Chapter 19
Viewers 5k

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်


Chapter 19 (သုတေသနအဖွဲ့ ၀၂)


အလိုအလျောက် check-in ဝင်ရမှာလား။ ကျောင်းသားအိပ်ဆောင်က အလွန်အဆင့်မြင့်နေပါလား။ ယွဲ့ရှင်းဝမ်သည် ကိုင်းညွတ်၍ တက်ဘလက်ထဲမှာပေါ်နေသည့် ချစ်စရာ ကလေးလေးကို ကြည့်ပြီး မနေနိုင်ဘဲ ပြောလိုက်သည်။

"ဒီစာကြည့်တိုက်က အရမ်းနည်းပညာမြင့်တယ်… အားလုံးကို တင်ဘလက်တွေနဲ့ အသုံးပြုခိုင်းပြီး အိပ်ဆောင်ကိုတောင် စမတ်ကွန်ပျူတာတွေနဲ့ သုံးထားတာလား"


ကျန်းဖျင်စစ်က ညွှန်ကြားချက်များအတိုင်း တက်ဘလက်ပေါ်တွင် လျင်မြန်စွာ လုပ်ဆောင်နေရင်း ပြန်ဖြေသည်။

"စာကြည့်တိုက်က AI စီမံခန့်ခွဲမှုအပြည့်ကို ဖွင့်ထားပြီး နေရာအားလုံးမှာ လက်ဗွေရာမှတ်သားတဲ့ တက်ဘလက်တွေ ရှိတယ်… ကျောင်းသားကန်တင်းနှင့် ဈေးဝယ်စင်တာလို နေရာမျိုးတွေအားလုံးကို တက်ဘလက်မှာ အမှတ်ပေးချေဖို့ သတ်မှတ်ထားတယ်… အနုတ်ပထမထပ်ကနေ အနုတ်ပဉ္စမထပ်ရဲ့ လုပ်ငန်းဆောင်တာဧရိယာတွေမှာ လူသားဝန်ထမ်းတစ်ဦးမှ မတွေ့ရဘူး…" 


အေးစက်ပြီး ဉာဏ်ရည်ထက်မြက်သည့် အဆောက်အဦးမျိုးက လူတိုင်းကို မျက်လုံးတစ်စုံနဲ့ စောင့်ကြည့်နေတာကြောင့် ယွဲ့ရှင်းဝမ်ကို အမြဲတမ်း စိတ်မသက်မသာဖြစ်စေသည်။ လှောင်အိမ်တွေထဲက စမ်းသပ်ခံပူးတွေလိုမျိုး သူတို့သည် စာကြည့်တိုက်အဆောက်အဦးထဲတွင် စမ်းသပ်ခံနေရပုံပေါ်သည်။ 


ယွဲ့ရှင်းဝမ်သည် မျက်မှောင်ကြုတ်ပြီး အဆင်မပြေမှုကို လျစ်လျူရှုကာ တက်ဘလက်ကို ဆက်ကြည့်နေသည်။


ကျန်းဖျင်စစ် အိပ်ဆောင်စာရင်းကို ဖွင့်ထားပြီးဖြစ်သည်။ ဧရိယာ A မှ H အထိ၊ လွတ်နေသောအဆောင်များ အရေအတွက်ကို အမှတ်အသားပြုထားပြီး နောက်တွင် “ကျပန်းကိုက်ညီမှု”ရွေးချယ်မှုဖြင့် လုပ်ဆောင်ပါသည်။ ဧရိယာတစ်ခုစီတွင် လွတ်နေသောအဆောင်ပေါင်း 100 ခန့်ရှိသည်။


ကျန်းဖျင်စစ်က မေးလာသည်။

"မင်း ဘယ်ဧရိယာကြိုက်လဲ"


ယွဲ့ရှင်းဝမ်က ရယ်သည်။

"စာမေးပွဲမှာ ငါမဖြေနိုင်တဲ့ မေးခွန်းနဲ့ တွေ့ပြီဆိုရင် အမြဲတမ်း C ကိုရွေးတယ်… ဧရိယာ C ကို ရွေးမယ်…"


ကျန်းဖျင်စစ်၏ သွယ်လျသောလက်ချောင်းက ဧရိယာ C ကိုနှိပ်လိုက်ရာ ဧရိယာတစ်ခုလုံး၏ အိပ်ဆောင်မြေပုံသည် ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။ C1 မှ C999 အထိ ဧရိယာ C တစ်ခုတည်းတွင် အဆောင်ပေါင်း 999 ခန်းရှိသည်။ အိပ်ဆောင်ဧရိယာတစ်ခုလုံးတွင် လူမည်မျှရှိမည်နည်း။


ယွဲ့ရှင်းဝမ်၏ မေးခွန်းကို သိသွားပုံရ၍ ကျန်းဖျင်စစ်က ရလဒ်ကို လျင်မြန်စွာ တွက်ချက်ခဲ့သည်။

"ဧရိယာ 8 ခုမှာ လေးယောက်ခန်းပေါင်း 6,000 ခန်းနဲ့ နှစ်ယောက်ခန်းပေါင်း 1,992 ခန်း အပါအဝင် စုစုပေါင်း ကျောင်းသားအိပ်ဆောင် 7,992 ခန်းရှိတယ်… အိပ်ဆောင်ဧရိယာတွေမှာ ကုတင်အရေအတွက်တွေက 27,984 ခုရှိတယ်ပြီး လူမပြည့်သေးဘူး…"


"ကုတင်ပေါင်း 27,000 ကျော်လား"

ယွဲ့ရှင်းဝမ်က အသက်ပြင်းပြင်းရှူလိုက်သည်။ လက်တွေ့တွင်မူ အကြောင်းပြချက်မရှိဘဲ တက္ကသိုလ်ကျောင်းသား 20,000 ကျော် ပျောက်ဆုံးနေပြီး လူ့အဖွဲ့အစည်းတစ်ခုလုံး ပရမ်းပတာဖြစ်နေတာကို စိတ်ကူး၍ပင်ခက်သည်။ 


ကျန်းဖျင်စစ်က ဧရိယာ C မှ နှစ်ယောက်ခန်းအလွတ်ကို ရွေးချယ်ခဲ့ပြီး တက်ဘလက်ပေါ်ရှိ စာသားအကွက်ပေါ်လာသည်။

"နှစ်ယောက်အိပ်ဆောင်နံပါတ် C-77 ကို ရွေးချယ်ရန် အတည်ပြုပြီးပါပြီ… အမှတ် 400 ကို နုတ်ပြီးပါပြီ… လက်ဗွေရာ တံခါးသော့ခတ်ခြင်းကို အောင်မြင်စွာ ရယူထားပါပြီ… ကျေးဇူးပြုပြီး သင့်အခန်းဖော်၏ လက်ဗွေကို ရိုက်ထည့်ပါ…" 


ကျန်းဖျင်စစ်သည် သူ့လက်ဗွေနှိပ်ထားသည့် နေရာတွင် ချက်ချင်း ထည့်လိုက်သော ယွဲ့ရှင်းဝမ်ကို ပြန်ကြည့်သည်။ 


တက်ဘလက်မှ အသိပေးချက်သံ ထပ်ပေါ်လာသည်။

"ဟွာအန်းတက္ကသိုလ်ရဲ့ တရုတ်ဘာသာစကားဌာနမှ ကျောင်းသားယွဲ့ရှင်းဝမ်၊ လက်ဗွေရာကို အောင်မြင်စွာ ရိုက်ထည့်ပြီးပါပြီ… သင့်ရဲ့အိပ်ဆောင်နံပါတ်က C-77၊ နှစ်ယောက်ခန်းအိပ်ဆောင်၊ အခန်းဖော်က ကျန်းဖျင်စစ်၊ တည်ပြုပါသလား"


အတည်ပြုခလုတ်ကို ယွဲ့ရှင်းဝမ်က နှိပ်လိုက်သည်။


အိပ်ဆောင်မန်နေဂျာရုန်ရုန်၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။

"ကျောင်းသားကျန်းဖျင်စစ်နဲ့ ကျောင်းသားယွဲ့ရှင်းဝမ်၊ ကျောင်းသားအိပ်ဆောင်မှ ကြိုဆိုပါတယ်… အိပ်ဆောင်ကိုမပြောင်းရွှေ့မီ “ကျောင်းသားအိပ်ဆောင်စည်းကမ်းများ”ကို သေချာဖတ်ပါ… စည်းကမ်းဖောက်ဖျက်သူများကို အတင်းအဓမ္မနှင်ထုတ်ပါမယ်…"


ယွဲ့ရှင်းဝမ်က ကြီးမားသောဖန်သားပြင်ကို မော့ကြည့်လိုက်သည်။


“ကျောင်းသားအိပ်ဆောင်စည်းကမ်းများ”


1. အိပ်ဆောင်ဧရိယာအတွင်း စွမ်းရည်စာအုပ်များနှင့် ပစ္စည်းများကို အသုံးပြုရန် တားမြစ်ထားသည်။


2. လုပ်ငန်းစဉ်ကို တင်းတင်းကျပ်ကျပ် လိုက်နာပါ။ ညတိုင်း 11:00 တွင် ဝင်ပေါက်ထိန်းချုပ်မှုကို ပိတ်မည်ဖြစ်ပြီး မီးများနှင့် အင်တာနက်ကို ည 11:30 တွင် ဖြတ်တောက်ပြီး မနက် 7:30 တွင် နှိုးထရန် နှိုးစက်မြည်လိမ့်မည်။ 


3. အိပ်ဆောင်ဧရိယာအတွင်း ကျယ်လောင်သောအသံများ မပြုလုပ်ပါနှင့်။


4. သီးသန့်အိပ်ယာလဲလှယ်ခြင်းကို တားမြစ်ထားသည်။ အိပ်ဆောင်ခန်းကို ပြောင်းသည့်အခါ လက်ဗွေသော့ကို တရားဝင်ပြောင်းလဲရန် မှတ်ပုံတင်ရုံးသို့သွားပါ။


5. ထမင်းပေါင်းအိုးနှင့် လျှပ်စစ်စောင်များကဲ့သို့သော တရားမဝင်လျှပ်စစ်ပစ္စည်းများ အသုံးပြုခြင်းအား အိပ်ဆောင်ဧရိယာတွင် တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။


စောစောအိပ်ပြီး စောစောထခြင်း၏ ကျန်းမာသော အလေ့အကျင့်ကို မွေးမြူရန် ကျောင်းသားများအား ဖိတ်ခေါ်ပါသည်။


ယွဲ့ရှင်းဝမ်: "…"


ည 11 နာရီမှာ ဝင်ပေါက်ကိုပိတ်ပြီး ည 11:30 မှာ မီးနဲ့ အင်တာနက်ကို ပိတ်ပြီးတော့ မနက် 7:30 မှာ သူတို့ထရမည်။ ဒီပုံမှန်အိပ်ချိန်၊ ထချိန်က တက္ကသိုလ်ဆီပြန်ရောက်သွားသလို ခံစားရစေသည်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ရှုပ်ထွေးနေသော ခံစားချက်များဖြင့် ကြည့်နေကြသည်။


ကျန်းဖျင်စစ်က တက်ဘလက်ကို ပိတ်ကာ‌ ပြောသည်။

"အိပ်ဆောင်ကို သွားကြည့်ရအောင်…"


C ဧရိယာထဲသို့ ဝင်ပြီးနောက် ၎င်းနေရာတွင် စင်္ကြံများစွာကို ထပ်မံခွဲထားကာ ပိုမိုပွင့်လင်းသောနေရာဖြစ်ပြီး C1-C50 ကဲ့သို့ အိပ်ဆောင်နံပါတ်များကို စင်္ကြံ၏ထိပ်တွင် အမှတ်အသားပြုထားသည်။ နှစ်ယောက်သား ဒုတိယစင်္ကြံထဲသို့ဝင်သွားကာ အိပ်ဆောင်နံပါတ် C-77 ကို အောင်မြင်စွာတွေ့ရှိခဲ့သည်။


ကျန်းဖျင်စစ်သည် စမတ်တံခါးသော့ပေါ် သူ့လက်ချောင်းကို တင်လိုက်ပြီး အိပ်ဆောင်တံခါးက အသံမြည်ကာ ပွင့်သွားခဲ့သည်။


နှစ်ယောက်သား တစ်ယောက်ပြီး တစ်ယောက် အိပ်ဆောင်ထဲသို့ လျှောက်သွားကြသည်။ နှစ်ခန်းအိပ်ဆောင်ဧရိယာသည် စတုရန်းမီတာ 20 ခန့်ရှိသည်။ ဘယ်ညာတွင် ကုတင်တစ်လုံး၊ စာရေးစားပွဲနှင့် ကုတင်ဘေးတွင် ဗီရိုတစ်ခုရှိသည်။ အိပ်ဆောင်တွင် အလွန်ကျယ်ဝန်းသော ကိုယ်ပိုင်အိမ်သာရှိပြီး အအေး၊ အပူရေချိုးခန်းနှင့် ကြီးမားသော မျက်နှာသစ်နေရာတစ်ခုတို့ ပါရှိသည်။ အခန်း၏အနောက်ဘက်တွင် အဝတ်များချိတ်ဆွဲနိုင်သော လသာဆောင်တစ်ခုရှိသော်လည်း လသာဆောင်၏ပြတင်းပေါက်သည် ဆေးသုတ်ထားသောကြောင့် ပြင်ပကမ္ဘာကို မမြင်နိုင်ပေ။


ကျောင်းအင်တာနက်နှင့် ချိတ်ဆက်နိုင်သည့် စားပွဲတစ်ခုစီတွင် တက်ဘလက်ကွန်ပျူတာတစ်လုံးစီ ထားရှိထားသည်။ ကုတင်ဘေးဘက် နံရံတွင် အနီရောင်စကားလုံးများဖြင့် ရေးထားသော အီလက်ထရွန်နစ်နာရီတစ်လုံးရှိသည်။

"သောကြာနေ့၊ 7:30 pm၊ အခန်းအပူချိန် 27 ဒီဂရီ…"


ယွဲ့ရှင်းဝမ် စာကြည့်တိုက်ကို ရောက်သည့်နေ့မှာ နှင်းတွေထူထပ်စွာကျနေသည်။ သူသည် အလွန်ထူသော အောက်ခံအင်္ကျီနှင့် cashmere ဆွယ်တာအင်္ကျီကို ဝတ်ထားသည်။ သို့သော် ဆေးပညာဌာန၏ သင်တန်းကိုတက်တုန်းက သူ၏အောက်ခံအင်္ကျီ ပျောက်သွားသည်။ ထိုအချိန်တွင် သူသည် အဝါရောင် cashmere ဆွယ်တာအင်္ကျီကို အတွင်းအနွေးထည်အင်္ကျီနှင့် တွဲဝတ်ထားသောကြောင့် အပူချိန် 27 ဒီဂရီတွင် ချွေးတွေထွက်နေပြီး ပတ်ပတ်လည်ကို ကြည့်လိုက်တော့ လေအေးပေးစက်၏ ခလုတ်က ဘယ်မှာရှိလဲဆိုတာ မမြင်ရပေ။ 


"အိပ်ဆောင်ဧရိယာမှာ အဆက်မပြတ် အပူပေးစနစ်ရှိလိမ့်မယ်…" ယွဲ့ရှင်းဝမ်၏နဖူးကနေ ချွေးသီးများထွက်နေတာကိုမြင်တော့ ကျန်းဖျင်စစ်က တစ်ဖက်ကိုလှည့်ပြီး ပြောသည်။ "အဝတ်အစားနည်းနည်းဝယ်ဖို့ ဈေးဝယ်စင်တာကို သွားရအောင်… ရေချိုးခန်းကလည်း အလွတ်ပဲဆိုတော့ ငါတို့ နေ့စဉ်သုံးပစ္စည်းတွေ ဝယ်ဖို့ လိုအပ်တယ်…"


"ကောင်းပြီ… ငါလည်း စာကြည့်တိုက်ရဲ့ အခြားနေရာတွေကို သွားကြည့်ချင်တယ်…"


နှစ်ယောက်သား အိပ်ဆောင်ထဲမှ ထွက်လာကြပြီး စင်္ကြံအဆုံးတွင် ဓာတ်လှေကားရှိကာ စာကြည့်တိုက်၏ မည်သည့်အထပ်ကိုမဆို တိုက်ရိုက်သွားနိုင်သည်။


ယွဲ့ရှင်းဝမ်က မနေနိုင်ဘဲ ညည်းညူသည်။

"ဒီစာကြည့်တိုက်က ဝင်္ကပါလိုပဲ… တံခါးကို ဖြတ်လျှောက်တိုင်း မြင်ကွင်းက ပြောင်းလဲသွားတယ်… လမ်းအမှတ်အသားကြောင့် မဟုတ်ရင် မူးနေလိမ့်မယ်…"


ကျန်းဖျင်စစ်က တုံ့ပြန်သည်။

"တံခါးတစ်ခုစီက သီးခြားနေရာတစ်ခုလိုပဲ… အိပ်ဆောင်ကို ဧရိယာ 8 ခု ခွဲထားတာက ဂိမ်းကို ဆာဗာ 8 ခု ခွဲထားသလိုပဲ… အိပ်ဆောင်ဧရိယာမတူကြတဲ့ ကျောင်းသားတွေက တစ်ယောက်နဲ့တစ်ယောက် မဆုံနိုင်ကြဘူး… စာကြည့်တိုက်မှာ ကျောင်းသား 20,000 ကျော်ရှိပေမဲ့ နေရာပိုင်းခြားထားတာကြောင့် လူစည်ကားနေတာမျိုး မရှိဘူး…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။ စာကြည့်တိုက်ရှိ အရာများစွာကို ဂိမ်းဖြင့် ရှင်းပြတာက ပိုနားလည်လွယ်သည်။ ဒါတွေကို သူစိတ်မဝင်စားတော့ဘဲ နှစ်ယောက်သား ဓာတ်လှေကားနဲ့ အနုတ်ပဉ္စမထပ်ရှိ ဈေးဝယ်ပလာဇာဆီ အတူတူသွားခဲ့ကြသည်။


အနုတ်ပဉ္စမထပ်သည် အထည်ဆိုင်များ၊ အစားအသောက်နှင့် နေ့စဉ်သုံးပစ္စည်းများအတွက် စူပါမားကတ်များ၊ အလှကုန်ဆိုင်များ၊ KTV နှင့် ရုပ်ရှင်ရုံများပါရှိပြီး ကြီးမားသောစီးပွားရေးစင်တာတစ်ခုနှင့် တူသည်။


ယွဲ့ရှင်းဝမ်သည် ရုပ်ရှင်ရုံဘက်သို့ လှမ်းကြည့်သည်။

"ဘယ်သူကများ အေးအေးဆေးဆေး KTV မှာ သီချင်းဆိုပြီး ရုပ်ရှင်ကြည့်ဖို့ စိတ်ဝင်စားမှာလဲ"


သို့သော် ဒုတိယအတွေးအနေနဲ့ ကျောင်းသားများသည် စာမေးပွဲအမျိုးမျိုးကြောင့် ရူးသွပ်စွာနှိပ်စက်ခံရသောအခါ အပန်းဖြေရန် ရုပ်ရှင်ကြည့်ကြမည်လား။


ကျန်းဖျင်စစ်သည် ဈေးဝယ်ဧရိယာရှိ ဈေးနှုန်းများကို တစ်ချက်ကြည့်ကာ ပြောသည်။

"ဈေးနှုန်းတွေက အတော်လေးဈေးပေါတယ်…"


သူသည် ယွဲ့ရှင်းဝမ်ကို အဝတ်အစားစတိုးဆိုင်တစ်ခု၏ ဝင်ပေါက်ဆီ ခေါ်ဆောင်သွားသည်။

"မင်းရဲ့အဝတ်အစားတွေကို အရင်ဆုံးလဲလိုက်… ဆွယ်တာဝတ်ထားရတာက အရမ်းပူတယ်…"


ယွဲ့ရှင်းဝမ်က ကူကယ်ရာမဲ့သောအမူအရာဖြင့် ပြောသည်။

"ငါဝင်လာတုန်းက အောက်ခံအင်္ကျီဝတ်ထားတယ်… နောက်တော့ ဘယ်ရောက်သွားမှန်း မသိတော့ဘူး…"


အထည်ဆိုင်များတွင် ဝန်ထမ်းများမရှိပေ။ သူတို့အားလုံးသည် ကိုယ်ပိုင်ဝန်ဆောင်မှုဖြင့် ဈေးဝယ်ပြီး အဝတ်အထည်များကို အရွယ်အစားအလိုက် ကြိုးတန်းများပေါ်တွင် သပ်ရပ်စွာ ချိတ်ဆွဲထားသည်။


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်၏နောက်ကနေ အမျိုးသားအဝတ်အစားဆိုင်သို့ လိုက်သွားကာ အဖြူရောင်လက်တိုအင်္ကျီ 185 နှင့် ဂျင်းဘောင်းဘီအပါးကို ရွေးလိုက်သည်။ ထို့နောက် အဝတ်အစားအသစ်များကိုလဲရန် အဝတ်လဲခန်းသို့ သွားခဲ့သည်။ သူ့အသားအရည်ကဖြူတာ‌မို့ ရိုးရှင်းပြီး သစ်လွင်သောဝတ်စုံလေးနဲ့ ရယ်မောလိုက်သောအခါ သူ၏တောက်ပပြီး ချောမောမျက်နှာက တက်ကြွပြီးအားမာန်အပြည့်ပါရှိနေသည်။


ကျန်းဖျင်စစ်က မှန်ဘေးမှာ ရပ်ပြီး သူ့ကိုကြည့်ရင်း ခေါင်းငြိမ့်ပြသည်။

"မဆိုးပါဘူး… နောက်တစ်စုံဝယ်လိုက်ပါလား"


ယွဲ့ရှင်းဝမ်က ခဏစဉ်းစားပြီးနောက် လှည့်ကြည့်လိုက်ပြီး အပြာနုရောင် အားကစားဝတ်စုံကို ကောက်ကိုင်လိုက်သည်။ သူနှင့်အလားတူပုံစံတူသည့် နက်ပြာရောင် အားကစားဝတ်စုံနှင့် အနက်ရောင်ဖိနပ်တစ်ရံကို ကျန်းဖျင်စစ်အတွက် ရွေးခဲ့သည်။ ထို့နောက် သူက ဝတ်စုံအအရွယ်အစားကို တိုင်းကြည့်ကာ ပြုံးပြီး ပြောသည်။

"ဒီတစ်စုံက ‌ကြည့်ကောင်းတယ်… မင်း အားကစားဝတ်စုံလည်း ဝယ်သင့်တယ်… တကယ်လို့ လွတ်မြောက်ခြင်းသင်တန်းနဲ့ ကြုံရင် ရှပ်အင်္ကျီနဲ့ သားရေဖိနပ်ကိုစီးပြီး ပြေးရတာ အဆင်မပြေဖြစ်လိမ့်မယ်…"


ကျန်းဖျင်စစ်သည် အားကစားဝတ်စုံဝတ်ရတာကို မကြိုက်ပေမဲ့ ယွဲ့ရှင်းဝမ် ပြောတာ မှန်တာကြောင့် သူ မငြင်းခဲ့ပေ။ သူသည် အဝတ်အစားများကိုယူကာ အရွယ်အစားကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ကာ အမှတ်များပေးချေရန် တံခါးနားရှိ တက်ဘလက်ကွန်ပျူတာဆီသို့ သွားခဲ့သည်။


ထိုအဝတ်အစားများ အားလုံးပေါင်း၍ အမှတ် 100 သာ ကုန်ကျတာကြောင့် ဈေးသိပ်မကြီးပေ။ ယွဲ့ရှင်းဝမ်သည် တက်ဘလက်ကွန်ပျူတာဆီသို့ လျှောက်သွားပြီး အမှတ်များကို ပွတ်ဆွဲကြည့်သည်။ သူက ကျန်းဖျင်စစ်၏ပခုံးကို ပုတ်ကာ ပြုံးပြသည်။

"ကျေးဇူးပဲ ညီအစ်ကို… ငါမင်းရဲ့အမှတ်တွေနဲ့ အရင်သုံးထားမယ်… နောက်မှ ငါအမှတ်ပိုရတဲ့အခါ မင်းကိုပြန်ပေးမယ်…"


"ကိစ္စမရှိပါဘူး…" ကျန်းဖျင်စစ်က တစ်ဖက်လူကိုပြန်ကြည့်ကာ မေးသည်။ "မင်းဝယ်ချင်တာတွေ ရှိသေးလား"


"နေ့စဉ်သုံးပစ္စည်းတွေ ဝယ်ရအောင်… အခြားဘာမှ မလိုအပ်ပါဘူး… ငါတို့က ဒီမှာ အမြဲနေမှာမှမဟုတ်တာ…"


သူတို့နှစ်ယောက်သည် နေ့စဉ်သုံးပစ္စည်းများအတွက် အနီးနားရှိ စူပါမားကတ်တစ်ခုသို့ လျှောက်သွားခဲ့ကြပြီး ခွက်များ၊ သွားတိုက်တံများ၊ ရေချိုးခန်းသုံးဖိနပ်များ၊ မျက်နှာသုတ်ပဝါများနှင့် ရေချိုးဆပ်ပြာများကဲ့သို့သော နေ့စဉ်လိုအပ်သည့်ပစ္စည်းများကို ရွေးဝယ်ခဲ့ကြသည်။ ကျန်းဖျင်စစ်ကလည်း ညအိတ်ဝတ်စုံနှစ်စုံကို ယူခဲ့သည်။


ယွဲ့ရှင်းဝမ်သည် အနောက်ကနေ ဈေးဝယ်တွန်းလှည်းကို တွန်းနေပြီး ကျန်းဖျင်စစ်က အရှေ့ကနေ တစ်ခုပြီးတစ်ခု လေးနက်သောအမူအရာဖြင့် တွန်းလှည်းထဲထည့်နေတာကို မြင်တော့ သူက မနေနိုင်ဘဲ သက်ပြင်းချသည်။

"ဟင်း… ဒါက ငါတို့တွေ တက္ကသိုလ်တက်တုန်းကအတိုင်းပဲ… မင်းကျောင်းကို check-in လာဝင်တုန်းက မင်းမှာခရီးဆောင်အိတ်တစ်လုံးကလွဲပြီး အိပ်ယာခင်းနဲ့ စောင်တွေလိုမျိုး ဘာမှမပြင်ဆင်လာဘူးဆိုတာ ငါမှတ်မိသေးတယ်… ကျောင်းက အဲဒါတွေကို မထုတ်ပေးတာကြောင့် ဝယ်ဖို့အတွက် စူပါမားကတ်ကို ငါမင်းကို ခေါ်သွားခဲ့တာလေ…"


သူတို့၏ ပထမနှစ်တွင် ကျောင်းသားအသစ်များ orientation ပြီးနောက် ဇာတိမြို့စုဝေးပွဲတွင် တွေ့ဆုံခဲ့ကြသည်။ ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်နှင့်အတူ သူငယ်ချင်းဖွဲ့ရန် အစပျိုးခဲ့ပြီး သူတို့၏ဖုန်းနံပါတ်များနှင့် WeChat တို့ကို လဲလှယ်ခဲ့သည်။ ထို့နောက် ယွဲ့ရှင်းဝမ်သည် သူငယ်ချင်းတစ်ယောက်အနေဖြင့် ကျန်းဖျင်စစ်ကို ကျောင်း၏စူပါမားကတ်သို့ နေ့စဉ်သုံးပစ္စည်းများဝယ်ရန် စိတ်အားထက်သန်စွာ ခေါ်သွားခဲ့သည်။


ဟွာအန်းတက္ကသိုလ်၏ စူပါမားကတ်တွင် ကျန်းဖျင်စစ်သည် ဈေးဝယ်တွန်းလှည်းကို တွန်းပြီး ယွဲ့ရှင်းဝမ်က တစ်စုံတစ်ခုကို အရှေ့ကနေ လှမ်းယူကာ ရံဖန်ရံခါ လှည့်ကြည့်ပြီး ဒါကို လိုအပ်သလားဟု မေးသည်။


18 နှစ်အရွယ် ကောင်လေး၏ တောက်ပသောအပြုံးက အထူးစွဲမက်ဖွယ်ကောင်းသည်။ ကျန်းဖျင်စစ်သည် မိုင်ထောင်ချီဝေးသော မရင်းနှီးသောမြို့တစ်မြို့သို့ ခရီးထွက်ခဲ့ပြီး တက္ကသိုလ်တက်ရန် သူ၏မွေးရပ်မြေမှ ထွက်ခွာခဲ့ပြီး ပထမဆုံးအကြိမ် အိမ်နှင့်ဝေးကွာခဲ့သော်လည်း ယွဲ့ရှင်းဝမ်ကဲ့သို့သော သူငယ်ချင်းကြောင့် သူ့ရင်ထဲတွင် အထီးကျန်မနေတော့ပေ။


နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီး ယခုအခါ အတိတ်ကနေလိုမျိုး စူပါမားကတ်တွင် နေ့စဉ်သုံးပစ္စည်းများကို ပြန်လည်ဝယ်ယူနေကြသည်။ ကွာခြားချက်မှာ ဤစာကြည့်တိုက်တွင် ယွဲ့ရှင်းဝမ်က သူ့အခန်းဖော်ဖြစ်လာသည်။


ကျန်းဖျင်စစ်၏ နှုတ်ခမ်းများက အနည်းငယ်တွန့်ကွေးသွားကာ ပြောသည်။

"မင်းကိုကျေးဇူးတင်ရမှာပေါ့… အဲဒီအချိန်တုန်းက ငါ အိပ်ဆောင်ဆီ လျှောက်သွားပြီး သစ်ကားကုတင်အလွတ်ကို တွေ့တော့ ဘယ်မှာသွားဝယ်ရမှန်း မသိခဲ့ဘူး…"


"မင်း အိပ်ယာခင်းနဲ့ စောင်တွေ မပြင်ဆင်လာတာက ငါလည်း မပြင်ဆင်လာလို့မလား… အဲဒီညက ငါတို့တွေ စူပါမားကတ်ကို သုံးခါလောက် ဆက်တိုက်သွားပြီး အိတ်ကြီးအိတ်သေးတွေနဲ့ သယ်ခဲ့ရတာကို မှတ်မိသေးတယ်… အိမ်ပြောင်းရသလိုပဲ…"


လွန်ခဲ့သော နှစ်အနည်းငယ်က အတိတ်ကို ပြန်တွေးရင်း ယွဲ့ရှင်းဝမ်သည် အလွန်ပျော်ရွှင်စွာ ပြုံးနေခဲ့သည်။ သို့သော် သူတို့နှစ်ယောက်က ယခုအခါ စာကြည့်တိုက်မှာ ရှိနေတာကို တွေးလိုက်မိတော့ သူ့အပြုံးများ ပျောက်ကွယ်သွားကာ ပေါ့ပေါ့ပါးပါးချောင်းဟန့်ပြီး ပြောသည်။

"ဈေးပေါတာတွေပဲ ဝယ်လိုက်… ငါတို့တွေ အမှတ်တွေကို သိမ်းထားဖို့ လိုသေးတယ်…"


"အင်း…"

ကျန်းဖျင်စစ်က နေ့စဥ်သုံးပစ္စည်းများအားလုံးကို အမြန်ဝယ်လိုက်သည်။ သရေစာစားသည့်နေရာကို ဖြတ်သွားသောအခါမှာတော့ ယွဲ့ရှင်းဝမ် အကြိုက်ဆုံးအရသာဖြစ်သည့် အာလူးကြော်တစ်ထုပ်ကို စျေးဝယ်တွန်းလှည်းထဲမှာ ထည့်လိုက်သည်။


ဤနေ့စဉ်သုံးပစ္စည်းများသည် စုစုပေါင်း အမှတ် 100 ကုန်ကျသည်။


ကံကောင်းထောက်မစွာ ခွက်များ၊ သွားတိုက်တံများနှင့် ရေချိုးဆပ်ပြာများကို အချိန်ကြာမြင့်စွာအသုံးပြုနိုင်သောကြောင့် ၎င်းတို့ကို ထပ်မံဝယ်ယူရန် မလိုအပ်တော့ပေ။


နှစ်ယောက်သား အိပ်ဆောင်သို့ အိတ်ကြီးကြီးများ ကိုင်ဆောင်ကာ ပြန်လာခဲ့ကြပြီး အိပ်ယာခင်းများနှင့် စောင်များကို ခင်းလိုက်ကြသည်။


ကျန်းဖျင်စစ်က ရေချိုးခန်းထဲတွင် ခွက်များ၊ သွားတိုက်တံများနှင့် အခြားပစ္စည်းများကို သပ်သပ်ရပ်ရပ် ထားခဲ့သည်။ သူတို့ပြီးစီးချိန်မှာတော့ ည 9:30 ရှိနေပြီဖြစ်သည်။ ယွဲ့ရှင်းဝမ်က ထိုင်ခုံပေါ်တွင်ထိုင်ကာ ခေါင်းကိုငုံ့ထားရင်း ပြောသည်။

"အရမ်းပင်ပန်းတာပဲ… စာကြည့်တိုက်က အရမ်းဉာဏ်ကောင်းတာမို့ ငါတို့အတွက် အိပ်ယာခင်းတွေ၊ စောင်တွေ၊ သွားတိုက်တံတွေကို မပြင်ဆင်ပေးနိုင်ဘူးလား… အဲဒါတွေကို ဝယ်ဖို့ အမှတ်တွေကို ငါတို့သုံးရမှာလား"


ကျန်းဖျင်စစ်က တည်ငြိမ်စွာ ပြောသည်။

"စာကြည့်တိုက်က ကျောင်းသားအသစ်အဖြစ် ရောက်လာခြင်းရဲ့ ခံစားချက်ကို ငါတို့ကို ပြန်လည်ခံစားခိုင်းချင်တာ… ဒီစာကြည့်တိုက်က မတူညီတဲ့ကမ္ဘာက တက္ကသိုလ်တစ်ခုလိုမျိုး ဖြစ်နေတာကို မင်းသတိထားမိလား"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြသည်။

"အင်း… ငါလည်း ထူးဆန်းတယ်လို့ တွေးမိတယ်… ကျူတာတွေ၊ သုတေသနအဖွဲ့တွေ၊ credit မှတ်တွေအပြင် မသင်မနေရသင်တန်းတွေနဲ့ စိတ်ကြိုက်သင်တန်းတွေ ရှိတယ်… တကယ်လို့ ဒီသင်တန်းတွေက အရမ်းအစွန်းမရောက်ဘူးဆိုရင် ထူးဆန်းပြီးမှော်ဆန်တဲ့တက္ကသိုလ်ကို ရောက်လာသလို ခံစားရတယ်…"


ယွဲ့ရှင်းဝမ်က ခေါင်းငိုက်စိုက်ကြပြီး အိပ်စက်ခြင်းနဲ့ ရန်ဖြစ်နေတာကိုမြင်တော့ ကျန်းဖျင်စစ်က လျှောက်လာပြီး နူးညံ့စွာပြောသည်။

"အများကြီးစဉ်းစားမနေနဲ့… မင်းအရင်ရေချိုးပြီး ကောင်းကောင်းအိပ်တော့… မနက်ဖြန် စနေနေ့မှာ အတန်းမရှိဘူးဆိုတော့ ဒီကိစ္စကို မနက်ဖြန်မှ ငါတို့ သေချာပြောကြတာပေါ့…"


ယွဲ့ရှင်းဝမ်က တကယ်ကို ပင်ပန်းနေသည်။ ဒါကိုကြားတော့ သူထပြီး ရေချိုးခန်းထဲဝင်သွားသည်။ သူက ရေချိုးခန်းကိုဖွင့်ပြီး ရေနွေးနဲ့ ချိုးလိုက်သည်။ 


နှလုံးသွေးကြောဆိုင်ရာလူနာဆောင်တွင် ဆေးရုံတင်ထားရသည့် 5 ရက်တာအတွင်းမှာ ရေချိုးဖို့နေနေသာသာ ညတိုင်းညတိုင်း တိုက်ပွဲဝင်ရတာကြောင့် ပင်ပန်းလွန်းသည်။


ရေနွေးပူပူသည် သူ၏ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပြီးနောက် ယွဲ့ရှင်းဝမ်က အသစ်ဝယ်ထားသော ညအိပ်အင်္ကျီကိုပြောင်းကာ ကုတင်တစ်လုံးကိုရွေးပြီး ထိုင်လိုက်ပြီးနောက် နံရံပေါ်ရှိ နာရီကို တစ်ချက်ကြည့်ပြီး ပြောသည်။

"ဆယ်နာရီထိုးခါနီးနေပြီ… ငါအရမ်းအိပ်ချင်နေပြီ… ငါအရင်အိပ်တော့မယ်နော်…"


ကျန်းဖျင်စစ်က သူ့အား မျက်နှာသုတ်ပုဝါအသစ်တစ်ထည် ပေးလိုက်သည်။

"မအိပ်ခင် မင်းဆံပင်ကို ခြောက်အောင် သုတ်လိုက်ဦး… မဟုတ်ရင် မင်းခေါင်းကိုက်လိမ့်မယ်…"


တစ်ဖက်လူ၏ လေးနက်သောအကြည့်ကို မြင်လိုက်ရတော့ ယွဲ့ရှင်းဝမ်လည်း မျက်နှာသုတ်ပုဝါကို ယူရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။

"အင်းပါ အင်းပါ အင်းပါ… မင်းပြောတာကို နားထောင်ပါ့မယ်…"


သူ့ဆံပင်များ ရှုပ်ပွနေလား ရှုပ်မပွဘူးလားဆိုတာကို ဂရုစိုက်မနေတော့ဘဲ အမြန်သုတ်လိုက်သည်။ ထို့နောက် သူ့ဆံပင်က ငှက်သိုက်ကဲ့သို့ဖြစ်သွားကာ ယွဲ့ရှင်းဝမ်သည် စောင်အောက်သို့ဝင်ပြီး သမ်းဝေကာ ပြောလိုက်သည်။

"ဖျင်စစ် ငါအရင်အိပ်တော့မယ်… မင်းလည်း စောစောအိပ်သင့်တယ်…"


ကျန်းဖျင်စစ်က နူးညံ့စွာပြောသည်။

"အင်း… ကောင်းသောညပါ…"


ငါးရက်နှင့် လေးညဆက်တိုက် နေ့ခင်းဘက်တွင် လူသတ်သမားကို ခွဲခြမ်းစိတ်ဖြာပြီး ညအချိန်သည်းထိတ်ရင်ဖိုတိုက်ပွဲကို ရင်ဆိုင်ရတာကြောင့် တကယ်ပင်ပန်းနေသည်။ သူ၏တင်းမားသောစိတ်က နောက်ဆုံးတွင် ပြေလျော့သွားသည်။ ယွဲ့ရှင်းဝမ်သည် မျက်လုံးများကိုမှိတ်ထားပြီး တစ်မိနစ်အတွင်း အိပ်ပျော်သွားသည်။


ကျန်းဖျင်စစ်သည် ကုတင်ဘေးမှာထိုင်ပြီး သူ့ကိုကြည့်ရင်း သူ့အကြည့်များက တဖြည်းဖြည်း ပျော့ပျောင်းလာသည်။


ယွဲ့ရှင်းဝမ်သည် စကားရည်လုပြိုင်ပွဲမှာ ထိပ်ဆုံးဖြစ်သည်။ မနှစ်က သူသည် ဟွာအန်းတက္ကသိုလ်အဖွဲ့ကို ဦးဆောင်ပြီး နိုင်ငံတကာတက္ကသိုလ်စကားရည်လုပြိုင်ပွဲတွင် ချန်ပီယံဆုကို ရရှိခဲ့သည်။ သူသည် စင်မြင့်ပေါ်၌ ရပ်ကာ ထက်ထက်မြက်မြက် ပြောဆိုခဲ့ပြီး ပြိုင်ဘက်၏ စကားဟာကွက်များကို မကြာခဏလိုက်ရှာခဲ့သဖြင့် ပြိုင်ဘက်က ပြောစရာပင်ပျောက်ရှသွားခဲ့သည်။


ထိုကဲ့သို့ စိတ်အားထက်သန်သူသည် အိပ်ပျော်သွားသောအခါ အလွန်နာခံမှုရှိသော အသွင်အပြင်ဖြစ်နေသည်။ ပျော့ပျောင်းသော အနက်ရောင်ဆံပင်များက သူ့နဖူးကိုဖုံးထားကာ ရှည်လျားထူထပ်သော မျက်တောင်မွေးများက သူ့မျက်ခွံများကို ဖုံးအုပ်ထားပြီး သူ့ခန္ဓာကိုယ်ကို စောင်ဖြင့် မလှုပ်မယှက် အုပ်မိုးထားသည်။


သူကလိမ့်ပြီး စောင်ကန်လိမ့်မည်ဟု ကျန်းဖျင်စစ် ထင်ခဲ့ပေမဲ့ သူအိပ်နေချိန်မှာ ဒီလောက်နာခံမှုရှိမယ်လို့ မမျှော်လင့်ထားခဲ့ပေ။


စောင်အောက်ထဲသို့ ဘောလုံးလေးလို ကျုံ့သွားတာကိုတွေ့တော့ ကျန်းဖျင်စစ်၏နှုတ်ခမ်းမှာ အပြုံးတစ်ခု ပေါ်လာသည်။ သူက အရှေ့သို့သွားကာ စောင်ခြုံပေးလိုက်ပြီး အိပ်ဆောင်၏မီးကို ပိတ်ကာ သူ့ဘေးရှိ စားပွဲတင်မီးအိမ်ကိုသာ ဖွင့်ထားလိုက်သည်။ 


သူနဲ့ တစ်ခန်းတည်း အတူနေနိုင်ပြီး အခန်းဖော်ဖြစ်လာတာက စာကြည့်တိုက်ကို ရောက်ပြီးနောက်မှာ သူ့ကိုပျော်ရွှင်စေသည့်အရာတစ်ခုပဲဖြစ်သည်။


အထက်တန်းကျောင်းမှာ သူတို့က တစ်ယောက်နဲ့တစ်ယောက် အသန်မာဆုံးပြိုင်ဘက်တွေ ဖြစ်ခဲ့ကြပြီး တစ်နှစ်ပတ်လုံး ပထမနေရာအတွက် အချင်းချင်း ယှဉ်ပြိုင်ခဲ့ကြသည်။ ဝိဇ္ဇာဘာသာရပ်နှင့် သိပ္ပံဘာသာရပ်ကို ခွဲပြီးနောက်မှာတော့ သူတို့သည် ဘယ်လှုပ်ရှားမှုတွေမှာမှ ပူးပေါင်းပါဝင်ခဲ့ခြင်းမရှိတာကြောင့် နှစ်ယောက်သား တွေ့ဆုံတာရှားသွားခဲ့သည်။ 


သို့သော် သူအမြဲတမ်း ယွဲ့ရှင်းဝမ်အကြောင်း ဂရုစိုက်သလို ယွဲ့ရှင်းဝမ်ကလည်း သူ့အကြောင်း ဂရုစိုက်မယ်ဆိုတာ ကျန်းဖျင်စစ်သည် သူ့ရင်ထဲတွင် သိနေခဲ့သည်။ အမှတ်စာရင်းများကို ကြေညာသည့်အခါတိုင်း သူတို့၏နာမည်များ ဘေးချင်းကပ်လျက်ရှိ၊မရှိကို မသိစိတ်ကနေ ရှာဖွေနေလိမ့်မည်။ 


ယခုတစ်ခေါက်တွင် သူတို့နှစ်ဦးသည် အန္တရာယ်ရှိသော စာကြည့်တိုက်တွင် တွေ့ဆုံခဲ့ကြပြီး ပထမဆုံးအကြိမ် အချင်းချင်း လက်ချင်းချိတ်ကာ “အဖွဲ့သားများ”အဖြစ် ရပ်တည်ခဲ့ကြသည်။ 


#TK