အပိုင်း၁၀၄
Viewers 12k

🤚Chapter 104 [END]




ဝမ်ယွီက ကွန်မြူနစ်ဝါဒအောက် ကြီးပျင်းလာသူဖြစ်ကာ ပဒေသရာဇ်အယူသီးမှု မရှိသည့် ရုပ်ဝါဒီသမားတစ်ဦးဖြစ်သည်။ 


သူက အရာရာတိုင်းကို သိပ္ပံနည်းလမ်းတကျ ရှင်းပြသည်။


ဥပမာအနေနှင့် အိမ်ပြန်ရောက်ချိန်တွင် သူက ပြောသည်။ 


“မကောင်းမှုဆိုတာ စွမ်းအင်တစ်မျိုးပဲ... စကြာဝဠာကြီးက စွမ်းအင်တွေကို ထိန်းသိမ်းရုံအပြင် ဟန်ချက်ညီအောင်လည်း လုပ်ရမယ်...”


“လူတစ်ယောက်က မကောင်းတဲ့ စွမ်းအင်တွေများလာပြီဆိုရင် စကြာဝဠာက စွမ်းအင်ဟန်ချက်ညီစေဖို့အတွက် သူ့ကိုဖယ်ရှားဖို့လိုတယ်...”


“ကံအကြောင်းမပြောပါနဲ့... အဲ့ဒါက အယူသီးမှုတစ်ခုပဲ... ဘာကိုလဲ... ‌ဪ ကံနဲ့ သိပ္ပံပညာကြား ဘာကွာလဲ သိချင်လို့လား...”


“တကယ်လို့ ကံ ကံ၏အကျိုးသာဆိုရင် ကိုယ့်ဘက်က လှုပ်ရှားဖို့တောင်မလိုဘူး... သူ့ဝဋ်သူလည်မှာပဲလေ... အခုက ကံကြောင့်မဟုတ်တာရှင်းနေတာပဲ... ကိုယ့်ဘက်က တက်တက်ကြွကြွနဲ့ သူ့ကို ချေမှုန်းပစ်တာလေ...”


“နားလည်ပြီမလား... အဲ့ဒါ ကံနဲ့ သိပ္ပံပညာကြား ကွာခြားချက်ပဲ...”


ကျိအန်းနဉ် :”….”


အန်းနဉ်က သူ့ထက် သရဲကိုသာ ယုံလိုက်ပေမည်။


ဝမ်ယွီက မေးခွန်းတစ်ခုမေးရန် ရုတ်တရက် သတိရသွားသည်။


“အရင်က…. အာ မဟုတ်ဘူး၊ တခြားကမ္ဘာမှာ ကိုယ်သူ့ကို ဘယ်လိုဖြေရှင်းလိုက်တာလဲ..”


အန်းနဉ်က သက်ပြင်းချလိုက်သည်။ 


“ရှင်သူ့ကို Silver Seaဟိုတယ် ခေါင်မိုးထပ်ကနေ ပစ်ချလိုက်တာလေ...”


ဝမ်ယွီက ငြိမ်ကျသွားပြီးနောက် ချီးကျူးတော့သည်။ 


“တော်လိုက်တာကွာ... ကိုယ်လို့ကို မပြောရဘူး...”


အန်းနဉ် စိတ်ဆိုးသွားသည်။


“အဲ့ဒီဘက်မှာ ရှင်သေသွားတာ... သေအောင် ပစ်သတ်ခံလိုက်ရတာ...” 


သူမမျက်လုံးများ နီရဲလာသည်။


ဝမ်ယွီက အိပ်မက်ထဲ ဖြစ်ပျက်ခဲ့သည့် အရာတစ်ခုကို သတိရလိုက်သည်။


“ကိုယ်သေတော့ မင်းကိုယ့်ဘေးနား ရှိနေခဲ့တာလား...”


အဲ့ဒါကို သူသိနေတယ်လား... 


အန်းနဉ် အံ့အားသင့်သွားသည်။ 


“အဲ့ဒီအကြောင်းကော အိပ်မက်မက်တာလား...”


ဝမ်ယွီက ခေါင်းညိတ်လိုက်သည်။


အန်းနဉ်ကလည်း ခေါင်းပြန်ညိတ်ကာ ဖြေလေသည်။


ထိုအချိန်က သူမ သူ့ကို ပွေ့ဖက်ထားပြီး မျက်ရည်များ တသွင်သွင်စီးကျနေကာ 'နောက်ဘဝသာ ရှိခဲ့မယ်ဆိုရင်' ဟု ပြောခဲ့သည်။ အမှန်တကယ်လည်း နောက်ဘဝ ရှိနေခဲ့သည်။


ဝမ်ယွီက ‘ကျစ်’သပ်လိုက်သည်။ 


“ဒါဆို ကန်တင်းမှာ ကိုယ်နဲ့ ပထမဆုံးတွေ့တော့ ကိုယ့်ဆီ အပြေးလာပြီး နမ်းချင်နေတာ မဟုတ်လား... အဲ့ဒီလိုမလုပ်မိအောင် ဟန်ဆောင်နေတာမလား...”


အန်းနဉ်က ဒေါသတကြီး ရယ်လိုက်သည်။ ရယ်လိုက်သည်နှင့် မျက်ဝန်းထဲမှ မျက်ရည်များက စီးကျလာသည်။ 


 “မငိုပါနဲ့ကွာ... မငိုပါနဲ့... ကိုယ်က စနေတာပါ...” 


ဝမ်ယွီက အန်းနဉ်ကို ဖက်ထားကာ မျက်ရည်များကို သုတ်ပေးလိုက်သည်။ 


“အင်း…ငန်တယ်... အရသာလည်း မတူဘူး...”


အန်းနဉ်က သူ့ကို ရိုက်လိုက်သည်။


ဝမ်ယွီက သူမလက်ကောက်ဝတ်ကို ဖမ်းကာ မေးလိုက်သည်။ 


“ကိုယ့်ကို ဘယ်လိုမိသွားတာလဲ...”


“ကိုယ်သာ ကျောင်းချန်ကို တကယ်ရှင်းပစ်မယ်ဆိုရင် မိသွားဖို့ မဖြစ်နိုင်ဘူးလေ...”


အန်းနဉ်၏အကြည့်များက မှိန်ဖျော့သွားသည်။ 


“ကျွန်မလည်း သေချာမသိခဲ့ဘူး... ဒါပေမဲ့ ယန်ပေါ်ရဲ့လက်ချက်ဖြစ်ဖို့များတယ်...”


သူမ အတိတ်တုန်းက ယန်ပေါ် ပြောခဲ့သည်များကို ပြန်ပြောပြလိုက်သည်။


“ဒါဆို အဲ့ဒီလိုပေါ့….” 


ဝမ်ယွီ တွေးဆလိုက်သည်။


ယန်ပေါ်သာ သူ့ကို စောင့်ကြည့်နေမည်ဆိုလျှင် သူ့ကိုဖမ်းရန် သက်သေတစ်ခုခုရှာတွေ့သွားမည်မှာ အမှန်ပင်။ ထို့နောက် သူက ထောင်ထဲ ရောက်သွားပြီး သူ့အဖေ ဝမ်ကောအန်းက ဦးနှောက်သွေးကြောပေါက်၍ ဆုံးသွားသည်။ ထိုနည်းနှင့် ယန်မိသားစုက သူတို့သားအဖကို ဖိနှိပ်ခဲ့ခြင်းဖြစ်ရမည်။


အတိတ်ဘဝက အကြောင်းအရာများက အဆက်အစပ်ရှိလာသည်။


ဝမ်ယွီနားမလည်နိုင်ခဲ့သည့်အရာ တစ်ခုရှိသည်။ Silver Seaဟိုတယ် ခေါင်မိုးထပ်တွင် ကျောင်းချန်ဆီမှ ကြားခဲ့သည့် စကားများကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးရသည်။


“အဲ့ဒီတုန်းက ကိုယ်နဲ့မင်း ဘာတွေဖြစ်ခဲ့တာလဲဟင်... စွန်းယာရှန့်နဲ့ ဟိုတုံနာမည်နဲ့ အကောင်က တစ်ညကို ယွမ်သုံးထောင် ကိစ္စပြောနေတာကြားလို့...”


အန်းနဉ် ရုတ်တရက် ဒေါသထွက်သွားသည်။


“အိပ်မက်မက်တယ်မလား... အဲ့ဒီအိပ်မက်ထဲမှာပဲ သွားရှာလိုက်တော့...” 


ထို့နောက် သူ့ရင်ခွင်ထဲမှ ရုန်းလိုက်ပြီး အိပ်ခန်းသို့ ပြန်ပြေးသွားကာ တံခါးလော့ချလိုက်သည်။


“ဧည့်ခန်းထဲ သွားအိပ်...”


ဝမ်ယွီ အံ့ဩသွားရသည်။


ဝမ်ယွီက ဧည့်ခန်းထဲ အိပ်စက်လိုက်ရကာ သိပ္ပံပညာ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ခံစားလိုက်ရသည်။ အိပ်မက်မျိုးစုံကို စုစည်းထားသည့် ရှည်လျားသည့် အိပ်မက်အပြည့်အစုံကို မက်ခဲ့သည်။


အကြောင်းတရားကြောင့် အကျိုးဆက်များဖြစ်လာသည်မှာ ထင်ရှားသည်။ သူ မသိခဲ့ရသည့် ဖုံးကွယ်ထားသော အမှန်တရားများ ပေါ်လာတော့သည်။


ဥပမာအားဖြင့် သူက အန်းနဉ်ကို အတင်းလိုက်ကပ်ခဲ့ခြင်းကြောင့် စွန်းယာရှန့်၏ မနာလိုစိတ်ကို နှိုးဆွမိကာ အန်းနဉ်အား အတင်းအဖျင်းများ၊ ကောလဟာလများ၏ ပစ်မှတ်ဖြစ်လာစေခဲ့သည်။ နောက်ကွယ်က လက်သည်ကို သူက ကျောင်းချန်ဟု တစ်ချိန်လုံး ထင်နေခဲ့သည်။


ကြည့်ရသည်မှာ သူတစ်ချိန်လုံး ‘အရူး’ဟု ကျိန်ဆဲနေခဲ့သည့်သူကား သူကိုယ်တိုင်ပင်ဖြစ်နေသည်။


ထို့နောက် ယွမ်သုံးထောင်ကိစ္စနောက်ကွယ်မှ အမှန်တရားကိုပါ သိလာရသည်။


သူက ပန်းများ အော်ဒါမှာကာ အန်းနဉ်ကို ပေးခဲ့သော်လည်း သူမဘက်က ငြင်းခဲ့သည်။ စွန်းယာရှန့်က မြင်သွားကာ ပန်းစည်းက ပန်းဆိုင်တွင် တွေ့နေကျပုံစံများနှင့် မတူသဖြင့် ယွမ်တစ်ရာနှစ်ရာခန့် တန်မည်ထင်ပြီး deliသမားနောက် လိုက်မေးခဲ့သည်။


Deliသမားက ပန်းတင်သွင်းစရိတ်၊ ထုပ်ပိုးမှုနှင့် ဝန်ဆောင်ကြေး အားလုံးစုစုပေါင်း ယွမ်သုံးထောင်ကျကြောင်း ပြန်ဖြေခဲ့သည်။


စွန်းယာရှန့်က သံပုရာသီးတစ်တန်ခန့် စားထားရသည့်အတိုင်း မနာလိုစိတ်ကြောင့် ချဉ်တူးနေခဲ့သည်။ ထို့ကြောင့် ‘အန်းနဉ်၏ တစ်ညယွမ်သုံးထောင်’ အကြောင်းကောလဟာလကို လုပ်ကြံပြောခဲ့သည်။


ဝမ်ယွီ :”…..”


အားလုံးက သူ့ကြောင့်ဖြစ်လာရသည်။ သူ့ကိုယ်သူ ကြိမ်းမောင်းသင့်ပေသည်။


ဝမ်ယွီက ညသန်းခေါင်ယံတွင် နိုးလာပြီး သူ့ကိုယ်သူ ဒေါသထွက်လာသည်။


သူ ချက်ချင်းထကာ သော့အပိုဖြင့် အိပ်ခန်းတံခါးကိုဖွင့်လိုက်ပြီး ကုတင်ပေါ် တက်ကာ အန်းနဉ်ကို တင်းတင်းလေး ဖက်လိုက်သည်။


အန်းနဉ်က နိုးလာပြီး ဝမ်ယွီမှန်းသိသည်နှင့် ကန်ချလိုက်သည်။


ဝမ်ယွီက သူမခြေထောက်များကို မြန်မြန်ဆန်ဆန် ဖိချလိုက်ပြီး တောင်းပန်သည်။ 


“ကိုယ့်အမှားတွေပါကွာ...”


အန်းနဉ်က မျက်လုံးများကို ပွတ်ကာ အံ့အားသင့်နေသည်။ 


“အိပ်မက်မက်ပြန်ပြီလား...”


ဝမ်ယွီက သူ့မျက်နှာကို သူမလည်တိုင်လေးကြား နှစ်ထားကာ ပလုံးပထွေးနှင့် ပြန်ဖြေသည်။


“အင်း...” 


အန်းနဉ်က သူနှင့် ရန်ဆက်မဖြစ်တော့ပေ။ အားလုံးက အတိတ်ဘဝက ဖြစ်ခဲ့သည်များပင်။ သူမ ‌ဒေါသမထွက်သည်မှာ ကြာနေပြီဖြစ်သည်။


တစ်ခဏအကြာတွင် ဝမ်ယွီ့ဘက်က စကားသံကို ကြားလိုက်ရသည်။ 


“သူ့ကို တကယ်ခွင့်လွှတ်လိုက်ပြီလား...”


အန်းနဉ်က သူ့လက်မောင်းကို ပုတ်ကာ ဖြေလိုက်သည်။ 


“အင်း... အရင်တုန်းက ပြောဖူးတယ်လေ...”


ဝမ်ယွီက ထိုညကို ပြန်သတိရသွားသည်။ ထိုညတွင် သူမက “သူ့ကို ခွင့်လွှတ်လိုက်ပြီ...” ဟု ပြောခဲ့ဖူးသည်။


ဝမ်ယွီ၏မျက်ဝန်းများက ခါးသီးမှုဖြင့် ပြည့်နှက်နေသည်။


“ဒါမှမဟုတ်….သူ့ကို ရိုက်ချင်လားဟင်...”


“မရိုက်ချင်ပါဘူး... သူက အရေထူတယ်... ကျွန်မလက်ပဲ နာမှာ...”


ဝမ်ယွီက သူ့လက်မောင်းသူ ပြန်ထိကြည့်လိုက်ရာ အမှန်တကယ်လည်း မာကျောနေခဲ့သည်။ ထို့နောက် သူက အန်းနဉ်၏ နူးနူးညံ့ညံ့လက်ကလေးကို ပြန်ထိလိုက်သည်။


ထားလိုက်ပါတော့လေ...


အန်းနဉ်က ယာဉ်မောင်းအကြောင်း စိတ်ပူနေဆဲဖြစ်သည်။ 


“သူအဆင်ကော ပြေပါ့မလား...”


“မပူပါနဲ့ကွာ... သူက ဒါကို သူ့စိတ်သူ့သဘောနဲ့ လုပ်ခဲ့တာပါ...” 


ဝမ်ယွီက သူမနားထဲ တီးတိုးပြောလိုက်သည်။ 


“သူ့မျိုးရိုးက ဟယ့်လေ...”


အန်းနဉ် ထိတ်လန့်တကြားဖြစ်သွားသည်။ 


“ဟယ့်ဆိုတာ….”


“ဟုတ်တယ်... အဆိုးဆုံးမှ သူ့ကို သတိထားမိသွားရုံပေါ့... ဒါပေမဲ့ ကိုယ် သူ့မိသားစုကို စောင့်ရှောက်မှာပါ...”


သူတို့သမီးသေဆုံးမှု၏ လက်သည်တရားခံကို သိနေခဲ့သော်လည်း တရားခံက ငွေကြေးဖြင့် ဥပဒေကို လက်တစ်လုံးခြားလုပ်သွားကာ ပါးပါးနပ်နပ်နှင့် လွတ်မြောက်သွားခဲ့သည်။ သာမာန်လူများအဖို့ တရားမျှတမှုကို တောင်းဆိုနိုင်သည့် အစွမ်းအစမရှိခဲ့ချေ။


ဖြစ်နိုင်မည်ဆိုလျှင် တရားခံနှင့် မျက်လုံးတစ်လုံးအတွက် တစ်လုံးဆိုသည့် စကားအတိုင်း ဖြေရှင်းပစ်လိုက်ချင်သည်။ သို့သော် သူတို့သမီးလေး သေဆုံးသွားကတည်းက သူ့မိန်းမ၏ စိတ်အခြေအနေမှာ အထိခိုက် မခံတော့ချေ။ သူမက အလုပ်လုပ်နိုင်ရန် ခက်ခဲသွားကာ အိမ်ရှိ ကျန်လူများကလည်း သက်ကြီးရွယ်အိုများသာ ရှိ၍ သူသာ တစ်အိမ်လုံး၏ တစ်ခုတည်းသော ထောက်တိုင်ဖြစ်နေခဲ့သည်။ 


မည်မျှပင် မုန်းတီးနေပါစေ အံတင်းတင်းကြိတ်ပြီး သည်းခံနေရန်သာ တတ်နိုင်သည်။


တစ်နေ့ လူငယ်လေးတစ်ယောက် သူ့ဆီရောက်လာကာ သူ့မိသားစု တစ်သက်စာ သုံးစွဲနိုင်သည့် ပမာဏကို ပေးခဲ့သဖြင့် သူ့တွင် စိုးရိမ်စရာ မရှိတော့ချေ။


ကျောင်းချန်က ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့သည်။ တက္ကစီသမားက ညဆိုင်းအလုပ်လုပ်ပြီးနောက် မောပန်းနွမ်းနယ်ကာ ဤမတော်တဆမှု ဖြစ်လာရခြင်းဖြစ်သည်။


စုံစမ်းစစ်ဆေးမှုအရ ကားမောင်းသူက ဇနီးဖြစ်သူနှင့် ကွာရှင်းထားပြီး စားဝတ်နေရေးကြောင့် မြို့တော်စီရင်စုကို ထွက်လာခဲ့ခြင်းဖြစ်၍ လျော်ကြေးပေးဆောင်ရန်ပင် မတတ်နိုင်ချေ။


ကျောင်းချန်၏အဖိုးအဖွားများက အပြေးအလွှားရောက်လာကြသည်။ သူတို့က စားပွဲကို ရိုက်ချကာ အော်ဟစ်လာသည်။ 


“ငါတို့ ဘာငွေမှမလိုဘူး... ငါ့မြေးလေးအတွက် သူ့အသက်ကို ပြန်အလျော်ပေးခိုင်းလိုက်လေ...”


ယာဉ်မတော်တဆမှုက အများဆုံး ထောင်ဒဏ်သုံးနှစ် ကျခံရမည်ဖြစ်သည်။


ကျောင်းချန်၏ မွေးဖခင်က သူ့သားအကြီးဆုံး မွေးစဉ်က ဖောင်းဖောင်းကစ်ကစ်လေးနှင့် မည်မျှချစ်စရာကောင်းကြောင်း ပြန်တွေးမိသည်။ နောက်ပိုင်း သူ့ပထမဇနီးဆုံးပါးသွားပြီးနောက် နောက်ဇနီးနှင့် ကျောင်းချန်တို့ ပဋိပက္ခများ ရှိလာကြကာ ကလေးကို အဖိုးအဖွားဘက်ကို ပို့လိုက်ရသည်။ မမျှော်လင့်ထားသည်မှာ အဖိုးအဖွားများ၏ အကျင့်ပျက်အလိုလိုက်မှုကြောင့် ကလေးက ပျက်ဆီးသွားသည်ပင်။


နောက်ပိုင်း သားကြီးကို ချစ်ရန် မကြိုးစားတော့ပေ။ ကံကောင်းသည်က သူ့သားငယ်လေးမှာ လိမ္မာရိုကျိုးကာ အရာရာတွင် ထူးချွန်နေခဲ့သည်။


သူက ယာဉ်မောင်းကို ရိုက်နှက်ရန် ပြင်နေကြသည့် လူကြီးများအား တားလိုက်ကာ ရဲကို ပြောလိုက်သည်။ 


“ဒါကို ဥပဒေအတိုင်းသွားကြတာပေါ့...”


နောက်ဆုံး စဉ်းစားဉာဏ်ရှိသည့်လူတစ်ယောက် ရောက်လာ၍ ရဲက သက်ပြင်းချလိုက်သည်။


ယာဉ်မောင်းက သူတို့ကို မျက်နှာသေနှင့်သာ ကြည့်နေခဲ့သည်။


ကျောင်းချန်၏ဖခင်က သူ့ကို အနည်းငယ်စိုက်ကြည့်ပြီး နောက်ထပ် အာရုံမစိုက်တော့ပေ။ သူက အဖိုးအဖွားများကို ပြန်ပို့ရန် ကူလိုက်သည်။ သူတို့၏လက်ရှိစိတ်အခြေအနေနှင့် ဦးနှောက်သွေးကြောပြတ်ခြင်း၊ နှလုံးဖောက်ခြင်းမျိုး မဖြစ်စေရန် မြန်မြန်ပြန်သွားသည်က ပိုကောင်းပေသည်။


ယာဉ်မောင်းက သူတို့အား တစ်ချိန်လုံး ကြည့်နေခဲ့သည်ကို သူ မသိခဲ့ချေ။


ယွီချန်မှ ယာဉ်မောင်း၏’ဇနီးဟောင်း’က ထောင်ဝင်စာလာတွေ့ပြီး ထိုစုံတွဲမှာ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။


“ကိုယ် မန်မန့်အတွက် လက်စားချေပြီးပြီ...”


ပြင်းထန်သည့် လှုံ့ဆော်မှုကြောင့် ဇနီးဖြစ်သူ၏စိတ်အခြေအနေက ပိုရှင်းလင်းလာသည်။ 


“ကျွန်မ အိမ်ကို ဂရုစိုက်ထားလိုက်မယ်... စိတ်မပူနဲ့နော်...”


“ဘယ်သူမှ ကိုယ့်ကို မမှတ်မိကြဘူး... ကျောင်းမိသားစုက ဘယ်ကောင်မှ ကိုယ့်ကို မမှတ်မိကြဘူးကွာ...” 


ယာဉ်မောင်းက ကျယ်လောင်စွာ အံကြိတ်လိုက်သည်။


ကျောင်းမိသားစုက လူများ ပြာအဖြစ်ပြောင်းသွားလျှင်ပင် သူနှင့် သူ့ဇနီးတို့က မှတ်မိနိုင်သည်။ သို့သော် ထိုမိသားစုက သူ့အား ဟယ့်မန်၏ဖခင်အဖြစ် မမှတ်မိကြချေ။


သူတို့စိတ်ထဲတွင် ‘ဟယ့်မန်’ကို လူအဖြစ် မသတ်မှတ်ထားဘဲ ငွေပေါက်ဖြေရှင်းခဲ့သည့် ဖြစ်ရပ်တစ်ခုအဖြစ်သာ မှတ်ယူထားကြပုံရသည်။


အဆိုးဆုံး ရလဒ်အနေနှင့် သူ့ကို တစ်ဖက်လူများက မှတ်မိသွားကြကာ မတော်တဆ ယာဉ်တိုက်မှုမှ တမင်တကာ လူသတ်မှုအဖြစ် ပြောင်းသွားမည်ဖြစ်ပြီး အမှုသဘောသဘာဝပါ ကွဲပြားသွားပေမည်။


သို့သော်လည်း ဘယ်သူကမှ ဟယ့်မိသားစုအကြောင်း အာရုံမစိုက်ခဲ့ချေ။ သူက သူတို့ရှေ့မှာ ရှိနေသော်လည်း သူ့ကို မှတ်မိပုံမရချေ။


ကျောင်းချန်၏ မွေးဖခင်က သူ၏တန်ဖိုးမရှိသည့်သားမှာ ယာဉ်မတော်တဆမှုကြောင့်သာ သေဆုံးသွားခဲ့သည်ဟုထင်ကာ ဤကိစ္စအား ငွေသုံးရန် မတန်ဟု စဉ်းစားမိပြီး ရဲလက်ထဲ အပ်လိုက်သည်။


ရဲတပ်ဖွဲ့က တရားဥပဒေအတိုင်း သမာသမတ်ကျကျ ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ယာဉ်တိုက်မှုတွင် တာဝန်ရှိသည့် ယာဉ်မောင်းအား ထောင်ဒဏ်သုံးနှစ်၊ ဆိုင်းငံ့သုံးနှစ်နှင့် လျော်ကြေးငွေ ယွမ်ငါးသိန်းရှစ်သောင်းကို ပေးဆောင်စေခဲ့သည်။


ရလဒ်က ခန့်မှန်းထားသည်ထက်ပင် ပိုကောင်းနေခဲ့သည်။


တစ်ချိန်က ဟယ့်မန်ကိစ္စကြောင့် ကျောင်းချန်စစ်ဆေးခံခဲ့ရချိန်၌ သူ့အဖိုးဖြစ်သူက ကျောင်းချန်၏ဖခင်အား တုတ်ကောက်ဖြင့် ရွယ်ကာ ဆူလိုက်သည်။ 


“ငါဂရုမစိုက်ဘူး... ငါ့မြေးလေး လုံခြုံဖို့က အဓိကပဲ... သူ့ကို ငွေသုံးပြီးရအောင်ထုတ်ခဲ့...” 


ထိုသို့ ဆူပူကြိမ်းမောင်းခဲ့သည့် အဖိုးမှာ ယခုအချိန်တွင် ဝမ်းနည်းစိတ်ကြောင့် ရုတ်တရက် လေဖြတ်သွားကာ တစ်ကိုယ်လုံး ပါးစပ်နှင့် မျက်လုံးသာလှုပ်ရှားနိုင်၍ အိပ်ရာပေါ်တွင် လဲလျောင်းနေရသည်။


ဝမ်ယွီက မကောင်းသည့်စွမ်းအင်ကို ချေမှုန်းပစ်ရန် သိပ္ပံပညာ၏စွမ်းအားကို အသုံးပြုခဲ့သည်။


အလွန် အထင်ကြီးစရာကောင်းပေသည်။


......


ဝမ်မိသားစုစံအိမ်တွင်


ဝမ်ကောအန်းက ဝမ်ယွီအိမ်ပြန်ရောက်နေမှန်း အိမ်အကူဆီက ကြားလိုက်ရသဖြင့် အံ့ဩသွားသည်။


 “သူဘယ်မှာလဲ...”


ပုံမှန်ဆိုလျှင် ဝမ်ယွီအိမ်ပြန်ရောက်သည်နှင့် သူရှိရာ အပေါ်ထပ်သို့ အရင်လာနှုတ်ဆက်တတ်သည်။ ယခုအကြိမ်တွင် ဝမ်ယွီပြန်ရောက်လာသည်ကို အိမ်အကူအဒေါ်ကြီး ပြောပြမှ သိလိုက်ရ၍ မယုံနိုင်ခဲ့ချေ။


“သခင်လေးက ပြန်ရောက်ရောက်ချင်း မြေအောက်ခန်းထဲ ဆင်းသွားပါတယ်...”


ဝမ်မိသားစုမြေအောက်ခန်းတွင် ဝိုင်သိုလှောင်ခန်းအပြင် ဂိုဒေါင်တစ်ခုလည်း ရှိသည်။ ၎င်းတွင် ဘဏ်တိုက်နှင့်တူသည့် လုံခြုံရေးတံခါးအထူကြီးတစ်ချပ်ရှိသည်။


ဝမ်ကောအန်းက လိုက်သွားရာ ဂိုဒေါင်ပွင့်နေသည်ကို တွေ့လိုက်ရသည်။ ဝင်သွားလိုက်သည်နှင့် ဝမ်ယွီ ပစ္စည်းများ လှန်လှောနေသည်ကို မြင်လိုက်ရသည်။


“ဘယ်နားမှာပါလိမ့်...” 


သူက ဘူးများ အံဆွဲများကို လှပ်ကာ သူ့ဘာသူ တတွတ်တွတ် ပြောနေခဲ့သည်။ 


“ဘယ်နားထားလိုက်မိတာလဲကွာ...”


သူဖွင့်ထားသည့် သေတ္တာတိုင်းက အရောင်တလက်လက် တောက်နေသည်။ ကျောက်မျက်ရတနာတိုင်းက သမိုင်းကြောင်းတစ်ခုစီရှိပြီး အပြင်တွင် လက်လွတ်စပယ်ထားရန် တန်ဖိုးကြီးသဖြင့် မြေအောက်ခန်းထဲ သိမ်းထားရခြင်းဖြစ်သည်။


ဝမ်ကောအန်းက စာကြည့်မျက်မှန်ကို ပင့်တင်ကာ မေးလိုက်သည်။ 


“ဘာရှာနေတာလဲ...”


အလန့်တကြားဖြစ်ကာ ဝမ်ယွီက ဆတ်ခနဲ တုန်သွားသည်။


“အမလေး အဖေရာ... ကိုယ့်သားကို လန့်ပြီးသေအောင်များ ခြောက်နေတာလား... ခြေသံတောင် မကြားရဘူး...” 


ဝမ်ယွီက သူ့ရင်ဘတ်သူ ပွတ်ကာ နှစ်သိမ့်လိုက်သည်။


ဝမ်ကောအန်းက ရယ်မောကာ မေးသည်။


“ဘာရှာနေတာများလဲ...”


“အဖွားရဲ့လက်စွပ်လေ... ကျွန်တော်ငယ်ငယ်တုန်းက အဖေပြဖူးတဲ့ လက်စွပ်အကြီးကြီး... အဲ့ဒါဘယ်နားမှာလဲ...”


ဝမ်ကောအန်းက မျက်ခုံးပင့်လိုက်ကာ အံ့ဩဝမ်းသာဖြစ်နေခဲ့သည်။ 


“ဘာများလုပ်မလို့လဲ လူငယ်လေး... ငါမင်းကို ပြောမယ်... ဒီလက်စွပ်က မိသားစုအမွေနော်... မျက်စိစုံမှိတ်ပြီး ပေးချင်ရာ လျှောက်ပေးလို့မရဘူး...”


သူနဲ့ လာကစားနေတယ်ပေါ့....


ဝမ်ယွီက ဝမ်ကောအန်း၏လှည့်စားမှုကို မြင်သဖြင့် ပြန်ဖြေလိုက်သည်။ 


“ကျွန်တော် လက်ထပ်ခွင့်တောင်းမလို့လေ...”


အချိန်ကြာအောင် စီစဉ်ပြီးနောက် ဝမ်ယွီက ရဟတ်ယာဉ်ဖြင့် ပန်းပွင့်ဖတ်များ လိုက်ကြဲသည့် လွန်ကဲလွန်းသော အကြံများအစား အန်းနဉ် လက်ခံလောက်မည်ထင်သည့် နည်းလမ်းကို ရွေးလိုက်သည်။


လက်ထပ်ခွင့်တောင်းမည့်နေ့တွင် ရာသီဥတုကောင်းမွန်ပြီး နေသာသည်။


ကျောင်းဝင်းထဲ ရွှေအိုရောင် အလင်းတန်းများ ဖြာဆင်းနေသည်။ အတွဲများက အရိပ်ရရာ လမ်းတစ်လျှောက် လက်ချင်းချိတ်ကာ တီတီတာတာကြည်နူးနေကြသည်။ တစ်နေ့ ကျောင်းပြီးသွားသည်နှင့် ကျောင်းထက်ပိုပြီး အေးချမ်းလှပသည့် နေရာမရှိသည်ကို သူတို့သဘောပေါက်လာကြလိမ့်မည်ဖြစ်သည်။ ဤနေရာတွင် ကုန်ဆုံးခဲ့သည့် အချိန်တိုင်းက လွမ်းဆွေးတမ်းတဖွယ်ရာပင်။


ဝမ်ယွီက အန်းနဉ်၏လက်ကို ဆွဲထားကာ တခြားစုံတွဲများကဲ့သို့ လမ်းလျှောက်နေခဲ့သည်။


ထို့နောက် သူက ရုတ်တရက် ရပ်လိုက်ကာ မေးသည်။ 


“ဒီနေ့ဘာနေ့လဲ မင်းသိလား...”


အန်းနဉ်က အံဩသွားကာ အတန်ကြာစဉ်းစားခဲ့သည်။ လက်ရှိအချိန်မှာ စက်တင်ဘာလလယ်ဖြစ်ကာ အခြားအထူးပွဲတော်များလည်း မရှိသဖြင့် စဉ်းစားရခက်နေခဲ့သည်။ ထို့နောက် သူမပြန်လည်မွေးဖွားလာသည်မှာ တစ်နှစ်နီးပါးရှိနေသည်ကို ရုတ်တရက် သတိရလာသည်။


၎င်းက အဖြေမှန်မဟုတ်နိုင်ပေ။ ဝမ်ယွီက သူမပြန်လည်မွေးဖွားသည့်ရက်ကို မသိထားပေ။ ထို့အပြင် ဤရုပ်ဝါဒီသမားကြီးက parallel worldအကြောင်းဆိုင်ရာ သီအိုရီများကိုသာ အခိုင်အမာ လက်ခံပြီး အတိတ်ဘဝဆိုသည့် အရာကို အသည်းအသန် ငြင်းဆန်နေသည်။


သူမက ခေါင်းယမ်းလိုက်သည်။


ဝမ်ယွီက ကောင်းကင်ကို‌ မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။ 


“မင်း မမှတ်မိဘူးဆိုတာ ကိုယ်သိသားပဲ...”


“အရူးလေး...” 


ဝမ်ယွီက ရှေ့သို့ တိုးကာ သူမအား နမ်းလိုက်သည်။ 


“ဒီနေ့က ကိုယ်တို့ ပထမဆုံးတွေ့တဲ့နေ့၊ ပထမဆုံးစကားပြောဖူးတဲ့ နေ့လေ...”


အန်းနဉ်က ချက်ချင်း မှတ်မိသွားသည်။ 


တကယ်အဲ့ဒီနေ့ပဲ... 


သူမပြန်လည်မွေးဖွားလာပြီးနောက် ဝမ်ယွီနှင့် နောက်ထပ် ပြန်ဆုံတွေ့ခဲ့ကာ ထိုအချိန်တွင် သူမခံစားချက်များ ရှုပ်ထွေးနေခဲ့သည်။


“တစ်နှစ်တောင်ရှိသွားပြီလား... “ 


သူမက တီးတိုးဆိုလိုက်သည်။


အချိန်ကုန်တာ ဘာလို့မြန်နေရတာလဲ... 


တစ်နှစ်အတွင်း အန်းနဉ်၏ဘဝက အတိတ်နှင့် လုံးဝမတူတော့ချေ။


“အင်း... တစ်နှစ်တောင်ရှိသွားပြီ... ကိုယ်မင်းကို တစ်ခုခုမေးဖို့ အချိန်တန်ပြီထင်တယ်...”


“ဟင်...”


အန်းနဉ်မော့ကြည့်လိုက်သည်။


သူတို့က ဂင်ဂုပင်အောက်တွင် ရပ်နေကြသဖြင့် အပင်ပေါ်မှ ရွှေဝါရောင် သစ်ရွက်များက ရံဖန်ရံခါ အောက်သို့ ကြွေကျလာသည်။ 


ဝမ်ယွီက နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ အတန်းဖော်များ၏ အကြည့်အောက် ကျောင်းဝင်း လမ်းမကြီးပေါ် ဒူးထောက်ချလိုက်သည်။


ဒဏ္ဍာရီထဲမှ မင်းသမီးလေးအား သစ္စာကျိန်ဆိုသည့် သူရဲကောင်းတစ်ယောက်ကဲ့သို့ပင်။


တစ်စုံတစ်ယောက်က အော်ပြောပြီးနောက် ဖြတ်သွားဖြတ်လာ ကျောင်းသားများက သွားလာလှုပ်ရှားနေရာမှ ရပ်သွားကြသည်။


ချောမောသော လူငယ်လေးက ကတ္တီပါဗူးလေးကို ထုတ်ပြီး ဖွင့်လိုက်ရာ နေဝင်ချိန်၌ တောက်ပနေသော စံချိန်မီ ကျောက်မျက်ရတနာ လက်စွပ်တစ်ကွင်း ပေါ်လွင်လာသည်ကို တွေ့လိုက်ရသည်။


"ဒီလက်စွပ်က မိသားစုအမွေလေ... ကိုယ့်မိန်းမကလွဲပြီး တခြားဘယ်သူကိုမှ ပေးလို့မရဘူး..."


“အန်းနဉ် ကိုယ့်ကိုလက်ထပ်ပါနော်...” 


အန်းနဉ် ခဏကြောင်အသွားသည်။ 


“ကျွန်မက အခုမှ ဆယ့်ကိုးနှစ်ပဲ ရှိသေးတယ်…”


မေလတွင် သူမက ဆယ့်ကိုးနှစ်ပြည့်ထားပြီး လက်ထပ်ရမည့်တရားဝင် အသက်ဖြစ်သည့် နှစ်ဆယ်ပင်  မပြည့်သေးချေ။။


ရှုပ်ထွေးနေပုံရသည့် သူမ၏အမူအရာကြောင့် ဝမ်ယွီက ရယ်လိုက်သည်။ သူက မတ်တပ်ရပ်ကာ လက်စွပ်ကို သူမလက်ပေါ်စွပ်ပေးချိန်တွင် လုံးဝတော်နေသည်။ အမှန်က သူတစ်ညလုံးမအိပ်ဘဲ သူမအခန်းထဲကို ခိုးဝင်ကာ သူမလက်ချောင်းလေး၏ အရွယ်အစားကို သွားတိုင်းလာခဲ့ပြီးနောက် လက်စွပ်ကို ပြန်ညှိခဲ့သည်။


“ကိုယ်သိပါတယ်... မင်းပြောရမှာက ကိုယ့်ကို လက်ထပ်မလား မထပ်ဘူးလားဆိုတာကိုပဲ...”


သူ့မျက်လုံးများက ကြယ်ရောင်တောက်ပနေကာ အန်းနဉ်ကိုသာ စွဲစွဲမြဲမြဲကြည့်နေခဲ့သည်။ 


ထိုအကြည့်အောက်တွင် အန်းနဉ်၏စိတ်ကလေး ငြိမ်သက်သွားသည်။ သူမက ဝမ်ယွီ၏ မျက်လုံးများကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည် 


"ကျွန်ုမ လက်ထပ်ဖို့ ဆန္ဒရှိပါတယ်..."


ဝမ်ယွီ၏ မျက်လုံးများက တလက်လက်တောက်နေကာ မျက်နှာက ရွှင်လန်းနေသည်။


"မင်းအသက်နှစ်ဆယ်ကျရင် ကိုယ်တို့လက်ထပ်ကြမယ်..." 


“ကောင်းပါပြီ...” 


အန်းနဉ်က ပြုံးလိုက်သည်။


သူမက အတန်းဖော်များ၏ လက်ခုပ်သြဘာ၊ ကောင်းချီးပေးသံများနှင့် လေချွှန်သံများကြား ခြေဖျားထောက်ကာ ဝမ်ယွီ့ကို နမ်းလိုက်သည်။


“ဒီအနမ်းနဲ့ တံဆိပ်ခတ်လိုက်ပြီ...”


ဒီဘဝမှာ ကျွန်မ ရှင့်ရဲ့သတို့သမီးဖြစ်မယ်...


အနာဂတ်မှာလည်း ရှင်နဲ့ကျွန်မ ဘေးကင်းပြီး ပျော်ရွှင်နေရလိမ့်မယ်....



💗💗💗💗💗



( Main Storyလေးကတော့ ဒီနေရာမှာ ပြီးသွားပေမယ့်extraလေးတွေ ကျန်ပါသေးတယ်ရှင့် 😚 )