Chapter 178
ယွီနျန်၏ အပြုံးများက ပို၍ တောက်ပလာခဲ့သည်။
"ကျေးဇူးပါ ဆရာ" သူက ကျန်းဟုန်ယင်းအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ပြီးနောက် ပြောလိုက်သည်။
"ယဥ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အမျိုးသားဗျူရိုနဲ့ ဆက်သွယ်ရမဲ့ ကိစ္စတွေအတွက် ဆရာ့ရဲ့ အကူအညီ လိုမယ်ထင်တယ်"
"ပြဿနာမရှိဘူး"
ကျန်းဟုန်ယင်းက ချက်ချင်းလက်ခံလိုက်ပြီးနောက် ထပ်ပေါင်းပြောလိုက်သည်။
"လက်မှုပစ္စည်းတွေ လှူဒါန်းတဲ့ ကိစ္စတွေ အတိတ်မှာလည်း အများကြီး ဖြစ်ခဲ့ဖူးတယ်... ဒါပေမယ့် ဆုကြေးငွေက ပစ္စည်းတန်ဖိုးနဲ့ ယှဥ်ရင်တော့ နည်းလွန်းလှတယ်... ငါ့အမြင်အရ မင်းဒါတွေကို အလကားတော့ မလှူလိုက်သင့်ဘူး... လျှော့ထားတဲ့စျေးတွေနဲ့ အဆင်ပြေတဲ့ လွှဲပြောင်းမှုလုပ်တာ ပိုကောင်းမယ်... မင်းကိုမင်း အခွင့်အရေး ယူခံလိုက်လို့ မဖြစ်ဘူးလေ"
“ဟုတ်... လက်ခံပါတယ်... ဆရာ့အကြံအတိုင်း လိုက်ပါ့မယ်"
ယွီနျန်က တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
"ရိုးရိုးသားသား ပြောရရင် ကျွန်တော့်မှာ ဒါအပြင် အခြားအတွေးလည်း ရှိသေးတယ်"
ကျန်းဟုန်ယင်းက စိတ်ဝင်တစား ဖြစ်လာသည်။ "ပြောလေ... မင်းအတွေးက ဘာလဲ"
“ပထမတစ်ခုက ကျွန်တော်သာ နိုင်ငံ့ရတနာဆယ့်ခြောက်ခုကို လွှဲပြောင်းပေးလိုက်မယ်ဆိုရင် သက်ဆိုင်ရာ အာဏာရှိသူတွေက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ပြတိုက် အတွက် လျှောက်ထားမှုအပေါ် မလွဲမသွေ မီးစိမ်းပြလာပြီးတော့ လုပ်ငန်းစဥ်က ပိုချောမွေ့လာမှာပဲ... ဒုတိယတစ်ချက် ကျွန်တော်သာ ဒီပစ္စည်းတွေကို မရောင်းဘဲ ကိုယ့်ဘာသာ သိမ်းထားမယ်ဆိုရင် အထက်က အရေးယူဆောင်ရွက်တာတွေ ရှိလာနိုင်တယ်... ပြီးရင်တော့ ဒါက ကံကောင်းမှုဖြစ်လာမလား ကျိန်စာတစ်ခု ဖြစ်လာမလား ခန့်မှန်းရခက်ပေမယ့် ပြဿနာတွေကတော့ မလွဲမသွေ မြင့်တက်လာမှာ... ကျွန်တော်ကပဲ အရင်အစပြုပြီးတော့ ဒီရတနာဆယ့်ခြောက်ခုကို ရောင်းလိုက်တာ ပိုကောင်းမယ်... ဒါဆိုရင် ချီးကျူးမှုတွေ ရလာပြီး သူတို့ရဲ့ အာရုံတွေလည်း လမ်းကြောင်း လွဲသွားလိမ့်မယ်... နောက်ပိုင်းကျရင် ပြဿနာတွေ အများကြီး ရှိလာမှာ မဟုတ်တော့ဘူး"
ယွီနျန်၏ စကားများက အနည်းငယ် အဓိပ္ပါယ်ဖော်မရ ဖြစ်နေသော်လည်း ကျန်းဟုန်ယင်းကမူ အပြည့်အဝ နားလည်နေခဲ့သည်။ သူက ရယ်မောလိုက်ပြီးနောက် လက်ညှိုးထိုးပြလိုက်သည်။
"နျန်နျန်... မင်းက နှစ်ဆယ့်နှစ်နှစ်ပဲ ရှိသေးတာကို ဘာလို့ ဒီလောက်ထိ ဥာဏ်ကောင်းပြီး ရှင်းရှင်းလင်းလင်း သိနေရတာလဲ"
ပြောပြီးနောက် ယွီနျန်အတွက် စိတ်မကောင်း ဖြစ်သွားသည်။ ယွီနျန်၏ အဘိုးအဘွားများ သို့မဟုတ် မိဘများ ရှိနေသေးပါက ဤမျှလောက် ငယ်ရွယ်နေသေးသည့် အသက်အရွယ်မှာပင် နှံ့နှံ့စပ်စပ် တွေးနိုင်ဦးမည် မဟုတ်ပေ။
ယွီနျန်က ချီးကျူးခံလိုက်ရခြင်းကြောင့် ရှက်သွေးဖြာသွားသည်။
"ကျွန်တော့်ဘိုးဘိုး သင်ပေးဖူးတယ်... ချမ်းသာကြွယ်ဝမှုကို လူသိရှင်ကြား မပြသင့်ဘူးတဲ့... ပြရတော့မယ်ဆိုလည်း ကာကွယ်နိုင်ဖို့ အစီအစဥ်ချပြီး နှံ့နှံ့စပ်စပ် တွေးတောထားသင့်တယ်တဲ့... ဒီလိုအခြေအနေမှာဆို အပိုင်းငယ်လေးကို ရောင်းချလိုက်တာက အပိုင်းအကြီးကြီးကို ကာကွယ်ပေးနိုင်လိမ့်မယ်"
ဆယ်စုနှစ်ပေါင်းများစွာ အသက်ရှင်လာသည့် ကျန်းဟုန်ယင်းက ယွီနျန်၏ စကားထဲမှ ပြောမသွားသော စကားလုံးများကို နားလည်နေခဲ့သည်။ ပိုမြင့်တဲ့ရာထူးရှိတဲ့သူတစ်ယောက်က ဒါတွေအပေါ် မျက်စိကျလာပြီး အကုန်လုံး လှူလိုက်ဖို့ တောင်းဆိုလာတဲ့အထိ စောင့်နေလိုက်ရင် အရာအားလုံးကို ထိန်းထားနိုင်ဖို့ နောက်ကျသွားပြီ...
သူက များများစားစား ထပ်မပြောတော့ဘဲ အလေးအနက်သာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့... ဒီနိုင်ငံ့ရတနာ ဆယ့်ခြောက်ခုကို ရောင်းနိုင်ဖို့ ငါစီစဥ်ပေးမယ်"
ယွီနျန်၏ နှလုံးသားထဲမှ တင်းအားများ ပြေလျော့သွားခဲ့လေသည်။
"ကျေးဇူးပါ... ဆရာ"
ထိုအခိုက် ယွီနျန်နှင့် ရွှယ်ယုံတို့ စီနျင်းအိမ်တော်တွင် ပေါ်လာသည်ဟူသော သတင်းက များစွာ အုတ်အော်သောင်းနင်း ဖြစ်မသွားခဲ့ပေ။ ထိုအစား အခြားခေါင်းစဥ်တစ်ခုအပေါ် ဆွေးနွေးမှုများက အလျင်အမြန် အရှိန်ရလာခဲ့သည်။
မူလအစတွင် 'ယွီနျန်ဝယ်ထားတဲ့ ယဥ်ကျေးမှုအမွေအနှစ်တွေက ဘာဖြစ်သွားမလဲ' ဟူသည့် ခေါင်းစဥ်မှာ ကွန်မန့်နေရာများ၌ အကြိမ်အနည်းငယ် ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေခဲ့သည်။ သို့သော်လည်း မထင်မှတ်ထားစွာပင် 31ရက်နေ့ မနက်အစောပိုင်း၌ ထိုခေါင်းစဥ်က hot searchထိ ရောက်လာခဲ့သည်။ မြင့်တက်နေဆဲ ဖြစ်သော ယွီနျန်၏ ကျော်ကြားမှုနှင့်အတူ #ယွီနျန်ယဥ်ကျေးမှုအမွေအနှစ်များ#ဟူသည်က ရေပန်းစားအကြောင်းအရာများ၏ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သည်။
ပထမတွင် ဖန်များနှင့် ဖြတ်သွားဖြတ်လာများကထိုခေါင်းစဥ်ကို ကြုံရာကျပန်းဆွေးနွေးနေကြပြီး ယွီနျန်ကို ရွှတ်နောက်နောက်နှင့် ဆန်းသစ်သော အကြံပြုချက်များဖြင့် စနောက်၍ အကြံပေးနေကြခြင်းသာ ဖြစ်သည်။ သို့သော်လည်း များမကြာမီ ဆွေးနွေးမှုလမ်းကြောင်းမှာ သတိပြုမိလောက်ဖွယ် ပြောင်းလဲသွားခဲ့သည်။
[သူ့ပိုက်ဆံနဲ့ ဝယ်ထားတဲ့ ပစ္စည်းတွေကို ဘယ်လိုကိုင်တွယ်လို့ မရရမှာလဲ... ယွီနျန်က ရှေးဟောင်းပစ္စည်းစျေးကွက်ကို ရှင်းရှင်းလင်းလင်း နားလည်ထားပြီးသား... ကြည့်ရတာ သူက ဒီပစ္စည်းတွေကို သိမ်းထားပြီးတော့ စျေးကွက် တိုးတက်လာမှ အမြတ်ကြီးကြီးနဲ့ ရောင်းဖို့ စီစဥ်ထားတယ်ဆိုတာ သိသာနေတာပဲလေ... ပိုက်ဆံပိုရှာတာကို ဘယ်သူက အထွန့်တက်ကြမှာလဲ... အဲ့ဒီကိုယ်ကျင့်တရား မြင့်မြတ်သူတွေကတော့ လျော်ကြေးမယူဘဲ လှူပစ်လိုက်ဖို့ အလောတကြီး တောင်းဆိုနေကြတယ်တဲ့... ငွေက နင့်အပိုင် မဟုတ်ရင် လာဂရုစိုက်မနေနဲ့လေ]
[ရိုးရိုးသားသား ပြောရရင် ယဥ်ကျေးမှု အမွေအနှစ်တွေ အထူးသဖြင့် ဝါးစာလိပ်တွေက အရမ်း တန်ဖိုးရှိတယ်... သူတို့က တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းနဲ့ ယဥ်ကျေးမှု တန်ဖိုးတွေ သယ်ဆောင်ထားကြတယ်... ရှုထောင့်တစ်ခုက ကြည့်မယ်ဆိုရင် ယွီနျန်က ပုံရိပ်ကောင်း ဖန်တီးပြီး ဒီပစ္စည်းတွေ လှူဒါန်းမယ်လို့ ငါယုံကြည်တယ်... ဒါက လူသိများထင်ရှားသူတစ်ယောက်အနေနဲ့ မှန်ကန်တဲ့ လုပ်ရပ်ပဲ... @ယွီနျန်... စဥ်းစားကြည့်ပါ]
[ငါကတော့ ဒီကီးဘုတ်စစ်သည်တွေကြောင့် တကယ် အံ့အားသင့်သွားပါပြီ... သူတို့က လျော်ကြေးမယူဘဲ လှူလိုက်ဖို့ချည်း ပြောနေကြတာ... ဒါက ကိုယ်ကျင့်သိက္ခါပိုင်းဆိုင်ရာ ကြိုးကိုင်ခြယ်လှယ်နေကြတာပဲ... နင်တို့မှာ ဒီလောက် လုပ်ရည်ကိုင်ရည် ရှိနေရင် ကိုယ်ပိုင်ပိုက်ဆံနဲ့ ယွီနျန်ဆီက ဝယ်ပြီး အလကား လှူလိုက်]
ဤခေါင်းစဥ်အပေါ် ဆွေးနွေးနေမှုများ မြင့်တက်လာသောအခါ မုန့်ယွမ်လည်း သတိပြုမိသွားသည်။
ဆွေးနွေးမှုများ မြင့်မားလာသည်ကို ကြည့်နေရင်းဖြင့် မုန့်ယွမ်က ထိုင်ခုံတွင် ခြေချိတ်ထိုင်လိုက်ပြီးနောက် ကော်ဖီပူပူတစ်ငုံသောက်လိုက်ပြီး ရှစ်ရော့ကို မေးလိုက်သည်။ "ရော့ရော့... တစ်ခုခု တွေ့သေးလား"
“အွန်လိုင်းပေါ်မှာ လှော်နေကြတဲ့သူတွေက သိပ် မသိမ်မွေ့ကြဘူး... ပြီးတော့ မားကတ်တင်းအကောင့်တွေ သူတို့ရဲ့ စာတွေကလည်း တစ်ထပ်တည်းကျလုနီးပါးပဲ... သူတို့က ရန်စဖို့ အခကြေးငွေ ယူထားကြတာ ရှင်းနေတာပဲ"
ရှစ်ရော့က စိုးရိမ်ပူပန်မှုများ ပြသလာသည်။
"ဒါပေမယ့် ဒါတွေက လူထုအမြင်ကို ခြယ်လှယ်တဲ့ နေရာမှာ ကောင်းကောင်း အလုပ်လုပ်နေတယ်... အစ်ကိုမုန့်... အင်တာနက်ပေါ်က လူတွေ အများစုက နျန်နျန့်ဆီ ဝိုင်းလာကြပြီ... သူက အမြင်ကျယ်ကျယ်နဲ့ တွေးပြီးတော့ အရာအားလုံး လှူဒါန်းရမယ်လို့ ပြောနေကြတယ်... မဟုတ်ရင် သူက စတားတစ်ယောက် ဖြစ်ဖို့ မထိုက်တန်ဘဲ နိုင်ငံသားအသိစိတ် မရှိတဲ့သူအဖြစ် ဆိုရလိမ့်မယ်တဲ့... သူတို့က ဒီလောက်အကြီးကြီးတွေ ပြောနေကြတာ... သူတို့ကိုယ်တိုင် ဘာလို့ မလုပ်လိုက်ကြတာလဲ... ဒေါသထွက်စရာ ကောင်းလိုက်တာ"
မုန့်ယွမ်က ကော်ဖီခွက်ကို ပြန်ချထားလိုက်ပြီးနောက် လက်ချောင်းများကို ချိတ်ထားလိုက်သည်။
"မင်းပြောတာ မှန်တယ်... နောက်ကွယ်ကနေ နျန်နျန့်ကို လှော်ဖို့ ကြိုးစားနေကြတဲ့သူတွေက ဒိတ်ကုန်နေတဲ့ နည်းလမ်းတွေ သုံးထားပေမယ့် အကျိုးသက်ရောက်မှု ရှိနေသေးတယ်... ဒါက ကိုယ်ကျင့်သိက္ခါပိုင်းဆိုင်ရာ ဓါးစာခံ လုပ်တာ ဖြစ်သွားပြီ... ကိုယ်ကျင့်သိက္ခါဆိုတာ စိတ်လှုပ်ရှားမှုတွေကို အလွယ်တကူ ခလုတ်တိုက်နိုင်တဲ့ အရာပဲ ပြီးတော့ ကူးစက်နိုင်သေးတယ်"
သူဆက်ပြောလိုက်သည်။
"အစက ဒီကိုယ်ကျင့်သိက္ခါ မြင့်မားမှု မြေသားအပေါ် ရပ်နေပြီးတော့ နျန်နျန်ကို ဝေဖန်ပြီး ဘယ်လိုလုပ်ရမယ်ဆိုပြီး နှုတ်တိုက်ပြောနေတဲ့ မားကတ်တင်းအကောင့် တစ်ခုပဲ ရှိတယ်... အဲ့ဒါ စတင်တာနဲ့ မရေတွက်နိုင်တဲ့သူတွေက ဒါက မှန်ကန်တဲ့အရာ ဒါက ကိုယ်ကျင့်သိက္ခါပိုင်းဆိုင်ရာအရ လုပ်သင့်တဲ့အရာဆိုပြီး မလွဲမသွေ တွေးကြလိမ့်မယ်... ပြီးရင် သူတို့က 'အကျင့်သိက္ခါ'ဆိုတဲ့ နာမည်ကို သုံးပြီး နျန်နျန်ကို ထောင့်တစ်ထောင့်ဆီ တွန်းပို့ကြလိမ့်မယ်"
ထိုအခိုက် ယွီနျန်က တံခါးမှ ဖြတ်ဝင်လာပြီး ပြုံး၍ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ... အစ်မရော့ရော့... စိတ်မပျော်မရွှင် ဖြစ်နေတာလား"
မုန့်ယွမ်က စကားဝိုင်းကို ပြန်သိမ်းလိုက်ပြီး အခြေအနေတစ်ခုလုံးကို စကားနှစ်ခွန်းမျှဖြင့် အတိုချုံ့ရှင်းပြလိုက်ပြီးနောက် ယွီနျန်အား မေးလိုက်သည်။
"မင်းရဲ့ အစီအစဥ်ကရော"
ယွီနျန်က ရှစ်ရော့ ကမ်းပေးလာသည့် လတ်လတ်ဆတ်ဆတ် ညှစ်ထားသော အသီးဖျော်ရည်ခွက်ကို ယူကာ ရေငတ်ပြေသွားရန်အတွက် တစ်ငုံသောက်လိုက်ပြီးမှ ရှင်းပြလိုက်သည်။
"ကျွန်တော့်ဆရာကို ဒီကိစ္စအတွက် ကူညီပေးဖို့ ပြောထားပြီးသားပါ... ကျွန်တော်က အရင်က ဝယ်ထားတဲ့ ရှေးဟောင်းပစ္စည်း ဆယ့်ခြောက်ခုကို ယဥ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အမျိုးသားဗျူရိုဆီ 'ချင်းရှန်းယွီမိသားစု' နာမည်အောက်ကနေ လွှဲပြောင်းပေးဖို့ စီစဥ်ထားတယ်"
"ဘုတ်" ဟူသော အသံဖြင့် မုန့်ယွမ်လက်ထဲမှ ကော်ဖီခွက် ချော်ထွက်သွားပြီး စားပွဲပေါ် မှောက်ကျကုန်သည်။ သူက နှလုံးခုန်သံများ မြန်ဆန်နေလျက်က မှောက်ကျထားသော ကော်ဖီများကို အလျင်အမြန် သန့်ရှင်းလိုက်သည်။
"ခဏလေး... နျန်နျန် မင်းဘာပြောလိုက်တာလဲ... ဘယ်လောက်တဲ့..."
ယွီနျန် ထပ်ပြောလိုက်သည်။ "ဆယ့်ခြောက်ခု"
မုန့်ယွမ်မှာ ယခင်က ရှေးဟောင်းပစ္စည်းများ ရင်းနှီးမြှုပ်နှံမှုအပေါ် အတွေ့အကြုံရှိသဖြင့် လှုပ်ခတ်နေသော ငွေပမာဏများကို သိထားပြီးသား ဖြစ်သည်။ သူက ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ရပြီး အလျင်အမြန် တွက်ချက်လိုက်သည်။
"ပေါင်းကြည့်ရအောင်... တစ်ခုချင်းစီက 200မီလီယံတန်တာဆိုတော့ ပေါင်းရင် 3.2ဘီလီယံပေါ့"
သူစိတ်ထဲတွင် ယွီနျန်၏ စကားများကို ထပ်ပြီး တွေးကြည့်လိုက်သည်။
"ယဥ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အမျိုးသားဗျူရိုကို လွှဲပေးမှာဆိုတော့... ငွေချေမှာလား... မချေဘူးလား"
“ငွေချေမှာပါ... ဒါပေမယ့် ပမာဏကတော့ ကုံလုံလောက်တဲ့အထိ မဟုတ်ဘူး... ရိုးရာအရတော့ ပြယုဒ်တစ်ခုလောက် နေမှာပါ" ယွီနျန်က ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီးနောက် ပြောလိုက်သည်။
"ပြီးတော့ ကျွန်တော် ကိုယ်ပိုင်ပြတိုက်တစ်ခု ထောင်ဖို့ စီစဥ်နေတယ်"
ရှစ်ရော့ အံ့အားသင့်သွားသည်။ "ကိုယ်... ကိုယ်ပိုင်ပြတိုက်လား"
ထိုစကားကို ကြားသောအခါ မုန့်ယွမ်က အခြေအနေကို ဖမ်းဆုပ်မိသွားပြီး ယွီနျန်၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။ သူက စားပွဲကို တတောက်တောက် ခေါက်လိုက်သည်။
"ကိုယ်ပိုင်ပြတိုက်ထောင်လိုက်ရင် ဖုံးကွယ်ထားတဲ့ မင်းတို့ မိသားစု မျိုးရိုးစဥ်ဆက်တွေ ရတနာတွေက လျှို့ဝှက်ချက် ဖြစ်နေမှာ မဟုတ်တော့ဘူးမလား"
“အတိအကျပါပဲ... ကျွန်တော့်မိသားစုက မျိုးရိုးစဥ်ဆက်အလိုက် တန်ဖိုးရှိပြီး ရှားပါးတဲ့ ပစ္စည်းများစွာကို စုဆောင်းထားခဲ့တယ်"
မုန့်ယွမ်က ရင်ဘတ်ပေါ် လက်တင်လိုက်သည်။
"မင်းအဲ့ဒီလို ပြောတာကို ကြားရတာ ငါ့နှလုံးခုန်သံတွေ မြန်လာပြီ နျန်နျန်ရေ... မင်းမိသားစုရဲ့ စုဆောင်းမှုပစ္စည်းတွေကို ပြတိုက်မှာ ပြသလိုက်ပြီ ဆိုတာနဲ့ ထောင့်ပေါင်းစုံကနေ အာရုံစူးစိုက်မှုတွေကို မလွဲမသွေ ဆွဲဆောင်နိုင်တော့မှာ... ကြိုတင်ကာကွယ်မှုတွေ လုပ်ထားပြီးတော့ အမြစ်မတွယ်ခင် ပြဿနာကို ရပ်တန့်နိုင်ဖို့ အရေးကြီးတယ်နော်"
ယွီနျန် နှုတ်ခမ်းလေးများကို တွန့်ကွေးလိုက်သည်။ "အတိအကျပဲ"
မုန့်ယွမ်က ထိုင်ခုံကို ပြန်မှီလိုက်ပြီးနောက် သက်ပြင်းလေးလေး ချလိုက်သည်။
"အား... ငါတို့လို သာမန်လူတန်းစားလေးတွေဆိုတာ ဒီလိုပြဿနာမျိုးကို အစကတည်းက ရင်ဆိုင်စရာကို မလိုဘူး... ဒါပေမယ့် ပစ္စည်းတွေ လွှဲပြောင်းဖို့ ကိစ္စကို လုပ်ဆောင်နေပြီဆိုတော့ အင်တာနက်ပေါ်က အရေမရ အဖတ်မရတွေကို ဘေးဖယ်ထားလို့ ရပြီ... အချိန်ကျလာရင် နောက်ကွယ်က အကြံသမားတွေတော့ သေချာပေါက် ဒေါသထွက်နေကြမှာ"
ယွီနျန် ထောက်ခံလိုက်သည်။
"ဒါပေါ့... သူတို့ကို ဒေါသထွက်ခိုင်းလိုက်ပါ"
မုန့်ယွမ်က ထိုင်ခုံပေါ်တွင် ထိုင်ကာ နှစ်စက္ကန့်မျှ တွေးလိုက်ပြီးနောက် ဆက်ပြောလာသည်။
"ဒီအကြောင်း ပြောမှပဲ ဘယ်သူက မင်းကို လှော်ဖို့ ဒီကိစ္စနောက်မှာ ရှိနေလဲဆိုတာ တွေးမိလား"
ရုံးခန်းထဲတွင် အပြင်လူများ မရှိသည်ကို တွေ့မှသာ မုန့်ယွမ်က ပို၍ ပွင့်ပွင့်လင်းလင်း ပြောလာသည်။
"ငါအစက ဒီလောကထဲက မင်းအောင်မြင်နေတာကို မရှုစိမ့်လို့ အောက်ဆွဲချဖို့ အခွင့်ချောင်းနေတဲ့ သူတွေလို့ ထင်နေတာ... အဆုံးကျရင် မင်းသာ ကိုယ်ကျင့်သိက္ခါ အမြင်ဆိုတဲ့ ထောင်ခြောက်ထဲ ကျသွားရင် "နိုင်ငံသားစိတ်မရှိဘူး" ဆိုပြီး တစ်သက်လုံး တံဆိပ်ကပ်ခံရမှာ” သူ အသံကို လျှော့ပြောလိုက်သည်။
"ဒါပေမယ့် မင်းနဲ့ နည်းနည်းလောက် စကားပြောပြီးမှ ဒီလောက်ထိ မရိုးရှင်းလောက်ဘူးလို့ တွေးမိသွားတာ... ဒီလောက အပြင်က လူတွေပါ ပတ်သက်နေတာများလား"
ယွီနျန်၏ အပြုံးက လျော့ရဲမသွားပေ။
"ဟုတ်တယ်... အစ်ကိုပြောတာ အမှန်ပဲ... ဒါပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်က ကျွန်တော့်လက်ထဲက ပစ္စည်းတွေထက် မပိုဘူး... ပစ္စည်းဆယ့်ခြောက်ခုကို လုပ်ငန်းစဥ်အတိုင်းလိုက်ပြီး လွှဲပြောင်းပေးလိုက်တာနဲ့ အရာအားလုံး ငြိမ်ကျသွားလိမ့်မယ်"
မုန့်ယွမ် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ "ကောင်းပြီလေ... ငါကတော့ မင်းရဲ့ သဘောထားနောက် လိုက်ရုံပေါ့"
သုံးရက်ကြာသောအခါ #ယွီနျန်ယဥ်ကျေးမှုအမွေအနှစ်များ# ဟူသော hashtagက အရှိန်ကျမသွားရုံမက များစွာသော လွှမ်းမိုးမှုများ၏ အကူအညီဖြင့် ရေပန်းစားအကြောင်းအရာများ၏ ပထမနေရာသို့ ဆိုက်ရောက်သွားလေသည်။ ဆွေးနွေးမှုများမှာ အစပိုင်းက "သူ မလှူရင် နိုင်ငံသားစိတ်ဓါတ်နဲ့ အမြင်ကျယ်ကျယ် မရှိလို့ပဲ" ဟူသည့် အကျင့်သိက္ခါပိုင်းဆိုင်ရာ ထောင်ခြောက်များမှ "ယွီနျန်လို အနုပညာရှင်မျိုးတွေကို ခုခံတွန်းလှန်ရမယ်" ဟု အသံအချို့ထွက်ပေါ်လာသည်အထိ တစ်စတစ်စ ပြင်းထန်လာခဲ့သည်။
လူထုအမြင်များက ယွီနျန်အား ထုတ်ဖော်ပြောကြားခြင်း မရှိသည့်အတွက် အပြစ်များ ပုံချလာကြသည့်အချိန်တွင် နိုင်ငံပိုင်ရုပ်သံလိုင်း၌ ရုတ်တရက် သတင်းတစ်ပုဒ် ပေါ်ထွက်လာခဲ့သည်။
[[[“…ဒီဇင်ဘာ 30ရက်နေ့တွင် ယဥ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အမျိုးသားဗျူရိုမှ ချင်းရှန်းယွီမိသားစု၏ ကုံလုံသော လှူဒါန်းမှုကို လက်ခံရရှိပါသည်။ ဤလှူဒါန်းမှုတွင် မိုးတိမ်ဖြူသစ်စေးထွင်းပန်းကန်ပြား၊ ကျောက်စိမ်းပြာဇာမဏီအမွှေးနံ့သာအိုး၊ မြားအထပ်ပုံပန်းချီကား၊ 'ကောင်းကင်ကြီးမကမြင့်မားလှတဲ့သူတော်ကောင်းတရားအတွက်ဆုတောင်းခြင်း' လက်ရေးစာမူ၊ 'အိပ်မပျော်နိုင်သူ' စာလိပ်၊ 'ကော်ရှု' ဝါးစာလိပ်နှင့် ချန်ဖန့်ဇွင်းတို့ အပါအဝင် တန်းဖိုးကြီးမားလှသော လက်မှုပစ္စည်းများ ပါဝင်ပါသည်...
လှူဒါန်းမှုကို လက်ခံရာတွင် ယဥ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အမျိုးသားဗျူရိုမှ အတုအစစ်ခွဲခြားခြင်း၊ ရှေးဟောင်းပစ္စည်း ဆယ့်ခြောက်ခုကို လက်ခံယူခြင်း စသည့် များစွာသော လုပ်ငန်းစဥ်များကို ချက်ချင်းပင် ကနဦးဆောင်ရွက်ခဲ့ပါသည်။ ယနေ့တွင် တန်ဖိုးကြီးနိုင်ငံရတနာ ဆယ့်ခြောက်ခုလုံး အောင်အောင်မြင်မြင် ရောက်ရှိလာပြီ
ဖြစ်ပြီး အမျိုးသားပြတိုက်မှ အမှုထမ်းများက ရှေးဟောင်းပစ္စည်းများ တရားဝင် လက်ခံပွဲကို ဇွန်လ 7ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်"]]]