Chapter 15
Viewers 5k

Volume 1 : ဆေးပညာဌာန


Chapter 15 (နှလုံးသွေးကြောဆိုင်ရာလူနာဆောင် ၁၀)


ယွဲ့ရှင်းဝမ်၏ စကားကိုကြားပြီး အခြားကျောင်းသားများသည်လည်း ခွဲခြမ်းစိတ်ဖြာဖို့စတင်ရန် သူတို့၏ ဦးနှောက်ဆဲလ်များကို လျင်မြန်စွာ အသက်သွင်းခဲ့သည်။ ညပိုင်းစာမေးပွဲခန်းရှိ မကောင်းဆိုးရွားများသည် နေ့ဘက်တွင် နှလုံးသွေးကြောဆိုင်ရာလူနာဆောင်၌ သေဆုံးခြင်းဖြင့် ဖြစ်ပေါ်လာသော "နာကြည်းသောဝိညာဥ်များ" ဖြစ်ကြသည်။ ဒီတော့ နှလုံးသွေးကြောဆိုင်ရာလူနာဆောင်ကို မရောက်ခင် သေဆုံးသွားသော လူအယောက် 20 က ဘယ်သူတွေလဲ။


လျှိုရှောင်းရှောင်းက ဖြစ်နိုင်ခြေတစ်ခုအား ရုတ်တရက်တွေးကာ ပြောသည်။

"အရင်သင်တန်းက ကျရှုံးသွားတဲ့ အတန်းဖော်တွေက နားကြည်းတဲ့ဝိညာဥ်တွေဖြစ်ပြီး ညပိုင်းစာမေးပွဲခန်းထဲမှာ ပေါ်လာတာများလား"


ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး ခေါင်းယမ်းလိုက်သည်။

"မဟုတ်ဘူး… “စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်း”ရဲ့ ကျရှုံးမှုနှုန်းက 30% ရှိပြီး “နှလုံးသွေးကြောဆိုင်ရာလူနာဆောင်”ရဲ့ ကျရှုံးမှုနှုန်းကလည်း ကျိန်းသေပေါက် မနည်းနိုင်ဘူး… ကျရှုံးသွားတဲ့ ကျောင်းသားအားလုံးကို ညပိုင်းစာမေးပွဲခန်းမှာ ထည့်ထားရင် ငါတို့က မကောင်းဆိုးရွား 20 ကျော်ထက် မကောင်းဆိုးရွားရာနဲ့ချီကို ရင်ဆိုင်ရလိမ့်မယ်…"


ယခင်က ဟွာအန်းတက္ကသိုလ်၏ အမှတ်စာရင်းကို ကြည့်လိုက်တော့ စာကြည့်တိုက်ထဲ ဆွဲသွင်းခံရသည့် ကျောင်းသားတွေ အများကြီးရှိပြီး တစ်နိုင်ငံလုံးက တက္ကသိုလ်များမှ ကျောင်းသားများလည်း စာကြည့်တိုက်ထဲကို ဆွဲသွင်းခံရသည်။ ဒီထူးဆန်းသောစာကြည့်တိုက်ထဲသို့ ဝင်ရောက်နိုင်သော တက္ကသိုလ်ကျောင်းသား ထောင်ပေါင်းများစွာရှိသည်။ ထို့ကြောင့် ညပိုင်းစာမေးပွဲခန်းထဲတွင် ပေါ်လာသော နားကြည်းသောဝိညာဉ် အယောက် 20 က ကျရှုံးသွားသော ကျောင်းသားများဆိုလျှင် အရေအတွက်က လုံးဝမှားယွင်းနေသည်။


လျှိုရှောင်းရှောင်းက သဘောတူသည်။

"ဟုတ်သားပဲ" 

သူမက မျက်မှောင်ကြုတ်ကာ ခဏလောက်တွေးပြီး ပြောသည်။

"တကယ်လို့ ကျွန်မတို့ 10 ယောက်ထဲက တစ်ယောက်ယောက်က ကျရှုံးသွားရင် ဘာဖြစ်မလဲ… ညမှာ ‌မကောင်းဆိုးရွားအဖြစ် ပြောင်းလဲသွားမှာလား"


ကျရှုံးသွားပြီး ညမှာ မကောင်းဆိုးရွားအဖြစ် ပြောင်းလဲသွားမလား ဆိုသည့် မေးခွန်းက လူတိုင်း၏ကျောရိုးတစ်လျှောက် တုန်ယင်သွားစေသည်။


"ဒါက ဖြစ်နိုင်တယ်…" ယွဲ့ရှင်းဝမ်က တုံ့ပြန်သည်။ "မနေ့ညက တိုက်ပွဲမှာ ငါတို့ထဲက တချို့သေဆုံးသွားတယ်လို့ ယူဆရင် ဒီညမှာ မကောင်းဆိုးရွားတွေ ပိုများလာလိမ့်မယ်… ကျောင်းသားတွေ သေဆုံးတာက ငါတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို လျော့ကျ‌သွားစေပြီး မကောင်းဆိုးရွားအရေအတွက်က ပိုပိုပြီးတိုးလာမှာ ဖြစ်တာကြောင့် ဆိုးရွားတဲ့ စက်ဝိုင်းတစ်ခုကို ကျော်ဖြတ်ဖို့ ပိုခက်သွားအောင် ဖန်တီးလိမ့်မယ်… ဒီလိုမဖြစ်အောင် ငါတို့တွေအားလုံး အဆုံးထိ အသက်ရှင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားရမယ်…"


လျှိုရှောင်းရှောင်း မှန်းဆထားသည့် အခြေအနေက တကယ်ဖြစ်လာနိုင်သည်။ ပထမညမှာ ကျောင်းသား 10 ယောက် အချင်းချင်း ဘယ်လို ပူးပေါင်းဆောင်ရွက်ရမလဲဆိုတာ မသိခဲ့ဘူးဆိုလျှင် အားလုံး မလွတ်မြောက်နိုင်ဘဲ 3 ယောက်ထက်မနည်း သေဆုံးပြီး လူနာဆောင်ထဲက သေဆုံးသူ 5 ယောက်လည်း ပါဝင်လိမ့်မည်။ ဒါက 5 ရက်လောက် အသက်ရှင်ရန် ခက်ခဲလိမ့်မည်။ 


ထို့ကြောင့် ‌စာမေးပွဲဖြေသူအားလုံးကို ပထမဆုံးအကြိမ် လက်တွဲခေါ်ခြင်းက ဤသင်တန်းကို ရှင်းလင်းရန် အဓိကအချက်ဖြစ်သည်။


အခြားစာမေးပွဲခန်းများတွင် ထူးချွန်သောခေါင်းဆောင်မှုရှိသော ကျောင်းသားမရှိလျှင် သို့မဟုတ် တချို့သောကျောင်းသားများက တစ်ကိုယ်ကောင်းဆန်လွန်းပြီး တိုက်ပွဲကာလအတွင်း အခြားကျောင်းသားများကို အနစ်နာခံခိုင်းပါက စာမေးပွဲတစ်ခုလုံး ပျက်စီးသွားနိုင်သည်ဟု ယူဆနိုင်သည်။ ဤစာမေးပွဲခန်းထဲတွင် ကောင်းမွန်သောကျောင်းသားများနဲ့ အတူတူကျရသည်က ကံကောင်းသည်ဟု အားလုံး ခံစားကြရပြီး အထူးသဖြင့် ယွဲ့ရှင်းဝမ်သည် ပူးပေါင်းဆောင်ရွက်ရန် ပထမဆုံးအဆိုပြုသူဖြစ်ပြီး မကောင်းဆိုးရွားအရေအတွက်ကို တည်ငြိမ်စွာ ရေတွက်ခဲ့သည်။


ချင်လုက သူမလက်ထဲရှိ ကမ္ဘာလုံးကို ဖယ်ကာ ယွဲ့ရှင်းဝမ်ကို ကြည့်ပြီး မေးသည်။

"ရှင်းဝမ် လူသတ်သမားက ဘယ်သူဖြစ်မယ်လို့ နင်ထင်လဲ?"


သူမသည် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း မရှိသောကြောင့် ယွဲ့ရှင်းဝမ်၏ တွေးခေါ်မှုနောက်ကို လိုက်ရန် ဆုံးဖြတ်ခဲ့သည်။


ယွဲ့ရှင်းဝမ်က ပြောသည်။

"လက်ရှိ ငါတို့ ပစ်မှတ်ထားတဲ့ သံသယရှိသူတွေမှာ တာဝန်ကျ ဆရာဝန် 3 ယောက်နဲ့ လူနာ 3 ယောက် ပါဝင်တယ်… လူသတ်သမားက ပြစ်မှုကျူးလွန်နေတာကြာနေပြီလို့ ဆုံးဖြတ်ထားတာကြောင့် ‌ဒေါက်တာစွန်းကို ဖယ်ထုတ်လို့ရတယ်… သူက ဘွဲ့လွန်ကျောင်းကနေ ဘွဲ့ရပြီးနောက် နှလုံးသွေးကြောဆိုင်ရာလူနာဆောင်ကို ရောက်လာတဲ့ အလုပ်သင်တစ်ဦးဖြစ်တယ်… လူနာဆောင်ကို ရောက်လာတာက တစ်လထက်မပိုသေးဘဲ ပြစ်မှုကျူးလွန်းတဲ့ အခြေအနေတွေနဲ့ မကိုက်ညီဘူး…"


ချင်လုက မှန်းဆသည်။

"လူနာကိုကော ဖယ်ထုတ်လို့မရဘူးလား… လူနာက အချိန်အကြာကြီး ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အဆင်မပြေဘူးမလား… နှလုံးသွေးကြောဆိုင်ရာဌာနမှာ လူနာတွေက လပေါင်းများစွာ နေနိုင်ပါ့မလား"


ဆေးပညာလေ့လာနေသော ‌လျှိုကျောက်ချင်းကို သူမကြည့်လိုက်ကာ သူက ပြန်ဖြေသည်။

"အယူအဆအရ နှလုံးသွေးကြောဆိုင်ရာလူနာဆောင်မှာ လူနာတွေကို အချိန်အကြာကြီး ဆေးရုံတင်မှာမဟုတ်ဘူး… ခွဲစိတ်ပြီး ရက်အနည်းငယ်ကြာရင် ဆေးရုံကနေ ဆင်းနိုင်တယ်… ခွဲစိတ်ဖို့မလိုတဲ့သူတွေက တစ်ပတ်နှစ်ပတ်ကြာပြီးရင် ဆေးရုံကနေ ဆင်းရမှာမို့ အချိန်အကြာကြီး ပြစ်မှုကျူးလွန်ဖို့ မလွယ်ဘူး…"


သို့သော် ယွဲ့ရှင်းဝမ်က ထိုသို့မတွေးဘဲ ပြောလာသည်။

"မနေ့ညက သေဆုံးသွားတဲ့ အသက် 80 အရွယ် အဘိုးအိုကို မှတ်မိသေးလား"


ကျုံ့ယွီဟန်က သူ့လက်ကို ချက်ချင်းမြှောက်ပြီး အဖြေပေးသည်။

"ငါမှတ်မိတယ်… သူက ငါတို့လူနာဆောင်ကပဲ… သူ့အခြေအနေက အရမ်းဆိုးပြီး ဆေးရုံတင်ထားရတာ ခြောက်ကြိမ်ရှိပြီလို့ ပြောတယ်…"


ထိုသို့ပြောပြီး ကျုံ့ယွီဟန်က ရုတ်တရက် တုံ့ပြန်လိုက်သည်။

"ဆေးရုံကို အကြိမ်အများကြီး တက်တာလား"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။

"ဟုတ်တယ်… စီနီယာအစ်ကိုလျှိုပြောသလိုပဲ လူနာရဲ့ ‌ဆေးရုံတက်ချိန်က သိပ်မကြာပေမဲ့ အသက် 80 အရွယ် အဘိုးအိုလိုမျိုး အကြိမ်ပေါင်းများစွာ ဆေးရုံတက်လို့ရတယ်… ဒါကြောင့် လူနာကို လူသတ်သမားအဖြစ်ကနေ အလျင်စလို ဖယ်ထုတ်လို့မရဘူး… ဆရာဝန်တွေက ပြစ်မှုတွေကို အချိန်အကြာကြီး ကျူးလွန်းဖို့ ပိုအဆင်ပြေပေမဲ့ ကျိုးကြောင်းဆင်ခြင်ရာမှာ အတွေးအခေါ်က အကန့်အသတ်မရှိတာကြောင့် ကျွန်တော်တို့တွေ ခိုင်လုံတဲ့အထောက်အထားတွေကို ရှာရမယ်…"


“ရေရှည်ပြစ်မှု”ဆိုသည့် ‌အဓိကစကားလုံးကို အခုလေးတင် ကြားလိုက်ရသောအခါ လူတိုင်းက ဆရာဝန်ဟာ လူသတ်သမားဖြစ်ဖို့ အလားအလာပိုများသည်ဟု အားလုံးက မသိစိတ်ကနေ ထင်နေကြသည်။ ထို့အပြင် ဆရာဝန်က လူနာဆောင်ထဲမှာ တစ်ချိန်လုံးရှိနေခဲ့ပြီး ပြစ်မှုကျူးလွန်ရတာ သိပ်အဆင်ပြေမည်မဟုတ်ပါလား။


သို့သော် ယွဲ့ရှင်းဝမ်၏စကားများက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ နှလုံးရောဂါအကြောင်း တော်တော်များများသိသော လူနာတစ်ယောက်သည် နှလုံးသွေးကြောဆိုင်ရာလူနာဆောင်သို့ အကြိမ်ပေါင်းများစွာ ဆေးရုံတက်ခဲ့ပါက အချိန်အကြာကြီး လူသတ်ရန် အချိန်လုံလောက်နေမည်ဖြစ်သည်။


ဤနည်းအားဖြင့် သံသယရှိသူများ၏ နယ်ပယ်မှာ အမှန်ပင် ကျဉ်းမြောင်းသွားသည်။


သံသယရှိသူ 3 ဦးအနက် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ ဆေးရုံတက်ဖူးသူများကို တိုက်ရိုက်ထုတ်ပယ်နိုင်ပြီး အကြိမ်များစွာ ဆေးရုံတက်ခဲ့ရသည့် လူနာများ၏ သံသယများက မြင့်တက်လာခဲ့သည်။


ယွဲ့ရှင်းဝမ်က ဆိုသည်။

"မနက်ဖြန် သုံးရက်မြောက်နေ့မှာ လူသတ်သမားကို အလျင်အမြန် စုံစမ်းဖော်ထုတ်ဖို့ အားလုံး ကြိုးစားရမယ်… မနက်အိပ်ရာထတဲ့အခါ မင်းတို့နဲ့ကပ်လျက်မှာရှိတဲ့ လူနာဆောင်က လူနာတွေ သေဆုံးမှု ရှိ၊မရှိကို စစ်ဆေးကြည့်ကြ… ဆရာဝန်တွေ လှည့်ပတ်ပြီးရင် သဲလွန်စတွေ လဲလှယ်ဖို့အတွက် အရင်နေရာမှာပဲ ငါတို့ဆုံကြမယ်…"


ဤအခိုက်အတန့်တွင် လူတိုင်း၏နားထဲ၌ ရင်းနှီးသည့် စက်အသံတစ်ခုက ထွက်ပေါ်လာသည်။

"ညပိုင်းစာမေးပွဲပြီးသွားပါပြီ… သေဆုံးသူအရေအတွက်: 0၊ ကောင်းကောင်းအနားယူဖို့ ကိုယ့်ရဲ့လူနာဆောင်ကို ပြန်သွားပြီး မနက်ဖြန်စာမေးပွဲအတွက် ပြင်ဆင်ထားပါ…"


ကျောင်းသားများက အချင်းချင်း နှုတ်ဆက်ကြသည်။


လူနာဆောင်ထဲသို့ ပြန်ရောက်ပြီးနောက် ယွဲ့ရှင်းဝမ်သည် နားစွင့်ကာ စင်္ကြံရှိ လှုပ်ရှားမှုကို ဂရုတစိုက်နားထောင်သည်။ လူသတ်သမားက နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ရန် ထွက်လာမလားဟု တွေးနေခဲ့သည်။ သို့သော် သူ့ကို အိပ်ရန် တွန်းအားပေးနေသည့် ထူးဆန်းသော စွမ်းအားတချို့ ရှိနေပြီး သူနှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။


နောက်နေ့မနက် 7 နာရီမှာ အိပ်ရာကနိုးလာတော့ ယွဲ့ရှင်းဝမ်က ခေါင်းကိုလှည့်ကာ မေးလိုက်သည်။

"စီနီယာအစ်ကို မနေ့ညက တစ်ခုခုကြားသေးလား"


လျှိုကျောက်ချင်းက အိပ်ချင်နေသော မျက်လုံးများကို ပွတ်သပ်ရင်း ပြောသည်။

"လူနာဆောင်ထဲ ပြန်ရောက်ပြီး အိပ်ပျော်သွားတာပဲ…"


ယွဲ့ရှင်းဝမ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဆေးရုံဝတ်စုံသန့်သန့်ကို တစ်ချက်ကြည့်လိုက်ပြီး ဆိုသည်။

"မနေ့ညက တိုက်ခိုက်တုန်းက အဝတ်တွေပေါ်မှာ သွေးစွန်းနေတာတွေ အကုန်ပျောက်သွားပြီ… ညပိုင်းစာ‌မေးပွဲခန်းက နေရာမတူတာကြောင့် ကျွန်တော်တို့တွေ အဲဒီကထွက်လာတာနဲ့ အချက်အလက်တွေကို ရှင်းလိုက်တာဖြစ်မယ်… ဒါပေမဲ့ လူနာဆောင်ကို ပြန်ရောက်တဲ့အခါ အိပ်ချင်တဲ့စိတ်ကို ဘာလို့ထိန်းလို့မရတာလဲ"


လျှိုကျောက်ချင်းက သဘောပေါက်သွားပြီး ထထိုင်ကာ ယွဲ့ရှင်းဝမ်ကိုကြည့်ပြီး ပြောသည်။

"စာကြည့်တိုက်စနစ်က ငါတို့ကို ဖိအားပေးအိပ်ခိုင်းတာလား ဒါမှမဟုတ် ငါတို့ရဲ့ အစားအသောက်တွေထဲမှာ အိပ်ဆေးနဲ့ အခြားအရာတွေ ထည့်ထားတာလား"


ယွဲ့ရှင်းဝမ်က ထိုအရာကို သေသေချာချာ တွေးခဲ့သည်။

"အိပ်ဆေးတွေက ကျွန်တော်တို့ကို ပုံမှန်အိပ်၊ ပုံမှန်ထခိုင်းနိုင်မယ် မထင်ဘူး…"


အချိန်တိုင်း ညပိုင်းစာမေးပွဲပြီးတာနဲ့ ချက်ချင်း အိပ်ပျော်သွားပြီး နောက်တစ်နေ့ မနက် 7 နာရီမှာ နိုးသည်။ အိပ်ဆေးက ဒါမျိုး မလုပ်နိုင်ဘူး။ ယွဲ့ရှင်းဝမ်က နံရံပေါ်ရှိ နာရီကို မော့ကြည့်ကာ ပြောသည်။

"စာကြည့်တိုက်က လုပ်တာဖြစ်မယ်… စာကြည့်တိုက်က ကျွန်တော်တို့တွေ လူသတ်သမားကို ညတွင်းချင်း ဖမ်းမိတာမျိုး မ‌ဖြစ်စေချင်ဘူး…"


ကျောင်းသားများသည် ညဘက်မအိပ်ဘဲ လူတိုင်းက တံခါးမှာပုန်းပြီး ချောင်းကြည့်ကြမည်ဆိုလျှင် လူသတ်သမားက ဘယ်သူလဲဆိုတာ တိုက်ရိုက်သိနိုင်သည်။ စာကြည့်တိုက်သည် လူသတ်သမားကို ထိပ်တိုက်တွေ့ရန်ထက် သဲလွန်စရှာဖွေပြီး လူသတ်သမားက ဘယ်သူလဲဆိုတာ ခွဲခြမ်းစိတ်ဖြာစေလိုသောကြောင့် သူတို့ကို ဖိအားပေးအိပ်ခိုင်းစေခဲ့သည်။ 


ဒါကိုသိပြီးနောက် ယွဲ့ရှင်းဝမ်သည် မျက်နှာသစ်ရန် ထသွားသည်။ ထို့နောက် ဘေးခန်းမှ လူနာမတော်တဆမှု ဖြစ်၊မဖြစ်ကို စစ်ဆေးရန် လူနာဆောင်ထဲမှ ထွက်လာခဲ့သည်။


မနက် 8:30 မှာ ဆရာဝန်က အခန်းကို လှည့်ပတ်ကြည့်ရှုသည်။ ဆရာဝန်ရှောင်းသည် ခွဲစိတ်မှုနှင့်ပတ်သက်၍ သူတို့နှစ်ဦး၏ အမြင်များကို ထပ်မံမေးမြန်းခဲ့သည်။ ယွဲ့ရှင်းဝမ်က ရှက်ကိုးရှက်ကန်းနဲ့ ပြောသည်။

"ဒေါက်တာ ကျွန်တော်ခွဲစိတ်တာကို ပြန်စဉ်းစားပါ့မယ်… ကျွန်တော့်မိသားစုက ဒီမှာမရှိတာကြောင့် သဘောတူညီချက်ဖောင်မှာ လက်မှတ်ထိုးပေးမယ့်သူ မရှိဘူး…"


လျှိုကျောက်ချင်းမှာလည်း အလားတူ အကြောင်းပြချက် ရှိခဲ့သည်။

"ကျွန်တော့်မိဘတွေက အလုပ်ကိစ္စနဲ့ ခရီးထွက်နေတာကြောင့် သူတို့နဲ့ အရင်ဆွေးနွေးလိုက်ပါ့မယ်…"


‌ဆရာဝန်ရှောင်းက ပြန်ပြောသည်။

"ဒါကို အမြန်ဆုံး ဆွေးနွေးပါ… ငယ်ရွယ်တဲ့အချိန်မှာ ဒီလို ပြင်းထန်တဲ့ နှလုံး stenosis အတွက် ခွဲစိတ်မှု မြန်မြန်လုပ်လေ ပိုကောင်းလေပဲ…"


အ‌ခြားကျောင်းသားများကလည်း “ခွဲစိတ်မှု”ကြောင့် ကြောက်လန့်ပြီး ဖြူဖျော့သွားကာ အားလုံးက ကြန့်ကြာရန် ဆင်ခြေများပေးကြသည်။


ဆရာဝန်က အခန်းကို စစ်ဆေးပြီးနောက် ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့သည် လူနာဆောင်ထဲမှ အတူတူ ထွက်လာခဲ့သည်။ သူတို့ထွက်လာသည်နှင့် သူနာပြုတစ်ဦးက ဆေးရုံကုတင်ကို စင်္ကြံကနေဖြတ်သွားရင်း တွန်းလာနေတာ တွေ့လိုက်ရသည်။ ကုတင်ကို အဝတ်ဖြူဖြင့် ဖုံးအုပ်ထားသည်။ အဝတ်ဖြူအောက်တွင် မကြာသေးခင်က သေဆုံးသွားသော လူနာတစ်ယောက်ရှိသည်။ 


နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နားနေခန်းဧရိယာဆီသို့ အမြန်လျှောက်လာကြသည်။


အတန်းဖော်တွေရောက်လာတာကိုမြင်တော့ ယွဲ့ရှင်းဝမ်က ညင်သာစွာပြောလိုက်သည်။

"အားလုံး ကပ်လျက်ကလူနာဆောင်ကို စစ်ဆေးခဲ့ကြလား"


လျှိုရှောင်းရှောင်းက ခေါင်းငြိမ့်သည်။

"မနက်အိပ်ရာနိုးတာနဲ့ ကျွန်မအရင်ဆုံး သွားကြည့်တယ်… ကုတင်နံပါတ် 6 နဲ့ 14 က လူနာတွေအားလုံး အဆင်ပြေတယ်…"


ကျုံ့ယွီဟန်က ဆက်ပြောသည်။

"ဘေးခန်းက ကုတင်နံပါတ် 19 က သေသွားပြီ… အခုလေးတင် မင်းတို့ထွက်လာတုန်းက ဆေးရုံကုတင်ကို သူနာပြုတစ်ယောက် တွန်းထုတ်သွားတာ တွေ့ခဲ့တယ်မလား… အဝတ်ဖြူနဲ့ အုပ်ထားတဲ့လူနာက ကုတင်နံပါတ် 19 ပဲ…"


ယွဲ့ရှင်းဝမ်သည် မနေ့က ကျိုးကြောင်းဆင်ခြင်သောအခါ သံသယရှိနှစ်ယောက်ကို မှတ်သားထားခဲ့ပြီး သံသယအရှိဆုံးက ကုတင်နံပါတ် 19၊ 20 နှင့် 21 တို့ဖြစ်သည်။ သူတို့ 3 ဦးစလုံးသည် ဆေးဘက်ဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ခဲ့ကြဖူးသည်။ သူတို့အနက် ကုတင်နံပါတ် 19 မှာ ဆေးပညာဌာနမှ အငြိမ်းစားပါမောက္ခဖြစ်သည်။


ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ကာ ဆက်မေးသည်။

"ညာဘက်စင်္ကြံကရော ဘယ်လိုအခြေအနေရှိလဲ"


ခယ်ရှောင်ပင်းက ပြောသည်။

"ကုတင်နံပါတ် 44 က မရှိတော့ဘူး…"


ချင်လုကလည်း ထပ်ပေါင်းပြောလိုက်သည်။

"ကျွန်မဘေးခန်းက ကုတင်နံပါတ် 36 ရဲ့ အဘွားအိုလည်း မရှိတော့ဘူး…"


ယွဲ့ရှင်းဝမ်က လေးလေးနက်နက် စဉ်းစားသည်။

"3 ယောက် သေတာလား"


လူသတ်သမားသည် ပထမညတွင် လူ 5 ယောက်နှင့် ဒုတိယညတွင် လူ 3 ယောက်သတ်ခဲ့ပြီး လျော့သွားသည်။


သို့သော် ကုတင်နံပါတ် 19 ရှိ လူနာသေဆုံးမှုက ယွဲ့ရှင်းဝမ်ကို ပဟေဠိဖြစ်စေခဲ့သည်။ မနေ့က သူ အဓိကသံသယဖြစ်တာကတော့ ကုတင်နံပါတ် 19၊ 20၊ 21 မှ လူနာ 3 ယောက်ဖြစ်ပေမဲ့ ကုတင်နံပါတ် 19 က သေသွားခဲ့သည်။ လူသတ်သမားက သူ့ကုတင်ဘေးရှိ လူနာကို တိုက်ရိုက်သတ်ခဲ့တာလား ဒါမှမဟုတ် လူသတ်သမားက ဆရာဝန်ဖြစ်ပြီး ကြုံရာကျပန်း ပြစ်မှုကျူးလွန်နေတာလား။


ယွဲ့ရှင်းဝမ်သည် လွန်ခဲ့သော ရက်အနည်းငယ်က သူစုစည်းထားသော မှတ်စုများကို ထုတ်ကာ အချက်အလက်များကို ကြည့်ရင်း တွေးတောမိသွားသည်။


ကုတင်နံပါတ် 19 သေဆုံးသွားတာကြောင့် သံသယများကို ရွေးချယ်ရန် လေးခုပဲကျန်တော့သည်——


A. ကုတင်နံပါတ် 20၊ အသက် 55 နှစ်အရွယ်၊ နှလုံးသွေးကြောကျဉ်းလူနာ၊ နာမည်က ကျိုးဟယ်ဖြစ်ပြီး ဆေးဆိုင်နဲ့ပတ်သက်တဲ့အလုပ်မှာ လုပ်ခဲ့ဖူးတယ်။


B. ကုတင်နံပါတ် 21၊ အသက် 56 နှစ်အရွယ်လူနာ၊ နာမည်က ရွှီတဖန်ဖြစ်ပြီး အရင်က ဆေးကိုယ်စားလှယ်အဖြစ် လုပ်ခဲ့ဖူးတယ်။


C. တာဝန်ခံဆရာဝန်ရှောင်းဝမ်က နှလုံးသွေးကြောဆိုင်ရာလူနာဆောင်မှာ အချိန်အတော်ကြာနေခဲ့တယ်။


D. အသက် 30 အရွယ် resident ဆရာဝန်မာပင်းက ဒီဆေးရုံကို လွန်ခဲ့တဲ့တစ်နှစ်က ပြောင်းရွှေ့ခံခဲ့ရပြီး ရေရှည်ပြစ်မှုတွေအတွက် အခြေအနေတွေနဲ့ ကိုက်ညီတယ်။


ဤအဖြေလေးခုစလုံးကို ယွဲ့ရှင်းဝမ်က ကောက်ချက်ချထားပေမဲ့… သူ၏ခွဲခြမ်းစိတ်ဖြာမှုက တကယ်ပဲ ပြည့်စုံနေပြီလား။


ယွဲ့ရှင်းဝမ်သည် သူ့မှာ သဲလွန်စတချို့ လွဲချော်နေပုံရသည်ဟု အမြဲခံစားရသည်။


သူ့လက်ထဲက အချက်အလက်များကို စေ့စေ့ကြည့်လိုက်သည်။ ရုတ်တရက် သူ့စိတ်ထဲတွင် အလင်းရောင် လက်ခနဲဖြစ်သွားသည်—— သူသည် ဆက်လက်ပြီး ကျိုးကြောင်းမဆင်ခြင်နိုင်ဘူးဆိုလျှင် ရလဒ်ကနေ သူနောက်ပြန်တွေးကာ ပြောင်းပြန်တွေးတောရမည်။


သူသည် သံသယရှိသူလေးဦး A/B/C/D ၏ ရည်ရွယ်ချက်ကို ရှာမတွေ့သဖြင့် လူသတ်သမား၏ အပြုအမူက အလွန်ထူးဆန်းသည်ဟု ခံစားမိသော်လည်း လူသတ်သမား၏ပြစ်မှု ရလဒ်ကို သူသိသည်။ ယခင်က လူအယောက် 20 သေဆုံးခဲ့သလို လွန်ခဲ့သည် နှစ်ရက်အတွင်း လူ 8 ယောက် သေဆုံးခဲ့သည်။ သူသည် ရလဒ်များမှအစပြု၍ သဲလွန်စများနှင့် အထောက်အထားများကို ရှာဖွေနိုင်ပြီး လူသတ်သမားက မည်သူဖြစ်တာကို ခန့်မှန်းနိုင်သည်။


ယွဲ့ရှင်းဝမ်၏ စိတ်က ရုတ်တရက် ကြည်လင်လာပြီး ချက်ချင်းထကာ ခယ်ရှောင်ပင်းကို ကြည့်လိုက်သည်။

"ရှောင်ခယ်၊ မင်းရဲ့အခန်းကိုသွားပြီး လက်ပ်တော့သွားဖွင့်ကြည့်ရအောင်… သံသယရှိသူက ဘယ်သူပဲဖြစ်နေဖြစ်နေ တိကျတဲ့အချက်အလက်ကနေ လူသတ်သမားကို တိုက်ရိုက် ငါရှာချင်တယ်…"


လူနာဆောင်ထဲတွင် နှာလုံးရောဂါသည်လူနာများ စုဝေးကြသောအခါ ဆရာဝန်၏ ဆူခြင်းကို ခံရမည်ဖြစ်တာကြောင့် ယွဲ့ရှင်းဝမ်က အနီးနားရှိ ကျောင်းသားများကို ပြောလိုက်သည်။

"အားလုံး အရင်ပြန်နှင့်ကြပါ… ငါ ရှောင်ခယ်နဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပြီး ရလဒ်ထွက်လာတဲ့အခါ မင်းတို့နဲ့အတူ ရလဒ်တွေကို ဆွေးနွေးမယ်…"


ကျောင်းသားများက ပြန်သွားပြီး သတင်းကို စောင့်နေကြသည်။


ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့က ခယ်ရှောင်ပင်း၏ လူနာဆောင်သို့ အတူလိုက်လာခဲ့ကြသည်။ သူ့ဘေးက ခွေးခြေခုံကိုယူပြီး ကုတင်ရှေ့မှာ ထိုင်ကာ မေးလိုက်သည်။

"ရှောင်ခယ်၊ မင်း ဆရာဝန်ရုံးခန်းက အချက်အလက်အားလုံးကို ကူးထားတယ်မလား"


ခယ်ရှောင်ပင်းက ခေါင်းငြိမ့်သည်။

"အင်း… ပထမနေ့ကတည်းက ငါကူးထားတာ… မင်း ဘာကြည့်ချင်တာလဲ"


"အချက်အလက်ထဲက သေဆုံးမှုတွေကို ရှာဖွေပြီး နှလုံးသွေးကြောဆိုင်ရာလူနာဆောင်မှာ သေဆုံးသွားတဲ့ လူနာအားလုံးကို အရင်ဆုံးရှာဖွေလိုက်…"


ခယ်ရှောင်ပင်းသည် ကွန်ပျူတာထဲရှိ အချက်အလက်များကို လျင်မြန်စွာ ဖွင့်ပြီး စကားလုံးများဖြင့် ရှာဖွေခဲ့သည်။


ဆယ်စက္ကန့်အတွင်းမှာပဲ လူနာအချက်အလက် အများအပြားကို ကွန်ပျူတာဖန်သားပြင်ပေါ်မှာ ဖော်ပြလာသည်။ ယနေ့ နံနက်အစောပိုင်းက သေဆုံးသွားသူ 3 ဦးနှင့် မနေ့က သေဆုံးသွားသူ 5 ဦးအပြင် အရင်နှစ်က နှလုံးသွေးကြောဆိုင်ရာလူနာဆောင်၌ လူနာ စုစုပေါင်း ၄၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။


ယွဲ့ရှင်းဝမ်က အနီးကပ်ကြည့်ရန် ရွေ့သွားပြီး ပြောသည်။

"အသက်ရှူလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုနဲ့ ဉီးနှောက်သွေးကြောပေါက်လို့ သေသွားတာက နှလုံး‌ရောဂါကိစ္စတွေနဲ့ ဘာမှမဆိုင်တာကြောင့် ဖယ်လိုက်လို့ရပြီ… ဘယ်နှစ်ယောက်ကျန်သေးလဲ"


ခယ်ရှောင်ပင်းက နှလုံးဖောက်ခြင်းကြောင့် သေဆုံးရသည့် လူနာများကို ပစ်မှတ်ထားပြီး ပြောသည်။

"33 ယောက် ကျန်သေးတယ်…"


ယွဲ့ရှင်းဝမ်က ဆိုသည်။

"အချက်အလက်တချို့ကို ခွဲခြမ်းစိတ်ဖြာပြီး ရက်အနည်းငယ်အတွင်း သေဆုံးသွားတဲ့ ဖြစ်ရပ်တွေကို ရွေးထုတ်လိုက်… အချိန်အတော်ကြာပြီးမှ သေဆုံးတဲ့သူတွေကို အနှောင့်အယှက်အနေနဲ့ ဖယ်ထုတ်ပစ်လို့ရတယ်…"


လူသတ်သမား၏ ပြစ်မှုပုံစံမှာ “အစုလိုက်အပြုံသတ်ခြင်း” ဖြစ်သည်။ သူသည် တစ်ကြိမ်လျှင် တစ်ဦးတည်းသာ သတ်မည်မဟုတ်ပေ။ အချိန်အတော်ကြာပြီးနောက် သေဆုံးသွားသူများသည် ရုတ်တရက် နှလုံးဖောက်ပြီး တကယ်သေဆုံးသွားတာကြောင့် လူသတ်သမားနှင့် ဘာမှမဆိုင်ပေ။


ခယ်ရှောင်ပင်းသည် သေဆုံးချိန်အလိုက် လူနာများကို စီစဉ်ပေးခဲ့သည်။ ရက်အနည်းငယ်အကြာတွင် သေဆုံးသွားသည့် အနှောင့်အယှက်များအားလုံးကို ဖယ်ထုတ်ပြီးနောက်တွင် သူက ပြောခဲ့သည်။

"26 ယောက် ကျန်တယ်…"


ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။

"သေဆုံးချိန်က နေ့ခင်းဘက်ဖြစ်တဲ့ လူနာအားလုံးကို ဖယ်ထုတ်ပြီး မနက်စောစော ‌သေသွားတဲ့ လူနာတွေကိုပဲ ချန်ထားလိုက်…"


နေ့ခင်းဘက်တွင် လူစည်ကားပြီး လူသတ်သမားသည် ပြစ်မှုမကျုးလွန်နိုင်ဘဲ နှလုံးသွေးကြောဆိုင်ရာလူနာဆောင်တွင် မမျှော်လင့်ဘဲ သေဆုံးသွားသည့် လူနာများလည်း ရှိနိုင်သည်။ ဤအရာများက အနှောင့်အယှက်ပေးသည့် အရာလည်းဖြစ်သည်။


ခယ်ရှောင်ပင်းသည် ‌နေ့ခင်းဘက်နှင့် ညဘက်သေဆုံးသူ လူနာများကို ဖယ်ထုတ်ခဲ့ပြီး မနက်စောစော သေဆုံးမှုအားလုံးကိုသာ ရွေးချယ်ခဲ့သည်။ သူက ကွန်ပျူတာဖန်သားပြင်ကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။

"ကျန်တဲ့လူနာတွေဟာ မနေ့ညက စာမေးပွဲခန်းထဲက မကောင်းဆိုးရွားတွေအချက်အလက်နဲ့ ကိုက်ညီတဲ့ အယောက် 20 ရှိတယ်…"


လျှိုကျောက်ချင်းသည် ဤအမှုများကို ကြည့်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။

"ဒီလူ 20 စလုံးက အရင်က လူသတ်သမား သတ်ခဲ့တဲ့ သားကောင်တွေ ဖြစ်မယ်…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြီး အေးဆေးတည်ငြိမ်စွာပြောသည်။

"ဒီအမှုပေါင်း 20 ကနေ ပထမဆုံးသေဆုံးသူကို ရှာပါ…"


ခယ်ရှောင်ပင်းသည် အစောဆုံးသေဆုံးချိန်ဖြင့် ပစ်မှတ်ကို လျင်မြန်စွာ ရှာဖွေခဲ့သည်။

"ဇွန်လ 1 ရက်၊ မနက် 2:10 မှာ ပြင်းထန်တဲ့နှလုံးဖောက်မှုကြောင့် သေဆုံးသွားခဲ့တဲ့သူက အသက် 78 နှစ်အရွယ် အဘွားအိုဖြစ်တယ်…"


ယွဲ့ရှင်းဝမ်က ထိုအမှုကို ညွှန်ပြပြီး သေချာစွာပြောသည်။

"ဒီအဘွားအိုက လူသတ်သမားရဲ့ ပထမဆုံး အသတ်ခံရသူပဲ…"


ခယ်ရှောင်ပင်းနှင့် လျှိုကျောက်ချင်းတို့က ယွဲ့ရှင်းဝမ်အား စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်—— သူသည် လွန်ခဲ့သော နှစ်ဝက်ခန့်က လူသတ်သမား၏ ပထမဆုံးသတ်ခံရသူကို တိကျစွာပစ်မှတ်ထားရန် အချက်အလက်များခွဲခြမ်းစိတ်ဖြာခြင်းနှင့် ပြောင်းပြန်တွေးတောခြင်းနည်းလမ်းကို အသုံးပြုခဲ့သည်။


ပထမဆုံးသေဆုံးသူကိုရှာတွေ့မှသာ လူသတ်သမား၏လုပ်ကိုင်ပုံကို စိတ်ပညာရှုထောင့်မှ ကောက်ချက်ချနိုင်မည်ဖြစ်သည်။


ယွဲ့ရှင်းဝမ်က ပြောသည်။

"မနေ့က လူသတ်မှုကျူးလွန်တာ ပထမဆုံးအကြိမ် မဟုတ်တော့တဲ့အတွက် မနေ့က ငါကျိုးကြောင်းဆင်ခြင်ရာမှာ အမှားလုပ်မိခဲ့တယ်… လူသတ်သမားက နှလုံးသွေးကြောဆိုင်ရာလူနာဆောင်နဲ့ ရင်းနှီးနေတာကြာပြီ… နီးတဲ့လူကို အရင်သတ်ပြီး ဝေးတဲ့လူကို နောက်ဆုံးမှသတ်မယ်ဆိုတာမျိုး မလိုအပ်တော့ဘူး…"


ယွဲ့ရှင်းဝမ်က ခဏရပ်ကာ ဆက်ပြောသည်။

"ပထမသားကောင်က လွန်ခဲ့တဲ့ ခြောက်လက ဇွန်လ 1 ရက်နေ့မှာ သေဆုံးသွားတယ်… တစ်ချိန်တည်းမှာပဲ ဆေးရုံတက်နေတဲ့ လူနာတွေနဲ့ တာဝန်ကျဆရာဝန်တွေအားလုံးကို ရှာဖွေပြီး လွန်ခဲ့တဲ့နှစ်ရက်က နှလုံးသွေးကြောဆိုင်ရာလူနာဆောင်မှာရှိတဲ့ လူနာတွေနဲ့ ဆရာဝန်တွေကို နှိုင်းယှဉ်လိုက်…"


လူသတ်မှုကျူးလွန်သည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့် ပထမအမှုဖြစ်ပွားချိန်တွင် အမှုဖြစ်ပွားသည့်နေရာမှ လူအားလုံးကို လက်ရှိအမှုတွင် နှလုံးသွေးကြောဆိုင်ရာလူနာဆောင်ရှိ လူအားလုံးနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ အမှုနှစ်ခုစလုံးတွင် ရှိနေသူများက သံသယအရှိဆုံးဖြစ်သည်။


ခယ်ရှောင်ပင်းက လျှင်မြန်စွာ ရှာဖွေခဲ့သည်။


ပထမသားကောင်သည် လွန်ခဲ့သော ခြောက်လက သေဆုံးသွားခဲ့သည်။ ထိုနေ့က လူနာဆောင်ထဲမှာ လူနာစုစုပေါင်း 40 ရှိသည်။ တာဝန်ကျဆရာဝန်များမှာ ရှောင်းဝမ်နှင့် မာပင်းတို့ဖြစ်သည်။ အဆိုပါ လူနာ 40 တွင် သူတို့သည် လွန်ခဲ့သော နှစ်ရက်အတွင်း နှလုံးသွေးကြောဆိုင်ရာလူနာဆောင်ရှိ လူနာများနှင့် ထပ်နေခဲ့သူ လူနှစ်ယောက်ရှိသည်။


တစ်ယောက်က ကျူယွမ်ပေါ်အမည်ရှိပြီး လက်ရှိ VIP-1လူနာဆောင်၌ နေထိုင်နေသည်။ ရွှီတဖန်သည် လက်ရှိဆေးရုံ ကုတင်နံပါတ် 20 တွင် နေထိုင်လျက်ရှိပြီး မနေ့က ယွဲ့ရှင်းဝမ်မှ သံသယဖြစ်နေသူ တစ်ဦးဖြစ်ကာ ဆေးနှင့်ပတ်သက်သည့် လုပ်ငန်းတွင် လုပ်ကိုင်ခဲ့သူဖြစ်သည်။


ယွဲ့ရှင်းဝမ်က ပြောသည်။

"ပထမသေဆုံးသူရဲ့ ကုတင်နံပါတ်နဲ့ သံသယရှိသူနှစ်ဦးကြားက အကွာအဝေး နှိုင်းယှဉ်ကြည့်လိုက်…"


ခယ်ရှောင်ပင်း လွန်ခဲ့သော ခြောက်လက ဆေးရုံတင်ထားရသည့် ဆေးရုံကုတင်နံပါတ်ကို သိရှိသွားပြီး အံ့အားသင့်စွာ ပြောသည်။

"လွန်ခဲ့တဲ့ ခြောက်လခန့်က အသတ်ခံခဲ့ရတဲ့ အဘွားအိုက ကုတင်နံပါတ် 10 မှာ နေထိုင်တာဖြစ်ပြီး သံသယရှိနှစ်ဦးထဲမှ ရွှီတဖန်က အဲဒီအချိန် ကုတင်နံပါတ် 40 မှာ နေထိုင်ခဲ့တာ… ပြီးတော့ ကျူယွမ်ပေါ်က… သေဆုံးသူရဲ့ဘေးက ကုတင်နံပါတ် 11 မှာ နေထိုင်ခဲ့တာ…"


—— ဒါက ကပ်လျက်တည်ရှိခြင်းနိယာမပဲ။


မနေ့က ယွဲ့ရှင်းဝမ်၏ ခွဲခြမ်းစိတ်ဖြာမှု အယူအဆက တကယ်မှန်ပေမဲ့ လူသတ်သမား၏ ပထမဆုံးရာဇဝတ်မှုနဲ့ ပတ်သက်ပြီး သူ အမှားလုပ်ခဲ့သည်။ သူသည် လူသတ်သမား၏ “ပထမဆုံးပြစ်မှု”ကို အခြေခံ၍ သံသယရှိသူများကို ကောက်ချက်ချခဲ့သည်။ သို့သော် တကယ်တော့ မနေ့က လူသတ်မှုကျူးလွန်တာ လူသတ်သမား၏ ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။


လူသတ်သမားသည် လွန်ခဲ့သော ခြောက်လခန့်က ပထမဆုံးအကြိမ် ပြစ်မှုကျူးလွန်ခဲ့ပြီး ကုတင်ဘေးရှိ လူနာကို သတ်ခဲ့သည်။ 


ဤအပိုမေးခွန်းတွင် ရွေးချယ်စရာ A၊ B၊ C နှင့် D လေးခုသာ မဟုတ်ပေ။


သူလွတ်သွားသော ‘ရွေးချယ်စရာ E’က VIP-1 လူနာဆောင်တွင် လက်ရှိနေထိုင်နေသည့် လျှို့ဝှက်ဆန်းကြယ်သော လူနာကသာ မှန်ကန်သောအဖြေဖြစ်နိုင်သည်။


#TK