အပိုင်း (၇) ဒီခွေးကောင်မှာ ကျိန်းသေ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်!
ရှန်ယွိက တွန့်ဆုတ်စွာဖြင့် သူ့ယောက်ျားနောက်မှ ရေချိုးခန်းအတွင်း လိုက်ဝင်သွားသည်။ ၎င်းက VIP နားနေခန်း ဖြစ်သောကြောင့် အထဲရှိ အထောက်အပံ့ ပစ္စည်းများက အဆင့်အတန်းမြင့်ကာ သီးသန့်ဆန်သည်။ သူက အခန်းထဲသို့ ဆွဲထည့်ခံလိုက်ရသည့်အခါ သူ့နောက်ကျောက သတ္တုပြားနှင့် ရိုက်မိသွားသော်လည်း အသံတစ်စက်မှ မထွက်ခဲ့ပေ။
သူက မပျော်မရွှင်နှင့် ခေါင်းကို မော့လိုက်သော်လည်း ဖုန်းစစ်ရွေ့ကို ကြည့်နေသည့် အကြည့်တို့က ချစ်ခင်မြတ်နိုးမှုတို့နှင့် ပြည့်နှက်နေပေသည်။ "တစ်ခုခုဖြစ်လို့လား ရွေ့ကော။"
"ကော မပျော်မရွှင် ဖြစ်စေမယ့် အရာတစ်ခုခု ပြောလိုက်မိလို့လား။"
"ကျွန်တော်က စိတ်ထဲ ရှိတဲ့အတိုင်း ပြောတတ်တဲ့သူမျိုးဆိုတာ ကောလည်း သိတာပဲ။ ဒါပေမယ့် ကျွန်တော်က ကြင်နာတတ်တဲ့ စိတ်ထားလေးတော့ ရှိနေဆဲ...."
"ငါနဲ့ ယန်ရွေ့ချင်း ပတ်သတ်မှုက မင်း ထင်နေသလိုမျိုး မဟုတ်ဘူး။" ဖုန်းစစ်ရွေ့က ရှန်ယွိ၏ အဆက်အစပ်မရှိသော စကားများကို နှောက်ယှက်လိုက်ပြီး သူ၏ နက်ရှိုင်းသော မျက်လုံးများက ရှန်ယွိ၏ နူးညံ့လှပသော မျက်နှာထက် ကျရောက်သွားကာ မသိလိုက်ဘဲ နူးညံ့စွာ ဆက်ပြောလိုက်သည်။ "ငါတို့ရဲ့ အိမ်ထောင်သက်ကာလတစ်လျှောက်မှာ ငါ့ရဲ့ စိတ်ရော ခန္ဓာပါ တစ်ခါမှကို မဖောက်ပြန်ဖူးဘူး။"
ရှန်ယွိ , "..."
-- 'ဒီခွေးကောင်က ငါ့ကို ရှင်းပြဖို့ ကြိုးစားနေတာလား။ အခုမှ လာရှင်းပြနေတာ နည်းနည်းတောင် နောက်ကျနေပြီလို့ မထင်ဘူးလား။ ကြာပန်းဖြူလေးက သူ့ရဲ့ အရေးသာမှုကို ငါ့ရှေ့မှာ ဘယ်လောက်တောင် ကြွားလုံးထုတ်ခဲ့လဲ သိရဲ့လား။ သြော ပြီးတော့ သူက ခင်ဗျားနဲ့ ဘယ်လိုတောင် အိပ်ရာပေါ် လူးလှိမ့်ခဲ့လဲဆိုတာလည်း မသိမသာလေး ထည့်ပြောတတ်သေးတယ်လေ။ အဲဒီတော့ ခင်ဗျားပြောတာကို ယုံလိမ့်မယ်များ ထင်နေလား။'
"အာ!!" ဖုန်းစစ်ရွေ့က ထအော်မိလုမတတ် ဖြစ်သွားရသည်။ "ငါ့မှာ အခုထိ ပထမဆုံးအနမ်းတောင် ရှိနေသေးတာ။ ဘယ်နေရာကနေ အိပ်ရာပေါ် လူးလှိမ့်တာတွေ ထွက်လာတာလဲ။"
ရှန်ယွိ , "ရွေ့ကော ကျွန်တော် ရယ်လို့ရလား။"
"မရဘူး!!" ဖုန်းစစ်ရွေ့သည် သူ အမှန်တကယ် ရူးသွပ်သွားတော့မည်ဟု ခံစားလိုက်ရပေသည်။
ကောလာဟလတွေ ပျံ့နှံ့ဖို့ အခုဆို ဒီလောက်တောင် လွယ်ကူနေပြီလား။
ယန်ရွေ့ချင်းက တကယ်ပဲ အဲဒီလိုစကားမျိုးတွေ ပြောခဲ့သည်လား။
သူက အသက်ခပ်ပြင်းပြင်း ရှုလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်လာအောင် ဖိအားပေးလိုက်သည်။ "မင်း ယုံယုံမယုံယုံ ငါ နောက်ထပ်တစ်ခါ ထပ်ပြောပြမယ်။"
"ငါတို့ရဲ့ အိမ်ထောင်သက်ကာလတစ်လျှောက်မှာ ငါ့ရဲ့ ကိုယ်ကျင့်သိက္ခာနဲ့ စာရိတ္တ ပျက်ပြားစေတဲ့ အပြုအမူမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးဘူး။"
"အဲဒါ ငါ့ရဲ့ အောက်ခြေစည်းပဲ။"
ရှန်ယွိ၏ နှုတ်ခမ်းထောင့်များက တုန်ရီသွားသည်။ "ရွေ့ကော ဘာတွေ ပြောနေတာလဲ။ ကျွန်တော်က ကောကို ဘယ်လိုလုပ် မယုံဘဲ နေပါ့မလဲ။"
"ဒါတွေအားလုံးက ယန်ရွေ့ချင်းရဲ့ လောဘကြီးတဲ့ အတွေးတွေပဲဆိုတာ ကျွန်တော် ကောင်းကောင်း သိပါတယ်။"
-- 'ယောက်ျားတစ်ယောက်ရဲ့ ပါးစပ်က ထွက်လာသမျှစကားက အလိမ်အညာတွေချည်းပဲ။ ငါ့ကိုယ်ငါတောင် မယုံနိုင်တာ ခင်ဗျားကို ဘယ်လို ယုံနိုင်ပါ့မလဲ။'
ဖုန်းစစ်ရွေ့ , "..." ဒီကောင်နဲ့ စကားပြောရတာ နွားတစ်ကောင်ကို စန္ဒယားတီးပြနေရသလိုပဲ။
သူက အဲဒါကို အပြုအမူနဲ့ သက်သေပြဖို့ လိုအပ်နေတာလား။
ထို့ကြောင့် ခွေးသွေးဝတ္ထုထဲမှ ဥက္ကဋ္ဌကြီးက ရှင်းပြရန်သာ အလျင်လိုနေပြီး သူ့ဘဝတွင် မည်သည့်အခါမှ လုပ်လိမ့်မည်ဟု မတွေးထားခဲ့ဖူးသော တစ်စုံတစ်ရာကို လုပ်ဆောင်လိုက်လေသည်။
သူ၏ ပထမဆုံး အနမ်းက ရှိနေသေးသည်ကို သက်သေပြရန်အတွက် သူက အမှန်တကယ်.... အမှန်တကယ် ထင်မှတ်မထားသည်ကို လုပ်ဆောင်လိုက်လေသည်။
သူတို့၏ နှုတ်ခမ်းများနှင့် သွားတို့က ထိခတ်သွားပြီး သူ့ရှေ့မှ လူထံကနေ ထွက်လာနေသည့် တောက်လောင်ပြင်းပြသည့် အပူချိန်ကိုပင် ခံစားနေရပေသည်။ ပြင်းထန်လှသည့် လျှပ်စစ်စီးကြောင်းတစ်ခုက သူ့နှလုံးသားဆီ တည့်မတ်စွာ စီးဆင်းသွားခဲ့၏။
ရှန်ယွိ၏ မျက်လုံးများက ပြူးကျယ်လာပြီး ထိတ်လန့်လွန်းသွားသဖြင့် အချိန်မီပင် မတုန့်ပြန်နိုင်ဘဲ ဖြစ်သွားရသည်။ လုံးဝပင် မယုံကြည်နိုင်လွန်းသဖြင့် သူ၏ စိတ်ထဲမှ အတွေးများက ရပ်တန့်သွားခဲ့လေသည်။
နူးညံ့လှသည့် တစ်စုံတစ်ရာက သူ့ပါးစပ်ကို ထိုးဖွင့်ရန် ကြိုးစားလာကာမှ နောက်ဆုံးတွင် မည်သည်တို့ ဖြစ်ပျက်နေသည်အား သူ နားလည်သွားခဲ့လေသည်။ မသိလိုက်ဘဲ သူက တစ်ဖက်လူကို အလိုအလျောက် အဝေးသို့ တွန်းလွှတ်ရန် ကြိုးစားလိုက်မိသည်။
[ခင်ဗျားရဲ့ ကာရိုက်တာက အချစ်ကြောင့်ရူးသွပ်နေတဲ့ ကာရိုကိတာမျိုးပါ။ စည်းမျဥ်းတွေကို မချိုးဖောက်ပါနဲ့။ မဟုတ်ရင် ဘောနပ်စ်တွေ အလျှော့ခံရပါလိမ့်မယ်။] စနစ်က အညှာအတာမဲ့စွာ သတိပေးလာသည်။
ရှန်ယွိ , 'Fuck, ငါက ဗလက္ကာရအလုပ်ခံရတာတောင် ခုခံလို့မရဘူးလား?!'
'မင်းမှာ လူ့အခွင့်အရေးဆိုတာရော ရှိသေးရဲ့လား?!'
[လက်ထပ်ထားတဲ့ အချိန်အတောအတွင်းမှာ အိမ်ထောင်ဖက်အချင်းချင်းကြားက ရင်းနှီးတဲ့ ပတ်သတ်နှီးနွယ်မှုကို ဗလက္ကာရလုပ်တယ်လို့ မခေါ်ဆိုနိုင်ပါဘူး။]
ရှန်ယွိ , "..." ဒီစနစ်ရဲ့ ခေါင်းက အတော်လေး နေမကောင်းနေတာ ဖြစ်ရမယ်။
ရှန်ယွိထံမှ မည်သည့် ခုခံမှုမှ ရောက်မလာတော့သောကြောင့် နမ်းရခြင်း၏ အရသာကို သိသွားပြီ ဖြစ်သည့် ဖုန်းစစ်ရွေ့အတွက် သဘောတူညီမှု ရသွားသကဲ့သို့ပင် ဖြစ်သည်။ နောက်ဆုံး၌ သူက ရှန်ယွိ၏ နှုတ်ခမ်းများဆီမှ တွန့်ဆုတ်စွာ ဖယ်ခွာလိုက်ရင်း အက်ရှနေသည့် အသံနှင့် မေးလိုက်သည်။ "မင်း အခု ယုံကြည်သွားပြီလား။"
ရှန်ယွိက နစ်နာမှုကြောင့် မကျေမနပ်နှင့် သူ့နှုတ်ခမ်းများကို အကြမ်းပတမ်း ပွတ်သုတ်နေရင်း ခေါင်းမော့လာပြီး မေးလိုက်သည်။ "ဘာကို ယုံကြည်ရမှာလဲ။"
ဖုန်းစစ်ရွေ့၏ မျက်လုံးများက ပူလောင်နေဆဲ ဖြစ်သည်။ "ဒါက ကိုယ့်ရဲ့ ပထမဆုံး အနမ်းဆိုတာကိုလေ။"
ရှန်ယွိ , "..."
-- 'ဒီခွေးကောင်ရဲ့ ခေါင်းမှာလည်း ပြဿနာအကြီးကြီး ရှိနေပုံရတယ်။' (Note: ဟုတ်ပါ့ဟယ်..)
သန့်စင်ခန်းမှ ထွက်လာပြီးနောက် ဖုန်းစစ်ရွေ့၏ ခြေလှမ်းများက သွက်လက်မြန်ဆန်နေပြီး သူ့ အသွင်အပြင်နှင့် အရှိန်အဝါကလည်း ထူးခြားနေခဲ့သည်။ သူ့နှုတ်ခမ်းထောင့်တို့က လေးကိုင်းသဖွယ် ကွေးညွှတ်နေပြီး သူက အခုလေးတင် စိတ်ကျေနပ်စရာ တစ်ခုခုကို လုပ်ဆောင်လာသည်ဟု လူတိုင်းကို ပြောပြနေသလို ဖြစ်နေပေသည်။
သူနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ရှန်ယွိက အနည်းငယ် ရှက်ရွံ့နေပုံရသည်။ သူ၏ မောက်မာနေမှုက ပျောက်ကွယ်သွားပြီး ခေါင်းကို ငုံ့ထားကာ မျက်လုံးများက ဟိုရောက်ဒီရောက် ဖြစ်နေ၏။ သူက တစ်ခုခုကို ဖုံးကွယ်ရန် ကြိုးစားနေသလို ထင်မှတ်ရပေသည်။
အခြားသော စုံတွဲလေးတွဲက သူတို့ကို စိတ်ရှုပ်ထွေးနေသော မျက်လုံးများဖြင့် လှမ်းကြည့်နေခဲ့သည်။
ပြောကြသည်မှာ ဖုန်းစစ်ရွေ့နှင့် ရှန်ယွိတို့က စာချုပ်အရ လက်ထပ်ထားခြင်းသာ ဖြစ်ပြီး တစ်ယောက်နှင့် တစ်ယောက် ခံစားချက်များ မရှိဟု ဖြစ်သည်။ ထို့ကြောင့် အားလုံးက သူတို့၏ ကွာရှင်းမှုသည် ဤနှစ်မကုန်ခင်၌ပင် ဖြစ်လိမ့်မည်ဟု ခန့်မှန်းနေကြပေသည်။ သို့သော် သူတို့နှစ်ယောက် အတူတူ ရပ်နေသည်ကို မြင်လိုက်ကြသည့်အခါ လူတိုင်းသည် သူတို့ကြားမှ လေထုက အနည်းငယ် မမှန်ဖြစ်နေသည်ကို ခံစားမိလိုက်ကြပေသည်။
သူတို့နှစ်ယောက်ကြားက သိမ်မွေ့သော တုန့်ပြန်မှုက အတုအယောင် ဖြစ်ပုံမရပေ။
သူတို့အားလုံးက အနုပညာအသိုင်းအဝိုင်း သို့မဟုတ် နိုင်ငံရေးနယ်ပယ် နှင့် စီးပွားရေးလောကမှ လူများဖြစ်ကြသည်။ ထို့ကြောင့် သူတို့က သဲလွန်စတချို့ကို ထောက်လှမ်းမိကြပေသည်။
"ယို့! ရှောင်ယွိ ဘာလို့ မင်းရဲ့ နှုတ်ခမ်းက ဖြူဖျော့နေတာလဲ။ အခုပုံစံက မင်း ထွက်သွားတုန်းကနဲ့ မတူဘူးလိုပဲနော်။" ယန်ချီချီက အသံကျယ်ကျယ်နှင့် ပုံကြီးချဲ့ကာ ပြောလိုက်သည်။
သူက တမင်သက်သက် တခြားလူများ၏ ကိစ္စကို အစဆွဲထုတ်ချင်နေသကဲ့သို့ လှမ်းကြည့်လိုက်ပြီး ပြောလေသည်။ "သန့်စင်ခန်းထဲမှာ မဖြစ်သင့်တဲ့ တစ်စုံတစ်ခုများ ဖြစ်ခဲ့ကြတာများလား...။"
ရှန်ယွိက သူ့အား စူးစိုက်ကြည့်လိုက်သည်။ "ယန်ချီချီ မင်းက တခြားလူတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို လိုက်စုံစမ်းရတာ အကျင့်ဖြစ်နေတဲ့ပုံပဲ။ လက်ထပ်ပြီးတာတောင် ဘာလို့များ အဲဒီအကျင့်ကို နည်းနည်းလေးတောင် မပြောင်းလဲသေးတာလဲ။ မင်းရဲ့ ယောက်ျားက မင်းကို ဘယ်လိုပြုမူသင့်တယ်ဆိုတာ သင်မပေးထားဘူးလား။"
"မင်း-" ယန်ချီချီ၏ မျက်နှာက ပျက်လုမတတ် ဖြစ်သွားခဲ့သည်။ သို့သော် သူက တိုက်ရိုက်ထုတ်လွှင့်မှုပြုလုပ်နေသည့် ကင်မရာနှင့် မျက်နှာချင်းဆိုင် ဖြစ်နေသည်ဟု တွေးလိုက်မိပြီး သူ၏ ကျန်နေသော စကားများကို အလျင်အမြန် မြိုချလိုက်ရသည်။ သူ့ နှုတ်ခမ်းထောင့်များက ကွေးညွှတ်သွားပြီး တောက်ပသည့် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာ၏။ "ငါက မင်းရဲ့ အတွင်းရေးကိစ္စတွေကို ဘယ်လို စုံစမ်းနိုင်မှာလဲ။ ငါက မင်းကို ဂရုစိုက်ရုံလေးပါ။ မင်း ခြင်ကိုက်ခံရတာဆိုလည်း တစ်ခုခု ပြောသင့်တယ်။ ငါ ထည့်လာတဲ့ လိမ်းဆေးတွေ ရှိပါတယ်။"
"ခြင်ကိုက်တာလား။" ရှန်ယွိက တမင်သက်သက် ထိုစကားလုံးကို ရေရွတ်လိုက်ပြီး ဖုန်းစစ်ရွေ့ဘက်သို့ လှည့်ကြည့်လိုက်သည်။ "လောင်ကုန်း.. ကျွန်တော် လိမ်းဆေးတချို့ လိမ်းလိုက်သင့်လား။"
ယန်ချီချီက လှမ်းကြည့်လိုက်ပြီး သူ ပြဿနာတောထဲ ရောက်သွားခဲ့ပြီဟူသော ခံစားချက်ကို ဝေဝေဝါးဝါး ခံစားလိုက်ရသည်။ ထို့နောက် သူက ဖုန်းစစ်ရွေ့၏ ဒေါသစွက်သည့် မနှစ်မြို့သော အကြည့်စူးစူးတို့ကို မြင်လိုက်ရ၏။
-- 'ငတုံးတစ်ယောက်က အမြဲတမ်း ငတုံးဖြစ်နေမှာပဲ။ သူက ဖုန်းစစ်ရွေ့ကို ခြင်လို့ ခေါ်ပြီး လိမ်းဆေးပေးမယ်လို့တောင် ပြောနေသေးတယ်ပေါ့။'
-- 'ဒီအာဏာရှင်ကြီးက အဲဒီရန်ငြိုးကို မြိုသိပ်ပြီး မင်းကို အလွတ်ပေးမယ်လို့များ ထင်နေလား။ သူသာ အဲဒီလို လုပ်ခဲ့ရင် ငါ့အရှုံးကို ဝန်ခံလိုက်မယ်။'
မြင်ကွင်းက ခဏလောက် အေးခဲသွားခဲ့သည်။ ထို့နောက် လူတိုင်းက 'ရှိုးကောင်းကောင်းတစ်ခု ကြည့်မည်' ဟူသည့် သဘောထားကို လက်ကိုင်ထားကာ ထိုမြင်ကွင်းအား အေးစက်သောမျက်လုံးများနှင့် ကြည့်နေခဲ့၏။
သူတို့က ရသစုံရှိုးမှ ဧည့်သည်များ ဖြစ်ကြသော်လည်း စုံတွဲများက တစ်တွဲနှင့်တစ်တွဲ ရင်းနှီးခြင်း မရှိကြပေ။ သူတို့က အချင်းချင်း ရင်းနှီးစွာ စကားပြောရန် မဖြစ်နိုင်သလို တစ်ယောက်နှင့် တစ်ယောက် ဆန့်ကျင်ရန် ပို၍ပင် မဖြစ်နိုင်ကြချေ။ အထူးသဖြင့် ကျော်ကြားလှသော ဖုန်းစစ်ရွေ့က ဆန့်ကျင်ဘက်တွင် ရပ်နေသောအခါတွင် ဖြစ်၏။
ဤဥက္ကဋ္ဌက ပုံမှန်အားဖြင့် လက်လှမ်းမမီနိုင်သောသူ ဖြစ်သည်။ သူနှင့် တွေ့ဆုံသည့်အခါ တစ်စုံတစ်ယောက်က ဦးညွှတ်ကာ နှုတ်ဆက်သင့်ပေသည်။ သူက သူ၏ စကားများကို ရွှေကဲ့သို့ တန်ဖိုးထားပြီး အခြားလူများကို သူ မည်သည်ကို ဆိုလိုချင်ပြီး အမှန်တကယ် မည်သည်ကို တွေးနေသည်အား ခန့်မှန်းစေသည်။
ရှန်ယွိ၏ စကားများကို ကြားသောအခါ လူတိုင်းက သူ၏ တုန့်ပြန်မှုကို ကြားရစေရန် အာရုံစိုက်နေပြီး ရှန်ယွိ အရှက်ရမှုအား မြင်တွေ့ချင်နေကြပေသည်။
"မစ္စတာလင် ခင်ဗျားရဲ့ ချစ်ရသူလေးက တော်တော်ကို အထိန်းအကွပ်မဲ့ ပြုမူနေတာပဲ။" ဖုန်းစစ်ရွေ့က နှုတ်ခမ်းတို့ကို စေ့ပိတ်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တို့က အေးစက်စွာ တွန့်ကွေးသွားသည်။ "ခင်ဗျား သူ့ကို ကောင်းကောင်းမွန်မွန် ပြုမူတတ်အောင် မထိန်းသင့်ဘူးလား။"
လင်လုဖေးက အနည်းငယ် မှင်တက်သွားပြီး အကျင့်ဖြစ်နေသည့်အတိုင်း ရှန်ယွိအား လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက စကားပြောရန် နှုတ်ခမ်းတို့ကို လှုပ်ရှားလိုက်၏။
ထိုသေးငယ်သည့် အပြုအမူလေးက ဖုန်းစစ်ရွေ့၏ မျက်လုံးများထဲမှ ပြေးမလွတ်ခဲ့ဘဲ သူက ဆက်ပြောလိုက်သည်။ "ကျုပ် မှတ်မိသလောက်ဆိုရင် ဖုန်းအုပ်စုက ဒီနှစ်မှာ ခင်ဗျားရဲ့ ရှေ့နေရုံးနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ရှိပုံရတယ်။ ပြီးတော့ ညှိနှိုင်းမှုကလည်း အခုထိ သဘောတူညီချက် မရသေးဘူး။"
"အခုကြည့်ရတာတော့ ဆက်လုပ်ဖို့ မလိုအပ်တော့ဘူးလို့ ထင်မိတယ်။"
"ကျုပ်က လင်မိသားစု ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ ပုံစံကို သိပ်သဘောမကျဘူး။"
ဖုန်းစစ်ရွေ့က တိုတိုတုတ်တုတ်နှင့် အချက်အလက်အားလုံး ခြုံငုံကာ ပြောလိုက်ပြီး မှတ်ချက်ကဏ္ဍ၌လည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့လေသည်။
ကင်မရာက သူတို့ကို မျက်နှာချင်းဆိုင်ကနေ ပြီးပြည့်စုံစွာ ရိုက်ကူးထားပြီး ဧည့်သည် တစ်ယောက်ချင်းစီ၏ ထိတ်လန့်အံ့အားသင့်နေပုံက ထင်ထင်ရှားရှား မြင်နေရသည်။ များပြားလှသော ကျည်ဆန်မှတ်ချက်များကလည်း မျက်နှာပြင်တလျှောက် အဆက်မပြတ် တက်လာနေခဲ့၏။
[ဖုန်းလောင်ကုန်းက သူ့မိန်းမကို သူ တတ်နိုင်သမျှ အားလုံးလုပ်ပေးပြီး ကာကွယ်နေတာလား။ ဒါက တစ်သက်မှာတစ်ခါ မြင်ရခဲတဲ့ မြင်ကွင်းပဲ။]
[စာရင်းဝင်တဲ့ ကုမ္ပဏီတွေအတွက် ဘော့စ်လင်တို့ ရှေ့နေရုံးရဲ့ စာချုပ်စျေးနှုန်းက ဆယ်မီလီယံကနေ စတာ။ သူတို့က ဖုန်းအုပ်စုရဲ့ စီးပွားရေးတစ်ခုလေးကို ဆုံးရှုံးသွားခဲ့ရင်တောင် တစ်နှစ်လုံး ကြိုးစားလာခဲ့သမျှ အချည်းနှီးဖြစ်သွားတယ်လို့ ပြောလို့ရနိုင်နေပြီ။ ဖုန်းလောင်ကုန်းက တကယ်ပဲ နက်ဝေါ့ခ်တစ်ခုလုံးရဲ့ ရှေ့မှာ ပူးပေါင်းမှုကို ဖျက်သိမ်းလိုက်တော့မလို့လား။]
[သေချာပေါက်ကို ချမ်းသာတဲ့ လူတွေရဲ့ လောကက သူတို့ရဲ့ အရင်းရှင်စိတ်ဓာတ်နဲ့ ထိန်းချုပ်ခံထားရတာပဲ။ မင်းက ငါ့ဇနီးကို အနိုင်ကျင့်ရင် ငါက မင်းရဲ့ ဝင်ငွေဝင်လမ်းကို ဖြတ်တောက်ပစ်မယ်။ ဒါက အကြွင်းမဲ့ ခန့်ညားတဲ့ အပြုအမူမျိုး မဟုတ်ဘူးလား။]
စောင့်ဆိုင်းခန်းအတွင်း၌ ရှိနေသော လူများက လေထုကို ပျက်စီးစေမည့် မည်သည့် ဆူညံမှုကိုမှ မပြုလုပ်ရဲကြပေ။ ယန်ချီချီက နီရဲနေသည့် မျက်လုံးများနှင့် တောင်းပန်ချင်နေသော်လည်း သူက တစ်ခုခု မှားပြောမိမည်ကို ကြောက်ရွံ့နေသည်။ ထို့ကြောင့် သူက နေရာ၌သာ တောင့်တင်းစွာ ရပ်နေပြီး လင်လုဖေး၏ မျက်နှာကို အကဲခတ်ကြည့်လိုက်သည်။
သူသည် သူ၏ စကားများက သူ့ယေက်ျား၏ စီးပွားရေးကို သက်ရောက်သွားစေလိမ့်မည်ဟု အမှန်တကယ် ထင်မှတ်မထားခဲ့ပေ။ ရှန်ယွိ အပေါ်ထားသည့် သူ၏ အမုန်းတရားများက ရင်ထဲ၌ ပို၍ နက်ရှိုင်းလာပေသည်။
နောက်ဆုံး၌ ရှန်ယွိက အခြေအနေကို ဖြန်ဖျေရန် ရှေ့သို့ တက်လာခဲ့သည်။ "ရွေ့ကော ထပ်ပြီး မနောက်ပါနဲ့တော့။ မကြာခင် လေယာဥ်ထွက်တော့မှာ။ ရေလေးနည်းနည်းလောက် သောက်ချင်သေးလား။"
--'ခွေးကောင် ငါ့ရဲ့ ဂုဏ်သတင်းက လုံလောက်အောင် မမည်းနက်သေးဘူးလို့ ထင်နေတာလား။ အဲဒါကြောင့် ငါ့အတွက် အပုပ်အပွသတင်းတွေ ပိုထွက်လာအောင် လုပ်ပေးချင်နေတာလား။'
-- 'ဒါက ဒီအတိုင်း အငြင်းအခုန်ဖြစ်ရုံလေးပဲကို ခင်ဗျားက တခြားလူရဲ့ ဝင်ငွေအရင်းအမြစ်ကို ဖြတ်တောက်ပစ်ချင်နေတာ ဟုတ်လား။ အဲဒီ အွန်လိုင်းကီးဘုတ်ဖိုက်တာတွေက ငါ့မှာ ရက်စက်တဲ့ စိတ်ဓာတ်ရှိပြီး အဲဒီ အဖြူရောင်သိုးကလေး ယန်ကို တမင်သက်သက် အကွက်ချလုပ်ကြံတယ်လို့ ပြောကြလိမ့်မယ် သိရဲ့လား။'
-- 'ဒီခွေးကောင်မှာ ဆိုးရွားတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာပဲ။'
ဖုန်းစစ်ရွေ့ , "..." ငါ သွေးကျဆေးတစ်ပုလင်းလောက် ဆောင်ထားသင့်လား?!
=========
(ယန်ချီချီရဲ့ ယန်က သိုး(sheep) ဆိုတဲ့ အဓိပ္ပါယ်ပါ။)