အပိုင်း၂၅၄
Viewers 70k

🍵Chapter 254



လမုန့်​လေးကို ​ရေ​လောင်း​ပေးရန် ​ရေထယူသည့် ထုံရွှယ်လူက ထရပ်လိုက်ချိန်တွင် ​ရှောင်းမျန်မျန်၏ ​ခေါင်း​ပေါ်၌ တွားသွား​နေ​သော ပိုးမွှား​လေးတစ်​ကောင်ကို ​တွေ့လိုက်ရသည်။


"မျန်မျန် မလှုပ်နဲ့"


သူမက သူမ​လေးကို လက်သွား​ဆေးရန် ​ပြောလိုက်ပြီး​နောက် ထိုပိုး​ကောင်​လေးကို ဖမ်းရန် ​ခေါင်းကို ဖွလိုက်သည်။


မထင်မှတ်ထားစွာပင် ဆံပင်များ ​မြှောက်သွားသည်နှင့် အထဲတွင် အဖြူ​ရောင်ပိုးဥ​လေးများကို ​တွေ့လိုက်ရပြီး အချို့​သော ပိုး​ကောင်​လေးများမှာ ဦး​​ရေပြားထက်တွင် တလှစ်လှစ် ​ပြေးလွှား​နေကြ​လေသည်။ 


"!!!"


ထုံရွှယ်လူ ခန္ဓါကိုယ် တ​လျှောက် ကြက်သီးများ ထလာခဲ့သည်။


​ရှောင်းမျန်မျန်ရဲ့​ခေါင်းမှာ သန်း​တွေထ​နေ​တာလား...


ဤ​ခေတ်လူများစွာတွင် သန်းများ ရှိတတ်​ကြောင်း ကြားထားခဲ့သည်။ သူမ ထုံမိသားစုသို့ ပြန်​ရောက်လာ​သောအခါ ​မောင်နှမသုံး​ယောက်၏ ကျန်းမာ​ရေးကို အ​လေး​ပေးထားသဖြင့် လွန်ခဲ့​သော နှစ်များအတွင်း ထိုကဲ့သို့​သော အရာကို မကြုံခဲ့ဖူး​ပေ။ 


သို့​သော်ငြား သူမက သန်းကို တစ်ခါမှ မမြင်ဖူးသဖြင့် ထိုအခိုက် မ​သေမချာ ဖြစ်နေ​သေးသည်။


​ရှောင်းမျန်မျန်က မျက်လုံးရွဲကြီးများကို တဖျတ်ဖျတ် ခတ်လိုက်သည်။ "မမ မျန်မျန် လှုပ်လို့ရပြီလား... မျန်မျန် လည်ပင်း​ညောင်း​နေပြီ"


တစ်ဖက်မှ လမုန့်​လေးကို ကြည့်လိုက်​သောအခါ ​ခွေး​လေးကလည်း ရုတ်တရက် ရပ်သွားပြီး ​ရေဆက်မချိုး​တော့​​ပေ။ မျက်လုံးကြီးများမှာလည်း ​ရှောင်းမျန်မျန်ကဲ့သို့ သိလိုစိတ်များ ပြင်းပြ​နေ​​လေသည်။ 


ထုံရွှယ်လူ ရှင်းမပြနိုင်​အောင်ပင် ဦး​ရေပြားများ ယားကျိကျိ ဖြစ်လာခဲ့သည်။


 "မျန်မျန် ဒီမှာ ထိုင်​နေ မလှုပ်နဲ့ဦး​နော်... မမ ဘွားဘွားရှန်ကို သွား​မေးလိုက်ဦးမယ်"


​ရှောင်းမျန်မျန်က ဖြစ်ပျက်​နေသည့်အရာများကို မသိ​သော်လည်း လိမ်လိမ်မာမာ ကျန်​နေခဲ့ဆဲပင်။ 


ထုံရွှယ်လူက ​ဝေ့အိမ်သို့ သွားကာ ရှန်ဝမ်ရုန်ကို ထိုအ​ကြောင်း ​ပြောပြလိုက်သည်။


ရှန်ဝမ်ရုန်: "မျန်မျန်က တခြားက​လေး​တွေနဲ့ ထွက်မကစားတတ်ပါဘူး... ပြီး​တော့ သမီးကလည်း အရမ်းအသန့်ကြိုက်တာကို... ဘာလို့ သန်းထရတာလဲ"


ထုံရွှယ်လူက ဦး​ရေပြာများ ယားယံလာသည်ကို မကုတ်မိရန် ထိန်းထား​နေရသည်။ "ကျွန်မလည်း မသိလို့... အဘွား တစ်ချက်​လောက် လာကြည့်​ပေးပါဦး"


ရှန်ဝမ်ရုန်ကလည်း လက်ခံကာ ထုံမိသားစုအိမ်သို့ ​ရောက်လာခဲ့ပြီး မျန်မျန်​၏ ဆံပင်ကို လာကြည့်​ပေးသည်။


​ကြောက်စရာ​ကောင်းလိုက်တာ... တကယ် သန်း​​တွေကျ​နေတာပဲ...


ထုံရွှယ်လူ ကြက်သီးများ ထလာပြန်သည်။


 "​တစ်​နေ့က သူ့​ခေါင်းကို ​လျှော်​ပေးတုန်းက မ​တွေ့မိပါဘူး... ဘာလို့ ရုတ်တရက် သန်းကျလာရလာလဲ"


ရှန်ဝမ်ရုန် ​ပြောလိုက်သည်။ "ကျူးကျူးဆီက ကူးလာတာ ဖြစ်မယ်"


​ရှောင်းမျန်မျန်နှင့် ​ဝေ့ကျူးကျုူးတို့က အလွန်​ကောင်းမွန်​သော ဆက်ဆံ​ရေး ရှိသည်။ ​ဝေ့ကျူးကျူးတစ်​ယောက် ဤလမှ စ၍ ​ကျောင်းသွားတက်ရ​သော်လည်း က​လေးနှစ်​ယောက်၏ ညီအစ်မဆက်ဆံ​ရေးကို မထိခိုက်​စေခဲ့​ပေ။


သူမ ​ကျောင်းမှ ပြန်လာ​​သောအခါ ​ရှောင်းမျန်မျန်နှင့် လာကစား​လေ့ရှိ​ပေသည်။ က​လေးနှစ်​ယောက်က အတူသွား အတူစားကာ အတူအိပ်ကြသည်။ ​​ဝေ့ကျူးကျုုးသည်လည်း သန်းကူးဖို့ရာသာ ရှိသည်။


ထုံရွှယ်လူ: "ဘွားဘွားရှန်... ကျွန်မကိုလည်း ကြည့်​ပေးပါဦး... ကျွန်မ ​ခေါင်းလည်း ရုတ်တရက်ကြီး ယားလာလို့... ကျွန်မလည်း ကူးသွားပြီ ထင်တယ်"


"ဒါဆို ထိုင်ချလိုက်... အဘွားကြည့်​ပေးမယ်"


ထိုစကားကို ကြား​သောအခါ ​ထုံရွှယ်လူ အမြန် ထိုင်ချလိုက်သည်။


ရှန်ဝမ်ရုန်က သူမ၏ ဆံပင်များကို ဖွကာ နှစ်ကြိမ်တိုင် စစ်​ဆေးလိုက်သည်။ 


"မရှိဘူး... ကြည့်ရတာ ကျူးကျူး အရင်​နေ့​တွေက ​ကျောင်းက သူငယ်ချင်း​တွေဆီက ကူးခဲ့တာ ဖြစ်မယ်... ပြီး​တော့ သူပြန်လာ​တော့ မျန်မျန်ဆီကို ထပ်ကူးသွားတာပဲ​နေမှာ... ကံ​ကောင်းလို့ သမီး​စော​စော ​တွေ့လို့သာပါလား... မဟုတ်ရင် က​လေး​တွေအများကြီး ​ဒါကို ရှောင်နိုင်​တော့မှာ မဟုတ်ဘူး..."


ထုံရွှယ်လူက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်​သော်လည်း သူမ၏ ဦး​ရေပြားက တင်း​နေ​သေးသဖြင့် မ​သေမချာ ခံစားချက်လည်း ရှိ​​နေ​သေးသည်။


​ရှောင်းမျန်မျန်က ဖြစ်ပျက်​နေ​သော အရာများကို မသိဘဲ သူမ၏ မျက်လုံးရွဲကြီးများကို တဖျတ်ဖျတ် ခတ်​နေခဲ့သည်။ 


"မမ... မျန်မျန် ​ခေါင်းမှာ ဘာဖြစ်လို့လဲ... ပိုး​ကောင် ရှိ​နေတာလား"


ထုံရွှယ်လူ ​ခေါင်းငြိမ့်ပြလိုက်သည်။ "မျန်မျန့်​ခေါင်းမှာ သန်း​တွေ ရှိ​နေလို့... မမက မျန်မျန့်အတွက် သန်း​တွေ ဖမ်း​ပေးမယ်​နော်"


ရှန်ဝမ်ရုန် ​ပြောလိုက်သည်။ "အရင်ဆုံး သူ့​ခေါင်းကို ​လျှော်​ပေးရ​အောင်... အဘွားအိမ်ပြန်ပြီး ဘီးစိပ်နဲ့ ဗင်နီဂါအဖြူ သွားယူလိုက်ဦးမယ်"


ထုံရွှယ်လူ ​ခေါင်းငြိမ့်ကာ ပြန်​ဖြေလိုက်ပြီး​နောက် မီးဖို​ချောင်ထဲသို့ ရေ​နွေးသွားတည်ခဲ့ပြီး​ ပြန်လာ​သောအခါ လမုန့်​လေးကို ​ရေဆက်ချိုး​ပေးလိုက်ပြီး ခြံဝင်းထဲတွင် အ​မွှေးများ အ​ခြောက်ခံ​ပေးလိုက်သည်။ 


လမုန့်​လေး ​ရေချိုးပြီးသွား​သောအခါ ခြံဝင်းထဲတွင် အရူး​လေးလို ​ပြေးလွှား​နေပြီး အ​မွှေး​လေးများကို ဘယ်ညာယမ်း​ကာ အ​တော်များများ လှည့်ပတ်​နေပြီး​နောက် လျှာ​လေးကို ထုတ်၍​မြေကွက်လပ်​လေးထက်တွင် မလှုပ်မယှက် လဲ​လျောင်းလိုက်သည်။ 


ရှန်ဝမ်ရုန်က ပစ္စည်းများ ယူ​လာပြီး​နောက် ​ရှောင်မျန်မျန်၏ ​ခေါင်းကို ဗင်နီဂါအဖြူနှင့် ​​ဆေးပေးလိုက်သည်။


​​ဆေးပြီး​နောက် ​ခေါင်းကို တဘက်ဖြင့် တင်းတင်းကျပ်ကျပ် ပတ်ကာ ​ဆေးချပစ်လိုက်သည်။


ထုံရွှယ်လူ: "အဘွားရှန်... ဗင်နီဂါအဖြူက သန်း​ကျတာ​အတွက် တကယ် အသုံးဝင်တာလား"


ရှန်ဝမ်ရုန်: "သန်း​တွေ အတွက်​တော့ အသုံးဝင်တယ်... ဒါ​ပေမယ့် သန်းဥ​တွေအတွက်​တော့ အသုံးမဝင်ဘူး... ဒါ​ကြောင့်မို့ အဘွားက သန်းဥ​တွေခြစ်ချဖို့ ဘီးစိပ်ယူလာတာ"


ထုံရွှယ်လူက သန်းကဲ့သို့​သော အရာများကိုကား အမှန်ပင် ​ကြောက်ရွံ့လှ​ပေသည်။ 


ရှန်ဝမ်ရုန်က သူမ ​ကြောက်​နေသည်ကို ပထမဆုံး​တွေ့ရသဖြင့် မ​နေနိုင်ဘဲ ရယ်ချင်သလို ဖြစ်သွားရသည်။


 "​ကြောက်ရင်လည်း ​ဘေးမှာပဲ​နေ... အဘွားပဲ မျန်မျန်ကို သန်းချ​ပေးလိုက်မယ်"


သုံး​လေးကြိမ်မျှ ခြစ်ချပြီး​နောက် သန်းဥအချို့ ဘီးစိပ်ထဲမှ ပြုတ်ကျလာပြီး ထုံရွှယ်လူသည်လည်း ​ခေါင်းများ ကျိန်းလာပြန်သည်။


"အဘွားရှန်... အားလုံး အဆင်​ပြေရဲ့လား"


ရှန်ဝမ်ရုန်: "သုံး​လေးရက်​လောက်ထိ ​နေ့တိုင်း ဗင်နီဂါအဖြူနဲ့ ​ဆေးပြီး ဘီးစိပ်နဲ့ တိုက်​ပေးရမယ်"


​အစ်မ​ကောင်း​လေး ထုံရွှယ်လူ၏ စိတ်ထဲတွင် ယ​​နေ့ည ​ရှောင်းမျန်မျန်နှင့် အိပ်ရာခွဲအိပ်ရန် ဆုံးဖြတ်လိုက်​လေ​တော့သည်။


​​နေ့လည်ပိုင်းတွင် ဝေ့ကျူးကျုး ​ကျောင်းဆင်းလာ​သောအခါ ရှန်ဝမ်ရုန်က သူမ၏ ​ခေါင်းကို ဖွကာ စစ်​ဆေးကြည့်လိုက်​သောအခါ သူမသည်လည်း ကူးခံထားရ​လေပြီ။


ထုံရွှယ်လူက ​ရှောင်းကျားမင်နှင့် ထုံကျားရှင်းတို့ကို စစ်​ဆေးခဲ့​သော်ငြား ကံ​ကောင်းစွာဖြင့် သူတို့က အကူးခံမထားရ​ပေ။ 


ည​ရောက်​​သောအခါ ​​ရှောင်းမျန်မျန်​လေးက ကုတင်​​သေး​သေး​လေး​ပေါ်တွင် ​ရောက်​​နေသည့် ​ခေါင်းအုံးနှင့် ​စောင်အ​သေး​လေးကို ကြည့်ကာ ရုတ်တရက် ​တွေ​ဝေသွားသည်။ 


ထုံရွှယ်လူက သူမ၏ မျက်လုံးရွဲကြီးများ​ကြောင့် အပြစ်ရှိစိတ် ဝင်သွားရ​သော်ငြား အမှန်အတိုင်းသာ ​ပြောပြလိုက်သည်။ 


"မျန်မျန်... သမီး​ခေါင်းမှာ သန်း​တွေကျ​နေတာ... မမသာ သမီးနဲ့ အတူတူအိပ်ရင် မမဆီကိုပါ ကူးလာ​​တော့မှာ... ဒါ​ကြောင့် ဒီရက်ထဲ ကိုယ့်ဘာသာအိပ်ရမယ်​နော်... လုပ်နိုင်ရဲ့လား"


​ရှောင်းမျန်မျန်၏ နှုတ်ခမ်းရဲရဲ​လေးများ ​စေ့ပိတ်သွားပြီး ​ခေါင်းငြိမ့်ကာ ​ပြောလိုက်သည်။


 "ရပါတယ်"


ထုံရွှယ်လူက သူမ၏ လက်ကို အမှတ်တမဲ့ ​မြှောက်လိုက်ပြီး သူမ၏ ဆံပင်​လေးကို ပွတ်​ပေးရန် ပြင်လိုက်သော်ငြား လမ်းတစ်ဝက်မှာပက် ပြန်ရုတ်လိုက်ပြီး ထိုအစား သူမ၏ ပါး​လေးကို ဖျစ်ညှစ်လိုက်သည်။ "မျန်မျန်က လိမ္မာလိုက်တာ... မမက မနက်ဖြန်ကျရင် ညီမ​​လေးကို အနံ့​မွှေးတဲ့ ​ကွေ့ဟွားပန်းကိတ်​လေး​​တွေ လုပ်​ပေးမယ်​နော်"


​ရှောင်းမျန်မျန်က အစားအ​သောက်အ​ကြောင်း ကြား​သောအခါ "ဒဏ်ရာရ" နှလုံးသား​လေးက ပြန်​ကောင်းသွားခဲ့၏။


​ရှောင်းမျန်မျန်နှင့် ​ဝေ့ကျူးကျူးတို့ ​ခေါင်း​ပေါ်ရှိ သန်းများကို အပြည့်အဝ ကုသရန် ရက်အနည်းငယ်မျှ ကြာမြင့်ခဲ့​လေသည်။


လမုန့်​လေးက ​ပျော်ရွှင်စွာဖြင့် ​​ကျေးလက်မှ ပြန်​ရောက်လာ​​သောအခါ ထုံရွှယ်လူ၏ ​​မွေး​နေ့သို့ ​ရောက်ရှိလာခဲ့​လေပြီ။ 


🍵


စက်တင်​ဘာ 27ရက်​နေ့သည် ​ဆောင်းလလယ်ပွဲ​တော် ဖြစ်၍ ​ဆောင်းလလယ်ပွဲ​တော် မတိုင်ခင်တစ်ရက်က ထုံ​ရွှယ်လူ၏ ​မွေး​နေ့ဖြစ်သည်။


နှစ်သစ်တွင် ပြုလုပ်ခဲ့သည့် ဘာဘီကျူးက အလွန် ​အောင်မြင်ခဲ့သဖြင့် ထုံရွှယ်လူက ထိုအ​ကြောင်းကို စဥ်းစားကာ ​မွေး​နေ့တွင်လည်း ဘာဘီကျူးလုပ်စားရန်သာ ဆုံးဖြတ်လိုက်​လေသည်။ 


ဘာဘီကျူးက ရိုးရှင်းပြီး လုပ်ရလွယ်သဖြင့် လူတိုင်းက အတူတကွ စုကာ ဘာဘီကျူး လုပ်စားကြပြီး ညအလှကို ရှုစားကြသည်။ ​လေထုက အ​တော်​​လေး ပနံသင့်​နေခဲ့​လေသည်။ 


​မွေး​နေ့ရက်တွင် အ​နောက်​မြောက်ပိုင်းတွင် ရှိ​နေသည့် ဗိုလ်မှူးရှောင်းနှင့် အလုပ်ကိစ္စခရီးထွက်သွားသည့် ဖူကျန့်ယိတို့မှလွဲ၍ လူစုံ​နေကြသည်။


ဝမ်ရူ​ကွေ့က တစ်ရက်​စောပြီးပြန်လာချင်​သော်ငြား ခွင့်မရခဲ့​ပေ။ 


သို့​သော်ငြား ထုံရွှယ်လူ၏ ​မွေး​နေ့တွင် ​စော​စော ပြန်လာခဲ့သည်။


အရင်တစ်နှစ် ဤအချိန်တွင် သူတို့၏ ဆက်ဆံ​ရေးက မ​ရေရာ​သေး​ခဲ့​ကြောင်း အမှတ်ရမိ​သေးသည်။ ထိုတစ်နှစ်က မြန်မြန်ကုန်သွားမည်ဟု မထင်ထားခဲ့​ပေ။ 


ဝမ်ရူ​ကွေ့က မနှစ်က သူမကို စစ်တပ်သုံးကုတ်အင်္ကျီတစ်ထည်​ပေးခဲ့ပြီး ယနှစ်တွင်မူ အမျိုးသမီးစီးရှူးဖိနပ်တစ်ရံ ​ပေးခဲ့သည်။


သား​​ရေဖိနပ်၏ အရည်အ​သွေးက အ​တော်​လေး ​ကောင်း​ပြီး ကုန်ကြမ်းက အစစ်ဖြစ်​သော်ငြား စတိုင်ကမူ ​နောက်ပိုင်းနှစ်များနှင့် လုံးဝမယှဥ်နိုင်​ဘဲ အ​တော်​လေး ရုပ်ဆိုးလှသည်။ 


သို့​သော်လည်း ဤ​ခေတ်တွင်မူ ဖက်ရှင်အကျဆုံးစတိုင်သာ ဖြစ်​လေသည်။


ထိုသားရေဖိနပ်များကို မြင်​သောအခါ ထုံရွှယ်လူက မျက်ခုံးပင့်၍ သူ့ကို ကြည့်လိုက်သည်။ 


"ရှင် ဖိနပ်လို ပစ္စည်း​တွေ မ​ပေးရဘူးဆိုတာ မသိဘူးလား"


ဝမ်​ရူ​ကွေ့ ​မေးလိုက်သည်။ "ဘာလို့ ဖိနပ်​ပေးလို့ မရတာလဲ"


ထုံရွှယ်လူ မျက်​တောင်တဖျတ်ဖျတ် ခတ်လိုက်သည်။ "ကျွန်မကြားဖူးတာ ထီးမ​ပေး​ကောင်းဘူးတဲ့... ကွဲကွာတတ်တယ်တဲ့​လေ... ဖိနပ်လိုပစ္စည်း​တွေ မ​ပေးရတာကကျ​တော့ ဖိနပ်စီးပြီး သူများနဲ့ ထွက်​ပြေးသွားတတ်တာမို့လို့တဲ့"


"!!!"


ဝမ်​ရူ​ကွေ့၏ မျက်နှာက တစ်မုဟုတ်ချင်း စိမ်းဖန့်သွား​လေသည်။


 "ကိုယ်တစ်ခါမှ မကြားဖူးပါဘူး... ကိုယ် မင်းကို ဖိနပ်​ပေးရင် နှုတ်ဆက်လက်​ဆောင် ​ပေးသလို ဖြစ်သွားမှာလား"


​ပြောပြီး​နောက် အရည်လဲ့​နေ​သော မျက်လုံးများက ကိုင်ထားသည့် ရှူးဖိနပ်များ​ပေါ် အကြည့်​ရောက်သွားပြီး သူမ ​​ခေါင်းငြိမ့်ပြလိုက်သည်နှင့် ဖိနပ်များကို ဆွဲယူကာ ချက်ချင်း ဖျက်ဆီးပစ်​တော့မည့်အလား မြဲမြံစွာ စိုက်ကြည့်​နေ​လေသည်။ 


ထုံရွှယ်လူက သူ ထိုဖိနပ်များကို "မလိုမုန်းထား" မျက်လုံးများဖြင့် ကြည့်​နေ​သည်ကို ​တွေ့လိုက်​ရ​သောအခါ ရယ်ချမိလုနီးပါး ဖြစ်သွားသည်။ "​ပေး​လေ... ရပါတယ်"


"တကယ်သာဆိုရင် ကိုယ်... မင်း သူများနဲ့ လိုက်​ပြေးသွားမှာမျိုး မဖြစ်​စေချင်ဘူး"


​ပြောပြီး​နောက် နားရွက်ဖျား​လေးများ ရဲတွတ်သွား​လေသည်။ 


ထုံရွှယ်လူက အိတ်ကပ်ထဲမှ အ​ကြွေ​စေ့​လေးတစ်ခုကို ထုတ်ကာ လှမ်း​ပေးလိုက်သည်။ 


"ရှင်ဒါကို ယူလိုက်... ကျွန်မ ရှင့်ဆီက​နေ ဒါကို ပြန်ဝယ်တာဆိုရင် ​​ကျေသွားပြီ​လေ"


ဝမ်ရူ​ကွေ့က သံသယဖြစ်ဟန်ဖြင့် ​ပြောလိုက်သည်။ "တကယ်အဆင်​ပြေသွားတာလား"


သူက ရူပ​ဗေဒနှင့် သိပ္ပံပညာကို ​လေ့လာခဲ့ရပြီး သရဲတ​​စ္ဆေများနှင့် နတ်ဘုရားများအ​ပေါ် အယုံအကြည် မရှိ​သော်လည်း ထုံရွှယ်လူနှင့် ပတ်သက်လာ​​သောအခါ ယုံကြည်လိုက်မည်ဖြစ်သည်။ 


ထုံရွှယ်လူက ​ခေါင်းငြိမ့်ပြလိုက်ပြီး သူ့ပါး​လေးကို ​လှမ်းနမ်းလိုက်သည်။ 


"လက်​ဆောင်အတွက် ​ကျေးဇူးပါ... ကျွန်မ အရမ်းသ​ဘောကျတယ်"


ဝမ်ရူ​ကွေ့၏ နားရွက်များ ချက်ချင်း ရဲတွက်သွားသည်မှာ အံ့သြစရာမရှိ​တော့​ပေ။ 


နှစ်​ယောက်သားက နှစ်ဝက်ထက်တိုင် အတူရှိခဲ့ကြ​​ပြီး အကြိမ်များစွာ နမ်းရှိုက်ခဲ့ကြဖူး​သော်ငြား ဝမ်ရူ​ကွေ့က​မူ ရှက်​နေဆဲ ဖြစ်သည်။ 


ထုံရွှယ်လူက သူရှက်သွားသည်ကို ​သ​ဘောကျပြီး သူ ထိုကဲ့သို့ ရှက်သွားသည်ကို ​တွေ့လိုက်ရတိုင်း အမျိုးမျိုး​သော အ​တွေးဆိုးများ ထွက်​ပေါ်လာသည်။


ဥပမာအားဖြင့် ဤအချိန်တွင်လည်း သူ့ကို အနိုင်ကျင့်ချင်လာသည်။


ကျွတ်ကျွတ်... သူမမှာ အမျိုးသမီးဂန်းစတား တစ်​ယောက်ရဲ့ စိတ်ဝိဥာဏ် ရှိ​နေတာပဲ....


အခြားသူများက တစ်​ယောက်ပြီးတစ်​ယောက် ​ရောက်ရှိလာကြပြီး နှစ်သစ်ကူးအချိန်ကကဲ့သို့ပင် အမျိုးမျိုး​သော အသားများ ပါလာခဲ့ကြသည်။


နှစ်သစ်ကူးနှင့် မတူသည်က ​ရှောင်ချန်ဖျင်သည်လည်း ​ရောက်လာခဲ့ခြင်းဖြစ်သည်။


​ရှောင်ချန်ဖျင် ​ပေကျင်းသို့ အ​ပြောင်းကျလာကတည်းက သူတို့၏ ​တွေ့ဆုံပွဲများတွင် မဖိတ်ဘဲနှင့် မကြာခဏ ​​ရောက်လာတတ်သည်။


သူမည်သို့ သိလာသနည်း ဟူသည့်အ​ကြောင်းပြချက်မှာကား ဖန်ကျင်းယွမ်ထံမှ သိလာခဲ့ခြင်းပါပင်။ 


လက်ရှိအချိန်တွင် နှစ်​ယောက်သားက ငြင်းခုန်​​နေကြ​လေသည်။


ဖန်ကျင်းယွမ်က ​ဒေါသ​ကြောင့် မျက်နှာများ နီရဲလာသည်။ 


"ပဲ​စေ့မျက်လုံး​ကောင်... ရှင်တော်​တော် အရှက်မရှိပါလား... ရှင် ကျွန်မကို ဂိတ်​ပေါက်ဝမှာ စောင့်​ပြီး ​နောက်က လိုက်လိုက်လာ​နေတာ နောက်ဆို ရှင့်စစ်တပ်ကို သွားပြီး ရှင်တို့ ​ခေါင်း​ဆောင်ကို သွားတိုင်လိုက်မှာ"


​ရှောင်ချန်ဖျင်က သူ့​ခေါင်းကို ကုတ်လိုက်သည်။ 


"ဘယ်သူက မင်း​နောက်ကို လိုက်တယ်လို့ ​ပြောလို့လဲ... လမ်းက မင်းအပိုင်လည်း မဟုတ်... ပြီး​​တော့ ရွှယ်လူက​တောင် ငါ့ကို မလာဖို့ ဘာမှ မ​ပြောဘဲနဲ့... မင်းက ဘာလို့ ​ဒေါသထွက်​နေရတာလဲ"


ဖန်ကျင်းယွမ်က ထိုသူကို အ​ရေထူလိမ့်မည်ဟု ထင်မထားခဲ့​ပေ။ 


"သူက အရမ်းသ​ဘော​ကောင်းလွန်းလို့ ရှင်အရှက်မရ​အောင် နှင်မထုတ်တာ... ရှင်သာ ကျွန်မ​နောက်ကို အချိန်တိုင်းလိုက်မ​နေရင် ဒီမှာပွဲရှိမှန်း ဘယ်လိုသိမှာလဲ... ရှင်အခု ထွက်သွားလိုက်​တော့"


​ပြော​နေရင်းဖြင့် သူမက ​ရှောင်ချန်ဖျင်ကို အပြင်ဘက်သို့ တွန်းထုတ်လိုက်သည်။


​ရှောင်ချန်ဖျင်က သဘာဝကျကျပင် ထွက်မသွားချင်ပါ​သော်လည်း ဖန်ကျင်းယွမ်က မိန်းက​လေးတစ်​ယောက် ဖြစ်​နေသဖြင့် သူမကို ပြန်မတွန်းလိုက်ဘဲ ​​ဘေးသို့ ​ရှောင်လိုက်သည်။


​ဖန်ကျင်းယွမ်မှာ ရုတ်တရက်ဆိုသလို ​လေကိုတွန်းမိသွားသကဲ့သို့ ဖြစ်သွားပြီး ​မြေ​ပေါ်သို့ လဲကျသွားသည်။


"အား...ပဲ​စေ့မျက်လုံး​ကောင်... ကျွန်မကို ကယ်ပါဦး"


​ရှောင်ချန်ဖျင်မှာ ရယ်ရမည်လား ငိုရမည်လားပင် မသိ​တော့။ ထိုကဲ့သို့​သော အ​ခြေ​အ​နေမျိုးတွင်ပင် သူ့ကို ပဲ​စေ့မျက်လုံးနဲ့​ကောင်ဟု ​ခေါ်​နေ​သေးသည်။


သို့​သော်ငြား သူက ​သေခြင်းတရားကို​ ရပ်မကြည့်နိုင်​ပေ။ သူက ဖန်ကျင်းယွမ်၏ လက်​မောင်းကို လှမ်းဆွဲလိုက်ပြီး သူမကို သူ့ဘက်သို့ ဆွဲယူလိုက်သည်။ 


ဖန်ကျင်းယွမ်က သူ့ထံမှ အားပြင်းပြင်းဖြင့် ဆွဲယူခံလိုက်ရသဖြင့် သူမ၏ တစ်ကိုယ်လုံး သူ့ထံသို့ ပစ်ဝင်သွားပြီး သူ့ရင်ဘတ်ကို ဝင်တိုက်မိသွားသည်။ 


ဖန်ကျင်းယွမ်က နာကျင်မှု​ကြောင့် စုပ်သပ်မိသွားပြီး သူ့ကို တွန်းထုတ်လိုက်သည်။ 


"ရှင့်ရင်ဘတ်က ဘာနဲ့ လုပ်ထားလို့ ဒီ​လောက်ထိ မာ​နေရတာလဲ"


"​ယောကျ်ားတစ်​ယောက်ရဲ့ ရင်ဘတ်ပါဆို ​တောင့်တင်း​နေရမှာ​ပေါ့"


​ရှောင်ချန်ဖျင်၏ ​မှောင်မဲ​နေ​သော အသားအရည် မှာ ချက်ချင်း နီရဲသွားပြီး အ​ရောင်က နက်​မှောင်​လွန်း​နေ၍သာ သိသာမ​နေခြင်း ဖြစ်သည်။ 


အမှန်မှာ သူနှင့် ဖန်ကျင်းယွမ်တို့ နှစ်​ယောက်လုံးက တူညီ​​သော စိတ်ခံစားချက်နှင့် ထိတ်လန့်မှုတို့ ရှိ​နေကြသည်။ 


မိန်းက​လေးတစ်​ယောက်ရဲ့ ရင်ဘတ်က ဒီ​လောက်ထိ နူးညံ့​နေမယ်လို့ သူတစ်ခါမှ မသိခဲ့ပါဘူး...


မတိုင်မီ​လေးတင်က သူမ သူ့ထံသို့ ပစ်ဝင်လာချိန်တွင် သူ့တစ်ကိုယ်လုံး ဓါတ်လိုက်သလို တုန်ယင်သွားခဲ့သည်။


သူ့နှလုံးသားထဲတွင် သရဲတစ်​ကောင် ရှိ​နေသည့်အလား သူမကို မကြည့်ရဲ​တော့​ပေ။