိုက်မှာ လူတွေ အများကြီးရှိတော့ အရင်တစ်ခေါက်ကလို ညသန်းခေါင်မှာ တစ္ဆေသတို့သမီးတွေ လိုက်ဖမ်းတာမျိုး မခံရတော့ဘူး… ခေတ်မီဆောက်လုပ်ရေးဆိုက်မှာ အသက်ပြန်သွင်းခံရတဲ့ ကြေကွဲစရာဝိညာဉ်တွေ ဇာတ်လမ်းတော့ မရှိနိုင်ပါဘူး…"


ချင်မြောင်က အေးစက်စွာပြောသည်။

"တကယ်လို့ ကြေကွဲစရာဝိညာဉ်တွေအကြောင်းပဲဆိုရင် စာကြည့်တိုက်က အရမ်းပျင်းစရာကောင်းလိမ့်မယ်…"


လျှိုကျောက်ချင်းက ခေါင်းငြိမ့်သဘောတူသည်။

"ညဘက်မှာ သည်းထိတ်ရင်ဖိုတိုက်ပွဲဝင်ရတဲ့ပတ်သက်ပြီး ကျိုးကြောင်းဆင်ခြင်ရမှာ ငါတကယ် ငြီးငွေ့နေပြီ… ဒီတစ်ခေါက်တော့ စာကြည့်တိုက်က ငါတို့ကို ညဘက်မှာ အေးအေးဆေးဆေး အိပ်ခွင့်ပေးမယ်လို့ မျှော်လင့်တယ်…"


#TK