အပိုင်း ၁၃၈
Viewers 21k

Chapter 138



အားလုံးသော အလုပ်များ ပြီးစီးသွားသောအခါ 4ရက်မြောက်နေ့ 8နာရီတွင် ယွီနျန်က ခရီးဆောင်အိတ် ပြင်ဆင်ပြီး လေဆိပ်၏ စီးပွားရေးလုပ်ငန်းသုံး ထွက်ခွာရာ အဆောက်အအုံမှ တဆင့် လေယာဥ်စီးခဲ့သည်။ လေယာဥ်တက်ပြီးမကြာမီ ရွှယ်ယုံက ဘလူးတုခ် နားကြပ် တပ်ကာ အွန်လိုင်းဗီဒီယိုအစည်းအဝေး လုပ်ဆောင်လေတော့သည်။ 


ယွီနျန်က သမ်းဝေလိုက်ပြီးနောက် ကိုယ်လက်ဆေးကြောကာ အိပ်ရာပေါ် တက်လိုက်ပြီး အိပ်ချင်စိတ်များ ကြီးစိုး၍လာလေသည်။ လွန်ခဲ့သော ရက်များအတွင်း အချိန်စာရင်းက တင်းကျပ်လှပြီး တစ်နေ့လျှင် ငါးနာရီမျှသာ အိပ်ခဲ့ရသည်။ လေယာဥ်ခန်းထဲမှ မီးရောင်မှိန်မှိန် အသံတိုးတိုးတို့နှင့် ရွှယ်ယုံ၏ နူးနူးညံ့ညံ့ အသံလေးက သူ့ကို လုံးဝ စိတ်ပြေလျော့စေပြီး မကြာမီ အိပ်ပျော်သွားလေတော့သည်။


စက္ကန့်အနည်းငယ်အကြာ သူပြန်နိုးလာပြီး သူ့ကိုယ်သူ ပလုံးပထွေး ရေရွတ်လိုက်သည်။


 "ကျွန်တော်တို့ ချန်ဖန့်ဇွင်းကို ချောချောမွေ့မွေ့ ပြန်ဝယ်လာနိုင်ပါ့မလား"


ရွှယ်ယုံ ပြန်ဖြေလိုက်သည်။ "မစိုးရိမ်ပါနဲ့... သေချာပေါက် အလုပ်ဖြစ်မှာပါ"


၎င်းကို ကြားသောအခါမှသာ ယွီနျန် အဆုံးတွင် အေးအေးဆေးဆေး အိပ်နိုင်သွားသည်။ သို့သော်ငြား နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်နိုင်ဘဲ ရှုပ်ထွေးနေသော အိမ်မက်များကြောင့် များမကြာမီ နိုးလာပြန်သည်။


"အိမ်မက်ဆိုးတွေ မက်လို့လား"


နွေးထွေးသော လက်တစ်ဖက်က သူ့နဖူးပေါ် ရောက်ရှိလာသည်။ ယွီနျန်က အိပ်ချင်မူးတူး ဖြစ်နေရင်းပင် သူ့လက်ကို မြှောက်ကာ နဖူးပေါ်မှ ရွှယ်ယုံ၏ လက်ပေါ် ထပ်အုပ်ထားလိုက်သည်။ သူ့အသံက အတန်ငယ် အက်ကွဲ၍ နေလေသည်။


 "အစည်းအဝေး ပြီးသွားပြီလား"


"အင်း... ပြီးသွားပြီ... မင်း သုံးနာရီလောက်ပဲ အိပ်ရသေးတယ်... ဘာဖြစ်လို့လဲ"


ယွီနျန်က အထဲကို အနည်းငယ် ရွှေ့ပေးလိုက်ပြီး ရွှယ်ယုံကို အိပ်ရာပေါ်တွင် အိပ်စေခဲ့သည်။ 


ယွီနျန်က ရွှယ်ယုံ၏ အနီးသို့ နည်းနည်းချင်းစီ တိုးလာရင်း သူ့ခြေထောက်များကို ရွှယ်ယုံပေါ်သို့ တင်လိုက်သည်။ ယွီနျန် ပြနမ်ဖြေလိုက်သည်။

 "ကိစ္စကြီး မဟုတ်ပါဘူး... နှစ်နှစ်ခြိုက်ခြိုက် မအိပ်နိုင်ဘဲ အိမ်မက်တွေချည်း မက်နေတာ... ရွှယ်ယုံ ခင်ဗျား ပင်ပန်းနေပြီလား"


"မပင်ပန်းပါဘူး... ဘာအကြောင်းတွေ အိမ်မက်မက်နေတာလဲ... နျန်နျန်"


လေယာဥ်၏ အပြင်ဘက်တွင် အဆုံးမရှိသော တိမ်ပင်လယ်ကြီးနှင့် နက်မှောင်နေသော ကောင်းကင်ကြီးတို့ရှိနေသည်။ အခန်းတွင်းမီး မှိန်မှိန်လေးအောက်တွင် ရွှယ်ယုံ၏ အသံက ဝိုင်တစ်ခွက်လောင်းထည့်လိုက်သလို ညင်သာပြီး နက်ရှိုင်းနေသည်။ အတူတကွ လဲလျောင်းလိုက်ကြသောအခါ ယွီနျန်က ရွှယ်ယုံ၏ နွေးထွေးသော ခန္ဓါကိုယ်အပူချိန်နှင့် အဝတ်အစားများအောက်မှ ဖုံးကွယ်ထားသော ခပ်တောင့်တောင့် ကြွက်သားများကို ခံစားနိုင်နေသည်။ သူက ရွှယ်ယုံ၏ ရင်ခွင်ထဲတွင် ပွေ့ဖက်ထံထားရပြီး သူ့ပုခုံးများကို မှီကာ ပျင်းရိပြီး အားနည်းလာသလို ခံစားနေရသည်။


"အခုလေးတင် ဘိုးဘိုးအကြောင်း မက်နေတာ... သူက ကျွန်တော်တို့အိမ်ရဲ့ ခြံဝင်းထဲမှာ ထိုင်ပြီးတော့ မှန်ဘီလူးကိုင်ထားရင်း ရှေးဟောင်းစာအုပ်တွေကို လှန်ကြည့်နေတယ်တဲ့... ကျွန်တော့်ကို ကြည့်ရတာ အရမ်းငယ်သေးသလိုပဲ... သူ့ဘေးနားမှာ ရပ်ပြီး သစ်ကိုင်းခြောက်သေးသေးလေး ကိုင်ထားရင်း သစ်ကိုင်းကို ရေထဲမှာ ဆွတ်ပြီးတော့ ကျောက်တုံးတွေပေါ်မှာ စာရေးနေတာ... ဘိုးဘိုး မကြည့်နေတဲ့အချိန်မှာ ငှက်ပုံလေးကို တိတ်တိတ်လေး ဆွဲလိုက်သေးတယ်" 


ယွီနျန် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး နူးနူးညံ့ညံ့ ပြောလိုက်သည်။


 "ကျွန်တော် သူတို့ကို နည်းနည်းလောက် လွမ်းနေလို့" 


သူ လက်လှမ်းကာ ရွှယ်ယုံ၏ လည်တိုင်ကို ချစ်ခင်မြတ်နိုးစွာဖြင့် ဖက်တွယ်လိုက်သည်။ 


"ချန်ဖန့်ဇွင်းကို တူးဖော်ရရှိတော့ ရှေးဟောင်းသုတေသနလောကတစ်ခုလုံးကို လှိုင်းပုတ်သွားသလိုပဲ... ကျွန်တော့်ဘိုးဘိုးက အဲ့ဒါကို အကြာကြီး မနားမနေ လေ့လာနေခဲ့တာ... ကျွန်တော်တို့ အိမ်ပြန်ရောက်တော့ ဘွားဘွားက မီးဖိုချောင်ကို ထမင်းမကျွေးရဘူးလို့ တားထားလေ... ဘွားဘွားက ပြောသေးတယ် သူ့ကိုတစ်ရက် မတွေ့ရတာ ဘွားဘွားအတွက် ဆောင်းဦးသုံးရာသီလောက် ပေါက်သွားသလိုပဲတဲ့... သူတို့ မတွေ့ရတာ ဆယ်စုနှစ်တွေ အများကြီး ရှိပြီဆိုတော့ သူ့မှာ ခင်ပွန်းရှိတယ်ဆိုတာကိုတောင် မေ့နေပြီတဲ့...


ဘိုးဘိုးက ပြုံးပြီးတော့ သူ မက်ဆေချ့်လည်း တစ်ခုတောင် ပြန်မပို့ဘဲ ရက်တွေအများကြီး ထွက်သွားပြီး ဘွားဘွားကို စိတ်ပူအောင် မလုပ်သင့်ခဲ့ဘူးလို့ ပြောပြီး တောင်းပန်လိုက်တယ်... သူက တောင်းပန်စာတစ်ခုကိုတောင် ရေးပြီး ခြံဝင်းထဲမှာ ကျယ်ကျယ်ဖတ်ပြလိုက်မှပဲ ဘွားဘွားက မီးဖိုဆောင်ထဲကလူတွေကို ခေါက်ဆွဲတစ်ပန်းကန် လုပ်ပေးဖို့ ခွင့်ပြုလိုက်တာ"


ရွှယ်ယုံက ယွီနျန်၏ ဆံနွယ်လေးများကို နမ်းလိုက်သည်။ "မင်းရဲ့ အဘိုးအဘွားတွေက အရမ်း အဆင်ပြေကြတာပဲ"


"ဟုတ်တယ်... ကျားကွက် ကစားသမားတစ်ယောက်က သူ့ဆရာဆုံးပါးသွားတော့ သူ့ဆရာ ပျောက်ကွယ်မသွားဘဲ ကစားပွဲရဲ့ ရွေ့လျားမှုတိုင်းမှာ ရှိနေပါတယ်လို့ ပြောခဲ့ဖူးတယ်... ကျွန်တော်လည်း မကြာခဏ ကိုယ့်ကိုယ်ကိုယ် ပြောမိတယ်... ကျွန်တော့် အဘိုးအဘွားတွေ ထွက်မသွားသေးဘူးလို့ပေါ့... ဒါပေမယ့် တစ်ခါတစ်လေကျ ကျွန်တော် အထီးကျန်တယ်လို့ ခံစားနေရတုန်းပဲ"


သူက ရွှယ်ယုံအနားသို့ တိုးကပ်လိုက်ပြီး သူ့ကိုယ်သူ ပို၍နီးကပ်အောင် နစ်မြှုပ်ထားလိုက်သည်။ "ဘွားဘွားသာ ခင်ဗျားကို တွေ့ရင် သေချာပေါက် ခင်ဗျားကို သဘောကျမှာပဲ... ဘိုးဘိုးက ဘွားဘွားကို သူက ရုပ်ချောတဲ့သူတွေကို သဘောကျတတ်တယ်ဆိုပြီး စလေ့ရှိတယ်... ဘိုးဘိုးကို လက်ထပ်ခဲ့တာလည်း ကြည့်ကောင်းလို့ပဲတဲ့"


ရွှယ်ယုံက ယွီနျန်၏ နှာခေါင်းထိပ်လေးကို အနမ်းပေးလိုက်သည်။ "နျန်နျန်... မင်းလည်း ကြည့်ကောင်းပါတယ်"


"ကျွန်တော့်အတွက်က ရပြီ" 


ယွီနျန်က အိပ်ရာပေါ်မှ သူ့ကို တံတောင်ဖြင့် တွတ်လိုက်ပြီး ရွှယ်ယုံ၏ မျက်နှာအစိတ်အပိုင်းများကို သိလိုစိတ်ပြင်းစွာဖြင့် ကြည့်လိုက်သည်။ နှလုံးခုန်သံ စည်းချက်လွဲသွားပြီးနောက် သူ မေးလိုက်သည်။


 "ခင်ဗျားကရော... လက်မလွှတ်နိုင်တဲ့အရာများ ရှိလား" သူ ထိုမေးခွန်းကို မေးနေစဥ် စိုးရိမ်စိတ်လည်း အနည်းငယ် ဝင်လာရသည်။


"မင်းလေ" 


ယွီနျန်က သူ့ခေါင်းကို ပြန်ငုံ့ကာ ရွှယ်ယုံ၏ ပုခုံးများပေါ်တွင် ရပ်နားလိုက်သည်။ တစ်ခဏမျှ ပျော်ရွှင်သွားပြီးနောက် သူ လည်ချောင်းရှင်းလိုက်သည်။


 "မဟုတ်ဘူး... ကျွန်တော့်အပြင်.." 


ဤတစ်ကြိမ်၌ ရွှယ်ယုံက အကြာကြီး တိတ်ဆိတ်သွားပြီးနောက် တီးတိုးပြောလာခဲ့သည်။


 "စန္ဒယား"


"ကိုယ် တစ်ဘဝလုံး စန္ဒယားပဲ တီးသွားရလိမ့်မယ်လို့ တွေးခဲ့မိတယ်... ဒါပေမယ့် အသက်နှစ်ဆယ် ရောက်တာနဲ့ ရပ်လိုက်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"


ရွှယ်ယုံ လက်ဆန့်ကာ ယွီနျန်ကို ရင်ခွင်ထဲသို့ ပြန်ထည့်လိုက်သည်။ 


"ယွီနျန်... နောက်ကျရင်လေ..."


"အင်း"


“အနာဂါတ်မှာ... ကိုယ်မင်းအတွက် စန္ဒယား တီးပြပေးမယ်"


ယွီနျန်၏ မျက်လုံးများ တောက်ပလာပြီး ရွှယ်ယုံ၏ ရင်ဘတ်ကို လက်ချောင်းလေးများဖြင့် တွန်းကာ ပွတ်ကစားလိုက်သည်။ 


"ကောင်းပြီလေ"


လေယာဥ်က ဒေသစံတော်ချိန် ညသန်းခေါင်တွင် ဆိုက်ရောက်လာခဲ့သည်။ တစ်နာရီအကြာ ကားက No.7 အိုင်းရစ်လမ်းသွယ်၏ တန်ဆာဆင်ထားသော ဂိတ်ပေါက်ဝတွင် ရပ်တန့်သွားသည်။ အနက်ရောင် ကုတ်အင်္ကျီရှည်ကို ဝတ်ဆင်ထားသော အိမ်တော်ထိန်းတစ်ယောက်က သူတို့ကို နှုတ်ဆက်လာခဲ့ပြီး ဒရိုင်ဘာနှင့် အစေခံများကို ခရီးဆောင်အိတ်များ ကူသယ်ပေးရန် ညွှန်ကြားလိုက်သည်။ 


ယွီနျန်က ဂိတ်ပေါက်ဝရှေ့မှ မီးအိမ်လေး၏ အလင်းရောင်အောက်ရှိ စကျင်ကျောက် ရေပန်းလေးကို ကြည့်နေစဥ် ရွှယ်ယုံက မိတ်ဆက်ပေးလိုက်သည်။ 


"ကိုယ့်အဘိုးနဲ့ အဖေ နှစ်ယောက်လုံးက ကမ္ဘာအနှံ့က အဓိက မြို့တော်တွေမှာ ပိုင်ဆိုင်မှုတွေ သိမ်းထားတတ်တဲ့ အကျင့်ရှိကြတယ်... ဒီနေရာကို ကိုယ့်အဘိုးက ဒေဝါလီ ခံလိုက်ရတဲ့ တော်ဝင်မျိုးနွယ်တစ်ယောက်စီက ဝယ်ထားတာ... အထဲက ပန်းချီကားကြီးတွေ၊ ကျောက်ဆစ်ပန်းပုတွေ ပရိဘောဂတွေ အပါအဝင်ပေါ့... မင်းသဘောကျလောက်မှာ"


သူတို့က ကျောက်တုံးခြေနင်းများကို နင်းကာ ဂိတ်ပေါက်ဝကို ဖြတ်ကျော်လာခဲ့ကြသည်။ အတွင်းပိုင်းက ကျယ်ပြောလှပြီး ကြီးကျယ်ခမ်းနားသော ပန်းချီများဖြင့် ပုံဖော်ထားသော မြင့်မားလှသည့် မျက်နှာကျက်များ၊ မျက်စိကျိန်းလောက်ဖွယ် မီးဆိုင်းပန်းကြီးများနှင့် ဆေးခြယ်သထားသော နံရံများဖြင့် ဖောဖောသီသီ တန်ဆာဆင်ထားကာ အမှန်ပင် တန်ဖိုးကြီးမှန်း ပြသနေပေသည်။ 


ကော်ဇောပေါ်သို့ လျှောက်လာပြသောအခါ ရွှယ်ယုံက ယွီနျန်ကို အပေါ်ထပ်သို့ ခေါ်သွားပေးခဲ့သည်၊


 "ကိုယ် လီတိုတေးဂီတအကယ်ဒမီမှာ လေ့လာခဲ့တုန်းက ရှောင်းရန်နဲ့ အတူတူ ဒီနေရာကို နှစ်ခါ သုံးခါလောက် ရောက်ဖူးတယ်... သူက ဒီနေရာမှာ နေရတာက နှစ်ပေါင်း နှစ်ရာလောက် အသက်ရှင်ခဲ့တဲ့ ဗန်ပိုင်းယားတစ်ကောင်လို ခံစားရတယ်လို့ အမြဲတမ်း ပြောခဲ့ဖူးတယ်"


ယွီနျန်မှာ ရွှယ်ယုံထံမှ လီတိုတေးဂီတအကယ်ဒမီအကြောင်း ပြောတတ်သည်က ရှားပါးကြောင်း သတိပြုမိသည်။ 


သူက ရှောင်ရှားခြင်းလည်း မပြုသလို တမင်သက်သက် မေးမြန်းခြင်းလည်း မဟုတ်ဘဲ သဘာဝကျကျ မေးမြန်းလိုက်သည်။ 


"လီတိုက ဒီနေရာနဲ့ ဝေးလား"


"သိပ်မဝေးဘူး... ခဏလေးနဲ့ ရောက်တယ်... ပြီးတော့ လမ်းတလျှောက်မြင်ကွင်းတွေက အရမ်းလှတယ်... ဒါပေမယ့် နှင်းကျရင်တော့ သတိထားရတယ်... လမ်းတွေက ချော်တတ်လို့လေ" 


သူတို့က အိပ်ခန်းတံခါးရှေ့တွင် ရပ်လိုက်ကြပြီးနောက် ရွှယ်ယုံ ပြောလိုက်သည်။ 


"မင်း သဘောကျမကျ တစ်ချက်လောက် ကြည့်လိုက်... မကြိုက်ရင် တခြားအခန်း ပြောင်းလို့ရတယ်"


ယွီနျန်က နေရာထိုင်ခင်းများနှင့် ပတ်သက်၍ ချေးမများတတ်ပေ။ အထဲကို ဝင်ကြည့်လိုက်ရာ အပြင်အဆင်များက စိတ်ကျေနပ်ဖွယ်ရာ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် ခေါင်းငြိမ့်ပြကာ အရွှန်းဖောက်လိုက်သည်။ 


"အရမ်းလှတယ်... ဒါပေမယ့် ကုတင်က အရမ်းမြင့်နေတာ ကျွန်တော်တို့ အိပ်နေရင်း လိမ့်ကျရင် ဘယ်လိုလုပ်မလဲ" 


“စိတ်မပူပါနဲ့" ရွှယ်ယုံက နှစ်စက္ကန့်မျှ ရပ်သွားပြီးနောက် လေသံက နူးညံ့လာခဲ့သည်။


 "အိပ်တဲ့အချိန်ကျရင် ကိုယ်မင်းကို ဖက်ထားပေးမယ်"


သူတို့က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ကြပြီး နောက်တစ်နေ့ရောက်သောအခါ ရာသီဥတုကလည်း အတော်လေး ကောင်းနေသည်။ မနက်စာ စားပြီးသွားသောအခါ ဘောဒီဂတ်နှစ်ယောက် ခြံရံလျက် ယွီနျန်နှင့် ရွှယ်ယုံတို့က စုံတွဲအင်္ကျီများ လှဲလှယ် ဝတ်ကာ ဘေ့စ်ဘောဦးထုပ် ဆောင်း၍ ပြတိုက်သို့ အတူတကွ ထွက်လာခဲ့ကြသည်။ 


ပြတိုက်မှ ထွက်လာသောအခါ နေ့လည်ခင်း နေရောင်က မျက်စိကြိမ်းလောက်ဖွယ် တောက်ပနေပြီး အနီးအနားမှ ရေပန်းလေးတစ်ခုက ရေများကို ပန်းထုတ်ပေးနေခဲ့သည်။ ခိုတစ်အုပ်က ခေါင်းပေါ်မှ ဖြတ်ပြေးသွားခဲ့ပြီး လမ်းဘေးဖျော်ဖြေသူ တစ်ယောက်က မယ်ဒလင်တီးကာ ဒေသရိုးရာသီချင်းကို သီဆိုနေခဲ့သည်။ 


ယွီနျန်က ရေပုလင်းတစ်ခုကို လက်ထဲတွင် ကိုင်ထားလျက် သစ်ပင်အရိပ်အောက်တွင် သာမန်ကာလျှံကာ ရပ်နေပြီး တစ်ခဏမျှ အသေအချာ နားထောင်နေခဲ့သည်။ ရုတ်တရက် တစ်ခုခုကို တွေးမိသွားသဖြင့် ရွှယ်ယုံကို စောင့်ခိုင်းထားခဲ့သည်။ ထို့နောက် လမ်းပေါ်တွင် ပန်းများ ရောင်းနေသည့် အဘွားတစ်ယောက်ထံ ပြေးကာ ထိုင်ချလိုက်ပြီးနောက် ပန်းရောင်နှင့် အဖြူရောင် နှင်းဆီပန်းကို ဝယ်ယူခဲ့သည်။ 


သူ ပြန်ရောက်လာသော အခါ နှင်းဆီပန်းကို ရွှယ်ယုံ၏ အင်္ကျီကော်လာထဲသို့ ဂရုတစိုက် ထည့်လိုက်ပြီး လမ်းဘေးဖျော်ဖြေသူနှင့်အတူ သီချင်းလိုက်ညည်းနေခဲ့သည်။ 


"အချစ်ရေ... မင်းရဲ့ မျက်လုံးလေးတွေမှာ ရောင်ခြည်တွေ လက်ဖြာနေပြီး ပန်းတွေထက်တောင် လှနေသေး... ညရောက်လာပြီး နေရောင်မရှိတော့ရင်တောင်... မင်းလေးက တောက်ပနေတဲ့ နေမင်းလေးလို..."


သီချင်းပြီးသွားသောအခါ ယွီနျန်က ရွှတ်နောက်နောက်ဖြင့် ပြုံးရယ်လိုက်သည်။


ရွှယ်ယုံက သူ့ကို အလိုလိုက်ခြင်းများအပြည့်ဖြင့် ကြည့်နေပြီး ထိန်းမထားနိုင်တော့ဘဲ ကိုယ်ကိုကိုင်း၍ ဘယ်ဘပ်မျက်ခွံလေးကို ဖိနမ်းလိုက်သည်


ယွီနျန်က လက်မြှောက်ကာ သူ့ညာဘက်မျက်လုံးထောင့်ကို ထိလိုက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားသယောင်ဆောင်လိုက်သည်။


 "အင်း... စိတ်မကောင်းစရာပဲ... ဒီဘက်လေးကတော့ လစ်လျူရှုခံထားရရှာတယ်" ပြောပြီးနောက် သက်ပြင်း လေးလေး ချလိုက်သည်။


ရွှယ်ယုံက မဆိုင်းမတွပင် ညာဘက်မျက်ခွံလေးကို အနမ်းပေးလိုက်သည်။


ယွီနျန်က အေးဆေးတည်ငြိမ်သော အသွင်အပြင်ဖြင့်ပင် အပျော်လွန်သွားခဲ့သည်။ သူက မျက်ခုံးနှစ်ခုကြား နေရာလေးကိုလည်း လက်ညှိုးထိုးပြလိုက်သည်။ 


"ဒီနေရာကလည်း ချစ်သူကောင်လေးရဲ့ အချစ်တွေ လိုအပ်နေတယ်"


မျက်ခုံးနှစ်ဖက်ကြား နေရာလေးကို အနမ်းပေးပြီးသွားသောအခါ ယွီနျန် အဆုံးတွင် စိတ်ကျေနပ်သွားခဲ့သည်။ "အခု ပြီးပြည့်စုံသွားပြီ"


အံ့အားသင့်စရာကောင်းစွာပင် ရွှယ်ယုံက တွန့်ဆုတ်နေသည့် အရိပ်အယောင်များ ပြသလာခဲ့သည်။ 


"ထပ်မရှိတော့ဘူးလား"


ယွီနျန်မှာ ရယ်ချင်စိတ်ကို ထိန်းမထားနိုင်တော့ဘဲ ရွှယ်ယုံ၏ နှုတ်ခမ်းများကို လက်ဦးမှုယူကာ ပြင်းပြစွာ အနမ်းပေးလိုက်ပြီးနောက် ခိုများကို အစာကျွေးရန် ရေပန်းဆီသို့ ဆွဲခေါ်သွားခဲ့သည်။ 


သူတို့က တစ်နေ့တာလုံးကို အပြင်ဘက်တွင် ကျေနပ်ပျော်ရွှင်စွာ ကုန်ဆုံးခဲ့ကြပြီး ညစာစားကာ မြစ်ဘေးတွင် လမ်းလျှောက်ခဲ့ကြသည်။ ဒုတိယနေ့တွင် ညနေပိုင်းနီးကပ်လာသောအခါ သူတို့က သေသပ်စွာ ဝတ်စားဆင်ယင်ပြီး ကားထဲသို့ ဝင်လာခဲ့ကြသည်။ 


ယွီနျန်က ဤတစ်ကြိမ်တွင် ရွှယ်ယုံတစ်ယောက် လူများစွာ ခေါ်လာခဲ့ပြီး ဘော်ဒီဂတ်များပါသော ကားနှစ်စီးကို နောက်မှ လိုက်လာခိုင်းထားကြောင်း သတိပြုမိလိုက်သည်။ 


ယွီနျန်က အကြည့်ပြန်ရုတ်လိုက်ရင်း ရွှယ်ယုံကို မေးလိုက်သည်။ "ဒီပွဲမှာ ပုံမှန်မဟုတ်တာ ရှိလို့လား"


"ပွဲက အဆင်ပြေတယ်... မွန်တီမိသားစုက မတည်ငြိမ်လို့" ရွှယ်ယုံက စက္ကန့်အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။ 


"ပွဲရဲ့ အိမ်ရှင်က ဂျီယိုဗန်နီ ကာလို့ဒယ် မွန်တီလေ... မွန်တီမိသားစုရဲ့ ဒုတိယသားပေါ့.. ပြောကြတာက သူ့အမေက သူ့အဖေဆီကနေ ခုနစ်နှစ်အထိ အကျဥ်းချခံထားရလို့ သည်းမခံနိုင်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်တဲ့... သူတို့အားလုံးက ဘာသာတရားကိုင်းရှိုင်းကြတဲ့ ကတ်သလစ်ဘာသာဝင်တွေပဲ... ဒါပေမယ့် သူက သူ့အစ်ကိုကို သတ်ပြီး သူ့အစ်ကိုရဲ့ဇနီးကို အမြှောင်ဇနီးအဖြစ် ယူထားတယ်"


ယွီနျန် အံ့အားသင့်သွားသည်။ 


"ဒါက အရမ်း... ဒရာမာဆန်တာပဲ"


"အင်း... သူတို့မိသားစုအခြေအနေက ဒီအသိုင်းအဝိုင်းထဲမှာ လျှို့ဝှက်ချက်မဟုတ်ဘူး... အကြီးဆုံးသားက သူတို့အဖေရဲ့ အမြှောင်ဇနီးကို လာဘ်ထိုးပြီး သူတို့အဖေကို သတ်ပြီးတော့ မိသားစုအမွေကို ဆက်ခံခဲ့တာ... ဒါပေမယ့် တစ်လအတွင်းမှာပဲ သူ့ရဲ့ ညီဆီကနေ အသတ်ခံလိုက်ရပြီး အမွေတွေကလည်း ညီဖြစ်သူဆီ ရောက်သွားတယ်"


ယွီနျန် သိချင်သွားရသည်။ "အဲ့ဒီ ဂျီယိုဗန်နီရဲ့ အစ်ကိုမှာ မျိုးဆက်မရှိဘူးလား"


"ရှိတယ်... အရွယ်ရောက်ကာနီးနေတဲ့ သားတစ်ယောက်"


ယွီနျန် နားလည်သွားသည်။ "ဒါကြောင့်ကိုး..."


"ဟုတ်တယ်... သတိထားတာ ကောင်းမယ်"


၎င်းက သီးသန့်တွေ့ဆုံပွဲအသေးစားလေးဟု ဆိုထားသော်လည်း လူခြောက်ဆယ်နီးပါးခန့် ရောက်ရှိနေကြသည်။ ပွဲကျင်းပရာခန်းမထဲတွင် ပန်းများနှင့် ဝိုင်တို့၏ ရနံ့များက ရိုမန့်တစ်ဆန်သေ

ာ လေထုကို ဖန်တီးနေပြီး တီးဝိုင်းတစ်ခုကလည်း ဂန္တဝင် အကတေးသွားတစ်ခုကို တီးမှုတ်နေကြသည်။ အမွှေးနံ့သာများနှင့် ကျော့ရှင်းလှပမှုများအကြား နေရာတိုင်းက ကြီးကျယ်ခမ်းနားနေပေသည်။