🤚Chapter 97
"ငါနင့်ကို ပြောပြဦးမယ် ပိုင်လုနဲ့ ချန်းဟောင်တို့ ရန်ဖြစ်ကြပြန်ပြီ..."
မုန့်ရှင်းယွီက ကျိအန်းနဉ်ကို ပြောသည်။
"ဘာလို့ ထပ်ပြီး ရန်ဖြစ်နေကြတာလဲ... ဘာတွေ ငြင်းခုံနေကြတာလဲ..."
ကျိအန်းနဉ် နားမလည်နိုင်တော့ပေ။
“အဓိကကတော့ ပိုင်လုပါပဲ... ငါနဲ့ တစ်နယ်တည်းသားချင်းလို သူက ပစ္စည်းတွေဝယ်ရတာ အရမ်းဝါသနာပါတယ်လေ...”
မုန့်ရှင်းယွီက သက်ပြင်းချသည်။ သူမကလည်း ကျိအန်းနဥ်ကဲ့သို့ ရုပ်ပိုင်းဆိုင်ရာဆန္ဒများကို ထိန်းထားနိုင်သူတစ်ဦးဖြစ်သောကြောင့် အပြည့်အဝနားမလည်နိုင်ပေ။
သူတို့၏အသုံးစရိတ်ကို မထိန်းချုပ်နိုင်၍ ညံ့ဖျင်းသည်ဟု ပြောနိုင်သော်လည်း သူတို့က ခိုးယူလုယက်ခြင်းမျိုး မလုပ်ဘဲ သူတို့သဘောကျသည့်အရာအတွက် ငွေသုံးခြင်းကို မရပ်တန့်နိုင်ဟုလည်း ဆိုရပေမည်။
သို့သော် သူတို့က မကောင်းဟုဆိုလာပါကလည်း မုန့်ရှင်းယွီက စိုးရိမ်ပူပန်နေရုံမှတစ်ပါး မတတ်နိုင်ချေ။ ပစ္စည်းများဝယ်ရန်အတွက် ယွီရှားနှင့်ပိုင်လုတို့ ချေးငွေထုတ်ခြင်းက မသင့်လျော်ကြောင်း သူမ အမြဲလိုလို ခံစားမိသည်။
"ချန်းဟောင်က အဲဒီချေးငွေကို ပြန်ဆပ်ဖို့ ကူညီနေတယ်..."
သူမက ပြောသည်။
ကျိအန်းနဉ် အံ့သြသွားပြီး မေးခဲ့သည်။
"သူကိုယ်တိုင် ပြန်ဆပ်နိုင်တယ်လို့ မပြောခဲ့ဖူးလား..."
မုန့်ရှင်းယွီက ထပ်ခါတလဲလဲ သက်ပြင်းချရင်း ပြောသည်။
"သူက ချေးငွေပြန်ဆပ်ဖို့ သူ့ကိုယ်ပိုင်ပိုက်ဆံကို သုံးခဲ့ပါတယ်... ဒါပေမယ့် စားဖို့၊ သောက်ဖို့နဲ့ တခြားအရာတွေအတွက်တော့ အကုန်လုံးက ချန်းဟောင်ရဲ့ ပိုက်ဆံတွေပဲလေ..."
ကျိအန်းနဉ် ဆွံ့အသွားသည်။
မုန့်ရှင်းယွီက ဆက်ပြောသည်။
" နင်က တကယ်တော်တယ်နော်... နင် ဝမ်ယွီနဲ့ပြဿနာတက်ဖူးလား ငါတစ်ခါမှ အဲ့ဒီလိုမကြားဖူးသလိုပဲ..."
သေချာတွေးကြည့်ပါက သူတို့နှစ်ယောက် အမှန်တကယ်ပင် ပြဿနာ မတက်ဖူးပေ။ မည်သည့်ကိစ္စ ရှိနေသည်ဖြစ်စေ သူတို့နှစ်ယောက်က စကားကောင်းကောင်းပြောပြီး နှစ်ယောက်လုံးလက်သင့်ခံနိုင်သည့် ဖြေရှင်းနည်းကို ရှာတွေ့ခဲ့သည်သာဖြစ်သည်။
ထို့အပြင် သူတို့နှစ်ယောက်လုံး၏ အမှောင်မိုက်ဆုံးအချိန် တွင် အတူတူရှိနေခဲ့ကြပြီး တစ်ကြိမ်မျှသာ ရူးသွပ်မှုထဲတွင် မြုပ်ခဲ့ခြင်းဖြစ်သည်။
သူမကို ဤချောက်နက်ထဲမှနှိုးကာ ခေါ်ထုတ်ပေးခဲ့သည့် တစ်ယောက်တည်းသောလူက မုန့်ရှင်းယွီပင်ဖြစ်သည်။
အတိတ်ဘဝတွင် သူမ ရှင်းယွီနှင့် သူငယ်ချင်းမဖြစ်ခဲ့သည်ကို နောင်တရမိသည်။ ကံကောင်းစွာနှင့်ပင် သူမက ဤဘဝတွင် ထပ်မလွဲချော်ခဲ့ပေ။
ကျိအန်းနဉ်က အလိုလိုမပြုံးဘဲ မနေနိုင်တော့ပေ။ ဝမ်ယွီသူမကို လုပ်ပေးခဲ့သလိုမျိုး မုန့်ရှင်းယွီနဖူးပေါ်ရှိ ဆံပင်များကို သူမနားနောက်သို့ သပ်ပေးလိုက်သည်။
သူမအကြည့်က နူးညံ့နေ၍ မုန့်ရှင်းယွီကိုကြက်သီးမွှေးညှင်းထစေသည်။
"အိုး ဘုရားရေ... နင်တစ်ခုခုများ ပူးကပ်ခံနေရတာလား... "
.....
ဝမ်ယွီ စတုတ္ထမြောက် ကုသမှုကိုခံယူခဲ့သည်။
“အရင်တစ်ခေါက် လုပ်ခဲ့တာက အိပ်စက်ခြင်းကို ဖြစ်စေတဲ့ အိပ်မွေ့ချမှုမျိုးပဲ...ဒီတစ်ခါ မင်းကို ငါ အိပ်မက်ထဲ လမ်းညွှန်ပေးမယ် မင်း စိတ်အေးလက်အေးထားဖို့လိုတယ်...”
ဝမ်ယွီက Freudianဆိုဖာပေါ်တွင် စိတ်အေးလက်အေးလှဲနေပြီး ပြုံး၍ပြောသည်။
"စိတ်မပူပါနဲ့ ကျွန်တော် တကယ်ကို စိတ်အေးလက်အေးဖြစ်နေတာ..."
ဝမ်ယွီက ကောင်းကောင်းအိပ်ချင်နေသေးသော်လည်း ဤတစ်ကြိမ် အိပ်မွေ့ချနည်းက ယခင်အကြိမ်နှင့် မတူပေ။
“အဲဒီအိပ်မက်ကို မှတ်မိဖို့ ငါ့နောက်ကို လိုက်ခဲ့...”
ဆရာဝန်က ပြောသည်။
"လှေကားထစ်ကိုမြင်တယ် မင်းပြေးတယ်... တစ်ယောက်ယောက်က မင်းကိုလိုက်နေတယ်... မင်းက ခေါင်မိုးပေါ်ကို ခြေဗလာနဲ့ ပြေးနေပြီး ကြမ်းပြင်က အေးနေတယ်... မင်းခြေထောက်ကို တစ်ခုခုက လာထိပေမဲ့ မင်းပြေးထွက်သွားတယ် ပြီးတော့ မင်းလဲကျသွားတယ်…”
ဆရာဝန် စတင်ဖော်ပြစဉ်တွင် ဝမ်ယွီက နိုးကြားနေသေးသော်လည်း ဆရာဝန်၏ အိပ်မက်အကြောင်းကို ဖြည်းညှင်းစွာပြောပြသည့် မြင်ကွင်းကြောင့် ဝမ်ယွီ၏မျက်ခွံများ လေးလံလာသည်။ ခဏအကြာတွင် သူ ရုတ်တရက် ရှေ့တိုးလာသည်။
သူ လဲကျနေရာမှ အိပ်မက်ထဲကို ရောက်သွားသည်။
သူက ပုန်းအောင်းရင်းထရပ်ကာ သွေးထွက်နေသော ခြေဖဝါးက မြေပြင်ပေါ်ရှိ အေးစက်သော သံဆူးချွန်နှင့် ထိသွားသည်။ သူက ၎င်းကို ကောက်ယူ၍ သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည်။
အသက်ရှုသံများ ဖုံးလွှမ်းသွားပြီး သူ့နှလုံးခုန်သံပြင်းထန်နေသည်။
ကျောင်းချန်၏ဖိနပ်ထိပ်က ဦးစွာထွက်လာပြီး သူ့မျက်နှာပေါ်လာသည်။ သူလှည့်ကြည့်လိုက်သောအခါ ဝမ်ယွီကို တွေ့လိုက်သည်။
ဝမ်ယွီ သံဆူးချွန်ကို အစွမ်းကုန် လွှဲယမ်းပစ်သည့်အခါ ကျောင်းချန်၏နှာခေါင်းရိုးကို ထိသွားပြီး သွေးများစီးကျလာသည်။
ဝမ်ယွီ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
မျက်နှာကျက်တွင် နူးညံ့သော အရောင်တစ်ခုရှိပြီး အလင်းရောင်က နူးညံ့ညင်သာကာ သူ့အောက်တွင် စကားစမြည်ပြောဆိုခြင်းနှင့် အိပ်မွေ့ချခြင်းအတွက် အသုံးပြုသည့် Freudian ဆိုဖာတစ်ခုရှိသည်။
ဆရာဝန်က ဆိုဖာဘေးက ကုလားထိုင်တွင်ထိုင်ပြီး သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေသည်။
“ကိုယ့်ကိုကိုယ် ကာကွယ်တာ...”
ဆရာဝန်က ပြောသည်။
“ဓာတ်အားလိုင်းက အလိုလို ပြတ်သွားရင် မတော်တဆ ချော်လဲကျသလိုမျိုး တစ်ယောက်ယောက်က မင်းကို ဓားနဲ့လာထိုးရင် မင်းအလိုလို ရှောင်သွားလိမ့်မယ် ဒါတွေအားလုံးက ကိုယ့်ကိုယ်ကို ကာကွယ်မှုပဲလေ... အချိန်တိုင်း တစ်ချိန်တည်းမှာ နိုးထလာရတဲ့အတွက် အဲဒီအချက်ကိုကျော်လွန်ပြီး အန္တရာယ်တစ်ခုခုဖြစ်လာမယ်ဆိုတာ မင်းသိနေတယ်... ဒါကြောင့်ပဲ ဒီအန္တရာယ်ကို မရှောင်ရှားနဲ့ မင်း ကိုယ်တိုင် နိုးထလိုက်ဖို့ မင်းရဲ့အသိစိတ်က သတိပေးနေတာ...”
ဆရာဝန်ကပြောသည်။
"အံ့သြစရာပဲ..."
ဝမ်ယွီက စကားလုံးအနည်းငယ်မျှဖြင့် သူ့ကို အိပ်စေသော အိပ်မွေ့ချနည်းကို စွဲလန်းနေဆဲဖြစ်သည်။
“ဒီနေ့ ကျွန်တော်အိပ်မွေ့ချတယ်ဆိုတာက တကယ် တည်ရှိနေတယ်လို့ တကယ်ယုံသွားပြီ... သူက အပြောသက်သက်မဟုတ်ဘူးပဲ...”
ဆရာဝန်: "…"
ဒါဆို သူက ငါ့ကို အရင်က လူလိမ်လို့ထင်ခဲ့ပေမဲ့ အိပ်ရေးဝဝအိပ်ဖို့ ဒီကိုလာပြီး အခကြေးငွေပေးနေတာပေါ့လေ...
ဆရာဝန်က သူ့မျက်မှန်ကိုချိန်ညှိပြီး ပြောသည်။
“ဒီနေ့တော့ ဒီမှာပဲ ရပ်လိုက်မယ်... နောက်တစ်ခါ အိမ်မက်ထဲ ဝင်လာတဲ့အခါ ဒီနေရာကို ကျော်လွှားပြီး ဒီရှုထောင့်ကနေ လွတ်မြောက်ဖို့ လိုတယ်...”
အိပ်မက်များတွင် မတူညီသည့် ရှု့ထောင့်များရှိသည်။
ပထမလူရှုထောင့်တွင် သူက အိပ်မက်ထဲရှိလူဖြစ်ပြီး လုပ်ဆောင်ချက်များနှင့် အဖြစ်အပျက်အားလုံးကို "အခြားတစ်ယောက်" က လုပ်ဆောင်သည်။
တတိယလူ၏ ရှု့ထောင့်တွင်မူ သူက အိပ်မက်ထဲတွင် ရှိနေသည်ဖြစ်စေ မပါဝင်သည်ဖြစ်စေ အကဲခတ်သူသာဖြစ်သည်။
ဝမ်ယွီ၏အိပ်မက်များက ပထမလူရှု့ထောင့်တွင် အမြဲရှိနေခဲ့သည်။ သို့သော် သူ့ဖော်ပြချက်အပေါ် အခြေခံ၍ အိပ်မက်ထဲတွင် ဤအဖြစ်အပျက်များကို တွေ့ကြုံနေရသူက သူ့ကိုယ်တိုင်မဖြစ်သင့်ပေ။ သူက အခြားခန္ဓာကိုယ်တစ်ခုထဲ ရောက်နေသည့် ထူးဆန်းသော ခံစားချက်ကို ခံစားခဲ့ရသည်။
ဆရာဝန်က သူ့ကို ဤရှုထောင့်မှ လွတ်မြောက်ပြီး အိပ်မက်၏ ပုံရိပ်အပြည့်ကို မြင်စေချင်သည်။
သူတို့က ၎င်းကို နောက်တစ်ကြိမ်တွေ့ဆုံဆွေးနွေးပွဲတွင် ပြုလုပ်ကြည့်ရန်အတွက် စီစဉ်ခဲ့သည်။
( ရှုပ်သွားလားမသိဘူး ဝမ်ယွီက ကျိအန်းနဉ်ရဲ့ကိုယ်ထဲကနေ ဒီအဖြစ်အပျက်ကို မြင်နေရလို့ ကိစ္စတစ်ခုလုံးကို ခြုံငုံမမြင်ရဘဲ ဘာဖြစ်မှန်း မသိတာပါ၊ ဒါပေမဲ့ ဘေးလူအမြင်ကနေ ကြည့်နိုင်မယ်ဆိုရင်တော့ ကျိအန်းနဉ်နောက်ကို ကျောင်းချန်လိုက်နေတာကိုမြင်ပြီး ကိစ္စတစ်ခုလုံးကို သေချာမြင်နိုင်သွားမှာပါ )
....
စွန်းယာရှန့်က ချစ်သူအသစ်တစ်ယောက် ရသွားပြီဖြစ်သည်။
ကျိအန်းနဥ်က အတင်းအဖျင်းသတင်းကို အားပေးသူမဟုတ်ပေ။ မကြာသေးမီတွင် ပိုင်လုက ချန်းဟောင်နှင့်စစ်အေးတိုက်ပွဲဆင်နွှဲခဲ့ပြီး အခြားသူများအကြောင်း အတင်းအဖျင်းပြောခြင်းကို စိတ်မဝင်စားတော့ပေ။
ကျိအန်းနဉ်က ထိုကိစ္စကို သူမကိုယ်တိုင် မြင်ခဲ့ခြင်းသာဖြစ်သည်။
ဝမ်ယွီနှင့် လက်တွဲပြီး ကျောင်းတံခါးမှ ထွက်လာသောအခါ စွန်းယာရှန့်ကို ကားမောင်းပြီးလာကြိုသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ဝမ်ယွီက လှမ်းအော်လိုက်သည်နှင့် ထိုလူက ဝမ်ယွီနှင့် စကားပြောရန် အပြင်ထွက်လာသည်။
သူက ဝမ်ယွီ၏ အသိုင်းအဝိုင်းအတွင်းမှ သူငယ်ချင်းဖြစ်သည်။
သူတို့ စကားစမြည်ပြောနေကြစဉ် စွန်းယာရှန့်က အပြုံးမပျက် အနားတွင် ရပ်နေခဲ့သည်။
ကျိအန်းနဉ်က သူမကို လှမ်းကြည့်လိုက်သည်။ဤအသိုင်းအဝိုင်းထဲမှာပင် သူမက ယောက်ျားတစ်ယောက်မှ အခြားတစ်ယောက်သို့ ပြောင်းသွားခဲ့သည်။ ထိုအမျိုးသားများက တစ်ယောက်နှင့်တစ်ယောက် သိကြပြီး သူတို့၏ဆက်ဆံရေးက ရှုပ်ထွေးလွန်းသည်။
သို့သော်လည်း စွန်းယာရှန့်က ဤအသိုင်းအဝိုင်းမှ ထပ်မံထွက်ခွာရန် ငြင်းဆိုခဲ့သည်။
ကျိအန်းနဥ်က အစတုန်းက တွေးထင်ထားခဲ့သလိုပင်။ ဝမ်ယွီက ဤမိန်းကလေးအတွက် ပန်ဒိုရာသေတ္တာကို ဖွင့်ခဲ့ပြီး နောက်တစ်ကြိမ် ပိတ်၍မရတော့ပေ။
နောက်တစ်နေ့တွင် စွန်းယာရှန့်က စင်္ကြန်လမ်းတွင် ကျိအန်းနဉ်ကို ပိတ်ရပ်လိုက်သည်။
“ငါ့ကို အထင်သေးပြီး မာနကြီးမနေနဲ့... တကယ်တော့ မာနကြီးစရာမလိုဘူးလေ ငါတို့နှစ်ယောက်လုံးက တစ်လှေတည်းပဲကို... ”
စွန်းယာရှန့် တစ်နည်းနည်းနှင့် ပြောင်းလဲသွားသည်ဟု ကျိအန်းနဉ် ခံစားမိသည်။ ဤစွန်းယာရှန့်မှာ ယခင်ဘဝက စွန်းယာရှန့်နှင့် မတူပေ။
စွန်းယာရှန့်ရဲ့ ဘယ်ဗားရှင်းက ပိုဆိုးလဲဆိုတာ ပြောဖို့တော့ခက်သား...
"ငါကဘာတွေ မာနကြီးနေလို့လဲ..."
ကျိအန်းနဉ်က သူမမျက်လုံးကိုစိုက်ကြည့်ကာ မေးသည်။
"ဟမ့်..."
စွန်းယာရှန့်က သူ၏ အကြည့်ကို ရှောင်လိုက်သည်။
“ဒီလူတွေအားလုံးက ဒီလိုပါပဲ... ငါတို့ကို ပေါ့ပေါ့တန်တန် ချိန်းတွေ့ရင်တော့ကောင်းတယ်... ဒါပေမယ့် လက်ထပ်ဖို့တော့ မဖြစ်နိုင်ဘူးလေ... ဝမ်ယွီက ချန်းဟောင်ရန် ငါ့ကိုချစ်တာထက် နင့်ကို ပိုချစ်တယ်လို့ မထင်နဲ့ဦး... သူက ကျောင်းတက်နေတုန်းပဲ ရှိသေးလို့ပါ... ငါ့ကို မယုံဘူးလား သူဘွဲ့ရတဲ့အထိ စောင့်လိုက်လေ... အဲ့ဒီအချိန်ထိ သူ အပြစ်ကင်းစင်နေသေးသားဆိုတာ စောင့်ကြည့်လိုက်...”
ကျိအန်းနဉ် ထိတ်လန့်သွားသည်။
ဘဝနှစ်ခုတွင် နေထိုင်ခဲ့ပြီးသူဖြစ်၍ တစ်စုံတစ်ယောက်က ဝမ်ယွီကို "အပြစ်ကင်းသည်"ဟူသော အသုံးအနှုန်းဖြင့် ပြောလာသည်ကို မယုံကြည်နိုင်သေးပေ။ ထို့အပြင် ဤစကားကို ပြောလာသူက စွန်းယာရှန့်ဖြစ်နေသည်။
သူမ၏ခံစားချက်က သူမပြောသလိုပင် ရှုပ်ထွေးနေသည်။
“တက္ကသိုလ်က အချစ်ရေးဆိုတာ ဒီလိုမျိုးပါပဲ... ဘွဲ့ရပြီးရင် လမ်းခွဲတတ်ကြတယ်လို့ စီနီယာတွေ မပြောကြဘူးလား...”
စွန်းယာရှန့်က ပြက်ရယ်ပြုသလို ပြောလာသည်။
“နင် နားမလည်သလို မလုပ်နဲ့နော်... ငါတို့က ဒီလို သာမန်အချစ်ဇာတ်လမ်းလေးတွေအတွက်ပဲ ရည်ရွယ်တာမဟုတ်ဘူးမလား...”
ကျိအန်းနဉ်က ပြန်ဖြေသည်။
“စကားလုံးတွေကို အလွဲသုံးစားမလုပ်နဲ့... ဘာကိစ္စ'ငါတို့' ဖြစ်သွားရတာတာလဲ... "
စွန်းယာရှန့်က ဒေါသထွက်ကာ လှည့်ထွက်သွားသည်။
သူတို့က မနှစ်မြို့ဖွယ်ကောင်းသော အနေအထားဖြင့် လမ်းခွဲလိုက်ကြသည်။
.....
ဇွန်လတွင် ဝမ်ယွီက ပဉ္စမမြောက် ကုသမှုကို ခံယူခဲ့သည်။
“ဒီတစ်ခါတော့ ဒီနေရာကို ဖြတ်ကျော်ဖို့ ကြိုးစားရမယ် ဒါမှမဟုတ် ဒီရှုထောင့်ကနေ လွတ်မြောက်အောင် ကြိုးစားရမယ်... ”
ဆရာဝန်က သူ့ကို ညွှန်ကြားခဲ့သည်။
ဆရာဝန်၏ဖော်ပြချက်ကြောင့် ဝမ်ယွီ ရုတ်တရက် နောက်ပြန်လဲကျသွားကာ အိပ်မက်ထဲသို့ ရောက်သွားသည်။
သူ သံဆူးချွန်ကိုကိုင်၍ အရိပ်ထဲမှာ ပုန်းနေပြီး သူ့ကိုယ်သူ အဆက်မပြတ်ပြောနေသည်။
“ငါလုပ်နိုင်တယ် ငါလုပ်နိုင်ပါတယ်...”
ဤအိပ်မက်က သူ့အတွက် အချိန်အတော်ကြာအောင် စိတ်ပူပန်စေခဲ့ပြီး ဝမ်ယွီက စိတ်ရင်းမှန်နှင့် လွတ်မြောက်ချင်ခဲ့သည်။
ထို့ကြောင့် ကျောင်းချန်၏ ယုတ်မာသောမျက်နှာ ပေါ်လာသောအခါ ဝမ်ယွီက သံဆူးချွန်ကိုလွှဲယမ်းကာ နှာခေါင်းရိုးပေါ်သို့ ထိမှန်သွားစေသည်။ သွေးများက ချက်ချင်းဆိုသလို ဖြန်းခနဲထွက်လာပြီး ဝမ်ယွီလွတ်မြောက်သွားသည်။
သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းနိုင်မီ တုန်လှုပ်ချောက်ချားစရာကောင်းသည့် ခြေလှမ်းတစ်ခုကို လှမ်းယူလိုက်ပုံရသည်။
သူ တည့်တည့်မတ်မတ်လှည့်ကာ နောက်သို့လှည့်ကြည့်လိုက်သည်
လက်တွေ့ဆန်သည့် ဇာတ်ကားတစ်ကားထဲကို လျှောက်သွားသည့်အတိုင်း အချိန်များ အေးခဲသွားသည်။
ဝမ်ယွီ၏မျက်နှာရှေ့တွင် ပြန့်ကျဲနေသော သွေးစက်များပင် လေထဲတွင် ရပ်တန့်နေပုံရသည်။
သံဆူးချွန်က ကျောင်းချန်၏နှာခေါင်းရိုးကို လေးထောင့်ကျကျ ရိုက်ခတ်သွားပြီး သူ့မျက်နှာကို ကွဲအက်သွားစေသည်။ သူ့ပါးစပ်ပွင့်သွားကာ သွားတစ်ချောင်း လွင့်ထွက်သွားပြီး လေထဲတွင်လည်း ရပ်တန့်သွားသည်။
သို့သော် ဝမ်ယွီက သူ့ကို မကြည့်ပေ။
ဝမ်ယွီက သံဆူးချွန်ကို ကိုင်ဆောင်ထားသည့် လူကို စိုက်ကြည့်ကာ လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားသည်။
ယခင်က ဤလူ၏ရှု့ထောင့်မှ ဤအိပ်မက်ကို အကြိမ်ကြိမ် မက်ခဲ့ဖူးသည်။ ယခု နောက်ဆုံးတွင် သူလွတ်မြောက်လာပြီး တတိယလူရှု့ထောင့်မှတစ်ဆင့် ဤလူက မည်သူဖြစ်ကြောင်း သိလိုက်ရသည်။
သူမဆံပင်များက ဖရိုဖရဲဖြစ်နေပြီး မျက်နှာက ဖုန်များပေကျံနေသည်။
သူမ၏ လက်များနှင့်ခါးတို့က အလွန်သွယ်လျကာ ခြေထောက်တစ်ဖက်က ဗလာဖြစ်နေပြီး သံဆူးချွန်နှင့်ထိလာသောကြောင့် သွေးများ စီးကျနေသည်။
ဤကဲ့သို့ဖရိုဖရဲဖြစ်နေသည့် အသွင်အပြင်က ဝမ်ယွီ တစ်ကြိမ်မှ မမြင်ဖူးသော အရာဖြစ်သည်။
သို့သော် သူမ၏မျက်လုံးများက ဝမ်ယွီနှင့်ရင်းနှီးနေသည်။
သူမမျက်လုံးများက အလွန်မှောင်ပြီး အေးစက်နေကာ ဒေါသမီးတောက်များ တောက်လောင်နေသည်။
သူမ၏ နူးညံ့သိမ်မွေ့သော အသွင်အပြင်ဖြင့် လက်နက်ကိုင်ဆောင်ထားကာ အရွယ်ရောက်ပြီး ယောကျာ်းတစ်ယောက်ဖြစ်သည့် ကျောင်းချန်ကို ရင်ဆိုင်လိုက်သည်။
ကိုယ်ခံပညာလေ့ကျင်းရေးကလပ်မှာ သူ့ကို ပထမဆုံးလေ့ကျင့်ပေးတုန်းက ငါ့ကို ဘာပြောခဲ့တာလဲ...
“လက်တွေ့ကျမယ့်တစ်ခုခု သင်ချင်တယ်... အားကစားလုပ်ရိုးလုပ်စဉ်တွေ မလိုအပ်ဘူး ကျွန်မ လိုအပ်တာက အရွယ်ရောက်ပြီးတဲ့ အမျိုးသားကို တစ်ယောက်တည်း တိုက်ခိုက်နိုင်တဲ့ နည်းလမ်းပဲ... တစ်ဖက်က အသက်ရှင်တာဖြစ်ဖြစ် သေတာဖြစ်ဖြစ် မဟုတ်ရင် ဒဏ်ရာရသွားတာဖြစ်ဖြစ် ဂရုစိုက်ဖို့ မလိုဘူး... လက်နက်ကိုင်ပဲဖြစ်ဖြစ် လက်နက်မဲ့ပဲဖြစ်ဖြစ် ကျွန်မရဲ့ဦးစားပေးက သူတို့ကို တိုက်ခိုက်တာ မဟုတ်ရင် ဘေးကင်းကင်းနဲ့ လွတ်ဖို့ပဲ..."
ဝမ်ယွီက အေးခဲနေသော လောကကြီးကို ကြည့်လိုက်သည်။ လက်ဆစ်များဖြူသွားသည်အထိ သူ့လက်များကို ဆုပ်ထားသည်။
ထိုအချိန်တွင် အပေါ်စီးမှ စူးစူးရှရှ အသံတစ်ခုထွက်ပေါ်လာပြီး ဝမ်ယွီက ညကောင်းကင်ယံ၌ အလင်းရောင်ကိုမြင်တွေ့ရန် မော့ကြည့်လိုက်သည်။
အမှန်တွင် ဝမ်ယွီ သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက် သောအခါ နူးညံ့သည့်အရောင်နှင့် မျက်နှာကျက်နှင့် အလင်းရောင်ဖျော့ဖျော့လေးကို တွေ့လိုက်ရသည်။
ဆရာဝန်က ဆိုဖာဘေးမှ ကုလားထိုင်မှာ ထိုင်ပြီး သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေသည်။
ဤတစ်ကြိမ်တွင် သူဆန္ဒအလျောက် မနိုးခဲ့ဘဲ သွယ်ဝိုက်သောနည်းလမ်းဖြင့် နိုးထလာခဲ့သည်။ သို့သော် သူ့အကြည့်နှင့် အမူအရာက ပြောင်းလဲသွားသည်။
သူက ရက်ရောပြီး တက်ကြွရွှင်လန်းသည့် လူငယ်တစ်ယောက်ပင်။ စျေးကြီးသည့် တိုင်ပင်ဆွေးနွေးခကို ဂရုမစိုက်သောကြောင့် ချမ်းသာသည့် မိသားစုကဖြစ်မည်ဟု ဆရာဝန်က လွယ်လွယ် ခန့်မှန်းနိုင်သည်။ သူက ကောင်းကောင်းအိပ်မောကျနိုင်ရန် ပိုက်ဆံများစွာ အကုန်ခံပြီး ဤနေရာကို လာခဲ့သေးသည်။
ဤတစ်ကြိမ် အိပ်မက်မှ နိုးလာသည့်အခါ သူလုပ်လေ့ရှိသည့် ဂရုမစိုက်သော အမူအရာများ ပျောက်ကွယ်သွားခဲ့သည်။ သူ့မျက်နှာက သိသိသာသာ မည်းမှောင်လာသည်။
"ဒါဆို မင်းချစ်သူနဲ့ ကျောင်းမျိုးရိုးကြားမှာ ဘယ်လိုဆက်ဆံရေးမျိုးရှိလဲ... "
ဆရာဝန်က မေးသည်။
"အဲဒါမျိုး မရှိဘူး..."
ဝမ်ယွီ၏ အသံက နိမ့်ပါးအေးစက်သော်လည်း အလွန်စိတ်ပိုင်းဖြတ်ထားသည်။
" ကျောင်းမျိုးရိုးနဲ့ကောင်က သူနဲ့ ရှုပ်ချင်နေလို့ ကျွန်တော်သူ့ကိုထိုးခဲ့တယ်လို့ ပြောတယ်မလား သူတို့ကတော့ ဘာပတ်သက်မှုမှ မရှိဘူး..."
“မင်း သတိမထားမိတဲ့ အခြေအနေမှာ ဖြစ်နိုင်တယ်…”
ဆရာဝန်က အယူအဆတစ်ခုကို ဖော်ထုတ်ရန်ကြိုးစားသည်။
ဝမ်ယွီက သူ့ကို ဖြတ်ပြောသည်။
“မဖြစ်နိုင်ဘူး...”
“ကျွန်တော် ပုဂ္ဂလိက စုံထောက်တစ်ယောက်ကို ငှားထားလိုက်သေးတယ်... ကောလိပ်မတက်ခင်က သူတို့ကြားမှာ ဆက်ဆံရေးမရှိဘူး... ကောလိပ်တက်ပြီးမှ သူ(ကျိအန်းနဥ်)က သူ(ကျောင်းချန်)နဲ့တွေ့တာ...”
အလုပ်တွင် ဆရာဝန်များက လူနာများထံမှ ထူးထူးဆန်းဆန်းမျိုးစုံကြားရတတ်သည်။ ချမ်းသာသော ဒုတိယမျိုးဆက်သူဌေးသားက သူ့ရည်းစား၏နောက်ကြောင်းကို စုံစမ်းရန် လျှို့ဝှက်စုံထောက်တစ်ဦးကို ငှားရမ်းခြင်းကဲ့သို့သော အရာက သာမန်မဟုတ်သည်ဟု မထင်ရပေ။
သူက မေးသည်။
"ဒါဆို အဲဒီစုံထောက်က သူတို့ကြားမှာ ဆက်နွှယ်မှုမရှိဘူးလို့ စုံစမ်းလို့ရတယ်ပေါ့ မင်းက အဲ့ဒါကိုယုံလား..."
"ဒါပေါ့...ကျွန်တော်ယုံတယ်..."
ဝမ်ယွီက မဆိုင်းမတွပြောသည်။
ဆရာဝန်က ခေါင်းညိတ်ပြီးပြောသည်။
“ဒါပေမယ့် မင်းရဲ့ မသိစိတ်က မယုံဘူး...”
“မင်းရဲ့ မသိစိတ်က ဒါကို မယုံဘူး... ဒါကြောင့်ပဲ သူတို့က ဆက်စပ်မှုရှိတဲ့ မြင်ကွင်းတွေကို ဖန်တီးပြီး မင်းကို ထပ်ခါထပ်ခါ သတိပေးနေတာ...”
###