Chapter 51
Viewers 5k

Volume 3 : သင်္ချာဌာန


Chapter 51 (သေခြင်းကုဒ် ၁၁)


ယွဲ့ရှင်းဝမ်သည် ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’၏ ကစားသမားများထဲတွင် လူသတ်သမားရောနေနိုင်ကြောင်း မှန်းဆရသည့် အကြောင်းရင်းမှာ ဒီလိုတည်းခိုခန်းကဲ့သို့ လူဆိတ်ညံသောနေရာတွင် “အသိမိတ်ဆွေမိတ်ဆက်ခြင်း”မရှိလျှင် အင်တာနက်ပေါ်က ကြော်ငြာအားကိုးရုံလောက်ဖြင့် ဂိမ်းကစားရန် ဒီကို ဘယ်သူမှ လာရဲမှာမဟုတ်ပေ။


သို့သော် အချိန်အတော်ကြာအောင် သိပြီးသား သူငယ်ချင်းအပေါင်းအသင်းများ ဒါမှမဟုတ် ဒီနေရာမှာ အချင်းချင်းတွေ့ရန် “‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’လို့ခေါ်တဲ့ ပြောစရာကောင်းတဲ့နေရာကို ငါသိတယ်”ဆိုပြီး အားလုံးကို ဟန်ဆောင်ခေါ်လိမ့်မည်။ “ဒါက ငါ့သူငယ်ချင်းဖွင့်ထားတဲ့ ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’တည်းခိုခန်းပဲ”ဟု ပြောလိုက်ရင် ကစားသမားများ၏ သတိရှိမှုကို ဖယ်ရှားပစ်နိုင်သည်။


လူသတ်သမားက တည်းခိုခန်းပိုင်ရှင်လည်း ဖြစ်နိုင်သလို ထိုကစားသမား 10 ယောက်ဟာ အွန်လိုင်းပို့စ်တွေ၊ ဖိုရမ်စုဆောင်းမှု စတာတွေကတစ်ဆင့် သူဆွဲဆောင်ခဲ့သော အလွန်သတ္တိရှိသည့်လူတွေ ဖြစ်နိုင်သည်။ သို့သော် ယွဲ့ရှင်းဝမ်ကတော့ ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ထဲရှိ ကစားသမားများထဲက တစ်ယောက်က လူသတ်သမားဖြစ်နိုင်တယ်ဆိုတာကို ပိုအလေးသာခဲ့ပြီး ဒါမှ ဇာတ်ညွှန်းကနေ လက်တွေ့ကို ချိတ်ဆက်နိုင်စေလိမ့်မည်။


ချင်မြောင်က မျက်မှောင်ကြုတ်ကာ ခဏလောက်စဉ်းစားပြီးနောက် ယွဲ့ရှင်းဝမ်ကို သံသယဖြင့် ကြည့်လိုက်သည်။

"ဇာတ်ညွှန်းထဲက လူသတ်သမားနဲ့ တကယ့်လူသတ်သမားက အတူတူပဲလို့ ယူဆရင် ရည်ရွယ်ချက်ချင်းကလည်း ကိုက်ညီနိုင်သလား? တကယ့်လူသတ်သမားက စူးဝမ်ရှင်း အရမ်းချစ်နိုင်ပြီး ဒီသတို့သမီးတွေကို သတ်ပစ်ရတဲ့ ရည်ရွယ်ချက်က စူးဝမ်ရှင်းရဲ့ ထွက်သွားသောဝိညာဉ်ကို လွတ်မြောက်စေဖို့ပဲ… ဒါဆို ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ထဲက စူးဝမ်ရှင်းကို သတ်ခဲ့တဲ့သူရဲ့ ရည်ရွယ်ချက်က ဘာလဲ?"


ယွဲ့ရှင်းဝမ်: "ဇာတ်ညွှန်းထဲက လူသတ်သမားက သခင်မလေးစူးကို အရမ်းချစ်ပြီး သူမကို မရနိုင်တာကြောင့် သတ်ပစ်ခဲ့တယ်မလား?"


ချင်မြောင်က အတော်လေးမမှန်သလို ခံစားနေရဆဲ ဖြစ်သည်။

"ဒါပေမယ့် လက်တွေ့မှာတော့ သူက စူးဝမ်ရှင်းကို ‘ချစ်ပေမယ့် မရနိုင်တာမျိုး’ မဖြစ်ခဲ့ဘူးမလား? သူမက စိန်လက်စွပ်ကို ဝတ်ထားတာဆိုတော့ လက်ထပ်ထားပြီမလား? အရင်ကောက်ချက်ချမှုတွေအရ လူသတ်သမားက စူးဝမ်ရှင်းရဲ့ခင်ပွန်းပဲ…"


ယွဲ့ရှင်းဝမ်က အဲဒါကို စဉ်းစားပြီး ပြောလာသည်။

"အဲဒါအတွက် ကျိုးကြောင်းဆီလျှော်တဲ့ ရှင်းပြချက်တစ်ခုကို ငါရှာမတွေ့သေးဘူး…"


အားလုံးက တိတ်ဆိတ်သွားပြီး ခေါင်းငုံ့ကာ ပြင်းပြင်းထန်ထန် တွေးနေကြသည်။


ခဏအကြာတွင် ကျန်းဖျင်စစ်က ရုတ်တရက် ပြောလာသည်။

"သတို့သမီး 7 ယောက်ကို သတ်တဲ့သူက စူးဝမ်ရှင်းရဲ့ ခင်ပွန်းဖြစ်ရမယ်လို့ ဘာကြောင့်သေချာနေရတာလဲ? အုတ်ဂူမှာ ရေးထိုးထားတဲ့ ‘သူ၏ချစ်လှစွာသောဇနီးစူးဝမ်ရှင်း’စာသားနဲ့ မြေအောက်ခန်းထဲက ဓာတ်ပုံတွေကြောင့်လား?"


ခယ်ရှောင်ပင်းက ခဏလောက် မှင်တက်သွားပြီး အသံတိုးတိုးဖြင့် ပြောသည်။

"သူက သူ့ချစ်ဇနီးအကြောင်း ရေးခဲ့တာ သေချာတယ် မဟုတ်ဘူးလား?"


"အဲဒါက သူရေးခဲ့တာဆိုပေမယ့် စူးဝမ်ရှင်း ဝန်ခံထားတာမျိုး မရှိဘူးလေ…" ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်အား လေးနက်သော အမူအရာဖြင့် ကြည့်ကာ "အခုချိန်ထိ တည်းခိုခန်းထဲမှာ လူသတ်သမားရဲ့ ဓာတ်ပုံတစ်ပုံမှမတွေ့ရသလို သူတို့နှစ်ယေယာက်ရဲ့ လက်ထပ်မှတ်ပုံတင်ကိုလည်း မတွေ့ရဘူး—— စူးဝမ်ရှင်းရဲ့ခင်ပွန်းဖြစ်သူက သူမရဲ့ ထွက်သွားတဲ့ဝိညာဉ်ကို ကယ်တင်ဖို့ သတို့သမီး 7 ယောက်ကို သတ်ပစ်တယ်ဆိုတဲ့ ဒီထင်ကြေးက အရမ်းထင်ရာတွေးသလို ဖြစ်လွန်းတယ်…"


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်၏ ခွဲခြမ်းစိတ်ဖြာမှုကို သေသေချာချာ စဉ်းစားပြီး ခေါင်းငြိမ့်လိုက်သည်။

"ဖျင်စစ်ပြောတာ မှန်တယ်… ‘သူ၏ချစ်လှစွာသောဇနီး’ဆိုတဲ့ အထိမ်းအမှတ်ကျောက်တိုင်က ဆောက်လုပ်သူရဲ့ တစ်ဖက်သတ် စာသားသက်သက်ပဲ… စူးဝမ်ရှင်းက သူ့ကို တကယ်လက်ထပ်မှာ မဟုတ်လောက်ဘူး… သူက စူးဝမ်ရှင်းကို နက်နက်ရှိုင်းရှိုင်း ချစ်မိနေတာ ဖြစ်နိုင်ပြီး သူမကို မရနိုင်တာကြောင့် စူးဝမ်ရှင်းသေဆုံးသွားတဲ့အခါ စူးဝမ်ရှင်းရဲ့ အထိမ်းအမှတ်ကျောက်တိုင်မှာ ‘သူ့၏ချစ်လှစွာသောဇနီး’ဆိုတဲ့ စကားလုံးကို ရေးထိုးထားတာဖြစ်မယ်…"


ဤမှန်းဆချက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အမှောင်ထဲတွင် အလင်းရောင်တစ်ခု ရုတ်တရက် လင်းလက်သွားသလိုဖြစ်သွားပြီး ရှုပ်ထွေးသောအရာများစွာက ရှင်းလင်းပြတ်သားလာသည်။


ခယ်ရှောင်းပင်က တွေးဆသည်။

"ဒါက အဓိပ္ပါယ်ရှိပုံရတယ်… ငါတို့က သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံကိုတောင် တကယ်မမြင်ဖူးဘူး…"


ချင်လုက စိတ်လှုပ်ရှားစွာ ပြောသည်။

"ဒါဆို လူသတ်သမားက သူမခင်ပွန်းမဟုတ်ဘူးမလား? ငါက အစက အောင်သွယ်တော် လက်ထပ်ခွင့်ကမ်းလှမ်းတာကို အိမ်မက်မက်ခဲ့တယ်… ဇာတ်ညွှန်းထဲက သခင်လေးကျောက်က နာမကျန်းဖြစ်နေပြီး သခင်မလေးစူးက သူနေကောင်းလာဖို့အတွက် လက်ထပ်မှာလေ… သခင်လေးကျောက်က အရမ်းနာမကျန်းဖြစ်နေတာကို သူမကို သတ်ဖို့ ခွန်းအား ဘယ်လိုလုပ်ရှိနိုင်မှာလဲ?"


ချင်မြောင်က သူမညီမ၏စကားအတိုင်း သံယောင်လိုက်ခဲ့သည်။

"ဇာတ်ညွှန်းထဲမှာ သခင်လေးကျောက်က နာမကျန်းဖြစ်နေပြီး သတ်နိုင်စွမ်းမရှိဘူး… ဒါဆို လက်တွေ့မှာ သခင်လေးကျောက်က စူးဝမ်ရှင်းရဲ့တရားဝင်ခင်ပွန်းဖြစ်ပြီး အခြားလူတွေကို သတ်နိုင်စွမ်းမရှိဘူးမလား?"


—— ဇာတ်ညွှန်းက လက်တွေ့ကို ရည်ညွှန်းနေပြီး သခင်လေးကျောက်သည် ဇာတ်ညွှန်းထဲက သခင်လေးကျောက်နဲ့ အတူတူပဲဖြစ်တာကြောင့် လက်တွေ့မှာ စူးဝမ်ရှင်း၏ တရားဝင်ခင်ပွန်းဖြစ်သည်။


ဇာတ်ညွှန်းထဲမှာ သခင်လေးကျောက်က နာမကျန်းဖြစ်ပြီး သခင်မလေးစူးက သူနေကောင်းလာစေရန်အတွက် ကျောက်မိသားစုနဲ့ လက်ထပ်ခဲ့သည်။ နာမကျန်းဖြစ်သူအမျိုးသားက သူ့အတွက် နေကောင်းပျောက်စေမယ့် သူ့ဇနီးကို သတ်ပစ်ရန် ရည်ရွယ်ချက်မရှိပေ။ နှစ်ယောက်သား ရန်ငြိုးထားဖို့ မဆိုထားနှင့်၊ သူတို့တွေက လက်မထပ်ခင်အထိ တစ်ခါမှ မတွေ့ဖူးပေ။


လက်တွေ့မှာ သခင်လေးကျောက်က စူးဝမ်ရှင်းနဲ့ သိပ်မရင်းနှီးသလို နှစ်ယောက်စလုံးဟာ ရည်ရွယ်ချက်တစ်ခုခုအတွက် လက်ထပ်ခဲ့ကြတာဖြစ်မည်။ ဥပမာ၊ အကြီးအကဲတွေက စီးပွားရေးအတွက် အတင်းအကြပ်လက်ထပ်ခိုင်းတာမျိုးပေါ့။ဒီလို“အတင်းအကြပ်လက်ထပ်ခြင်း”က ဇာတ်ညွှန်းထဲရှိ “နေကောင်းပျောက်ရန် လက်ထပ်ခြင်း”နှင့် ကိုက်ညီနိုင်သည်။ တူညီသောအချက်မှာ သခင်မလေးစူးနှင့် ‌သခင်းလေးကျောက်တို့အကြား အိမ်ထောင်ရေးကို ကျောက်မိသားစုက ငွေဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သခင်မလေးစူးက လိုလိုလားလားလက်ထပ်ခြင်းမဟုတ်ပေ။


မနေ့က စိန်လက်စွပ်၊ မင်္ဂလာဝတ်စုံဓာတ်ပုံနှင့် အုတ်ဂူကျောက်စာပေါ်က ‘သူ၏ချစ်လှစွာသောဇနီး’ဟူသော စာသားကို အခြေခံ၍ လူသတ်သမားက စူးဝမ်ရှင်း၏ ခင်ပွန်းဖြစ်လိမ့်မည်ဟု ခန့်မှန်းခဲ့ကြသည်။


သို့သော် သူတို့တွေ လက်ထပ်မှတ်ပုံတင်ကို ရှာမတွေ့ပေ။


လက်ထပ်မှတ်ပုံတင်မရှိရင်က သူက သူမခင်ပွန်းဖြစ်ကြောင်း သေချာစွာ မပြောနိုင်ပေ။


ကျန်းဖျင်စစ်၏ အတွေးအခေါ်က အမှန်တကယ် ခိုင်မာပြီး ဤစဉ်းစားရခက်သော သော့ချက်ကို သူထောက်ပြခဲ့သည်။


ယွဲ့ရှင်းဝမ်သည် ဤအဓိကအချက်ကို ဆက်လက် ခွဲခြမ်းစိတ်ဖြာပြီး နောက်ဆုံးတွင် မှောင်မိုက်သောနေရာမှ အပြင်ထွက်ရန် တံခါးတွေ့သွားသလို ခံစားရသည်။သူက ကျန်းဖျင်စစ်ကို ကြည့်ကာ ပြောလိုက်သည်။

"စူးဝမ်ရှင်းမှာ အရမ်းဆက်ဆံရေးကောင်းတဲ့ ချစ်သူတစ်ယောက်ရှိတယ် ဆိုပါစို့… နှစ်ယောက်က လက်ထပ်ဖို့အထိ ရည်ရွယ်ထားကြပေမယ့် အဲဒီအချိန်မှာ ရုတ်တရက် မတော်တဆမှုတစ်ခုဖြစ်သွားတယ်… စူးမိသားစုရဲ့အကြီးအကဲတွေက စူးဝမ်ရှင်းကို မိသားစုစီးပွားရေးအတွက် သခင်လေးကျောက်နဲ့ လက်ထပ်ဖို့ အတင်းအကြပ်ခိုင်းစေခဲ့‌တယ်… ဒီတော့ နှစ်ယောက်သားက ရွေးချယ်စရာမရှိဘဲ လမ်းခွဲခဲ့ရတယ်… ဇာတ်ညွှန်းထဲကလို သခင်မလေးစူးက ကျောက်မိသားစုကို နေကောင်းပျောက်စေရန် လက်ထပ်သလိုမျိုးပေါ့…"


ဒီစိတ်ကူးကို ဖွင့်လိုက်သည်နှင့် နောက်ဆက်တွဲ ခွဲခြမ်းစိတ်ဖြာမှုကလည်း အဓိပ္ပါယ်ရှိလာသည်။


ကျန်းဖျင်စစ်က ဆက်ပြောလေသည်။

"စူးဝမ်ရှင်းက သခင်လေးကျောက်နဲ့ လက်ထပ်ပြီးနောက် သူမရဲ့အရင်ချစ်သူက လက်မခံနိုင်တာကြောင့် စူးဝမ်ရှင်းကို သတ်ပစ်လိုက်ပြီး စူးဝမ်ရှင်းအတွက် အထိမ်းအမှတ်ကျောက်တိုင်ကို စိုက်ထူပြီးတော့ အုတ်ဂူမှာ ‘သူ၏ချစ်လှစွာသောဇနီး စူးဝမ်ရှင်း’လို့ ရေးခဲ့တယ်…"


ယွဲ့ရှင်းဝမ်: "ဇာတ်ညွှန်းထဲမှာ စူးဝမ်ရှင်းနဲ့ အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိတဲ့ လူတစ်ယောင်လည်းရှိတယ်… စူးဝမ်ရှင်းလက်ထပ်ပြီးတဲ့နောက်မှာ သူက သူမကို မရနိုင်တာကြောင့် စူးဝမ်ရှင်းကို သတ်လိုက်တဲ့ လူသတ်သမားဖြစ်လာတယ်… ဒီနည်းအတိုင်းဆိုရင် ဇာတ်ညွှန်းနဲ့ လက်တွေ့က လုံးဝကိုက်ညီနိုင်တယ်…"


သူတို့နှစ်ယောက်၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားလိုက်ရတော့ အားလုံး အံ့အားသင့်သွားကြသည်။


‘သူ၏ချစ်လှစွာသောဇနီး’က သူ့ဇနီးအစစ်မဟုတ်ဘဲ သူချစ်ရသောသူက အခြားတစ်ယောက်ကို လက်ထပ်လိုက်တာကြောင့် သူမကို သတ်ပစ်ပြီး သူ့ဘေးနားမှာပဲ သူမကိုမြှုပ်ထားကာ အုတ်ဂူကျောက်တိုင်ပေါ်မှာ ‘သူ၏ချစ်လှစွာသောဇနီး’ဟု ရေးထိုးထားသည့် စိတ်ဖောက်နေသော အရူးတစ်ယောက်သာဖြစ်သည်။


ဒါကို တွေးကြည့်ပြီး မိန်းကလေးသုံးယောက်က ကျောချမ်းသွားသည်။


ဒီလို စိတ်ဖောက်နေသောလူနဲ့ ကြုံခဲ့ရတာကြောင့် သခင်မလေးစူးမှာ ‌ငြိမ်းချမ်းစွာ မသေခဲ့ရပေ။


ချင်လု၏မျက်နှာက ရုပ်ဆိုးနေပြီး သူမအသံက ဒေါသကြောင့် တုန်ယင်နေသည်။

"အဲဒီလူက ထိန်းချုပ်လိုစိတ် အရမ်းပြင်းပြတယ်… သူကြိုက်တဲ့လူက အခြားတစ်ယောက်နဲ့ လက်ထပ်ဖို့ ဖိအားပေးခံရတုန်းက သူ့မှာ တားဆီးနိုင်စွမ်းလည်း မရှိဘဲနဲ့ သူမက အခြားတစ်ယောက်နဲ့ လက်ထပ်ပြီးမှ တစ်ဖက်လူကိုသတ်ပစ်ပြီး သူမကိုမြှုပ်နှံဖို့ ဖုန်းရွှေနေရာမျိုးတောင် ရွေးလိုက်သေးတယ်… ငါဝတ္ထုတွေ အများကြီးဖတ်ဖူးပြီး လူယုတ်မာတွေကို အများကြီးကိုလည်း မြင်ဖူးတယ်… သူ့လို လူယုတ်မာကတော့ ငါ့အမြင်သုံးခုကို လန်းဆန်းစေတယ်!"


ချင်မြောင်က အေးစက်စွာပြောလာသည်။

"ဒါက လူယုတ်မာတင်မကဘူး၊ စိတ်ရောဂါသည်၊ အရူး၊ သာမန်လူတွေလို တွေးခေါ်ဖို့ နားလည်မှာမဟုတ်ဘူး…"


ကောင်းရှောင်ရှင်းက ဒေါသတကြီးနဲ့ ပြောသည်။

"ဒီလိုဆိုရင် သခင်မလေးစူးက အရမ်းသနားဖို့ကောင်းတာပဲ!"


ခေါင်းတလားထဲမှာ မြှုပ်နှံထားသော စူးဝမ်ရှင်းအကြောင်းတွေးလိုက်တော့ အားလုံး၏စိတ်ထဲတွင် နည်းနည်းအဆင်မပြေသလို ခံစားရသည်။


ထိုသို့သော တိရစ္ဆာန်ကောင်နဲ့ စူးဝမ်ရှင်းတွေ့ခဲ့တာက ကံဆိုးလွန်းလှသည်။ သူမသည် သေဆုံးပြီး ဒီမှာအမြှုပ်ခံထားရကာ သူမ၏အုတ်ဂူကျောက်တိုင်တွင်လည်း ‘သူ၏ချစ်လှစွာသောဇနီးစူးဝမ်ရှင်း’လို့ ရေးထိုးခံထားရပြီး သူမကို အနီတောက်တောက် မင်္ဂလာဝတ်စုံအား ဝတ်ဆင်ထားပေးပြီး လမ်းမခွဲခင်က လက်ထပ်လက်စွပ်ကို သူမလက်ချောင်းတွင်း အတင်းအကြပ်ဝတ်ထားပေးကာ တကယ့်ကို ရွံစရာကောင်းလှသည်။


လက်ရှိတွင် ဤကောက်ချက်က အခြားကောက်ချက်များထက် ပို၍ကျိုးကြောင်းဆီလျော်သည်။ ဤနည်းဖြင့်သာ ဇာတ်ညွှန်းနှင့် လက်တွေ့က လူသတ်မှုများသည် လုံးဝဆက်စပ်နိုင်မည်ဖြစ်ပြီး လူသတ်သမားနှစ်ဦးကလည်း ကိုက်ညီနိုင်သည်။ 


ယွဲ့ရှင်းဝမ်က သက်ပြင်းတစ်ချက်ချကာ ပြောလာသည်။

"ဇာတ်ညွှန်းနဲ့ လက်တွေ့နှစ်ခုစလုံးမှာ သခင်မလေးစူးကိုသတ်ခဲ့တဲ့ လူသတ်သမားရဲ့ရည်ရွယ်ချက်က သူချစ်တဲ့သူကို မရနိုင်တာကြောင့် အချစ်ကနေပေါက်ဖွားလာတဲ့ အမုန်းတရားကြောင့်ပဲ… သံသယရှိသူတွေကို ပိုကျဉ်းသွားစေနိုင်ပြီး သမားတော်နဲ့ ကိုယ်ရံတော်တို့ နှစ်ယောက်ပဲကျန်တော့တယ်…"


ကျန်းဖျင်စစ်က အသံတိုးတိုးနဲ့ ပြောလိုက်သည်။

"လက်တွေ့မှာ အပြစ်မဲ့သတို့သမီးတွေကို ဆက်သတ်ဖို့ လူသတ်သမားရဲ့ရည်ရွယ်ချက်က သေဆုံးသွားတဲ့ဝိညာဉ်ကို ကယ်တင်ဖို့ မဟုတ်ဘဲ—— စူးဝမ်ရှင်းရဲ့ဝိညာဉ်ကို အကျဉ်းချဖို့ပဲ…"


သူ၏အကြည့်တွေက စူးရှပြီး အေးစက်လာကာ သူက‌ဖြည်းညင်းစွာ ဆက်ပြောသည်။

"လူသတ်သမားက စူးဝမ်ရှင်းရဲ့ဝိညာဉ်ကို သူ့နံဘေးမှာ ထာဝရပိတ်လှောင်ထားဖို့ အသက်ရှိလူ 7 ယောက်ကို ယစ်ကောင်အဖြစ် အသုံးပြုခဲ့တာဖြစ်နိုင်တယ်…"


လူတိုင်း: "..."


လေပြင်းတိုက်၍ မီးပုံထဲရှိထင်းမှ "ဖောက်"ဟု အသံထွက်လာသည်။


မီးပွားများသည် နေရာတိုင်းတွင် ပြန့်ကျဲနေပြီး လူတိုင်း၏မျက်နှာများက ရုပ်ဆိုးသည်။


ထိုသို့သော ကျိုးကြောင်းဆင်ခြင်ခြင်း ရလဒ်များသည် သူတို့၏ အသိဉာဏ်ကို အမှန်တကယ် ဇောက်ထိုးဖြစ်သွားစေသည်။


စိတ်ဖောက်ပြန်ဆုံးသူမရှိဘဲ ပို၍စိတ်အဖောက်ဆုံးသူသာရှိသည်။ ဒီလို‌ပုံမှန်မဟုတ်သောအချစ်ကို ဘယ်သူမှ မလိုချင်ဘူး။ အကယ်၍ လူတစ်ယောက်က တစ်စုံတစ်ယောက်ကို အမှန်တကယ်ချစ်လျှင် တစ်ဖက်လူ၏ဆန္ဒကို လျစ်လျူရှုပြီး တစ်ဖက်လူအား အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူခြင်း သို့မဟုတ် တစ်ဖက်လူ၏ဝိညာဉ်ကို အကျဉ်းချထားခြင်း ပြုလုပ်မယ်တဲ့လား?


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ကြည့်လိုက်သည်။

"ဒီဖွဲ့စည်းပုံက အရမ်းထိတ်လန့်စရာကောင်းတယ်လို့ ငါလည်းထင်မိတယ်… သေဆုံးသွားတဲ့ဝိညာဉ်ကို ကယ်တင်ဖို့ဆိုရင် ဘယ်လိုလုပ် အခြားသူတွေကို သတ်ပြီး အသုံးချမှာလဲ? သေသွားတဲ့ဝိညာဉ်ကို အကျဉ်းချတာက လူသတ်သမားရဲ့ ရည်ရွယ်ချက်နဲ့ ပိုကိုက်ညီတယ်…" 


ကောင်းရှောင်ရှင်း၏မျက်နှာက ဖြူဖျော့နေသည်။

"ဒါကိုကြားပြီး ငါလက်ထပ်ရမှာတောင် ကြောက်သွားပြီ… ဒါက ကြောက်စရာကြီး…"


ကောင်းရုန်ချန်က ချောင်းဟန့်ကာ ဆိုလေသည်။

"သန်းရာနဲ့ချီတဲ့လူတွေထဲက ဒီလိုစိတ်ဖောက်တဲ့လူတစ်ယောက်ကို မင်းမရွေးမိနိုင်ပါဘူး… တကယ်လို့ မိန်းကလေးတစ်ယောက်ကို ကိုယ်တကယ်ချစ်တယ်ဆိုရင် သူမက အခြားတစ်ယောက်နဲ့ လက်ထပ်သွားရင်တောင် သူမကိုသတ်ပြီး ကိုယ့်ဘေးနားမှာမြှုပ်ထားမယ့်အစား သူမဘဝကောင်းမွန်ဖို့အတွက် ဆုတောင်းပေးသင့်တယ်…"


ဒါက တကယ့်ကို စိတ်ဆင်းရဲစရာ အတွေ့အကြုံတစ်ခုပါပဲ။


ယွဲ့ရှင်းဝမ်က သက်ပြင်းတစ်ချက်ချကာ အားလုံး၏ခံစားချက်တွေ သက်သာရာရစေရန် ပြုံးပြလိုက်သည်။

"ကဲပါ… အဲဒါကို စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုအနေနဲ့ပဲ သဘောထားလိုက်ပါ… အရမ်းကြီးမစဉ်းစားပါနဲ့… လက်ရှိမှာ ဇာတ်ကွက်နဲ့ တည်းခိုခန်းကြားက ဆက်နွယ်မှုကို ငါတို့ရှင်းလင်းပြီးပြီဆိုတော့ ကျိုးကြောင်းဆင်ခြင်မှုက ပိုပြီးလွယ်ကူလာလိမ့်မယ်… ရည်ရွယ်ချက်က အချစ်ထဲကပေါက်ဖွားလာတဲ့ အမုန်းကြောင့် ဖြစ်ပြီး သံသယရှိသူက နှစ်ယောက်ပဲ ကျန်တော့တယ်… ငါးယောက်ထဲက တစ်ယောက်ကို ရွေးတာထက် နှစ်ယောက်ထဲက ရွေးရတာက ပိုလွယ်တယ်မဟုတ်ဘူးလား?"


ချင်မြောင်က မေးသည်။

"ရှောင်ရုန်း၊ ညီမစူးနဲ့ ကိုယ်လုပ်တော်ချန်တို့အားလုံးက အနှောင့်အယှက်တွေပဲ… သမားတော်နဲ့ ကိုယ်ရံတော်၊ ဘယ်တစ်ယောက်က ဖြစ်နိုင်လဲ?"


ယွဲ့ရှင်းဝမ်: "အားလုံးဖြစ်နိုင်ခြေရှိတယ်… သမားတော်က လက်တွေ့မှာ ဆရာဝန်ဖြစ်နိုင်တယ်… ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ထဲမှာ သခင်မလေးစူးက မြွေကိုက်ခံရပြီး သမားတော်က သူမကိုကယ်ခဲ့တယ်… လက်တွေ့မှာ သခင်မလေးစူးက ရောဂါတစ်မျိုးမျိုးရှိနိုင်ပြီး ဆရာဝန်က သူမကို ကုသပေးခဲ့တယ်…"


ကျန်းဖျင်စစ်: "ကိုယ်ရံတော်က လက်တွေ့မှာလည်း သူမကို စောင့်ရှောက်ပေးတဲ့ ‌သက်တော်စောင့်ဖြစ်နိုင်တယ်… ငါက ရှေးခေတ်ဇာတ်ကွက်မှာ ကိုယ်ရံတော်က သခင်မလေးစူးရဲ့ ပုံတူပန်းချီဆွဲနေတာကို အိမ်မက်မက်ခဲ့တာဆိုတော့ သူမကိုသတ်ပစ်ပြီး သူမဝိညာဉ်ကို အကျဉ်းချထားနိုင်တဲ့ လူသတ်သမားရဲ့စရိုက်လက္ခဏာနဲ့ ကိုက်ညီတယ်…"


ရှုပ်ထွေးသော ခံစားချက်ဖြင့် အားလုံး တိတ်ဆိတ်သွားကြသည်။


ယွဲ့ရှင်းဝမ်က ‌စိတ်အေးလက်အေး ဟန်ဆောင်ကာ ပြောလိုက်သည်။

"ရည်ရွယ်ချက်ကို ရှာတွေ့ပြီဆိုတော့ နောက်ပိုင်ူ ပိုရှင်းလာပါပြီ… 3 ရက်မြောက်နေ့ညမှာ ရှေးခေတ်ဇာတ်ကွက်ရဲ့ သဲလွန်စတချို့ကို ငါတို့စုဆောင်းကြမယ်… အဲဒါတွေက ကျိုးကြောင်းဆင်ခြင်ခြင်းရဲ့ ရလဒ်နဲ့ ကိုက်ညီရင် ကိုယ်ရံတော်နဲ့ သမားတော်ရဲ့ ဇာတ်ကွက်အသစ်တွေ ရှိလာနိုင်ပြီး ငါတို့တွေ လူသတ်သမားကို ဘောင်ခတ်ထားလို့ရပြီ…"


ကျန်းဖျင်စစ်: "တည်းခိုခန်းဇာတ်ကွက်အတွက် အဲဒီအဝတ်စတွေပေါ်က ကိန်းဂဏန်းကုဒ်တွေကို ငါတို့ဖော်ဖို့လိုတယ်… မနက်ဖြန်ကျရင် အဲဒါကိုလေ့လာဖို့ အချိန်ယူရမယ်…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"ပျောက်ဆုံးနေတဲ့ အလောင်းတစ်လောင်းရှိသေးတယ်… မနက်ဖြန် အမြန်ဆုံးရှာကြတာပေါ့…"

အားလုံးက အခြေအနေဆိုးရွားနေတာကို မြင်တော့ သူက ပြောလာသည်။

"အရင်ဆုံးအိပ်ရအောင်… ဒါက စာမေးပွဲတစ်ခုပါပဲ… အတည်စဉ်းစားနေစရာမလိုပါဘူး…"


ယွဲ့ရှင်းဝမ်၏စကားများက လူတိုင်းကို များစွာသက်သာသွားစေပြီး လူတိုင်းက မျက်လုံးမှိတ်ကာ အိပ်ပျော်သွားသည်။


နောက်နေ့မိုးလင်းသောအခါ အားလုံးက တည်းခိုခန်းကို ပြန်လာကြပြီး ရေတွင်းထဲက ရေဖြင့် သူတို့ကိုယ်သူတို့ ဆေးကြောကြသည်။ ယွဲ့ရှင်းဝမ်က သူတို့ကို မနက်စာမပြင်ဆင်ခိုင်းဘဲ သူက ‌ချင်မြောင်ကို ပြောလိုက်သည်။

"နေ့လယ်ကျမှ ခေါက်ဆွဲခြောက်ကို ပြုတ်ရအောင်… ချက်ပြုတ်ဖို့ စိတ်ရှုပ်မခံနဲ့တော့…"


ချင်မြောင်က တည်းခိုခန်း၏ အရှေ့က ကြားပန်းကန်ကို ကြည့်ပြီး ပြောလာသည်။

"ရေကန်ထဲမှာ ကြာစွယ်တွေ ရှိနိုင်တယ်… မီးဖိုချောင်ထဲမှာ သကြားခဲတချို့ရှိတယ်… ဒီနေ့ နေ့လယ်အတွက် ငါနင်တို့ကို သကြားကြာစွယ်မုန့် လုပ်ပေးမယ်…"


ဒါကိုကြားတော့ ခယ်ရှောင်ပင်း၏မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။

"သကြားကြာစွယ်ကို ငါစားရတာ ကြိုက်တယ်…"


ယွဲ့ရှင်းဝမ်က အရွှန်းဖောက်သည်။

"မင်းက အချိုတွေ အရမ်းကြိုက်တာလား? နောက်ဆုံးအကြိမ် အများသူငါစိတ်ကြိုက်သင်တန်းမှာတုန်းက မင်း ပျားရည်ငါးကင်ဆယ်ကောင် စားခဲ့တယ ငါမှတ်မိသေးတယ်…"


ခယ်ရှောင်ပင်းက ရှက်ရွံ့စွာ ပြုံးလိုက်သည်။ 

"ငါ့မွေးရပ်မြေက ကျန်းစူးပြည်နယ်မှာ ရှိပြီး ငယ်ငယ်ကတည်းက အချိုတွေကိုစားရတာ ငါကြိုက်တယ်…"


"ကောင်းပြီ… ဒီစီနီယာအစ်ကိုက မင်းအတွက် ကြာစွယ်တချို့ကို သွားခူးပေးမယ်…"

လျှိုကျောက်ချင်းသည် ဒီနေရာတွင် ရှင်းဝမ်နှင့် ဖျင်စစ်တို့နှင့်အတူ ကျိုးကြောင်းဆင်ခြင်ခြင်းတွင် ဘာမှမကူညီနိုင်သလို ခံစားရတာကြောင့် လူတိုင်းစားနိုင်စေရန် ရုပ်ပိုင်းဆိုင်ရာအလုပ်များကိုသာ ပြုလုပ်ခဲ့သည်။ သူသည် ရေကန်ဘက်သို့ ရောက်သောအခါ သူ၏အင်္ကျီလက်ကို ပခုံးအထိ ခေါက်တင်ပြီး သူ၏လက်ကို ရေကန်ထဲသို့ ခဏကြာအောင် ဆန့်တန်းပြီး ပြောလာသည်။

"ရေကန်က တော်တော်နက်တယ်… ငါမမှီဘူး…"


ချင်မြောင်က ဘေးကနေ ပြောလာသည်။

"တုတ်တစ်ချောင်းယူပြီး ကြာစွယ်အလယ်ကို ချိတ်ပြီးတော့ အပေါ်ကိုမကြည့်လိုက်…"


ခယ်ရှောင်ပင်းသည် အနီးနားရှိ တောအုပ်ဆီသို့ တက်ကြွစွာ ပြေးသွားပြီး ဝါးလုံးတိုင်ရှည်တစ်‌ချောင်းကို ယူလိုက်သည်။ လျှိုကျောက်ချင်းက ဝါးလုံးတိုင်ကိုယူကာ ရေကန်ဘေးတွင် ရပ်ကာ ရေကန်ထဲကို ခဏလောက် ထိုးစိုက်ကြည့်ပြီး ဝါးလုံးတိုင်က ကြာစွယ်တွင် ပိတ်ဆို့သွားတာကို သူသတိထားမိသွားသည်။

"ငါတွေ့ပြီ! ငါ့ကိုကြည့်လိုက်စမ်း!"


လျှိုကျောက်ချင်းက ပြင်းထန်စွာ မလိုက်သည်——


ခယ်ရှောင်ပင်းသည် သူ့စီနီယာအစ်ကိုက ကြာစွယ်များစွာကို ချိတ်မိပြီး နေ့လယ်တွင် အရသာရှိစားရတော့မည်ဟု တွေးကာ သူ့မျက်နှာမှာ အပြုံးဖြင့်ပြည့်နှက်နေသည်။ သူက ချင်မြောင်၏သကြားကြာစွယ်ကို စောင့်မျှော်နေသည်။ သို့သော် လျှိုကျောက်ချင်း ဘာကိုချိတ်မိတ်ထားသလဲဆိုတာ မြင်လိုက်ပြီးနောက် သူ၏အပြုံးက ချက်ချင်းအေးခဲသွားသည်။


လျှိုကျောက်ချင်းလည်း ခဏတာ အံ့အားသင့်သွားပြီး ဆဲလိုက်သည်။

"Fuck!"


ချင်မြောင်က ပြန်သွားပြီး ယွဲ့ရှင်းဝမ်ကို ရှုံ့မဲ့နေသောမျက်နှာဖြင့် ခေါ်လိုက်သည်။

"ရှင်းဝမ် လာကြည့်ဦး…"


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က အဝတ်စပေါ်ရှိ ကုဒ်များကို ခွဲခြမ်းစိတ်ဖြာရင်း အိမ်ထဲတွင်ရှိနေကြကာ ရေကန်ကို ကြည့်ရှုရန် ချင်မြောင်နောက်သို့ လိုက်သွားကြသည်။ နှစ်ယောက်သားက မယုံနိုင်စွာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်—— လျှိုကျောက်ချင်းသည် ကြာစွယ်ကို ချိတ်မိခြင်းမဟုတ်ဘဲ အရိုးစုကို ချိတ်မိခြင်းဖြစ်သည်။


အလောင်းသည် အနီရောင် မင်္ဂလာဝတ်စုံကို ၀တ်ဆင်ထားပြီး အဝတ်အစားများက ရေထဲတွင် အချိန်အတော်ကြာအောင် စိမ်ထားပြီး ဆွေးမြေ့ပျက်စီးကာ ရေမှော်ပင်အချို့က ကပ်လျက်ရှိနေသည်။ လူ့အရိုးစုက ဝါးလုံးတိုင်ထိပ်ပေါ်တွင် တွဲလောင်းကျနေပြီး အရိုးစုက ခယ်ရှောင်ပင်း၏ ဦးတည်ရာဆီသို့ ပြုံးပြနေသည်။


ခယ်ရှောင်ပင်း: "..."


ချင်မြောင်က အသက်မပါသောမျက်နှာဖြင့် သူ့ကို မေးလာသည်။

"စားချင်သေးလား?"


ခယ်ရှောင်ပင်း: "မစား‌ချင်တော့ဘူး…"


အလောင်းစိမ်ထားသော ရေကန်ထဲက ကြာစွယ်ကို ဘယ်သူစားနိုင်မှာလဲ? ခယ်ရှောင်ပင်း အန်ချင်လာသည်။


ယွဲ့ရှင်းဝမ်က သူ့နဖူးကို ညင်သာစွာ ထောက်လိုက်သည်။

"7 ယောက်မြောက် သတို့သမီးက ဒီမှာပေါ့…"


ကျန်းဖျင်စစ်: "လူသတ်သမား လိုက်ဖမ်းတဲ့အချိန်မှာ သူမက ကြောက်လန့်တကြားထွက်ပြေးရင်း ရေကန်ထဲကို ပြုတ်ကျသွားတာ ဖြစ်နိုင်တယ်မလား?"


ယွဲ့ရှင်းဝမ်က ထောက်ခံသည်။

"အင်း… လူသတ်သမားမှာ OCDရောဂါရှိပြီး သူက လူတွေကို သတ်ပြီး အလောင်းတွေကို သိုလှောင်ခန်းထဲမှာ သပ်သပ်ရပ်ရပ် ဝှက်ထားလေ့ရှိတဲ့အတွက် ရေကန်ထဲကို တွန်းချမှာ မဟုတ်ဘူး… သူမက ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ကစားရင်း တစ်ခုခုမှားနေတာကို သတိထားမိသွားပြီး ဒါပေမယ့် သူမရဲ့ဖုန်းက အသိမ်းခံထားရတာကြောင့် ရဲကို ဖုန်းခေါ်တာ ဒါမှမဟုတ် အခြားသူတွေကို အကြောင်းကြားတာမျိုး မလုပ်နိုင်တဲ့အတွက် သူမက ထိတ်လန့်တကြား‌ထွက်ပြေးရင်း ကံမကောင်းစွာပဲ သူမ မလွတ်မြောက်နိုင်ခဲ့ဘူး…"


လူသတ်သမား၏ ပထမဆုံး သတ်ဖြတ်မှု 6 ကြိမ်က ကောင်းမွန်ခဲ့သော်လည်း 7 ကြိမ်မြောက်တွင် တစ်စုံတစ်ခု မှားယွင်းသွားခဲ့သည်။ ဒါက သတို့သမီး 6 ယောက်၏ အရိုးစုတွေကို သိုလှောင်ခန်းထဲမှာပဲ တွေ့ခဲ့ရပြီး 7 ယောက်မြောက် ပျောက်ကွယ်သွားရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ 


နောက်ထပ် လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းနိုင်ခဲ့သည်။


တစ္ဆေသတို့သမီး 7 ယောက်၏ အရိုးစုများကို စုစည်းနိုင်ပြီး တည်းခိုခန်းဇာတ်ကွက်ထဲက တိမ်များကို တဖြည်းဖြည်း ရှင်းသွားစေသည်။ ရှေးခေတ် ဇာတ်ညွှန်းနှင့် လက်တွေ့တည်းခိုခန်း အကြားက ချိတ်ဆက်မှုကိုလည်း သက်သေပြထားနိုင်ပြီး နောက်ထပ်သော့ချက်မှာ အရုပ်ထဲက ကိန်းဂဏန်းကုဒ်ကို ဖော်ထုတ်ရန်ဖြစ်သည်။


#TK