အပိုင်း ၁၂၆
Viewers 21k

Chapter 126

အသိပညာ ဗဟုသုတကြွယ်ဝရင် အခွင့်အရေးကို လက်တွေ့အစစ်အမှန် အဖြစ် ပြောင်းလို့ရတယ်



ပထမဆုံး ရုံတင်မပြသခင် အချိန်အချို့ ကျန်သေး၍ ယွီနျန်က ရုန်ယွဲ့ကို ဖုန်းခေါ်ရန် ဆုံးဖြတ်လိုက်ပြီး သီးသန့်စားသောက်ဆိုင် တစ်ခုတွင် တွေရန် စီစဥ်လိုက်သည်။


သီးသန့် ညစာစားခန်းထဲတွင် ရုန်ယွဲ့က ရောက်မလာသေး၍ မီးဖိုချောင်မှ စားဖိုမှူး ရှန်းဝေ့က ယွီနျန့်ကို ပြုံးရွှင်သော မျက်နှာထားနှင့် နှုတ်ဆက်လာသည်။


 "သခင်လေး...နောက်ဆုံးလာတဲ့ တစ်ခေါက်ကစလို့ မတွေ့တာကြာပြီနော်..."


ယွီနျန်က နွေးနွေးထွေးထွေး ပြုံးပြလာသည်


 " တောင်းပန်ပါတယ်...ဦးလေးရှန်း...မတွေ့တာတောင်ကြာပြီ...ကျွန်တော်က အခုတလော အရမ်းအလုပ်များနေလို့ တစ်ချက်မှ မနားရပဲ လုပ်နေရတာ"


“သခင်မလေး ယွီချင်းရဲ့ ရုပ်ရှင်ကြောင့်မို့လား...ကျွန်တော် သတင်းမှာ တွေ့လိုက်ရတယ်...သခင်လေးက ရှေးခေတ်ဝတ်စုံနဲ့ အရမ်း ကြည့်ကောင်းတာပဲ...သခင်မလေးယွီချင်းရဲ့ အမျိုးသမီးစစ်သူကြီး ဇာတ်ရုပ်ကလည်း သူမနဲ့ အရမ်းလိုက်ဖက်မှုရှိတယ်"


ယွီနျန်က ရှန်းဝေ့ သူ့အတွက် အထူးလုပ်ပေးထားသည့် အစာသွပ်မုန့်ကို သုံးဆောင်လိုက်ရင်း ပြုံးပြလာသည် 


" ဟုတ်တယ်...ကျွန်တော်တို့ ကလေးတုန်းက ကျွန်တော့်အစ်မက အမြဲတမ်း အမျိုးသမီးစစ်သူကြီး မဟုတ်ရင် အမျိုးသမီး ဓါးသမား ဖြစ်ချင်တာလေ...အခြေခံကျကျပြောရရင် ဓါးတွေလှံတွေနဲ့ တိုက်ခိုက်ရတဲ့ သူတစ်ယောက် ဖြစ်ချင်ခဲ့တာ"


နှစ်ဦးသား အတိတ်က စီနျင်းအိမ်တော်တွင် နေခဲ့စဥ်က အကြောင်းအရာများကို ပြန်လည်ပြောဆိုနေကြရင်း ရယ်မောနေကြသည်။


ရုန်ယွဲ့က အလျင်အမြန်ရောက်လာပြီး သူက တံခါးမှ ဝင်လာသည်နှင့် တရစပ်ပြောလာသည်


 " နျန်နျန်...မင်း ဘယ်လိုရတနာမျိုး ရခဲ့တာလဲ...ငါ သတင်းဖတ်လိုက်ရတယ်...မင်း အဲ့ဒါကို ရှေးဟောင်းလမ်းကလေးက လက်မှုပစ္စည်းဆိုင်လေးကနေ ဝယ်ခဲ့တာဆို" 


ယွီနျန်က ရုန်ယွဲ့ကို ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး တည့်တည့်ပြောလိုက်သည် 


" အဲ့ဒါက သို့ချိုက်ကြက်နဲ့ကျောက်တုံး အကွက်ပါတဲ့ ခွက်လေ..."


ရုန်ယွဲ့က အသက်ပြင်းပြင်းရှူလိုက်ပြီး ပြန်လည်သက်သာရန် အချိန်တစ်ခု ယူလိုက်ပြီးမှ ပြောလာသည် " အဲ့ဒါ...အစစ်လား"


ယွီနျန်က ကြွေခွက်လေးကို ဖဲသားအဝတ်စလေးပေါ် ယုံကြည်ချက်အပြည့်နှင့် တင်ပြလာရင်း ပြောလာသည် " ကျွန်တော် အကဲခတ်တာ မမှားရင် ၈၀ရာခိုင်နှုန်း အခွင့်အရေးရှိတယ်"  


“ဘယ်လို၈၀ရာခိုင်နှုန်းလဲ...မင်းက အမြင်စူးရှတာပဲ... မင်းက သက်တမ်းကို တစ်ချက်ကြည့်လိုက်ရုံနဲ့ အစစ်လားအတုလား ခွဲတတ်တယ်...ထပ်ပြောရရင် မင်းက ငယ်ငယ်လေးကတည်းက မင်းအဘိုးနဲ့ နေလာတာဆိုတော့ အသစ်တူးဖော်ရရှိခဲ့တဲ့ ပစ္စည်းပဲဖြစ်ဖြစ် ပြတိုက်မှာ ခင်းကျင်းပြသထားတဲ့ ပစ္စည်းတွေပဲဖြစ်ဖြစ် မင်းက အကုန်လုံးနီးပါး မြင်ဖူးပြီး ထိတွေ့ဖူးပြီးသား မို့လား... မင်းက ၈၀ရာခိုင်နှုန်း စစ်တယ်လို့ ပြောမှတော့ အစစ်ပဲနေမှာပေါ့"


ယွီနျန့်ရှေ့က အညစ်အကြေးတို့ ဖုံးနေသည့် ခွက်ကို လေ့လာအကဲခတ်ပြီးနောက် ရုန်ယွဲ့က အသက်ဖွဖွရှူလိုက်သည်


 " ငါက ဒီပစ္စည်းကို ကြားရုံပဲ ကြားဖူးတာ တစ်ခါမှ မမြင်ဖူးခဲ့ဘူး"


ယွီနျန်က ပြန်ဖြေလာသည် " အမှန်ပဲ...'နေ့စဥ်မှတ်တမ်း'ကနေ 'ဧကရာဇ်ကောင်းဇုန်မှာ အသပြာတစ်သိန်း တန်ဖိုးရှိတဲ့ သို့ချိုက်ကြက်နဲ့ကျောက်တုံးအကွက်ပါ ခွက်တစ်စုံ ရှိတယ်'လို့ တစ်ခါက မှတ်တမ်းတင်ပြဖူးတယ်...ဒီခွက်တွေကို အစတုန်းက နန်းတွင်းရေးရာဌာနမှာပဲ သုံးပြီးတော့ သာမန်လူတွေအတွက် မလုပ်ထားဘူး...အဲ့ဒီခွက်က အရေအတွက် နည်းနည်းပဲ ရှိတယ်...ကျွန်တော် ဒါကို လမ်းပေါ်မှာ တွေ့လိုက်ရတော့ အရမ်းအံ့သြသွားတာ"


ရုန်ယွဲ့က သက်ပြင်းချလာသည်

" မင်းရဲ့ မျက်လုံးတွေက တကယ်ကို ထူးခြားတာပဲ...ငါ သာဆိုရင် အဲ့ဒါကို တစ်ချက်ကြည့်ရုံနဲ့ တန်ဖိုးခွဲတတ်မှာ မဟုတ်ဘူး...သူတို့ပြောသလိုဆို သက်တမ်းလည်း ကြာပြီဆိုတော့ တစ်ယောက်ယောက်ကတော့ ပုန်းကွယ်နေတဲ့ ရတနာတွေကို ရှာတွေ့နိုင်မှာပေါ့"


ရုန်ယွဲ့က သို့ချိုက် ကြက်နှင့် ကျောက်တုံးအကွက်ပါ ခွက်ကို ဂရုတစိုက် ကြည့်ရှူစစ်ဆေးနေစဥ် ယွီနျန်က တစ်ခဏမျှ ချင့်ချိန်စဥ်းစားနေပြီး မေးလာသည်


 " ဦးလေးရုန်...နျင်းမြို့တော်က ရှောင်မိသားစုအကြောင်း ဘယ်လောက်လောက်သိလဲ"


"ရှောင်မိသားစုလား" 


ရုန်ယွဲ့က စဥ်းစားလိုက်ရင်း " ရှောင်မိသားစုအကြောင်း သိပ်မသိပေမယ့် ကြားတော့ကြားဖူးတယ်...နျင်းမြို့တော်ရဲ့ အဓိကမိသားစုကြီး လေးခုမှာ မင်းတို့ရဲ့ ချင်းရှန်းယွီမိသားစုက ဒီနေရာမှာ အခြေချတာ ကြာပြီဆိုတော့ အဲ့ဒါကိုလည်း တစ်ခုအပါအဝင်လို့ တွက်လို့ရတယ်... လက်ထပ်ပွဲကြောင့် ဆွေမျိုးတော်စပ်ရတဲ့ ရှန်းမိသားစုကိုလည်း ပါတယ်လို့ တွက်လို့ရတယ်...လျိုမိသားစုနဲ့ ရှောင်မိသားစုနှစ်ခုလုံးကတော့ မျိုးဆက်ပြတ်သွားတာ ကြာပြီ... လျိုမိသားစုက မရှိတော့တာ ကြာပြီပေါ့...ဘိုးဘွားခန်းမတောင်မှ နိုင်ငံခြားခရီးသွားတွေအတွက် ဆွဲဆောင်မှုရှိတဲ့ နေရာအဖြစ် ပြောင်းလိုက်ကြပြီ"


သူက သေသေချာချာ တွေးတောလိုက်ရင်း " ရှောင်မိသားစုကတော့ သူတို့အကြောင်း ပြောတာ ကြားဖူးတယ်...မျိုးဆက်တစ်ယောက်ပဲ ကျန်ခဲ့တာ...နာမည်က ရှောင်ယင်းခယ်တဲ့...သူက အခုဆို အသက်ငါးဆယ်ခြောက်ဆယ်လို့ ရှိတော့မယ်...ပြီးတော့ သူက ကျန်းမာရေးသိပ်မကောင်းဘူး...သူ အသက်ရှင်နေသေးသလားတော့ မသိဘူး"


ယွီနျန်က မှန်းဆကြည့်သည်

 " ဆိုင်ပိုင်ရှင်က ပြောခဲ့တာက ပစ္စည်းလာထားတဲ့သူက မီးခိုးရောင်ဆံပင်နှင့် အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်လို့ ပြောခဲ့တာ...ပြီးတော့ သူမက ရှောင်မိသားစုကလို့လည်း သေချာပြောပြသွားတယ်တဲ့" 


“မဖြစ်နိုင်တာ" 

ရုန်ယွဲ့က ခေါင်းခါပြလာသည်


 " ရှောင်မိသားစု အရင်မျိုးဆက်ရဲ့ ဇနီးက အသက်သုံးဆယ်မှာ ဆုံးသွားခဲ့တာ... တစ်ယောက်တည်း ကျန်ခဲ့တဲ့ ရှောင်ယင်းခယ်ကလည်း ဘယ်တော့မှ လက်မထပ်မယ့်သူလေ" 


သူက ယွီနျန့်ကို မေးလိုက်သည်

 " ဒီခွက်က ရှောင်မိသားစုက လာတယ်လို့ ထင်လား"


"ဟုတ်...ရှောင်မိသားစုက မျိုးဆက်ပြတ်သွားရင်တောင် မိသားစုအမွေအနှစ်ပစ္စည်းတစ်ချို့တော့ ကျန်နေဦးမှာလေ"


ရုန်ယွဲ့က တစ်ခဏမျှ စဥ်းစားလိုက်သည် 

" ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းအတွက် စုံစမ်းပေးနိုင်မယ့် လူတစ်ချို့ကို ငါ သိတယ်"


ထိုအချိန် ယွီနျန့် ဖုန်းမြည်လာသည်။ သူက screenပေါ် ပေါ်လာသည့် နာမည်ကို မြင်သောအခါ ကြယ်ရောင်လရောင်နှင့် ပိုးစုန်းကြူးလေးများ ပြည့်သွားသလို ဝင်းပသွားသည့် မျက်နှာထက် အပြုံးရေးရေးပေါ်လာသည်။


ယွီနျန်က နူးနူးညံ့ညံ့လေသံနှင့် စကားပြောနေသည်ကို နားထောင်နေရင်း ရုန်ယွဲ့က သူ့ကို အကြိမ်အနည်းငယ်ခန့် မကြည့်ပဲမနေနိုင်ပေ။


“ကျွန်တော်က သီးသန့်စားသောက်ဆိုင်မှာ ရောက်နေတာ...ဟုတ်တယ်...အရမ်းလှတဲ့ နှင်းဆီပွင့်တွေရှိတဲ့ဆိုင်လေ..." 


ယွီနျန်က ရွှယ်ယုံ့အသံကို နားထောင်နေရင်း စိတ်သက်သာနေသည့် ပုံစံ ပေါ်နေသည်။


“ရုံတင်မှာက ဒီညလား..."


"ဟုတ်တယ်...ဒါကြောင့် ကျွန်တော် ဒီည အိမ်ပြန်နောက်ကျမှာရယ်... ရုံတင်ပြပြီးသွားရင် ဂျာနယ်လစ်တွေနဲ့ အင်တာဗျူးတာတွေ ရှိလာမှာမို့ ကျွန်တော့ကို စောင့်မနေပဲ အိပ်ရာဝင်နှင့်လိုက်ပါ..."


စကားရပ်သွားစဥ် ရွှယ်ယုံ့အသံက နူးညံ့ပျော့ပျောင်းစွာ ပေါ်ထွက်လာသည်


 " နျန်နျန်...ကိုယ် မင်းကို အရမ်းလွမ်းတယ်..."


ယွီနျန့်မျက်တောင်လေးများ တုန်ယင်သွားရသည်။


ဤတစ်ကြိမ် ဖုန်းခေါ်လာခြင်းက သူတို့ဆက်ဆံရေးအတွက် ရွှယ်ယုံက သူ့အပေါ် ယုံကြည်ပေးရန် ကြိုးစားနေမှန်း သူသိပါသည်။


သူ့နှလုံးသားက ရေနွေးထဲစိမ်ခံရသလို ခံစားရပြီး ပို၍ပင် တောက်တောက်ပပ ပြုံးလာသည်


 " ကျွန်တော်လည်း ခင်ဗျားကို လွမ်းတယ်... ကျွန်တော် ပွဲကျင်းပတဲ့ဆီ ရောက်တဲ့အခါ ကျွန်တော်က အရံသာသာပဲမို့ အရမ်းအလုပ်များမှာ မဟုတ်ဘူး...ကျွန်တော် ခင်ဗျားကို မက်ဆေ့ချ် ပို့လို့ရတယ်"


စကားအနည်းငယ် ပြောပြီးနောက် ယွီနျန်က ဖုန်းချလိုက်ရင်း ရုန်ယွဲ့က လည်ချောင်းရှင်းလာသည်။ ယွီနျန်က လည်ချောင်းရှင်းလိုက်ရင်း စကားပြန်ဆက်လာသည်


 " ဦးလေးရုန်... ကျွန်တော် ဒီ သို့ချိုက်ကြက်နဲ့ကျောက်တုံးအကွက်ပါ ခွက်က အစစ်ဆိုတာ အတည်ပြုပြီးရင် လေလံတင်မလို့ လုပ်ထားတယ်"


ရုန်ယွဲ့က အံ့သြမသွားချေ 

" ဘာလို့ မင်းအတွက် သိမ်းမထားတာလဲ"


ယွီနျန်က တည်တည်ငြိမ်ငြိမ်နှင့် ခေါင်းခါပြလာရင်း ပြောလာသည် 


" ကျွန်တော် ပိုက်ဆံလိုတယ်...အဲ့ဒါပြီးတော့ ကျွန်တော်က ဒီကြွေခွက်အပေါ် ဘာမှသံယောဇဥ်တွယ်နေစရာ မရှိဘူး...ကျွန်တော်က ဖုန့်ရွှေကိုလည်း မယုံကြည်သလို နဂါးစွမ်းအင်ရှိတဲ့ ဧကရာဇ်က ဒီခွက်ကို သုံးခဲ့တယ် ဆိုတဲ့ အကြောင်းကိုလည်း မယုံကြည်ဘူးလေ"


ရုန်ယွဲ့က သူ့ဆုံးဖြတ်ချက်ကို အားပေးလာသော်လည်း ဝမ်းနည်းသလို ခံစားရ၍ သူ့ရင်ဘတ်ကို အကြမ်အနည်းငယ် ပုတ်လိုက်သည်။


 " ငါ့ရင်တွေ ရှစ်စိတ် ကွဲပါပြီ"


သီးသန့်စားသောက်ဆိုင်တွင် ညစာစားကြပြီးနောက် စားဖိုမှူးကို နှုတ်ဆက်၍ ယွီနျန်က ပွဲကျင်းပသည့်နေရာဆီသို့ ဦးတည်သွားလိုက်သည်။ သူက သီးသန့်အဝတ်လဲခန်းထဲရှိ မှန်ရှေ့တွင် ထိုင်ချလိုက်သည်နှင့် တစ်ယောက်ယောက်က တံခါးခေါက်လာသည်။ 


ရှစ်ရော့က စိတ်လှုပ်ရှားစွာ တံခါးဖွင့်လာပြီး လှမ်းခေါ်လာသည် "အစ်မချင်း..."


ယွီနျန်က လှည့်ကြည့်ပြီး မေးလာသည်


 "အစ်မ စောလှချည်လား"


ယွီချင်းက မိတ်ကပ်နှင့် ဆံပင်ပြင်ပြီးသွားပြီဖြစ်၍ သူမ၏ ညနေခင်းပွဲတက်ဝတ်စုံပေါ် ကုတ်အပါးလေး ထပ်ဝတ်ထားသည်။ သူမက အနီးအနားရှိ ဆိုဖာပေါ်တွင် ပေါ့ပေါ့ပါးပါး ဝင်ထိုင်လိုက်ရင်း ပြောလာသည် 


" ဘာတွေဖြစ်နေတာလဲ... နေရာတိုင်းမှာ ကောလဟာလတွေ ထွက်နေတာ...ငါ့မောင်လေးက သိုးမည်းတစ်ကောင် ဖြစ်လာပြီတဲ့...အခွင့်ကောင်းယူခံရယုံတင်မကပဲ အရူးတစ်ယောက်လို ပျော်ပျော်ရွှင်ရွှင် လုပ်နေသေးတယ် ဆိုလား"


ယွီနျန်က မျက်တောင် တစ်ချက် ခတ်လိုက်ရင်း ပြန်ဖြေလာသည်

 " ကျွန်တော် အလှည့်စားမခံခဲ့ရတာ ကောင်းတဲ့ ကိစ္စတစ်ခုပါပဲ"


ယွီချင်းက ရှေးဟောင်းပစ္စည်းများအကြောင်း သိပ်မသိသော်လည်း ယွီနျန်၏ အကဲဖြတ်မှုအပေါ် ယုံကြည်သည်။ စိတ်လှုပ်ရှားစွာနှင့် သူမက အနားတိုးမှီလာရင်း လေသံတိုးတိုးလေး မေးလာသည်


 " မင်းလို ယွီမိသားစုရဲ့ သခင်လေးကတောင် ကောင်းမွန်တဲ့ တွေ့ရှိမှုလို့ ပြောတယ် ဆိုတော့ ဘယ်လောက်လောက်တန်တဲ့ ပစ္စည်းလဲ"


ယွီနျန်က လက်နှစ်ချောင်း ထောင်ပြလာသည်။


တစ်ခဏမျှ အံ့အားသင့်သွားရင်း ယွီချင်းက နားလည်သွားသလို မျက်ခုံးပင့်ပြကာ ကျယ်ကျယ်လောင်လောင် ရယ်မောလာသည် " တချို့တလေ ပြောနေကြတာ မင်းက ရူးရူးမိုက်မိုက်နဲ့ ရှေးဟောင်းပစ္စည်းကျွမ်းကျင်သူကြီး အဖြစ် ပိုက်ဆံသုံးပြီး လုပ်ပြနေတာတဲ့... ပန်းကန်လုံးအပဲ့ကို ဝယ်ဖို့ ယွမ်၂၅၀၀၀ သုံးလိုက်လို့ trending listထဲ ရောက်သွားရတယ်တဲ့... သောက်ချီး...သောက်ကာရိုက်တာပုံစံကိုပဲရနေ..."  


အလုပ်ရှုပ်နေသည့် မုန့်ယွမ်က ခဏနားပြီး စကားဝိုင်းထဲ ဝင်ပါလာသည်။ သူက ဟန်ပါပါနှင့် သက်ပြင်းချလိုက်သည် " တကယ်တော့ trending list က ငါတို့ ဝယ်ထားတာ မဟုတ်ဘူး...နျန်နျန့်ဖန်တွေကြောင့် ရောက်သွားတာ..."


ယွီချင်းက ယခုမှ စိတ်ကြည်လာဟန် ဆက်ပြောလာသည် " ဒါပဲလေ...နာမည်ကြီးတစ်ယောက်အနေနဲ့ ငါတို့က ရေပန်းစားနေရမှာပေါ့"


မုန့်ယွမ်က ငိုချင်ယောင်ဆောင်လိုက်သည် " ဟုတ်ပါတယ်...နာမည်ကြီးတစ်ယောက်အနေနဲ့ ရေပန်းစားမှုမရှိပဲ ဘယ်လို အကျိုးသက်ရောက်မှုရှိအောင် လုပ်လို့ရမှာလဲ..."


သန်းခေါင်ယံအချိန်တွင် ရုံတင်ပြပွဲ အခမ်းအနား ပြီးသွား၍ ယွီနျန်က ရုပ်ရှင်ရုံထဲ ထိုင်နေလိုက်သည်။ ယွီချင်းက သူ့ဘေးတွင် ဝင်ထိုင်သည်။ ရုပ်ရှင်စတင်ရန် စောင့်နေစဥ် သူမက တိုးတိုးပြောလာသည် 


" ဝမ်နျင်းရွှယ်က မလာတော့ဘူး...ဒါရိုက်တာရှုကြောင့် မဟုတ်ပေမယ့် သူမရဲ့ အေးဂျင့်က ပြောတာ အချိန်ဇယားမအားလို့ပါတဲ့"


ယွီနျန်က ယွီချင်းပြောလာသည်ကို ကြားလိုက်သည့်အချိန် သူက ရွှယ်ယုံနှင့် မက်ဆေ့ချ်ပို့ပြီး စကားပြောနေခြင်းဖြစ်သည်။ သူက ခေါင်းအသာညိမ့်ပြလာပြီး အေးအေးဆေးဆေး ပြန်ဖြေလာသည် 


"အင်း..."


ဤခေါင်းစဥ်ကို သည်အတိုင်း မထားလိုက်ချင်၍ ယွီချင်းက စိတ်လိုလက်ရ ပြောလာသည် 


" ရိုးရိုးသားသားပြောရရင် ငါ ရုပ်ရှင်ကို အဆုံးထိ မကြည့်ရသေးဘူး...ဒါကြောင့် မျှော်နေရတာ"


ယွီနျန် "ကျွန်တော်ရောပဲ..."


မကြာမီ စင်ပေါ်တွင် မီးအလင်းရောင်တို့ မှေးမှိန်သွားသည်။ ကြီးမားသော မျက်နှာပြင်ထက် အဆုံးမရှိ ကျယ်ပြန့်လှသော ကန္တာရတောင်တန်းများနှင့် သဲဝါဝါတို့ မြင်ကွင်းအပြည့် ပေါ်လာသည်။ မြင်းခွာသံနှင့် လေချွန်သံက ပိုပြီး အသံကျယ်လာပြီး နီးကပ်လာသည်။ အမျိုးသမီးစစ်သူကြီး ယဲ့ချင်း နေရာတွင် သရုပ်ဆောင်သည့် ယွီချင်းက ပိတ်ကားထက် ပေါ်လာသည်။ သူမက သံချပ်ကာဝတ်စုံ ဝတ်ထားပြီး ချွန်ထက်စူးရှသော မျက်လုံးများနှင့် လှံတံကို ထိန်းကိုင်ထားရင်း မြင်းကုန်းနှီးပေါ် တင့်တယ်လှပစွာ စီးနှင်းနေသည်။  


ရုတ်တရက် သူမက နောက်ကလိုက်ပါလာသော စစ်သည်တော်များကို လက်ဟန်အမူအရာပြလိုက်ရင်း မြင်းကို အရှိန်တင်လိုက်သည်။ ထို့စဥ် ရန်သူဘက်က လျှပ်တစ်ပြက် တိုက်ခိုက်လာသည်။ မရေမတွက်နိုင်သော မြှားများက နှစ်ဖက်စလုံးမှ ပေါ်ထွက်လာပြီး များစွာသော ရန်သူ့တပ်က ရှေ့သို့ အင်းအားအလုံးအရင်း ဝင်ရောက်လာပြီး ယဲ့ချင်းဆီ ဦးတည်လာသည်။


ယဲ့ချင်းက မြင်းဇက်ကြိုးကို ဆွဲလိုက်ရင်း သူမအကြည့်က ဓါးတစ်လက်လို စူးရှနေပြီး လက်မြောက်ပြလာသည်။ သူမ၏ ဓါးသွားက အရှိန်အဟုန် ပြင်းစွာနှင့် လေဟုန်ခွင်းလာပြီး ရန်သူ့ဦးခေါင်းများကို သွေးတို့စွန်းထင်းစေလျက် ခုတ်ဖြတ်လိုက်ရာ ဦးခေါင်းပြတ်တို့က သဲဝါဝါထက် နစ်မြုပ်သွားလေသည်။


ဓါးသွားထက် သွေးတစ်စက်စက်ကျနေပြီး သဲတို့ရောနေ၍ ကင်မရာကလည်း အနီးကပ်ရိုက်ထားသဖြင့် မြင်ကွင်းထဲက အသံများက ရုတ်တရက် ပျောက်ကွယ်သွားလေသည်။ "ရှေးဟောင်းလမ်းမ" ရုပ်ရှင်မှ ဇာတ်ကောင်များက ပိတ်ကားထက်တွင် အားအင်အပြည့် ပုံစံအတိုင်း ပြသလာသည်။ 


ယွီနျန့်ဇာတ်ကောင်က အရှေ့ပိုင်းမြို့တော်မှ ကုမိသားစုအခွဲ၏ တရားဝင်သားတစ်ယောက် ဖြစ်ပြီး အသက်ငယ်ငယ်လေးနှင့် ပါရမီပါသည့် သူတစ်ယောက် အဖြစ် သတ်မှတ်ခြင်းခံရကာ လက်ရှိဧကရာဇ်ကိုယ်တိုင် ချီးမြောက်ခြင်းကိုလည်း ခံထားရသူဖြစ်သည်။ သူ့တွင် ကျောက်ဆောင်တစ်ခုပေါ် ရပ်နေသော ထင်းရှူးပင်တစ်ပင်လို မြင့်မြတ်ပြီး သန့်စင်သည့် သွင်ပြင်လက္ခဏာရှိပြီး နှလုံးသားထဲ လပြည့်ဝန်းကြီး ထိန်ထိန်သာနေသကဲ့သို့ အပြုံးမျိုးရှိသည်။ 


နန်းတွင်းဌာနထဲရှိ အကျင်ပျက်ချစားနေသော အရာရှိများက ကျင်းဟယ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရန် လူမျိုးခြားမျိုးနွယ်စုများနှင့်အတူ ပူးပေါင်းကြံစည်နေသည်ကို သိရပြီးနောက် သူက ညတွင်းချင်း အရှေ့ပိုင်းမြို့တော်မှ ထွက်ခွာရပြီး နယ်စပ်သို့ သွားရောက်ကာ စစ်သူကြီး ယဲ့ချင်းကို သတင်းပေးပို့ရသည်။


ခက်ခဲနေသည့်အချိန်ဖြစ်၍ သူက ရန်သူများကို တိုက်ခိုက်ချေမှုန်းရန် စစ်သည်တော်များကို ကိုယ်တိုင် ဦးဆောင်ပြီး မြို့တံခါးပေါ် တက်လှမ်းလာသည်။ သူက သူ၏ အိမ်နှင့် လူပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သော်လည်း ကံမကောင်းစွာနှင့် သူ့အသက်ကို မကယ်တင်နိုင်ခဲ့ပေ။ 


သန်းခေါင်းယံ ရုပ်ရှင်ပြပွဲ ပြီးနောက် "ရှေးဟောင်းလမ်းမ" ရုပ်ရှင်က စဥ်းစားဆွေးနွေးစရာများ တဖွားဖွား ပေါ်လာသည်။ ယင်းက trending list၏ ထိပ်ဆုံးငါးနေရာတွင် လေးနေရာထိ ဆုပ်ကိုင်ထားလေသည်။


[#ရှေးဟောင်းလမ်းမ အပိတ်သီချင်း# ဒီသီချင်းကို နားထောင်နေရင်းနဲ့ ငါ့မှာ ရုပ်ရှင်ရုံထဲ အသက်မရှူနိုင်အောင် ငိုခဲ့ရတာ...မိတ်ကပ်တွေတောင် ပျက်ကုန်ပြီ... ငါ တကယ်ကို ဒီရုပ်ရှင်ကို ကြည့်ဖို့ အကြံပေးချင်တယ်...ဒါက တကယ်ကို အံ့မခန်းလက်ရာပဲ...သီချင်းကလည်း အရမ်းကို လှပသက်ဝင်လှတယ်... .မကောင်းဘူးလို့ ပြောလာတဲ့သူရှိရင် အင်တိုက်အားတိုက်ကို ငြင်းပစ်လိုက်ဦးမယ်... သီချင်းရေးဆရာ ယွီနျန်နဲ့ အဆိုတော် ယွီချင်းက သေမျိုးလောကကို ဆင်းသက်လာတဲ့ နတ်ဘုရားတွေလိုပဲ] 


[#အရှေ့ပိုင်းမြို့တော် ကုရွှမ်းနင်# အီးဟီးဟီး....ဇာတ်ညွှန်းရေးဆရာ ကျေးဇူးပြုပြီး ထွက်လာပေးနိုင်မလား...သူ့ကို မသေခိုင်းလို့ မရဘူးလားဟင်...အဲ့ဒါနဲ့ ပတ်သက်ပြီး အပြင်းအထန် စိတ်ထဲစွဲနေလို့...ကုရွှမ်းနင်က မြှားပေါင်းများစွာ အပစ်ခံရပြီး မြို့တံခါးကနေ ပြုတ်ကျ နယ်စပ်က သဲဝါဝါပေါ် သေသွားရတာကို တွေ့တော့ မျက်ရည်မဆည်နိုင်လောက်အောင်ပဲ.... ကုရွှမ်းနင် မြင့်မြတ်ကြော့ရှင်းလှတဲ့ ကုမိသားစုရဲ့ အမျိုးကောင်းသားလေး]


[#အရှေ့ပိုင်းမြို့တော်ကုရွှမ်းနင်# ငါက ဒီနေ့ ရုပ်ရှင်သွားကြည့်ဖြစ်တာက အဆိုတော်တစ်ယောက်ရဲ့ သရုပ်ဆောင်စွမ်းရည်က သိပ်မကောင်းလောက်ပေမယ့် နာမည်ကြီးတဲ့သူ ဖြစ်တာမို့ စျေးကွက်ဆင်းတာ ကောင်းလောက်မယ် ဆိုတဲ့ အကြံနဲ့ သွားကြည့်ဖြစ်တာ...ဒါပေမယ့် ထင်မထားစွာနဲ့ ငါ့ကို ပြင်းပြင်းထန်ထန် ရိုက်ချသွားတယ်... တကယ်ကိုပဲ ယွီနျန်က ကုရွှမ်းနင်ရဲ့ ဇာတ်ကောင်ကို အသက်ဝင်အောင် လုပ်ပေးခဲ့တာ... ငါ သေချာပေါက်ကို အထပ်ထပ်အခါခါ ကြည့်ဦးမှာ...ပြီးတော့ ကုရွှမ်းနင်ကိုလည်း ပိုပိုပြီး မြတ်နိုးလာရတယ်...QAQ] 


ထုတ်လွှင့်ပြီး လေးရက်မြောက်နေ့တွင် "ရှေးဟောင်းလမ်းမ"က box office တွင် ၁.၅ဘီလီယံယွမ်အထိ ဝင်ငွေ ရခဲ့၍ သမိုင်းကြောင်းရုပ်ရှင်အမျိုးအစားတွင် စံတင်ရလောက်သည့်အထိ အောင်မြင်မှု ရရှိခဲ့သည်။ ပလက်ဖောင်းများစွာတွင်လည်း ကြည့်ရှနှုန်း မြင့်မားနေပြီး ရုပ်ရှင်နှင့် နာမည်တူသည့် ရုပ်ရှင်ဇာတ်ဝင်တေးကလည်း အဓိကသီချင်းနားထောင်မှုဇယားတွင် ထိပ်ဆုံးနေရာထိ ရောက်ရှိခဲ့သည်။


ထိုစဥ် #အရှေ့ပိုင်းမြို့တော် ကုရွှမ်းနင်# ဆိုသည့် hashtagက ထိပ်ဆုံးသုံးနေရာတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး ဆေးနွေးသုံးသပ်ချက်များလည်း တရိပ်ရိပ် တက်နေသည်။ 


မုန့်ယွမ်က ဤအဆင့်ထိ လူစိတ်ဝင်စားမှု များလာ၍ အတော်လေး အံ့အားသင့်နေသည်။ သူက စနောက်ရင်း ပြောလာသည်


 " နျန်နျန်ရေ...ငါတို့ နောက်ထပ် ရုပ်ရှင်တစ်ခုမှာ ထပ်ပါလိုက်ပြီး ဘယ်လိုနေလဲ ကြည့်ကြမလား"


ယွီနျန်က ရှင်းရှင်းလင်းလင်း ပြောလာသည်


 " အစ်ကိုမုန့်...ကျွန်တော်က သရုပ်ဆောင်ပိုင်းမှာ သီးခြားစွမ်းရည်လိုမျိုး မရှိပါဘူး...ဒါရိုက်တာနဲ့ အဖွဲ့က အရမ်းတော်ပြီး ဇာတ်ညွှန်းထဲက ကုရွှမ်းနင်က ကောင်းကောင်းထိုက်တန်တဲ့သူ တစ်ယောက်မို့သာ ဒီလို ဆွေးနွေးသုံးသပ်ချက်တွေ မြင့်နေရတာပါ...ဒါပေမယ့် ဒီလိုအဖွဲ့မျိုး မဟုတ်ပဲ မတူကွဲပြားတဲ့ ဇာတတ်ကောင်ပါတဲ့ ဇာတ်ညွှန်းမျိုးဆိုရင် လူစိတ်ဝင်စားမှု တစ်ဝက်တောင် ရမှာ မဟုတ်ဘူး" 


မုန့်ယွမ်က ဝေ့ပေါ်ပင်မစာမျက်နှာတွင် ပေးထားကြသည့် ကုရွှမ်းနင်GIFကို ကြည့်လိုက်ရင်း အနည်းငယ် တွန့်ဆုတ်သွားသော်လည်း ယွီနျန် ပြောသည်က မှန်နေမှန်း သိ၍ ခေါင်းညိမ့်ပြလာသည် 


" မင်းရဲ့ ဦးဆောင်မှုအတိုင်း လိုက်ပါ့မယ်" 


အချိန်ကို စစ်ဆေးကြည့်လိုက်ပြီး သူက ထပ်ပြောလာသည် 


" အချိန်ကျတော့မယ်...ရွှေတေးသွားဆုပေးပွဲကို သွားကြရအောင်"


“ကောင်းပါပြီ" 


ယွီနျန်က ထရပ်လိုက်ရင်း တစ်ချိန်တည်းမှာပင် ဖုန်းမြည်လာခဲ့သည်။ သူက ပြန်ဖြေလိုက်သည်


 "ဦးလေးရုန်လား"


“မင်း မေးထားတဲ့ ရှောင်မိသားစုအကြောင်း သတင်းအချက်အလက်တွေ ကြည့်ဖို့ ရထားတယ်"