🍵Chapter 313
ကျိုးရန်မှာ ဖူကျန့်ယိက သူ့ထက်ပို၍ အရှက်ကွဲခဲ့ကြောင်း ကြားလိုက်ရချိန်တွင် ရုတ်တရက်ဆိုသလို ရှက်စိတ်များ လျော့ပါးသွားပြီး ရယ်ချလိုက်သည်။
တစ်လမ်းလုံး ရယ်သံများ ပျံ့နှံ့လာခဲ့သည်။
ဝမ်ရူကွေ့က သူမ၏ အပြုံးမျက်နှာလေးကို ကြည့်ကာ နှုတ်ခမ်းထောင့်လေးများ တွန့်ကွေးသွားသည်။
ဇနီးလေးကို ပျော်ရွှင်အောင် ထားဖို့ ဆိုရင် အထိရောက်ဆုံး နည်းလမ်းက ညီအစ်ကိုတွေကို အောက်ဖဲလှန်ပေးဖို့ပဲ...
ကြည့်ရတာ နောက်ဆိုလည်း အောက်ဖဲများများ လှန်ပေးမှ ဖြစ်မယ်ထင်တယ် :)
**
ထိုအခိုက် ရထားဘူတာတွင်...
ရှစ်ရှိုးနန်၏ နှုတ်ခမ်းထက် မဲ့ပြုံးတစ်ခု ပေါ်လာပြီး ချန်ရှို့ယွင်ကို ခနဲ့တဲ့တဲ့ဖြင့် ရယ်ကာ ပြောလိုက်သည်။ "ခုနက မင်္ဂလာကားက မင်းရဲ့သားမလား... ကံကောင်းချင်တော့ မင်းက မင်းရဲ့သားက မင်းကို သတိရနေတုန်းပါလို့ ပြောရဲသေးတယ်နော်... မင်းကို သူအခုထိ ဂရုစိုက်သေးတာ ဟုတ်လား မဟုတ်လားကို ဘယ်သူက သိမှာလဲ... ဖိတ်စာလေးတစ်စောင်တောင်မှ မရဘဲနဲ့လေ... ငါအခုထိ ဖတ်တောင် မဖတ်ဖူးလိုက်ရဘူး"
ချန်ရှို့ယွင်က ခပ်သဲ့သဲ့ မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။ "စကားမပြောတတ်ရင် မပြောပါနဲ့လား... ရှင့်ကို ငတုံးလို့ အထင်မခံစေချင်ရင်"
ယခင်က ချန်ရှို့ယွင်သာ ဆိုပါက သူ့ကို ထိုလေသံဖြင့် ပြန်ပြောရဲမည် မဟုတ်ပေ။
အထူးသဖြင့် နှစ်ယောက်သား ချစ်ကျွမ်းဝင်ခဲ့သည့်အချိန်အတောအတွင်း သူမ၏ ကိုယ်ဟန်အမူအယာများက ရေကဲ့သို့ နူးညံ့ကြည်လင်နေခဲ့သည်။ နောက်ပိုင်းတွင် သူမက ရှစ်မိသားစုတွင် နှစ်နှစ်ဆယ်ကျော်ကြာ လက်ထပ်ဝင်ရောက်ခဲ့လေသည်။ သူမက ရှစ်မိသားစုတွင် ဂုဏ်သရေရှိပြီး အုပ်စိုးနိုင်သည့် ချွေးမတစ်ယောက် ဖြစ်ခဲ့သည်။ သို့သော်လည်း လွန်ခဲ့သည့် နှစ်နှစ်ခန့်ကတည်းက သူတို့က အဆက်မပြတ် အငြင်းပွားခဲ့ကြပြီး ဇနီးမောင်နှံများအကြား ချစ်ခင်တွယ်တာမှုများ မရှိခဲ့သည်မှာလည်း ကြာမြင့်လှလေပြီ။
အထူးသဖြင့် ယခင်တစ်ခေါက် ရှောင်းမိသားစုတွင် နှစ်ယောက်သား အရိုက်ခံခဲ့ရသည့် အချိန်ကတည်းက ရှစ်ရှိုးနန်၏ စိတ်အခြေအနေမှာ ပိုပို၍ ဒေါသထွက်လွယ် ဖြစ်လာပြီး အားလုံးကို သူမအပေါ် ပုံချကာ ဆူငေါက်လေ့ရှိသည်။
သူမက အစပိုင်းတွင် သည်းခံနေသေးသော်လည်း လတ်တလောတွင် သူမက ပိုပို၍ စိတ်တိုလွယ်လာကာ အရာအားလုံးက မျက်စိစပါးမွှေးစူးစရာ ဖြစ်လာသည်။
ရှစ်ရှိုးနန်မှာ ငယ်စဥ်က အမှန်ပင် ကြည့်ကောင်းချောမောသည့် လူငယ်တစ်ယောက် ဖြစ်ခဲ့သော်ငြား ယခုတွင် ခေါင်းက ပိုပိုပြောင်လာပြီး ဗိုက်ကလည်း ကိုယ်ဝန်ငါးလရှိသည့် ဗိုက်ကြီးသည်အလား ဆူထွက်နေကာ မျက်နှာထက်ရှိ အရေးအကြောင်းများကလည်း စက်ဆုပ်ဖွယ်ရာ ကောင်းလာသည်။
ထို့အပြင် နှစ်ယောက်သားက ချစ်ခင်မှုများ မရှိတော့သဖြင့် သူမကို ခနဲ့တဲ့တဲ့ စကားများ ပြောလာချိန်တွင် ထိန်းမထားနိုင်တော့ဘဲ ပြန်ပြောလိုက်မိသည်။
ရှစ်ရှိုးနန်၏ မျက်လုံးများ ဖောင်းကားလာသည်။ "ဘာပြောလိုက်တာလဲ"
ချန်ရှို့ယွင် ထပ်မပြောတော့ဘဲ မျက်မှောင်ကြုတ်ကာ ရထားရောက်မရောက်ကို ကြည့်နေသည့်အလား မျက်နှာလွှဲလိုက်သည်။
ရှောင်းမိသားစုအိမ်မှ ထွက်လာခဲ့ရသည့်အချိန်တွင် သူမက ဝမ်ရူကွေ့ကို တိတ်တဆိတ် စာရေးပို့ခဲ့ပြီး စာသုံးစောင်ကို တစ်စောင်ပြီးတစ်စောင် ပေးပို့ခဲ့သော်ငြား ပြန်စာလည်းမလာ သတင်းလည်း မကြားရပါပေ။
သူငယ်စဥ်က မိခင်ဖြစ်သူနောက်တွင် အမြီးလေးကဲ့သို့ တကောက်ကောက် လိုက်နေတတ်သည်။
ပထမဆုံးအကြိမ် သူ့ကို ရိုက်ခဲ့သည့်အခါမှာလည်း သူမက သူ့ကို အကြမ်းပတမ်း မလုပ်ရဲခဲ့ပေ။ ပထမအချက်မှာ အိမ်နီးချင်းများ ရှာတွေ့သွားမည်ကို စိုးရိမ်၍ ဖြစ်ပြီး ဒုတိယအချက်မှာ ပြန်အရိုက်ခံရမည်ကို ကြောက်ရွံ့နေ၍ ဖြစ်သည်။ သို့သော်လည်း အနိုင့်ကျင့်ခြင်းက စွဲလမ်းတတ်ပုံပေါ်သည်။ အထူးသဖြင့် အားကိုးရာမရှိသည့် ကလေးတစ်ယောက်ကို အနိုင်ကျင့်ရသည့်အချိန်တွင် ဖြစ်သည်။ ထိုခံစားချက်က အတော်လေး ကောင်းမွန်ပေသည်။
ရံဖန်ရံခါ သူမက ဝမ်ရူကွေ့လေးအား နေရာစိမ်းများကို ခေါ်သွားကာ လမ်းကြားထဲတွင် တစ်ယောက်တည်း ပစ်ထားလိုက်ပြီးနောက် သူမက အပြင်ဘက်တွင် ပုန်းနေကာ ကြောက်လန့်တကြား ငိုယိုနေသည့် ကလေးကို စောင့်ကြည့်နေတတ်သည်။ ၎င်းက အတော်လေး ရယ်စရာ ကောင်းသည်ဟု သူမ ခံစားရသည်။
ထိုကလေးက သူမထံမှ ရိုက်နှက်အနိုင်ကျင့်ခံခဲ့ရသော်လည်း သူမကို အပြစ်မတင်ခဲ့ပေ။ ကြီးပြင်းလာချိန်၌ သူမကို ပစ်ပစ်ခါခါ လုပ်လာမည်ဟု ထင်မထားခဲ့ပေ။
ရှစ်ရှိုးနန်က မနီးမဝေးမှ မိန်းမငယ်လေးကို စိုက်ကြည့်လိုက်ရာ သူမက ရှက်သွေးဖြာလျက် လှည့်သွားပြီး ခရီးဆောင်အိတ်ကိုင်ကာ ပြေးထွက်သွားသည်။
ထို့နောက် သူ့မေးကို ထိကာ အကြည့်များကို ပြန်ရုတ်လိုက်သည်။ ဘေးတဝိုက်ကို လှည့်ကြည့်လိုက်သောအခါ ချန်ရှို့ယွင်၏ မျက်နှာထက် အရေးအကြောင်းများစွာ ရှိနေသည်ကို တွေ့လိုက်ရသဖြင့် မျက်နှာထက်မှ အပြုံးသည်ပင် အရိပ်ပင် မထင်အောင် ပျောက်ကွယ်သွားလေသည်။
ထိုအခိုက် အဝေးတစ်နေရာမှ ရထားဥသြဆွဲသံ ထွက်လာသည်။
သူ ပြောလိုက်သည်။ "မင်းသူငယ်ချင်းက တကယ်ပဲ ရှန်းကျန်းမှာ အလုပ်ဖြစ်နေတာလား... သူ မင်းကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်"
ချန်ရှို့ယွင် အသိပြန်ဝင်လာပြီး သူမ၏ ခေါင်းကို လှည့်ကာ ပြောလိုက်သည်။ "သူလိမ်နေရင်တောင် ကျွန်မတို့ဘာသာ နည်းလမ်းရှာလို့ ရတယ်... ရှန်းကျန်းက အခု အထူးစီးပွားရေးဇုန် ဖြစ်နေပြီ... ပြီးတော့ စျေးနေရာကိုလည်း စုံစမ်းပြီးသွားပြီ... ပြန်ရောက်ရင် ကိုယ့်ဘာသာ စျေးဝယ်လို့ ရတယ်လေ"
သူတို့က အဝတ်အထည် စီးပွားရေးကို စတင် လုပ်ဆောင်တော့မည် ဖြစ်သည်။ သူမတွင် ရှန်းကျန်း အဝတ်အထည် လက်လီလက်ကား စျေးကွက်တွင် အလုပ်လုပ်နေသည့် သူငယ်ချင်းတစ်ယောက် ရှိသည်။ ထိုသူက နှစ်တစ်ဝက်အတွင်း ယွမ်တစ်သောင်းထက်မနည်း ရှာနိုင်ခဲ့သည်ဟု ကြားသိခဲ့ရလေသည်။
နှစ်တစ်ဝက်အတွင်း ယွမ်တစ်သောင်း ရှာနိုင်ခဲ့ခြင်းက အိမ်ထောင်စုတစ်ခုအတွက် မက်လုံးအကြီးကြီး ဖြစ်နေသည်။ ထို့ကြောင့် သူမက ရှန်းကျန်းစျေးကွက်ရှိရာသို့ မည်သည့်နည်းနှင့်မဆို သွားရမည် ဖြစ်သည်။
သူမ သူငယ်ချင်း ပြောသည့်အတိုင်းသာ အခြေအနေ ကောင်းပါက သူမက အဝတ်အထည် တစ်သုတ်ကို ဝယ်ယူကာ ပေကျင်းသို့ ပြန်လာပြီး ရောင်းချမည် ဖြစ်ပြီး ၎င်းတို့ကို ဝယ်ယူရောင်းချခြင်းဖြင့် ငွေအမြောက်အများ ရရှိလာမည် ဖြစ်သည်။
ရှစ်ရှိုးနန်သည် ကွာရှင်း၍ ချန်ရှို့ယွင်ကို လက်ထပ်ချင်ခဲ့ရသည့်အကြောင်းမှာ သူမ၏ အလှအပကြောင့်သာမက သူမ၏ လုပ်ရည်ကိုင်ရည်ကြောင့်လည်း ပါသေးသည်။
အရာအားလုံးကို သူမ စီစဥ်ထားပြီးဖြစ်ကြောင်း တွေ့လိုက်ရသည့်အခါ စိတ်ကျေနပ်စွာဖြင့် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။ "မင်းလုပ်ထားပြီးသွားပြီဆိုရင် ငါစိတ်အေးရပါပြီ"
ပြောပြီးနောက် သူမ၏ ခါးလေးကို ဆိတ်ဆွဲလိုက်ရာ ချန်ရှို့ယွင် မျက်မှောင်ကြုတ်ပြီး ခြေနှစ်လှမ်းလောက်ဆုတ်သွားလေသည်။
ရှစ်ရှိုးနန်၏ မျက်နှာ လုံးဝ မဲပုတ်သွားလေသည်။
🍵
ကားရှစ်စီးက တစ်ပတ်ပတ်ပြီးမှ ဝမ်အိမ်သို့ ပြန်လာခဲ့သည်။ ဝမ်အိမ်၏ တံခါးဝ၌ မီးပန်းဖောက်သံများ သောသောညံလာပြီး အလွန်အမင်း လှုပ်ရှားသက်ဝင်နေပေသည်။
"ကားလာပြီ... သတို့သမီး ရောက်လာပြီ"
"သတို့သမီး လှလှလေးနဲ့ သတို့သား ချောချောလေးလေ"
"နှစ်ယောက်သားက ကောင်းကင်ဘုံက တွဲဖက်ထားတဲ့ စုံတွဲပဲ"
လူတိုင်းက မင်္ဂလာရှိသော စကားများကို ပြောဆိုနေကြပြီး ဝမ်မိသားစု၏ ဆွေမျိုးများက လာရောက်ကြည့်ရှုကြသူများကို မင်္ဂလာသကြားလုံးများ ဝေပေးနေလေရာ လူတိုင်းက အတူတကွ ပျော်ရွှင်နိုင်ကြမည် ဖြစ်သည်။
အပြုံးများ လျှံဝေ၍ နေလေသည်။
ထုံရွှယ်လူက ဝမ်ရူကွေ့၏ ဦးဆောင်မှုနောက်မှ ဝမ်အိမ်ထဲသို့ ဝင်လာခဲ့ပြီး နှလုံးသားထဲတွင် ထူးဆန်းနေလေသည်။
အတိတ်တွင် သူမက ဒုတိယမျိူးဆက်လူချမ်းသာသခင်လေး တစ်ယောက်နှင့် လက်ထပ်ပြီးနောက် သူတော်ကောင်းယောင်ဆောင်ထားသည့် ဘဝတွင် နေထိုင်ရမည်ဟု တွေးထားခဲ့သည်။ ဤအစားအသောက်နှင့် အဝတ်အစားများ ရှိနေသည့် ခေတ်ကို အခြေပြုထားသည့် စာအုပ်တစ်အုပ်ထဲသို့ ကူးပြောင်းလာကာ အချစ်စစ်နှင့်ပါ တွေ့ဆုံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အချစ်တဲ့လား...
အရင်ဘဝတွင် လူတစ်ယောက်ယောက်ကသာ သူမကို ထိုစကားလုံးနှစ်လုံးအကြောင်း ပြောခဲ့ပါက သေချာပေါက် အလွန် ရယ်စရာကောင်းသည်ဟု ခံစားရမည်ဖြစ်သော်လည်း ယခုတွင် သူမ၏ ခေါင်းလေးကို မော့ကာ သူမဘေးမှ ဝမ်ရူကွေ့ကို ကြည့်လိုက်သည်။
မျက်စိကျိန်းလောက်ဖွယ် အလင်းတန်းများက သူ့အပေါ် တလက်လက် တောက်ပနေပြီး အနက်ရောင်ဆံနွယ်များထက် ရွှေအိုရောင် အလင်းတန်းလွှာလေး ဖုံးအုပ်နေလေသည်။
နေရောင်ခြည်အောက်တွင် သူ့မျက်နှာ အစိတ်အပိုင်းများက သုံးဖက်မြင်ပုံစံ ဖြစ်နေပြီး ဘေးတိုက်မျက်နှာက အပြစ်အနာအဆာမရှိ ပြီးပြည့်စုံနေသည်။ သူမ မည်မျှပင် ကြည့်နေပါစေ ဘယ်တော့မှ ငြီးငွေ့သွားမည် မဟုတ်ပေ။
သူမထံမှ အကြည့်များ ရရှိလိုက်သဖြင့် ဝမ်ရူကွေ့ ခေါင်းငုံ့ကာ သူမကို ကြည့်လာခဲ့သည်။ "ဘာဖြစ်လို့လဲ"
ထုံရွှယ်လူ သူ့ကို မျက်တောင်များ တဖျတ်ဖျတ်ခတ်ကာ ကြည့်လာပြီးနောက် ပြုံးပြလိုက်သည်။ "ဘာရယ်မှ မဟုတ်ပါဘူး... ဒီနေ့ အရမ်းချောနေတယ်လို့ တွေးမိသွားလို့"
"ဝုန်း" ဟုဆိုကာ ဝမ်ရူကွေ့၏ နားရွက်ဖျားလေးများမှာ သာမန်မျက်စိဖြင့် မြင်နိုင်သည်အထိ နီရဲလာခဲ့သည်။
ထုံရွှယ်လူ၏ နှုတ်ခမ်းထောင့်လေးများက မျက်လုံးအောက်သို့ ရောက်သည်အထိ ကျယ်ပြန့်၍ လာခဲ့သည်။ ထိုသူက ဖြူစင်လွန်းသဖြင့် စကားတစ်ခွန်းနှစ်ခွန်း ပြောလိုက်လျှင်ပင် ရှက်သွေးဖြာသွားလေသည်။
သူမက ရုတ်တရက်ဆိုသလို မင်္ဂလာဦးညတွင် မင်္ဂလာဦးခန်းမထဲတွင် ဖြစ်လာမည့်ကိစ္စများကို မျှော်လင့်မိနေခဲ့သည်။
အိမ်တံခါးကို ဖြတ်ဝင်လာသောအခါ နူးနူးညံ့ညံ့ လေသံလေးတစ်ခုက သူမ၏ နားရွက်ဖျားအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ "မင်း ဒီနေ့ အရမ်းလှနေတယ်... ကိုယ် အရမ်းသဘောကျတယ်"
အသက်ရှူသံနွေးနွေးလေးက နားရွက်ဖျားထက် ရိုက်ခတ်လာခဲ့ပြီး ငှက်မွှေးလေးနှင့် ခြစ်လိုက်သလို ယားကျိကျိ ဖြစ်လာခဲ့သည်။
ထုံရွှယ်လူ မနေနိုင်ဘဲ တုန်ယင်သွားပြီး ပထမဆုံးအကြိမ်အဖြစ် နားရွက်များ နီရဲလာခဲ့သည်။
ဝမ်ရူကွေ့က သူမ၏ နားရွက်လေးများကို သတိပြုမိသဖြင့် ရုတ်တရက်ဆိုသလို ၎င်းတို့ကို ဆွဲမိသွားချင်ခဲ့သည်။
ကျိုးရန်နှင့် ဟွမ်ချီမင်တို့က သူတို့နောက်မှ လိုက်လာခဲ့ကြပြီး လမ်းတလျှောက်လုံး ခွေးစာများ စားလာခဲ့ရသဖြင့် နောက်ထပ်ဘာကိုမှ ထပ်မစားနိုင်ကြတော့ပေ။
ကောင်းလိုက်တဲ့ အထောက်အပံ့...
ဝမ်အိမ်၏ ဧည့်ခန်းထဲသို့ ဝင်လာသောအခါ ထုံရွှယ်လူနှင့် ဝမ်ရူကွေ့တို့ ဒူးထောက်ကာ လက်ဖက်ရည်ဆက်ရန် ဦးညွှတ်လိုက်ကြသည်။
ဗိုလ်မှူးရှောင်း၏ ဝမ်းနည်းမှုနှင့် မတူစွာပင် မစ္စတာဝမ်မှာ မနက်ကတည်းက ပါးစပ်မစိရသေးပေ။
"ကောင်းပြီ... ငါ့မြေးနှစ်ယောက် အနာဂါတ်မှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ကြပါရစေ... ကဲ ထကြတော့"
မစ္စတာဝမ်က သူတို့နှစ်ယောက်ထံမှ လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး တစ်ခွက်စီမှ တစ်ငုံစီသောက်ကာ မနက်ကတည်းက ပြင်ဆင်ထားသည့် စာအိတ်နီများကို ထုတ်၍ ကမ်းပေးလိုက်သည်။
စာအိတ်နီက ထူထဲလှပြီး မစ္စတာဝမ် မည်မျှဆန္ဒရှိပြီး ပျော်ရွှင်နေသည်ကို အတတ်ပြောနိုင်ပေသည်။
သူတို့က မင်္ဂလာပွဲကို ဟိုတယ်တွင် မကျင်းပခဲ့ပေ။ မင်္ဂလာဧည့်ခံပွဲကို ဝမ်ရှောင်းမိသားစု၏ ခြံဝင်းထဲတွင် ကျင်းပခဲ့သည်။ ခြံဝင်းက အားလုံးကို တည်ခင်းဧည့်ခံရန် ကျယ်ဝန်းလှပေသည်။
ယနေ့တွင် ဝမ်ရှောင်းမိသားစု၏ ဆွေမျိုးများနှင့် မိတ်ဆွေများအပြင် လူအိုကြီးဝမ်နှင့် ဗိုလ်မှူးရှောင်း၏ ရဲဘော်ရဲဘက်များလည်း ပါဝင်ကြပေသည်။ ဤလူများမှာ သာမန်လူများ မဟုတ်ကြဘဲ ကြုံရာလူတစ်ယောက်၏ ဂုဏ်ပုဒ်တစ်ခုကပင် အသက်ရှူရန် လန့်ဖျတ်သွားစေသည်။
ခေါင်းဆောင်ကျွမ်းနှင့် ရူကွေ့၏ ဆရာ ကျောင်းပေါရှန်းသည်လည်း ရောက်လာခဲ့ကြသည်။
ကျောင်းပေါရှန်းက စက်မှုပညာအဖွဲ့အစည်း၏ ဒါရိုက်တာနေရာမှ အနားယူပြီးနောက် သိပ္ပံနှင့် နည်းပညာအဖွဲ့အစည်း၏ ဥက္ကဌအဖြစ် ရာထူးအတိုးခံရပြီး နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာန၏ ငါးကြိမ်မြောက် သုတေသနအဖွဲ့အစည်းတွင် ဒါရိုက်တာအဖြစ်နှင့် ခုနစ်ခုမြောက် စက်မှုပညာဌာနတွင် ဒုတိယညွှန်ကြားရေးမှုး အဖြစ်လည်း တာဝန်ထမ်းဆောင်နေခဲ့သည်။
ထိုဆယ်နှစ်အတွင်း ကျောင်းပေါရှန်းက တိုင်းပြည်၏ ဒုံးကျည်နှင့် လေယာဥ်ထုတ်လုပ်ရေး နယ်ပယ်တွင် များစွာ အကျိုးပြုခဲ့သည်။ အစိုးရဘက်မှ မူလတွင် သူ့အား ရာထူးများ ထပ်ယူစေချင်သေးသော်လည်း ငြင်းဆန်ခဲ့လေသည်။
သူက သိပ္ပံနှင့် နည်းပညာပညာရှင်တစ်ယောက်သာ ဖြစ်၍ သူ့တာဝန်မှာ တိုင်းပြည်အတွက် အဆင့်မြင့်ဒုံးကျည်လက်နက်များ ပိုမိုထုတ်လုပ်ရေးကို လေ့လာရန်သာ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ ထိုလေးစားစရာ ပုံရိပ်များကြောင့် လူတိုင်းက သူ့အား ပိုပို၍ လေးစားလာကြလေသည်။
ထုံရွှယ်လူ၏ အခန်းဖော်များသည်လည်း ရာထူးကြီးလူများ ဝင်လိုက်ထွက်လိုက် ရောက်ရှိလာကြသည်ကို တွေ့သောအခါ အထူးတဆန်း ဖြစ်ကာ သက်ပြင်းလည်း ချလိုက်ကြသည်။
"ငါကလေ ချိုက်ရှင်းရဲ့ မိသားစုနောက်ခံကိုက တအားကြီးလှပြီလို့ တွေးနေခဲ့တာ... အခု ကြည့်ရတာ ရွှယ်လူက အရမ်း သိုသိုသိပ်သိပ် နေခဲ့တာပဲ" ရှဲ့ရှောင်ယန့် သက်ပြင်းချလိုက်သည်။ လင်းလန်ကျွမ်းနှင့် ထျန်ဖုန်းကျစ်တို့လည်း ခေါင်းတဆတ်ဆတ် ငြိမ့်ပြလိုက်ကြသည်။
အဆောင်တစ်ခုတည်းတွင် သုံးနှစ်တာ နေထိုင်ခဲ့ပြီးနောက် ထုံရွှယ်လူဘက်မှ အိမ်အခြေအနေအကြောင်း ပြောသည်မှာ ရှားပါးလှသဖြင့် ကျောင်းစတက်စဥ် သူမ၏ အဘိုးက ဗိုလ်မှူးတစ်ယောက် ဖြစ်ကြောင်းသာ သိခဲ့ရသည်။
သူမ၏ပုံစံက ချဥ်းကပ်ရလွယ်ကူပြီး မိုက်ရူးရဲဆန်ဆန် လက္ခဏာများလည်း မပြလေရာ သူမတို့ကလည်း အလေးအနက် မမှတ်ထားခဲ့ခြင်း ဖြစ်သည်။
မထင်မှတ်ထားစွာပင် သူမက အလွန် သိုသိပ်စွာ နေထိုင်ခဲ့သည်။ ထိုကဲ့သို့သော နောက်ခံမျိုးဖြင့် ဆိုပါက ချိုက်ရှင်းသည်ပင် သူမကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်ငြား နောက်ထပ်လအနည်းငယ်အတွင်း ချန်ချိုက်ရှင်းက မိဘများထံမှ သင်ကြားပြသပေးခံရပုံပေါ်ပြီး သူမနှင့် နောက်ပါးမှ ယောကျ်ားတစ်ယောက်ကိုလည်း ဖမ်းမိသွားခဲ့သည်။
စကားအများဆုံးဖြစ်ပြီး ပေါင်းသင်းဆက်ဆံရေးအကောင်းဆုံး ဖြစ်သည့် ကျန်းပိုင်ဟွေ့မှာ ထိုအခိုက်တွင် ပါးစပ်ကို အပ်နှင့် ချုပ်ခံထားရသည့်အလား အချိန်အတော်ကြာသည်အထိ အသံတစ်သံမှ ထွက်မလာခဲ့ပေ။
ရှဲ့ရှောင်ယန့်က သူမကို တံတောင်ဖြင့် တွတ်လိုက်သည်။ "နင်ဘာဖြစ်နေတာလဲ... ရာထူးကြီးလူတွေ တွေ့လိုက်ရတော့ လန့်သွားတာလား"
ကျန်းပိုင်ဟွေ့မှာ အသိပြန်ဝင်လာပုံရပြီး ကသိကအောက်ဖြင့် ပြုံးလိုက်သည်။ "ဘာမှမဟုတ်ပါဘူး... အိမ်အကြောင်းကို တွေးမိသွားလို့ပါ... ဒါပေမယ့် ဒီနေ့လာတဲ့သူတွေက တကယ့်ရာထူးကြီးလူတွေပဲနော်... နောက်ဆို စကားပြော မမှားမ်အောင် နေရမယ်"
ရှဲ့ရှောင်ယန့် ပြုံး၍ ပြောလိုက်သည်။ "မပူပါနဲ့... ငါက ခဏလောက်တော့ သွားမပေါ်အောင် ပြုံးပြီး အိန္ဒြေသိက္ခါ အရှိဆုံး အမျိုးသမီးတစ်ယောက်လို ဟန်ဆောင်လိုက်ဦးမယ်..."
အခြားသူများ ရယ်မောလိုက်ကြသည်။
ကျန်းပိုင်ဟွေ့သည်လည်း ရယ်မောလိုက်သော်ငြား အပြုံးက ဟက်ဟက်ပက်ပက် သိပ်မရှိလှပေ။