Chapter 46
Viewers 5k

Volume 3 : သင်္ချာဌာန


Chapter 46 (သေခြင်းကုဒ် ၀၅)


လုခိုင်နှင့် လော့ကျားကျားတို့၏ အခန်း 8 ဇာတ်ကြောင်း သဲလွန်စများကို ချန်ထားခဲ့လိုက်ပါက သတို့သမီးသေဆုံးမှုသည် တည်းခိုခန်းနှင့် ဘာမှမဆိုင်တာ ဒါမှမဟုတ် လွတ်သွားတာရှိ၊မရှိကို ယွဲ့ရှင်းဝမ် ဆုံးဖြတ်နိုင်ခြင်းမရှိပေ။ ခွဲခြမ်းစိတ်ဖြာမှုကို ဆက်လက်လုပ်ဆောင်ရန် နောက်ထပ်သဲလွန်စတစ်ခုကို စုဆောင်းရမည်ဖြစ်သည်။ ဒါကိုတွေးပြီး ယွဲ့ရှင်းဝမ် ပြောလိုက်သည်။

"အခုတော့ တောအုပ်အပြင်မှာ အရင်အိပ်ပြီး မိုးလင်းမှ ငါတို့ဆက်ပြောကြတာပေါ့…"


အများသူငါစိတ်ကြိုက်သင်တန်း ‘တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ’ကို ပြန်ရောက်သွားသလို သူတို့သည် တောထဲမှာပဲ စခန်းချနေရသည်။


လူတိုင်းသည် သစ်ပင်တစ်ပင်ကို ရှာဖွေပြီး ပင်စည်ကို ကျောခိုင်းပေးကာ အိပ်ကြရသည်။


မနက်စောစောတွင် ငြင်းခုံသံကြောင့် ယွဲ့ရှင်းဝမ်က ရုတ်တရက် နိုးလာသည်။ သူက မျက်မှောင်ကြုတ်ကာ မျက်လုံးဖွင့်ကြည့်လိုက်တော့—— သိပ်မဝေးသောနေရာတွင် ယောင်္ကျားလေးနှစ်ယောက် စကား‌များနေကြသည်။ သူတို့က လုခိုင်နှင့် ကောင်းရုန်ချန်၊ ညီအစ်ကိုဝမ်းကွဲတွေဖြစ်သည်။


ကောင်းကင်က မှောင်နေဆဲ‌ဖြစ်ပြီး ယွဲ့ရှင်းဝမ်၏ အနေအထားကနေ ကောင်းရုန်ချန်၏ဘေးဘက်ပုံစံကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။


ကောင်းရုန်ချန်၏အမူအရာက အလွန်ဒေါသထွက်နေပြီး သူ့ညီကိုလက်ညှိုးထိုးကာ အသံတိုးတိုးဖြင့် ဆဲလေသည်။

"မင်း‌ သောက်ရမ်းနုံ့အနေတာလား?! စည်းမျဉ်းတွေအရ သင်တန်း‌တစ်ခုစီကို ပြန်လည်ဖြေဆိုခွင့် အခွင့်အရေးရှိတယ်… လော့ကျားကျားက တကယ်မသေဘူး၊ မင်း စာကြည့်တိုက်ကို ပြန်သွားတဲ့အခါ သူမကို တွေ့ရလိမ့်မယ်… မင်းစိတ်ရှုပ်ထွေးနေပြီ!"


ယွဲ့ရှင်းဝမ်သည် လုခိုင်၏နောက်ကျောက်ကြည့်ကာ သူ့ကျောက ပိန်ပိန်ပါးပါးနဲ့ ကုန်းထားပြီး သူ့အသံက အနည်းငယ် တုန်ယင်နေသည်။

"လော့ကျားကျားကြောင့် မဟုတ်ဘူး! ငါ ဒီစာကြည့်တိုက်မှာ တစ်မိနစ်တောင် မနေချင်တော့ဘူး… ပထမဆုံး မျောက်တွေနဲ့ ယုန်တွေကို ငါသည်းခံနိုင်သေးတယ်… ဒါပေမယ့် ပြီးတော့ အရိုးစုမကောင်းဆိုးရွာအုပ်စု အလှည့်ရောက်လာပြီး အခုတော့ တစ္ဆေအမျိုးသမီးတွေတောင် ထွက်လာပြီ! အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ မင်းသိလို့လား? လူသားစားတဲ့ မကောင်းဆိုးရွားမျိုးစုံတောင် ရှိလာနိုင်တယ်!"


ကောင်းရုန်ချန်က စကားမပြောဘဲ ငြိမ်နေလိုက်သည်။


လုခိုင်က ဆို့နင့်ပြီး ပြောသည်။

"အစ်ကို၊ ငါတို့ အခုမှ credit 10 မှတ်ပဲ ရသေးတာ… ငါတို့ ဘွဲ့ရဖို့ credit 100 တောင် လိုတယ်… ဒီလိုကြောက်စရာကောင်းတဲ့ အရာတွေကို ဘယ်နှစ်ခါ ကျော်ဖြတ်ရမလဲဆိုတာ မင်းတွေးဖူးလား? ငါတော့တော်ပြီ!"


ကောင်းရုန်ချန်၏မျက်လုံးတွေက နီရဲနေပြီး သူစကားပြောလိုက်သောအခါ အသံပြာနေသည်။

"ငါလည်း ဒီသောက်စာကြည့်တိုက်ကို မလာချင်ဘူး! ဒါပေမယ့် ဘာတတ်နိုင်လို့လဲ? ငါတို့ ဒီရောက်နေပြီလေ! မင်း အခု လက်လျှော့လိုက်ရင် စာကြည့်တိုက်က မင်းကို လက်တွေ့ဘဝမှာလည်း တကယ်ရှင်းပစ်လိမ့်မယ်လို့ ပြောထားတယ်လေ… မင်းမကြောက်ဘူးလား?"


လုခိုင်က သူ့ကိုယ်သူ ယုံကြည်ဟန် အပြင်းအထန် ခေါင်းခါလိုက်သည်။

"စာကြည့်တိုက်က ကမ္ဘာအစစ်ကို လွှမ်းမိုးနိုင်တယ်ဆိုတာ ငါမယုံဘူး! ဒီကအရာအားလုံးက အတုအယောင်တွေပဲ! 

သူက ရုတ်တရက် အကြံတစ်ခုရပြီး

"ငါတို့ ဒီမှာသေသွားရင် လက်တွေ့မှာ တကယ်အသက်ပြန်ရှင်နိုင်လောက်တယ်…"


"မင်းက တစ်ခါသေဖို့ ကြိုးစားမလို့လား? မင်းရူးနေပြီ!"

ကောင်းရုန်ချန်က သူ့ကိုရိုက်ရန် လက်ဆန့်လိုက်ပေမယ့် လုခိုင်က ရှောင်ကာ ရှောင်ပြေးသွားပြီး မျက်ရည်များဖြင့် ပြန်ပြောသည်။

"ဘာပဲဖြစ်ဖြစ် ငါ ဒီမှာ ညှဉ်းပန်းနှိပ်စက်ခံပြီး အချိန်မဖြုန်းချင်တော့ဘူး… ဒီတော့ မင်းဆက်နေချင်ရင် နေခဲ့လိုက်… ငါပြန်သွားချင်တယ်! ငါပြန်သွားချင်တယ်!"


သူ၏စိတ်တွေ သိသိသာသာ ယိုယွင်းပျက်စီးသွားပြီး တောထဲသို့ ဒုန်းစိုင်းလှည့်ပြီးထွက်ပြေးသွားကာ ဇက်ကြိုးလွတ်သွားသော မြင်းရိုင်းတစ်ကောင်လို သူလုံးဝစိတ်ထိန်းနိုင်ခြင်း မရှိတော့ပေ။ ကောင်းရုန်ချန်လည်း ခဏတာ အံ့အားသင့်သွားပြီး သူလိုက်ဖမ်းချင်သော်လည်း လိုက်မမီနိုင်တော့ပေ။ သူသည် လုခိုင်ထွက်သွားသော တောအုပ်ဘက်သို့ လိုက်သွားသောအခါ ဆိုးရွားသောအမူအရာဖြင့် သူရပ်လိုက်သည်။


ယွဲ့ရှင်းဝမ်သည် တောနက်ကြီးထဲမှ “အား”ဟူသော အော်သံကို မကြာမီ ကြားလိုက်ရသည်။ ထိုအသံက တိတ်ဆိတ်နေသော ကောင်းကင်ကို ဖြတ်သွားသော ဓားသွားကဲ့သို့ စူးရှပြီး အိပ်ပျော်နေသော အတန်းဖော်များအားလုံးကို ချက်ချင်း နှိုးလိုက်ကာ လူတိုင်းက ထိတ်လန့်စွာ မျက်လုံးဖွင့်လာကြသည်။

"ဘာဖြစ်တာလဲ?"


ခယ်ရှောင်ပင်း၏မျက်အှန်က ဘေးသို့ပြုတ်ကျနေပြီး အမြန်ရှာတွေ့ကာ ပြန်တပ်ပြီး သွက်လက်သော ယုန်တစ်ကောင်လို ယွဲ့ရှင်းဝမ်ဆီသို့ ခုန်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းနေပြီး

"ဘာဖြစ်တာလဲ? တစ္ဆေအမျိုးသမီးတွေ ငါတို့ကို လိုက်လာတာလား?"


ယွဲ့ရှင်းဝမ်သည် မျက်နှာမည်းသည်းနေသော ကောင်းရုန်ချန်ကို ကြည့်လိုက်ကာ ဘယ်လိုရှင်းပြရမလဲမသိတော့ပေ။


သူရှင်းပြမနေတာကိုမြင်တော့ ယွဲ့ရှင်းဝမ်သည် ပြောပြရုံကလွဲ၍ ဘာမှမတတ်နိုင်တော့ပေ။

"လုခိုင်က စာမေးပွဲကိုလက်လျှော့ပြီး တောအုပ်ထဲ ပြေးဝင်သွားတာ… ဖြစ်နိုင်တာကတော့ တစ္ဆေအမျိုးသမီးတွေက…"

ဆက်ပြောနေစရာမလိုတော့ဘဲ လူတိုင်းက အခုလေးတင် အော်ဟစ်သံကို နားလည်သဘောပေါက်သွားသည်။


ကောင်းရှောင်ရှင်း၏မျက်နှာက ဖြူဖျော့သွားသည်။

"သူက စာမေးပွဲကို လက်လျှော့လိုက်တာလား? ကျားကျားကြောင့်လား?"


ယွဲ့ရှင်းဝမ်: "…"


ဒီမိန်းကလေးတွင် ချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ လှပသော စိတ်ကူးယှဉ်မှုများလည်းရှိကာ လော့ကျားကျားသေဆုံးခြင်းက လုခိုင်ကို နှိုးဆွပေးသလိုဖြစ်ကာ လုခိုင်က သူ့ချစ်သူအနောက်သို့ လိုက်သွားခဲ့သည်ဟု သူမတွေးနေလိမ့်မည်။ သို့သော် တကယ်တော့ လုခိုင်သည် သူ့ချစ်သူသေဆုံးမှုကြောင့်မဟုတ်ဘဲ စာမေးပွဲကို လက်လျှော့လိုက်တာမဟုတ်ဘဲ သူရဲဘောကြောင်လို့သာဖြစ်သည်။


ယောင်္ကျားလေးများကြားတွင် သူရဲဘောကြောင်သူများလည်း ရှိပြီး ယွဲ့ရှင်းဝမ်သည် ဤအတန်းဖော်ကို မည်သို့ အကဲဖြတ်ရမလဲဆိုတာ မသိတော့ပေ။


ကောင်းရုန်ချန်က လျှောက်လာပြီး သူ့ချစ်သူ၏လက်ကို ညင်သာစွာဆုပ်ကိုင်ကာ သူ့အသံက ပင်ပန်းနွမ်းနယ်မှုကို ပြသနေသည်။

"ဒီငတုံးကောင်… ငါတို့ အပြင်ထွက်လို့ရတဲ့အခါ သူ့အမေတောင် သူ့ကိုမမှတ်မိတော့လောက်အောင် ငါသေချာပေါက် ရိုက်နှက်လိုက်မယ်! ငါ့အဒေါ်က သူ့ကို ငယ်ငယ်ကတည်းက အလိုလိုက်ခဲ့တော့ သူပျက်စီးသွားတာ…"


ကောင်းရှောင်ရှင်းက နှုတ်ခမ်းကိုကိုက်ကာ ဘာမှမပြောတော့ပေ။


အိပ်ရေးပျက်သွားသော ကျန်းဖျင်စစ်က သိသိသာသာပင်း မပျော်တော့ဘဲ အေးစက်စက်ပြောခဲ့သည်။

"တစ္ဆေအမျိုးသမီးက သူ့အနောက်မလိုက်ဘူး… သူက သူသေလမ်းသူရှာဖို့ ထွက်ပြေးသွားတာ… ဒီအတန်းဖော်က တကယ်ကို ထိုးထွင်းဉာဏ်ရှိတာပဲ…"


လူတိုင်း: "..."


ဒါက လူတစ်ယောက်ရဲ့ခေါင်းကို မိုင်တစ်ထောင်ပို့ဖို့ နည်းလမ်းကောင်းပဲ။


မိုးလင်းနေပြီဖြစ်သလို လုခိုင်၏အော်သံကြောင့် နိုးလာပြီးနောက် လူတိုင်းက မအိပ်တော့ပေ။


ကျန်းဖျင်စစ်၏ ကြောက်စရာကောင်းသော အမူအရာကို မြင်သောအခါ ယွဲ့ရှင်းဝမ်က လျင်မြန်စွာ လျှောက်သွားပြီး သူ့ပခုံးကို ပွတ်သပ်ပေးကာ အပြုံးဖြင့် ပြောလေသည်။

"ဟုတ်ပါပြီ… ဒေါသမထွက်ပါနဲ့… မင်းအိပ်နေရင်းနဲ့ လန့်နိုးတာကို မုန်းတယ်ဆိုတာ ငါသိပါတယ်… ဒီနေ့ မင်းအချိန်ရရင် ခဏအိပ်လိုက်…"


ယွဲ့ရှင်းဝမ်၏အပြုံးကိုကြည့်ရင်း ကျန်းဖျင်စစ်၏စိတ်အခြေအနေက နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာပြီး သူကတိုးတိုးပြောလိုက်သည်။

"ငါတို့ လက်မလျှော့ဘူး…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြသည်။

"‌သေချာတာပေါ့… ငါငယ်ငယ်ကတည်းက ခေါင်းမာသလို မင်းလည်းခေါင်းမာမှန်း ငါသိပါတယ်…"


ကျန်းဖျင်စစ်သည် အထက်တန်းကျောင်း၏ IMO(International Mathematical Olympiad)အတွက် သေလောက်အောင် ရုန်းကန်ခဲ့ရသလို စောစောဘွဲ့ရဖို့အတွက် လေးနှစ်သင်တန်းကို သုံးနှစ်နဲ့ အပြီးတက်ခဲ့သည်။ ယွဲ့ရှင်းဝမ်သည်လည်း စကားရည်လုပြိုင်ပွဲအတွက် အချက်အလက်စစ်ဆေးရန် တစ်နေ့ကို လေးနာရီသာ အိပ်ခဲ့သည်—— တိကျ‌သေချာသောပန်းတိုင်တစ်ခုအောင်မြင်ရန် ပင်ပန်းစွာအလုပ်လုပ်ခြင်းက သူတို့အတွက် ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်သည်။ 


အခုချိန်မှာတော့ သူတို့အနားမှာ တစ်ယောက်နဲ့တစ်ယောက်ရှိနေကြပြီး လက်လျှော့စရာအကြောင်းမရှိပေ။ အရင်ဆုံး လက်လျှော့လိုက်သူသည် တစ်သက်လုံး သူများနှိမ့်ချခြင်းကို ခံရလိမ့်မည်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် နားလည်ကြပြီး တစ်ယောက်ကိုတစ်ယောက် အမြဲတိုက်တွန်းကာ အားပေးသည်။ အနာဂတ်က ဘယ်လောက်ပဲ ခက်ခဲနေပါစေ သူတို့တွေ အဆုံးထိရောက်မှာ သေချာပါသည်။


နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြပြီး ကျန်းဖျင်စစ်၏ဒေါသက လုံးဝပျောက်သွားသည်။


ယွဲ့ရှင်းဝမ်က လူတိုင်းကို ပြန်ကြည့်ကာ ပြောလိုက်သည်။

"လုခိုင် စာမေးပွဲကနေ ထွက်သွားတာက သူ့ကိုယ်ပိုင်ရွေးချယ်မှုပဲ… ငါတို့က လူတိုင်းကို ခိုင်မာတဲ့ယုံကြည်မှုနဲ့ ဇွဲလုံ့လတွေရှိဖို့ တောင်းဆိုလို့မရဘူး… သူက သူ့ကံကြမ္မာသူ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်… ဒါပေမယ့် ကျန်နေသေးတဲ့သူတွေကတော့ အဖွဲ့စိတ်ဓာတ်အနည်းငယ်ရှိပြီး လာမယ့်ရက်အနည်းငယ်မှာ လူတိုင်းကို ဒုက္ခမပေးမိစေဖို့ ငါမျှော်လင့်တယ်…"


သူက ကောင်းရုန်ချန်နဲ့ ကောင်းရှောင်ရှင်းတို့ စုံတွဲကိုကြည့်ပြီး ပြောသည်။

"ငါက အခြားသူတွေနဲ့ ရင်းနှီးပေမယ့် မင်းတို့နှစ်ယောက်ကို သိပ်မရင်းနှီးဘူး… မနေ့ညက မင်းတို့မြင်တဲ့အတိုင်း လုခိုင်နဲ့ လော့ကျားကျားတို့ရဲ့ ပေါ့ဆမှုကြောင့် ငါတို့ အရေးကြီးတဲ့ သဲလွန်စတွေကို လွတ်သွားပြီး ဆက်ပြီးတော့ ကျိုးကြောင်းဆင်ခြင်လို့ မရခဲ့ဘူး… နောက်နောင် ကျေးဇူးပြုပြီး လူတိုင်းရဲ့ လုပ်ဆောင်ချက်တွေနဲ့ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးပါ…"


ကောင်းရုန်ချန်က ချက်ချင်း ခေါင်းငြိမ့်ပြသည်။

"ငါနားလည်ပါတယ်… ငါ့ညီက တစ်ဦးတည်းသောသားဆိုတော့ သူ့မိဘတွေက ငယ်ငယ်လေးကတည်းက အလိုလိုက်ခဲ့တာ… အစာစားဖို့ ပါးစပ်ဖွင့်လိုက်ရုံ၊ အဝတ်အစားဝတ်ဖို့ လက်တွေဆန့်လိုက်ရုံ ဘဝမျိုးနဲ့ နေလာခဲ့တာဆိုတော့ သူ့ကိုယ်သူလည်း ဂရုမစိုက်နိုင်သလို သူ့ခြေအိတ်သူတောင် မလျှော်တတ်ဘူး… လူတိုင်းကို ဒုက္ခဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်…"


သူ့ညီအတွဲနဲ့ ယှဉ်ရင် ယွဲ့ရှင်းဝမ်က ကောင်းရုန်ချန်အပေါ် အထင်အမြင် သိပ်မဆိုးပေ။ မနေ့က လုခိုင်အမှားလုပ်မိပြီးနောက်တွင် သူသည် သူ့ညီအား ချက်ချင်း ဆူပူကြိမ်းမောင်းကာ အခြားသူများ ဆက်၍ဆူရန် ရှက်ရွံ့သွားစေပြီး သူ၏တုံ့ပြန်မှုက အလွန်မြန်ဆန်သည်။ 


ယွဲ့ရှင်းဝမ်က သူ့ဘေးနားရှိ ကောင်းရှောင်ရှင်းကို ကြည့်ကာ

"မင်းကရော? နေဖို့ဆန္ဒရှိလား?"


ကောင်းရှောင်ရှင်း၏မျက်လုံးများက နီရဲလာပြီး သူမက ဆို့နင်သံဖြင့် ပြောသည်။

"ငါမသေချင်ဘူး… ငါ့ရဲ့ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတစွယ်စုံကျမ်းက အဆင့်ပြည့်အထိ အဆင့်မမြင့်ရသေးဘူး… ငါ အခြားစွမ်းရည်စာအုပ်တွေလည်း လဲလှယ်ချင်သေးတယ်… ဒီစာကြည့်တိုက်က အန္တရာယ်များပေ–ပေမယ့် အောင်ဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူးမလား? အနည်းဆုံးတော့ ငါကြိုးစားကြည့်ချင်တယ်…"


ယွဲ့ရှင်းဝမ်က နွေးထွေးစွာ ဆိုသည်။

"မင်းပြောတာမှန်တယ်… ငါတို့ရဲ့ တရုတ်ဘာသာစကားဌာနမှာ လဲလှယ်လို့ရတဲ့ စွမ်းရည်စာအုပ်တွေ အများကြီးရှိတယ်… သင်တန်းက ပိုခက်ခဲလာမယ်ဆိုပေမယ့် ငါတို့ရဲ့စွမ်းရည်တွေကလည်း ပိုအားကောင်းလာလိမ့်မယ်… အစွမ်းကုန်ကြိုးစားရင် ငါတို့တွေ အောင်နိုင်မှာပါ…"


ကောင်းရုန်ရှင်းက ‌အားတက်သရော ခေါင်းငြိမ့်လိုက်သည်။

"အင်း… ကျေးဇူးပါ စီနီယာ!"


စာကြည့်တိုက်တွင် တရုတ်ဘာသာစကားဌာနမှ ဂျူနီယာတစ်ယောက်နှင့် ပထမဆုံးအကြိမ် သူတွေ့ဆုံခြင်းဖြစ်သည်။ ဌာနတစ်ခုတည်းက စီနီယာတစ်ယောက်အနေနဲ့ သူမကို သူအားပေးခဲ့သည်။ သူတို့စုံတွဲက အနာဂတ်မှာ ဘယ်လေယက်အထိ သွားနိုင်မလဲဆိုတာကတော့ သူစိတ်ပူရမည့်အရာမဟုတ်ပေ။ လက်ရှိတွင် အရေးကြီးဆုံးအရာမှာ ဒီ“သေခြင်းကုဒ်”သင်တန်းဖြစ်ပြီး မနေ့ညက တိုးတက်မှု နှောင့်နှေးခဲ့တာကြောင့် သဲလွန်စများကိုရှာရန် အမြန်လုပ်ရမည်။


ယွဲ့ရှင်းဝမ်သည် လူတိုင်းကို တည်းခိုခန်းဆီ ‌ပြန်ခေါ်သွားသောအခါ ကောင်းကင်ကြီးက လုံးဝတောက်ပနေခဲ့သည်။


လူတိုင်းက တည်းခိုခန်းထဲကို ဝင်သွားတော့ လော့ကျားကျားသည် သူမမျက်နှာတစ်ခုလုံး သွေးတွေနဲ့ ဖုံးလွှမ်းနေပြီး မြေပြင်ပေါ်မှာ လဲလျောင်းနေတာကို တွေ့လိုက်ရသည်။ သွေးအိုင်ထဲတွင် သေဆုံးသွားသော အတန်းဖော်၏ပုံစံက လူတိုင်း၏ခြေလှမ်းများကို တောင့်တင်းသွားစေသည်။ ကောင်းရှောင်ရှင်းက သူမ၏ခေါင်းကိုလှည့်ကာ သူမ၏ခန္ဓာကိုယ်က တုန်ယင်နေသည်။ ကောင်းရုန်ချန်က တိုးတိုးပြောလိုက်သည်။

"သူမက စာကြည့်တိုက်မှာ အသက်ပြန်ရှင်လာမှာပါ… စိတ်မကောင်းမဖြစ်ပါနဲ့…"


ခယ်ရှောင်ပင်းက တိုးတိုးပြောလာသည်။

"သူမခန္ဓာကိုယ်ကို အဝေးဆီဖယ်လိုက်ပါလား? သူမအလောင်းဘေးမှာ ငါတို့ဆွေးနွေးလို့ မကောင်းဘူး…"


ကျန်းဖျင်စစ်က coordinate system ကို အသုံးပြုပြီး လော့ကျားကျား၏ခန္ဓာကိုယ်ကို အဝေးဆီသို့ နေရာပြောင်းလိုက်သည်။


အရုဏ်တက်ပြီးနောက် ဒီတည်းခိုခန်းကို ကြည့်လိုက်ရာ မနေ့ညက အမှောင်ထဲမှာ တွေ့ခဲ့ရတာထက် ပို၍ခမ်းနားလှသည်။ ပထမထပ်၏အမြင့်မှာ 3 မီတာကျော်ရှိပြီး အိမ်ခေါင်မိုး၏ ဖြန့်ကျက်ထားသော ဘောင်များပေါ်တွင် လက်ရာမြောက်သော ပုံစံတချို့ကို ထွင်းထုထားပြီး မနေ့ညက သူတို့ထောက်လှမ်းခြင်းမပြုခဲ့သောထောင့်တွင် သော့ခတ်ထားသော လျှို့ဝှက်တံခါးတစ်ခုရှိသည်။ ယွဲ့ရှင်းဝမ်သည် သံသော့‌ခလောက်ကို ဖျက်ဆီးလိုက်ရမလား၊ သော့ရှာမလားဆိုတာကြားတွင် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားကာ သော့ရှာရန် ရွေးလိုက်သည်။    


ယွဲ့ရှင်းဝမ်: "ဒီအခန်းရဲ့သော့ကို ဘယ်မှာဝှက်ထားသလဲဆိုတာ လူခွဲပြီး ရှာကြည့်ရအောင်…"


လူရှစ်ယောက်က လျင်မြန်စွာ ခွဲသွားကြပြီး လေးယောက်က အပေါ်ထပ်အခန်းကို သွားရှာကြပြီး ကျန်လေးယောက်က ပထမထပ်မှာ နေရာအနှံ့လိုက်ရှာသည်။


ခဏအကြာတွင် ချင်မြောင် ရုတ်တရက် “တွေ့ပြီ” ဟု ဆိုလာသည်။


ယွဲ့ရှင်းဝမ် လှည့်ကြည့်လိုက်တော့ သူမလက်ထဲမှာ သော့အစုလိုက် ကိုင်ထားပြီး ထောင့်နားက ပန်းအိုးထဲမှာ တကယ်တွေ့ခဲ့တာဖြစ်သည်။


အပေါ်ထပ်က အတန်းဖော်တွေကလည်း ကြားပြီးနောက် ချက်ချင်း ပြေးဆင်းလာကြသည်။


ချင်မြောင်က ယွဲ့ရှင်းဝမ်ဆီ သော့တွဲကို ပေးခဲ့သည်။

"ငါ သော့တွေကို ရေတွက်ကြည့်ပြီးပြီ… 11 ခုရှိတယ်… 8 ခုက ဒုတိယထပ်က ဧည့်သည်ခန်းတွေဖြစ်နိုင်ပြီး 1 ခုက ဒီလျှို့ဝှက်တံခါးအတွက် ဖြစ်နိုင်တယ်… ကျန်တဲ့ 2 နှစ်ခုကတော့ ဘာအတွက်သုံးတာလည်း ငါမသိဘူး…"


ကျန်းဖျင်စစ်က ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။

"ခဏနေဦး…"


လူတိုင်းက သူ့ကို ကြည့်လာသည်။


ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ဆီကို အမြန်လျှောက်သွားပြီး သော့တွဲကိုယူကာ ခဏလောက် သေသေချာချာလေ့လာပြီးတော့ ပြောလာသည်။

"ဒီ“သေခြင်းကုဒ်”သင်တန်းရဲ့ စာမေးပွဲအကြောင်းအရာက ‘ကိန်းဂဏန်း‌ကျိုးကြောင်းဆင်ခြင်ခြင်း’ပဲဖြစ်တယ်… ဒါပေမယ့် ငါတို့ကို ကိန်းဂဏန်းကုဒ်တွဲတွေ ပေးမယ့်အစား ခန့်မှန်းခိုင်းတယ်… စာမေးပွဲစစ်ဆေးသူက စာမေးပွဲခန်းထဲမှာ ကိန်းဂဏန်းကုဒ်တွေကို ဖြန့်ကျဲထားလိမ့်မယ်…"


အခြားသူတွေက ကျန်းဖျင်စစ်၏စကားကို နားထောင်ပြီး နားလည်ပုံရသည်။


ယွဲ့ရှင်းဝမ်၏မျက်လုံးတွေက တောက်ပလာပြီး ချက်ချင်း သဘောပေါက်သွားသည်။

"စာမေးပွဲခန်းကို ငါတို့ ဝင်လာကတည်းက ကြုံရတဲ့နံပါတ်တွေနဲ့ ပတ်သက်တဲ့ သဲလွန်စတွေအားလုံးက ကိစ္စတစ်ခုလုံးနဲ့ ဆက်စပ်နေတဲ့ သော့ချက်ဖြစ်လာမယ်လို့ ဆိုလိုတာလား? အဲဒါက ‘ကိန်းဂဏန်းကုဒ်’လား?"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်သည်။

"ဟုတ်တယ်… မူမမှန်တဲ့အရာတွေ အများကြီးကို မင်းတို့သတိထားမိလား?"


အားလုံးက တညီတညွတ်တည်း ခေါင်းညိတ်ကြသည်။ ဤနေရာသည် ထူးဆန်းပြီး မနေ့ညက လမ်းလျှောက်လာကတည်းက လူတိုင်းသည် တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။ တည်းခိုခန်းသည် အလွတ်ဖြစ်နေပြီး စိုစွတ်ပြီးတော့ ဆွေးမြည့်နေသော သစ်သားပရိဘောဂများသည် မနှစ်မြို့ဖွယ်ကောင်းသော အနံ့များထွက်နေကာ ထူးဆန်းသော မင်္ဂလာဆောင်အခန်း၊ သတို့သမီးနှင့် သတို့သား၏ အနီရောင်ဝတ်စုံ၊ ခေါင်မိုးကိုဖုံးအုပ်ထားသည့် နွယ်ပင်များနှင့် အပြင်ဘက်ရှိ လှပသောကြာပန်းကန်သည် လူတို့ကို ထူးဆန်းသောခံစားချက်များ ဖြစ်စေသည်…။


သို့သော် ထူးဆန်းတာက အကြောင်းပြချက်တစ်ခုလို့ သူတို့မပြောနိုင်ပေ။ 


ကျန်းဖျင်စစ်: "ပထမဆုံးအနေနဲ့ ဒီတည်းခိုခန်းက အပြင်ဘက်ကနေ 3 ထပ်တိုက်နဲ့တူတယ်…"

ယွဲ့ရှင်းဝမ်က ချက်ချင်း ပြန်ဖြေသည်။

"ဒါပေမယ့် အတွင်းပိုင်းဖွဲ့စည်းပုံက 2 ထပ်ပဲဆိုတော့ အထပ်တွေက မူမှန်တာလား?"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်ကာ ဆက်ပြောသည်။

"ဒုတိယထပ်မှာ အခန်း 8 ခန်းရှိတယ်…"

သူက ယွဲ့ရှင်းဝမ်ကို ကြည့်လိုက်ကာ တစ်ဖက်လူက ပြန်ဖြေလာသည်။

"ပြီးတော့ တစ္ဆေသတို့သမီးအရေအတွက်က 7 ယောက်ပဲ…"


နှစ်ယောက်သား အတိုင်အဖောက်ညီစွာ ပြောဆိုကြရာ ကျောင်းသားများက ဒါကိုနားထောင်ပြီး နောက်ဆုံးတွင် နားလည်သွားကြသည်။ 


လျှိုကျောက်ချင်းက သူ့နဖူးကို ရိုက်လိုက်ပြီး

"ဟုတ်သားပဲ! ဒီနံပါတ်တွေက တည်းခိုခန်းမှာ တစ်ခုခုမှားနေတယ်ဆိုတာကို သတိပေးနေတာပဲ! နံပါတ်တွေကို ကျိုးကြောင်းဆင်ခြင်ခြင်းနဲ့သာ တည်းခိုခန်းရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေတွေ့ရှိနိုင်မှာ!"


ကျန်းဖျင်စစ်: "မနေ့ညက ငါတို့ အာရုံမစိုက်မိလို့ အခုလေးတင်မှ လျှို့ဝှက်တံခါးတစ်ခုကို ရှာတွေ့လိုက်တယ်… ဒုတိယထပ်က အခန်း 8 ခန်းနဲ့ဆိုရင် ငါတို့မှာ သော့ 9 ခုပဲ လိုပေမယ့် သော့တွဲမှာ 11 ခုက ရှိနေတယ်… ဆိုလိုတာကတော့ ဒီတည်းခိုခန်းမှာ ငါတို့ရှာမတွေ့သေးတဲ့ အခြားအခန်းတွေရှိနေသေးတယ်…"


ယွဲ့ရှင်းဝမ်က ဆက်ပြောသည်။

"သူတို့သမီး 7 ယောက်ကလည်း ငါတို့ရဲ့အိမ်မက်ထဲက အကြောင်းအရာတွေနဲ့ လုံးဝကွဲလွဲနေတယ်… ငါတို့ရရှိထားတဲ့ သဲလွန်စတွေကတော့ ဆက်နွယ်မှုရှိတယ်… အမျိုးသမီးဇာတ်ဆောင်က သခင်မလေးစူးဖြစ်ပြီး အမျိုးသားဇာတ်ဆောင်က ကျောက်မိသားစုက သားဖြစ်သူပဲ… အရံဇာတ်ဆောင်တွေကတော့ ကိုယ်ရံတော်၊ သမားတော်၊ အပန်းရောင်ဝတ်စုံနဲ့အမျိုးသမီး၊ အောင်သွယ်တော်နဲ့ သူတို့နှစ်ဖက်မိဘတွေဖြစ်တယ်… ဒီတော့ သတို့သမီး 7 ယောက်က ဘယ်ကရောက်လာတာလဲ?"


ချင်မြောင်က ရုတ်တရက် ပြောလာသည်။

"ရှေးခေတ်က ယောင်္ကျားတော်တော်များများက ဇနီးမယားများစွာကို လက်ထပ်တာ မဆန်းပါဘူး… ကျောက်မိသားစုက အရမ်းချမ်းသာပြီး အင်အားကြီးတယ်… သူတို့က သခင်လေးကျောက်နဲ့ လက်ထပ်ဖို့အတွက် မိန်းကလေး 7 ယောက်ကို ရှာနိုင်တယ်မဟုတ်ဘူးလား?"


ယွဲ့ရှင်းဝမ်က ခေါင်းငုံ့ကာ ခဏလောက်စဉ်းစားပြီး ပြောသည်။

"ရှေးခေတ်လူတွေရဲ့ အသိအမြင်တွေအရ 7 က ‘ယင်နဲ့ယန်’နဲ့ ‘ဒြပ်စင် 5 ခု’ ပေါင်းစပ်မှုပဲ… ‘သေပြီးနောက် 7 ရက်လုံး ပြန်ရောက်လာပြီး သေသူရဲ့‌ဆန္ဒကိုဖြည့်ဆည်းတယ်’ဆိုတဲ့ ဆိုရိုးစကားလည်းရှိတယ်… ကျောက်မိသားစုက နာမကျန်းဖြစ်နေတဲ့ သားဖြစ်သူကို လက်ထပ်ပေးဖို့ သတို့သမီး 7 ယောက်ကို ဈေးကြီးပေးပြီး ဝယ်ခဲ့ပေမယ့် လက်ထပ်ပွဲက မအောင်မြင်ခဲ့ဘူး… သူတို့က သူတို့သားဖြစ်သူနဲ့ လက်ထပ်ဖို့အတွက် သတို့သမီး 7 ယောက်လုံးကို သတ်ခဲ့တာ ဖြစ်နိုင်တယ်… ဒါက အဓိပ္ပါယ်ရှိလား?"


လူတိုင်းက ယွဲ့ရှင်းဝမ်၏စကားကို အသေအချာ တွေးတောခဲ့ကြပြီး ယွဲ့ရှင်းဝမ်၏ ထင်မြင်ယူဆချက်များသည် သတို့သမီး 7 ယောက်ရှိကြောင်း အမှန်တကယ် ရှင်းပြနိုင်တယ်‌ဆိုတာ တွေ့ရှိခဲ့သည်။ 


ကျန်းဖျင်စစ်က ပြောလာသည်။

"ဒါပေမယ့် အရုပ်နှစ်ရုပ်ရဲ့ ကျိန်စာက ဒီယူဆချက်နဲ့ မကိုက်ညီဘူး…"


ယွဲ့ရှင်းဝမ်လည်း ဒါကိုသိပြီး ချက်ချင်း အစီအစဉ်လုပ်ခဲ့သည်။

"အရင်ဆုံး အခန်းတွေနဲ့ သော့တွေကို တွဲလိုက်မယ်… ‌ချင်မြောင်၊ ချင်လု၊ ကောင်းရှောင်ရှင်း၊ မင်းတို့က သော့ကို စစ်ဆေးတဲ့ တာဝန်ကိုယူလိုက်…"

သူက အဘိဓာန်ကနေ စာရွက်တစ်ရွက်ကို ဆုတ်ဖြဲကာ

"အခန်းတိုင်းနဲ့ သက်ဆိုင်တဲ့သော့က နံပါတ်ကို စစ်ဆေးရတာ အဆင်ပြေအောင် သော့ပေါ်မှာ စာရွက်နဲ့ရေးမှတ်ထားလိုက်…"


သုံးယောက်သားက ယွဲ့ရှင်းဝမ်ပေးသော စာရွက်အလွတ်ကို ယူကာ သော့တွဲဖြင့် အပေါ်ထပ်သို့ တက်သွားပြီး အခန်းအလိုက် စမ်းကြည့်ကြသည်။


ကျန်းဖျင်စစ်က ကောင်းရုန်ချန်ကို ကြည့်ပြီး မေးလိုက်သည်။

"ငါမှတ်မိသလောက်ဆိုရင် မင်းက နန်ယန်ကျောင်းထုံးတက္ကသိုလ်ရဲ့ ဗိသုကာဌာနကလို့ ပြောခဲ့တယ်မလား?"


ကောင်းရုန်ချန်က လျင်မြန်စွာ ခေါင်းငြိမ့်ပြသည်။

"အင်း… ငါဘာကူညီပေးရမလား?"


ကျန်းဖျင်စစ်က ခပ်ပေါ့ပေါ့ ဆိုသည်။

"ငါနဲ့လိုက်ခဲ့…"


ကျန်လူများက ကျန်းဖျင်စစ်နှင့်အတူ တည်းခိုခန်းအပြင်သို့ လိုက်သွားကြသည်။ ကျန်းဖျင်စစ်က တည်းခိုခန်းကို လက်ညှိုးထိုးပြပြီး မေးလေသည်။

"အဆောက်အဦးမြေပုံဆွဲနိုင်လား?"


ကောင်းရုန်ချန်၏မျက်လုံးများ တောက်ပလာသည်။

"အင်း!"


တကယ်တော့ ကျန်းဖျင်စစ်သည် သူကိုယ်တိုင်က ‌အချက်အလက်များကို တိုင်းတာရန် coordinate system ကို အသုံးပြုနိုင်ပေမယ့် သူတို့စုံတွဲက ဆက်နေရန် ဆန္ဒရှိတာကြောင့် ကျန်းဖျင်စစ်က ဒီအစီအစဉ်မှာ သူတို့ကို ပါဝင်စေချင်သည်။ ပူပေါင်းပါဝင်မှုစိတ်သဘောဖြင့် သူတို့နှစ်ဦးက လူတိုင်းကို တဖြည်းဖြည်းယုံကြည်လာပြီး သူတို့ခြေထောက်တွေကို ဆွဲမထားမှာဖြစ်သည်။


ကျန်းဖျင်စစ်က လေးနက်စွာကြည့်ကာ ပြောသည်။

"ငါတို့က အပြင်ကနေ အရင်တိုင်းတာပြီး အဆောက်အဦးရဲ့ အစွန်းပိုင်းမှာရှိတဲ့ သီးခြားတန်ဖိုးတွေကို ရေးမှတ်ပြီးမှ အဆောက်အဦးအတွင်းပိုင်း အသေးစိတ်ပုံတွေကို ဆွဲဖို့အတွက် အတွင်းပိုင်းကို တိုင်းတာမယ်… ဒါမှ ဒီတည်းခိုခန်းမှာ ဘာပြဿနာရှိလဲဆိုတာ သိနိုင်မှာ…"


အလင်းရောင်နှင့် အရောင်အသွေး အမျိုးမျိုးကြောင့် လူသားအမြင်အာရုံက အမှားအယွင်းတွေ ရှိတတ်သည်။ space design တွင် အမြင်အာရုံအကျိုးသက်ရောက်မှုများကို မကြာခဏအသုံးပြုရသည်။ အခန်းတွင်းသို့ လျှောက်သွားသောအခါ လူများမြင်ရသည့်အရာမှာ အခန်း၏ပုံသဏ္ဌာန်မဟုတ်ပေ။


တည်းခိုခန်းအတွက် ပထမဆုံးသော ခံစားချက်မှာ ထူးဆန်းတာပဲဖြစ်ပြီး ဘယ်နေရာက ထူးဆန်းနေသလဲဆိုတာကတော့—— ကျန်းဖျင်စစ်က အချက်အလက်ကို ယုံကြည်သည်။ 


#TK