အပိုင်း ၁၁၄
Viewers 21k

Chapter 114

ကိုယ် ဆေးလိမ်းပေးမယ်



ရွှယ်ယုံမှာ ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက် သေးသေးလေးကို ဖမ်းမိခံလိုက်ရသည့်အလား ဖြစ်သွားလေသည်။

 ယွီနျန်က ရွှယ်ယုံ၏ စကားများကို အစ်ထုတ်လိုက်သည်။ "ဒါဆိုရင်... ခင်ဗျား လုံးဝ မဟုတ်ဘူးပေါ့"


ရွှယ်ယုံ တိတ်ဆိတ်နေဆဲ။


ယွီနျန် ပြုံးလိုက်ပြီး သူ့ကိုယ်သူ အတော်လေး ကျေနပ်သွားသည်။ 


ထိုအပြုံးကို မြင်သောအခါ ရွှယ်ယုံ အာခြောက်လာသည်။ "နျန်နျန်... အဲ့လို မပြုံးနဲ့"


ယွီနျန်က သိလိုစိတ် အပြည့်ဖြင့် မေးလိုက်သည်။

 "ဘာလို့ မပြုံးရမှာလဲ"


“ကိုယ့်ကို... မင်းကိုနမ်းချင်စိတ်တွေ ဖြစ်စေတယ်"


 ရွှယ်ယုံမှာ အချို့သော အတွေးများ ပြောထွက်သွားသည့် သူ့ကိုယ်သူ မြန်မြန် တားလိုက်မိသည့်အလား စကားလမ်းကြောင်း လွှဲလိုက်သည်။ 


"အဲ့ဒီအမျိုးသမီးကြီးကို စစ်ဆေးဖို့ ကိုယ်ခိုင်းထားတယ်... သူက ကျင်းမြို့က ဖုန့်မိသားစုရဲ့မျိုးဆက် ဖုန့်ထုံပိ အမှန်ပဲ... သူ ငယ်ငယ်တုန်းက ကျင်းချန်မြို့ရဲ့ ကျန်းမိသားစုက အကြီးဆုံးသားနဲ့ လက်ထပ်ခဲ့တယ်... သူ့အမျိုးသား ဆုံးပြီး ကျန်းမိသားစုလည်း ကျဆင်းလာတော့ နိုင်ငံခြားကို ထွက်လာပြီး အဲ့ကတည်းက မုဆိုးမတစ်ယောက်အဖြစ် နေတော့တာ... လွန်ခဲ့တဲ့ ဆယ်နှစ်က 'ပုံပြင်ဟောင်းများ' ဆိုပြီး ကိုယ်ရေးအတ္ထုပ္ပတ္တိ တစ်ခု ထုတ်ထားသေးတယ်... ပြီးတော့ ပြည်တွင်း ဂျာနယ်သမားတွေနဲ့ အင်တာဗျူး လုပ်ထားသေးတယ်"


ယွီနျန်က ရွှယ်ယုံ၏ စကားနောက်သို့ လိုက်ကာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ "သူက ဒီနေ့ 'ကောင်းကင်ကြီးမက မြင့်မြတ်လှတဲ့ သူတော်ကောင်းတရားအတွက် ဆုတောင်းခြင်း' အကြောင်း မေးခဲ့တယ်"


ရွှယ်ယုံက ယွီနျန်၏ စကားကို နားလည်သွားသည်။

 "ဒီစာလိပ်က ပေါ်မလာတာ ကြာပြီ... မင်းတစ်ခုခု ခန့်မှန်းမိလို့လား"


"ဟုတ်တယ်" ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ "'ကောင်းကင်ကြီးမက မြင့်မြတ်လှတဲ့ သူတော်ကောင်းတရားအတွက် ဆုတောင်းခြင်း'က အဘွားလက်ထဲမှာ ရှိနေမလား မသေချာပေမယ့် ကျွန်တော့်ဆီ ကိုယ်တိုင် ရောက်လာတယ်ဆိုမှတော့ အရေးကြီးတဲ့ကိစ္စပဲ ဖြစ်ရမယ်... ဘာပဲဖြစ်ဖြစ် ကျွန်တော် တစ်ပတ်လောက် နေဦးမှာဆိုတော့ အချိန်ရရင် လာတွေ့လိုက်မယ်... အကြာကြီး နှောင့်နှေးလို့တော့ မဖြစ်ဘူး" 


ရွှယ်ယုံက ယွီနျန်၏ ဆုံးဖြတ်ချက်ကို ထောက်ခံလိုက်သည်။ 


"ကိုယ် မလိုက်နိုင်ရင် မင်းကို ပို့ပေးဖို့ ဒရိုင်ဘာ စီစဥ်ပေးမယ်နော်"


ယွီနျန်ကလည်း ဘော်ဒီဂတ် ထားပေးသည်ဖြစ်စေ ဒရိုင်ဘာ ခေါ်ပေးသည် ဖြစ်စေ အားလုံးက ရွှယ်ယုံ သူ့လုံခြုံရေး အတွက် စိတ်ပူနေခြင်းကြောင့်သာ ဖြစ်ကြောင်း နားလည်သည်။ ထို့ကြောင့် သူပြုံး၍သာ လက်ခံလိုက်သည်။


 "ရတယ်လေ... အဆင်ပြေတယ်"


နောက်တစ်နေ့မနက်တွင် ယွီနျန်က ရိုက်ကူးရေး နေရာသို့ စောစော ရောက်လာသည်။ မုန့်ယွမ်က သူ့ကိုမြင်သောအခါမှသာ စိုးရိမ်ပူပန်မှုများ လျော့ကျသွားသည်။ "မင်းနောက်ကျလိမ့်မယ်လို့ ငါစိတ်ပြင်ဆင်ထားတာ"


ယွီနျန် ပြန်ဖြေလိုက်သည်။

 "ကျွန်တော် အမြဲတမ်း အချိန်လေးစားပါတယ်"


မုန့်ယွမ် မျက်ခုံးပင့်လိုက်သည်။ 

"ကဗျာထဲက စာသားဆိုရင်ရော.. 'အခုကစပြီး ဧကရာဇ်က မနက်ပိုင်းရုံးတော် မတက်တော့ဘူး' ဆိုသလိုလေ"


 သူ့ခေါင်းထဲတွင် အဝါရောင် အညစ်အကြေးများ ပြည့်နေပုံရသည်ကို နားလည်သွားသဖြင့် ချောင်းဖွဖွ ဆိုးလိုက်သည်။


 "အဲ့ဒီအကြောင်း မပြောကြရအောင်... တရုတ်က အွန်လိုင်း အခြေအနေကတော့ သိပ်မငြိမ်းချမ်းဘူး... ဝမ်နင်းရွှယ်က ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ပြီး မင်းဆီကနေ ခွင့်လွှတ်မှု ရချင်နေသေးတာမလား"


ယွီနျန် အတည်ပြုလိုက်သည်။ "ဟုတ်တယ်"


“ပြဿနာက အဲ့ဒီမှာပဲ... ရူးနေတဲ့ ဖန်တစ်အုပ်က မင်း ကိုယ်တိုင်လာပြီး ခွင့်လွှတ်မှုကို ဖော်ပြပေးဖို့ forwardပြန် လုပ်ပေးဖို့ တောင်းဆိုနေကြတယ်"


ယွီနျန် တန့်သွားပြီးနောက် အံ့အားသင့်သွားလေသည်။


 "နောက်ဆက်တွဲတွေ ရှိနေသေးတာလား"


“ဟုတ်ပါ့" မုန့်ယွမ်၏ အသံအနေအထားက အေးစက်သွားသည်။


 "အဲ့ဒီဖန်တွေထဲမှာ တစ်ဝက်က ဝမ်နင်းရွှယ်ရှေ့မှာ သနားစရာ ကောင်းချင်ယောင်ဆောင်ပြီးတော့ မင်းဝေ့ပေါ်ဆီ အပြေးလာပြီး သူမနဲ့ အိပ်ထားပြီးမှ ခွာထုတ်ချင်နေတဲ့ နှလုံးသားမရှိတဲ့ ပလေးဘွိုင်းကောင်ဆိုပြီး လာပြောနေကြတာ... အခု ဝမ်နင်းရွှယ်က ဆင်ခြေရှာပြီး မင်းကို တမင်သက်သက် အပြစ်ဖို့ပါတယ်လို့ ဝန်ခံလိုက်ရော သူတို့က မင်းကို ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ဖိအားပေးပြီးတော့ မင်းကို မကောင်းတဲ့ အကျင့်ရှိပြီး သူမကို အနိုင်ကျင့်ပါတယ်လို့ ပုံပေါ်အောင် လုပ်နေကြတယ်လေ"


ယွီနျန် တွေးတောကြည့်လိုက်သည်။

 "အစ်ကိုမုန့်... ထူးဆန်းနေတယ်လို့ မထင်ဘူးလား"


မုန့်ယွမ် အရှိန်လျှော့လိုက်ပြီးနောက် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။ 


"မင်းလည်း အဲ့လိုတွေးမိလား"


ယွီနျန် ခေါင်းငြိမ့်ပြသည်ကို မြင်သောအခါ သူ ဆက်ပြောလိုက်သည်။


 "ငါအတွေးလွန်နေတာလားတော့ မသိပေမယ့် တစ်ခုခု ခန့်မှန်းမိလို့... သေတော့မသေချာပါဘူး... မင်း ကျန့်ကျောက်ရှီကို သိလား"


“သိတယ်... သူက ကျွန်တော့်မတိုင်မီ နှစ်နှစ်လောက်က ပွဲဦးထွက်ခဲ့တာ... သူက သုံးယောက်တွဲအဖွဲ့တစ်ခုကနေ စခဲ့ပြီးတော့ နောက်ပိုင်းမှာ တစ်ကိုယ်တော်အနေနဲ့ ခွဲထွက်သွားတာလေ"


မုန့်ယွမ် ပြောလိုက်သည်။ 


"အတိအကျပဲ... မင်းပွဲဦးမထွက်ခင်က သူက သုံးရက်တစ်ခါလောက် သတင်းကြီးတွေမှာ လွှမ်းမိုးနေခဲ့တာလေ... ရုပ်ရှင်တွေ တီဗီဒရာမာတွေမှာ ပါတယ်... အယ်လ်ဘမ်တွေ ထုတ်တယ်... ကြည့်ရှုနှုန်းရော ရောင်းအားတွေရော အရမ်းကောင်းတာ... ဒါပေမယ့် အင်တာတိန်းမန့်လောကထဲက ထိပ်ပိုင်းအဖွဲ့ချုပ်တွေဆီ မထိုးဖောက်နိုင်ခဲ့ဘဲ ဖန်တွေထဲမှာသာ ကျော်ကြားနေတာလေ.... လတ်တလော ကောလဟာလတွေအရ ကျန့်ကျောက်ရှီက ဇိမ်ခံပစ္စည်းတံဆိပ် သိုက်ပေါ်နဲ့ လက်တွဲဖို့ ရည်ရွယ်ပြီး အကြိမ်အများကြီး ဆွေးနွေးကြပေမယ့် သဘောတူညီမှု မလုပ်နိုင်သေးဘူး... လတ်တလောမှာ သိုက်ပေါ်က မင်းနဲ့ လက်တွဲဖို့ စိတ်ဝင်စားနေတယ်လေ"


ယွီနျန် နားလည်သွားလေသည်။ 


"သိုက်ပေါ်က သူတို့ရဲ့ brand ambassadorတွေအတွက် တင်းကျပ်တဲ့ တောင်းဆိုချက်တွေ ရှိတယ်"


“အလွန်အမင်းကို တင်းကျပ်တာ... သိုက်ပေါ်က တန်ဖိုးကြီး သားရေထုတ်ကုန်တွေ၊ ဘရန်းရဲ့ သမိုင်းကြောင်းက အရင်ရာစုနှစ်လောက်ကတည်းက ရှိခဲ့တာ... အရင်က brand ambassadorတစ်ယောက် ပါဝင်တဲ့ အရှုပ်တော်ပုံတစ်ခုကြောင့်နဲ့ ဘရန်းရဲ့ ဂုဏ်သတင်းကို ကျဆင်းသွားစေခဲ့တော့ အခုအချိန်မှာ brand ambassador ရွေးတဲ့ နေရာမှာ အရမ်းတင်းကျပ်ထားတယ်"


မုန့်ယွမ်က သူ့လက်များကို ဖြန့်ကားလိုက်သည်။ "အနုပညာလောကထဲက ကောလဟာလတွေသာ အမှန်ဆိုရင် ကျန့်ကျောက်ရှီက မင်းကို ဝမ်နင်းရွှယ်နဲ့ ဆက်ပြီး ရှုပ်ထွေးပတ်သက်စေပြီးတော့ ဘယ်တော့မှ ရုန်းမထွက်နိုင်ဖို့ မျှော်လင့်ထားလောက်တယ်" 


ယွီနျန်က ရှင်းရှင်းလင်းလင်း နားလည်နေသည်။ 


"ဒါပေမယ့် ဒီအခြေအနေက အကြာကြီး အရှိန်တက်နေမှာ မဟုတ်ဘူး... သူ့အကြံ ကျရှုံးသွားဖို့ များတယ်" ထိုအခိုက် အဝေးတစ်နေရာမှ "ယွီနျန်" ဟူသော အသံတစ်ခု ထွက်ပေါ်လာပြီး အသံပိုင်ရှင်ကိုလည်း သူမှတ်မိလိုက်သည်။ သူ ပြုံး၍ ပြောလိုက်သည်။ 


"ဒါရိုက်တာမက်ဆာ... မတွေ့ရတာ ကြာပြီ"


နှစ်ယောက်သားက ဖက်လိုက်ကြပြီး မက်ဆာက တီးတိုးရယ်မောလိုက်လေသည်။


 "ဒီက ရာသီဥတုနဲ့ အသားကျပြီလား"


ယွီနျန်က ပျော်ပျော်ရွှင်ရွှင် ပြန်ဖြေလိုက်သည်။


 "အရမ်းအသားကျနေပါပြီ... နေရောင်ခြည်က အရမ်း သာယာတယ်ဗျ"


ထိုအခိုက်လေးကို အခွင့်ကောင်းယူ၍ မက်ဆာက အသံတိုးတိုးဖြင့် ပြောလိုက်သည်။


 "အထဲမှာ မင်းကို ရိုက်ကူးရေး လုပ်နေတုန်း အကဲဖြတ်နေမယ့် လေဒီတစ်ယောက် ရှိမယ်... မင်း စိတ်အနှောက်အယှက် ဖြစ်မသွားဘဲ ကောင်းကောင်း လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်"


ယွီနျန်က မက်ဆာ၏ စကားကို နားလည်နေသည်။ "သတိပေးတဲ့အတွက် ကျေးဇူးပါ"


ရိုက်ကူးရေးတည်နေရာက ရှေးဟောင်းစတိုင် ရဲတိုက်ကြီးအတွင်း တည်ထားခြင်းဖြစ်ပြီး မက်ဆာက ယွီနျန်အား ကြော်ငြာအစီအစဥ်ကို ကိုယ်တိုင်ကိုယ်ကျ ရှင်းပြလာခဲ့သည်။


 "ကြော်ငြာရဲ့ ပထမဆုံး ဆယ်စက္ကန့်လောက်က မင်းမြင်းစီးပြီး ထွက်လာပြီး ပြန်မလှည့်ခင် ငါးမျှားမယ်... သာမန်အဝတ်အစားတွေ ဝတ်ပြီး အမိုးဖွင့်ပြိုင်ကားကို မောင်းထွက်လာမယ်... ရဲတိုက်ရဲ့ ဝင်ပေါက်အရှေ့မှာ "ဘွန်း" ဆိုပြီး ရပ်လိုက်မယ်"


မက်ဆာက ပြောနေရင်း ရှုပ်ထွေးနေသော ပုံများလည်း ဆွဲပြနေသေးသည်။ 


"ပြီးရင် မင်းက ကားထဲကနေ ထွက်လာပြီးတော့ နေကာမျက်မှန်ဆွဲချွတ်ပြီး အစောင့်နောက်ကနေ အဝတ်လဲခန်းထဲကို ဝင်သွားရမယ်.... မင်းရဲ့ ရှပ်အင်္ကျီကို ချွတ်ပြီး အစေခံတွေကနေ မင်းကို အမြီးရှည်ကုတ်အင်္ကျီ ဝတ်ပေးဖို့ လည်စီးနဲ့ လက်ကြယ်သီးတပ်ပေးဖို့ လက်ပတ်နာရီ ဝတ်ပေးဖို့ ကူညီပေးလိမ့်မယ်...


ငါတို့က မင်းဖြတ်သွားတဲ့ ကော်ရစ်ဒါနံရံတွေမှာ ဆီဆေးပန်းချီတွေ ချိတ်ထားလိမ့်မယ်... မင်းက ကော်ရစ်ဒါကနေ ပွဲခန်းမကို လျှောက်လာပြီးတော့ အစောင့်လေးက မင်းကို ပွဲကျင်းပရာဟောခန်းတံခါးကို ဖွင့်ပေးလိမ့်မယ်" 


မက်ဆာက သူ့ခဲတံကို ဝေ့ယမ်းပြလိုက်သည်။


 "အဲ့အချိန်... ဘန်း... မျက်စိဖမ်းစားဖွယ်ရာ တန်ဖိုးကြီးပြီး တလက်လက်တောက်နေတဲ့ သလင်းကျောက် မီးအိမ်တွေက ကြည့်ရှုနေသူတွေကို မျက်စိကျိန်းသွားစေမယ်လေ... ပန်းချီလက်ရာတွေနဲ့ ဆင်ယင်ထားတဲ့ ပေါင်းမိုးသဏ္ဍာန် မျက်နှာကျက်က ရွှေရောင်တောက်နေပြီး ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းကို ဖန်တီပေးလိမ့်မယ်... ဆက်တင်က အိမ်မက်ဆန်တယ်... ကုတ်အင်္ကျီရှည်နဲ့ လူကြီးလူကောင်း တွေပဲ ဖြစ်ဖြစ် သားမွေးယပ်တောင်နဲ့ မျက်နှာကို ကာထားတဲ့ ကျော့ရှင်းနေတဲ့ မိန်းမလှလေးတွေပဲ ဖြစ်ဖြစ် မင်းအတွက် ခေါင်းငုံ့ပြီး လမ်းဖယ်ပေးရမှာ"


ပြောပြီးနောက် မက်ဆာက ယွီနျန်၏ ပုခုံးကို စိတ်အားထက်သန်စွာဖြင့် ပုတ်လိုက်သည်။


 "မင်းရဲ့ အရှိန်အဝါအရဆို ကိုင်တွယ်နိုင်မှာပါ"


"ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်" 


ယွီနျန် ပြန်ဖြေလိုက်ပြီးနောက် မနီးမဝေးရှိ နေရောင်ကာထီးလေးအောက်တွင်ထိုင်နေသော လေဒီ မယ်ဆီကို သတိပြုမိလိုက်သည်။ ထိုအမျိုးသမီးကြီးက အသက်ခြောက်ဆယ်အရွယ် ရှိပြီး ကောင်းမွန်စွာ ချုပ်လုပ်ထားသော အနက်ရောင် ဝတ်စုံကို ပုလဲနားကပ်များဖြင့် ဝတ်ဆင်ထားပြီး ငွေရောင် ဆံနွယ်များကို သေသေသပ်သပ် ဖြီးသင်ကာ လက်ကိုင်အိတ်တစ်ခုကို ပေါင်ပေါ်တွင် စနစ်တကျ တင်ထားလေသည်။ 


မက်ဆာကလည်း သူမကို သတိပြုမိသွားပြီး အသံကို နှိမ့်ချလိုက်သည်။


 "သူ့ကို စိတ်ထဲမထားနဲ့... အကောင်းဆုံး လုပ်ခဲ့"


ဧည့်ခံပွဲခန်းမကြီးအတွက် အပြင်အဆင်ကို စီစဥ်ထားပြီး မက်ဆာကလည်း နန်းတော်ကပွဲတစ်ခု၏ မြင်ကွင်းကို ပြန်လည်ဖန်တီးချင်နေသည်။ ထို့ကြောင့် ယွီနျန်က ထသွားထလာ ရှပ်အင်္ကျီနှင့် ဘောင်းဘီတိုကို ဝတ်ရန်သာလိုပြီး နေကာမျက်မှန်ကို နှာခေါင်းထက်သို့ တွန်း၍ အမိုးဖွင့်ပြိုင်ကားကို အဓိကလမ်းမကြီး၏ ရှေ့သို့ ထပ်ကာထပ်ကာ မောင်းနှင်နေရသည်။ 


ဤရိုက်ချက်ကို ရိုက်ကူးပြီးစီးချိန်၌ ကောင်းကင်ကြီး မှောင်သွားပြီ ဖြစ်ကာ လာအကဲခတ်သော လေဒီမှာလည်း သတိပင်မထားမိလိုက်ဘဲ ထွက်သွားလေပြီ။ နောက်တစ်ရက်တွင် ထိုလေဒီက နေကာထီးအောက်တွင် ထိုင်နေပြီးသား ဖြစ်နေသည်။ ယွီနျန်က သူမကို နှုတ်ဆက်သည့်ဟန်ဖြင့် တလေးတစား ခေါင်းငြိမ့်ပြလိုက်ပြီး သူမထံမှလည်း တုံ့ပြန်ချက်တစ်ခု ရခဲ့သည်။


တတိယမြောက်နေ့တွင် ရိုက်ကူးရေး စောစောပြီးသွားခဲ့သည်။ ယွီနျန် ကားထဲသို့ ဝင်လာသောအခါ မုန့်ယွမ်က သိချင်စိတ်ဖြင့် မေးလာသည်။ 


"မစ္စသိုက်ပေါ် ဒီနေ့ ထပ်လာသေးလား"


“အင်း... လာပြီးတော့ ကျွန်တော် မထွက်ခင် နာရီဝက်လောက် စောထွက်သွားတယ်" 


ယွီနျန် ပြန်ဖြေလိုက်ပြီး ရေဆာလာသဖြင့် ရေတစ်ငုံသောက်လိုက်သည်။ သူ ဆက်ပြောလိုက်သည်။ 


"ဒါပေမယ့် မက်ဆာကတော့ သူ မနက်ဖြန် မလာလောက်တော့ဘူးလို့ ပြောတယ်... ဒါဆို ကျွန်တော်လည်း ရင်တထိတ်ထိတ် ဖြစ်မနေရတော့ဘူးပေါ့"


“ရိုးရိုးသားသား ပြောရရင် ငါကပိုပြီး ရင်ထိတ်နေတာ... သုံးရက် လာကြည့်ပြီးတာတောင် ရလဒ်ကို မသိရသေးဘူး" 


မုန့်ယွမ်က မေးစေ့ကို ပွတ်လိုက်သည်။


 "တရုတ်မီဒီယာတွေမှာ ကျန့်ကျောက်ရှီက သိုက်ပေါ် ဒေသတွင်းမန်နေဂျာနဲ့ ညစာစားတဲ့အကြောင်း သတင်းတွေ တက်လာတယ်... ကြည့်ရတာ သာယာတဲ့လေထုလေး ဖြစ်မဲ့ပုံစံပဲ" 


သူက လက်ချောင်းဖြင့် ညွှန်ပြလိုက်သည်။ 


"အမှန်အတိုင်း ပြောရရင် ငါမင်းကို သိုက်ပေါ်ရဲ့ စာချုပ်ကို သိမ်းစေချင်တုန်းပဲ... ဟာဆီတစ်ခုတည်းနဲ့သာဆို ပါးလွန်းသေးတယ်... အခွင့်အလမ်း နတ်ဘုရားက မင်းကို အလေးပေးရင်တော့ တကယ် ဖြစ်လာမှာပါ"


ယွီနျန်ကလည်း ကောင်းကောင်း စိတ်ပြင်ဆင်ထားပြီး ဖြစ်သည်။


 "ရရင်တော့ ကံကောင်းလို့ပေါ့... မရရင်တော့ မကောင်းဘူးလို့ ဆိုရမှာပဲ"


“အမှန်ပဲ... ဒါကို ထားလိုက်တော့" 

မုန့်ယွမ် နာရီကြည့်လိုက်သည်။


 "နောက်ထပ် ဘယ်နေရာ သွားဦးမှာလဲ"


"အကြီးတစ်ယောက်ဆီ သွားလည်မလို့" 

ယွီနျန်က မုန့်ယွမ် ပါးစပ်ထဲမှ စကားလုံးများကို မြင်ရသည့်အတွက် ပြန်ဖြေလိုက်သည်။ 


ယွီနျန်တစ်ယောက် ပြောထားသည့်အချိန်ထက်ကြို၍ ရောက်လာသောအခါ မစ္စဖုန့်က ဂိတ်ပေါက်တွင် စောင့်နေပြီးသား ဖြစ်သည်။ သူမက ကွဲပြားသည့် ဝတ်စုံတစ်စုံ ဝတ်ဆင်ထားပြီး လက်ဝတ်ရတနာတစ်စုံ ဝတ်ဆင်ကာ ရှင်းသန့်ပြီး ကျော့ရှင်းနေသည်။ ယွီနျန် ဝင်လာသည်ကို မြင်သောအခါ သူမက အနောက်ကို လှမ်းကြည့်၍ ပြောလိုက်သည်။ 


"သားရဲ့ ချစ်သူ ပါမလာဘူးလား"


ယွီနျန်က ခေါင်းလေး အနည်းငယ် ငုံ့၍ ဖြေလိုက်သည်။ "ဟုတ်ပါတယ်... သူပွဲတစ်ခု တက်စရာ ရှိလို့ ဒီနေ့ တစ်ယောက်တည်း လာခဲ့တာပါ"


မစ္စဖုန့်က အတွေးနစ်နေသော အသံတစ်ခု ပြုလုပ်လိုက်သည်။ 


"ဒါဆိုလည်း ဝင်လာခဲ့လေ... ခြံထဲကနေ နှင်းဆီအဆာသွပ်မုန့် လုပ်ဖို့ အသစ်ပွင့်လာတဲ့ နှင်းဆီပွင့်တွေ ကောက်ထားတာ... လာစားကြည့်"


ယွီနျန်က အရှိန်ကို လျှော့ချလိုက်ပြီး မစ္စဖုန့်၏ နောက်မှတဆင့် အထဲသို့ ဝင်လာခဲ့သည်။ စားပွဲထက်တွင် လက်ဖက်ရည်တစ်ခွက်နှင့် အဆာသွပ်မုန့်တစ်ပန်းကန် ရှိနေသည်။ 


ယွီနျန် လက်ဆေး၍ တစ်ကိုက်ကိုက်ကြည့်လိုက်သည်။ ပွင့်ဖတ်များ၏ မွှေးရနံ့တို့က နှုတ်ခမ်းနှင့် လျှာဖျားထဲသို့ သင်းပျံ့၍လာလေသည်။ ယွီနျန် ချီးကျူးလိုက်သည်။


 "အရသာ ရှိလိုက်တာ... ကျွန်တော် ကလေးဘဝက စားခဲ့ဖူးတဲ့ နှင်းဆီပွင့်ဖတ်အဆာသွပ်မုန့်ကို အမှတ်ရမိတယ်"


မစ္စဖုန့်ကလည်း မျက်လုံးထောင့်လေးများ တွန့်သည်အထိ ပြုံးလိုက်သည်။


 "မလုပ်ဖြစ်တာတောင် တော်တော်လေး ကြာနေပြီ... စားကောင်းလို့ တော်သေးတာပေါ့" 


သူမက နှုတ်ခမ်းထောင့်မှ လက်ဖက်ရည်စက်များကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်ပြီး သာမန်ကာလျှံကာ မေးလိုက်သည်။


 "အရင်တစ်ခေါက်က အဘွားတို့ ပြောကြတာ ဘယ်နားရောက်နေပြီလဲ"


ယွီနျန်က မုန့်ကို ပြန်ချ၍ အလေးအနက် ပြန်ဖြေသည်။ " 'အိပ်မပျော်နိုင်သူ စာလိပ်'နဲ့ 'ကောင်းကင်ကြီးမက မြင့်မြတ်လှတဲ့ သူတော်ကောင်းတရားအတွက် ဆုတောင်းခြင်း'ရဲ့ နှိုင်းယှဥ်ချက်ကို ဆွေးနွေးနေကြတာပါ"


“ဟုတ်တယ်... မှတ်ဥာဏ်တွေလည်း မကောင်းတော့ပါဘူး" မစ္စဖုန့်က သူမ၏ နှုတ်ခမ်းများကို

လက်ကိုင်ပုဝါဖြင့် ထပ်သုတ်ကာ စိမ်ပြေနပြေ ဆက်ပြောနေသည်။


 "မင်းအမြင်အရဆို ဘယ်အရာကများ 'ကောင်းကင်ကြီးမက မြင့်မြတ်လှတဲ့ သူတော်ကောင်းတရားအတွက် ဆုတောင်းခြင်း'က ထူးခြား ပြောင်မြောက်စေတယ်လို့ ထင်လဲ"