အပိုင်း ၁၇၀
Viewers 21k

Chapter 170



သူ ကုမ္ပဏီကို ရောက်လာပြီး မုန့်ယွမ်နှင့် တွေ့သောအခါ အသံသွင်းစတူဒီယိုသို့ အတူတကွ ထွက်လာခဲ့ကြသည်။ ယွီနျန် ဖုန်းကို တစ်ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် ရှစ်ရော့ထံ ကမ်းပေးကာ ညွှန်ကြားလိုက်သည်။


 "နောက်ပိုင်း အဝင်ကောဖြစ်ဖြစ် ဗီဒီယိုကောဖြစ်ဖြစ် ရောက်လာရင် ကျွန်တော့်ကို လာအသိပေးပါဦး"


ယွီနျန်၏ စိုးရိမ်မှုများကို မြင်နေရသည့် ရှစ်ရော့က နားလည်ဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


 "မပူနဲ့နော်... နျန်နျန်"


သူ့ကိုယ်တိုင်၏ အခြေအနေ သိပ်မကောင်းကြောင်း သတိပြုမိသည့် ယွီနျန်က သီချင်းကို ချက်ချင်း စမသွင်းခဲ့ပေ။ ထိုအစား သီချင်းတစ်ပုဒ်အတွက် အရန်အသံကို သွင်းခဲ့သည်။ သူက သေသေချာချာ အာရုံစိုက်ထားပါသော်လည်း အကြိမ်အနည်းငယ်မျှ အတွေးလွင့်သွားနေလေသည်။ သို့သော်လည်း အသံသွင်းလုပ်ငန်းစဥ်တစ်ခုလုံး ချောချောမွေ့မွေ့ ပြီးသွားခဲ့သည်။


သီချင်းသုံးပုဒ်အတွက် နောက်ခံအသံကို ဆက်တိုက် အသံသွင်းပြီးနောက် ယွီနျန်က ရှစ်ရော့ သူ့အား လက်လှမ်းပြနေသည်ကို တွေ့လိုက်ရသည်။ သူက ရပ်နားသည့် ခလုတ်ကို မြန်မြန် နှိပ်ကာ နားကြပ်ကို ချွတ်လိုက်ပြီးနောက် ခြေသုံးလှမ်းမျှဖြင့် အပြင်ထွက်လာပြီး သူမလက်ထဲမှ ဖုန်းကို ယူလိုက်သည်။ 


ဗီဒီယိုကော ချိတ်ဆက်သွားပြီး တစ်ဖက်တွင် ဟယ်ရှောင်းက အောက်ဆီဂျင် maskတပ်ထားရင်း မှိတ်ကျနေသော မျက်တောင်များက မောပန်းနွမ်းနယ်မှုကို ဖော်ပြနေကာ သူ့ခေါင်းက ခေါင်းအုံးတစ်ခုပေါ်တွင် အားနည်းဖျော့တော့စွာ အနားယူနေခဲ့သည်။ 


ယွီနျန်၏ မျက်လုံးများက အရည်ကြည်တို့ ဝေ့သီလာခဲ့ပြီး သူ့အသံကို တည်ငြိမ်နေစေရန် အားယူရင်း တတ်နိုင်သမျှ သဘာဝကျစေရန် ကြိုးစားလျက် မေးလိုက်သည်။ 


"ဘယ်လိုနေသေးလဲ"


ဟယ်ရှောင်းက တဖြည်းဖြည်း ခက်ခက်ခဲခဲ ခေါင်းငြိမ့်ပြလာသည်။ 


"နျန်နျန် မငိုပါနဲ့... ငါ အဆင်ပြေပါတယ်"


ယွီနျန်၏ အသံထဲတွင် မထိန်းနိူင်သော ဆို့နင့်မှုများ ထွက်ပေါ်လာသည်။ 


"ကောင်းပါပြီ... ကျွန်တော် မငိုတော့ဘူး" 


သူက ဗီဒီယိုကို ကြည့်နေရင်း ဟယ်ရှောင်းတစ်ယောက် နိုးနိုးကြားကြား ဖြစ်နေစေရန် အနိုင်နိုင် ကြိုးစားနေရသည်ကို တွေ့နေရသည်။ သူက နည်းနည်းလောက် ထပ်ကြည့်ချင်နေသေးပါသော်လည်း ထပ်ပြီး ထိန်းမထားနိုင်တော့ပေ။ မျက်ခွံများက အဆုံးတွင် သတိမရတော့သည့်အခြေအနေအထိ တဖြည်းဖြည်း စင်းကျလာခဲ့လေသည်။ 


ကင်မရာထောင့်က မြင့်တက်သွားခဲ့ပြီး ဖုန်းမျက်နှာပြင်ထက် လူဝီဆန် ထွက်ပေါ်လာခဲ့သည်။ 


"သခင်လေး... စိတ်ချပါ... ဒေါက်တာတွေက သူ့အခြေအနေကို တည်ငြိမ်သွားအောင် ထိန်းထားပေးနိုင်ခဲ့ပါပြီ... သေသေချာချာ ဂရုစိုက်နေသရွေ့ သူ့အခြေအနေက လာမဲ့ရက်တွေအတွင်း အရမ်းကြီး အတက်အကျများလာမှာတော့ မဟုတ်ပါဘူး"


ယွီနျန်က ခပ်တောင့်တောင့် ပြုံးပြလိုက်ရသည်။

 "ကျေးဇူးတင်ပါတယ်"


ဗီဒီယိုကော ပြီးဆုံးသွားသောအခါ အနီးအနားတွင် ရပ်နေသည့် ရှစ်ရော့က ပူပန်နေပုံဖြင့် ပြောလာခဲ့သည်။


 "နျန်နျန်... ခဏလောက် နားဦးမလား"


မျက်လုံးများ ရဲနေသည့် ယွီနျန်က ဖုန်းကို ရှစ်ရော့ထံ ပြန်ပေးလိုက်ရင်း ခေါင်းယမ်းပြလိုက်သည်။


 "တော်ပါပြီ... အားနေရရင် စိတ်တွေ ပိုလွင့်နိုင်တယ်"


သို့သော်ငြား ဤတစ်ကြိမ်၌ သီချင်းတစ်ပုဒ်၏ နောက်ခံအသံကို မသွင်းရသေးခင်မှာပင် မုန့်ယွမ်က အသံသွင်းစတူဒီယို၏ တံခါးကို တွန်းဖွင့်လာခဲ့ပြီး သူ့ကို အချက်ပြလာခဲ့သည်။ 


ယွီနျန်က နားကြပ်များကို ချွတ်ကာ ရှေ့တိုးလာပြီး မေးလိုက်သည်။ "အစ်ကိုမုန့်... ဘာကိစ္စရှိလို့လဲ"


မုန့်ယွမ်က မျက်နှာပြင်လင်းနေသော ဖုန်းကို ကမ်းပေးလိုက်သည်။ 


"ဒါက နိုင်ငံခြားကနေ ရောက်လာတဲ့ အင်တာဗျူးတစ်ပုဒ်ပဲ... အင်တာဗျူးခံရတဲ့လူက ဂျိုးဇက်လို့ ခေါ်တဲ့ ရှေးဟောင်းပစ္စည်း ရောင်းဝယ်သူတစ်ယောက်... အင်တာဗျူးထဲမှာ သူက လတ်တလောက လုပ်ခဲ့တဲ့ အရောင်းအဝယ်တစ်ခုမှာ ဝါးစာလိပ်ကို မင်းဆီ ရောင်းပေးခဲ့တယ်လို့ ပြောထားတယ်"


မုန့်ယွမ်၏ ဖုန်းထက်တွင် အင်တာတိန့်မန့်ဖိုရမ်တစ်ခု၏ ဟုမ်းပေချ့် ရှိနေခဲ့သည်။


"အချို့သတင်းတွေအရ ယွီနျန်ရဲ့ အဖေကို သင်္ဘောနဲ့ မိုင်းတွင်းတွေပိုင်တဲ့ သူဌေးကြီး ဟယ်ရှောင်းဆိုပြီး ပြောထားတယ်... ဘယ်လိုထင်ကြလဲ" 


[သောက်ကျိုးနဲ... ဘယ်သူက သိချင်လို့လဲ... တစ်နေ့လုံး ယွီနျန့်အဖေ ဘယ်သူလဲ ဆိုတာကိုပဲ နေ့တိုင်း ဆွေးနွေးနေကြတာ... တကယ် စိတ်ပျက်စရာပဲ... သေချာတဲ့ သက်သေမရှိဘဲ သတင်းတွေ ဖန်တီးနေတာ ရပ်လိုက်ကြစမ်းပါ]


[အာ... ခဏလောက်ပါနော်... ငါက မူလတင်တဲ့လူပါ... ပြီးတော့ အခြေအမြစ် မရှိတာလည်း မဟုတ်ဘူး... တကယ် ခိုင်မာတဲ့ သက်သေက ဒီမှာပါ....[link] [ပုံ]... ဗီဒီယိုထဲမှာ မုတ်ဆိတ်နဲ့လူက ရှေးဟောင်းပစ္စည်းရောင်းတဲ့သူပဲ... သူက မဂ္ဂဇင်းတစ်ခုကနေ အင်တာဗျူးတော့ လတ်တလောမှာ တန်ဖိုးကြီးလှတဲ့ ဝါးစာလိပ်ကို ကျုးယွဲ့ အုပ်စုရဲ့ ဥက္ကဌ ဟယ်ရှောင်းရဲ့ သားဖြစ်သူ ယွီနျန်ဆီ စျေးချိုချိုနဲ့ ရောင်းခဲ့တယ်လို့ပြောထားတယ်... အကျိုးအမြတ်က သူ ခန့်မှန်းထားသလို မများပေမယ့် ပူးပေါင်းဆောင်ရွက်မှုက အရမ်း အဆင်ပြေခဲ့ပြီး မစ္စတာဟယ်ရှောင်းကို သူ့ကိုယုံကြည်ပေးတဲ့အတွက် စိတ်ရင်းနဲ့ ကျေးဇူးတင်ကြောင်း ပြောပြထားတယ်... ဘာလို့ ဟယ်ရှောင်းရဲ့ သားက ယွီမျိုးရိုး ဖြစ်လဲဆိုတာကို ထားလိုက်တော့... အဓိကအချက်က ဟယ်ရှောင်းရဲ့ သားနာမည်က ယွီနျန်ဆိုတာပဲ... ငါ့ရဲ့ လစ်လျူရှုစိတ်ကို ခွင့်လွှတ်ပေးပါ... ဒါပေမယ့် ငါ့ရဲ့ ပထမဆုံး တုံ့ပြန်မှုက အဲ့ဒီ 'ယွီနျန်'က ယွီနျန်ဆိုတာပဲ]


[မူလပိုစ့်တင်သူက နာမည်ကြီးချင်လို့ လုပ်တာပဲဖြစ်မယ်... ဒီကိစ္စကို ပိတ်လိုက်ကြတော့ .. ငါတို့ရဲ့ သားပေါက်လေးကို ခေါ်သွားကြရအောင်... ငါတို့က ဒီကိစ္စမှာ နင်တို့နဲ့ လိုက်ပြီး မဖျော်ဖြေချင်ဘူးနော်... ငါတို့က နျန်နျန့်ကို သီချင်းကောင်းကောင်း ဆိုနိုင်ဖို့ပဲ မျှော်လင့်တာ... ငါတို့က အမွေလုနေရတဲ့ လူချမ်းသာမိသားစုက တရားမဝင်သား ဖြစ်ဖြစ်... အဖေဘက်က ဆင်းရဲလို့ မျိုးရိုးနာမည် ပြောင်းရတာပဲ ဖြစ်ဖြစ်...မိဘတွေရဲ့ ကံမကောင်းအကြောင်းမလှလို့ စွန့်ပစ်ခံရတာပဲ ဖြစ်ဖြစ်... ငါတို့ဘက်က ဘာမှ စိတ်မဝင်စားဘူးနော်]


[သူတို့ဘက်က ချင်းရှန်းယွီမိသားစုရဲ့ ဂုဏ်ပုဒ်ပဲ ရှိပြီး ပိုက်ဆံ အများကြီး မရှိတာကို တွေ့တော့ ဒီလိုမျိုးနဲ့ လူစိတ်ဝင်စားမှုရအောင် အပြေးလာဖန်တီးတာပေါ့လေ... လူတွေက လောဘမကြီးသင့်ဘူးနော်... မဟုတ်ရင် ဘာတွေ ဖြစ်သွားမှန်း မသိလိုက်ရဘဲ ချောက်ထဲ ကျသွားတတ်တယ်]


မုန့်ယွမ်နှင့် ယွီနျန်တို့ ဖိုရမ်ပိုစ့်များ ဖတ်ပြီးသွားသောအခါ မုန့်ယွမ် အပူတပြင်း မေးလိုက်သည်။


 "အမ်... နျန်နျန်ရေ... အဲ့ဒီ သင်္ဘောသူဌေးကြီးက တကယ် မင်းအဖေပဲလား"


ယွီနျန် မော့ကြည့်ကာ အတည်ပြုဟန် ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်တယ်... သူက ကျွန်တော့်အဖေရင်းပါ"


"အဖေ" ဟူသော စကားကို ပြောလိုက်ခြင်းက လျှာဖျားထက်တွင် ခါးသက်နေစေသည်။ 


ရှစ်ရော့သည်လည်း ကြက်သေသေသွားပုံပေါ်သည်။ 

"ဒါဆိုရင်... ခုနက ဗီဒီယိုကော ပြောနေတဲ့သူက..."


"ဟုတ်တယ်... သူပါပဲ"


ယွီနျန်၏ တုံ့ပြန်မှုကို ကြားလိုက်ရသောအခါ မုန့်ယွမ်က နေရာမှာပင် ရှေ့ပြန်နောက်ပြန် လျှောက်မိသွားပြီးနောက် ရယ်သံများကို မထိန်းထားနိုင်တော့။


 "ငါဘယ်လိုကံကောင်းမှုမျိုးကို ဝင်တိုက်မိသွားတာလဲဟ... ဒီလိုရတနာကြီးကို တူးမိသွားတာပဲ... ငါမင်းနဲ့ လက်မှတ်ထိုးတုန်းက ခေါင်းတည့်တည့်ကို ချမ်းသာခြင်းနက္ခတ် ကျဆင်းလာတာများလား... "


ယွီနျန်က နှုတ်ခမ်းလေးများ တွန့်ကွေးလာခဲ့သည်။ "အစ်ကိုမုန့်နဲ့ ပူးပေါင်းခွင့်ရတာကလည်း ကျွန်တော့်အတွက် ကံကောင်းမှုပဲ မဟုတ်ဘူးလား"


သူတို့စကားပြောနေစဥ်မှာပင် ရှစ်ရော့က ရုတ်တရက် စကားဖြတ်ပြောလာခဲ့သည်။ 


"အိုး... ဒီပိုစ့်မှာ ထပ်ရှိသေးတာပဲ"


ယွီနျန်နှင့် မုန့်ယွမ်တို့ နှစ်ယောက်လုံး သူမအပေါ် အာရုံစိုက်လာနေသည်ကို မြင်သောအခါ ရှစ်ရော့ ဆက်ပြောလိုက်သည်။ 


"ဒီဂျိုးဇက်က သူ့ရဲ့ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်ကို ကြွားရတာ အရမ်းကြိုက်ပုံပဲ... နာမည်ကျော်တဲ့သူတွေနဲ့ တွဲရိုက်ထားတဲ့ပုံတွေ တင်ပြီး သူတို့ရဲ့ကျော်ကြားမှုကို ဝင်ယူတတ်သေးတယ်... သူက သူတွေခဲ့တဲ့လူတွေကို ကြွားရတာ ကြိုက်တယ်... ဒါကြောင့်မို့ သူ... ထုတ်စရာ လှည့်ကွက်တွေ နောက်ထပ် ရှိနေသေးသလိုပဲ"


မုန့်ယွမ် ရုတ်တရက် ခံစားချက်မကောင်း ဖြစ်သွားသည်။ 


"ဘာလှည့်ကွက်လဲ"


"သူက... အင်တာဗျူးဗီဒီယိုကို သူ့ရဲ့ ဆိုရှယ်မီဒီယာတွေမှာ စာတစ်ကြောင်း ထပ်ဖြည့်ပြီး ပြန်တင်ထားတယ်... ပြောထားတာ... ယွီနျန်နဲ့ မျက်နှာချင်းဆိုင် အရောင်းအဝယ် လုပ်တုန်းက ယွီနျန်နဲ့ အတူပါလာတဲ့သူက မစ္စတာရွှယ်တဲ့"


၎င်းက မုန့်ယွမ်၏ နားထဲကို မိုးကြိုးပစ်လိုက်သလို ခံစားလိုက်ရသည်။ စိုးရိမ်ပူပန်မှုများ စိတ်မရှည်မှုများဖြင့် ရှစ်ရော့၏ ဖုန်းကို ဆွဲယူ၍ ကြည့်လိုက်ရာ ဂျိုးဇက်၏ ဆိုရှယ်မီဒီယာအကောင့်၏ screenshotကို တွေ့လိုက်ရပြီး နောက်ဆုံးအကြောင်းကို ကျယ်ကျယ်အော်ဖတ်ပြလိုက်သည်။ 


"အရမ်းပဲ လေးစားဂုဏ်ယူမိပါတယ်... မင်းတို့နှစ်ယောက်ကို တစ်ဘဝစာလုံး ပျော်ရွှင်မှုတွေ ရရှိပြီး အတူတူအိုမင်းသွားကြဖို့ ဆုတောင်းပေးပါတယ်"


မုန့်ယွမ်၏ အမူအယာများ ဗလာနတ္တိ ဖြစ်သွားလေသည်။ 


"ဘာ... ဘာတွေ ဖြစ်သွားတာလဲ"


သို့သော်ငြား ရှစ်ရော့က ဂျိုးဇက်၏ ဆိုရှယ်မီဒီယာအကောင့်ကို ဝင်ကြည့်မိသောအခါ ပြန်တင်ထားသော အကြောင်းအရာကို ဖျက်ပစ်လိုက်ပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူမ ပဟေဠိ ဖြစ်သွားပြီး ပြောလိုက်သည်။ 


"ဒါက ဘယ်လို ဖြစ်ရတာလဲ"


အသံသွင်းစတူဒီယို၏ ဘေးရှိ နားနေခန်းထဲတွင် ထိုင်နေရင်း အပြင်လူများ မရှိတော့သည့်အခါမှ မုန့်ယွမ်က ပို၍ သက်တောင့်သက်သာဖြင့် စကားပြောလာသည်။ သူ မေးကိုပွတ်၍ ပြောလိုက်သည်။ 


"ငါထင်တာကတော့ ဒီလူ အင်တာဗျုး ဗီဒီယိုကို ပြန်တင်လိုက်တုန်းက သူသုံးလိုက်တဲ့ စကား မဆီမလျော် ဖြစ်သွားတာကို ရုတ်တရက် သတိပြုမိလိုက်လို့ ချက်ချင်းပြန်ဖျက်သွားတာ ဖြစ်ရမယ်"


ဖိုရမ်ထဲမှ ပိုစ့်များမှာ ချက်ချင်း အလှည့်အပြောင်း ဖြစ်သွားလေသည်။


['မင်းတို့နှစ်ယောက်ကို တစ်ဘဝစာလုံး ပျော်ရွှင်မှုတွေ ရရှိပြီး အတူတူအိုမင်းသွားကြဖို့ ဆုတောင်းပေးပါတယ်'ဆိုတဲ့ စကားက ဘာလားနော်... ဒီနိုင်ငံခြားသားက တရုတ်စကားကို သေသေချာချာ နားမလည်တာတောင် ကြွားဝါဖို့ အတင်းကြိုးစားနေတာလား... သူ့ကိုယ်သူ အရူးလုပ်မိသွားမှန်း သိသွားတော့ ချက်ချင်း ပြန်ဖျက်လိုက်တယ်... ငါထင်တာ သူက ထာဝရခိုင်မြဲနေမဲ့ သူငယ်ချင်းဆက်ဆံရေးလို့ ရေးချင်တာ ဖြစ်မယ်... လူတွေကို သေလောက်အောင် ခြောက်လိုက်မိတာပဲ]


[နျန်ကော်မလေးက တကယ်ရှောခ့်ရသွားတာ... နျန်နျန့်ရဲ့ အဖေက သင်္ဘောတွေရဲ့ ဘုရင်ကြီးတဲ့လား... တကယ်ပါပဲ ဆင်းရဲမှုက ငါတို့ရဲ့ စိတ်ကူးနိုင်စွမ်းတွေကို ကန့်သတ်ထားတယ်... ငါတို့အုပ်စုရဲ့ အကျယ်ပြန့်ဆုံးအတွေးကတော့ နျန်နျန့်မိသားစုက ကံကြမ္မာကောင်းနဲ့ ဝင်တိုးခဲ့တာလို့ ခန့်မှန်းထားခဲ့တာ... ဒါပေမယ့် ငါကတော့ ပရိုမိုးရှင်းဆင်းဖို့နဲ့ ချီးမွမ်းမြှောက်ပင့်ဖို့အတွက် လူသိများအောင် လုပ်တာဆိုတဲ့ ခန့်မှန်းချက်တွေကို ငြင်းဆန်မယ်... ငါကတော့ နျန်နျန်ကိုယ်တိုင် အတည်ပြုတာကို စောင့်ဦးမှာ]


[ဒီသတင်းက အစကတည်းက လုပ်ကြံထားတာပဲ... ယွီနျန်နဲ့ သင်္ဘောဘုရင်ကြီးက မျိုးရိုးနာမည်တောင် မတူဘဲနဲ့ အဖေနဲ့သား တော်စပ်ပါ့မလား... ပြီးတော့ ရွှယ်ယုံက ယွီနျန် အရောင်းအဝယ် လုပ်တဲ့နေရာကို အတူလိုက်ပေးတယ်လို့တောင် ပြောကြသေးတယ်... ဥက္ကဌရွှယ်က လုပ်စရာအလုပ် မရှိတော့လို့လား... ပြီးတော့ 'မင်းတို့နှစ်ယောက်ကို တစ်ဘဝစာလုံး ပျော်ရွှင်မှုတွေ ရရှိပြီး အတူတူအိုမင်းသွားကြဖို့ ဆုတောင်းပေးပါတယ်'တဲ့ ဘယ်သူက ယုံမှာလဲ... မဖြစ်နိုင်လိုက်တာ... ခြေထောက်နဲ့ တွေးရင်တောင် မဖြစ်နိုင်တာပဲ... ဒီဇာတ်လမ်းရဲ့ နောက်ကွယ်မှာ ရှိနေကြတဲ့သူတွေကတော့ ပုံမှန်အသိစိတ်လေးတော့ ရှိကြပါဦးဟဲ့] 


[အားးးးးး.... ယုံယွီမလေးကတော့ မီးပန်းတွေဖောက်ပြီး ပွဲခံနေပြီ... ဘန်း...ဘန်း... ဘန်း... နျန်နျန်က တိုက်ရိုက်ထုတ်လွှင့်မှုမှာ ရွှယ်ယုံကို သိတယ်လို့ ပြောသွားသေးတယ်နော် .. သက်သေတွေ ဘယ်လောက် မယုံချင်စရာကောင်းကောင်း ငါတို့ကတော့ ယုံတယ်နော်... အား... ပါးစပ်ဖွင့်ပြီး သကြားလုံးတွေ စားလိုက်စမ်းပါ.... နှစ်ယောက်လုံးကို တစ်ဘဝစာလုံး ပျော်ရွှင်မှုတွေ ရရှိပြီး အတူတူအိုမင်းသွားကြဖို့ ဆုတောင်းပေးပါတယ်]


ရှစ်ရော့က ကွန်မန့်များကို အလျင်အမြန် လှန်လှောကြည့်လိုက်ပြီးနောက် အနှစ်ချုပ်လိုက်သည်။


 "လူတိုင်း ငြင်းခုံနေကြတဲ့ အဓိကအချက်က ဂျိုးဇက် ပြောလိုက်တဲ့ ဒီ'ယွီနျန်'က တကယ် မင်း ဟုတ်မဟုတ်ပဲ... ဒုတိယအချက်က ဥက္ကဌရွှယ် မင်းနဲ့ အတူလိုက်ခဲ့တယ်လို့ ထုတ်ပြောပြီး ဆုတောင်းပေးထားတဲ့ ဂျိုးဇက် ဖျက်လိုက်တဲ့ စာအကြောင်းပဲ.... သူ ဒီဒေသိယစကား နှစ်ခုရဲ့ အဓိပ္ပါယ်တွေကို နားလည်မှုလွဲနေတာများလားလို့ သိချင်မိတယ်"


မုန့်ယွမ်က ဖုန်းခေါ်ဆိုမှုများစွာကို အောင်မြင်စွာ အဆုံးသတ်ပြီးနောက် စိတ်ရှုပ်နေလေသည်။ သူက ဖုန်းကို အသံပိတ်ကာ ယွီနျန်အား မေးလိုက်မိသည်။


 "ငါတို့ ဘာလုပ်ကြမလဲ"


"အစ်ကိုမုန့်ရော ဘယ်လိုထင်လဲ"


“ဂျိုးဇက် လုပ်လိုက်တာက နည်းနည်းတော့ ပြဿနာ ရှိနေပေမယ့် ဒါကလည်း အခွင့်အရေးကောင်းပဲလေ... အနည်းဆုံးတော့ လူတွေ အများကြီးကို တစ်ခုခု တွေးမိသွားအောင် လုပ်လိုက်တာပဲ"


ရှစ်ရော့က ခပ်မြန်မြန် ဆက်ပြောပေးသည်။


 "ဥက္ကဌရွှယ်နဲ့ နျန်နျန်တို့ တစ်ဘဝစာလုံး ပျော်ရွှင်မှုတွေ ရရှိပြီး အတူတူအိုမင်းသွားကြဖို့ ဆုတောင်းပေးပါတယ်ဆိုတဲ့စကားလား"


"အင်း... အဲ့ဒီစကားအတိအကျပဲ" 


မုန့်ယွမ်က တွေးတောနေလေသည်။ 


“ဥက္ကဌရွှယ်က နျန်နျန့်ကို ဝေ့ပေါ်မှာ ဦးတည်ဝေဖန်ခဲ့ပြီးတော့ တစ်ခါတည်းနဲ့ antifanတွေရဲ့ ခေါင်းဆောင်ဖြစ်သွားတယ်... ဒါက ဖန်တွေရော ပွဲကြည့်နေတဲ့သူတွေရော သိနေကြတဲ့အရာပဲ... ပြီးတော့ ဒါကပဲ ဖန်တွေရော ပွဲကြည့်နေတဲ့သူတွေရောက နျန်နျန်နဲ့ ဥက္ကဌရွှယ်ကို ဆက်ဆံရေးမကောင်းဘူးဆိုပြီး ယုံကြည်စေခဲ့တာ... ဒါပေမယ့် နျန်နျန်က တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဥက္ကဌရွှယ်ကို သိနေတဲ့အကြောင်း ပြောသွားတယ်... ပြီးတော့ နှစ်ယောက်အတူရှိနေတဲ့ ပုံတွေလည်း ရှိသေးတယ်...


ဒါဆိုရင် လူအနည်းစုလောက်ကတော့ နျန်နျန်နဲ့ ဥက္ကဌရွှယ်ကို အဆင်မပြေတဲ့ အခြေအနေကနေ သူငယ်ချင်း ဖြစ်သွားကြတယ်လို့ ယုံကြည်နေကြပြီ"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ "အမှန်ပဲ"


ရှစ်ရော့ ထပ်ပြောလိုက်သည်။

 "ပြီးတော့ ရှိသေးတယ်... လက်ပတ်နာရီ အတူတူ ဝတ်ကြတာရယ်... နျန်နျန်က တူတဲ့ စျေးမြင့်ဒီဇိုင်းကို ဝယ်တာရယ်နဲ့ နျန်နျန် ပြန်လာတုန်းက ဥက္ကဌရွှယ်ရဲ့ ကိုယ်ပိုင်လေယာဥ်ကို စီးလာခဲ့တာဆိုတဲ့ ဖြစ်နိုင်ချေလည်း ရှိနေသေးတယ်လေ"


မုန့်ယွမ် ခေါင်းယမ်းပြလိုက်သည်။ 

"ဒါတွေကို ထည့်မတွက်နဲ့... သူတို့က အခုထိ ခိုင်လုံတဲ့ သက်သေတွေ မဟုတ်သေးဘူး" 


သူဆက်ပြောလိုက်သည်။ 

"ယခု ဂျိုးဇက်က ဥက္ကဌရွှယ်က ယွီနျန် အရောင်းအဝယ် လုပ်တဲ့နေရာကို အတူလိုက်ခဲ့တယ်ဆိုတာကို ဖော်ထုတ်ပြီး သုံးထားတဲ့ ဒေသိယစကားနှစ်ခုကို ဖယ်ထုတ်လိုက်တော့ မင်းတို့ နှစ်ယောက်က တကယ့်ဘဝမှာ အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်နိုင်တယ် ဆိုပြီး ပိုပြီး အထင်ရောက်သွားစေတယ်"


ယွီနျန် ဆက်ပြောလိုက်သည်။


 "ပြီးတော့ 'တစ်ဘဝစာလုံး ပျော်ရွှင်မှု'နဲ့ 'အတူတူအိုမင်းသွားဖို့'ဆိုတဲ့ စကားတွေက လူတွေကို ကျွန်တော်တို့က ရင်းနှီးကြတယ်လို့ တွေးမိသွားရုံသာမက သူငယ်ချင်းဆက်ဆံရေးလောက်တင် ကန့်သတ်ထားတာ ဟုတ်မဟုတ် ဆိုတာကိုပါ ခန့်မှန်းမိအောင် လုပ်လိုက်တယ်"


“အတိအကျပဲ”


 မုန့်ယွမ်က လက်များကို စားပွဲစွန်းတွင်တင်ထားပြီး အလွန်တည်တည်ငြိမ်ငြိမ် ဖြစ်နေသည်။


 "ဒါကြောင့်မို့ ငါ့ရဲ့အကြံပေးချက်ကတော့ အပူငြိမ်းအောင် မလုပ်ဖို့ပဲ... အဲ့ဒီအစား ငွေသုံးပြီးတော့ အပူကိုပိုကြီးလာအောင် လုပ်ရမယ်... တစ်ဖက်မှာ 'မင်းတို့နှစ်ယောက်ကို တစ်ဘဝစာလုံး ပျော်ရွှင်မှုတွေ ရရှိပြီး အတူတူအိုမင်းသွားကြဖို့ ဆုတောင်းပေးပါတယ်'ဆိုတဲ့ ဂျိုးဇက်ရဲ့ စကားတွေကို ပိုကျွံလာအောင် လုပ်ပြီး နောက်တစ်ဖက်မှာတော့ ဂျိုးဇက်က ဒီစကားနှစ်ခုကို သူ့ရဲ့ တရုတ်စကားဘယ်လောက်ကြွယ်လဲဆိုတာကို ကြွားချင်ပေမယ့် ကျရှုံးသွားခဲ့ရတာ ဟုတ်မဟုတ် လူတိုင်းကို သံသယဝင်အောင် လုပ်ရမယ်" 


ယွီနျန်က မုန့်ယွမ်၏ အတွေးများကို နားလည်နေသည်။ "ကြားခံတစ်ခု ဖန်တီးဖို့လား"


"အင်း... ကြားခံတစ်ခု ဖန်တီးဖို့ပဲ... မင်းက ရွှယ်ယုံကို သိတယ်လို့ဝန်ခံထားပြီးတော့ ဖန်တွေနဲ့ ပွဲကြည့်တဲ့သူတွေ အများကြီးကလည်း မယုံကြည်နိုင်တာကို ဖော်ပြနေပြီ... အခု မင်းကသာ မင်းအချစ်ရေးကို ကြေညာလိုက်ရင် တစ်ခါတည်းနဲ့ ပေါက်ကွဲထွက်မသွားနိုင်ဘူးလား... မင်းက မင်းရဲ့ ကျော်ကြားမှုနဲ့ လူထုပုံရိပ်ကို ဂရုမစိုက်ပေမယ့် မင်းရဲ့ မန်နေဂျာအတွက်ကတော့ ဒါအလုပ်တာဝန်ပဲကွ... အဆုံးကျရင် ငါကတော့ မင်းကို အောက်အထိ ဆွဲမချနိုင်ဘူးလေ... ဟုတ်တယ်မလား" 


မုန့်ယွမ် သက်ပြင်းချလိုက်သည်။ 


"ပဲရစ်က ဟိုတယ်ထဲမှာ ဒီကိစ္စကို လူသိရှင်ကြား လုပ်မဲ့အကြောင်း ပြောခဲ့ကြကတည်းက ငါ ဒါအတွက် ပြင်ဆင်ထားပြီးသား... မင်းက ကတိအတိုင်း လူသိရှင်ကြား လုပ်ဖို့ ခိုင်မာတဲ့နေရာကို တည်ဆောက်ပြီးသွားပြီ... ငါကလည်း ဒီအတွက်ကြောင့် မင်းအပေါ် ကျရောက်လာမဲ့ ဆိုးဝါးတဲ့ သက်ရောက်မှုတွေကို နည်းသွားအောင်အတွက် တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားမယ်... အဆုံးကျတော့ မင်းရဲ့ မန်နေဂျာတစ်ယောက်အနေနဲ့ တာဝန်လစ်ဟင်းလို့ မဖြစ်ဘူးလေ"


ယွီနျန် ခေါင်းယမ်းပြလိုက်သည်။


 "ကျွန်တော် ဒီလောက်ထိ ရောက်လာနိုင်တာ အစ်ကိုမုန့်ရဲ့ ကျေးဇူးကြောင့်ပါ"


မုန့်ယွမ် ပြုံးလိုက်သည်။ 


“ဒါတွေက မင်းမှာ ပါရမီရှိပြီး အလုပ်ကြိုးစားတဲ့အတွက်ကြောင့် ဖြစ်လာနိုင်ခဲ့တာပါကွာ... ငါက အပေါ်ယံ ဆားဖြူးရုံပါပဲ... ဒါပေမယ့် ငါဝန်ခံရမယ်... မင်းပြောလိုက်တဲ့စကားက ငါ့နှလုံးသားလေးကို ပျော်ရွှင်သွားစေတာပဲကွ"


မုန့်ယွမ်က ကိစ္စများကို လုပ်ဆောင်ရာ၌ သန်မာသော စွမ်းဆောင်ရည်ရှိသည်။ ဂျိုးဇက် ပိုစ့်ပြန်ဖျက်သွားပြီး သုံးနာရီအကြာတွင် လူထုအမြင်လားရာတစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီးသွားခဲ့လေပြီ။ ဂျိုးဇက်မှာ မားကတ်တင်းအကောင့်ပေါင်းများစွာနှင့် လူသိများ ဘလော့ဂါများထံမှ လှောင်ရယ်ခံလိုက်ရပြီး စကားအသုံးနှုန်း မှားခြင်း၏ အကျိုးဆက်ကို သတိပေးလာခဲ့သည်။ ဖန်များနှင့် ပွဲကြည့်သူများစွာကလည်း သေလောက်အောင် လန့်သွားတာဟု ပြောဆိုလာကြသည်။ သို့သော်လည်း အချို့ကမူ မေးနေကြဆဲ ဖြစ်သည်။ 


"ဂျိုးဇက်က "တစ်ဘဝစာလုံး ပျော်ရွှင်မှုတွေ ရရှိပြီး အတူတူအိုမင်းသွားကြဖို့'လို့ တကယ်ရည်ညွှန်းတာဆိုရင်ရော"


တစ်ခဏအကြာ များစွာသော ခန့်မှန်းချက်များနင့် ခွဲခြမ်းစိတ်ဖြာမှုများ ပေါ်ထွက်လာသည်။ မကြာခင် ယွီနျန်၏ ဖန်အကြီးစားအချို့က ထုတ်ဖော်ပြောကြားလာသည်။ 


[ဒါက ကိစ္စတွေရဲ့ အဆုံးသတ်ပဲ... ကျေးဇူးပါအဖွဲ့သားတွေရေ... စကားသုံးတာ မှန်မမှန်ကို မဆွေးနွေးကြရအောင်... ငါကတော့ မင်းဘယ်သူ့ကိုပဲ ကြိုက်ကြိုက် ဒါမှမဟုတ် မင်းဘယ်သူနဲ့ပဲ အတူရှိရှိ အားပေးနေမယ်ဆိုတာ ပြောပါရစေ... မင်းက အဆိုတော်တစ်ယောက် ဆိုရင်တောင် လူသားတစ်ယောက်ပဲလေ... မင်းမှာ ပျော်ရွှင်စရာကောင်းတဲ့အချစ်ရေး ရှိလာဖို့ ဆုတောင်းပေးပါတယ်"]]