Chapter 10
Viewers 5k

Volume 1 : ဆေးပညာဌာန


Chapter 10 (နှလုံးသွေးကြောဆိုင်ရာလူနာဆောင် ၀၅)


ပထဝီဝင်ဌာနရှိ ကျောက်ထုလွှာလှုပ်ရှားမှုစွမ်းရည်က အခြားဌာနများမှ ကျောင်းသားများကို မနာလိုဖြစ်စေခဲ့သည်။ ကံမကောင်းစွာပဲ ချင်လုက လူတိုင်းကို ရေအေးအမြန်လောင်းချလိုက်သည်။

"ကမ္ဘာကြီးမှာ အဓိကကျောက်ထုလွှာခြောက်ခုရှိပြီး ကျွန်မ ဒီကျောက်ထုလွှာလှုပ်ရှားမှုကို အများဆုံး သုံးကြိမ်ပဲ သုံးနိုင်တယ်… ဒါ့အပြင် ဒီစွမ်းရည်ကို စောင့်ရတဲ့အချိန်က အရမ်းကြာတယ်… အားလုံးပဲ မြန်မြန် အခြားနည်းလမ်းတွေကို စဉ်းစားထားကြ"


ဒါကလည်း မှန်ပါသည်။ အကယ်၍ ပထဝီဝင်ဌာန၏ ကျောက်ထုလွှာလှုပ်ရှားမှုကို အချိန်အကန့်အသတ်မရှိ အသုံးပြုနိုင်ပါက သူတို့သည် မိုးလင်းသည့်တိုင်အောင် ပတ်ပြေးနေလို့ရသည်။ စာကြည့်တိုက်သည် ဘာသာရပ်တစ်ခုကို အခြားဘာသာရပ်များထက် အလွန်အစွမ်းထက်အောင်လုပ်ပြီး လုံးဝဖိနှိပ်ခြင်းပြုလုပ်မည်မဟုတ်ပေ။ 


ယွဲ့ရှင်းဝမ်က စိတ်ထဲမှာ မြန်မြန် တွေးလိုက်သည်။


သူသည် ဝိဇ္ဇာဘာသာရပ်‌ ကျောင်းသားတစ်ဦးဖြစ်ပြီး သူ၏ အထက်တန်းကျောင်းပထဝီဘာသာရပ် အသိပညာကိုလည်း မမေ့လျော့ခဲ့ပေ။ ကမ္ဘာကြီး၏ အဓိကကျောက်ထုလွှာခြောက်တွင် ပစိဖိတ်ကျောက်ထုလွှာ၊ အာရှဥရောပကျောက်ထုလွှာ၊ အာဖရိကကျောက်ထုလွှာ၊ အမေရိကန်ကျောက်ထုလွှာ၊ အင်ဒို-ဩစတြေးလျကျောက်ထုလွှာနှင့် အန္တာတိတ်ကျောက်ထုလွှာတို့ ပါဝင်သည်။ ချင်လုသည် အခုလေးတင် ပစိတ်ဖိတ်ကျောက်ထုလွှာနှင့် အာရှဥရောပကျောက်ထုလွှာကို အသုံးပြုခဲ့ပြီးဖြစ်သည်။ လက်ရှိတွင် သူမ၏ကမ္ဘာလုံးမြေပုံပေါ်တွင် ကျောက်ထုလွှာလေးခု ကျန်နေသေးသည်။ ဆိုလိုသည်မှာ သူတို့တွေ ရွှေ့ပြောင်းရန် အခွင့်အရေးနှစ်ခုရှိတော့သည်။


ယွဲ့ရှင်းဝမ်က နည်းလမ်းတစ်ခုစဉ်းစားပြီး လှည့်ကြည့်ကာ သူ့ဘေးက ခယ်ရှောင်ပင်းကို မေးသည်။

"ရှောင်ခယ်၊ မင်းရဲ့စက်ရုပ်ကို အဝေးကနေ ထိန်းချုပ်နိုင်လား"


"အင်း… အသံအသိအမှတ်ပြုတဲ့ ထိရောက်တဲ့အကွာအဝေးက မီတာ 100 အထိပဲ…" ခယ်ရှောင်ပင်းက သူ့မျက်မှန်ကို ပင့်တင်ကာ အလေးအနက် ပြောသည်။

"ရှောင်ထူက ဘီးနှစ်ဘီးပါတာကြောင့် တိကျတဲ့လမ်းကြောင်းအတိုင်း သွားဖို့ ငါထိန်းချုပ်နိုင်တယ်… အတားအဆီးတွေနဲ့ ကြုံလာတဲ့အခါ အလိုအလျောက် ကွင်းသွားလိမ့်မယ်…"


ထို့အပြင် ဒါက ကွန်ပျူတာဌာနအတွက် ဆုချီးမြှင့်သော စက်ရုပ်ဖြစ်သည်။ အနည်းငယ် သေးငယ်သော်လည်း သူ၏ဉာဏ်ရည်မှာ အလွန်အဆင့်မြင့်နေသေးသည်။


ယွဲ့ရှင်းဝမ်က သက်ပြင်းချကာ ရူပဗေဒဌာနမှ လျှိုယွီဖန်းကို ကြည့်ပြန်သည်။

"အတန်းဖော်လျှို၊ မင်းရဲ့အလင်းလုံးကို ပစ်လိုက်လို့ရလား"


ကောင်လေးက ခေါင်းငြိမ့်သည်။

"အင်း…"


ယွဲ့ရှင်းဝမ်က ချက်ချင်း စီစဉ်လိုက်သည်။

"ရှောင်ခယ်၊ ရှောင်ထူကို ညာဘက်မှာရှိတဲ့ စင်္ကြံဆီ မကောင်းဆိုးရွားအားလုံးကို ခေါ်သွားခိုင်းလိုက်… ပြီးရင် အတန်းဖော်လျှိုက အလင်းလုံးကို ပစ်လိုက်ပြီး သူတို့ကို မျက်စိကန်းအောင်လုပ်မယ်…"


လူတိုင်း: "..."


ဒီလိုလည်း အလုပ်ဖြစ်သလား…


ခယ်ရှောင်ပင်းနှင့် လူနာဆောင်တစ်ခုတည်းရှိ ကျောင်းသားက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းငြိမ့်ပြကြသည်။ 


နောက်အခိုက်အတန့်မှာတော့ ခယ်ရှောင်ပင်းက ပြောတာကို သူတို့ကြားလိုက်သည်။

"ရှောင်ထူ၊ ရှောင်ထူ၊ ငါမင်းကို ရွှေ့ဖို့ လမ်းကြောင်းကို သတ်မှတ်ပေးမယ်… ပြီးရင် မင်းသီချင်းဆိုလိုက်…"


ခြေဖဝါးအရွယ် ချစ်စရာ စက်ရုပ်တစ်ရုပ်သည် ခယ်ရှောင်ပင်း၏ ခြေထောက်တွင် ပေါ်လာပြီး သူ၏ခေါင်းပေါ်မှာ အပြာရောင်အလင်းတန်းများ လင်းလက်နေကာ ထို့နောက် စက်ရုပ်သည် ခယ်ရှောင်ပင်း သတ်မှတ်ထားသော လှုပ်ရှားမှုအစီအစဉ်အတိုင်း ညာဘက်စင်္ကြံဆီသို့ သွားကာ အရှေ့သို့ လှိမ့်သွားရင်း ပျော်ရွှင်စွာ သီချင်းဆိုခဲ့သည်။

"ကျားနှစ်ကောင်၊ ကျားနှစ်ကောင်၊ မြန်မြန်ပြေး၊ မြန်မြန်ပြေး… တစ်ကောင်က နားရွက်မရှိ၊ တစ်ကောင်က အမြီးမရှိ… ထူးဆန်းလိုက်တာ၊ ထူးဆန်းလိုက်တာ…"


လူတိုင်း: "..."


သီချင်းတစ်ပိုဒ်တည်းကို ဆိုပေမဲ့ brainwash သည့် အကျိုးသက်ရောက်မှုက ပထမတန်းစားဖြစ်သည်။


ပြတ်သားပြီး ငြိမ့်ညောင်းသော ကလေးသီချင်းကို သီဆိုလိုက်သည်နှင့် တစ်ပြိုင်နက် မူလက တင်းမာပြီး စိတ်လှုပ်ရှားဖွယ်ရာ သေရေးရှင်ရေးမှ လွတ်မြောက်မှုသည် ကြောက်မက်ဖွယ်နည်းပါးသွားသည်။ 


ညာဘက်အောက်ထောင့်ရှိ သူနာပြုဌာနက မကောင်းဆိုးရွားများသည် သီချင်းကိုကြားပြီး ရှောင်ထူ၏ "ဆွဲဆောင်မှု"က အကျိုးသက်ရောက်ခဲ့သည်။ သူတို့သည် ဉာဏ်ရည်မြင့်သော စက်ရုပ်ကို ကြည့်ရှုရန် ညာဘက်ရှိ စင်္ကြံအလယ်သို့ ပြေးသွားကာ တချို့သော မကောင်းဆိုးရွားများက စက်ရုပ်ကို ဖမ်းရန် ကြိုးစားကြသည်။ သို့သော်လည်း ခယ်ရှောင်ပင်းသည် စက်ရုပ်ကို ‘S’ပုံသဏ္ဌာန်ရွေ့လျားမှုလမ်းကြောင်း သတ်မှတ်ပေးထားသည်။ ရှောင်ထူက အရွယ်အစားသေးငယ်ပြီး မြန်ဆန်သည်။ မကောင်းဆိုးရွားများ၏ ခြေထောက်ကြားမှာ သီချင်းဆိုနေသည်။ သူသည် အလွန်ရှောင်ရတိမ်းရ လွယ်ကူတာကြောင့် မကောင်းဆိုးရွားများက သူ့ကို ခဏတာ မဖမ်းနိုင်ကြပေ။


လျှိုယွီဖန်းက ချက်ချင်း အော်သည်။

"အားလုံး မျက်စိမှိတ်ထားကြ"


ထို့နောက် ပတ်ဝန်းကျင်ရှိ အတန်းဖော်တွေက မျက်လုံးများကို မှိတ်လိုက်ကြသည်။ လျှိုယွီဖန်းသည် သူ့ညာလက်ကို မြှောက်လိုက်ပြီး အလင်းလုံးကို သံလုံးပစ်အနေအထားနဲ့ ပြင်းထန်စွာ ပစ်လိုက်သည်။ အလွန်တောက်ပသော အလင်းလုံးသည် ညာဘက်ရှိ စင်္ကြံဆီသို့ တည့်တည့် ပျံသန်းသွားသည်။ အလင်းလုံးသည် လေထဲသို့ ကွေ့ဝိုက်သွားသောအခါ ပြိုးပြိုးပြက်ပြက် အဖြူရောင်အလင်းတန်းများက မကောင်းဆိုးရွားများကို ကျယ်လောင်စွာ အော်ဟစ်စေခဲ့သည်——


သူတို့က မျက်စိကန်းသွားကြသည်။


ရူပဗေဒဌာန၏ “အလင်းလုံး”က စာကြည့်တိုက် စနစ်ကြောင့် အဆင့်မြင့်တင်ထားပြီး တစ်ချက်ကြည့်လိုက်ရုံနဲ့ မျက်စိကန်းသွားစေသည်။ မကောင်းဆိုးရွားများသည် မျက်စိကန်းသွားကာ ရှောင်ထူ၏ သီဆိုမှုကြောင့် ဆွဲဆောင်ခံခဲ့ရသည်။ နာကျင်သောအော်ဟစ်သံက လူနာဆောင်တစ်ခုလုံး၏ အမိုးပေါက်လုမတတ် ဖြစ်သွားစေသည်။


တက္ကသိုလ်ကျောင်းသားများ ထိတ်လန့်သွားသည်။ ဒီလိုမကောင်းဆိုးရွားမျိုးနဲ့ တိုက်ခိုက်ရမည်ဟု သူတို့မမျှော်လင့်ထားချေ။


မူလက မှောင်မိုက်သောညပတ်ဝန်းကျင်သည် တက္ကသိုလ်ကျောင်းသားများ စုပေါင်းတိုက်ခိုက်ရန် အလွန်အဆင်မပြေပေ။ ဤမကောင်းဆိုးရွားများ၏မျက်လုံးများသည် ပင်းပေါင်ဘောလုံးများကဲ့သို့ ကြီးမားပြီး ညမြင်ကွင်းက အလွန်အားကောင်းသည်။ အမှောင်ထဲတွင် သူတို့၏ တိုက်ခိုက်မှုများကို ရှောင်ရှားရန် လူတိုင်းအတွက် ခက်ခဲပြီး အပြစ်မရှိအတန်းဖော်များကိုလည်း ထိခိုက်စေနိုင်သည်။ သို့သော် ယခုတော့ အခြေအနေက ပြောင်းသွားသည်။ လူတိုင်း၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် လျှပ်စစ်ပတ်လမ်းကို ပြုပြင်လိုက်သည်။ လူနာဆောင်ကို လျှပ်စစ်မီးပြန်လည်ရရှိလာပြီး ရူပဗေဒဌာနမှ အလင်းလုံးရရှိသော ကျောင်းသားသည် မကောင်းဆိုးရွားများကို မျက်စိကန်းသွားစေသည်။ ကိုယ့်ဆေးကို ပြန်မြည်းကြည့်ခိုင်းသည့် ဤလှည့်ကွက်က တကယ်ကို အစွမ်းထက်လွန်း၏။ 


လူတိုင်းက ယွဲ့ရှင်းဝမ်ကို လက်မထောင်ပြကြသည်။

"ညီအစ်ကို၊ မင်းက အရမ်းတော်တယ်"


ယွဲ့ရှင်းဝမ်က အလျင်အမြန် ပြောသည်။

"ဘယ်ဘက်စင်္ကြံကို နေရာပြောင်းမယ်…"

 

အစပိုင်းတွင် လူတိုင်းသည် ထိတ်လန့်တုန်လှုပ်နေသောကြောင့် ယွဲ့ရှင်းဝမ်စကားကို တွန့်ဆုတ်စွာ နားထောင်ခဲ့ကြသော်လည်း ယခုအခါတွင် ယွဲ့ရှင်းဝမ်ပြောသည့်စကားကြောင့် လူတိုင်းက အလွန်ယုံကြည်မှုရှိလာကြသည်။ ချင်လုသည် ကမ္ဘာလုံးကိုလှည့်ရန် ချက်ချင်းဆင့်ခေါ်ကာ အားလုံးကို ဘယ်ဘက်စင်္ကြံသို့ ပြောင်းလိုက်သည်။


ယွဲ့ရှင်းဝမ်က ချင်လုကို တည်ငြိမ်စွာ ကြည့်နေသည်။

"ဆက်ပြီးတော့ ညာဘက်အောက်ထောင့်ကို ပြန်လှည့်ပတ်လိုက်…"


ချင်လုက ခေါင်းငြိမ့်ကာ သူမ၏ကမ္ဘာလုံးကို လျင်မြန်စွာ လှည့်လိုက်သည်။

"အာဖရိကကျောက်ထုလွှာ၊ အန္တာတိတ်ကျောက်ထုလွှာ၊ နေရာပြောင်းစမ်း"


ဘယ်ဘက်ဧရိယာနှင့် ညာဘက်အောက်ထောင့်ဧရိယာ စင်္ကြံများကို ထပ်မံ နေရာပြောင်းသွားသည်။ စက်ရုပ်ကြောင့် မကောင်းဆိုးရွားများသည် ညာဘက်စင်္ကြံတွင် စုဝေးခဲ့ကြသည်။ လူတိုင်းက လူနာဆောင်ထဲမှာ နေရာများပြောင်းရွှေ့နေပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ မကောင်းဆိုးရွားများ၏ အနောက်ကို ရောက်‌လာသည်။


ယွဲ့ရှင်းဝမ်က အသက်ပြင်းပြင်းရှူလိုက်သည်။

"ဒီတစ်ခေါက်တော့ မကောင်းဆိုးရွားတွေကို တစ်ယောက်ချင်းစီ သတ်လိုက်ရအောင်… စင်္ကြံက နေရာအကန့်အသတ်ရှိတယ်… ဓာတုဗေဒဌာနက ကျောင်းသား အရင်သွားတော့"


ဓာတုဗေဒဌာနမှ ခပ်ပိန်ပိန်ကျောင်းသားသည် အခုလေးတင် သူ့ရင်ဘတ်ကို ဆုပ်ကိုင်ထားပြီး သူ့နှုတ်ခမ်းက ဖြူဖျော့နေပြီး သွေးမရှိပေ။ သူ့ခန္ဓာကိုယ်ကြံ့ခိုင်မှုက အခြားသူတွေထက် မကောင်းတာကြောင့် နှလုံးရောဂါက အခြားသူတွေထက် ပို၍ပြင်းထန်နေသည်။ ယွဲ့ရှင်းဝမ်၏စကားကိုကြားတော့ ထိုကျောင်းသားက အံကြိတ်ကာ အသံတိုးတိုးနဲ့ဆိုသည်။

"အားလုံး နောက်ဆုတ်ကြ… ငါ့ရဲ့ ဆာလဖျူရစ်အက်စစ်က လူတွေကို ထိခိုက်နိုင်တယ်…" 


“ဆာလဖျူရစ်အက်စစ်”ဟူသော စကားကိုကြားသောအခါ မိန်းကလေးများက ချက်ချင်း သူနှင့် ငါးမီတာအကွာသို့ ဆုတ်သွားကြပြီး ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့လည်း သတိထား၍ နောက်ပြန်ဆုတ်သွားကြသည်။


ထိုကျောင်းသားက သူ့ညာလက်ကို မြှောက်လိုက်သည်နှင့် သူ့လက်ဖဝါးမှ အရည်ကြည်တစ်ခု ထွက်လာတာကို မြင်လိုက်ရသည်။ ထို့နောက် အရည်များက ကောက်ကွေး‌နိုင်သော ရေပိုက်ခေါင်းကဲ့သို့ လျင်မြန်စွာ စုပုံကာ မကောင်းဆိုးရွားများအပေါ်သို့ ပြင်းထန်စွာ ဖြန်းလိုက်သည်။


ဓာတုဗေဒဌာန၏ အဆင့်မြင့်ထားသော “ဆာလဖျူရစ်အက်စစ်” ဗားရှင်းသည် အလွန်အဆိပ်ပြင်းသောကြောင့် မကောင်းဆိုးရွားများကို တစ်ဖန်အော်ဟစ်စေခဲ့သည်။


ဆာလဖျူရစ်အက်စစ်၏ ထိတ်လန့်စရာကောင်းမှုက လူတိုင်း၏မျက်လုံးများကို ပြူးကျယ်သွားစေသည်။ ချက်ချင်းဆိုသလိုပင် ထိုမကောင်းဆိုးရွားများ၏ အလောင်းများ ပုပ်ပွသွားကာ မီးခိုးငွေ့များထွက်ပြီး လက်ခြေရိုးများပင် ကြေမွသွားကာ သွေးအိုင်ထဲသို့ အရည်ပျော်သွားကြသည်။ 


ယွဲ့ရှင်းဝမ်၏ နှလုံးခုန်သံက မြန်လာသည်။


သူအရင်ဆုံး မားမားမတ်မတ်ရပ်ပြီး “အဖွဲ့လိုက်လုပ်ဆောင်ခြင်း”၏ ရပ်တည်ချက်ကို ဖော်ပြခဲ့တာ ကျေးဇူးတင်မိသည်။ အကယ်၍ လူတိုင်းက ကိုယ့်ဘာသာကိုယ် တိုက်ခိုက်ကြလျှင် ‌အမှောင်ထဲမှာ အချင်းချင်း တွန်းမိပြီး အတန်းဖော်များက မတော်တဆ ထိခိုက်နာကျင်စေမှာ သေချာသည်။ ဤအဆင့်မြင့်ထားသော ဆာလဖျူရစ်အက်စစ်ဗားရှင်းသည် အတန်းဖော်များ၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိသွားလျှင် နောက်ဆက်တွဲဆိုးကျိုးများသည် သိုင်းကားများထဲက ‘ရေသေ’ထက်ပင် ပိုကြောက်စရာကောင်းသည်။ 


ဓာတုဗေဒဌာနမှ ကျောင်းသားသည် ဆာလဖျူရစ်အက်စစ်ကို အသုံးချခဲ့သော်လည်း မည်သည့်နည်းနှင့်မျှ ထိခိုက်မှု မရှိခဲ့ပေ။ သူ့လက်က ဆာလဖျူရစ်အက်စစ်ထည့်စရာဖြစ်သွားသည်။ ဆာလဖျူရစ်အက်စစ်ကို ထုတ်လွတ်လိုက်ပြီးနောက် သူ့လက်ကို အဝေးသို့ ဖယ်လိုက်ကာ ညာဘက်လက်က ဖြူဖွေးချောမွတ်နေသေးပြီး အက်စစ်စားခြင်း လုံးဝမရှိပေ။


ထိုကျောင်းသားက ဖြူဖျော့သော မျက်နှာဖြင့် ပြန်လှည့်လာကာ တိုးတိုးပြောသည်။

"ငါ့ရဲ့ ဆာလဖျူရစ်အက်စစ်က ကုန်သွားပြီ…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီ… ကျန်တာကို ငါတို့ဆီ အပ်ထားလိုက်…"


သူနဲ့ လျှိုကျောက်ချင်းတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဘေးချင်းကပ်ရပ် အရှေ့ကိုတိုးလာခဲ့ကြသည်။ သူတို့နှစ်ယောက်သည် အကြိမ်အနည်းငယ်သာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော်လည်း လူနာဆောင်ထဲမှ လွတ်မြောက်လာချိန်တွင် တစ်ယောက်က အဘိဓာန်ဖြင့် မကောင်းဆိုးရွားများကို ခေါင်းရိုက်ခွဲကာ အခြားတစ်ယောက်က ခွဲစိတ်ဓားဖြင့် မကောင်းဆိုးရွားများ၏ နှလုံးကို ထိုးခဲ့သည်။ ထိုမကောင်းဆိုးရွားများ၏ အားနည်းချက်က ခေါင်းမဟုတ်လျှင် နှလုံးဖြစ်ရမည်။ တစ်ယောက်က ခေါင်းကို ရိုက်ပြီး အခြားတစ်ယောက်က နှလုံးကို ထိုးခြင်းဖြင့် မကောင်းဆိုးရွားများကို သေချာပေါက် သတ်ပစ်နိုင်သည်။


ထို့နောက် လူတိုင်းက သွေးသံတရဲရဲမြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။


ယွဲ့ရှင်းဝမ်၏ လက်ထဲမှ အဘိဓာန်သည် လေထဲသို့ လွင့်ပျံသွားပြီး လေးလံသော အဘိဓာန်သည် မကောင်းဆိုးရွားတစ်ကောင်၏ ခေါင်းကို ထိမှန်သွားသည်။ လျှိုကျောက်ချင်း၏ ခွဲစိတ်ဓားက ချက်ချင်း ပျံထွက်သွားပြီး မကောင်းဆိုးရွားတစ်ကောင်၏ နှလုံးကို ချက်ချင်း ထိုးဖောက်သွားပြီး မကောင်းဆိုးရွားက မြေပြင်ပေါ်ကို လဲကျသွားသည်။


နှစ်ယောက်သားက ပစ္စည်းများကို ပြန်ရုတ်သိမ်းကာ ရှေ့သို့ ဆက်သွားကြသည်။


စင်္ကြံတစ်ခုလုံးတွင် သွေးများဖြင့် ဖုံးလွှမ်းနေပြီး ဓာတုဗေဒဌာနရှိ ကျောင်းသားသည် မကောင်းဆိုးရွား 3 ယောက်ကို အရည်ပျော်စေရန် လုံလောက်သော ဆာလဖျူရစ်အက်စစ်ရှိသည်။ ကျန်ရှိသော ဒါဇင်ထက်များသည့် မကောင်းဆိုးရွားများကို သူတို့၏ ရိုးရှင်းပြီး ရက်စက်သော “ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများ” ဖြင့်သာ ဖြေရှင်းနိုင်တာကြောင့် သူတို့၏ကြောက်ရွံ့မှုများကို ဂရုမစိုက်နိုင်တော့ပေ။


 အဘယ်ကြောင့်ဆိုသော် သူတို့မှာ ထွက်လမ်းမရှိလို့ဘဲ ဖြစ်သည်။


ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့သည် ဘေးချင်းကပ်လျက် ရွေ့လျားသွားသည်။


ခယ်ရှောင်ပင်း၏ စက်ရုပ်က သီချင်းဆို၍ ပြီးသောအခါ ထိုမကောင်းဆိုးရွားများသည် ထိန်းမနိုင်သိမ်းမရဖြစ်ကာ အော်ဟစ်ပြီး သူတို့ဆီသို့ ပြန်ပြေးလာကြသည်။


သူတို့၏မျက်လုံးများက ကန်းနေတာကြောင့် သူတို့၏ တိုက်ခိုက်မှုများမှာ စနစ်တကျမရှိဘဲ သူတို့၏အဖြူရောင်အရိုးများကို နေရာအနှံ့ လွှဲယမ်းခဲ့ကြသည်။ ယွဲ့ရှင်းဝမ်၏ မျက်လုံးများက စင်္ကြံတစ်လျှောက် လှည့်ပတ်ကြည့်ကာ အလျင်အမြန် ဆုံးဖြတ်လိုက်သည်။

"မကောင်းဆိုးရွား 13 ယောက် ကျန်သေးတယ်…"


လျှိုကျောက်ချင်းက အံကြိတ်လိုက်သည်။

"သူတို့အားလုံးကို သတ်ပစ်လိုက်"


ယွဲ့ရှင်းဝမ်သည် ချက်ချင်းတက်သွားကာ နှစ်ယောက်စလုံးက အဘိဓာန်နဲ့ ခွဲစိတ်ဓားဖြင့် ပစ်ပေါက်ကြသည်။ ထိုအချိန်တွင် မီးဖိုချောင်သုံးဓားအဖွဲ့က သန်မာသောတိုက်ခိုက်နိုင်စွမ်းရှိဆဲဖြစ်ကြောင်း အခြားကျောင်းသားများက သဘောပေါက်သွားသည်။ အမှန်တော့ အဘိဓာန်ကော၊ ခွဲစိတ်ဓားပါ စောင့်ရသည့်အချိန် ဒါမှမဟုတ် အရေအတွက်ကန့်သတ်တာမျိုး မရှိဘဲ အဆုံးမရှိဆင့်ခေါ်နိုင်ပြီး အကန့်အသတ်မရှိ အသုံးပြုနိုင်သည်။


လျှိုရှောင်းရှောင်းက ယွဲ့ရှင်းဝမ်၏ ချောမောသောရုပ်သွင်ကို စိုက်ကြည့်နေသည်။

"မကောင်းဆိုးရွားတွေကို တိုက်ခိုက်ဖို့ အဘိဓာန်သုံးတဲ့သူကို ငါပထမဆုံးတွေ့ဖူးတာပဲ…"


သူမဘေးရှိ ချွီဝေးဝေးက တုန်ယင်သောအသံဖြင့် ပြောသည်။

"ကြည့်ရတာ နာမယ့်ပုံပဲ…"


ထို့အပြင် အဘိဓာန်သည် အလွန်ထူပြီး လေးလံပုံရတာကြောင့် ၎င်းကိုကိုင်ရန် ခက်ခဲသည်။ ယွဲ့ရှင်းဝမ်သည် မကောင်းဆိုးရွားများ၏ ခေါင်းများကို အတိအကျ ချိန်ရွယ်ကာ သူတို့ကို ထုရိုက်ခဲ့သည်။ “ဘမ်း ဘမ်း”ဟူသောအသံက အဆုံးသတ်ခြင်းမရှိဘဲ မကောင်းဆိုးရွားများ၏ ဦးနှောက်များကို တုန်ခါသွားစေသည်။


လျှိုကျောက်ချင်း၏ ခွဲစိတ်ဓားကလည်း အလွန်မိုက်ပြီး ခွဲစိတ်ဓားကို ပစ်ပြီးနောက် ရုပ်သိမ်းပြီး ထပ်မံဆင့်ခေါ်ကာ ပစ်ပေါက်နိုင်သည်။ ထိမှန်နှုန်းကို မြင့်တင်ရန် လိုအပ်သော်လည်း တစ်ခါတစ်ရံတွင် ပခုံးနှင့် အခြားနေရာများကို ထိုးဖောက်သွားပေမဲ့ သူက အလွန်မြန်သည်။ ခွဲစိတ်ဓားက အဓိကအစိတ်အပိုင်းများကိုတော့ အမြဲတမ်းထိမှန်သည်။


သူတို့နှစ်ယောက် ပူးပေါင်းပြီး မကောင်းဆိုးရွား 4 ယောက်ကို အမြန်သတ်ပစ်လိုက်သည်။ 


ယွဲ့ရှင်းဝမ်က အသံတိုးတိုးဖြင့် ရေတွက်သည်။

"မကောင်းဆိုးရွား 9 ယောက်…"


လျှိုကျောက်ချင်း: "မကောင်းဆိုးရွား 8 ယောက်…"


ထိုအချိန်တွင် လဲလျောင်းနေပြီးဖြစ်သော မကောင်းဆိုးရွားတစ်ကောင်သည် အသက်ပြန်ရှင်လာသကဲ့သို့ သူတို့နောက်မှ ရုတ်တရက် ထလာခဲ့သည်။ ချွန်ထက်သော လက်သည်းများက ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့၏ ဦးခေါင်းကို အနောက်ကနေ ချက်ချင်းတိုက်ခိုက်ရန် ကြိုးစားခဲ့သည်။ 


အဝေးကနေ တိုက်ပွဲကို ကြည့်နေသော အတန်းဖော်များ၏ နှလုံးများက ရပ်လုနီးပါးဖြစ်သွားပြီး ခယ်ရှောင်ပင်းက ကမန်းကတန်း အော်လိုက်သည်။

"သတိထား——"


ဆံပင်ရှည်ရှည် ကျောင်းသူက တိကျသောပစ်ချက်ကို ပေးခဲ့သည်။ သူမသည် ဆေးပုလင်းကိုထုတ်ကာ မကောင်းဆိုးရွားဆီသို့ ချက်ချင်းပစ်လိုက်သည်။

"Lidocaine မေ့ဆေး"


သူမပါးစပ်ထဲမှ စကားသံထွက်သွားသည်နှင့် တစ်ပြိုင်နက် မကောင်းဆိုးရွားသည် မေ့ဆေးကြောင့် ‌ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။


လှုပ်ရှားမှုကိုကြားတော့ လျှိုကျောက်ချင်းသည် လှည့်ကြည့်ရန် အချိန်မရှိဘဲ အသံကျယ်ကျယ်နဲ့သာ ပြောလိုက်သည်။

"ကျေးဇူးပဲ ဂျူနီယာညီ‌မလေး…"


ထိုကျောင်းသူ၏မျက်နှာက ဖြူဖျော့သွားသည်။

"ရပါတယ်… ရှင်တို့လည်း သတိထားကြနော်"


မကောင်းဆိုးရွား 8 ယောက် ကျန်နေသေးသည်။ ရူပဗေဒဌာနမှ ကျုံ့ယွီဟန်ကလည်း ပြေးလာပြီး သံလိုက်၏ N ဝင်ရိုးစွန်းကို စင်္ကြံအဆုံးဘက် ပစ်လိုက်ကာ S ဝင်ရိုးစွန်းကို မကောင်းဆိုးရွား 3 ကောင်၏ နောက်သို့ ပစ်လိုက်သည်။ သံလိုက်အစွန်းနှစ်ဖက်၏ ကြီးမားသောဆွဲငင်မှုကြောင့် မကောင်းဆိုးရွား 3 ယောက်က ချက်ချင်း အဝေးသို့ စုပ်ယူခံလိုက်ရသည်။ 


ယွဲ့ချင်းဝမ်နှင့် လျှိုကျောက်ချင်းတို့အပေါ် ဖိအားများစွာ သက်သာရာရသွားသည်။


သူတို့နှစ်ဦးသည် သူတို့ပတ်ဝန်းကျင်ရှိ မကောင်းဆိုးရွားအနည်းငယ်ကို သတ်ရန် လျင်မြန်စွာ ပူးပေါင်းခဲ့ကြပြီး ယွဲ့ရှင်းဝမ်က ရေတွက်ခဲ့သည်။

"မကောင်းဆိုးရွား 6 ယောက်… 4‌ ယောက်…"


ကျုံ့ယွီဟန်မှ စုပ်ယူသွားသည့် မကောင်းဆိုးရွားအနည်းငယ်ကို လျှိုကျောက်ချင်း၏ ခွဲစိတ်ဓားပေါင်းများစွာဖြင့် ဆက်တိုက်ပစ်လွှတ်ခဲ့တာကြောင့် နံရံတွင် သွားကပ်နေကြသည်။


ယွဲ့ရှင်းဝမ်: "နောက်ဆုံးတစ်ယောက်… ပြီးပြီ…"


သူ ထိုစကားများကို ပြောပြီးသည်နှင့် သူ့မျက်လုံးတွေက ရုတ်တရက် မှောင်ကျသွားပြီး ခန္ဓာကိုယ်က ယိမ်းယိုက်သွားကာ လဲကျလုနီးပါး ဖြစ်နေပြီဖြစ်သည်။ ခယ်ရှောင်ပင်းက လျင်မြန်စွာ ပြေးလာပြီး သူ့ကို ကူညီပေးသည်။

"ရှင်းဝမ် အဆင်ပြေရဲ့လား"


ပြင်းထန်သော လှုပ်ရှားမှုကြောင့် ယွဲ့ရှင်းဝမ်၏ နှလုံးခုန်သံက ပေါက်ကွဲလုနီးပါး ဖြစ်သကဲ့သို့ မြန်လာသည်။ သူ့ရင်ဘတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ သူ့မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့သွားကာ သူ့ပတ်ဝန်းကျင်မှ လူများ လျင်မြန်စွာ ဝိုင်းအုံလာကြသည်။

"အတန်းဖော်ရှင်းဝမ်"


"နေကောင်းရဲ့လား… နှလုံးဖောက်တာလား"


ယွဲ့ရှင်းဝမ်သည် ပြန်မဖြေသေးဘဲ လျှို‌ကျောက်ချင်းကလည်း ဖြူဖျော့သောမျက်နှာဖြင့် ငုံ့ထားကာ နာကျင်မှုကြောင့် အလွန်ခံစားနေရသည်။


သူတို့နှစ်ဦးသည် အများဆုံးအားစိုက်ထုတ်ခဲ့ကြပြီး သူတို့၏အဘိဓာန်နှင့် ခွဲစိတ်ဓားဖြင့် ပစ်ပေါက်ခြင်းက မကောင်းဆိုးရွားအားလုံးနီးပါးကို သတ်ပစ်လုနီးပါးဖြစ်ခဲ့သည်။ သူတို့နှစ်ယောက်စလုံး ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေခဲ့သည်။ ပြင်းထန်သော လေ့ကျင့်ခန်းကြောင့် နှလုံးဖောက်နေမှန်း သိသာပါသည်။


မေ့ဆေးဘာသာရပ်ကို လေ့လာသည့် ကျောင်းသူက လျင်မြန်စွာ ပြောသည်။

"နေရာတစ်ခုကို အမြန်ရှာပြီး သူတို့ကို အနားယူဖို့ ကြမ်းပြင်ပေါ် လဲခိုင်းထားလိုက်"


အခြားကျောင်းသားများက ဒါကိုကြားသောအခါ ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့ကို သန့်ရှင်းသည့် သူနာပြုဌာနဆီ ခေါ်ဆောင်သွားရန် အလျင်အမြန် ကူညီပေးခဲ့ကြသည်။ နှစ်ယောက်သားက လဲလျောင်းကာ ခဏလောက် အနားယူကြပြီး သူတို့မျက်နှာများက တဖြည်းဖြည်း ကောင်းမွန်လာသည်။ ယွဲ့ရှင်းဝမ်သည် သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်တော့ သူ့ပတ်ဝန်းကျင်ရှိ အတန်းဖော်တစ်စုက သူ့ကို စိုးရိမ်တကြီးနဲ့ ကြည့်နေကြတာကို တွေ့လိုက်ရပြီး သူက ပြုံးကာ ပြောသည်။

"စိတ်မပူပါနဲ့… ငါက လွယ်လွယ်နဲ့ သေမှာမဟုတ်ပါဘူး…"


လျှိုကျောက်ချင်းက အသံတိုးတိုးနဲ့ ဆဲသည်။

"Fuck… ဒီလောင်ဇီက ဘက်စကတ်ဘော လေးပွဲကစားပြီးရင်တောင် ဒီလောက်ထိ ဘယ်တော့မှ မပင်ပန်းဖူးဘူး… ဒီနှလုံးရောဂါက ငါ့ကို တကယ်သတ်နေတာပဲ…"


ကျောင်းသူများစွာ၏ မျက်လုံးများက နီရဲနေသည်။

"ရှင်တို့အဆင်ပြေလို့ ဝမ်းသာပါတယ်"


"စကားမပြောဘဲ ခဏလောက်အနားယူလိုက်ပါ…"


ယွဲ့ရှင်းဝမ်သည် ဖြည်းညှင်းစွာထထိုင်ကာ တိုက်ပွဲအပြီး ရှုပ်ပွနေသော လူနာဆောင်ကို ပြန်ကြည့်သည်။ ထိုအဖြူရောင်အရိုးများသည် သွေးနှင့်ရေတွေ ရောနှော၍ ဖြစ်ပေါ်လာသော မြင်ကွင်းက အမြင်အာရုံကို ထိခိုက်စေတာကြောင့် တကယ်ကို ပျို့အန်ချင်စရာပင်ကောင်းသည်။


ကံကောင်းထောက်မစွာ မကောင်းဆိုးရွားများအားလုံးကို ဖြေရှင်းနိုင်ခဲ့သည်။


သူက နောက်ပြန်လှည့်ကြည့်ပြီး လူတိုင်းကို ကြည့်လိုက်သည်။ 

"အားလုံး အဆင်ပြေရဲ့လား"


လူတိုင်းက အချင်းချင်းကြည့်နေကြသည်။ တကယ်တော့ ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့က ရှက်စရာအကောင်းဆုံးဖြစ်သည်။ သူတို့သည် မကောင်းဆိုးရွားများစွာကို ဆက်တိုက်သတ်ခဲ့ပြီး သူတို့ခန္ဓာကိုယ်နှင့် မျက်နှာများသည် သွေးများဖြင့် ဖုံးလွှမ်းထားသည်။ နှိုင်းယှဥ်ပြောရလျှင် အခြားကျောင်းသားများမှာ သူတို့၏ ဖြူဖျော့ဖျော့မျက်နှာ၊ ရှုပ်ပွနေသော ဆံပင်များနှင့် စိတ်လှုပ်ရှားနေသော နှလုံးခုန်သံများမှလွဲ၍ အဝေးတွင်ရှိနေသောကြောင့် သူတို့၏အဝတ်အစားများက သန့်ရှင်းနေဆဲဖြစ်သည်။


လျှိုရှောင်းရှောင်းက ငိုချင်လာ၍ နှာခေါင်းရှုံ့ကာ ခေါင်းကိုငုံ့လိုက်သည်။

"ကျေးဇူးတင်ပါတယ်..."


ကျုံ့ယွီဟန်က လမ်းလျှောက်လာပြီး ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့၏ ပခုံးကို ပုတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ညီအစ်ကိုတို့… မင်းတို့ တကယ်တော်တယ်…"


ယွဲ့ရှင်းဝမ်၏ မျက်နှာက ဖြူဖျော့နေသော်လည်း သူ့မျက်လုံးများက အပြုံးများဖြင့် ပြည့်နှက်နေသည်။

"ရပါတယ်… မင်းတို့မရှိရင်လည်း ငါအသက်မရှင်နိုင်ပါဘူး… ဒါက ပထမဆုံးနေ့ဆိုတာ မမေ့နဲ့ဦး… ပထမနေ့မှာ သေသွားတဲ့ကျောင်းသားတွေရှိရင် ငါတို့ နောက်လေးရက်မှာ ညပိုင်းစာမေးပွဲခန်းရှိရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ… ဒီတော့ စာမေးပွဲအောင်ဖို့ အတိုင်းအတာတစ်ခုအထိ လူတိုင်းရဲ့ စွမ်းရည်ကို အသုံးပြုရမယ်…"


အမြဲတမ်း မားမားမတ်မတ်ရပ်ပေးမည့်သူ တစ်ယောက်တော့ ရှိရမည်။


လူတိုင်းသည် ခေါင်းဆောင်မရှိဘဲ သိမ်းကျုံးတိုက်ခိုက်၍ အသေအပျောက်များပါက လာမည့်ရက်အနည်းငယ်မှာ ပို၍ပင်ခက်ခဲလာမည်ဖြစ်သည်။


ယွဲ့ရှင်းဝမ်သည် အဖွဲ့တစ်ခုလုံးကို စေတနာရှိ၍ ကယ်တင်ဖို့ကြိုးစားနေတာ မဟုတ်ဘဲ အဖွဲ့၏ လက်ရှိဖွဲ့စည်းပုံ ပုံစံအပေါ် အခြေခံ၍ အကောင်းဆုံးရှင်းလင်းရေးအစီအစဉ်ကို ချမှတ်ခဲ့သည်။ အားလုံးနိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်တာက ဘာမှားသနည်း။


လျှိုကျောက်ချင်းက ရယ်ကာပြောသည်။

"မှန်တယ်… ဒီညက လူတိုင်းအတွက် ခက်ခဲတဲ့ အချိန်ကာလတစ်ခုဖြစ်ပြီး လူတိုင်းက ကိုယ်ပိုင်စွမ်းရည်တွေကို ပြသခဲ့တယ်… စာမေးပွဲခန်းမှာ စာရွက်တစ်ရွက်နဲ့ တစ်ယောက်တည်းဖြေရတာထက် ဒီလိုစာမေးပွဲခန်းက ပိုစိတ်ဝင်စားဖို့ကောင်းတာကို ငါတွေ့ခဲ့ရတယ်…"


လူတိုင်းကလည်း ရယ်ကြသည်။ 

"လူတိုင်း အဖွဲ့လိုက် ကစားနေရသလို ခံစားရတယ်…"


"ပထဝီဝင်ဌာနက အံ့သြစရာကောင်းတယ်… တယ်လီပို့တာကို ငါပထမဆုံးအကြိမ် တွေ့ကြုံဖူးတာပဲ"


"စီနီယာအစ်ကိုလျှိုရဲ့ ခွဲစိတ်ဓားကလည်း အံ့ဩစရာကောင်းတယ်… ကူလုံရေးတဲ့ ‘ရှောင်လီရဲ့ဓားမြောင်ပျံ’လိုပဲ… ‌နည်းနည်းလောက် ထပ်လေ့ကျင့်ရင် ‘ရှောင်လျှိုရဲ့ဓားမြောင်ပျံ’လို့ခေါ်ပြီး ကျန်းဟူတစ်ခွင်မှာ စီနီယာအစ်ကိုက ထူးခြားတဲ့စွမ်းရည်တစ်ခုကို ဖန်တီးနိုင်လောက်တယ်…"


"ရှင်းဝမ်ရဲ့အဘိဓာန်လည်း အရမ်းအစွမ်းထက်တယ်… မင်းတို့သာ သူ့ရဲ့အဘိဓာန်နဲ့ အရိုက်ခံရရင် ‌သေချာပေါက် မေ့လဲသွားနိုင်တယ်…"


"စကားမစပ် စက်ရုပ်ရှောင်ထူနဲ့ ငါတို့အတန်းဖော်ရော… သူလည်း အသိအမှတ်ပြုခံသင့်တယ်…" 


ထိုစကားကိုကြားတော့ ခယ်ရှောင်ပင်းက ရှောင်ထူကို သူ့လက်ဖဝါးထဲ ချက်ချင်းဆင့်ခေါ်ပြီး ရှောင်ထူ၏ခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။

"အခုက အဆင့် 1 ပဲ ရှိသေးတော့ သူက “ကျားနှစ်ကောင်”ပဲ ဆိုတတ်သေးတယ်… သူက အနာဂတ်မှာ ပိုအစွမ်းထက်လာဖို့ ငါမျှော်လင့်တယ်…"


ရှောင်ထူက စကားကိုနားလည်သွားပြီး သူ့ခေါင်းက လင်းလက်သွားသည်။

"ဟုတ်ကဲ့ သခင်… ရှောင်ထူ ပိုအစွမ်းထက်လာအောင် ကြိုးစားပါ့မယ်…"


"…" ရှောင်ထူကြောင့် အားလုံးက ရယ်မောသွားကြသည်။


လူတိုင်းသည် သွေးသံတရဲရဲနှင့် ကြောက်မက်ဖွယ်ကောင်းသော ညာဘက်စင်္ကြံကို မကြည့်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြပြီး တစ်ယောက်နှင့်တစ်ယောက် စကားစမြည်ပြောကာ ပိုမိုသက်တောင့်သက်သာရှိသလို ခံစားခဲ့ရသည်။ ယွဲ့ရှင်းဝမ်၏ မျက်နှာကလည်း ကောင်းမွန်လာပြီး နံရံကိုမှီ၍ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။


ဤအခိုက်အတန့်တွင် လူတိုင်း၏နားထဲ၌ ရင်းနှီးနေသော အေးစက်စက် စက်သံထွက်ပေါ်လာသည်။

"ညပိုင်းစာမေးပွဲပြီးသွားပါပြီ… သေဆုံးသူအရေအတွက်: 0… ကောင်းကောင်းအနားယူပြီး မနက်ဖြန်စာမေးပွဲအတွက် ပြင်ဆင်ထားပါ…"


"0"ဟူသော သေဆုံးသူအရေအတွက်ကို ကြားလိုက်ရတော့ လူတိုင်း၏နှာခေါင်းက အနည်းငယ် ချဉ်လာသည်။


အရေးကြီးသည့်အခိုက်အတန့်မှာ တစ်စုံတစ်ယောက်က မားမားမတ်မတ်ရပ်ပြီး အေးအေးဆေးဆေး အမိန့်မပေးဘူးဆိုလျှင် ယခုတွင် ဘယ်လိုအခြေအနေမျိုး ဖြစ်နေမည်နည်း။


‌အမှောင်ထဲမှာ ‌လူတိုင်းက အော်ဟစ်ပြေးလွှားနေကြပြီး နှလုံးဖောက်ကာ မကောင်းဆိုးရွားများ၏ အပိုင်းပိုင်း ကိုက်ဖြတ်ခြင်းကို ခံရမည်လား။ ဒါမှမဟုတ် အခြေအနေတင်းမာမှုအောက်တွင် ဓာတုဗေဒဌာနမှ ကျောင်းသားသည် ဆာလဖျူရစ်အက်စစ်ကို ပက်ဖြန်းကာ အခြားသူများကို ထိခိုက်စေပြီး ရူပဗေဒဌာနမှ ကျောင်းသားသည် သူ၏အလင်းလုံးကြောင့် အတန်းဖော်များကို မျက်စိကန်းစေမည်လား။ ဒါမှမဟုတ် တချို့လူများက လဲကျပြီး အခြားကျောင်းသားများ၏ နင်းခြေခံရမည်လား။


ငရဲထက်တောင် ပိုကြောက်စရာကောင်းသည့် မြင်ကွင်းမျိုးကို တွေးကြည့်ရုံနဲ့ သူတို့၏ဦးရေပြားကို ထုံကျင်လာစေသည်။


ကံကောင်းစွာ အတန်းဖော် 10 ယောက်ထဲမှ တစ်ဦးဖြစ်သူ ယွဲ့ရှင်းဝမ်သည် အလွန်တည်ငြိမ်ပြီး အရှေ့တက်ကာ အချိန်မီ အမိန့်ပေးခဲ့သည်။


အားလုံးက ယွဲ့ရှင်းဝမ်ကို ကျေးဇူးတင်စွာဖြင့် ကြည့်နေကြသည်။


ယွဲ့ရှင်းဝမ်က တည်ငြိမ်စွာ ကြည့်နေသည်။ 

"အားလုံး စိတ်မလျှော့နဲ့… ပြန်သွားပြီး ကောင်းကောင်း အနားယူကြပါ… မနက်ဖြန်မှ တွေ့မယ်…"


အားလုံးက ယွဲ့ရှင်းဝမ်ကို နှုတ်ဆက်ကြသည်။

"ကောင်းသောညပါ ရှင်းဝမ်… ကောင်းကောင်းအနားယူပါ"


"ညီအစ်ကိုတို့… မင်းတို့နှစ်ယောက်က ပိုပြီးအနားယူသင့်တယ်… ပြန်သွားပြီး ကောင်းကောင်းအိပ်ကြ"


"မနက်ဖြန်မှ တွေ့မယ်"


"အားလုံးကို ကျေးဇူးတင်ပါတယ်… မနက်ဖြန်မှ တွေ့မယ်"


#TK