🍵Chapter 230
ထုံရွှယ်လူသည် ထုံကျန်းကျန်းတစ်ခုခု ပြုလုပ်မည်ကို သတိထားစောင့်ကြည့်နေခဲ့သော်လည်း ထူးဆန်းသည်မှာ ထုံကျန်းကျန်း၏ဘက်တွင် ယခုအချိန်အထိ လှုပ်ရှားမှုမရှိပေ။
အခြားထုံမိသားစုမှ တစ်ယောက်ယောက်ကလည်း သူမဆီသို့ လာကာ ဂုဏ်မပြုကြပေ။ သူမတို့သည် အမှန်တကယ် တစ်ယောက်နှင့် တစ်ယောက် သူစိမ်းများဖြစ်ကြသကဲ့သို့ပင်။
ထုံရွှယ်လူသည် ထုံကျန်းကျန်း၏ စိတ်ထဲ၌ မည်သည်များရှိနေမှန်း မသိသော်လည်း သူမကို အနှောက်အယှက်မပေးသရွေ့ ထုံရွှယ်လူဘက်မှ ပထမဆုံး ခြေလှမ်းမည်မဟုတ်ချေ။
🍵
ဖူကျန့်ယိ ထုံရွှယ်လူထံသို့ ဖုန်းဆက်ပြီး ဟင်းကောင်းလေးများ ချန်ထားပေးရန် သူမကို တောင်းဆိုလာသည့်အခါ နေ့လည်ပင် မရောက်ရှိသေးပေ။
ထုံရွှယ်လူက " ဘယ်လိုဟင်းကောင်းမျိုးလဲ။ ဒီနေ့ ကျွန်မတို့ဆီမှာ ဖက်ထုပ်၊ ငါးဟင်းနဲ့ ကြက်သားအစပ်ရှိတယ်။ ရှင် ဘယ်ဟာကြိုက်လဲ "
ဖူကျန့်ယိက " အားလုံးကို ယူမယ်။ မင်းချက်ထားတာဆို ပိုကောင်းတယ် "
ထုံရွှယ်လူက သူမ မျက်ခုံးများကို အနည်းငယ် မျက်ခုံးပင့်လိုက်သည်။ " ရှင် ဘာတွေစီစဉ်ထားတာလဲ။ ရှင့်ရဲ့သူဌေး ဒါမှမဟုတ် ရည်းစားကို ထမင်းလိုက်ကျွေးမလို့လား "
ဖူကျန့်ယိက " အဲဒါတွေ မဟုတ်ဘူး။ ကျန်းတန့်ဟုန်ကို ထမင်းလိုက်ကွေးမလို့ပါ "
၀မ်ရူကွေ့ဆီ အလည်အပတ်မှ ပြန်လာပြီးကတည်းက ဖူကျန့်ယိသည် ကျန်းတန့်ဟုန်အား တောင်းပန်လိုခဲ့ပြီး ကျန်းတန့်ဟုန်က အချိန် မပေးခဲ့ပေ။
ကံကောင်းစွာပင် သူသည် မျက်နှာအရေထူသူဖြစ်သည်။ သူက သူ့အမေအား ကူညီစေခဲ့ပြီး နောက်ဆုံးတွင် ကျန်းတန့်ဟုန်ကို သူနှင့်တွေ့ဆုံရန် စည်းရုံးနိုင်ခဲ့သည်။
သူမကို ယနေ့ တရားဝင် တောင်းပန်ရန် စီစဉ်ထားလေသည်။
ထုံရွှယ်လူက ချက်ချင်း သဘောပေါက်သွားသည်။
" ရတယ်လေ။ ဒီအတိုင်းလာခဲ့ပါ "
ဖူကျန့်ယိနှင့် ကျန်းတန့်ဟုန်တို့ နေ့လည်ပိုင်းတွင် သီးခြားစီ စားသောက်ဆိုင်သို့ ရောက်ရှိလာကြသည်။
ကျန်းတန့်ဟုန်သည် ထုံရွှယ်လူ နောက်ဆုံးအချိန် မြင်ခဲ့ရစဉ်အချိန်ကထက် ပို၍ ပိန်ပါးနေပြီး အနည်းငယ် ဖြူဖျော့နေပုံရသည်။
ထုံရွှယ်လူက စိုးရိမ်တကြီး မေးသည်။
" အစ်မ တန့်ဟုန်၊ အစ်မ ကြည့်ရတာ နေသိပ်ကောင်းပုံမရဘူး။ အားလုံးအဆင်ပြေရဲ့လား "
ကျန်းတန့်ဟုန်က ပြုံးပြီး ခေါင်းခါလိုက်သည်။ " ကောင်းပါတယ်။ အရင်ရက်ပိုင်းတုန်းက အအေးမိသွားခဲ့ပေမယ့် ပြန်သက်သာလာပါပြီ "
ထုံရွှယ်လူက " အစ်မ နေမကောင်းခဲ့မှန်းတောင် ကျွန်မ မသိခဲ့ဘူး။ တောင်းပန်ပါတယ် "
ကျန်းတန့်ဟုန်က သူမလက်ကို ဝေ့ယမ်းလိုက်သည်။ "အဲဒါက အရမ်းကြီး ဘာမှ မပြင်းထန်ပါဘူး။ အနှောင့်အယှက်မဖြစ်ချင်တာကြောင့် ဘယ်သူ့ကိုမှ အသိမပေးခဲ့တာပါ "
ထုံရွှယ်လူက သူမကို ကောင်းကောင်းသိရှိပြီး ထိုအကြောင်းအရာကို ဆက်လက်မပြောဆိုပေ။ သူမသည် ကြက်အစပ်ဟင်းကို အပြီးသတ်ရန် မသွားမီ ကျန်းတန့်ဟုန်အတွက် ထိုင်ခုံ နေရာရှာပေးခဲ့သည်။
သူမတို့နှစ်ယောက် စကားပြောနေချိန်တွင် ဖူကျန့်ယိက မတ်တပ်ရပ်နေခဲ့ပြီး စကားဆုံးသောအခါ ကျန်းတန့်ဟုန်ကို လျင်မြန်စွာ ပြုံးပြလိုက်သည်။
" ထိုင်ပါဦး အစ်မ တန့်ဟုန် "
ကျန်းတန့်ဟုန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။ " ရှင် ရဲဘော်ကျန်းလို့ပဲ ဆက်ခေါ်သင့်တယ်လို့ ကျွန်မထင်တယ်။ ကျွန်မ ရှင့်ရဲ့အစ်မ မဖြစ်သင့်ဘူး "
ဖူကျန့်ယိက အနည်းငယ်ရှက်သွားသည်။ " ရဲဘော် ကျန်း၊ ကျွန်တော် အရင်တုန်းက အမှားလုပ်ခဲ့မိပါတယ်။ ကျွန်တော်ပြောခဲ့တာတွေကို မပြောခဲ့သင့်ဘူး။ ကျွန်တော် မှားခဲ့တယ်ဆိုတာ နားလည်သွားလို့ မင်းကို တရားဝင်တောင်းပန်ချင်ပါတယ် "
ထိုသို့ပြောပြီးနောက် သူက မတ်တပ်ထ၍ ကျန်းတန့်ဟုန်ကို လေးလေးနက်နက် ဦးညွတ်လိုက်သည်။
ကျန်းတန့်ဟုန်က သူ့ကိုကြည့်ရင်း မျက်ခုံးပင့်လိုက်သည်။
" ရှင်က ယွင်ရှီးကို ရှင့် အကြောင်း ကောင်းကောင်းပြောပြစေချင်လို့ တောင်းပန်နေတာလား "
ဖူကျန့်ယိက ခေါင်းကုတ်သော်လည်း သူ့ရည်ရွယ်ချက်ကို ဖုံးကွယ်မထားပေ။
" ကျွန်တော် စိတ်ရင်းမှန်နဲ့ တောင်းပန်ချင်တာပါ ပြီးတော့ မင်းက ကျွန်တော့်အကြောင်း ကောင်းကောင်းပြောဆိုပေးဖို့ကိုလည်း စိတ်ရင်းမှန်နဲ့ တောင်းဆိုချင်ပါတယ်။ ကျွန်တော် တောင်းပန်ချင်ခဲ့တာ အတော်လေးကြာခဲ့ပေမယ့် ရှက်နေခဲ့မိတယ်။ ရဲဘော်ထုံနဲ့ နောက်ဆုံးအကြိမ် စကားပြောအပြီးမှသာ စိတ်ကို ဆုံးဖြတ်နိုင်ခဲ့တာပါ "
ထိုစကားကို ပြောပြီးလျှင် သူက တစ်ဖန် ဦးညွတ်ပြန်သည်။ " တောင်းပန်ပါတယ်။ မင်းက သဘောထားကြီးပေးပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ် "
စုံစမ်းစစ်ဆေးရေးအဖွဲ့မှူးသည် တစ်စုံတစ်ဦးအား ဤမျှနှိမ့်ချသောပုံစံဖြင့် တောင်းပန်မည်ဟု မည်သူက ထင်ခဲ့မည်နည်း။
သူ့ကို ဤကဲ့သို့မြင်လိုက်သည်နှင့် ကျန်းတန့်ဟုန်၏နှုတ်ခမ်းများက အနည်းငယ် တောင့်တင်းသွားသည်။
" ကောင်းပြီ ကျွန်မ ရှင့်မိဘတွေကြောင့် ခွင့်လွှတ်လိုက်မယ်။ ဒါပေမဲ့ အဲဒီလိုဆိုတိုင်း ကျွန်မ ရှင့် ကောင်းကြောင်းတွေ ပြောပေးမှာ မဟုတ်ဘူး "
ဖူကျန့်ယိသည် သူ့သွားများ ကျင်နေသလို ခံစားလိုက်ရသည်။ သို့သော် သူက ပြုံးလိုက်ပြီး " အဆင်ပြေပါတယ်၊ ဒီရလဒ်အတွက် ကျွန်တော် ကျေနပ်ပါတယ် "
ကျန်းတန့်ဟုန်သည် အခြားသူများ၏နောက်ကွယ်တွင် မကောင်းကြောင်းပြောမည့် သူမျိုးမဟုတ်ကြောင်း သူ ယုံကြည်သည်။ သူမ သူ့ကို ခွင့်လွှတ်သရွေ့ ကျောင်းယွင်ရှီးအား သူ့မကောင်းကြောင်းများ ပြောမည်မဟုတ်ချေ။
ထိုသည်က လုံလောက်လေသည်။
ကျန်းတန့်ဟုန်က သူ့ကို သူမ၏ စိတ်ထဲတွင် " ခွေးကောင်" ဟု ခေါ်လိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပေ။
ထုံရွှယ်လူက မုန့်ချင်းချင်းနှင့် ကောင်းချွန်းယွီအား ဟင်းပွဲများကို ယူလာစေသည်။
ငါးဟင်းချက်ရသည်က မခက်ခဲပေ။ သို့သော် ငါးအရေခွံ ပြဲကာ အပြင်အဆင်မကောင်းမွန်ဖြစ်သွားရန်မှာ လွယ်ကူသည်။
ထုံရွှယ်လူ ချက်ထားသောငါးသည် နဂိုအတိုင်း အရေခွံရှိသည့်အပြင် ငါးအသားက နူးညံ့ချောမွေ့ကာအရသာရှိပြီး ပါးစပ်ထဲတွင်ပင် အရည်ပျော်သွားနိုင်သည်။ ထမင်းကို ဟင်းအနှစ်နှင့် ရောနယ်စားသည့်အခါ အခြားဟင်းတစ်ခွက်တောင် မလိုအပ်တော့ပေ။
ကြက်အစပ်သည် ထုံစပ်ပြီး မွှေးပျံ့သည်။ ဤဟင်းလျာသည်လည်း ပြုလုပ်ရ ခက်ခဲသည့် ဟင်းလျာမဟုတ်ပေမယ့် ကြက်သားကို အကျက်လွန်သည်အထိ ချက်မိသွားရန် လွယ်ကူသည်။ ၎င်းသည် ထမင်းနှင့် အတူစား၍ အရသာရှိသော်လည်း ကြက်ကြော် သို့မဟုတ် ကြက်သားပြုတ်ကဲ့သို့ နူးညံ့ခြင်းမရှိပေ။
သို့သော် ထုံရွှယ်လူပြုလုပ်သော ကြက်အစပ်သည် အလွန်ကောင်းမွန်သော အသားအနေအထားရှိနေဆဲဖြစ်ပြီး ပါးစပ်ထဲသို့ တစ်ကိုက်ထည့်လိုက်သည်နှင့် ကွာခြားချက်ကို ပြောနိုင်လေသည်။
ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ နှင့် ငရုတ်ကောင်း အားလုံးက ကြက်သားထဲ၌ ပြီးပြည့်စုံစွာ အရသာ၀င်နေသည်။ များများဝါးလေလေ အရသာပိုကောင်းလေဖြစ်ကာ နာမည်ကြီးမည့် ဟင်းလျာဖြစ်မည်မှာ သေချာသည်။
လမ်းတစ်ဝက်မှာ ထုံရွှယ်လူက လမ်းလျှောက်လာပြီး " ရဲဘော်ဖူ၊ ကြက်ဖင်စီဖူးစားဖို့ မမေ့နဲ့နော်။ ကျွန်မ ရှင့်အတွက် သီးသန့် သိမ်းထားတာ "
"……"
ဖူကျန့်ယိ၏နှုတ်ခမ်းများ ပြင်းထန်စွာ ရှုံ့တွသွား၏။
ထုံရွှယ်လူသည် ရက်စက်သောသူဖြစ်လေသည်။ ဖူကျန့်ယိသည် ထိုသို့သော "အရည်အချင်းရှိသည့် " ဇနီးရှိခြင်းအတွက် ဝမ်ရူကွေ့၏ အနာဂတ်ကို စိုးရိမ်မိနေသည်။ သူမသည် အိမ်၌ ဘောင်းဘီဝတ်ဆင်သူဖြစ်မည်မှာ သေချာသည်။
[T/N - မိသားစု၌ အာဏာရှိသူဆိုတဲ့အဓိပ္ပာယ်ပါ ]
ကျန်းတန့်ဟုန်က သူ့ကို ပြင်းပြင်းထန်ထန် ကြည့်နေသည်ကို မြင်လိုက်သည့်အခါ သူက ကြက်ဖင်ကို ကောက်ယူကာ ဝါးစားလိုက်သည်။
ထိုအရာက ကြက်ဖင်ဖြစ်သော်လည်း အရသာရှိနေဆဲဖြစ်သည်။ ထိုအစိတ်အပိုင်းသည် ကြက်ချီးထွက်သည့် နေရာဖြစ်သည်ဟု မတွေးရုံသာလိုအပ်သည်။
မည်သို့ပင်ဆိုစေကာမူ သူ့စိတ်ထဲ၌ ပိတ်ဆို့ချင်လေလေ ပို၍တွေးမိလေလေဖြစ်ပြီး ဖူကျန့်ယိမှာ ထွေးထုတ်လုမတတ်ပင်။
ဖူကျန့်ယိ၏ပုံစံက မိန်းကလေးနှစ်ယောက်ကို ရယ်မောစေသည်။
သူမတို့သည် ထိုကဲ့သို့ ခွေးကောင်ကို သင်ခန်းစာပေးရာတွင် ကျွမ်းကျင်သူများဖြစ်ကြသည်။
ကျန်းတန့်ဟုန်က စိတ်သဘောထား ကျဉ်းမြောင်းသူမဟုတ်ပေ။ ယခုအခါ ဖူကျန့်ယိက သူမကို တရားဝင် တောင်းပန်လာခဲ့ပြီး အတိတ်က သူမတို့၏ ကွဲလွဲမှုများကို လက်ခံခဲ့ပြီးဖြစ်သည်။
သူ့ကို အနည်းငယ် သင်ခန်းစာပေးပြီးနောက် ထုံရွှယ်လူသည် အိမ်၌ ဂရုစိုက်ရမည့် ခွေးတစ်ကောင်ရှိသေးသည်ကို သတိရမိသွားသည်။
၎င်းက ကောင်လေးဖြစ်နေဆဲပင်ဖြစ်သည်။
လမုန့်လေးသည် အသက် ၇လ၊၈လရှိပြီဖြစ်ပြီး ခွေးကလေးမှ အရွယ်ရောက်ကာ ချောမောသောခွေးလေး ဖြစ်သွားခဲ့ပြီဖြစ်သည်။ နွေဦးရာသီနှင့်အတူ လမုန့်လေးသည် ၎င်း၏ ပထမဆုံးမိတ်လိုက်သည့်ရာသီကို ကြုံတွေ့နေရသည်။
ထုံရွှယ်လူ အိမ်ထဲသို့ ၀င်လာသောအခါ ထုံကျားရှင်း၏ခြေသလုံးပေါ်တွင် သံဝါသပြုနေသော လမုန့်လေးကို သူမ မြင်လိုက်ရသည်။
ထုံရွှယ်လူ အိမ်ထဲသို့ ၀င်လာသည်ကို မြင်သည့်အခါ ထုံကျားရှင်းက အပြစ်ကင်းစွာ ပြုံးပြသည်။
" ကြည့်ပါဦး မမကြီး၊ လမုန့်လေးက အရမ်းချစ်စရာကောင်းတယ်။ သူက ကျွန်တော့်ခြေထောက်ကို ပွေ့ဖက်ပြီး လှည့်ပတ်နေတယ် "
ကြည်လင်တောက်ပကာ လုံး၀န်းသော မျက်လုံးများဖြင့် ထုံမျန်မျန်သည်လည်း အပြစ်ကင်းစင်စွာဖြင့် စူးစမ်းလိုစိတ်ရှိနေသည်။
ထုံရွှယ်လူ "……"
ကြည့်နေရင်းနှင့် ထုံရွှယ်လူ၏နှုတ်ခမ်းများ တွန့်ချိုးသွားသည်။ သူမသည် လမုန့်လေးကို အမှန်ပင် အပြစ်မတင်နိုင်ပေ။ အမှန်တကယ်တွင် ဤအပြုအမူသည် ၎င်းအတွက် ဗီဇတစ်ခုပင်။
သို့သော် သူမ လမုန့်လေးကို ယခုအခြေအနေတွင် ဤအတိုင်းထား ထား၍ မရပေ။ လေးလေးနက်နက်စဉ်းစားသည့်နောက် သူမ လမုန့်လေးကို မိန်းမစိုးအဖြစ် ပြောင်းပစ်ရန် ဆုံးဖြတ်လိုက်သည်။
သူမသည် ထိုနေ့ ညစာစားပွဲ၌ ကြီးကြီးမားမား ကြေငြာချက်တစ်ခုထုတ်သည်။
" အစ်မ လမုန့်လေးကို ပြုပြင်ဖို့ ဆုံးဖြတ်လိုက်ပြီ "
ထုံမျန်မျန်က သူမ၏မျက်လုံးကြီးကြီး လေးများကို ပေကလတ် ပေကလတ်လုပ်ရင်း စပ်စုစွာမေးသည်။
" မမကြီး၊ပြုပြင်တာက ဘာလဲဟင် "
' သူ့ဥတွေကို ဖယ်ရှားဖို့ '
သို့သော် သူမ ထိုစကားကို အသံကျယ်ကျယ် မပြောနိုင်ချေ။
ထုံရွှယ်လူက သူမ လည်ချောင်းကို ရှင်းပြီး ပြောလိုက်သည်။
" လမုန့်လေးက အခုမှ အရွယ်ရောက်ပြီဖြစ်တဲ့ခွေးလေးတစ်ကောင်။ မမတို့က သူ့ကို ရှုပ်ယှက်ခတ်တဲ့ ဆက်ဆံရေးတွေ မဖြစ်စေချင်ဘူး။ ဒါကြောင့် သူ ခွေးဖေဖေ ဘယ်တော့မှ မဖြစ်နိုင်ဖို့ သေချာအောင်လုပ်ရမယ် "
သူမ၏စကားများကြောင့် မောင်နှမသုံးယောက်လုံး အံ့အားသင့်သွားကြသည်။
အထူးသဖြင့် ထုံကျားရှင်းသည် လမုန့် လေးကို ကာကွယ်ရန် ခုန်ထွက်လာသည်။
" မမကြီး၊ ဒါက လမုန့်လေးအတွက် အရမ်းကြောက်စရာကောင်းတယ်။ အခြားသူတိုင်း မျိုးဆက်ရှိနိုင်ကြတယ်။ ဘာလို့ လမုန့်လေးက မရှိနိုင်တာလဲ "
ထုံရွှယ်လူ "……"
လမုန့်လေးသည်လည်း တစ်ခုခုကို ခံစားမိပုံရ လေသည်။ ၎င်းသည် ထုံရွှယ်လူကိုအမြဲတမ်း ကပ်တွယ်နေခဲ့သော်လည်း ယခုအခါ အဝေးသို့ ထွက်ပြေးပြီး ထုံကျားရှင်း၏ရင်ခွင်ထဲတွင် ပုန်းအောင်းနေသည်။
ထုံကျားရှင်းက " မမကြီး၊ သားတို့ လမုန့်လေးကို မပြင်လို့မရဘူးလား။ ဒါမှမဟုတ် အနည်းဆုံးတော့ သူ့ကို အရင်ဆုံး အဖေဖြစ်ပါစေ "
သူ့ဘေးနားက ထုံမျန်မျန်သည်လည်း အကြိမ်ကြိမ် ခေါင်းညိတ်ပြနေသည်။ " ကျေးဇူးပြုပြီး မမကြီး ဒါက လမုန့် လေးအတွက် အရမ်းရက်စက်တယ် "
ထုံရွှယ်လူ "……"
ဝေ့မိသားစုသည်လည်း ယခုအချိန်တွင် အသီးအရွက်အချို့နှင့် ရောက်ရှိလာပြီး လမုန့် လေးအတွက် ထုံရွှယ်လူကို တောင်းဆိုကြလေသည်။
ဝေ့ကျူးကျူးက " မမကြီး ရွှယ်လူ၊ လမုန့်လေးကို ဖခင်ဖြစ်ခွင့်ပေးလိုက်ပါ ။ သူမွေးပြီးရင် သူ့သားသမီးတွေကို သမီးတို့ ပြုစုပေးပါ့မယ် "
ဝေ့သည် ထုံ၏ခွေးကို အားကျနေသည်မှာ ကြာပြီဖြစ်သော်လည်း ခွေးလေးများ ပေးမည့် မိသားစုကို ရှာမတွေ့နိုင်ခဲ့ချေ။
လမုန့်လေးအတွက် လူတိုင်းက တောင်းဆိုကြသဖြင့် နောက်ဆုံးတွင် ထုံရွှယ်လူက လမုန့်လေးကို သင်းမကွပ်ခင် ခွေးပေါက်လေးများ မွေးခွင့်ပြုလိုက်သည်။
ထိုသည်က လမုန့်လေးအချိန် အနည်းငယ် ပို၍ကြာမြင့်စွာ အထီးတစ်ကောင်ဖြစ်နိုင်သွားခြင်းပင်။