🍵Chapter 251
ဝမ်ရူကွေ့မှာ အားလပ်ရက်များများ မရသဖြင့် နောက်တစ်ရက်မှာပင် သုတေသနစခန်းသို့ ပြန်လာခဲ့ရသည်။
ထုံရွှယ်လူ အလုပ်သို့ ရောက်လာပြီး မကြာခင် စုယွဲ့ရှန်း တစ်ယောက် စားသောက်ဆိုင်သို့ ရောက်ချလာခဲ့သည်။
"ရဲဘော်ထုံ... ကျွန်တော့်ဆီမှာ မသင့်တော်တဲ့ တောင်းဆိုချက်တစ်ခု ရှိနေလို့ပါ"
စုယွဲ့ရှန်းက ပထမဆုံးအနေဖြင့် ရှက်ရွံ့မှုကို ဖော်ပြလာသည်။
ထုံရွှယ်လူ : "ရဲဘော်စု ပြောသာပြောပါ"
ယန်ရုံအန်း ဆွဲချခံလိုက်ရပြီးကတည်းက သူမနှင့် စုမိသားစုက တစ်ခဏလောက် အဆက်အဆံ မရှိခဲ့ဘဲ စုယွဲ့ရှန်းကလည်း ကုရိလန်၏ ကိစ္စများကြောင့် ပြေးလွှားနေရဟန်တူသည်။
ထိုအမြင်မှ ကြည့်လျှင် ထိုသူက အမှန်ပင် အချစ်ကြီးသူ ဖြစ်ပေ၏။
စုယွဲ့ရှန်း: "ရှောင်ကျိုးရဲ့ အမေက ဒီနှစ်ရက်ထဲ အပြစ်ခံယူဖို့ ကွမ်းတုံအရှေ့ပိုင်းကို အပို့ခံရတော့မှာ... သူ ထွက်မသွားခင် မင်းကို တွေ့ချင်တယ်လို့ ပြောနေတယ်"
ကုရိလန်က ကွမ်းတုံအရှေ့ပိုင်းကို တကယ် အပို့ခံရတော့မယ်ပေါ့... သူ့ရဲ့နေ့ရက်တွေတော့ ခက်ခဲနေတော့မှာပဲ...
ထုံရွှယ်လူ ခေါင်းငြိမ့်ပြလိုက်သည်။ "ရပါတယ်... ဘယ်အချိန်လောက်လဲ"
စုယွဲ့ရှန်းက သူမ မြန်မြန် သဘောတူလာမည်ဟု ထင်မှတ်မထားခဲ့သဖြင့် ကျေးဇူးတင်ဟန်ဖြင့် ပြောလာသည်။
"ကျေးဇူးပါ... အရင်တစ်ခေါက်က ရိလန်ပြောခဲ့တဲ့စကားတွေအတွက်လည်း တောင်းပန်ပါတယ်"
ပြောနေရင်းဖြင့် သူက ထုံရွှယ်လူကို အလေးအနက် ဦးညွှတ်လိုက်သည်။
ထုံရွှယ်လူက သူမ၏ ကိုယ်ကို ရှောင်လိုက်သည်။
"ရဲဘော်ကုကတော့ ရှင်ံနဲ့ တွေ့ဆုံခဲ့ရတာက သူ့ဘဝမှာ အကြီးမားဆုံး ကောင်းချီးပဲဖြစ်မှာ"
စုယွဲ့ရှန်း၏ မျက်လုံးများထက် ကူကယ်ရာမဲ့အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ထိုအဖြစ်အပျက် ပြီးနောက် သူ့နှလုံးသားထဲတွင် မကျေမနပ် ဖြစ်မှုများ လွန်ဆွဲနေခဲ့ပြီး သူမကို ကွာရှင်းရန်ပင် တစ်ကြိမ်မျှ တွေးခဲ့ဖူးသည်။
သို့သော်လည်း သူတို့၏ စုမိသားစု အဖြစ်အပျက်အကြောင်း စဥ်းစားမိသည့်အခါ ထိုအချိန်ကလည်း သူတို့ကျတ်တီးမြေနေရာသို့ အပို့ခံလိုက်ရပြီး မည်သည့်အခါမှ ပြန်လာနိုင်တော့မည်မဟုတ်ဟု လူတိုင်းက တွေးခဲ့ကြသည်။
သို့သော်ငြား ကုမိသားစုကမူ ထွက်မသွားခဲ့ပေ။ ကုရိလန်၏ အဆင့်အတန်းအရ သူမကွာရှင်းခဲ့လျှင်ပင် များစွာသော ယောကျ်ားများက သူမကို လက်ထပ်ရန် ဆန္ဒရှိနေကြသော်ငြား သူမကမူ သူ့ကို စောင့်နေရန်သာ ရွေးချယ်နေဆဲပေ။
သူမနှင့် ကုမိသားစုက နောက်ပိုင်းတွင် တုံးအသောအရာများ လုပ်ဆောင်ခဲ့သော်လည်း ကျေးဇူးတရားများက ကြီးစိုးနေ၍ သူမကို မစွန့်ပစ်နိုင်ပေ။ ၎င်းက သူမကို သတ်ပစ်ရာကျပေလိမ့်မည်။
တစ်ဖက်တွင်လည်း ရှောင်ကျိုးအတွက် ဖြစ်သည်။
ကုရိလန်၏ ကိစ္စဖြစ်ခဲ့သည့်အချိန်ကတည်းက ကလေးက ညသန်းခေါင် ငိုရင်းနိုးလာတတ်ပြီး ကလေး၏ အပြုံးကို မတွေ့ရသည်မှာလည်း အတော်ကြာနေခဲ့လေပြီ။
ထုံရွှယ်လူမှာ ယခင်ကတည်းက စုယွဲ့ရှန်းနှင့် ကုရိလန်တို့၏ ခံစားချက်များအကြောင်း များများစားစား မပြောခဲ့ရာ ယခုတွင်လည်း ပြောမည် မဟုတ်ပေ။
ခံစားချက်များက လူအများ ရေသောက်ကြသကဲ့သို့ပင်။ အပူ အအေးမှန်သမျှကို သိနိုင်ပေသည်။
စားသောက်ဆိုင်ဝန်ထမ်းများနှင့် စကားပြောပြီးနောက် ထုံရွှယ်လူနှင့် စုယွဲ့ရှန်းတို့ ဘတ်စ်ကား စီးကာ ပြည့်သူ့လုံခြုံရေး ဝန်ကြီးဌာန၏ နိုင်ငံရေးဗျူရိုထံ ရောက်ရှိလာခဲ့သည်။
ကုရိလန်မှာ တစ်ချိန်လုံး ဤနေရာမှာသာ ထိန်းချုပ်ခံထားရသည်။
စုယွဲ့ရှန်းက စီစဥ်ဆောင်ရွက်မှုကို လုပ်ဆောင်ရာ၌ ကူညီပေးမည့် လူများ ရှိနေပုံပင်။ သူတို့၏ အထောက်အထားကို အတည်ပြုပြီးသွားသည်နှင့် ဧည့်ခန်းထဲသို့ ခပ်မြန်မြန် ခေါ်ဆောင်သွားခံရသည်။
ဆယ်မိနစ်မျှ စောင့်ဆိုင်းပြီးနောက် "ဂျိန်း" ဟူသော အသံနှင့်အတူ သံတံခါးကြီး ပွင့်လာပြီး ကုရိလန်က ထောင်သားဝတ်စုံဖြင့် လမ်းလျှောက်လာသည်။
ထုံရွှယ်လူ မော့ကြည့်လိုက်သောအခါ ထိတ်လန့်အံ့သြသွားရသည်။
တစ်လပင်မရှိသေးသော်လည်း ကုရိလန်မှာ အရိုးပေါ်အရေတင် ဖြစ်သည်အထိ ပိန်ကျသွားပြီး သူမ၏ မျက်လုံးများမှာ ယခင်ကတည်းက ကြီးသည်ဖြစ်ရာ မျက်တွင်းများ ဟောက်ပက်ဖြစ်သွားသောအခါ ပို၍ပင် ကြီးသွားပုံပေါ်သည်။
အတိတ်တွင် သူမ၏ မျက်လုံးများမှာ လေဒဏ် ရေဒဏ် မခံရသော ပန်းကလေးများကဲ့သို့ ဖြူစင်ကာ တောက်ပနေသော်လည်း ယခုတွင် ထိုမျက်လုံးများမှာ သောကများနှင့် ရှုပ်ထွေးမှုတို့ ပြည့်နေသည်။
သူမ လျှောက်လာသောအခါ သူမ၏ အကြည့်များက အရင်ဆုံး စုယွဲ့ရှန်းအပေါ် ကျရောက်သွားပြီး သူမ၏ မျက်လုံးများက ချက်ချင်းဆိုသလို နီရဲသွားပြီးနောက် ထုံရွှယ်လူကို အပြစ်ရှိစိတ်တို့ဖြင့် ထပ်ကြည့်လိုက်သည်။
စုယွဲ့ရှန်းမှာ ယခင်ကထက် အတော်လေး ပိန်သွားသော သူမကို ကြည့်ကာ စိတ်မသက်မသာ ဖြစ်သွားသည်။ သူ ထရပ်ကာ ပြောလိုက်သည်။
"ရဲဘော်ထုံနဲ့ အရင်ဆုံး စကားပြောလိုက်ဦး... ပြီးမှ ကိုယ်ပြန်လာမယ်"
ကုရိလန် ခေါင်းငြိမ့်ပြလိုက်ပြီး သူမ၏ မျက်လုံးက စစ်ဆေးမေးမြန်းခန်းထဲမှ သူ ထွက်သွားသည်အထိ လိုက်ပါသွားသည်။
စစ်ဆေးမေးမြန်းခန်းထဲတွင် သူတို့နှစ်ယောက်အပြင် သူမကို စောင့်ကြပ်နေသည့် ရဲသားတစ်ယောက်လည်း ရှိနေသည်။
ကုရိလန်က ထိုင်ခုံပေါ်တွင် ထိုင်နေပြီး လက်များကို အချင်းချင်း ပွတ်သပ်နေပြီးမှ စကားစပြောလာသည်။
"ရဲဘော်ထုံ... ကျွန်မကိုလာတွေ့ပေးလို့ ကျေးဇူးတင်ပါတယ်... အရင်က ဖြစ်ခဲ့တဲ့အရာတွေအတွက်လည်း တောင်းပန်ပါတယ်"
စုယွဲ့ရှန်း သူမကို ပြောခဲ့ဖူးသလိုပင်။ သူမက အလွန် တုံးအပေသည်။ တုံးအလွန်း၍ လူကောင်းနှင့် လူဆိုးကို မခွဲခြားနိုင်ခဲ့ပေ။
သူမက ထုံကျန်းကျန်း သူမကို ရည်ရွယ်ချက်ရှိရှိဖြင့် ချဥ်းကပ်လာသည်ကိုလည်း မသိခဲ့သလို သူမအပေါ် ကောင်းပေးခဲ့သည့် လူများအပေါ်တွင် နာကျင်စေခဲ့သည်။
သူမ တုံးအလို့ပဲ စုယွဲ့ရှန်းကို အလုပ်ပြုတ်သွားစေခဲ့တာ... စုမိသားစုက လက်ရှိအခြေအနေကို ရောက်သွားပြီး သူမကလည်း ထောင်ကျရတော့မယ်...
ထုံရွှယ်လူက သူမကို ကြည့်လာပြီး ဘာကိုမှ မပြောခဲ့ပေ။
ကုရိလန်က သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီးနောက် ပြောလိုက်သည်။
"ပြီးတော့ ကျွန်မ တကယ်တောင်းပန်ပါတယ်... ကျွန်မ ရှင့်ကို ကျေးဇူးစကား မပြောရသေးဘူး... ရှင်သာ ရှောင်ကျိုးကို မကယ်ပေးခဲ့ရင် သူ့ကို ဘယ်တော့မှ ထပ်တွေ့ရတော့မယ် မထင်ဘူး... ကျွန်မ တကယ် ကျေးဇူးတင်ပါတယ်"
သူမက ထရပ်ကာ ထုံရွှယ်လူကို သုံးကြိမ်တိုင် ဦးညွှတ်လိုက်သည်။
ထုံရွှယ်လူက မရှောင်ရှားခဲ့ပေ။
ကုရိလန်က သူမတိတ်ဆိတ်နေသည်ကို မြင်သောအခါ မျက်နှာထက်တွင် ရှက်ရွံ့မှုများ ဖြတ်ပြေးသွားသည်။
"ရဲဘော်ထုံ... ကျွန်မကို ခွင့်မလွှတ်ချင်ရင်လည်း ကျွန်မ နားလည်ပါတယ်... ကျွန်မက တုံးလွန်းလို့ ထုံကျန်းကျန်းဆီကနေ အသုံးချခံရတယ်... ဒါပေမယ့် ရဲဘော်ထုံကတော့ ကျွန်မကို ခွင့်မလွှတ်ရင်တောင် ရှောင်ကျိုးကိုတော့ စိတ်မကွက်သွားပါနဲ့နော်... ရှောင်ကျိုးက လိမ္မာတဲ့ ကလေးလေးပါ"
ရှောင်ကျိုးအကြောင်း ပြောသောအခါ သူမ၏ နှလုံးသားက ပြင်းပြင်းထန်ထန် ထိုးနှက်ခံလိုက်ရသလို ဖြစ်သွားပြီး မျက်ရည်များ အဆက်မပြတ် ကျဆင်းလာခဲ့သည်။
ထုံရွှယ်လူက သူမကို နှစ်သိမ့်မပေးခဲ့ပေ။
ကုရိလန်က ထိုင်နေပြီး အချိန်အတော်ကြာ ငိုကြွေးနေပြီးနောက် ရပ်သွားသည်။
"ကျေးဇူးပါ ရဲဘော်ထုံ... နောက်ဘဝကျမှပဲ ကျွန်မရဲ့ အကြွေးကို ပြန်ဆပ်ပါတော့မယ်"
ထို့နောက် သူမက ထရပ်ကာ ထုံရွှယ်လူကို ဦးညွှတ်လိုက်ပြီးနောက် လှည့်ကာ အပြင်ဘက်သို့ ထွက်သွားသည်။
ထုံရွှယ်လူက မျက်မှောင်ကြုတ်ကာ သူမ၏ နောက်ကျောကို ကြည့်၍ ပြောလိုက်သည်။
"ရှင် သတ်သေဖို့ စဥ်းစားနေတာတော့ မဟုတ်ဘူးမလား"
ကုရိလန်၏ ခန္ဓါကိုယ်ပါးပါးလေးက တုန်ယင်သွားလေပြီး ခြေလှမ်းများလည်း ရပ်သွားသည်။
ထုံရွှယ်လူ: "ရှင်သေသွားရင် စုယွဲ့ရှန်းအပေါ် မသက်ရောက်တော့ဘူး ရှောင်ကျိုးကို ပြဿနာတွေ မဖြစ်စေတော့ဘူးလို့ ထင်နေတာလား... ဆိုရိုးစကားဟောင်းတွေ ပြောခဲ့တာ သင်ခန်းစာတစ်ခု ရပြီးသွားရင် ပိုပြီး ဥာဏ်ရှိလာမယ်တဲ့... ကျွန်မ ရှင့်ကို ဒီတစ်ခေါက် သင်ခန်းစာ ရပြီးသွားရင် ပိုပြီး ဥာဏ်ကောင်းသွားမယ်လို့ ထင်ထားခဲ့တာ... ရှင့်ကို ပိုပြီး တုံးသွားမယ်လို့ မထင်ခဲ့ဘူး"
တစ်ဖက်မှ ပြည်သူ့လုံခြုံရေးရဲဘော်လေးမှာ ထုံရွှယ်လူ၏ စကားကို ကြားသောအခါ ကုရိလန်ကို စူးရှသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ထိုကိစ္စအား သတင်းပို့သင့်မပို့သင့်ကို စဥ်းစားနေခဲ့သည်။
ကုရိလန်က စကားတစ်ခွန်းမှ မပြောသလို လှည့်လည်းကြည့်မလာသော်ငြား တုန်ယင်နေသော ကျောပြင်များက ဤအခိုက်တွင် သူမ မည်မျှပင် စိတ်လှုပ်ရှားနေကြောင်း ပြောနိုင်ပေသည်။
ထုံရွှယ်လူ ဆက်ပြောလိုက်သည်။
"ရှင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ရင် စုမိသားစုကို ကူညီရာမကျဘဲ သူတို့ရဲ့ နှလုံးသားကို ထပ်ပြီး ခွဲလိုက်သလို ဖြစ်သွားမှာ"
"ရှောင်ကျိုးက ငယ်သေးတယ်... ရှင်သူ့ကို နောက်ပိုင်းကျရင် နောင်တတွေ နာကျင်မှုတွေနဲ့ ရှင်သန်နေစေချင်လို့လား... ဒါမှမဟုတ် သူ့ကို ရှင့်လို အခက်အခဲတွေ ကြုံလာရင် ကိုယ့်ကိုယ်ကိုယ် သတ်သေမဲ့ သတ္တိနည်းပြီး အသုံးမကျတဲ့သူ ဖြစ်လာစေချင်လို့လား"
"မဟုတ်ဘူး... ကျွန်မ အဲ့လို မဖြစ်စေချင်ဘူး"
ကုရိလန်က ထိုစကားကို ကြားသောအခါ လှည့်မကြည့်ဘဲ မနေနိုင်တော့ပေ။
"ကျွန်မ အဲ့ဒီလို တွေးတာ မဟုတ်ပါဘူး... ကျွန်မရဲ့ အဆုံးသတ်က သူတို့ကို အရင်လို နေ့ရက်ကောင်းလေးတွေ ပြန်ယူလာနိူင်ပေးဖို့ပဲ မျှော်လင့်တာပါ"
ထုံရွှယ်လူ ပုခုံးတွန့်လိုက်သည်။ "ဒါကြောင့် ရှင့်ကို တုံးတယ်လို့ ပြောတာ... ရှင်သူတို့အတွက် တကယ် စဥ်းစားရင် ရှင်ကောင်းကောင်း ရှင်သန်ပြီးတော့ ရှင့်ရဲ့ ထူးချွန်တဲ့ လုပ်ဆောင်မှုတွေကို အသုံးချပြီး ပြစ်ဒဏ်လျှော့ပေါ့အောင် လုပ်ရမှာ... ဒါမှ ရှင်အပြင်ထွက်လာပြီး သူတို့နဲ့ အမြန်ဆုံး ပြန်ဆုံနိုင်မှာ
ကုရိလန် ကြက်သေသေသွားသည်။
"ဟုတ်လား... ကျွန်မ ကောင်းကောင်းနေရင် ပြစ်ဒဏ်လျှော့ပေါ့နိုင်မှာလား"
ထုံရွှယ်လူ ခေါင်းငြိမ့်ပြလိုက်သည်။
"ပါတီနဲ့ အစိုးရက မျှတပြီး စည်းကမ်း အတင်းကြပ်ဆုံးပဲ... တရားဥပဒေချိုးဖောက်မှုက အပြစ်ဒဏ်သင့်ပေမယ့် လူတွေရဲ့ အခြေအနေတွေကို ကောင်းကျိုးတွေ ယူလာပေးရင် ရှင့်ကို သေချာပေါက် သက်ဆိုင်ရာ ဆုလာဘ်တွေ ပေးလာမှာပဲ"
လာမည့်နှစ်များအတွင်း ပြစ်ဒဏ်များက ရှုပ်ထွေးနေသော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း ရှင်းလင်းလာမည် ဖြစ်သည်။
ကုရိရန် မသေဆုံးသေးသရွေ့ စုယွဲ့ရှန်း၏ လုပ်ရည်ကိုင်ရည်နှင့်ဆိုပါက နောက်ပိုင်းတွင် သူမကို သေချာပေါက် အပြင်ထုတ်ပေးနိုင်လိမ့်မည် ဖြစ်သည်။
ကုရိလန်မှာ ကြက်သွေးထိုးခံလိုက်ရသည့်အလား မှုန်မှိုင်းနေသော မျက်လုံးများက ရုတ်တရက် ဝင်းလက်သွားခဲ့လေသည်။
"ကျေးဇူးပါ ရဲဘော်ထုံ... ကျွန်မ ရှင့်စကားကို နားဆထာင်ပြီးတော့ ကောင်းကောင်း ရှင်သန်ပါ့မယ်... တိုင်းပြည်နဲ့ လူတွေအတွက် အသုံးဝင်တဲ့သူ ဖြစ်စေရပါမယ်"
ထုံရွှယ်လူ ထရပ်ကာ ပြောလိုက်သည်။ "ကျွန်မ ရဲဘော်စုကို ဝင်လာပြီး စကားပြောခိုင်းလိုက်မယ်"
မတိုင်မီက ကုရိလန်မှာ တွန့်ဆုတ်မိနေမည်ကို စိုးရိမ်သဖြင့် စုယွဲ့ရှန်းကို စကားပြောရန် အစီအစဥ်မရှိခဲ့ပေ။ သို့သော်ငြား သူမက ယခုတွင် အသက်ဆက်ရှင်သန်မည့် အတွေးရှိနေသဖြင့် ထိုစကားကို ကြားသောအခါ အလိုအလျောက် ခေါင်းငြိမ့်ပြလိုက်သည်။
ထုံရွှယ်လူ ထွက်လာသောအခါ သူမက သူမ ပြောခဲ့သမျှကို စုယွဲ့ရှန်းထံ အတိုချုံ့ ပြောပြလိုက်သည်။
စုယွဲ့ရှန်းက ထိတ်လန့်သွားပုံပေါ်ပြီး ကုရိလန် သတ်သေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပုံပင်။
အချိန်အတော်ကြာမှာသာ အသိစိတ်ပြန်ကပ်လာသည်။ "ကျေးဇူးပါရဲဘော်ထုံ... မင်း ငါတို့ စုမိသားစုကို ထပ်ပြီး ကယ်တင်လိုက်ပြန်ပြီ"
ကုရိလန်သာ အမှန်တကယ် သတ်သေသွားခဲ့ပါက ရှောင်းကျိုး၏ ဘဝသည်လည်း အမှန်ပင် ပျက်စီးသွားရပေတော့မည်။
ထုံရွှယ်လူ: "ရပါတယ်... စားသောက်ဆိုင်မှာ လုပ်စရာလေး ရှိသေးလို့ သွားနှင့်တော့မယ်"
ပြောပြီးနောက် လှည့်ထွက်လာခဲ့သည်။
စုယွဲ့ရှန်းက သူမ၏ နောက်ကျောကို ကြည့်ကာ ထိုကျေးဇူးတရားကို နှလုံးသားထဲ၌ မှတ်တမ်းတင်ထားခဲ့လေသည်။