အပိုင်း၃၁၃
Viewers 70k

🍵Chapter 313




ကျိုးရန်မှာ ဖူကျန့်ယိက သူ့ထက်ပို၍ အရှက်ကွဲခဲ့​ကြောင်း ကြားလိုက်ရချိန်တွင် ရုတ်တရက်ဆိုသလို ရှက်စိတ်များ ​လျော့ပါးသွားပြီး ရယ်ချလိုက်သည်။


တစ်လမ်းလုံး ရယ်သံများ ပျံ့နှံ့လာခဲ့သည်။


ဝမ်ရူ​ကွေ့က သူမ၏ အပြုံးမျက်နှာ​လေးကို ကြည့်ကာ နှုတ်ခမ်း​ထောင့်​လေးများ တွန့်​ကွေးသွားသည်။ 


ဇနီး​လေးကို ​ပျော်ရွှင်​အောင် ထားဖို့ ဆိုရင် အထိ​ရောက်ဆုံး နည်းလမ်းက ညီအစ်ကို​တွေကို ​အောက်ဖဲလှန်​ပေးဖို့ပဲ...


ကြည့်ရတာ ​နောက်ဆိုလည်း ​အောက်ဖဲများများ လှန်​ပေးမှ ဖြစ်မယ်ထင်တယ် :)


**


ထိုအခိုက် ရထားဘူတာတွင်...


ရှစ်ရှိုးနန်၏ နှုတ်ခမ်းထက် မဲ့ပြုံးတစ်ခု ​ပေါ်လာပြီး ချန်ရှို့ယွင်ကို ခနဲ့တဲ့တဲ့ဖြင့် ရယ်ကာ ​ပြောလိုက်သည်။ "ခုနက မင်္ဂလာကားက မင်းရဲ့သားမလား... ကံ​ကောင်းချင်​တော့ မင်းက မင်းရဲ့သားက မင်းကို သတိရ​နေတုန်းပါလို့ ​ပြောရဲ​​သေးတယ်​နော်... မင်းကို သူအခုထိ ဂရုစိုက်​သေးတာ ဟုတ်လား မဟုတ်လားကို ဘယ်သူက သိမှာလဲ... ဖိတ်စာ​လေးတစ်​စောင်​တောင်မှ မရ​ဘဲနဲ့​လေ... ငါအခုထိ ဖတ်​တောင် မဖတ်ဖူးလိုက်ရဘူး"


ချန်ရှို့ယွင်က ခပ်သဲ့သဲ့ မျက်​မှောင်ကြုတ်လိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။ "စကားမ​ပြောတတ်ရင် မ​ပြောပါနဲ့လား... ရှင့်ကို ငတုံးလို့ အထင်မခံ​စေချင်ရင်"


ယခင်က ချန်ရှို့ယွင်သာ ဆိုပါက သူ့ကို ထို​လေသံဖြင့် ပြန်​​​ပြောရဲမည် မဟုတ်​ပေ။


အထူးသဖြင့် နှစ်​ယောက်သား ချစ်ကျွမ်းဝင်ခဲ့သည့်အချိန်အ​တောအတွင်း သူမ၏ ကိုယ်ဟန်အမူအယာများက ​ရေကဲ့သို့ နူးညံ့ကြည်လင်​နေခဲ့သည်။ ​နောက်ပိုင်းတွင် သူမက ရှစ်မိသားစုတွင် နှစ်နှစ်ဆယ်​ကျော်ကြာ လက်ထပ်ဝင်​ရောက်ခဲ့​လေသည်။ သူမက ရှစ်မိသားစုတွင် ဂုဏ်သ​ရေရှိပြီး အုပ်စိုးနိုင်သည့် ​ချွေးမတစ်​ယောက် ဖြစ်ခဲ့သည်။ သို့​သော်လည်း လွန်ခဲ့သည့် နှစ်နှစ်ခန့်ကတည်းက သူတို့က အဆက်မပြတ် အငြင်းပွားခဲ့ကြပြီး ဇနီး​မောင်နှံများအကြား ချစ်ခင်တွယ်တာမှုများ မရှိခဲ့သည်မှာလည်း ကြာမြင့်လှ​လေပြီ။


အထူးသဖြင့် ယခင်တစ်​ခေါက် ရှောင်းမိသားစုတွင် နှစ်​ယောက်သား အရိုက်ခံခဲ့ရသည့် အချိန်ကတည်းက ရှစ်ရှိုးနန်၏ စိတ်အ​ခြေအ​နေမှာ ပိုပို၍ ​ဒေါသထွက်လွယ် ဖြစ်လာပြီး အားလုံးကို သူမအ​ပေါ် ပုံချကာ ဆူ​​ငေါက်​လေ့ရှိသည်။ 


သူမက အစပိုင်းတွင် သည်းခံ​နေ​သေး​သော်လည်း လတ်တ​လောတွင် သူမက ပိုပို၍ စိတ်တိုလွယ်လာကာ အရာအားလုံးက မျက်စိစပါး​မွှေးစူးစရာ ဖြစ်လာသည်။


ရှစ်ရှိုးနန်မှာ ငယ်စဥ်က အမှန်ပင် ကြည့်​ကောင်း​ချော​မောသည့် လူငယ်တစ်​ယောက် ဖြစ်ခဲ့​သော်ငြား ယခုတွင် ​ခေါင်းက ပိုပို​ပြောင်လာပြီး ဗိုက်ကလည်း ကိုယ်ဝန်ငါးလရှိသည့် ဗိုက်ကြီးသည်အလား ​ဆူထွက်​နေကာ မျက်နှာထက်ရှိ အ​ရေးအ​ကြောင်းများကလည်း စက်ဆုပ်ဖွယ်ရာ ​ကောင်းလာသည်။


ထို့အပြင် နှစ်​​ယောက်သားက ချစ်ခင်မှုများ မရှိ​တော့သဖြင့် သူမကို ခနဲ့တဲ့တဲ့ စကားများ ​ပြောလာချိန်တွင် ထိန်းမထားနိုင်​တော့ဘဲ ပြန်​ပြောလိုက်မိသည်။


ရှစ်ရှိုးနန်၏ မျက်လုံးများ ​ဖောင်းကားလာသည်။ "ဘာ​​ပြောလိုက်တာလဲ"


ချန်ရှို့ယွင် ထပ်မ​ပြော​တော့ဘဲ မျက်​မှောင်ကြုတ်ကာ ရထား​​​ရောက်မရောက်ကို ကြည့်​နေသည့်အလား မျက်နှာလွှဲလိုက်သည်။ 


​ရှောင်းမိသားစုအိမ်မှ ထွက်လာခဲ့ရသည့်အချိန်တွင် သူမက ဝမ်ရူ​ကွေ့ကို တိတ်တဆိတ် စာ​ရေးပို့ခဲ့ပြီး စာသုံး​စောင်ကို တစ်​စောင်ပြီးတစ်​စောင် ​ပေးပို့ခဲ့​သော်ငြား ပြန်စာလည်းမလာ သတင်းလည်း မကြားရပါ​ပေ။ 


သူငယ်စဥ်က မိခင်ဖြစ်သူ​နောက်တွင် အမြီး​လေးကဲ့သို့ တ​ကောက်​ကောက် လိုက်​နေတတ်သည်။ 


ပထမဆုံးအကြိမ် သူ့ကို ရိုက်ခဲ့သည့်အခါမှာလည်း သူမက သူ့ကို အကြမ်းပတမ်း မလုပ်ရဲခဲ့​ပေ။ ပထမအချက်မှာ အိမ်နီးချင်းများ ရှာ​တွေ့သွားမည်ကို စိုးရိမ်၍ ဖြစ်ပြီး ဒုတိယအချက်မှာ ပြန်အရိုက်ခံရမည်ကို ​ကြောက်ရွံ့​နေ၍ ဖြစ်သည်။ သို့​သော်လည်း အနိုင့်ကျင့်ခြင်းက စွဲလမ်းတတ်ပုံ​ပေါ်သည်။ အထူးသဖြင့် အားကိုးရာမရှိသည့် က​လေးတစ်​ယောက်ကို အနိုင်ကျင့်ရသည့်အချိန်တွင် ဖြစ်သည်။ ထိုခံစားချက်က အ​တော်​လေး ​ကောင်း​​မွန်ပေသည်။ 


ရံဖန်ရံခါ သူမက ဝမ်ရူ​​ကွေ့​လေးအား ​နေရာစိမ်းများကို ​ခေါ်သွားကာ လမ်းကြားထဲတွင် တစ်​ယောက်တည်း ပစ်ထားလိုက်ပြီး​နောက် သူမက အပြင်ဘက်တွင် ပုန်း​​နေကာ ​ကြောက်လန့်တကြား ငိုယို​နေသည့် က​လေးကို ​စောင့်ကြည့်​နေတတ်သည်။ ၎င်းက အ​တော်​လေး ရယ်စရာ ​ကောင်းသည်ဟု သူမ ခံစားရသည်။ 


ထိုက​လေးက သူမထံမှ ရိုက်နှက်အနိုင်ကျင့်ခံခဲ့ရ​သော်လည်း သူမကို အပြစ်မတင်ခဲ့​ပေ။ ကြီးပြင်းလာချိန်၌ သူမကို ပစ်ပစ်ခါခါ လုပ်လာမည်ဟု ထင်မထားခဲ့​ပေ။ 


ရှစ်ရှိုးနန်က မနီးမ​ဝေးမှ မိန်းမငယ်​လေးကို စိုက်ကြည့်လိုက်ရာ သူမက ရှက်​သွေးဖြာလျက် လှည့်သွားပြီး ခရီး​ဆောင်အိတ်ကိုင်ကာ ​ပြေးထွက်သွားသည်။


ထို့နောက် ​​သူ့​မေးကို ထိကာ အကြည့်များကို ပြန်ရုတ်လိုက်သည်။ ​ဘေးတဝိုက်ကို လှည့်ကြည့်လိုက်​သောအခါ ချန်ရှို့ယွင်၏ မျက်နှာထက် အ​ရေးအ​ကြောင်းများစွာ ရှိ​နေသည်ကို ​တွေ့လိုက်ရသဖြင့် မျက်နှာထက်မှ အပြုံးသည်ပင် အရိပ်ပင် မထင်​​အောင် ​ပျောက်ကွယ်သွား​လေသည်။ 


ထိုအခိုက် အ​ဝေးတစ်​နေရာမှ ရထားဥသြဆွဲသံ ထွက်လာသည်။


သူ ​ပြောလိုက်သည်။ "မင်းသူငယ်ချင်းက တကယ်ပဲ ရှန်းကျန်းမှာ အလုပ်ဖြစ်​နေတာလား... သူ မင်းကို လိမ်​နေတာ​တော့ မဟုတ်ပါဘူး​နော်"


ချန်ရှို့ယွင် အသိပြန်ဝင်လာပြီး သူမ၏ ​ခေါင်းကို လှည့်ကာ ​ပြောလိုက်သည်။ "သူလိမ်​နေရင်​တောင် ကျွန်မတို့ဘာသာ နည်းလမ်းရှာလို့ ရတယ်... ရှန်းကျန်းက အခု အထူးစီးပွား​ရေးဇုန် ဖြစ်​နေပြီ... ပြီး​​တော့ ​စျေး​နေရာကိုလည်း စုံစမ်းပြီးသွားပြီ... ပြန်​ရောက်ရင် ကိုယ့်ဘာသာ ​စျေးဝယ်လို့ ရတယ်​လေ"


သူတို့က အဝတ်အထည် စီးပွား​ရေးကို စတင် လုပ်​ဆောင်​တော့မည် ဖြစ်သည်။ သူမတွင် ရှန်းကျန်း အဝတ်အထည် လက်လီလက်ကား ​စျေးကွက်တွင် အလုပ်လုပ်​နေသည့် သူငယ်ချင်းတစ်​ယောက် ရှိသည်။ ထိုသူက နှစ်တစ်ဝက်အတွင်း ယွမ်တစ်​​သောင်းထက်မနည်း ရှာနိုင်ခဲ့သည်ဟု ကြားသိခဲ့ရ​လေသည်။ 


နှစ်တစ်ဝက်အတွင်း ယွမ်တစ်​သောင်း ရှာနိုင်ခဲ့ခြင်းက အိမ်​ထောင်စုတစ်ခုအတွက် မက်လုံးအကြီးကြီး ဖြစ်​နေသည်။ ထို့​ကြောင့် သူမက ရှန်းကျန်း​စျေးကွက်ရှိရာသို့ မည်သည့်နည်းနှင့်မဆို သွားရမည် ဖြစ်သည်။


သူမ သူငယ်ချင်း ​ပြောသည့်အတိုင်းသာ အ​ခြေအ​နေ ​ကောင်းပါက သူမက အဝတ်အထည် တစ်သုတ်ကို ဝယ်ယူကာ ​ပေကျင်းသို့ ပြန်လာပြီး ​ရောင်းချမည် ဖြစ်ပြီး ၎င်းတို့ကို ဝယ်ယူ​ရောင်းချခြင်းဖြင့် ​ငွေအ​မြောက်အများ ရရှိလာမည် ဖြစ်သည်။


ရှစ်ရှိုးနန်သည် ကွာရှင်း၍ ချန်ရှို့ယွင်ကို လက်ထပ်ချင်ခဲ့ရသည့်အ​ကြောင်းမှာ သူမ၏ အလှအပ​ကြောင့်သာမက သူမ၏ လုပ်ရည်ကိုင်ရည်​ကြောင့်လည်း ပါ​သေးသည်။ 


အရာအားလုံးကို သူမ စီစဥ်ထားပြီးဖြစ်​ကြောင်း ​တွေ့လိုက်ရသည့်အခါ စိတ်​ကျေနပ်စွာဖြင့် ​ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။ "မင်းလုပ်ထားပြီးသွားပြီဆိုရင် ငါစိတ်​​အေးရပါပြီ"


​ပြောပြီး​နောက် သူမ၏ ခါး​လေးကို ဆိတ်ဆွဲလိုက်ရာ ချန်ရှို့ယွင် မျက်​မှောင်ကြုတ်ပြီး ​ခြေနှစ်လှမ်း​လောက်ဆုတ်သွား​လေသည်။


ရှစ်ရှိုးနန်၏ မျက်နှာ လုံးဝ မဲပုတ်သွား​လေသည်။


🍵


ကားရှစ်စီးက တစ်ပတ်ပတ်ပြီးမှ ဝမ်အိမ်သို့ ပြန်လာခဲ့သည်။ ဝမ်အိမ်၏ တံခါးဝ၌ မီးပန်း​ဖောက်သံများ ​​သော​သောညံလာပြီး အလွန်အမင်း လှုပ်ရှားသက်ဝင်​နေ​ပေသည်။


"ကားလာပြီ... သတို့သမီး ​ရောက်လာပြီ"


"သတို့သမီး လှလှ​လေးနဲ့ သတို့သား ​ချော​ချော​လေး​လေ"


"နှစ်​ယောက်သားက ​ကောင်းကင်ဘုံက တွဲဖက်ထားတဲ့ စုံတွဲပဲ"


လူတိုင်းက မင်္ဂလာရှိ​သော စကားများကို​ ​ပြောဆို​နေကြပြီး ဝမ်မိသားစု၏ ​ဆွေ​မျိုးများက လာ​ရောက်ကြည့်ရှုကြသူများကို မင်္ဂလာသကြားလုံးများ ​ဝေ​ပေး​နေ​လေရာ လူတိုင်းက အတူတကွ ​ပျော်ရွှင်နိုင်ကြမည် ဖြစ်သည်။ 


အပြုံးများ လျှံ​ဝေ၍ ​နေ​​လေသည်။


ထုံရွှယ်လူက ဝမ်ရူ​ကွေ့၏ ဦး​ဆောင်မှု​နောက်မှ ဝမ်အိမ်ထဲသို့ ဝင်လာခဲ့ပြီး နှလုံးသားထဲတွင် ထူးဆန်း​နေ​လေသည်။


အတိတ်တွင် သူမက ဒုတိယမျိူးဆက်လူချမ်းသာသခင်​လေး တစ်​ယောက်နှင့် လက်ထပ်ပြီး​နောက် သူ​တော်​ကောင်း​ယောင်​ဆောင်ထားသည့် ဘဝတွင် ​နေထိုင်ရမည်ဟု ​တွေးထားခဲ့သည်။ ဤအစားအ​သောက်နှင့် အဝတ်အစားများ ရှိ​နေသည့် ​ခေတ်ကို အ​ခြေပြုထားသည့် စာအုပ်တစ်အုပ်ထဲသို့ ကူး​ပြောင်းလာကာ အချစ်စစ်နှင့်ပါ ​တွေ့ဆုံရလိမ့်မည်ဟု မထင်ထားခဲ့​ပေ။


အချစ်​တဲ့လား...


အရင်ဘဝတွင် လူတစ်​ယောက်​ယောက်ကသာ သူမကို ထိုစကားလုံးနှစ်လုံးအ​ကြောင်း ​ပြောခဲ့ပါက ​သေချာ​ပေါက် ​အလွန် ရယ်စရာ​ကောင်းသည်ဟု ခံစားရမည်ဖြစ်​သော်လည်း ယခုတွင် သူမ၏ ​ခေါင်း​လေးကို ​မော့ကာ သူမ​ဘေးမှ ဝမ်ရူ​ကွေ့ကို ကြည့်လိုက်သည်။ 


မျက်စိကျိန်း​လောက်ဖွယ် အလင်းတန်းများက သူ့အ​ပေါ် တလက်လက် ​တောက်ပ​နေပြီး အနက်​​ရောင်ဆံနွယ်များထက် ​ရွှေအို​ရောင် အလင်းတန်းလွှာ​လေး ဖုံးအုပ်​နေ​လေသည်။ 


​နေ​ရောင်ခြည်​အောက်တွင် သူ့မျက်နှာ အစိတ်အပိုင်းများက သုံးဖက်မြင်ပုံစံ ဖြစ်​နေပြီး ​ဘေးတိုက်မျက်နှာက အပြစ်အနာအဆာမရှိ ပြီးပြည့်စုံ​နေသည်။ သူမ မည်မျှပင် ကြည့်​နေပါ​စေ ဘယ်​တော့မှ ငြီး​ငွေ့သွားမည် မဟုတ်​ပေ။ 


သူမထံမှ အကြည့်များ ရရှိလိုက်သဖြင့် ဝမ်ရူ​ကွေ့ ​ခေါင်းငုံ့ကာ သူမကို ကြည့်လာခဲ့သည်။ "ဘာဖြစ်လို့လဲ"


ထုံရွှယ်လူ သူ့ကို မျက်​တောင်များ တဖျတ်ဖျတ်ခတ်ကာ ကြည့်လာပြီး​နောက် ပြုံးပြလိုက်သည်။ "ဘာရယ်မှ မဟုတ်ပါဘူး... ဒီ​နေ့ အရမ်း​​ချော​နေတယ်လို့ ​တွေးမိသွားလို့"


"ဝုန်း" ဟုဆိုကာ ဝမ်ရူ​ကွေ့၏ နားရွက်ဖျား​လေးများမှာ သာမန်မျက်စိဖြင့် မြင်နိုင်သည်အထိ နီရဲလာခဲ့သည်။ 


ထုံရွှယ်လူ၏ နှုတ်ခမ်း​ထောင့်​လေးများက မျက်လုံး​အောက်သို့ ​ရောက်သည်အထိ ကျယ်ပြန့်၍ လာခဲ့သည်။ ထိုသူက ဖြူစင်လွန်းသဖြင့် စကားတစ်ခွန်းနှစ်ခွန်း ​ပြောလိုက်လျှင်ပင် ရှက်​သွေးဖြာသွား​လေသည်။


သူမက ရုတ်တရက်ဆိုသလို မင်္ဂလာဦးညတွင် မင်္ဂလာဦးခန်းမထဲတွင် ဖြစ်လာမည့်ကိစ္စများကို ​​မျှော်လင့်မိ​နေ​ခဲ့သည်။ 


အိမ်တံခါးကို ဖြတ်ဝင်လာ​သောအခါ နူးနူးညံ့ညံ့ ​လေသံ​လေးတစ်ခုက သူမ၏ နားရွက်ဖျားအတွင်းသို့ ဝင်​ရောက်လာခဲ့သည်။ "မင်း ဒီ​နေ့ အရမ်းလှ​နေတယ်... ကိုယ် အရမ်းသ​ဘောကျတယ်"


အသက်ရှူသံ​နွေး​နွေး​လေးက နားရွက်ဖျားထက် ရိုက်ခတ်လာခဲ့ပြီး ငှက်​မွှေး​လေးနှင့် ခြစ်လိုက်သလို ယားကျိကျိ ဖြစ်လာခဲ့သည်။ 


ထုံရွှယ်လူ မ​နေနိုင်ဘဲ တုန်ယင်သွားပြီး ပထမဆုံးအကြိမ်အဖြစ် နားရွက်များ နီရဲလာခဲ့သည်။


ဝမ်ရူ​ကွေ့က သူမ၏ နားရွက်​လေးများကို သတိပြုမိသဖြင့် ရုတ်တရက်ဆိုသလို ၎င်းတို့ကို ဆွဲမိသွားချင်ခဲ့သည်။


ကျိုးရန်နှင့် ဟွမ်ချီမင်တို့က သူတို့​နောက်မှ လိုက်လာခဲ့ကြပြီး လမ်းတ​လျှောက်လုံး ​ခွေးစာများ စားလာခဲ့ရသဖြင့် ​နောက်ထပ်ဘာကိုမှ ထပ်မစားနိုင်ကြ​တော့​ပေ။


​ကောင်းလိုက်တဲ့ အ​ထောက်အပံ့...


ဝမ်အိမ်၏ ဧည့်ခန်းထဲသို့ ဝင်လာ​သောအခါ ထုံရွှယ်လူနှင့် ဝမ်ရူ​ကွေ့တို့ ဒူး​ထောက်ကာ လက်ဖက်ရည်ဆက်ရန် ဦးညွှတ်လိုက်ကြသည်။


ဗိုလ်မှူး​ရှောင်း၏ ဝမ်းနည်းမှုနှင့် မတူစွာပင် မစ္စတာဝမ်မှာ မနက်ကတည်းက ပါးစပ်မစိရ​သေး​​ပေ။ 


"​ကောင်းပြီ... ငါ့​မြေးနှစ်​ယောက် အနာဂါတ်မှာ ​​ပျော်​ပျော်ရွှင်ရွှင် ​​နေထိုင်နိုင်ကြပါရ​​စေ... ကဲ ထကြ​တော့"


မစ္စတာဝမ်က သူတို့နှစ်​ယောက်ထံမှ လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး တစ်ခွက်စီမှ တစ်ငုံစီ​သောက်ကာ မနက်ကတည်းက ပြင်ဆင်ထားသည့် စာအိတ်နီများကို ထုတ်၍ ကမ်း​ပေးလိုက်သည်။ 


စာအိတ်နီက ထူထဲလှပြီး မစ္စတာဝမ် မည်မျှဆန္ဒရှိပြီး ​​ပျော်ရွှင်​နေသည်ကို အတတ်​ပြောနိုင်​ပေသည်။


သူတို့က မင်္ဂလာပွဲကို ဟိုတယ်တွင် မကျင်းပခဲ့​ပေ။ မင်္ဂလာဧည့်ခံပွဲကို ဝမ်​​ရှောင်းမိသားစု၏ ခြံဝင်းထဲတွင် ကျင်းပခဲ့သည်။ ခြံဝင်းက အားလုံးကို တည်ခင်းဧည့်ခံရန် ကျယ်ဝန်းလှ​ပေသည်။ 


ယ​နေ့တွင် ဝမ်​ရှောင်းမိသားစု၏ ​ဆွေမျိုးများနှင့် မိတ်​​ဆွေများအပြင် လူအိုကြီးဝမ်နှင့် ဗိုလ်မှူး​ရှောင်း၏ ရဲ​ဘော်ရဲဘက်များလည်း ပါဝင်ကြ​ပေသည်။ ဤလူများမှာ သာမန်လူများ မဟုတ်ကြဘဲ ကြုံရာလူတစ်​ယောက်၏ ဂုဏ်ပုဒ်တစ်ခုကပင် အသက်ရှူရန် လန့်ဖျတ်သွား​စေသည်။ 


​ခေါင်း​ဆောင်ကျွမ်းနှင့် ရူ​​ကွေ့၏ ဆရာ ​ကျောင်း​ပေါရှန်းသည်လည်း ​ရောက်လာခဲ့ကြသည်။


​ကျောင်း​ပေါရှန်းက စက်မှုပညာအဖွဲ့အစည်း၏ ဒါရိုက်တာ​နေရာမှ အနားယူပြီး​နောက် သိပ္ပံနှင့် နည်းပညာအဖွဲ့အစည်း၏ ဥက္ကဌအဖြစ် ရာထူးအတိုးခံရပြီး နိုင်ငံ​တော်ကာကွယ်​​ရေးဝန်ကြီးဌာန၏ ငါးကြိမ်​မြောက် သု​တေသနအဖွဲ့အစည်းတွင် ဒါရိုက်တာအဖြစ်နှင့် ခုနစ်ခု​မြောက် စက်မှုပညာဌာနတွင် ဒုတိယ​ညွှန်ကြား​ရေးမှုး အဖြစ်လည်း တာဝန်ထမ်း​ဆောင်​နေခဲ့သည်။ 


ထိုဆယ်နှစ်အတွင်း ​​ကျောင်း​ပေါရှန်းက တိုင်းပြည်၏ ဒုံးကျည်နှင့် ​လေယာဥ်ထုတ်လုပ်​ရေး နယ်ပယ်တွင် များစွာ အကျိုးပြုခဲ့သည်။ အစိုးရဘက်မှ မူလတွင် သူ့အား ရာထူးများ ထပ်ယူ​စေချင်​သေး​သော်လည်း ငြင်းဆန်ခဲ့​လေသည်။ 


သူက သိပ္ပံနှင့် နည်းပညာပညာရှင်တစ်​ယောက်သာ ဖြစ်၍ သူ့တာဝန်မှာ တိုင်းပြည်အတွက် အဆင့်မြင့်ဒုံးကျည်လက်နက်များ ပိုမိုထုတ်လုပ်​ရေးကို ​လေ့လာရန်သာ ဖြစ်သည်ဟု ​ပြောဆိုခဲ့သည်။ ထို​​လေးစားစရာ ပုံရိပ်​များကြောင့် လူတိုင်းက သူ့အား ပိုပို၍ ​လေးစားလာကြ​လေသည်။ 


ထုံရွှယ်လူ၏ အခန်း​ဖော်များသည်လည်း ရာထူးကြီးလူများ ဝင်လိုက်ထွက်လိုက် ​ရောက်ရှိလာကြသည်ကို ​တွေ့​သောအခါ အထူးတဆန်း ဖြစ်ကာ သက်ပြင်းလည်း ချလိုက်ကြသည်။


"ငါက​လေ ချိုက်ရှင်းရဲ့ ​မိသားစု​နောက်ခံကိုက တအားကြီးလှပြီလို့ ​တွေး​နေခဲ့တာ... အခု​​ ကြည့်ရတာ ရွှယ်လူက အရမ်း သိုသိုသိပ်သိပ် ​နေခဲ့တာပဲ" ရှဲ့​ရှောင်ယန့် သက်ပြင်းချလိုက်သည်။ လင်းလန်ကျွမ်းနှင့် ထျန်ဖုန်းကျစ်တို့လည်း ​ခေါင်းတဆတ်ဆတ် ငြိမ့်ပြလိုက်ကြသည်။


အ​ဆောင်တစ်ခုတည်းတွင် သုံးနှစ်တာ ​နေထိုင်ခဲ့ပြီး​နောက် ထုံရွှယ်လူဘက်မှ အိမ်အ​​ခြေအ​နေအ​ကြောင်း ​ပြောသည်မှာ ရှားပါးလှသဖြင့် ​ကျောင်းစတက်စဥ် သူမ၏ အဘိုးက ဗိုလ်မှူးတစ်​ယောက် ဖြစ်​ကြောင်းသာ သိခဲ့ရသည်။ 


သူမ၏ပုံစံက ချဥ်းကပ်ရလွယ်ကူပြီး မိုက်ရူးရဲဆန်ဆန် လက္ခဏာများလည်း မပြ​လေရာ သူမတို့ကလည်း အ​လေးအနက် မမှတ်ထားခဲ့ခြင်း ဖြစ်သည်။


မထင်မှတ်ထားစွာပင် သူမက အလွန် သိုသိပ်စွာ ​နေထိုင်ခဲ့သည်။ ထိုကဲ့သို့​သော ​နောက်ခံမျိုးဖြင့် ဆိုပါက ချိုက်ရှင်းသည်ပင် သူမကို ယှဥ်နိုင်လိမ့်မည် မဟုတ်​​ပေ။ 


သို့​သော်ငြား ​နောက်ထပ်လအနည်းငယ်အတွင်း ချန်ချိုက်ရှင်းက မိဘများထံမှ သင်ကြားပြ​သ​ပေးခံရပုံ​ပေါ်ပြီး သူမနှင့် ​နောက်ပါးမှ ​​ယောကျ်ားတစ်​ယောက်ကိုလည်း ဖမ်းမိသွားခဲ့သည်။ 


စကားအများဆုံးဖြစ်ပြီး ​ပေါင်းသင်းဆက်ဆံ​ရေးအ​ကောင်းဆုံး ဖြစ်သည့် ကျန်းပိုင်​ဟွေ့မှာ ထိုအခိုက်တွင် ပါးစပ်ကို အပ်နှင့် ချုပ်ခံထားရသည့်အလား အချိန်အ​တော်ကြာသည်အထိ အသံတစ်သံမှ ထွက်မလာခဲ့​​ပေ။


ရှဲ့​ရှောင်ယန့်က သူမကို တံ​တောင်ဖြင့် တွတ်လိုက်သည်။ "နင်ဘာ​ဖြစ်​နေတာလဲ... ရာထူးကြီးလူ​တွေ ​တွေ့လိုက်ရ​တော့ လန့်သွားတာလား"


ကျန်းပိုင်​ဟွေ့မှာ အသိပြန်ဝင်လာပုံရပြီး ကသိက​အောက်ဖြင့် ပြုံးလိုက်သည်။ "ဘာမှမဟုတ်ပါဘူး... အိမ်အ​ကြောင်းကို ​တွေးမိသွားလို့ပါ... ဒါ​ပေမယ့် ဒီ​နေ့လာတဲ့သူ​တွေက တကယ့်ရာထူးကြီးလူ​တွေပဲ​နော်... ​နောက်ဆို စကား​ပြော မမှား​မ်အောင် ​နေရမယ်"


ရှဲ့​ရှောင်ယန့် ပြုံး၍ ​ပြောလိုက်သည်။ "မပူပါနဲ့... ငါက ခဏ​လောက်​တော့ သွားမ​ပေါ်​အောင် ပြုံးပြီး အိ​​န္ဒြေသိက္ခါ အရှိဆုံး အမျိုးသမီးတစ်​ယောက်လို ဟန်​ဆောင်လိုက်ဦးမယ်..."


အခြားသူများ ရယ်​မောလိုက်ကြသည်။


ကျန်းပိုင်​ဟွေ့သည်လည်း ရယ်​မောလိုက်​​သော်ငြား အပြုံးက ဟက်ဟက်ပက်ပက် သိပ်မရှိလှ​ပေ။