🍵Chapter 254
လမုန့်လေးကို ရေလောင်းပေးရန် ရေထယူသည့် ထုံရွှယ်လူက ထရပ်လိုက်ချိန်တွင် ရှောင်းမျန်မျန်၏ ခေါင်းပေါ်၌ တွားသွားနေသော ပိုးမွှားလေးတစ်ကောင်ကို တွေ့လိုက်ရသည်။
"မျန်မျန် မလှုပ်နဲ့"
သူမက သူမလေးကို လက်သွားဆေးရန် ပြောလိုက်ပြီးနောက် ထိုပိုးကောင်လေးကို ဖမ်းရန် ခေါင်းကို ဖွလိုက်သည်။
မထင်မှတ်ထားစွာပင် ဆံပင်များ မြှောက်သွားသည်နှင့် အထဲတွင် အဖြူရောင်ပိုးဥလေးများကို တွေ့လိုက်ရပြီး အချို့သော ပိုးကောင်လေးများမှာ ဦးရေပြားထက်တွင် တလှစ်လှစ် ပြေးလွှားနေကြလေသည်။
"!!!"
ထုံရွှယ်လူ ခန္ဓါကိုယ် တလျှောက် ကြက်သီးများ ထလာခဲ့သည်။
ရှောင်းမျန်မျန်ရဲ့ခေါင်းမှာ သန်းတွေထနေတာလား...
ဤခေတ်လူများစွာတွင် သန်းများ ရှိတတ်ကြောင်း ကြားထားခဲ့သည်။ သူမ ထုံမိသားစုသို့ ပြန်ရောက်လာသောအခါ မောင်နှမသုံးယောက်၏ ကျန်းမာရေးကို အလေးပေးထားသဖြင့် လွန်ခဲ့သော နှစ်များအတွင်း ထိုကဲ့သို့သော အရာကို မကြုံခဲ့ဖူးပေ။
သို့သော်ငြား သူမက သန်းကို တစ်ခါမှ မမြင်ဖူးသဖြင့် ထိုအခိုက် မသေမချာ ဖြစ်နေသေးသည်။
ရှောင်းမျန်မျန်က မျက်လုံးရွဲကြီးများကို တဖျတ်ဖျတ် ခတ်လိုက်သည်။ "မမ မျန်မျန် လှုပ်လို့ရပြီလား... မျန်မျန် လည်ပင်းညောင်းနေပြီ"
တစ်ဖက်မှ လမုန့်လေးကို ကြည့်လိုက်သောအခါ ခွေးလေးကလည်း ရုတ်တရက် ရပ်သွားပြီး ရေဆက်မချိုးတော့ပေ။ မျက်လုံးကြီးများမှာလည်း ရှောင်းမျန်မျန်ကဲ့သို့ သိလိုစိတ်များ ပြင်းပြနေလေသည်။
ထုံရွှယ်လူ ရှင်းမပြနိုင်အောင်ပင် ဦးရေပြားများ ယားကျိကျိ ဖြစ်လာခဲ့သည်။
"မျန်မျန် ဒီမှာ ထိုင်နေ မလှုပ်နဲ့ဦးနော်... မမ ဘွားဘွားရှန်ကို သွားမေးလိုက်ဦးမယ်"
ရှောင်းမျန်မျန်က ဖြစ်ပျက်နေသည့်အရာများကို မသိသော်လည်း လိမ်လိမ်မာမာ ကျန်နေခဲ့ဆဲပင်။
ထုံရွှယ်လူက ဝေ့အိမ်သို့ သွားကာ ရှန်ဝမ်ရုန်ကို ထိုအကြောင်း ပြောပြလိုက်သည်။
ရှန်ဝမ်ရုန်: "မျန်မျန်က တခြားကလေးတွေနဲ့ ထွက်မကစားတတ်ပါဘူး... ပြီးတော့ သမီးကလည်း အရမ်းအသန့်ကြိုက်တာကို... ဘာလို့ သန်းထရတာလဲ"
ထုံရွှယ်လူက ဦးရေပြာများ ယားယံလာသည်ကို မကုတ်မိရန် ထိန်းထားနေရသည်။ "ကျွန်မလည်း မသိလို့... အဘွား တစ်ချက်လောက် လာကြည့်ပေးပါဦး"
ရှန်ဝမ်ရုန်ကလည်း လက်ခံကာ ထုံမိသားစုအိမ်သို့ ရောက်လာခဲ့ပြီး မျန်မျန်၏ ဆံပင်ကို လာကြည့်ပေးသည်။
ကြောက်စရာကောင်းလိုက်တာ... တကယ် သန်းတွေကျနေတာပဲ...
ထုံရွှယ်လူ ကြက်သီးများ ထလာပြန်သည်။
"တစ်နေ့က သူ့ခေါင်းကို လျှော်ပေးတုန်းက မတွေ့မိပါဘူး... ဘာလို့ ရုတ်တရက် သန်းကျလာရလာလဲ"
ရှန်ဝမ်ရုန် ပြောလိုက်သည်။ "ကျူးကျူးဆီက ကူးလာတာ ဖြစ်မယ်"
ရှောင်းမျန်မျန်နှင့် ဝေ့ကျူးကျုူးတို့က အလွန်ကောင်းမွန်သော ဆက်ဆံရေး ရှိသည်။ ဝေ့ကျူးကျူးတစ်ယောက် ဤလမှ စ၍ ကျောင်းသွားတက်ရသော်လည်း ကလေးနှစ်ယောက်၏ ညီအစ်မဆက်ဆံရေးကို မထိခိုက်စေခဲ့ပေ။
သူမ ကျောင်းမှ ပြန်လာသောအခါ ရှောင်းမျန်မျန်နှင့် လာကစားလေ့ရှိပေသည်။ ကလေးနှစ်ယောက်က အတူသွား အတူစားကာ အတူအိပ်ကြသည်။ ဝေ့ကျူးကျုုးသည်လည်း သန်းကူးဖို့ရာသာ ရှိသည်။
ထုံရွှယ်လူ: "ဘွားဘွားရှန်... ကျွန်မကိုလည်း ကြည့်ပေးပါဦး... ကျွန်မ ခေါင်းလည်း ရုတ်တရက်ကြီး ယားလာလို့... ကျွန်မလည်း ကူးသွားပြီ ထင်တယ်"
"ဒါဆို ထိုင်ချလိုက်... အဘွားကြည့်ပေးမယ်"
ထိုစကားကို ကြားသောအခါ ထုံရွှယ်လူ အမြန် ထိုင်ချလိုက်သည်။
ရှန်ဝမ်ရုန်က သူမ၏ ဆံပင်များကို ဖွကာ နှစ်ကြိမ်တိုင် စစ်ဆေးလိုက်သည်။
"မရှိဘူး... ကြည့်ရတာ ကျူးကျူး အရင်နေ့တွေက ကျောင်းက သူငယ်ချင်းတွေဆီက ကူးခဲ့တာ ဖြစ်မယ်... ပြီးတော့ သူပြန်လာတော့ မျန်မျန်ဆီကို ထပ်ကူးသွားတာပဲနေမှာ... ကံကောင်းလို့ သမီးစောစော တွေ့လို့သာပါလား... မဟုတ်ရင် ကလေးတွေအများကြီး ဒါကို ရှောင်နိုင်တော့မှာ မဟုတ်ဘူး..."
ထုံရွှယ်လူက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သော်လည်း သူမ၏ ဦးရေပြားက တင်းနေသေးသဖြင့် မသေမချာ ခံစားချက်လည်း ရှိနေသေးသည်။
ရှောင်းမျန်မျန်က ဖြစ်ပျက်နေသော အရာများကို မသိဘဲ သူမ၏ မျက်လုံးရွဲကြီးများကို တဖျတ်ဖျတ် ခတ်နေခဲ့သည်။
"မမ... မျန်မျန် ခေါင်းမှာ ဘာဖြစ်လို့လဲ... ပိုးကောင် ရှိနေတာလား"
ထုံရွှယ်လူ ခေါင်းငြိမ့်ပြလိုက်သည်။ "မျန်မျန့်ခေါင်းမှာ သန်းတွေ ရှိနေလို့... မမက မျန်မျန့်အတွက် သန်းတွေ ဖမ်းပေးမယ်နော်"
ရှန်ဝမ်ရုန် ပြောလိုက်သည်။ "အရင်ဆုံး သူ့ခေါင်းကို လျှော်ပေးရအောင်... အဘွားအိမ်ပြန်ပြီး ဘီးစိပ်နဲ့ ဗင်နီဂါအဖြူ သွားယူလိုက်ဦးမယ်"
ထုံရွှယ်လူ ခေါင်းငြိမ့်ကာ ပြန်ဖြေလိုက်ပြီးနောက် မီးဖိုချောင်ထဲသို့ ရေနွေးသွားတည်ခဲ့ပြီး ပြန်လာသောအခါ လမုန့်လေးကို ရေဆက်ချိုးပေးလိုက်ပြီး ခြံဝင်းထဲတွင် အမွှေးများ အခြောက်ခံပေးလိုက်သည်။
လမုန့်လေး ရေချိုးပြီးသွားသောအခါ ခြံဝင်းထဲတွင် အရူးလေးလို ပြေးလွှားနေပြီး အမွှေးလေးများကို ဘယ်ညာယမ်းကာ အတော်များများ လှည့်ပတ်နေပြီးနောက် လျှာလေးကို ထုတ်၍မြေကွက်လပ်လေးထက်တွင် မလှုပ်မယှက် လဲလျောင်းလိုက်သည်။
ရှန်ဝမ်ရုန်က ပစ္စည်းများ ယူလာပြီးနောက် ရှောင်မျန်မျန်၏ ခေါင်းကို ဗင်နီဂါအဖြူနှင့် ဆေးပေးလိုက်သည်။
ဆေးပြီးနောက် ခေါင်းကို တဘက်ဖြင့် တင်းတင်းကျပ်ကျပ် ပတ်ကာ ဆေးချပစ်လိုက်သည်။
ထုံရွှယ်လူ: "အဘွားရှန်... ဗင်နီဂါအဖြူက သန်းကျတာအတွက် တကယ် အသုံးဝင်တာလား"
ရှန်ဝမ်ရုန်: "သန်းတွေ အတွက်တော့ အသုံးဝင်တယ်... ဒါပေမယ့် သန်းဥတွေအတွက်တော့ အသုံးမဝင်ဘူး... ဒါကြောင့်မို့ အဘွားက သန်းဥတွေခြစ်ချဖို့ ဘီးစိပ်ယူလာတာ"
ထုံရွှယ်လူက သန်းကဲ့သို့သော အရာများကိုကား အမှန်ပင် ကြောက်ရွံ့လှပေသည်။
ရှန်ဝမ်ရုန်က သူမ ကြောက်နေသည်ကို ပထမဆုံးတွေ့ရသဖြင့် မနေနိုင်ဘဲ ရယ်ချင်သလို ဖြစ်သွားရသည်။
"ကြောက်ရင်လည်း ဘေးမှာပဲနေ... အဘွားပဲ မျန်မျန်ကို သန်းချပေးလိုက်မယ်"
သုံးလေးကြိမ်မျှ ခြစ်ချပြီးနောက် သန်းဥအချို့ ဘီးစိပ်ထဲမှ ပြုတ်ကျလာပြီး ထုံရွှယ်လူသည်လည်း ခေါင်းများ ကျိန်းလာပြန်သည်။
"အဘွားရှန်... အားလုံး အဆင်ပြေရဲ့လား"
ရှန်ဝမ်ရုန်: "သုံးလေးရက်လောက်ထိ နေ့တိုင်း ဗင်နီဂါအဖြူနဲ့ ဆေးပြီး ဘီးစိပ်နဲ့ တိုက်ပေးရမယ်"
အစ်မကောင်းလေး ထုံရွှယ်လူ၏ စိတ်ထဲတွင် ယနေ့ည ရှောင်းမျန်မျန်နှင့် အိပ်ရာခွဲအိပ်ရန် ဆုံးဖြတ်လိုက်လေတော့သည်။
နေ့လည်ပိုင်းတွင် ဝေ့ကျူးကျုး ကျောင်းဆင်းလာသောအခါ ရှန်ဝမ်ရုန်က သူမ၏ ခေါင်းကို ဖွကာ စစ်ဆေးကြည့်လိုက်သောအခါ သူမသည်လည်း ကူးခံထားရလေပြီ။
ထုံရွှယ်လူက ရှောင်းကျားမင်နှင့် ထုံကျားရှင်းတို့ကို စစ်ဆေးခဲ့သော်ငြား ကံကောင်းစွာဖြင့် သူတို့က အကူးခံမထားရပေ။
ညရောက်သောအခါ ရှောင်းမျန်မျန်လေးက ကုတင်သေးသေးလေးပေါ်တွင် ရောက်နေသည့် ခေါင်းအုံးနှင့် စောင်အသေးလေးကို ကြည့်ကာ ရုတ်တရက် တွေဝေသွားသည်။
ထုံရွှယ်လူက သူမ၏ မျက်လုံးရွဲကြီးများကြောင့် အပြစ်ရှိစိတ် ဝင်သွားရသော်ငြား အမှန်အတိုင်းသာ ပြောပြလိုက်သည်။
"မျန်မျန်... သမီးခေါင်းမှာ သန်းတွေကျနေတာ... မမသာ သမီးနဲ့ အတူတူအိပ်ရင် မမဆီကိုပါ ကူးလာတော့မှာ... ဒါကြောင့် ဒီရက်ထဲ ကိုယ့်ဘာသာအိပ်ရမယ်နော်... လုပ်နိုင်ရဲ့လား"
ရှောင်းမျန်မျန်၏ နှုတ်ခမ်းရဲရဲလေးများ စေ့ပိတ်သွားပြီး ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"ရပါတယ်"
ထုံရွှယ်လူက သူမ၏ လက်ကို အမှတ်တမဲ့ မြှောက်လိုက်ပြီး သူမ၏ ဆံပင်လေးကို ပွတ်ပေးရန် ပြင်လိုက်သော်ငြား လမ်းတစ်ဝက်မှာပက် ပြန်ရုတ်လိုက်ပြီး ထိုအစား သူမ၏ ပါးလေးကို ဖျစ်ညှစ်လိုက်သည်။ "မျန်မျန်က လိမ္မာလိုက်တာ... မမက မနက်ဖြန်ကျရင် ညီမလေးကို အနံ့မွှေးတဲ့ ကွေ့ဟွားပန်းကိတ်လေးတွေ လုပ်ပေးမယ်နော်"
ရှောင်းမျန်မျန်က အစားအသောက်အကြောင်း ကြားသောအခါ "ဒဏ်ရာရ" နှလုံးသားလေးက ပြန်ကောင်းသွားခဲ့၏။
ရှောင်းမျန်မျန်နှင့် ဝေ့ကျူးကျူးတို့ ခေါင်းပေါ်ရှိ သန်းများကို အပြည့်အဝ ကုသရန် ရက်အနည်းငယ်မျှ ကြာမြင့်ခဲ့လေသည်။
လမုန့်လေးက ပျော်ရွှင်စွာဖြင့် ကျေးလက်မှ ပြန်ရောက်လာသောအခါ ထုံရွှယ်လူ၏ မွေးနေ့သို့ ရောက်ရှိလာခဲ့လေပြီ။
🍵
စက်တင်ဘာ 27ရက်နေ့သည် ဆောင်းလလယ်ပွဲတော် ဖြစ်၍ ဆောင်းလလယ်ပွဲတော် မတိုင်ခင်တစ်ရက်က ထုံရွှယ်လူ၏ မွေးနေ့ဖြစ်သည်။
နှစ်သစ်တွင် ပြုလုပ်ခဲ့သည့် ဘာဘီကျူးက အလွန် အောင်မြင်ခဲ့သဖြင့် ထုံရွှယ်လူက ထိုအကြောင်းကို စဥ်းစားကာ မွေးနေ့တွင်လည်း ဘာဘီကျူးလုပ်စားရန်သာ ဆုံးဖြတ်လိုက်လေသည်။
ဘာဘီကျူးက ရိုးရှင်းပြီး လုပ်ရလွယ်သဖြင့် လူတိုင်းက အတူတကွ စုကာ ဘာဘီကျူး လုပ်စားကြပြီး ညအလှကို ရှုစားကြသည်။ လေထုက အတော်လေး ပနံသင့်နေခဲ့လေသည်။
မွေးနေ့ရက်တွင် အနောက်မြောက်ပိုင်းတွင် ရှိနေသည့် ဗိုလ်မှူးရှောင်းနှင့် အလုပ်ကိစ္စခရီးထွက်သွားသည့် ဖူကျန့်ယိတို့မှလွဲ၍ လူစုံနေကြသည်။
ဝမ်ရူကွေ့က တစ်ရက်စောပြီးပြန်လာချင်သော်ငြား ခွင့်မရခဲ့ပေ။
သို့သော်ငြား ထုံရွှယ်လူ၏ မွေးနေ့တွင် စောစော ပြန်လာခဲ့သည်။
အရင်တစ်နှစ် ဤအချိန်တွင် သူတို့၏ ဆက်ဆံရေးက မရေရာသေးခဲ့ကြောင်း အမှတ်ရမိသေးသည်။ ထိုတစ်နှစ်က မြန်မြန်ကုန်သွားမည်ဟု မထင်ထားခဲ့ပေ။
ဝမ်ရူကွေ့က မနှစ်က သူမကို စစ်တပ်သုံးကုတ်အင်္ကျီတစ်ထည်ပေးခဲ့ပြီး ယနှစ်တွင်မူ အမျိုးသမီးစီးရှူးဖိနပ်တစ်ရံ ပေးခဲ့သည်။
သားရေဖိနပ်၏ အရည်အသွေးက အတော်လေး ကောင်းပြီး ကုန်ကြမ်းက အစစ်ဖြစ်သော်ငြား စတိုင်ကမူ နောက်ပိုင်းနှစ်များနှင့် လုံးဝမယှဥ်နိုင်ဘဲ အတော်လေး ရုပ်ဆိုးလှသည်။
သို့သော်လည်း ဤခေတ်တွင်မူ ဖက်ရှင်အကျဆုံးစတိုင်သာ ဖြစ်လေသည်။
ထိုသားရေဖိနပ်များကို မြင်သောအခါ ထုံရွှယ်လူက မျက်ခုံးပင့်၍ သူ့ကို ကြည့်လိုက်သည်။
"ရှင် ဖိနပ်လို ပစ္စည်းတွေ မပေးရဘူးဆိုတာ မသိဘူးလား"
ဝမ်ရူကွေ့ မေးလိုက်သည်။ "ဘာလို့ ဖိနပ်ပေးလို့ မရတာလဲ"
ထုံရွှယ်လူ မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်သည်။ "ကျွန်မကြားဖူးတာ ထီးမပေးကောင်းဘူးတဲ့... ကွဲကွာတတ်တယ်တဲ့လေ... ဖိနပ်လိုပစ္စည်းတွေ မပေးရတာကကျတော့ ဖိနပ်စီးပြီး သူများနဲ့ ထွက်ပြေးသွားတတ်တာမို့လို့တဲ့"
"!!!"
ဝမ်ရူကွေ့၏ မျက်နှာက တစ်မုဟုတ်ချင်း စိမ်းဖန့်သွားလေသည်။
"ကိုယ်တစ်ခါမှ မကြားဖူးပါဘူး... ကိုယ် မင်းကို ဖိနပ်ပေးရင် နှုတ်ဆက်လက်ဆောင် ပေးသလို ဖြစ်သွားမှာလား"
ပြောပြီးနောက် အရည်လဲ့နေသော မျက်လုံးများက ကိုင်ထားသည့် ရှူးဖိနပ်များပေါ် အကြည့်ရောက်သွားပြီး သူမ ခေါင်းငြိမ့်ပြလိုက်သည်နှင့် ဖိနပ်များကို ဆွဲယူကာ ချက်ချင်း ဖျက်ဆီးပစ်တော့မည့်အလား မြဲမြံစွာ စိုက်ကြည့်နေလေသည်။
ထုံရွှယ်လူက သူ ထိုဖိနပ်များကို "မလိုမုန်းထား" မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသောအခါ ရယ်ချမိလုနီးပါး ဖြစ်သွားသည်။ "ပေးလေ... ရပါတယ်"
"တကယ်သာဆိုရင် ကိုယ်... မင်း သူများနဲ့ လိုက်ပြေးသွားမှာမျိုး မဖြစ်စေချင်ဘူး"
ပြောပြီးနောက် နားရွက်ဖျားလေးများ ရဲတွတ်သွားလေသည်။
ထုံရွှယ်လူက အိတ်ကပ်ထဲမှ အကြွေစေ့လေးတစ်ခုကို ထုတ်ကာ လှမ်းပေးလိုက်သည်။
"ရှင်ဒါကို ယူလိုက်... ကျွန်မ ရှင့်ဆီကနေ ဒါကို ပြန်ဝယ်တာဆိုရင် ကျေသွားပြီလေ"
ဝမ်ရူကွေ့က သံသယဖြစ်ဟန်ဖြင့် ပြောလိုက်သည်။ "တကယ်အဆင်ပြေသွားတာလား"
သူက ရူပဗေဒနှင့် သိပ္ပံပညာကို လေ့လာခဲ့ရပြီး သရဲတစ္ဆေများနှင့် နတ်ဘုရားများအပေါ် အယုံအကြည် မရှိသော်လည်း ထုံရွှယ်လူနှင့် ပတ်သက်လာသောအခါ ယုံကြည်လိုက်မည်ဖြစ်သည်။
ထုံရွှယ်လူက ခေါင်းငြိမ့်ပြလိုက်ပြီး သူ့ပါးလေးကို လှမ်းနမ်းလိုက်သည်။
"လက်ဆောင်အတွက် ကျေးဇူးပါ... ကျွန်မ အရမ်းသဘောကျတယ်"
ဝမ်ရူကွေ့၏ နားရွက်များ ချက်ချင်း ရဲတွက်သွားသည်မှာ အံ့သြစရာမရှိတော့ပေ။
နှစ်ယောက်သားက နှစ်ဝက်ထက်တိုင် အတူရှိခဲ့ကြပြီး အကြိမ်များစွာ နမ်းရှိုက်ခဲ့ကြဖူးသော်ငြား ဝမ်ရူကွေ့ကမူ ရှက်နေဆဲ ဖြစ်သည်။
ထုံရွှယ်လူက သူရှက်သွားသည်ကို သဘောကျပြီး သူ ထိုကဲ့သို့ ရှက်သွားသည်ကို တွေ့လိုက်ရတိုင်း အမျိုးမျိုးသော အတွေးဆိုးများ ထွက်ပေါ်လာသည်။
ဥပမာအားဖြင့် ဤအချိန်တွင်လည်း သူ့ကို အနိုင်ကျင့်ချင်လာသည်။
ကျွတ်ကျွတ်... သူမမှာ အမျိုးသမီးဂန်းစတား တစ်ယောက်ရဲ့ စိတ်ဝိဥာဏ် ရှိနေတာပဲ....
အခြားသူများက တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြပြီး နှစ်သစ်ကူးအချိန်ကကဲ့သို့ပင် အမျိုးမျိုးသော အသားများ ပါလာခဲ့ကြသည်။
နှစ်သစ်ကူးနှင့် မတူသည်က ရှောင်ချန်ဖျင်သည်လည်း ရောက်လာခဲ့ခြင်းဖြစ်သည်။
ရှောင်ချန်ဖျင် ပေကျင်းသို့ အပြောင်းကျလာကတည်းက သူတို့၏ တွေ့ဆုံပွဲများတွင် မဖိတ်ဘဲနှင့် မကြာခဏ ရောက်လာတတ်သည်။
သူမည်သို့ သိလာသနည်း ဟူသည့်အကြောင်းပြချက်မှာကား ဖန်ကျင်းယွမ်ထံမှ သိလာခဲ့ခြင်းပါပင်။
လက်ရှိအချိန်တွင် နှစ်ယောက်သားက ငြင်းခုန်နေကြလေသည်။
ဖန်ကျင်းယွမ်က ဒေါသကြောင့် မျက်နှာများ နီရဲလာသည်။
"ပဲစေ့မျက်လုံးကောင်... ရှင်တော်တော် အရှက်မရှိပါလား... ရှင် ကျွန်မကို ဂိတ်ပေါက်ဝမှာ စောင့်ပြီး နောက်က လိုက်လိုက်လာနေတာ နောက်ဆို ရှင့်စစ်တပ်ကို သွားပြီး ရှင်တို့ ခေါင်းဆောင်ကို သွားတိုင်လိုက်မှာ"
ရှောင်ချန်ဖျင်က သူ့ခေါင်းကို ကုတ်လိုက်သည်။
"ဘယ်သူက မင်းနောက်ကို လိုက်တယ်လို့ ပြောလို့လဲ... လမ်းက မင်းအပိုင်လည်း မဟုတ်... ပြီးတော့ ရွှယ်လူကတောင် ငါ့ကို မလာဖို့ ဘာမှ မပြောဘဲနဲ့... မင်းက ဘာလို့ ဒေါသထွက်နေရတာလဲ"
ဖန်ကျင်းယွမ်က ထိုသူကို အရေထူလိမ့်မည်ဟု ထင်မထားခဲ့ပေ။
"သူက အရမ်းသဘောကောင်းလွန်းလို့ ရှင်အရှက်မရအောင် နှင်မထုတ်တာ... ရှင်သာ ကျွန်မနောက်ကို အချိန်တိုင်းလိုက်မနေရင် ဒီမှာပွဲရှိမှန်း ဘယ်လိုသိမှာလဲ... ရှင်အခု ထွက်သွားလိုက်တော့"
ပြောနေရင်းဖြင့် သူမက ရှောင်ချန်ဖျင်ကို အပြင်ဘက်သို့ တွန်းထုတ်လိုက်သည်။
ရှောင်ချန်ဖျင်က သဘာဝကျကျပင် ထွက်မသွားချင်ပါသော်လည်း ဖန်ကျင်းယွမ်က မိန်းကလေးတစ်ယောက် ဖြစ်နေသဖြင့် သူမကို ပြန်မတွန်းလိုက်ဘဲ ဘေးသို့ ရှောင်လိုက်သည်။
ဖန်ကျင်းယွမ်မှာ ရုတ်တရက်ဆိုသလို လေကိုတွန်းမိသွားသကဲ့သို့ ဖြစ်သွားပြီး မြေပေါ်သို့ လဲကျသွားသည်။
"အား...ပဲစေ့မျက်လုံးကောင်... ကျွန်မကို ကယ်ပါဦး"
ရှောင်ချန်ဖျင်မှာ ရယ်ရမည်လား ငိုရမည်လားပင် မသိတော့။ ထိုကဲ့သို့သော အခြေအနေမျိုးတွင်ပင် သူ့ကို ပဲစေ့မျက်လုံးနဲ့ကောင်ဟု ခေါ်နေသေးသည်။
သို့သော်ငြား သူက သေခြင်းတရားကို ရပ်မကြည့်နိုင်ပေ။ သူက ဖန်ကျင်းယွမ်၏ လက်မောင်းကို လှမ်းဆွဲလိုက်ပြီး သူမကို သူ့ဘက်သို့ ဆွဲယူလိုက်သည်။
ဖန်ကျင်းယွမ်က သူ့ထံမှ အားပြင်းပြင်းဖြင့် ဆွဲယူခံလိုက်ရသဖြင့် သူမ၏ တစ်ကိုယ်လုံး သူ့ထံသို့ ပစ်ဝင်သွားပြီး သူ့ရင်ဘတ်ကို ဝင်တိုက်မိသွားသည်။
ဖန်ကျင်းယွမ်က နာကျင်မှုကြောင့် စုပ်သပ်မိသွားပြီး သူ့ကို တွန်းထုတ်လိုက်သည်။
"ရှင့်ရင်ဘတ်က ဘာနဲ့ လုပ်ထားလို့ ဒီလောက်ထိ မာနေရတာလဲ"
"ယောကျ်ားတစ်ယောက်ရဲ့ ရင်ဘတ်ပါဆို တောင့်တင်းနေရမှာပေါ့"
ရှောင်ချန်ဖျင်၏ မှောင်မဲနေသော အသားအရည် မှာ ချက်ချင်း နီရဲသွားပြီး အရောင်က နက်မှောင်လွန်းနေ၍သာ သိသာမနေခြင်း ဖြစ်သည်။
အမှန်မှာ သူနှင့် ဖန်ကျင်းယွမ်တို့ နှစ်ယောက်လုံးက တူညီသော စိတ်ခံစားချက်နှင့် ထိတ်လန့်မှုတို့ ရှိနေကြသည်။
မိန်းကလေးတစ်ယောက်ရဲ့ ရင်ဘတ်က ဒီလောက်ထိ နူးညံ့နေမယ်လို့ သူတစ်ခါမှ မသိခဲ့ပါဘူး...
မတိုင်မီလေးတင်က သူမ သူ့ထံသို့ ပစ်ဝင်လာချိန်တွင် သူ့တစ်ကိုယ်လုံး ဓါတ်လိုက်သလို တုန်ယင်သွားခဲ့သည်။
သူ့နှလုံးသားထဲတွင် သရဲတစ်ကောင် ရှိနေသည့်အလား သူမကို မကြည့်ရဲတော့ပေ။