အပိုင်း၂၆၂
Viewers 70k

🍵Chapter 262




ယခုရက်ပိုင်း၌ ပေကျင်းတက္ကသိုလ်သည် အလွန် လူစည်ကားနေလေသည်။ ယခု လာတက်သည့် ကျောင်းသားများသည် တက္ကသိုလ်ဝင်ခွင့်ပြန်စပြီးမှ ပထမဆုံးတက်ခွင့်ရသည့်ကျောင်းသားများဖြစ်သောကြောင့် လူတိုင်းက ထိုကျောင်းသားများကို စိတ်ဝင်စားနေကြသည်။

ကျောင်း၏အရှေ့ဝင်ပေါက်၌ ကျောက်သင်ပုန်းကြီးတစ်ခုကိုချထားကာ ထိုကျောက်သင်‌ပုန်းပေါ်၌ "ကျောင်းသားသစ်များကို နွေးထွေးစွာကြိုဆိုပါ၏" ဟုရေးထားလေသည်။


ကျောင်းဝင်ပေါက်၌ စာရင်းပေးနေကြသော ကျောင်းသားကျောင်းသူအသစ်များအပြင် ကျောင်းသားသစ်များကို ဆိုင်းဘုတ်များကိုင်၍ ကြိုဆိုနေကြသော စီနီယာကျောင်းသားကျောင်းသူဟောင်းများလည်း ရှိနေကြသည်။ သို့သော် ထိုကျောင်းသားကျောင်းသူများသည် တက္ကသိုလ်ကျောင်းသားဘဝထက် အလုပ်သမား၊ ဆင်းရဲသားနှင့် စစ်သားများဘဝ၌ ပိုအသားကျနေပြီဖြစ်၏။


ထိုစီနီယာကျောင်းသားများသည် အသစ်ဝင်လာသောကျောင်းသားများကို ကြည့်ရင်းဖြင့် သူတို့မျက်လုံးများထဲ၌ မနာလိုမှုများ ရှိနေသည်ကို ထုံရွှယ်လူ သတိထားလိုက်မိသည်။


သူတို့ကိုကြည့်ရင်းဖြင့် ထုံရွှယ်လူ စိတ်မကောင်းဖြစ်လာမိသည်။


ထိုလူများသည် နောက် ကျောင်းပြီး၍ အလုပ်လုပ်လျှင်လည်း ထိုကဲ့သို့ ကျောင်းတက်နေရင်း အလုပ်ထွက်လုပ်ခဲ့ရသောကြောင့် အလုပ်ခွင်၌ အနှိမ်ခံကြရဦးမည်ဖြစ်သည်။


သို့သော် ထိုကျောင်းသားဟောင်းများကို အခြားလမ်းတစ်ခုရွေးပါဟူ၍လည်း ထုံရွှယ်လူ သွားပြော၍မရပေ။ ထုံရွှယ်လူ ပြောလျှင်လည်း မည်သူကမှ ယုံမည်မဟုတ်ပေ။


သို့သော် နိုင်ငံခြားဘာသာဌာနကတော့ အခြားဌာနများနှင့် အနည်းငယ်ကွာခြားနေသည်။ လွန်ခဲ့သောနှစ်များ၌ တိုင်းပြည်အတွက် နိုင်ငံခြားဘာသာအတတ်ပညာထွန်းပေါက်စေရန် ဌာန၏ကျောင်းသားများသည် စစ်သား၊ အလုပ်သမား စသဖြင့် ထွက်မလုပ်ရပဲ စာကိုသာ လေ့လာနေခဲ့ကြရသည်။


တစ်နည်းပြောရလျှင် နိုင်ငံခြားဘာသာဌာန၏ ကျောင်းသားများသည် ကျောင်းပြီး ဘွဲ့ရပြီးလျှင် အခြားလူများထက် အလုပ်ရနိုင်ချေများခြင်း ဖြစ်သည်။


သို့သော်လည်း ထိုအလုပ်ရနိုင်ချေကလည်း အခြားဌာနများနှင့် ယှဉ်လျှင်သာ များခြင်းဖြစ်သည်။ ဘွဲ့ရပြီးပြီးချင်း အစိုးရအလုပ်ကို တန်းဝင်လျှင် ဘွဲ့တစ်ခုတည်းနှင့်တော့ လုံလောက်မည်မဟုတ်ပေ။


ထုံရွှယ်လူ ဘတ်စ်ကားပေါ်မှ ခြေချလိုက်သည်နှင့် လူတိုင်း၏အာရုံက ထုံရွှယ်လူပေါ်သို့သာ ရောက်လာကြသည်။


ထိုခေတ်က လူတော်တော်များများသည် အသားညိုကြ၍ ပညာတတ်လူငယ်များသည်ပင် လယ်တောများ၌ အလုပ်လုပ်ထားကြရသဖြင့် လယ်သမားများကဲ့သို့ နေလောင်နေကြသည်။


သို့သော် ထုံရွှယ်လူ၏ အသားကတော့ အခွံခွာထားသော ဘဲဥကဲ့သို့ ဖြူဖွေးနုအိကာ ဖြူဖွေးသောသွားများ၊ နီထွေးသောနှုတ်ခမ်းတို့ဖြင့် ထုံရွှယ်လူသည် လူအများကြား၌ နွေဦးရာသီ၌ ပထမဆုံး ပွင့်လာသော စံပယ်ပန်းကဲ့သို့ လှပနေလေသည်။


လူတိုင်းသည် ထုံရွှယ်လူအားကြည့်၍ မည်သည့်ဘာသာရပ်ကို တက်မည်လဲဟု ခန့်မှန်းနေကြသည်။ ယောင်္ကျားလေးများကတော့ ပို၍ စိတ်ဝင်စားကာ ထုံရွှယ်လူအား သူတို့တက်မည့်ဘာသာရပ်နှင့် တူပါစေဟုလည်း ကျိတ်၍ ဆုတောင်းနေကြလေသည်။


ထုံရွှယ်လူသည် ခရီးဆောင်အိတ်နှစ်လုံးကိုကိုင်၍ ကလေးသုံး‌ယောက်နှင့်အတူ နိုင်ငံခြားဘာသာတက္ကသိုလ်ဌာနသို့ လျှောက်သွားလိုက်သည်။


"ဟဲလို ကျွန်မက အင်္ဂလိပ်စာဌာနက ကျောင်းသူပါ...ကျောင်းအပ်ဖို့ ဘာတွေ လုပ်ရမလဲရှင့်..."


ထုံရွှယ်လူ ထိုသို့ ပြောလိုက်သည်နှင့် အနောက်မှ လူများ၏ သက်ပြင်းချသံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။


နိုင်ငံခြားဘာသာဌာနဆိုင်းဘုတ်ကို ကိုင်ထားသောကောင်လေးက တက်ကြွစွာပြောလိုက်သည်။

"ဟဲလို...ကျောင်းအပ်ရမယ့်နေရာဆီ အစ်ကို ခေါ်သွားပေးမယ်လေ..."


ထုံရွှယ်လူက ပြန်ပြောမည်အပြင်တွင် မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးတစ်ယောက်က အနားရောက်လာကာ ပြောလိုက်သည်။


"ကျောင်းသားဝူက ဒီမှာပဲ ကျောင်းသားသစ်တွေကို စောင့်လိုက်ပါ...ဒီ ညီမလေးကို ငါပဲ ခေါ်သွားလိုက်မယ်...ပြီးတော့ နင်လိုက်ပို့ရင်တောင် မိန်းကလေးအဆောင်ထဲကို နင်မှ ဝင်လို့မရပဲ..."


ကျောင်းသားဝူ:"..."


ထို့နောက် မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးက အနားသို့ ရောက်လာကာ သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။


"ဟဲလို ငါ့နာမည်က ယွမ်ယွမ်ပါ...အင်္ဂလိပ်စာ‌မေဂျာက ပထမနှစ်ကျောင်းသူ...ဒီက ညီမတို့ထပ် နှစ်ဝက်ပဲကြီးပါတယ်..."


သူတို့အားလုံးက အကုန် ပထမနှစ်များ ဖြစ်ကြသော်လည်း ယွမ်ယွမ်တို့က စာသင်နေသည်မှာ ခြောက်လခန့်ရှိပြီဖြစ်သည်။


"ဟဲလို...ကျွန်မနာမည်က ထုံရွှယ်လူပါ..."


ထိုမိန်းကလေးသည် မျက်နှာလေးကလည်း ဝိုင်းဝိုင်းစက်စက်နှင့် မျက်လုံးလေးများကလည်း ဝိုင်းကာ ခန္ဓာကိုယ်လေးကလည်း လုံးလုံးလေးဖြစ်နေသောကြောင့် ယွမ်ယွမ်ဟူသောနာမည်နှင့် အလွန်လိုက်ဖက်သည်ဟု ထုံရွှယ်လူထင်မိသည်။


ထုံရွှယ်လူ၏စကားကိုကြားသောအခါ ယွမ်ယွမ်၏မျက်လုံးများက ကြေးခေါင်းလောင်းကဲ့သို့ ပြူးကျယ်သွားကြလေသည်။

"ဒါဆို နင်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ် ၄၉၄ မှတ်ရပြီး အင်္ဂလိပ်စာမှာ အမှတ်ပြည့်ရခဲ့တဲ့ ကျောင်းသူထုံများလား..."


ထုံရွှယ်လူက ခေါင်းငြှိမ့်လိုက်သည်။

"ဟုတ်ပါတယ်..."


"ဘုရားရေ..."

ယွမ်ယွမ်က ထုံရွှယ်လူအား နတ်ဘုရားတစ်ယောက်ကဲ့သို့ အထင်ကြီးစွာ ကြည့်လိုက်သည်။


"နင်သိလား...ကျောင်းတစ်ကျောင်းလုံးက နင့်အကြောင်းကို ပြောနေကြတာ...ငါတို့တောင် ညက နင်က ဘယ်လိုပုံစံဖြစ်မလဲဆိုပြီး ပြောနေကြသေးတယ်...နင် ဒီလောက်ချောမယ်လို့ ငါမမျှော်လင့်ထားမိဘူး...နင်က အရမ်းချောတာပဲ..."


ထုံရွှယ်လူက အနည်းငယ်ပြုံးကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်...ဒါနဲ့ ကျောင်းအပ်မယ့်ကိစ္စကို မြန်မြန်ပြီးသွားအောင် အခု လုပ်လိုက်ရအောင်..."


ယွမ်ယွမ်က ခေါင်းကို တဆတ်ဆတ်ငြှိမ့်လိုက်သည်။

"အင်း အင်း...ဟုတ်တယ် မြန်မြန်သွားရအောင်...နည်းနည်းကြာရင် လူတွေများလာတော့မှာ..."


သို့သော် ယွမ်ယွမ်၏အသံက ကျယ်သွားသောကြောင့် ဘေးပတ်ဝန်းကျင်မှလူများအကုန်လုံးက ကြားသွားကာ လူတိုင်း၏မျက်လုံးများက ထုံရွှယ်လူထံသို့ ရောက်သွားကြသည်။


လူတိုင်းသည် ယွမ်ယွမ်ကဲ့သို့ပင် အံ့ဩသွားကြလေသည်။ အမှတ်ပြည့်လေးဘာသာရသော မိန်းကလေးသည် နတ်သမီးကဲ့သို့လည်း လှပနေလိမ့်မည်ဟု မည်သူကမှ မထင်ထားကြချေ။


အမှတ်များက ပျံလန်နေအောင်ရသည့်အပြင် စာတော်ကာ ရုပ်လေးကလည်း လှပလွန်းနေလေသည်။


 ဘုရားသခင်က တကယ်ပင် မတရားပါလား။


အချို့လူများက ထုံရွှယ်လူကိုကြည့်၍ အားကျနေကြကာ အချို့ကတော့ မနာလိုဖြစ်နေကြသည်။ ထုံရွှယ်လူကတော့ ထိုအကြည့်များကို လျစ်လျူရှုထားလိုက်သည်။


ယွမ်ယွမ်၏ခေါင်းဆောင်မှုအောက်တွင် ထုံရွှယ်လူသည် ကျောင်းအပ်ခြင်းအဆင့်ဆင့်ကို လုပ်၍ နောက်ဆုံး၍ ယွမ်ယွမ်နှင့်အတူ မိန်းကလေးအဆောင်ဆီသို့ ရောက်သွားသည်။


ပေကျင်းတက္ကသိုလ်သည် နှစ်ပေါင်းရာချီတည်ရှိလာသော တက္ကသိုလ်ဖြစ်သောကြောင့် တက္ကသိုလ်ဝန်းထဲ၌ နှစ်ပေါင်းကြာမြင့်ပြီဖြစ်သော အဆောက်အအုံများ၊ နှစ်ချို့သစ်ပင်ကြီးများဖြင့် ပြည့်နေကာ သစ်ပင်များမှ သစ်ရွက်များနှင့် မြက်ပင်များတို့၏ စိမ်းစိုနေမှုများဖြင့် ယဉ်ကျေးမှုများ ကြာရှည်တည်ရှိနေသည့်နေရာတစ်ခုဖြစ်နေသည်။


နောက်ပိုင်း အနာဂတ်နှင့်ယှဉ်လျှင် ပေကျင်းတက္ကသိုလ်က ယခုအချိန်တွင် ရှေးဟောင်းအဆောက်အအုံနှင့် ပစ္စည်းများ များစွာ ကျန်ရှိနေဆဲဖြစ်သည်။


အဆောင်သို့ရောက်သောအခါ ‌အဆောင်မှ အန်တီကြီးက ထုံရွှယ်လူနှင့် အခြားလူများအားလုံးအား ပေးမဝင်ခင် အရင် စာရင်းသွင်းခိုင်းလေသည်။


ထုံရွှယ်လူ၏အခန်းသည် ဒုတိယထပ်၌ရှိ၍ အခန်းနံပါတ် ၂၀၁ ဖြစ်သည်။ တစ်ခန်း၌ လူခြောက်ယောက် နေရမည်ဖြစ်သည်။


အခန်းအခြေအနေက ထုံရွှယ်လူ ထင်ထားသည်ထက် အများကြီးပိုကောင်းနေလေသည်။ အစက ထုံရွှယ်လူက တစ်ခန်း၌ လူ ရှစ်ယောက် ဆယ်ယောက်ခန့် စုနေရမည်ဟု ထင်ထားခြင်းဖြစ်သည်။


သို့သော် ဤနှစ်၌ တက္ကသိုလ်သို့ ဝင်ခွင့်ရသူက နည်းသောကြောင့် အဆောင်၌လည်း လူချောင်နေခြင်းဖြစ်သည်။ နောက်နှစ်ဝက်၌ လူသစ်များ ထပ်ရောက်လာလျှင်တော့ သိပ်ချောင်တော့မည်မဟုတ်ပေ။


အခန်းထဲသို့ ဝင်လိုက်သောအခါ အထဲ၌ မိန်းကလေးနှစ်ဦးက ကြိုရောက်နှင့်နေပြီဖြစ်ကာ ထုံရွှယ်လူရောက်သွားချိန်၌ သူတို့၏ အထုတ်အပိုးများကို ဖြည်နေကြသည်။


ထိုမိန်းကလေးနှစ်ဦးသည် တစ်ဦးက အရပ်ပု၍ တစ်ဦးက ရှည်လေသည်။ အရပ်ရှည်ရှည် မိန်းကလေးက ဆွယ်တာအဖြူဝတ်၍ ဆံပင်ကို ကျစ်ဆံမြီးတစ်ချောင်းတည်း ကြီးကြီးကျစ်ထားကာ သွယ်နှောင်းသော အမူအယာရှိသည်။


အရပ်ပုပုနှင့် မိန်းကလေးကတော့ အသားညိုကာ သူမ ဝတ်ထားသော အဝတ်အစားများကလည်း အရပ်ရှည်သူ မိန်းကလေးထက် ပို၍ နွမ်းနေသည်။ ဖိနပ်များကလည်း တော်တော်ပင် ဟောင်းနွမ်းနေပြီဖြစ်သည်။


အခန်းထဲသို့ ထုံရွှယ်လူ ဝင်လာသောအခါ နှစ်ယောက်လုံးက လုပ်လက်စများကို ရပ်လိုက်သည်။


အရပ်ရှည်ရှည်မိန်းကလေးက ချက်ချင်းပင် ထုံရွှယ်လူ ဝတ်ထားသော အဝတ်အစားများ၊ လက်ထဲမှ ခရီးဆောင်အိတ်များကို အကဲခတ်သလို စေ့စေ့စပ်စပ်ကြည့်နေတော့သည်။


ထို့နောက် ပြောလိုက်သည်။

"နင်က ပေကျင်းကပဲမလား..."


ထုံရွှယ်လူက ခေါင်းငြှိမ့်လိုက်သည်။

"ဟုတ်တယ်..."


အရပ်ရှည်ရှည်မိန်းကလေးက ရယ်ကာ ဆက်ပြောလိုက်သည်။

"အခုမှပဲ ပေကျင်းက လူအချင်းချင်း တွေ့ရတော့တယ်...ငါ့နာမည်က ကောင်းမင် ပါ...နင်ကရော..."


ထုံရွှယ်လူ: "ထုံရွှယ်လူပါ..."


ထုံရွှယ်လူက ထိုသို့ပြောလိုက်သည်နှင့် မိန်းကလေးနှစ်ယောက်လုံးက အံ့အားသင့်စွာ အော်လိုက်ကြသည်။


အရပ်နိမ့်သည့်မိန်းကလေးကတော့ စကားနည်းပုံရကာ စကားသိပ်များများမပြောပေ။


သို့သော် ထုံရွှယ်လူ၏ နာမည်ကိုကြားလိုက်သည်နှင့် ထုံရွှယ်လူအား သေချာကြည့်ကာ ပြောလိုပ်သည်။


"ဒါဆို နင်က အတန်းထဲက ထုံရွှယ်လူပေါ့...တွေ့ရတာ ဝမ်းသာလိုက်တာ...နင်က တကယ်တော်တာပဲ..."


ထုံရွှယ်လူက ပြုံး၍ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."


အရပ်ရှည်သည့်မိန်းကလေးက ထုံရွှယ်လူနှင့် စကားဆက်ပြောချင်ပုံရသော်လည်း ထုံရွှယ်လူ မအားဖြစ်နေ၍ မပြော‌ရချေ။ ထုံရွှယ်လူသည် ရှောင်းကျားမင်အား အခန်းဘယ်ဘက်ရှိ တတိယမြောက်သစ်သားကုတင်ပေါ်သို့ အထုပ်များ တင်ခိုင်းနေသည်။


ထိုနေရာသည် အခန်း၏အကောင်းဆုံးနေရာတော့မဟုတ်ပေ။ အကောင်းဆုံးနေရာကိုက ကောင်းမင် ယူထားပြီးဖြစ်သည်။ ကောင်းမင်၏ကုတင်က အလင်းရောင်အရဆုံး ပြတင်းပေါက်၏ဘေး၌ ရှိသောကုတင်ဖြစ်သည်။


သို့သော် ထုံရွှယ်လူကတော့ သိပ်ဂရုမစိုက်ပါ။ သူမသည် စနေ တနင်္ဂနွေ၌ အိမ်ပြန်မည်ဖြစ်၍ တက္ကသိုလ်၌လည်း အတန်းတစ်တန်း ကျော်ဖို့ စီစဉ်ထားသည်မဟုတ်လား။


ထို့ကြောင့် ဤတက္ကသိုလ်၌လည်း အချိန်ကြာကြာနေရမည်မဟုတ်သောကြောင့် ဤကိစ္စလေးများကို ဂရုစိုက်မနေတော့ချေ။


ထုံရွှယ်လူ၏ညွှန်ကြားမှုအောက်တွင် ရှောင်းကျားမင်တို့သုံးယောက်သည် ပစ္စည်းများရွှေ့လိုက် ကုတင်ကိုဖုန်သုတ်လိုက်ဖြင့် အလုပ်ရှုပ်နေကြသည်ကိုကြည့်၍ အရပ်ပုပုမိန်းကလေးသည် မနာလိုဖြစ်နေမိသည်။


ရထားလက်မှတ်များက အလွန်ဈေးကြီးသောကြောင့် မိန်းကလေး၏မိဘနှစ်ယောက်လုံးက လိုက်မလာနိုင်ကြပေ။ ရွာမှ အခြားလူများနှင့်သာ ကပ်လိုက်လာရသောကြောင့် ထုံရွှယ်လူကဲ့သို့ အထုပ်သယ်ပေးမည့်လူ၊ ကုတင်ဖုန်သုတ်ပေးမည့်လူများ မရှိချေ။


ကုတင်ဆေးပြီးသောအခါ  ထုံရွှယ်လူသည် ရှောင်းကျားမင်တို့သုံးယောက်ကိုခေါ်၍ ထမင်းစားဆောင်၌ ထမင်းသွားစားကြသည်။


စားပြီးသောအခါ ထုံရွှယ်လူသည် အဆောင်သို့ပြန်၍ မိန်းကလေးနှစ်ယောက်အား သန်ဘက်ခါမှ ပြန်လာမည်ဖြစ်ကြောင်း ပြောလိုက်သည်။


အဆောင်သို့ဝင်ရမည့်ရက်ကို သုံးရက်ပေးထားခြင်းဖြစ်ရာ ထုံရွှယ်လူက စောစောရောက်လာသော်လည်း အဆောင်၌ စမနေသေးချေ။


ကောင်းမင်ကလည်း ပေကျင်းမှဖြစ်သော်လည်း သူမ၏အိမ်က မြို့ထဲ၌မဟုတ်သောကြောင့် ထုံရွှယ်လူကဲ့သို့ အိမ်သို့ လွယ်လွယ်ကူကူပြန်၍မရချေ။


ထို့ကြောင့် ထုံရွှယ်လူက ပြန်မည်ပြောသောအခါ မိန်းကလေးနှစ်ယောက်လုံး ထုံရွှယ်လူအား မနာလိုဖြစ်သွားကြပြန်သည်။


ဘတ်စ်ကားစီး၍ နှစ်မှတ်တိုင်ခန့်အရောက်တွင် ထုံရွှယ်လူသည် ရှောင်းကျားမင်တို့ကို ပြန်ခိုင်း၍ သူမကတော့ ကျန်းတန့်ဟုန်ဆီသို့သွားရန် ကားပြောင်းစီးရန် ဆင်းလိုက်သည်။


သို့သော် ထုံရွှယ်လူသည် နောက် ဘတ်စ်ကားပေါ်သို့ တက်ရန်အလုပ်မှာပင် သူမနှင့်ရင်းနှီးနေသော ပုံသဏ္ဍာန်နှစ်ခုက လမ်းတစ်ဖက်မှ လျှောက်လာသည်ကို မြင်လိုက်ရသည်။


ထုံရွှယ်လူက ထိုသဏ္ဍာန်နှစ်ခုကို သေချာကြည့်လိုက်သည်။


အဲဒါ ဝမ်ရူကွေ့နဲ့ ကျိုးရန် တို့ မဟုတ်ဘူးလား...


ထူးဆန်းလိုက်တာ...


ဝမ်ရူကွေ့သည် အလုပ်မအား၍ သူမကိုပင် ကျောင်းသို့ လိုက်မပို့နိုင်ဟု ပြောခဲ့သည်မဟုတ်လား။


ထိုသို့ဆိုလျှင် အဘယ်ကြောင့် ယခု ပေကျင်းသို့ ရောက်နေရသနည်း။


ပိုထူးဆန်းသည်က သူတို့နှစ်ယောက်လုံး၏အမူအယာများသည် သူခိုးများကဲ့သို့ ခိုးကြောင်ခိုးဝှက်ပေါက်နေကြခြင်းဖြစ်သည်။


ထုံရွှယ်လူသည် နှလုံးသည် ကြောင်က ပုတ်ကစားလိုက်သကဲ့သို့ ပြောင်းပြန်လန်သွား‌လောက်အောင် တဒိတ်ဒိတ်ခုန်သွားကာ ထုံရွှယ်လူသည် ထိုနှစ်ယောက်နောက်သို့ တိုးတိတ်စွာ ခိုးလိုက်သွားလိုက်သည်။


သို့သော် ဝမ်ရူကွေ့တို့ သူမကိုတွေ့သွားမည်ကိုလည်း စိုးသောကြောင့် သိပ်နီးနီးမှလည်း မလိုက်ရဲပေ။


နာရီဝက်ခန့်လမ်းလျှောက်ပြီးသောအခါ ဝမ်ရူကွေ့နှင့် ကျိုးရန်တို့သည် ဆေးရုံထဲသို့ ဝင်သွားကြသည်။


အခြားဆေးရုံများနှင့်ယှဉ်လျှင် ဤဆေးရုံက ပိုသေး၍ လာသည့်လူကလည်း နည်းသည်။ ခြုံပြောရလျှင် ဆေးရုံက တော်တော်ပင် ဟောင်းနွမ်းအိုနေသော ဆေးရုံဖြစ်သည်။


သူတို့နှစ်ယောက် ဆေးရုံထဲ ရောက်သွားပြီသောအခါမှ ထုံရွှယ်လူက တိတ်တဆိတ်လိုက်သွားလိုက်သည်။


ဝမ်ရူကွေ့တို့နှစ်ယောက် အဘယ်ကြောင့် ဆေးရုံသို့ သိုဝှက်စွာ လာရခြင်းနှင့် ဤကဲ့သို့ သေးကွေးသည့်ဆေးရုံလေးကို ရွေးရသည့်အကြောင်းကို ထုံရွှယ်လူ အရမ်းသိချင်နေမိသည်။


သူတို့သည် ရှက်စရာကောင်းသည့်ရောဂါတစ်ခုခုကိုပြရန် လာကြခြင်းများလား။


သူတို့နှစ်ယောက်သည် ခဏလမ်းလျှောက်ပြီးသောအခါ ဆီးနှင့်ကျောက်ကပ်ရောဂါဌာနသို့ ချိုးဝင်သွားကြသည်ကို ထုံရွှယ်လူမြင်လိုက်ရသည်။


ထုံရွှယ်လူသည် ချက်ချင်းဆိုသလို လိပ်ခေါင်း၊ အူမကြီးကွဲရောဂါအပြင် ကာလသားရောဂါများအကြောင်းကိုပါ တွေးမိသွားတော့သည်။


ထိုအချိန်၌ ဆရာဝန်အခန်းထဲ၌ ကျိုးရန်သည် ချက်ထားသောပုစွန်ကဲ့သို့ နီရဲသောမျက်နှာဖြင့် ထိုင်နေလေသည်။


ကျိုးရန်၏ရောဂါလက္ခဏာများကို တည်ငြိမ်သည့်မျက်နှာထားဖြင့် နားထောင်ပြီးသောအခါ ဆရာဝန်သည် မေးခွန်းအနည်းငယ်ထပ်မေး၍ ဖန်ပုလင်းတစ်ခုကို ထုတ်ပေးလိုက်သည်။


ကျိုးရန်က နားမလည်ဖြစ်သွားသည်။

"ဒီဟာနဲ့ ကျွန်တော် ဘာလုပ်ရမှာလဲ ဆရာ..."


ဆရာဝန်: "ဒီထဲကို သုတ်ရည်ထည့်ပြီး နောက် မိနစ် ၂၀ ကြာရင် ကျွန်တော့်ကို ပြန်လာပြပါ..."


ကျိုးရန်က ဆရာဝန် ဘာကို စစ်ဆေးမည်လဲကို မေးမည်အပြင်မှာပဲ ဆရာဝန်က စိတ်မရှည်သလို လက်ကို ယမ်းကာ ပြောလိုက်သည်။

"မြန်မြန်သွားတော့...နောက်တစ်ယောက်..."


ပြောပြီးသောအခါမှ ဆရာဝန်က ဝမ်ရူကွေ့အား သတိထားမိသွားသည်။

"မင်းကလည်း ကလေးမရနိုင်လို့လား..."


ဝမ်ရူကွေ့: "..."


ဝမ်ရူကွေ့ ဘာမှ မဖြေနိုင်ခင်မှာပင် ဆရာဝန်က နောက်ထပ် ဖန်ပုလင်းတစ်ခုကို ယူပေးလိုက်သည်။

"အပြင်က သူနာပြုကို မေးလိုက်...မင်းတို့ကို သူ အခန်း ညွှန်ပြလိမ့်မယ်..."


ဝမ်ရူကွေ့: "..."


ဝမ်ရူကွေ့လည်း ဖန်ပုလင်းကို လှမ်းယူကာ မျက်နှာနီနီဖြင့် ဆရာဝန်အခန်းထဲမှ ထွက်လာလိုက်သည်။


ဝမ်ရူကွေ့: "ဒီဆေးရုံနဲ့ ဆရာဝန်က သိပ်လည်း ကောင်းတဲ့ပုံမပေါက်ပါဘူး...မင်းပဲ သွားလိုက်တော့...ငါ မသွားတော့ဘူး..."


သို့သော် ကျိုးရန်က ဝမ်ရူကွေ့အား လက်မလွှတ်ပေးချေ။

"မင်းပဲ ကတိပေးထားတယ်လေ...မရဘူး...ငါနဲ့ တူတူလိုက်ခဲ့ရမယ်..."


ကျိုးရန်၏ခြိမ်းခြောက်မှုအောက်တွင် ဝမ်ရူကွေ့လည်း အလယ်၌ လိုက်ကာတစ်ခုကာထားသော အခန်းတစ်ခုထဲသို့ ရောက်လာရသည်။


ဝမ်ရူကွေ့တို့ အခန်းထဲသို့ ဝင်သွားပြီးသောအခါ ထုံရွှယ်လူသည် သူနာပြုစားပွဲနားသို့သွား၍ စားပွဲပေါ်သို့ သကြားလုံး နှစ်လုံးတင်ကာ ပြောလိုက်သည်။

"ရဲဘော်...ဒီအခန်းက လူနာခန်းလား..."


သူနာပြုက သကြားလုံးများကို လှမ်းယူ၍ ခေါင်းကို ခါယမ်းလိုက်သည်။

"မဟုတ်ဘူး...မဟုတ်ဘူး...အထဲဝင်လို့မရဘူး..."


ထိုသို့ပြောပြီးသောအခါ အခြားလူနာများခေါ်သောကြောင့် သူနာပြုလည်း ထသွားလိုက်ရသည်။


ထုံရွှယ်လူလည်း သိချင်သည်ကို သေချာမသိလိုက်ရသောကြောင့် ထိုအခန်းရှေ့၌ပင် ထိုင်စောင့်ရန် ဆုံးဖြတ်လိုက်သည်။


မိနစ်နှစ်ဆယ်ခန့်ကြာသောအခါတွင်တော့ တံခါးက ကျွိခနဲ ပွင့်လာလေသည်။


ထို့နောက် အထဲမှ နို့နှင့်တူသောအရည်တစ်ခုခုထည့်ထားသည့် ဖန်ပုလင်းကိုကိုင်၍ ဝမ်ရူကွေ့ ထွက်လာလေသည်။


ဝမ်ရူကွေ့သည် အခန်းထဲမှ ထွက်၍ ခေါင်းမော့‌ကြည့်လိုက်လိုက်ချင်းမှာပင် ထုံရွှယ်လူနှင့် မျက်နှာချင်းဆိုင် ဆုံမိသွားတော့သည်။


"..."