Chapter 35
Viewers 5k

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်


Chapter 35 (တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ ဇာတ်သိမ်း)


ဒီညမှာတော့ လူတိုင်းက အေးချမ်းစွာ အိပ်စက်ကြပြီး အိမ်မက်ဆိုးတွေ မက်ကြသည်။ တက္ကသိုလ်ကျောင်းသားတစ်စုသည် ဝံပုလွေများကို အနီးကပ် တိုက်ခိုက်ခဲ့ကြသည်။ ဒီလို စိတ်လှုပ်ရှားစရာ အတွေ့အကြုံက တကယ့်ကို မမေ့နိုင်စရာပါပဲ။ ကျောင်းသားတော်တော်များများက ဝံပုလွေတွေ၏ လိုက်ဖမ်းတာကို အိမ်မက်မက်ပြီး ခယ်ရှောင်ပင်းက သူ့ကို ဝံပုလွေတွေ ကိုက်ပြီး အစိတ်စိတ်အမြွှာမြွှာ ကိုက်ဆွဲတာကို အိမ်မက်မက်ခဲ့သည်…


မနက်အိပ်ရာနိုးသောအခါ ကျောင်းသားအများစုဟာ အိမ်မက်ဆိုးတွေကြောင့် စိတ်ပူပန်ခဲ့ကြပြီး မျက်နှာများက ပိုရုပ်ဆိုးလာသည်။


ယွဲ့ရှင်းဝမ်က လူတိုင်းကို နှုတ်ဆက်ပြီး မနက်စာစားပြီးနောက် စိတ်သက်သာရာရစေရန် ပြုံးပြသည်။

"မနေ့ညက အဖြစ်အပျက်တွေက ပြီးသွားပါပြီ… အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ အဆုံးမှတ်ကို သွားကြတာပေါ့… ငါတို့ ဒီသင်တန်းကို အောင်နိုင်မှာပါ…"


ခယ်ရှောင်ပင်းက လက်ပ်တော့ကိုဖွင့်ပြီး မြေပုံကိုကြည့်ကာ မေးသည်။

"ဘယ်လမ်းကနေ သွားကြမှာလဲ?"


ကျန်းဖျင်စစ်က လမ်းကြောင်းကို တွက်ချက်ခဲ့သည်။

"မူရင်းလမ်းကနေပြန်သွားတာက အန္တရာယ်အကင်းဆုံးပဲ… ငါတို့က အဆုံးမှတ်နဲ့ ကီလိုမီတာ 60 ကျော်ဝေးတဲ့ ကျွန်းအစွန်းမှာရှိနေပြီး လမ်းလျှောက်ဖို့ 12 နာရီကျော်ကြာလိမ့်မယ်… အခုက မနက် 8 နာရီဆိုတော့ အလယ်မှာခဏနားရင် အဆုံးမှတ်ကို ည 10 နာရီမှာ ရောက်နိုင်တယ်…" 


ယွဲ့ရှင်းဝမ်က ပြောသည်။

"စာမေးပွဲက ဒီနေ့ည 12 နာရီမှာ ပြီးမှာ… ငါတို့ရဲ့အချိန်က နည်းနည်းကျပ်လွန်းနေတယ်…"


ခယ်ရှောင်ပင်းက မေးလာသည်။

"ရှင်းဝမ်၊ မင်းမှာ အရှိန်မြင့်တဲ့စွမ်းရည် ရှိတယ်မဟုတ်ဘူးလား? ငါးဆအရှိန်မြင့်နိုင်တဲ့ ‘အလင်းကဲ့သို့လျင်မြန်ခြင်း’လေ…"


"အဲဒီစွမ်းရည်က ငါ့အဖွဲ့ရဲ့ အဖွဲ့ဝင်တွေအပေါ်ပဲ အကျုံးဝင်တာ…" ယွဲ့ရှင်းဝမ်က ရှင်းယန်ကို ပြန်ကြည့်သည်။ "ငါမင်းကို မကူညီနိုင်ဘူး…"


"ကိစ္စမရှိပါဘူး…" ရှင်းယန်က ဘာမှမထူးခြားသလိုသာ ကြည့်သည်။ "မင်းမှာ အရှိန်မြင့်စွမ်းရည်ရှိတာဆိုတော့ မင်းအရင်သွားလို့ရတယ်… အဆင်ပြေရင် လမ်းတစ်လျှောက်မှာ အမှတ်အသားတွေ ထားခဲ့လိုက်ပါ… ငါတို့အနောက်ကနေ လိုက်လာနိုင်တယ်…"


"ကောင်းပြီ… ငါတို့ အရှိန်မြင့်ပြီး ရှေ့ကို အရင်သွားလိုက်မယ်… အဆုံးမှတ်ကို အမြန်သွားပြီး လမ်းတစ်လျှောက်မှာ မင်းတို့အတွက် အမှတ်အသားတွေ ထားခဲ့မယ်…" သူက အဘိဓာန်မှ စာရွက်တစ်ရွက်ကို ဆုတ်ဖြဲကာ စက္ကူလေယာဉ်ပုံသဏ္ဌာန်အဖြစ် အမြန်ခေါက်လိုက်သည်။ "လမ်းဆုံးလမ်းခွတိုင်းမှာ စက္ကူလေယာဉ်ကို ဖိဖို့ ကျောက်တုံးတစ်တုံးရှာလိုက်မယ်… လေယာဉ်ဦးခေါင်းက သွားရမယ့်ဦးတည်ရာကို ကိုယ်စားပြုပြီး ငါမှတ်သားထားတဲ့ လမ်းကြောင်းအတိုင်း မင်းတို့လိုက်ခဲ့လိုက်…"


"ကျေးဇူးပဲ…" ရှင်းယန်က ခေါင်းငြိမ့်ပြပြီး ခယ်ရှောင်ပင်းကို ကြည့်သည်။ "လမ်းမှာသတိထား…"


"အင်း… မင်းတို့လည်း လမ်းမှာသတိထားကြ…" 

ခယ်ရှောင်ပင်းက အပြုံးဖြင့် သူတို့ကို လက်ပြနှုတ်ဆက်လိုက်သည်။


ယွဲ့ရှင်းဝမ်က စတင်အရှိန်မြင့်ကာ သူ့အဖွဲ့ဝင်များနှင့်အတူ အဆုံးမှတ်ဆီသို့ လျှောက်လှမ်းခဲ့သည်။


‘အလင်းကဲ့သို့လျင်မြန်ခြင်း’သည် အဖွဲ့တစ်ခုလုံးကို 5 ဆ အရှိန်မြင့်နိုင်ပြီး 1 နာရီကြာ စောင့်ဆိုင်းချိန်ရှိသည်။ ကျန်းဖျင်စစ်က တွက်ချက်ကာ ပြောသည်။

"ရှင်းဝမ်က နာရီတိုင်း အရှိန်မြင့်ရင် ငါတို့တွေ 8 နာရီအတွင်း အဆုံးမှတ်ကို ရောက်နိုင်တယ်…"


လျှိုကျောက်ချင်းက မေးသည်။

"ငါတို့တွေ မမှောင်ခင် ဟို‌ကိုရောက်နိုင်တာလား?"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်ပြသည်။

"အင်း… လမ်းခရီးမှာ အားလုံးအဆင်ပြေချောမွေ့နေရင်ပေါ့…"


လမ်းမှာ နောက်ထပ် သားရဲတိုက်ခိုက်ခံရပါက ဒုက္ခဖြစ်လိမ့်မည်။ သို့သော် ယွဲ့ရှင်းဝမ်သည် လက်ရှိအများသူငါစိတ်ကြိုက်သင်တန်းများ၏ ကျရှုံးမှုနှုန်းသည် 30% ကျော်လွန်နေပြီး အခြားသားရဲတိုက်ခိုက်မှုများ မရှိနိုင်တော့ဘူးဟု ယုံကြည်ထားသည်။ အကယ်၍ နောက်ထပ်သားရဲတိုက်ခိုက်မှုများ ရှိလာခဲ့ရင် အခက်အခဲက credit 2 မှတ် သင်တန်းနဲ့ လုံးဝမကိုက်ညီတော့ပေ။ နောက်တစ်ကြိမ် သားရဲနှင့်တွေ့ရန် ဖြစ်နိုင်ခြေက အလွန်နည်းပါးပြီး ယနေ့အခက်အခဲမှာ ခြေလျင် ကီလိုမီတာ 60 လျှောက်ခြင်းဖြစ်လိမ့်မည်။


ယွဲ့ရှင်းဝမ်က နဖူးက ချွေးတွေကို သုတ်လိုက်ပြီး အရွှန်းဖောက်သည်။

"ဒီတောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲက စာကြည့်တိုက်ရဲ့ ပထမနှစ်စစ်လေ့ကျင့်ရေးလို့ ခံစားရတယ်… ပြီးတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ လေထီးခုန်တာနဲ့ သားရဲတွေရဲ့ စီးနင်းတိုက်ခိုက်မှုတွေလည်း ပါဝင်တယ်…"


လျှိုကျောက်ချင်းက အကြောင်းအရာအတိုင်း ပြန်ပြောသည်။

"ယူ‌နီဖောင်းတွေပဲပါပြီး ရေသန့်ဘူးတွေနဲ့ စားစရာတွေတောင် မပါဘူး… ဒီစစ်လေ့ကျင့်ရေးက အရမ်းစိတ်ပျက်စရာကောင်းတယ်… သောက်စာကြည့်တိုက်က ငါတို့ကို ကီလိုမီတာဒါဇင်နဲ့ချီပြီး လမ်းလျှောက်ခိုင်းတယ်… အား… ဒီနေ့တော့ တစ်နေ့လုံး လမ်းလျှောက်ရမယ်ထင်တယ်… အရမ်းပူတာပဲ…"


မနေ့ညက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းက ရွှံ့ဗွက်များဖြစ်နေပြီး သွားလာရခက်ခဲသည်။ အရှိန်မြင့်စွမ်းရည် အကူအညီဖြင့် တောအုပ်ထဲမှ ထွက်လာရန် နှစ်နာရီကျော် အချိန်ယူခဲ့ရသည်။ 


နေပူပူမှာ သူတို့လေးယောက်စလုံး ချွေးစေးတွေဖြင့် ယူနီဖောင်းတွေက ချွေးများဖြင့် စိုစွတ်နေပြီး သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်။ ယွဲ့ရှင်းဝမ်က အပူဒဏ်ကို မခံနိုင်တော့‌သောကြောင့် သူ့ယူနီဖောင်းကိုချွတ်လိုက်ပြီး ကျန်သုံးယောက်ကလည်း သူတို့၏ယူနီဖောင်းကိုချွတ်ကာ ကျောပိုးအိတ်ထဲသို့ထည့်ပြီး အင်္ကျီလတ်ပြတ်နှင့် ဘောင်းဘီများကိုလည်း လိပ်တင်ထားကြသည်။ 


ရှောင်ထူ၏ဘီးများက ရွှံ့လမ်းတွင် မလျှောက်နိုင်တာကြောင့် သစ်ကိုင်းတစ်ခုစီယူကာ မြက်ခင်းထဲတွင် မြွေများရှိ၊မရှိကို စူးစမ်းရင်း လမ်းလျှောက်ခဲ့ကြသည်။ 


မွန်းတည့်ချိန်တွင် ‌သူတို့လေးယောက်သည် မနေ့က မြစ်ချောင်းရှိရာဆီသို့ ရောက်ရှိလာပြီး ခဏတာ အနားယူကာ ရေပြန်ဖြည့်ပြီး ငါးအနည်းငယ်ဖမ်းကာ ကင်စားကြသည်။


ရာသီဥတုက မွန်းတည့်ချိန်ဆိုတော့ ဒီအတိုင်းဆက်သွားရင် သူတို့တွေ အပူလောင်နိုင်ခြေရှိသည်။ လျှိုကျောက်ချင်းက လူတစ်ယောက်စီကို ပတ်တီးတစ်ခုပေးခဲ့သည်။ သူ၏ပတ်တီးက အေးပြီး ခြင်တွေ၊ ပိုးကောင်တွေကိုက်တာကို ကုသနိုင်သည်။


မနေ့က မိကျောင်းကန်နားကို ရောက်ဖို့ သိပ်မကြာလိုက်ပေ။ ယွဲ့ရှင်းဝမ်က ရင်းနှီးသော ပတ်ဝန်းကျင်ကို ကြည့်ပြီး ရပ်ကာ ပြောသည်။

"ငါတို့တွေ ဒီနေရာကို ကွေ့သွားကြမယ်… မိကျောင်းကန်ကိုတော့ မသွားနိုင်ဘူး…"


သူက အဘိဓာန်မှ စာရွက်တစ်ရွက်ကို အလျင်အမြန်ဆုတ်ဖြဲပြီး စက္ကူလေယာဉ်ကို ခေါက်လိုက်ကာ ရှင်းယန်အတွက် ဦးတည်ချက်ကို အမှတ်အသားပြုထားသည်။


သူတို့လေးယောက်က ကွေ့ဝိုက်ပြီး ဆယ်မီတာကျော်လောက် ရှေ့ကို လျှောက်သွားသည်။ ကျန်းဖျင်စစ်က ရုတ်တရက် မျက်မှောင်ကြုတ်ပြီး ပြောလာသည်။

"ဟိုကိုကြည့်လိုက်…"


ယွဲ့ရှင်းဝမ်က သူ့အကြည့်အတိုင်း အရှေ့ကို လှမ်းကြည့်လိုက်သည်—— မနီးမဝေးတွင် အနီရောင်သွေးတွေ စွန်းထင်းနေသော ဝတ်စုံများစွာရှိနေသည်။ ခယ်ရှောင်ပင်း၏ မျက်နှာက ဖြူဖျော့သွားသည်။

"ဒါ–ဒါတွေက ကျောင်းသားတွေ အကိုက်ခံရပြီး သေနေတာတော့ မဟုတ်ဘူးလား?!"


ယွဲ့ရှင်းဝမ်၏မျက်နှာက မည်းမှောင်သွားကာ သူက ရှေ့သို့ လျင်မြန်စွာ လျှောက်လာပြီး ယူနီဖောင်းကို သစ်ကိုင်းတစ်ခုဖြင့် လှန်လိုက်သည်။


ယူနီဖောင်းများသည် သူတို့နှင့်အတူတူပင်ဖြစ်ပြီး ကန္တာရကျွန်းတွင် အပြင်လူမရှိတာကြောင့် အခြားမည်သူဖြစ်နိုင်မည်နည်း။ ယူနီဖောင်းထဲရှိ အလောင်းများက အရိုးများသာဖြစ်နေသည်။ မနေ့ညက ဒီကျောင်းသားများသည် သားရဲများ၏တိုက်ခိုက်ခြင်းခံရပြီး စားသောက်ခံခဲ့ရမှန်း သိသာပါသည်။ 


ခယ်ရှောင်ပင်းက ဘေးသို့လဲကာ အန်လေသည်။


လျှိုကျောက်ချင်းက ဆေးကျောင်းသားတစ်ဦးဖြစ်ပြီး အလောင်းများစွာကို လက်တွေ့မြင်ခဲ့ရသော်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အနည်းငယ် သည်းမခံနိုင်ဖြစ်ခဲ့သည်။ သူက မျက်မှောင်ကြုတ်ကာ အဝေးကို လှမ်းကြည့်ရင်း မနေနိုင်ဘဲ ဆဲလေသည်။

"Fuck! သူတို့အားလုံးက သားရဲတွေ စားတာခံလိုက်ရပြီ!"


ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်သွားသည်။

"အများသူငါစိတ်ကြိုက်သင်တန်းမှာ ဖယ်ထုတ်ခံရတဲ့ ကျောင်းသားတွေက စာကြည့်တိုက်မှာ ပြန်ရှင်လာနိုင်တယ်…"


သင်တန်း၏ စည်းမျဥ်းများအရ အများသူငါစိတ်ကြိုက်သင်တန်းတွင် ကျရှုံးသွားသော ကျောင်းသားများသည် အပြစ်ပေးခံရရန် မလိုအပ်သလို၊ သင်တန်းပြန်တက်ဖို့ ပထမထပ်ကို ပြန်သွားရန်လည်း မလိုအပ်ပေ။ ထိုသို့ဆိုရင်တောင် သားရဲအကိုက်ခံရသည့် အတွေ့အကြုံက သူတို့၏မှတ်ဉာဏ်ထဲမှာ ကျန်ရစ်နေမည်ဖြစ်သည်။


မနေ့ညက ဤနေရာတွင် တိုက်ပွဲဖြစ်ခဲ့တာကို စိတ်ကူးရန်ခက်ခဲသည်။ ကျောင်းသားလေးယောက်ကို သားရဲတွေ တိုက်ခိုက်ပြီး အရှင်လတ်လတ် ကိုက်ဖြတ်ခံရသည့်မြင်ကွင်းကို စိတ်ကူးကြည့်ရုံဖြင့် ယွဲ့ရှင်းဝမ်၏ရင်ထဲ ပိုနာကျင်စေသည်။


သူသည် သစ်ကိုင်းကို ပြန်ရုတ်သိမ်းလိုက်ပြီး ရုတ်တရက် သစ်ကိုင်းထိပ်ဖျားဖြင့် ယူနီဖောင်းတစ်ထည်ကို ဆွဲမလိုက်ရာ အဝတ်အစားအောက်မှ အစိမ်းရောင်အလင်းတန်းတစ်ခု လင်းလက်သွားသည်။ ယွဲ့ရှင်းဝမ်က အနီးကပ်ကြည့်ခဲ့သည်—— ဒါက တကယ်တော့ အစိမ်းရောင် ကတ်သုံးခုဖြစ်သည်။


လေးယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။


လျှိုကျောက်ချင်းက ပြောလာသည်။

"ဒါက သူတို့ ကောက်ခဲ့တဲ့ ကတ်တွေမလား? သူတို့တွေ ဖယ်ထုတ်ခံရပြီးနောက် ကတ်တွေက မြေပြင်ပေါ် ပြုတ်ကျသွားတာလား?"


အွန်လိုင်းဂိမ်းများကဲ့သို့ပင် ကစားသမားများသည် သူတို့သေဆုံးသောအခါတွင် ပစ္စည်းများကို စွန့်လွှတ်ရမည်ဖြစ်သည်။


ခယ်ရှောင်ပင်း၏မျက်နှာက ဖြူဖျော့နေပြီး သူ့အသံက အနည်းငယ် တုန်ယင်နေသည်။

"စာကြည့်တိုက်က ငါတို့ကို ကစားသမားတွေလိုမျိုး တကယ်ဆက်ဆံနေတာလား? အများသူငါစိတ်ကြိုက်သင်တန်းမှာ ငါတို့က သေသွားရင် စာကြည့်တိုက်မှာ ပြန်ရှင်လာနိုင်တယ်… မသင်မနေရသင်တန်းမှာ သေသွားရင် ပထမထပ်ကနေ စာမေးပွဲပြန်ဖြေရပြီး သင်တန်းကို ပြန်ဖြေရင်းနဲ့ ငါတို့သေသွားရင် ငါတို့ရဲ့အချက်အလက်တွေနဲ့ စာရင်းတွေအားလုံးက ဖျက်ပစ်ခံရမှာလား?"


ယွဲ့ရှင်းဝမ်က ခန္ဓာကိုယ်ကို ကိုင်းကာ အစိမ်းရောင်ကတ်သုံးခုကို ကောက်လိုက်သည်။

"ငါလည်း အရင်က အဲဒီလိုတွေးဖူးတယ်… သင်တန်းကိုပြန်ဖြေလို့ကျရင် ငါတို့ ရှင်းပစ်ခံရမယ်ဆိုတာက ဂိမ်းထဲကနေ တိုက်ရိုက်ဖျက်ပစ်လိုက်တာနဲ့ ဆင်တူတယ်… ဖျက်ပစ်မခံရခင် မသင်မနေရသင်တန်းတစ်ခုစီမှာ စာမေးပွဲဖြေဖို့ အခွင့်အရေးနှစ်ခါပဲရှိတယ်…"


ပြုတ်ကျထားသော ကတ်များကို သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး မြေပြင်ပေါ်ရှိ အလောင်းများကို ဦးညွတ်ပြီး ပြောလိုက်သည်။

"တောင်းပန်ပါတယ်… မင်းတို့ အရမ်းကြိုးစားပြီးရခဲ့တဲ့ ကတ်တွေကို ငါယူသွားတော့မယ်… အဲဒါတွေကို ဒီမှာထားခဲ့တာက ဖြုန်းတီးသလိုဖြစ်နေလိမ့်မယ်…"


ဖယ်ထုတ်ခံသော ကျောင်းသားများ ပြုတ်ကျထားသည့် ကတ်များကို ကောက်ယူခြင်းက စိတ်ထဲတွင် အဆင်မပြေသော်လည်း ဤကတ်များကို ချန်ထားတာက ဖြုန်းတီးခြင်းဖြစ်ပြီး ၎င်းတို့ကို ကောက်ယူကာ အကောင်းဆုံးအသုံးချတာက ပိုကောင်းပါသည်။


သူတို့လေးယောက်သည် ရှေ့ကို ဆက်လျှောက်လာရင်း လမ်းတစ်လျှောက်မှာ ဒီလိုအဖွဲ့နှစ်ဖွဲ့ကို မထင်မှတ်ပဲ တွေ့ခဲ့ကာ ပြန့်ကျဲနေသော အစိမ်းရောင်ကတ်တချို့ကို ကောက်ယူခဲ့ကြသည်။


သူတို့၏အမှတ်တွေက 140 အထိ တဖြည်းဖြည်း မြင့်တက်လာသည်။


လမ်းတစ်လျှောက်တွင် သားရဲများ၏ တိုက်ခိုက်မှုကို သူတို့တွေ တစ်ခါမှမကြုံခဲ့ရပေ။ သို့သော် အမြင်အာရုံနယ်ပယ်တွင် ပေါ်လာသော ကျောင်းသားများ၏ အလောင်းများသည် သူတို့အပေါ် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု ဖြစ်စေခဲ့သည်။ ဒီသွေးရောင်တွေ ဖုံးလွှမ်းထားသော ယူနီဖောင်းတွေက သူတို့ကို သတိပေးနေသည်—— ဒီစာကြည့်တိုက်လောကတွင် အချိန်မရွေးသေနိုင်ပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် သေဆုံးနိုင်ကြောင်း သတိပေးနေပုံရသည်။


တစ်နေကုန် လမ်းလျှောက်ပြီးနောက် သူတို့လေးယောက်သည် မောပန်းနွမ်းနယ်နေကာ သူတို့၏အဝတ်အစားများက ချွေးများဖြင့် စိုရွှဲနေသည်။ ညနေဆည်းဆာအချိန်တွင် နောက်ဆုံးမှာတော့ မြေပုံပေါ်တွင် အမှတ်အသားပြုထားသည့် အဆုံးမှတ်အနီးသို့ ရောက်ရှိခဲ့ကြသည်။


အဆုံးမှတ်မှာ ဘောလုံးကွင်းဆယ်ခုထက် ပိုကြီးသော စိမ့်ကန်တစ်ခုရှိသည်။ စိမ့်ကန်၏အလယ်တွင် ကျွန်းရေကန်လိုမျိုး ခြေကုပ်စခန်းတစ်ခုရှိပြီး ၎င်းပေါ်တွင် အနီရောင်အလံတစ်ခုက ‘တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ၏ အဆုံးမှတ်’ဟု အမှတ်အသားပြုထားသည်။


ဒီကိုရောက်တာနဲ့ စိမ့်ကန်ဘေးမှာ အဖွဲ့နှစ်ဖွဲ့ ရပ်နေတာကို တွေ့လိုက်ရပြီး သူတို့နှစ်ဖွဲ့စလုံးက ကျွန်းပေါ်မှ မသွားကြသေးပေ။


တစ်ဖွဲ့တွင် အရပ်ရှည်သော ယောင်္ကျားလေး လေးဦးပါဝင်ပြီး အခြားတစ်ဖွဲ့တွင် မိန်းကလေး လေးဦးပါဝင်သည်။


ဆံပင်တိုတိုနဲ့ မိန်းကလေးက ယွဲ့ရှင်းဝမ် ယခင်က မိကျောင်းကန်၌ တွေ့ခဲ့ဖူးသော ချင်မြောင်ဖြစ်သည်။


ယွဲ့ရှင်းဝမ်က စတင်၍ အရှေ့သို့လှမ်းကာ သူမကို နှုတ်ဆက်လိုက်သည်။

"‌ချင်မြောင်၊ မင်း အမှတ်‌တွေ လုံလောက်အောင် စုပြီးပြီလား?"


ချင်မြောင်က ဆိုသည်။

"အင်း… ငါတို့ အမှတ် 90 ရထားပြီ…"


ဒီလိုမြင့်မားသည့်ရမှတ်က မနေ့ညက သားရဲများ၏တိုက်ခိုက်မှုကနေ အောင်မြင်စွာ လွတ်မြောက်ခဲ့ပြီး အမှတ် 50 တန် အနက်ရောင်ကတ်ကို ရရှိခဲ့တာဖြစ်မည်။ 


ယွဲ့ရှင်းဝမ် အနီးကပ်ကြည့်လိုက်တော့ မိန်းကလေး၏လက်မောင်းမှာ သိသိသာသာ ကိုက်ရာရှိနေပြီး ဒဏ်ရာကို သူမ၏ယူနီဖောင်း အစဖြင့် ရစ်ပတ်ထားသည်။ အစိမ်းရောင်ယူနီဖောင်းတွင် သွေးများ စိုစွတ်နေသော်လည်း သူမက စကားတစ်ခွန်းမှ မပြောဘဲ မျက်မှောင်ကြုတ်နေပြီး သူမ၏မျက်နှာ အနည်းငယ် ဖြူဖျော့နေသည်။


ယွဲ့ရှင်းဝမ်က လျှိုကျောက်ချင်း၏နံဘေးသို့ လျှောက်သွားပြီး စကားအနည်းငယ်ကို တိုးတိုးပြောလိုက်သည်။ လျှိုကျောက်ချင်းက သဘောပေါက်သွားကာ ချင်မြောင်ဆီသို့ ရောက်လာပြီး ပတ်တီးတစ်စကိုထုတ်ကာ ပြောသည်။

"ငါ့ကို ဒဏ်ရာပြကြည့်… ပတ်တီးစည်းပေးမယ်…"


ချင်မြောင်က သူ့ကို သတိထားစွာကြည့်သည်။


လျှိုကျောက်ချင်းက ပြောလိုက်သည်။

"ငါ ဆရာဝန်တစ်ယောက်ပါ… ပြီးတော့ ဒီပတ်တီးကို စာကြည့်တိုက်က ထုတ်ပေးထားတာကြောင့် ထူးခြားတဲ့စွမ်းရည်ရှိပြီး အံ့ဩစရာ အကျိုးသက်ရောက်မှုရှိတယ်… မင်းရဲ့ဒဏ်ရာက သွေးထွက်နေတုန်းပဲ… မင်း သွေးအထွက်လွန်ပြီး မူးလဲသွားရင် စာမေးပွဲ အောင်နိုင်မှာ မဟုတ်ဘူး…"


ချင်မြောင်က တစ်ခဏမျှ တိတ်ဆိတ်သွားပြီး သူမလက်မောင်းတွင် ပတ်ထားသော အစိမ်းရောင်အဝတ်စကို အလျင်အမြန် ဖယ်လိုက်သည်——


သူမလက်မောင်းကို တိရစ္ဆာန်တစ်ကောင်က ကိုက်ခဲ့ပြီး အသားတစ်ပိုင်းကို ကိုက်သွားသည်မှာ ထင်ရှားသည်။ ဒီသွေးရောင်မြင်ကွင်းက သူမဘေးနားရှိ သူမအဖွဲ့ဝင်များ၏ မျက်လုံးများကို ချက်ချင်း နီရဲစေခဲ့ပြီး အခြားအနီးနားရှိ အဖွဲ့၏ ယောင်္ကျားလေးများကလည်း ဤအရာကိုမြင်သောအခါ မထိန်းနိုင်ဘဲ ပင့်သက်ရှိုက်သွားကြသည်။ 


ကြည့်ရတာ နာကျင်မည့်ပုံရသည်။ သူမက ငိုခြင်းမရှိဘဲ ဒီမိန်းကလေးက အလွန်သန်မာသည်။


လျှိုကျောက်ချင်းက သူမ၏ဒဏ်ရာကို သန့်ရှင်းသောပိတ်တီးဖြင့် အမြန်ပတ်ပေးလိုက်သည်။ ခွဲစိတ်ဆရာဝန်၏ ဒဏ်ရာကို ပတ်တီးစည်းပုံက သပ်ရပ်ပေသည်။ ပြီးသောအခါ သူက သက်ပြင်းချရင်း ဆိုသည်။

"ရပြီ… မင်းတကယ် အံ့ဩစရာကောင်းတာပဲ…"


ဒဏ်ရာကနေ သက်သာပြီး အေးမြသော ခံစားမှုမျိုး ခံစားရပြီး နာကျင်ခြင်း လုံးဝမရှိသလို အသွေးအသားတွေက တဖြည်းဖြည်း ပြန်လည်ကောင်းမွန်နေသည်။ 


သူမက လျှိုကျောက်ချင်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

"ဒီပတ်တီးက…"


လျှိုကျောက်ချင်းက ပြန်ဖြေသည်။

"စာကြည့်တိုက်က အထူးပတ်တီးကြောင့် မင်းရဲ့လက်မောင်းက မကြာခင် ပြန်ကောင်းသွားလိမ့်မယ်…"


ချင်မြောင်က စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီး ယွဲ့ရှင်းဝမ်ကို ကြည့်လာသည်။

"ဘာလို့ ငါ့ကို ကူညီတာလဲ?"


ယွဲ့ရှင်းဝမ်က သူမဆီ လှမ်းလာပြီး ပြောသည်။

"အရင်က မင်းညီမချင်လုနဲ့ ငါဆုံခဲ့ဖူးတယ်… ပြီးတော့ မင်းက ငါတို့ ဟွာအန်းတက္ကသိုလ်ရဲ့ အတန်းဖော်ပဲလေ… ဒီတော့ မင်းကို ကူညီသင့်တာပေါ့…"


ချင်မြောင်က သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး သူမ၏ဂရုမစိုက်သော အမူအရာက အနည်းငယ် ပျော့ပြောင်းသွားသည်။

"ကျေးဇူးတင်ပါတယ်…"


လျှိုကျောက်ချင်းက ပြုံးကာ သူ့လက်ကို ဝှေ့ယမ်းပြသည်။

"ရပါတယ်… ဒါက အသေးအမွှားလေးပါ…"


သူတို့ဘေးနားရှိ အဖွဲ့မှ နားကပ်များဝတ်ထားသော ခပ်ချောချော ယောင်္ကျားလေးတစ်ယောက် ရောက်လာပြီး ရယ်ပြသည်။

"ဟွာအန်းတက္ကသိုလ်ကလား?"


ယွဲ့ရှင်းဝမ်က သူ့ကိုကြည့်ကာ ပြောသည်။

"စီနီယာတို့က ပထမဆုံးနေရာက A-76 သုတေသနအဖွဲ့လား?"


ထိုယောင်္ကျားလေးက မျက်ခုံးပင့်လိုက်သည်။

"မင်းဘယ်လိုထင်လဲ?"


ယွဲ့ရှင်းဝမ်က ဆိုသည်။

"စီနီယာတို့သာ စောစောစီးစီး အဆုံးမှတ်ကို ရောက်နိုင်တယ်ဆိုရင် စီနီယာတို့မှာ အမှတ်အများကြီးရဖို့ အရမ်းသန်မာနေမှရမယ်… စီနီယာအစ်ကိုကျိုဖုန်းဆီကနေ ကြားထားတာတော့ စီနီယာတို့က ပထဝီ၊ ရူပ‌ဗေဒ၊ ဓာတုဗေဒနဲ့ ဇီဝဗေဒတို့ ပါဝင်တဲ့ အမြန်ဆုံးအဖွဲ့မလား?"


ထိုယောင်္ကျားလေးက ရယ်သည်။

"ကျိုဖုန်းရဲ့ ဂျူနီယာလေးပေါ့! ငါတို့က အရမ်းကံကောင်းခဲ့လို့ပါ… ဆင်းသက်တဲ့နေရာမှာ အမှတ် 20 တန် အနီကတ်ကို တွေ့လိုက်တာ… အမှတ်ကတ်ရဖို့ ရူပဗေဒဌာနက ကျောင်းသားက ကျားတချို့ကို ဓာတ်လိုက်အောင်လုပ်ခဲ့တာ… ဒီတော့ ငါတို့က ခရီးတစ်လျှောက်လုံး ဦးဆောင်နိုင်ခဲ့တာပေါ့…"


အခြားအဖွဲ့ဝင်သုံးယောက်လည်း ရောက်ရှိလာပြီး ယွဲ့ရှင်းဝမ်ကို ယဉ်ကျေးစွာ နှုတ်ဆက်သည်။


ယွဲ့ရှင်းဝမ်က အဝေးရှိ ကျွန်းရေကန်ကို လှမ်းကြည့်ပြီး မေးသည်။

"စီနီယာတို့က အဲဒီကို အရင်မသွားဘူးလား?"


ထိုယောင်္ကျားလေးက ဆိုသည်။

"အခြားကျောင်းသားတွေကို ခဏလောက် စောင့်ကြတာပေါ့… ဘာမှအလျင်လိုစရာ မလိုပါဘူး…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြသည်။

"ကောင်းပါပြီ…"


ခဏအကြာတွင် ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်နှင့် ရှီးကျိုးအားကစားတက္ကသိုလ်တို့မှ အဖွဲ့များသည် အဆုံးမှတ်သို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာကြသည်။


မှောင်စပြုလာပြီဖြစ်၍ အဆုံးမှတ်တွင် သုတေသနအဖွဲ့များ ပိုများလာသည်။


ဦးဆောင်သူစာရင်းတွင် သူတို့၏ အတန်း 1 ၌ လူအယောက် 100 ရှိပြီး နောက်ဆုံးနေ့အထိ အသက်ရှင်ကျန်ရစ်ပြီး အမှတ် 60 သို့မဟုတ် ထိုထက်အမှတ်ပိုရသော သုတေသနအဖွဲ့ 17 ဖွဲ့၊ လူ 68 ယောက်သာ သင်တန်းကို အောင်မြင်ခဲ့သည်။ ကျန်သော ကျောင်းသား 32 ယောက်က ဖယ်ထုတ်ခံခဲ့ရသည်။


ည 10 နာရီတွင် ရှင်းယန်နှင့် သူ၏အဖွဲ့က နောက်ကျမှရောက်လာသည်။ ယခုအချိန်အထိ သုတေသနအဖွဲ့ 17 ဖွဲ့စလုံး ရောက်ရှိနေပြီဖြစ်သည်။


နူးညံ့သောလရောင်က အလယ်ကျွန်းပေါ်ရှိ အလံကို လင်းလက်တောက်ပစေသည်။


ထို့နောက် မိန်းကလေးက တွေးဆကာ မေးသည်။

"နင်တို့တွေက ဒီကိုရောက်နေတာ ကြာပြီကို ဘာလို့ ဟိုကိုမသွားကြတာလဲ?"


ယွဲ့ရှင်းဝမ်က ပြောလာသည်။

"အားလုံး တိုက်ရိုက်သွားလို့မရဘူး… ဒီစိမ့်ကန်က တစ်ခုခုမှားနေတယ်…"


သူက ကျောက်ခဲတစ်ခုကို စိမ့်ကန်ထဲသို့ ကန်ချလိုက်ရာ စိမ့်ကန်ထဲတွင် ပူဖောင်းများ ရုတ်တရက် ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်ခဲသည် အမှုန့်အဖြစ်သို့ အရည်ပျော်သွားသည်။


မိန်းကလေး၏မျက်နှာက ပြောင်းလဲသွားသည်။

"စိမ့်ကန်ကို ထိလို့မရဘူးလား?"


ရှင်းယန်က စိမ့်ကန်ကို အနီးကပ်ကြည့်ရန် ရောက်လာပြီး အသံတိုးတိုးဖြင့် ပြောသည်။

"အဲဒါက တိုက်စားနိုင်တဲ့ စိမ့်ကန်တစ်ခုပဲ… အဲဒါနဲ့ထိလိုက်သမျှက ချက်ချင်း အရည်ပျော်သွားလိမ့်မယ်… အဲဒါက aqua regia ထက်တောင် ပိုအားကောင်းသေးတယ်…" 

သူ၏ညာဖက်လက်ကို အနည်းငယ်မြှောက်ကာ မရေမတွက်နိုင်သော အရက်မီးခွက်များက သူ့လက်ထဲကနေ ထွက်လာပြီး နှစ်တန်းကွဲထွက်ကာ အမှောင်ညတွင် ဘေးတစ်ဖက်တစ်ချက်စီရှိ လမ်းမီးတိုင်များကဲ့သို့ လူတိုင်းအတွက် ဦးတည်ရာကို ညွှန်ပြနေသည်။ 


ထို့နောက် အရက်မီးခွက်က ကျွန်းရေကန်ကို လှည့်ပတ်သွားသည်။


သူတို့သည် ခြေထောက်အောက်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သောကြောင့် လူတိုင်း အမှားမလုပ်မိစေရန် သူက အရက်မီးခွက်ကို လမ်းမီးအဖြစ် တိုက်ရိုက်အသုံးပြုခဲ့သည်။


ချင်မြောင်က ရောက်ပြီး ပြောသည်။

"စိမ့်ကန်က ထိလို့မရဘူး… ပထဝီဝင်ဌာနရဲ့ ကျောက်ထုလွှာလှုပ်ရှားမှုနဲ့ အဆုံးမှတ်ကို နေရာပြောင်းလို့ရတယ်မလား?"


ယွဲ့ရှင်းဝမ်က ပြောလာသည်။

"မှန်တယ်… ရွှေ့ပြောင်းခြင်းနဲ့ ပျံသန်းခြင်းစွမ်းရည်ကပဲ ဒီစိမ့်ကန်ကို ‌ဖြတ်ကျော်နိုင်မှာ…"


စုစုပေါင်း လူ 68 ယောက်နဲ့ အဖွဲ့ 17 ဖွဲ့…


A-76 သုတေသနအဖွဲ့မှ နားကတ်ဝတ်ထားသော ယောင်္ကျားလေးက ရောက်လာပြီး ပြောသည်။

"လူတိုင်းရောက်ပြီးဆိုတော့ အလုပ်တွေခွဲပြီး ဟိုကိုဘယ်လိုရောက်အောင်သွားကြမလဲ ကြည့်ကြတာပေါ့… ငါ့ရဲ့ အဆင့် 2 ပထဝီဝင်ဌာနရဲ့ ကျောက်ထုလွှာလှုပ်ရှားမှုနဲ့ ငါနဲ့အတူ တစ်ခါတည်း လူ 12 ယောက်ကို ခေါ်သွားပေးနိုင်တယ်… အသွားအပြန် 2 ကြိမ်ဆိုတော့ လူ 24 ယောက်ကို ခေါ်သွားနိုင်တယ်…"


မိန်းကလေးတစ်ယောက်က အရှေ့တိုးလာပြီး ပြောလေသည်။

"ကျွန်မရဲ့ကျောက်ထုလွှာလှုပ်ရှားမှုကလည်း အဆင့် 2 ဖြစ်တာကြောင့် လူတွေကို သယ်သွားပေးနိုင်တယ်…"


အားကစားဌာနမှ အသားမည်းမည်း ယောင်္ကျားလေးကလည်း ရောက်လာပြီး ပြောသည်။

"ငါတို့ရဲ့ စကိတ်ဘုတ်နဲ့ လူ 4 ယောက်ကို သယ်လို့ရတယ်… ဒီစကိတ်ဘုတ်က သဘာဝပတ်ဝန်းကျင် အတားအဆီးတွေကို လျစ်လျူရှုနိုင်တာကြောင့် စိမ့်ကန်ကို ကြောက်စရာမလိုလောက်ဘူး…"


ကျန်းဖျင်စစ်က ဆိုသည်။

"ကျန်တဲ့လူတွေကို ငါ့လက်ထဲအပ်ထားလိုက်… သူတို့ကို coordinate system နဲ့ ငါပို့ပေးလို့ရတယ်…"


နောက်မှရောက်လာသော ကျောင်းသားများက ထိုစကားကိုကြားတော့ သူတို့ရင်ထဲ အနွေးဓာတ်များ ဖြစ်ပေါ်လာသည်။ သူတို့က ယွဲ့ရှင်းဝမ်ဆီသို့ အမြန်လျှောက်လာပြီး ပြောလေသည်။

"မင်းတို့တွေက အဆုံးမှတ်ကို အစောကြီးရောက်လာကြပေမယ့် မသွားသေးတာက အခြားလူတွေကို စောင့်နေတာလား?"


ယွဲ့ရှင်းဝမ်က ပြုံးကာ ပြောသည်။

"ဘာပဲဖြစ်ဖြစ် ဒီကိုရောက်လာသူတိုင်းက စာမေးပွဲအောင်ဖို့ပဲလေ… ကိုယ့်ဘာသာကိုယ် ဖြတ်သန်းပြီး အခြားကျောင်းသားတွေကို ကမ်းစပ်မှာ ထားခဲ့ဖို့က တော်တော့်ကို မတရားရာကျမှာပေါ့…"


လမ်းတစ်လျှောက်တွေ့ခဲ့ရသည့် ကျောင်းသားများ၏ အလောင်းတွေက သူ့အတွက် အနည်းငယ် စိတ်မသက်မသာဖြစ်စေပြီး သေသွားသော ကျောင်းသားများ ပြုတ်ကျခဲ့သည့် အမှတ်ကတ်တွေကိုလည်း ကောက်ခဲ့ပါသေးသည်။ ပထမနေရာတွင် အမှတ်အများဆုံးရထားသော ကျိုတိုတက္ကသိုလ်မှ A-76 သုတေသနအဖွဲ့က အဖွဲ့ဝင်လေးဦးသည် ကမ်းစပ်တွင် စောင့်ဆိုင်းလျက်ရှိသည်။ ထိုအချိန်တွင် ယွဲ့ရှင်းဝမ်သည် စီနီယာများ၏ အတွေးအမြင်ကို နားလည်ခဲ့ပြီး အဆုံးမှတ်ကို အတူတူသွားရန် လူတိုင်းကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။


ကျောင်းသား 32 ဦးကို ဤအတန်းမှ ထုတ်ပယ်ခဲ့ပြီး အတန်း 1 တွင် ကျောင်းသား 68 ဦးသာ ကျန်ခဲ့ပြီး ဘယ်သူမှ မကျန်ခဲ့သင့်တော့ပေ—— ဤသည်မှာ ပထမရောက်ရှိသော သုတေသနအဖွဲ့အနည်းငယ်မှ ဖော်ပြခြင်းမရှိသော တိတ်တဆိတ် နားလည်မှုပင်ဖြစ်သည်။


အဆုံးမှတ်ကို အတူတူမသွားခင် လူတိုင်းက အခြားကျောင်းသားများကို အနားယူရင်း စောင့်မျှော်နေကြသည်။


လူ 68 ဦးကို အုပ်စုလေးစုခွဲထားသည်။ လူ 12 ဦးပါသော အဖွဲ့ကို ပထဝီဝင်ဌာန၏ ကျောက်ထုလွှာလှုပ်ရှားမှုဖြင့် အဆုံးမှတ်ကို ခေါ်ဆောင်သွားခဲ့သည်။ လူ 8 ဦးပါသောအဖွဲ့ကို အားကစားဌာနမှ စကိတ်ဘုတ်ဖြင့် ပို့ပေးခဲ့ပြီး ကျန်သောလူများကို စုစည်းကာ ကျန်းဖျင်စစ်က သူ၏ coordinate system ကို အသုံးပြု၍ အားလုံးကို အဆုံးမှတ်သို့ ပို့ဆောင်ခဲ့သည်။ 


အလယ်ကျွန်းပေါ်တွင် လူ 68 ယောက် ‌ရပ်နေ၏။ အရက်မီးခွက်၏ အလင်းရောင်သည် လူတိုင်း၏မျက်နှာကို လင်းထိန်စေခဲ့သည်။ ဤသုံးရက်အတွင်းက စိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံကို ပြန်ပြောင်းသတိရသောအခါ လူတိုင်းတွင် ရှုပ်ထွေးသော ခံစားချက်များ ရှိနေကြသည်။ ယခုအခါ သူတို့သည် သင်တန်း အောင်သွားပြီဖြစ်တာကြောင့် ‘ဘေးဒုက္ခပြီးနောက် ဘဝအသစ်စပြီ’ဟူသော ခံစားချက်မျိုးရှိနေသည်။ သို့သော် လမ်းတစ်လျှောက်ရှိ သူတို့အတန်းဖော်များ၏ အလောင်းတွေကို တွေးကြည့်လိုက်တော့ ပျော်ဖို့ခက်သည်။ 


အချိန်က ည 12 နာရီကို တဖြည်းဖြည်း ညွှန်ပြနေပြီး ကျောင်းသားတွေ၏မျက်စိရှေ့မှာ လေးထောင့်ဘောင်တစ်ခုက လျင်မြန်စွာ ပေါ်လာသည်။


[တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ၊ အများသူငါစိတ်ကြိုက်သင်တန်း၏ စာမေးပွဲ ပြီးဆုံးပါပြီ။]


[အတန်း 1 က ကျောင်းသား 100 တွင် 68 ယောက် အောင်မြင်သည်။ ကျရှုံးမှုနှုန်းက 32%]


[C-183 သုတေသနအဖွဲ့က 140 အမှတ်ကတ်ရရှိပါသည်။ အမှတ်က 2x140 = 280]


[သုတေသနအဖွဲ့၏ အပိုဆုကြေး x1.5 ဆ၊ စုစုပေါင်းရမှတ်မှာ 420 မှတ်ဖြစ်ပြီး အဖွဲ့ခေါင်းဆောင် ယွဲ့ရှင်းဝမ်မှ ခွဲဝေပေးမည်။]


[စာကြည့်တိုက်ကို ပြန်သွားနေပါပြီ၊ ခဏစောင့်ပါ…]


သူတို့က မြင်ကွင်းသည် ဖျတ်ခနဲ တောက်ပလာပြီး မူလ 5 ထပ်မှာရှိသော အများသူငါစိတ်ကြိုက်သင်တန်းကို ရောက်သွားသည်။


အများသူငါစိတ်ကြိုက်သင်တန်းတွင် အမှတ်များကို သုတေသနအဖွဲ့များအား တစ်စုတစ်စည်းတည်း ပေးတာကြောင့် ယွဲ့ရှင်းဝမ်၏လက်ထဲမှာ အမှတ် 280 ထက်ပိုရှိနေသည်။ သူက ပေါ့ပေါ့ပါးပါး အသက်ရှူထုတ်လိုက်သည်။

"နောက်ဆုံးတော့ ပြီးသွားပြီ… ထမင်းစားဖို့ ကန်တင်းကို အရင်သွားရအောင်…"


ခယ်ရှောင်ပင်းက ဆိုသည်။

"မှန်တယ်… ဒီသုံးရက်လုံးလုံး တောထဲမှာ ‌ငါကောင်းကောင်းလည်း မအိပ်ရဘူး၊ ကောင်းကောင်းလည်း မစားရဘူး!"


အောင်မြင်ပြီးသော သင်တန်းများကို တွေးတောရန် အချိန်မရှိပေ။ မနက်ဖြန်က တနင်္လာနေ့ဆိုတော့ မသင်မနေရသင်တန်းတွေ ထပ်တက်ရမည်။ နောက်ဆက်တွဲစိန်ခေါ်မှုများကို ရင်ဆိုင်ရန် သူတို့၏စိတ်ဓာတ်ကို တတ်နိုင်သမျှ ပြုပြင်ပြောင်းလဲရန်လိုအပ်သည်။


#TK