Chapter 17
Viewers 5k

Volume 1 : ဆေးပညာဌာန


Chapter 17 (နှလုံးသွေးကြောဆိုင်ရာလူနာဆောင် ဇာတ်သိမ်း)


ယွဲ့ရှင်းဝမ်သည် အခြားကျောင်းသားများအား ကျိုးကြောင်းဆင်ခြင်ခြင်း၏ ရလဒ်များနှင့် အခြေခံများကို တစ်ဖန်ပြန်ပြောပြသည်။


အမှန်တရားကို သိလိုက်သည့် ကျောင်းသားများက အံ့သြသွားကြသည်။


ယခုတစ်ကြိမ်တွင် ကွန်ပျူတာသိပ္ပံဌာနမှ ကျွမ်းကျင်သူ ခယ်ရှောင်ပင်းသည် ဆရာဝန်၏ကွန်ပြူတာအတွင်းရှိ အချက်အလက်အားလုံးကို ကြိုတင်ကူးယူပေးသည့်အတွက် ကျေးဇူးတင်ရမည်။ နှလုံးသွေးကြောဆိုင်ရာလူနာဆောင်၏ အခြေခံသဘောတရားများကိုနားလည်ပြီး လူသတ်သမား၏လုပ်ဆောင်ပုံကို ပြောပြသောဆေးပညာဌာနမှ ဘွဲ့လွန်ကျောင်းသား လျှိုကျောက်ချင်းအား ကျေးဇူးတင်ပါသည်။ အရေးကြီးဆုံးသူကတော့ ယွဲ့ရှင်းဝမ်ပဲဖြစ်ပြီး ပြစ်မှုဆိုင်ရာ စိတ်ပညာ၏ ခွဲခြမ်းစိတ်ဖြာခြင်းဆိုင်ရာ ကျိုးကြောင်းဆီလျော်မှုနှင့် အချက်အလက်များ အုပ်စုဖွဲ့ခြင်းအပေါ် အခြေခံ၍ သံသယရှိသူကို တိကျစွာရှာဖွေနိုင်ခဲ့သည်၊။း


ဤလူသုံးယောက်၏ အကူအညီမပါဘဲ အခြားကျောင်းသားများက ဘယ်ကနေစရမှန်းမသိဘဲ ကြောင်သွားလိမ့်မည်။ ထိတ်လန့်တကြားဖြစ်ခဲ့ရသည့် ညပိုင်းတိုက်ပွဲမှာ သေရေးရှင်းရေးကြောင့် မကောင်းဆိုးရွား အရေအတွက် ကွာခြားချက်ကို အာရုံစိုက်ဖို့က ပိုလို့တောင် မဖြစ်နိုင်ပေ။ လူနာဆောင်ထဲက အသတ်ခံရသူအရေအတွက်နဲ့ မကောင်းဆိုးရွားအရေအတွက်ကို ညီမျှအောင် ယခင်ကအသတ်ခံရသူ အယောက် 20 ကို ထုတ်ဖော်ပြီး ပထမဆုံးအသတ်ခံရသူကို ရှာရမည်…


လျှိုရှောင်းရှောင်းက ရှုပ်ထွေးနေသော ခံစားချက်ဖြင့် ပြောသည်။

"ဒီတော့ လူသတ်သမားက သူ့ရဲ့ဇနီးနဲ့သမီး တစ်ယောက်ပြီးတစ်ယောက် နှလုံးရောဂါနဲ့ ဆုံးပါးသွားတာကို လက်မခံနိုင်ဘဲ ဒေါသကိုဖွင့်ထုတ်ဖို့ အခြားနှလုံးရောဂါသည်တွေကို သတ်နေတာပေါ့… ဒီအဘိုးကြီးကျူက ‘ငါ့မိန်းမနဲ့ သမီးလည်း သေရင် မင်းတို့လည်း အသက်မရှင်ရဘူး’ဆိုတဲ့ ကိုယ်ချင်းစာစိတ် မရှိတဲ့သူမျိုးပဲ…"


လျှိုကျောက်ချင်းက ရှုံ့မဲ့နေသောအမူအရာဖြင့် ကြိမ်းမောင်းသည်။

"ကွင်းဆက်လူသတ်သမားတွေအားလုံးက စိတ်ရောဂါရှိတဲ့သူတွေပဲ… သူတို့ရဲ့ တွေးခေါ်ပုံကို ရှင်းပြဖို့က ခက်ခဲတယ်… သူတို့အားလုံးက သာမန်လူတွေမဟုတ်ဘူး"


ချင်လုက သတိထားကာ မေးသည်။

"ဒေါက်တာရှောင်းရော ဘယ်လိုလဲ… သူက သံသယလုံးဝကင်းသွားပြီလား"


ယွဲ့ရှင်းဝမ်က ပြန်ဖြေသည်။

"ဟုတ်တယ်… ကျူချန်ရွှယ် သေဆုံးပြီးနောက် ဒေါက်တာရှောင်းက အလုပ်စွဲလမ်းသူ ဖြစ်လာခဲ့တယ်… ပြီးခဲ့တဲ့နှစ်အတွင်းမှာ လူနာဒါဇင်ပေါင်းများစွာကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပြီး သက်ကြီးရွယ်အိုတွေ အများကြီးကို သေရေးရှင်ရေးအခြေအနေကနေ သူကယ်တင်နိုင်ခဲ့တယ်… ဒီလိုဒေါက်တာက လူတွေကို သတ်စရာ အကြောင်းမရှိဘူး… ပြီးတော့ အစာအိမ်နဲ့ အူလမ်းကြောင်း ခွဲစိတ်မှုကို တိုင်ပင်ဆွေးနွေးဖို့ ဖုန်းခေါ်ဆိုမှုတစ်ခုကို သူက ဒီနေ့မနက် 1:30 လောက်မှာ လက်ခံရရှိခဲ့တယ်လို့ ငါတို့ရှာတွေ့ခဲ့တယ်… ပြောရရင် သူက နောက်ဆုံးလူသတ်မှုမဖြစ်ခင် တစ်နာရီခွဲအလိုမှာ ထွက်သွားခဲ့တာကြောင့် သေဆုံးသူရဲ့ သေဆုံးချိန်နဲ့ ကွဲလွဲနေတယ်…"


ချင်လုက ခေါင်းငြိမ့်ပြသည်။

"နားလည်ပြီ… ဒါဆို ကျူယွမ်ပေါ်တစ်ယောက်တည်း ပြစ်မှုကျူးလွန်ခဲ့တာဖြစ်ပြီး ဒေါက်တာရှောင်းက ဒီကိစ္စကို လုံးဝမသိခဲ့ဘူးပေါ့…"


ယွဲ့ရှင်းဝမ်က ဒေါက်တာရှောင်း၏ ရုံးခန်းကို လှမ်းကြည့်ပြီးနောက် ပြောခဲ့သည်။

"သူ ဒါကို သတိထားမိနိုင်ပေမဲ့ မယုံနိုင်တာဖြစ်မယ်… ဒါ့အပြင် ကျူယွမ်ပေါ်က သူစေ့စပ်ထားသူရဲ့ ဖခင်အရင်းလေ…"


လူတိုင်းက တိတ်ဆိတ်သွားကြပြီး ယွဲ့ရှင်းဝမ်က အကြောင်းအရာပြောင်းလိုက်သည်။

"အပိုမေးခွန်းရဲ့ အဖြေကို ငါတို့ ပြီးသွားပြီ… ဒါပေမဲ့ စာမေးပွဲက မပြီးသေးဘူး… ငါတို့ ဒီမှာ ငါးရက်နေရမှာ… ဒီည အဘိုးကြီးကျူက ပြစ်မှုကျူးလွန်နိုင်သေးတယ်… သူက ပြစ်မှုကျူးလွန်ဖို့ ငါတို့လူနာဆောင်ထဲက အတန်းဖော်တစ်ဦးကို ဆေးလာပြောင်းမယ်ဆိုရင် အရမ်းအန္တရာယ်များတယ်မဟုတ်ဘူးလား"


ဒီဖြစ်နိုင်ခြေကို တွေးကြည့်တော့ လူတိုင်း၏ ကျောပြင်တွေ တောင့်ခဲသွားသလို ခံစားလိုက်ရသည်။ လူသတ်သမားကို ရှာတွေ့တာက 100% လုံခြုံသည်မဟုတ်ပေ။ နောက်ဆက်တွဲ ပြဿနာကို ရင်ဆိုင်ရန် နည်းလမ်းရှာရမည်။ လျှိုရှောင်းရှောင်းက မသိစိတ်၏လှုံ့ဆော်မှုအရ ပြောသည်။

"သက်သေတွေ အများကြီးရှိနေတာဆိုတော့ ငါတို့ ရဲကို ဖုန်းဆက်ကြမလား"


ယွဲ့ရှင်းဝမ်က ခေါင်းခါသည်။

"ငါတို့မှာ ဖုန်းမရှိဘူး… ပြီးတော့ လူနာဆောင်ထဲက ဖုန်းနဲ့ ငါတို့ ခေါ်လို့မရဘူး… ဒီတစ်ခေါက်စာမေးပွဲခန်းက လုံးဝအလုံပိတ်ထားတဲ့ စာမေးပွဲဖြစ်တာကြောင့် ငါတို့တွေ ရဲခေါ်လို့မရဘူး… အဲဒါကို ငါတို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းရှာရမယ်…"


သူခဏလောက်စဉ်းစားပြီးမှ လူတိုင်း၏နားထဲကို တိုးတိုးလေးပြောလိုက်သည်။


ည 11 နာရီတွင် ညပိုင်းစာမေးပွဲက မစသေးပေ။ မိန်းကလေးတော်တော်များများက သရုပ်ဆောင်မှုများနဲ့ ပူးပေါင်းပြီး ဖျားချင်ယောင်ဆောင်ကာ ဆရာဝန်များနဲ့ သူနာပြုများအားလုံးကို ခေါ်ထုတ်ခဲ့ကြသည်။ ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့က VIP-1 လူနာဆောင်တံခါးဆီသို့ ခိုးဝင်ခဲ့ကြသည်။ လျှိုကျောက်ချင်းသည် သူနာပြုဌာနမှ ပတ်တီးတစ်လိပ်ကို အမြန်ခိုးယူပြီး ပတ်တီးကို ရှည်လျားသော အမြောင်းများစွာဖြင့် ဖြတ်တောက်လိုက်သည်။ သူတို့နှစ်ယောက်က လူနာဆောင်၏တံခါးကို အပြင်ကနေ ပတ်တီးစဖြင့် တင်းတင်းချည်ခဲ့သည်။


တံခါးကို အပြင်ကနေ ပိတ်ထားတာကြောင့် အဘိုးကြီးကျူက ညသန်းခေါင်မှာ အပြင်ကို မထွက်နိုင်တော့ပေ။ သူ တံခါးကို အပြင်းအထန် တွန်းရင် လူနာဆောင်ထဲမှာ တာဝန်ကျနေသည့် ဆရာဝန်များနဲ့ သူနာပြုများကို ကျယ်လောင်သောအသံဖြင့် သတိပေးသလို ဖြစ်သွားလိမ့်မည်။ 


ညဘက်မှာ ပြစ်မှုကျူးလွန်ရန် သူအပြင်မထွက်သေးသ၍ ကျောင်းသားများ ဘေးကင်းပါသည်။


ထိုည 12 နာရီတွင် တတိယညပိုင်းစားမေးပွဲ စတင်ခဲ့သည်။


ယွဲ့ရှင်းဝမ်သည် လှည့်ကွက်ဟောင်းများကို ထပ်ခါထပ်ခါပြောပြီး ရှောင်ထူကို သီချင်းဆိုခိုင်းကာ မကောင်းဆိုးရွားများကို လူနာဆောင်ထဲ လည်ပတ်ခိုင်းရန် ဦးဆောင်ခိုင်းခဲ့သည်။ အရေအတွက်သည် 25 မှ 28 ထိ ဧကန်မုချ တိုးလာခဲ့သည်။ မကောင်းဆိုးရွားအသစ်များသည် ယနေ့သေဆုံးခဲ့သော လူနာ 3 ယောက်ဖြစ်ပြီး သူ၏ယခင် ကျိုးကြောင်းဆင်ခြင်မှုက လုံးဝမှန်ကန်ကြောင်း သက်သေပြနေသည်။


—— နေ့ခင်းဘက် လူနာဆောင်ထဲမှာ သေသွားသည့်လူတွေက ညဘက်ဆိုရင် ဝိညာဉ်တွေ ဖြစ်သွားလိမ့်မည်။


ယခင်က အတွေ့အကြုံရှိခဲ့တာကြောင့် ဒီညပိုင်းတိုက်ပွဲတွင် ကျောင်းသားများသည် တိတ်တဆိတ်ပူးပေါင်းကာ တိုက်ပွဲကို လျင်မြန်စွာ ရှင်းလင်းခဲ့ပြီး မကောင်းဆိုးရွားများကိုသတ်ရန် 5 မိနစ်အောက်သာ အချိန်ယူခဲ့ရသည်။


လေးရက်မြောက်နေ့ မနက်မိုးလင်းပြီးနောက် လူနာဆောင်ထဲမှာ သေဆုံးသူကို မတွေ့ရပေ။ 


ထိုညတွင် VIP–1 လူနာဆောင်၏ တံခါးကို ပတ်တီးနဲ့ ချည်ခဲ့ပြန်သည်။ ကျူယွမ်ပေါ်သည် အကူအညီမပါဘဲ တစ်ယောက်တည်း ပြစ်မှုကျူးလွန်ခဲ့သည်။ အပြင်ကနေ တံခါးဖွင့်ပေးမည့်သူ မရှိသ၍တော့ အပြင်ကို မထွက်နိုင်ဘူး။


ပဉ္စမနေ့သည် နှလုံးသွေးကြောဆိုင်ရာလူနာဆောင်၏ စာမေးပွဲနောက်ဆုံးနေ့ဖြစ်သည်။


နေ့လယ်ခင်းတွင် အဘိုးကြီးကျူသည် ဆရာဝန်ရုံးခန်းထဲတွင် ရှောင်းဝမ်နှင့် စကားပြောနေပြီး ‘ဆင်းမယ်’ဆိုသည့် စကားလုံးကို ယွဲ့ရှင်းဝမ် ကြားလိုက်ရသည်။ သူ၏ပြစ်မှုများကို ရှာဖွေတွေ့ရှိသွားတာကြောင့် ထွက်ပြေးချင်နေပုံရသည်။


စာမေးပွဲပြီးခါနီးတွင် ယွဲ့ရှင်းဝမ်သည် ညစာစားချိန်အတွင်း ဒေါက်တာရှောင်း၏ တာဝန်ကျခန်းထဲသို့ ခိုးဝင်ကာ ဒေါက်တာရှောင်း၏ စားပွဲခုံပေါ်တွင် စုဆောင်းထားသော စာရွက်စာတမ်းများ ထားခဲ့ပြီး အသက်ခံရသူများစာရင်း၊ ပြစ်မှုလေးကြိမ်၏ အချိန်၊ ကျူယွမ်ပေါ် ပြစ်မှုကျူးလွန်ခြင်းနည်းလမ်း၊ ပြစ်မှုကျူးလွန်ရခြင်းအကြောင်းရင်း၊ ပထမဆုံးသေဆုံးသူနှင့် သူတို့လေးဦး၏ မိသားစုဓာတ်ပုံပင် ပါဝင်သည်။


ဓာတ်ပုံထဲက မိန်းကလေးသည် ချိုမြိန်ပြီး ချစ်စရာကောင်းသော အပြုံးနဲ့ ဒေါက်တာရှောင်း၏ နှုတ်ခမ်းက အနည်းငယ် တွန့်ကွေးနေသည်။ နှစ်ယောက်သားကလည်း သူတို့၏စေ့စပ်လက်စွပ်များနှင့်အတူ လက်ချင်းကိုင်ထားကြသည်။ နှလုံးရောဂါကြောင့်သာ မဟုတ်လျှင် အလွန်ပျော်ရွှင်စရာစုံတွဲ ဖြစ်လာနိုင်သည်။


ယွဲ့ရှင်းဝမ်က ဓာတ်ပုံအောက်တွင် မှတ်ချက်‌ရေးခဲ့သည်။

"မင်းက သူမအဖေကို လူသတ်သမား ဖြစ်စေချင်တာလား"


ဒါက အလုံပိတ် စာမေးပွဲခန်းဖြစ်ပြီး ကျောင်းသားများက ဒါကိုအဆုံးသတ်ရန် ရဲကို အသုံးမပြုနိုင်ပေ။ သို့သော် ဒီအရာက စာမေးပွဲတစ်ခုမျှသာဖြစ်ပြီး စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုဖြစ်လျှင်တောင် ယွဲ့ရှင်းဝမ်သည် ပြစ်မှုကျူးလွန်သူကို ထိုက်သင့်‌သည့်အပြစ်ပေးသင့်သည်ဟု အမြဲခံစားခဲ့ရသည်။


ကျူယွမ်ပေါ်၏ လက်များက သွေးများဖြင့် စွန်းထင်းနေပြီး နှလုံးသွေးကြောဆိုင်ရာလူနာဆောင်ကို ‘သေခြင်းငရဲ’အဖြစ် ပြောင်းလဲစေခဲ့သည်။ ရှောင်းဝမ်သည် တာဝန်သိစိတ်ရှိသော ဆရာဝန်တစ်ဦး၏ ရာထူးကို အခြေခံ၍ ထိုသို့သော အဖြစ်ဆိုးမျိုး ဆက်လက်မဖြစ်ပွားစေရန် တားဆီးနိုင်မည်ဟု သူမျှော်လင့်ပါသည်။ ယွဲ့ရှင်းဝမ်သည် နောက်ဆက်တွဲဇာတ်ကြောင်းကို မထိန်းချုပ်နိုင်တာကြောင့် သူလုပ်နိုင်သလောက်သာ လုပ်ဆောင်နိုင်ခဲ့သည်။


ပဉ္စမနေ့ည


[ည 12 နာရီ]


[ညပိုင်းစာမေးပွဲမရှိပါ]


[စာမေးပွဲပြီးဆုံးပါပြီ]


[အမှတ်များကို တွက်ချက်နေပါပြီ…]


စက်အသံကို အနည်းငယ် ကြားပြီးနောက် လူတိုင်းကို ညပိုင်း စာမေးပွဲခန်းသို့ ဆွဲခေါ်သွားခဲ့သည်။


ဤတစ်ကြိမ်တွင် ညပိုင်းစာမေးပွဲခန်း၌ မကောင်းဆိုးရွားများနှင့် လျှပ်စစ်မီး ပြတ်တောက်ခြင်း မရှိခဲ့ပေ။ တောက်ပသောအလင်းရောင်တွင် လူတိုင်းက တစ်ယောက်ကိုတစ်ယောက်ကို ကြည့်နေကြပြီး ပျော်ရွှင်မှုက လူတိုင်း၏မျက်နှာ၌ အပြုံးကိုယူဆောင်လာခဲ့သည်။

"စာမေးပွဲပြီးပြီလား"


"ငါတို့အားလုံး စာမေးပွဲအောင်သွားပြီ… ငါ့ဘက်မှာ အမှတ်တွေကို တွက်ချက်နေတယ်လို့ ပြောနေတယ်…"

 

1 မိနစ်အကြာတွင် လူတိုင်း၏ရှေ့၌ လေးထောင့်ဘောင်တစ်ခုက သူတို့၏ရမှတ်များကို ချပြလာသည်——


နာမည်: ယွဲ့ရှင်းဝမ်


ကျောင်းသား ID: 18384016


ဆေးပညာဌာန၏ သင်တန်း: ‌နှလုံးသွေးကြောဆိုင်ရာလူနာဆောင်


Credit: 4 မှတ်


ရှင်းလင်းရေးရမှတ်: 95 မှတ် (5 ရက်ကြာ ရှင်သန်ခြင်း +60 မှတ်၊ အတန်းဖော်များအား ရှင်သန်အောင် ဦးနိုင်ဆောင်ခြင်း +25 မှတ်၊ ခွဲစိတ်မှုမပြုလုပ်မီအောင်မြင်ခြင်း +10 မှတ်)


အပိုမေးခွန်း: 30 မှတ် (အဖြေမှန်သည်၊ အကူအညီပေးရာတွင် အလွန်ထူးချွန်ကောင်းမွန်ပြီး အမှတ်ပြည့်ရရှိသည်)


စုစုပေါင်းရမှတ်: 125 မှတ်


နောက်ဆုံးအမှတ်: 4 x 125 = 500 မှတ်


သင်တန်းကျရှုံးမှုနှုန်း: 60%


သင်တန်း၏ အမှတ်စာရင်းများကို ကြည့်ရှုရန် [လင့်] ကိုနှိပ်ပါ။


ကျောင်းသားများသည် သူတို့ရှေ့ရှိ လေးထောင့်ဘောင်ကို မြင်ပြီးနောက် အခြားသူများ၏ အမှတ်များကို သိချင်စိတ်ဖြင့် မေးမြန်းကြသည်။


ကျုံ့ယွီဟန်က ပြောသည်။

"မင်းတို့ ဘယ်လောက်ရကြလဲ… ငါ 105 မှတ်ရတယ် ဒါက ငါထင်ထားတာထက်တောင် ပိုများသေးတယ်… ပထမတုန်းက စာမေးပွဲကျမယ်လို့ ငါထင်ခဲ့တာ…"


လျှိုရှောင်းရှောင်းက ပြန်ဖြေသည်။

"ကျွန်မက အပိုမေးခွန်းအတွက် အမှတ် 20 ရခဲ့တယ်… ဒါက အရမ်းကောင်းတယ်…"


ချင်လုက ဆိုသည်။

"ရှင်းလင်းရေးအမှတ်အတွက် ကျွန်မက အမှတ် 80 ရခဲ့တယ်… နောက်ထပ်အပိုမေးခွန်အတွက် အမှတ် 20 နဲ့ စုစုပေါင်းအမှတ် 100 ရခဲ့တယ်…"


ချွီဝေးဝေးက ပြောလာသည်။

"ရှင်းလင်းရေးအမှတ်အတွက် ကျွန်မက 85 မှတ်ရခဲ့ပြီး အပိုမေးခွန်းအတွက် အမှတ် 15 နဲ့ စုစုပေါင်းအမှတ် 100 ရခဲ့တယ်…"


အထူးသဖြင့် ဤသင်တန်းသည် credit 4 မှတ်ဖြစ်ပြီး ရမှတ်များက 4 ဆ ဖြစ်မည်ဖြစ်တာကြောင့် အားလုံးက အမှတ်မြင့်မြင့်ရသည့်အတွက် ပျော်ရွှင်နေကြသည်။ ကျောင်းသားအားလုံးနီးပါးက အမှတ် 400 ခန့် ရရှိတာကြောင့် ‘စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်း’ အရင်သင်တန်း၏ အမှတ်နှစ်ဆဖြစ်သည်။


အားလုံးက အကြာကြီးဆွေးနွေးပြီးနောက် ယွဲ့ရှင်းဝမ်ဘက်သို့ ခေါင်းလှည့်လာကြကာ မေးခဲ့သည်။

"ရှင်းဝမ်ရဲ့အမှတ်က အများဆုံးလိမ့်မယ် ဟုတ်တယ်မလား"


ဤအချိန်တွင် ယွဲ့ရှင်းဝမ်သည် နောက်ဆုံးစာကြောင်းရှိ [လင့်] ကို နှိပ်လိုက်သည်။ အမှတ်စာရင်းများကို သူမြင်ချင်နေခဲ့သည်။ 


ထိုအရာကို ဖွင့်ပြီးနောက် ၎င်းသည် ဟွာအန်းတက္ကသိုလ်၏ “နှလုံးသွေးကြောဆိုင်ရာလူနာဆောင်”၏ အမှတ်စာရင်းဖြစ်ခဲ့သည်။ 


အမှတ်စာရင်း၏ထိပ်တွင် ရင်းနှီးသောအမည်တစ်ခု ချိတ်ဆွဲထားတာကို သူတွေ့လိုက်ရသည်——


ကျန်းဖျင်စစ်၊ ကျား၊ သင်္ချာဌာန၊ 125 မှတ်


ယင်းနောက်တွင်——


ယွဲ့ရှင်းဝမ်၊ ကျား၊ လူမှုဘာသာရပ်များဌာန၊ 125 မှတ် 


သူ့အမှတ်များကို အခုလေးတင်ရေတွက်ပြီးနောက် သူအမှတ်စာရင်းသည် မူလက ဒုတိယနေရာတွင် (122 မှတ်)ရခဲ့သည့် စီနီယာအစ်ကိုကျိုဖုန်းကို ကျော်လွန်ပြီး ကျန်းဖျင်စစ်နဲ့ ပထမနေရာမှာ ရပ်တည်ခဲ့သည်။


အထက်တန်းကျောင်းမှာ ဝိဇ္ဇာဘာသာရပ်နှင့် သိပ္ပံဘာသာရပ်အဖြစ် ပိုင်းခြားပြီးနောက် စာမေးပွဲဖြေတိုင်း ဝိဇ္ဇာဘာသာရပ်၏ ပထမက ယွဲ့ရှင်းဝမ်ဖြစ်ပြီး သိပ္ပံဘာသာရပ်မှာ ပထမက ကျန်းဖျင်စစ်ပဲ အမြဲလိုလိုဖြစ်တာကြောင့် သူတို့၏နာမည်များကို အမြဲတမ်း ဘေးချင်းကပ်လျက် ရေးခဲ့တာကို သူမှတ်မိနေပါသေးသည်။ မမျှော်လင့်ဘဲ သူတို့နှစ်ယောက်က ယခု စာကြည့်တိုက်ကို ရောက်လာသောအခါ “နှလုံးသွေးကြောဆိုင်ရာလူနာဆောင်”၏ အမှတ်စာရင်းတွင် သူတို့နှစ်ဦးသည် ကံကြမ္မာက ကြိုတွက်ထားသလိုပဲ ပထမနေရာတွင် ရပ်တည်နေခဲ့သည်။


ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်၏ ကျိုးကြောင်းဆင်ခြင်နည်းကို အလွယ်တကူ ခန့်မှန်းနိုင်သည်။ ထိုလူသည် အချက်အလက်များ ခွဲခြမ်းစိတ်ဖြာမှုကို အလေးအနက်ထားကာ နေ့ခင်းဘက် လူနာသေဆုံးမှုနှင့် ညဘက် မကောင်းဆိုးရွားများကြားက ဆက်စပ်မှုကို ရှာဖွေတွေ့ရှိပြီးနောက် ပထမဆုံးအသတ်ခံရသူကို တွေ့ရှိပြီး လူသတ်သမားကို သူရှာဖွေတွေ့ရှိခဲ့လိမ့်မည်။ 


ညပိုင်းတိုက်ပွဲနဲ့ ပတ်သက်ပြီး သူတို့၏အတန်းက ဘယ်လိုကျော်ဖြတ်ခဲ့သလဲဆိုတာ ကျန်းဖျင်စစ်နဲ့တွေ့ပြီးမှသာ သူသိနိုင်လိမ့်မည်။


ယွဲ့ရှင်းဝမ်သည် တစ်စုံတစ်ယောက်က သူ့ပခုံးအား ‌ပုတ်နေတာကို ရုတ်တရက် သတိပြုမိလိုက်သည်။ သူလှည့်ကြည့်လိုက်တော့ လျှိုကျောက်ချင်းက မျက်ခုံးပင့်နေတာကို တွေ့လိုက်ပြီး ရယ်ကာ သူ့ကိုစနောက်သည်။

"ဂျူနီယာညီလေး၊ မင်း ဘာလုပ်နေတာလဲ… အားလုံးက မင်းစာမေးပွဲမှာ အမှတ်ဘယ်လောက်ရလဲမေးတာ…"


ယွဲ့ရှင်းဝမ်က အသိပြန်ဝင်လာပြီး ပေါ့ပေါ့ပါးပါး ချောင်းဟန့်ကာ ပြန်ဖြေသည်။

"ကျွန်တော့်ရဲ့ စုစုပေါင်းအမှတ်က 125 မှတ်၊ ရှင်းလင်းရေးအမှတ်က 95 မှတ်ဖြစ်ပြီး၊ အပိုမေးခွန်းက အမှတ် 30 ရတယ်…"


လူတိုင်း အံ့အားသင့်သွားသည်။

"အပိုမေးခွန်းအတွက် အမှတ်ပြည့်ရတာလား"


သို့သော် အားလုံးက ဒီရမှတ်ဟာ အလွန်ကျိုးကြောင်းဆီလျော်သည်ဟု ခံစားရသည်။ ထို့အပြင် ယွဲ့ရှင်းဝမ်သည် အားလုံးအောင်မြင်ဖို့အတွက် အကြီးမားဆုံးအကူအညီပေးခဲ့သည်။ အပိုမေးခွန်းအတွက် သူ အမှတ်ပြည့်ရတာကို အားလုံးက လက်ခံကြသည်။


လျှိုကျောက်ချင်းက အကြောင်းအရာကိုပြောင်းကာ ပြောသည်။

"စကားမစပ် ဟွာအန်းတက္ကသိုလ်ရဲ့ အမှတ်စာရင်းကို ငါကြည့်လိုက်တာ သင်္ချာဌာနက မင်းရဲ့သူငယ်ချင်းနဲ့ မင်းက ရမှတ် 125 မှတ်ကို အတူတူရထားတာပဲ…"


ယွဲ့ရှင်းဝမ်က ပြုံးကာ ပြောသည်။

"သူက အရမ်းတော်တယ်… ပြီးတော့ ကျိုးကြောင်းဆင်ခြင်တဲ့သင်တန်းမှာ ဒီရမှတ်ကို သူရနိုင်တာကြောင့် ကျွန်တော် မအံ့ဩပါဘူး…"


ခယ်ရှောင်ပင်းက သိချင်စိတ်ဖြင့် မေးသည်။

"အတန်းဖော်တို့၊ မင်းတို့တက္ကသိုလ်ရဲ့ အမှတ်စာရင်းမှာ အမှတ်အများဆုံးက ဘယ်လောက်လဲ"


ကျုံ့ယွီဟန်က ပြန်ဖြေသည်။

"ငါတို့ကျိုတိုတက္ကသိုလ်မှာ 125 မှတ်ရထားတဲ့ စီနီယာတစ်ယောက်ရှိတယ်…"


လျှိုရှောင်းရှောင်းက ပြောလာသည်။

"ကျွန်မတို့ ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်မှာ အမှတ် 120 ကျော်ရထားတဲ့ စီနီယာအစ်မနှစ်ယောက်ရှိတယ်…လူတိုင်းက အရမ်းတော်ကြတာပဲ"


အမှတ်စာရင်းကို နားထောင်ပြီးနောက် လူတိုင်းက အတော်လေး စိတ်လှုပ်ရှားခဲ့သည်—— ဤလွတ်မြောက်ခြင်းဂိမ်းကို ရောက်ရှိလာပြီးနောက် တက္ကသိုလ်၏ ထိပ်တန်းကျောင်းသားများက ထိပ်တန်းကျောင်းသားများ ဖြစ်နေကြဆဲဖြစ်သည်။ 


ယွဲ့ရှင်းဝမ်က လူတိုင်းကိုကြည့်ပြီး အားတက်သရောပြောလိုက်သည်။

"မင်းတို့အားလုံးလည်း တကယ်ကို တော်ကြပြီး အမှတ် 80 အထက်နဲ့ ‌အောင်သွားကြတာပဲ…"


ကျုံ့ယွီဟန်က အရွှန်းဖောက်သည်။

"အတန်းဖော်လျှိုရှောင်းရှောင်းက မျောက်တွေနဲ့ မကောင်းဆိုးရွားတွေကိုတောင် စာသင်ပေးနိုင်တယ်… နောင်အခါ ကျောင်းသားဆိုးတွေနဲ့ သူမတွေ့ရင် မထိန်းနိုင်မှာကို စိုးရိမ်စရာမလိုတော့ဘူး" 


လျှိုရှောင်းရှောင်းက ရှက်ရွံ့စွာ ပြောသည်။

"ကျွန်မက သိပ်မကူညီခဲ့ရပါဘူး… ဒီသင်တန်းကို အောင်သွားအောင် ကူညီပေးကြတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်…"


ချင်လုက ယွဲ့ရှင်းဝမ်ကို ပြန်ကြည့်ပြီး စိတ်ရင်းဖြင့် ပြောသည်။

"ရှင်းဝမ် ဒီတစ်ခါတော့ ငါနင့်ကို တကယ်ကျေးဇူးတင်တယ်… ငါတို့ကို ဒီသင်တန်းကနေ အောင်မြင်နိုင်ဖို့ အဖွဲ့ကိုဦးဆောင်ခဲ့တဲ့ ယာယီအတန်းခေါင်းဆောင် နင့်ကို ကျေးဇူးတင်တယ်—— နင်က ငါတွေ့ဖူးသမျှထဲမှာ အတော်ဆုံး ‌အတန်းခေါင်းဆောင်ပဲ…"


သူမက ယွဲ့ရှင်းဝမ်ကို လက်မထောင်ပြသည်။


အခန်းပတ်ပတ်လည်ရှိ လူတွေကလည်း လက်ခုပ်ဩဘာသံများဖြင့် အော်ဟစ်ကြသည်။

"ဟုတ်တယ်… ငါတို့ရဲ့ အတန်းခေါင်းဆောင်ကို လက်ခုပ်ဩဘာသံလေး ပေးလိုက်ရအောင်"


"အတန်းခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်"


ယွဲ့ရှင်းဝမ်အပေါ် လူတိုင်း၏မျက်လုံးများက ချီးကျူးလေးစားမှုအပြည့်ရှိနေသည်။


ယွဲ့ရှင်းဝမ်က ကြွားဝါခြင်းမရှိဘဲ ပြောသည်။

"ငါ့ကိုပဲ ကျေးဇူးမတင်ပါနဲ့… ဒီတစ်ခေါက် လူတိုင်းက သင်တန်းကို အောင်မြင်ဖို့အတွက် ပူးပေါင်းခဲ့ပြီး အားလုံးက ပါဝင်ကူညီခဲ့ကြပါတယ်… စာမေးပွဲပြီးရင် ငါတို့ ယာယီအတန်းဖော် 10 ယောက်ကို ဖျက်သိမ်းတော့မှာဖြစ်ပြီး နောင်အခါမှာ ပြန်ဆုံဖို့ ခက်ခဲနိုင်တယ်… ဒီစာမေးပွဲမှာ လူတိုင်းနဲ့ တွေ့ရတာ ဝမ်းသာပါတယ်… လူတိုင်း ဒီစာကြည့်တိုက်ကနေ ချောချောမွေ့မွေ့ ထွက်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်…"


လျှိုကျောက်ချင်းက သက်ပြင်းချကာ ပြောသည်။

"ဟုတ်တယ်… လူတိုင်း ကောင်းကောင်းမွန်မွန် အသက်ရှင်ရမယ်… လူတိုင်းက စာကြည့်တိုက်ထဲမှာ ဘယ်တော့မှ မကျရှုံးသွားဖို့ မျှော်လင့်တယ်"


လူတိုင်းကလည်း တစ်ညီတစ်ညွတ်တည်း ပြောခဲ့ကြသည်။

"ငါတို့အားလုံး စာမေးပွဲမကျဖို့ ငါမျှော်လင့်တယ်"


စာကြည့်တိုက်တွင် သင်တန်းကျရှုံးပါက အသက်အန္တရာယ်ရှိနိုင်သည်။


ဤအခိုက်အတန့်တွင် ကျောင်းသားများ၏ နားထဲ၌ ရင်းနှီးသော စက်အသံတစ်ခု ထွက်ပေါ်လာသည်——


[စာမေးပွဲပြီးပါပြီ။ စာမေးပွဲခန်းကို ပိတ်ပါတော့မည်။ အပြင်ထွက်ဖို့ ပြင်ဆင်ထားပါ]


[အချိန်ရေတွက်နေပါပြီ 10… 9… 8…]


လူတိုင်းက သူတို့ပတ်ဝန်းကျင်ရှိ ကျောင်းသားများကို တုံ့ဆိုင်းစွာ ကြည့်နေကြသည်။


စာမေးပွဲတစ်ခုတွင် တိုက်ဆိုင်စွာ တွေ့ဆုံပြီး နိုင်ငံတစ်ခုလုံးရှိ မတူညီသော တက္ကသိုလ်များမှ ကျောင်းသားများသည် အတူတူ စာမေးပွဲကိုအောင်မြင်ရန် ကြိုးစားခဲ့ကြသည်။ ရှေ့ဆက်ရမည့်လမ်းက ဘယ်လောက်ခက်ခဲမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပေ။ အံကြိတ်ပြီး ဘယ်တော့မှ လက်မလျှော့ရင် သူတို့တွေ အဆုံးထိ ရောက်နိုင်လိမ့်မည်။ 


ယွဲ့ရှင်းဝမ်သည် အတန်းဖော်များအား ယဉ်ကျေးစွာ လက်ပြနှုတ်ဆက်ခဲ့သည်။


နံပါတ်စဉ်ရေတွက်၍ ပြီးဆုံးသွားသည့်အခါ သူ့ရှေ့ရှိ မြင်ကွင်းသည် ရုတ်တရက် တုန်ခါသွားကာ စာကြည့်တိုက်ဒေတာဘေ့စ်ဆီသို့ ပြန်ရောက်သွားပြန်သည်။ ပတ်ပတ်လည်ရှိ သစ်သားစာအုပ်စင်များတွင် စာပေစာအုပ်မျိုးစုံဖြင့် ပြည့်နှက်နေပြီး ရင်းနှီးပြီးသား စက်ရုပ်အသံက သူ့နားထဲတွင် ထွက်ပေါ်လာသည်——


[စာကြည့်တိုက်ပထမထပ်ရှိ ဆေးပညာဌာန၏ မသင်မနေရသင်တန်းနှစ်ခုကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သော ကျောင်းသားယွဲ့ရှင်းဝမ်ကို ဂုဏ်ပြုပါသည်]


[အောက်ပါအတိုင်း အကြောင်းအရာအသစ်များကို ‌သော့ဖွင့်ပါပြီ——]


[စာကြည့်တိုက် ပထမထပ်၊ ဆေးပညာဌာန၊ မသင်မနေရသင်တန်းအားလုံးကို အပြည့်ဖွင့်ထားပါပြီ]


[စာကြည့်တိုက် ဒုတိယထပ်၊ သင်္ချာဌာန၊ မသင်မနေရသင်တန်းများကို ဖွင့်ထားပါပြီ]


[စာကြည့်တိုက် အနုတ်ဒုတိယထပ်၊ သုတေသနအဖွဲ့စင်တာကို အပြည့်ဖွင့်ထားပါပြီ]


[စာကြည့်တိုက် အနုတ်တတိယထပ်: ကျောင်းသားအိပ်ဆောင်၊ အနုတ်စတုတ္ထထပ်: ကျောင်းသားကန်တင်း၊ အနုတ်ပဉ္စမထပ်: ဈေးဝယ်ပလာဇာတို့ကို အပြည့်ဖွင့်ထားပါပြီ]


[ခင်မင်စွာသတိပေးချက်: သင်၏လက်ရှိရမှတ်များမှာ အမှတ် 700 ဖြစ်သည်။ သင်သည် “ခေတ်သစ် idiom အဘိဓာန်”ကို အဆင့်မြင့်ရန် ဒါမှမဟုတ် တရုတ်ဘာသာစကားဌာန၏ စွမ်းရည်စာအုပ်အသစ်ကို လဲလှယ်ရန် အချိန်မရွေး အနုတ်ပထမထပ်က စာကြည့်တိုက်ဒေတာဘေ့စ်ကို ပြန်လာနိုင်ပါသည်။]


[နောက်တစ်ခု သင်သည် ဒီနေရာရှိ စာကြည့်တိုက်ကျူတာတွင် စွမ်းရည်စာအုပ်များကို အဆင့်မြင့်ပြီး လဲလှယ်နိုင်သည်၊ ဒါမှမဟုတ် သော့ဖွင့်ထားသော ‌မြေအောက်ထပ် အနုတ် ပထမထပ်မှ အနုတ်ပဉ္စမထပ်နှင့် မြေပြင်အထက် ပထမထပ်မှ ဒုတိယထပ်အထိ ဓာတ်လှေကားဖြင့် တက်နိုင်ပြီး သက်ဆိုင်ရာအထပ်၏ ကြေညာချက်များကို စစ်ဆေးပါ]


[စာကြည့်တိုက်တွင် ကောင်းမွန်သောအချိန်ရရှိဖို့ ကျွန်ုပ် သင့်ကို ဆုတောင်းပေးလိုက်ပါသည်။]


ကောင်းမွန်သောအချိန်တဲ့လား… ဒီတစ်ခေါက် နှလုံးသွေးကြောဆိုင်ရာလူနာဆောင်မှာ သူ့အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့တာကို…


ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ကာ ဓာတ်လှေကားထဲသို့ အမြန်လျှောက်သွားပြီး မဆိုင်းမတွပင် အနုတ်ဒုတိယထပ်ကို နှိပ်လိုက်သည်။


—— သုတေသနအဖွဲ့စင်တာ


—— ကျန်းဖျင်စစ်၊ မင်းငါ့ကို သုတေသနအဖွဲ့မှာ စောင့်နေမယ်ဆိုပြီး ကတိမဖျက်နဲ့နော် 


[Volume 1 : ဆေးပညာဌာန ပြီးသွားပါပြီ။]


#TK