Chapter 101
ခင်ဗျား ဒီသီချင်းကို ဘယ်လိုလုပ် သိနေတာလဲ...
တစ်ခွန်းနှစ်ခွန်းပြောပြီးနောက် ယွီနျန်က ဖုန်းချလိုက်ပြီး ဓါတ်လှေကားထဲ ဝင်လိုက်သည်။ သူက လက်ဗွေနှိပ်လိုက်ရင်း ရွှယ်ယုံရှိမည့် အထပ်ကို ခလုတ်နှိပ်လိုက်သည်။
မျက်နှာပြင်က လိမ္မော်ရောင် စာလုံးလေးများက တဖြေးဖြေးတိုးလာပြီး သူလည်း ရွှယ်ယုံ့နေရောနှင့် ပိုပိုနီးကပ်လာပြီ ဖြစ်သည်။ ရွှယ်ယုံက သူ့ကို လျစ်လျူရှုနေပါက မည်သို့လုပ်ရမည်နည်းဟု ယွီနျန်က မနေနိုင်မထိုင်နိုင် စိတ်ကူးကြည့်မိသည်။ သို့မဟုတ်...ဖြစ်နိုင်တာက...
အတွေးနယ်ချဲ့နေရင်း ဓါတ်လှေကားတံခါး ပွင့်သွားသည့်အချိန် သူတွေးနေသည့်သူက ဝင်ပေါက်တည့်တည့်တွင် စောင့်နေမှန်း တွေ့လိုက်ရသည်။
ယွီနျန်က မနေနိုင်ပဲ အရင်ဆုံး ပြုံးပြလိုက်သည်
" ခင်ဗျား... ကျွန်တော့်ကို စောင့်နေတာလား"
"ဟုတ်တယ်" ရွှယ်ယုံက ယွီနျန့်လက်ကို လှမ်းကိုင်လာပြီး ဓါတ်လှေကားထဲမှ ဆွဲထုတ်လိုက်သည်။ သူက လှည့်ကြည့်လာပြီး နူးနူးညံ့ညံ့လေသံနှင့် မကျေမနပ်ပြောလာသည်
" ဒီဓါတ်လှေကားက အရမ်းနှေးတာပဲ... ကိုယ်က နံပတ်တွေ ပြောင်းနေတာကို အကြာကြီး ကြည့်နေရတာ... ပြီးတော့ မင်းကလည်း ပေါ်မလာသေးတာနဲ့..."
ယွီနျန့်နှလုံးသားလေးက ပြေလျော့သွားပြီး စိတ်အေးသွားသလို ခံစားရသည်။ သူက ရှေ့သို့ တစ်ချက် လှမ်းလိုက်ပြီး ရွှယ်ယုံ့ကို ဖက်ထားလိုက်သည်။
သူ၏ လုပ်ဆောင်ချက်ကြောင့် ရွှယ်ယုံက တစ်ခဏမျှ တောင့်သွားရင်း သူ့လက်ကို ဘယ်ထားရမလဲ မသေချာမရေရာ ဖြစ်နေသည်။
"နျန်နျန်... ဘာဖြစ်လို့လဲ... နေလို့မကောင်းဘူးလား... စိတ်ညစ်နေတာလား... တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်ခဲ့လို့လား"
"ကျွန်တော် တောင်းပန်ပါတယ်" ယွီနျန်က ပြောလိုက်ပြီး ရွှယ်ယုံ့ဘက်က တုံ့ပြန်မှုကို အသက်အောင့်လျက် စောင့်နေသည်။
အချိန်တစ်ခုစာ တိတ်ဆိတ်သွားပြီးနောက် ရွှယ်ယုံက လက်မြောက်ပြီး ယွီနျန့်ကို မ,ချီလိုက်သည်။
အလိုက်သိစွာ ယွီနျန်က ရွှယ်ယုံ့ခါးတွင် ခြေထောက်ဆို့ ရစ်ပတ်လိုက်ရင်း အာမေဍိတ်သံနှင့် ပြောလာသည်
" ရွှယ်ယုံ..."
လေသံတိုးတိုးနှင့် ရွှယ်ယုံက အမိန့်ပေးလာသည် " နျန်နျန်... ကိုယ့်ခါးကို တင်းတင်း ချိတ်ထားပေး"
ယွီနျန်က နာခံလိုက်ပြီး မကြာမီ တင်းမာပြီး စိတ်လှုပ်ရှားနေသော ခန္ဓာကိုယ်နှင့် ရွှယ်ယုံ၏ ပူနွေးတောက်လောင်နေသော လက်များက သူ့အနောက်ပိုင်းကို ထောက်ပေးထားမှန်း သိလိုက်ရသည်။
ရွှယ်ယုံ့ပွေ့ဖက်မှုကြောင့် သက်တောင့်သက်တာ ခံစားရ၍ ယွီနျန့် နှုတ်ခမ်းတို့ တွန့်ကွေးသွားပြီး အပြုံးတို့ ဖြစ်တည်လာသည်။
ရုံးခန်းထဲ ဝင်သွားသည်နှင့် ရွှယ်ယုံက ယွီနျန့်ကို ဆိုဖာထိ တောက်လျှောက်ချီလာပြီး ညင်ညင်သာသာ နေရာချပေးလိုက်သည်။ ကိုယ်ကို ကုန်းလိုက်ရင်း သူက ပြောလာသည်
" အဆင်ပြေပါတယ်"
ထို့နောက် ရွှယ်ယုံ့လက်ချောင်းများက ယွီနျန့်လက်ချောင်းများကို ဖြေးဖြေးရစ်ပတ်လာ၍ မျက်လွှာချထားလိုက်သည်။ တစ်ခဏအကြာ သူက နူးနူးညံ့ညံ့ပြောလိုက်၏။
"ကျွန်တော်က အခုလေးတင် လှဲခဲ့တာ ဆိုတော့ တမျိုးပဲ"
ယွီနျန့်ရင်ဘတ်ကို လက်နှင့် ထောက်လာပြီး ရွှယ်ယုံက နှုတ်ခင်းတင်းတင်း စေ့ပြီး ဝန်ခံလာသည် " ကိုယ် စိတ်ပူလို့ပါ"
နှစ်မိနစ်ကြာပြီးနောက် ယွီနျန်က မှန်နံရံကြီး အနီးတွင် ဆိုဖာနှစ်ခု ချလာရင်း ပုတ်ပြပြီး ရွှယ်ယုံ့ကို ဖိတ်ခေါ်လိုက်သည်
" ကျွန်တော်နဲ့အတူတူ ထိုင်ချင်လား"
ရွှယ်ယုံက သူ၏ လည်စီးပဝါအနက်ကို လက်တစ်ဖက်နှင့် ဖြေလိုက်ရင်း အပေါ်ကုတ်၏ ထိပ်ပိုင်းကြယ်သီးများကို ဖြုတ်လိုက်၍ ပေါ့ပေါ့ပါးပါးနှင့် သက်သက်သာသာပုံစံ ဖြစ်သွားသည်။ သူက ယွီနျန်ရှိရာ လမ်းလျှောက်လာပြီး ဆိုဖာပေါ် ထိုင်ချလိုက်သည်။
သူတို့ရှေ့တွင် သူတို့အရိပ်များက မှန်နံရံပေါ် ထိုးဖောက်သွားပြီး နီယွန်မီး တစ်လက်လက်နှင့် ညမီးရောင်ထဲ ထိုးထွက်နေသည့် မိုးမျှော်အဆောက်အအုံများကို မြင်ရစေသည်။
တစ်ယောက်နှင့် တစ်ယောက် နီးကပ်စွာ ထိုင်နေရင်း ယွီနျန်က ရွှယ်ယုံ့ထံမှ သစ်ကတိုးနံ့ဖျော့ဖျော့ ရလိုက်သည်။ သူ ဘယ်ကစရမှန်း ရုတ်တရက် မသိတော့။ သူ့နံရံထဲသို့ ချစ်မြတ်နိုးရသည့်သူ တစ်ယောက်ကို ပထမဆုံး အကြိမ် ဖိတ်ခေါ်ရသလိုမျိုး မဝံ့မရဲနှင့် တွန့်ဆုတ်ဆုတ်ဖြစ်နေသည်။
ရွှယ်ယုံက သူ့လက်ကို ညင်ညင်သာသာနှင့် ယွီနျန့်လက်ပေါ် ထပ်တင်လိုက်သည်။
ယွီနျန်ကလည်း ရွှယ်ယုံ့လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်ရင်း ပြုံးပြလာသည်
" ကျွန်တော်ပြောမယ့်အရာက တော်တော် ရှည်လောက်တယ်"
သူက တစ်ခဏမျှ စကားရပ်သွားပြီး ဆက်ပြောလာသည်
" ကျွန်တော်ကို ငယ်ငယ်လေးကတည်းက အဘိုးအဘွားကပဲ ပျိုးထောင်ပေးလာတာ...ကျွန်တော့်အမေနာမည်က ယွဲ့ထာယင်း ကျွန်တော့်အဘိုးအဘွားတွေရဲ့ အငယ်ဆုံးသမီး... ကျွန်တော့်အဘွားက ကျွန်တော့်အမေကို မွေးတော့ အသက်သုံးဆယ်ထဲ ရောက်နေပြီ... ကျွန်တော့်အဘိုးက ပြောခဲ့တာ 'ထာယင်း' ဆိုတဲ့ နာမည်က 'ညနက်ထဲ တစ်ယောက်တည်း ရပ်နေ... ကျိုးတိုးကျဲတဲ အရိပ်တွေနဲ့... စမ်းငယ်လေးပေါ် လရောင်ငယ် ကြာညောင်းခဲ့ပြီ' ဆိုတဲ့ စကားစုကနေ မှည့်ခဲ့တာတဲ့"
ရွှယ်ယုံက မှတ်ချက်ပေးလာသည်
" လှလိုက်တဲ့ နာမည်လေးပဲ"
"ဟုတ်တယ်... ပြီးတော့ ကျွန်တော့မိသားစုက ချင်းရှီလမ်းမှာ နေခဲ့ကြတာ... "
ယွီနျန်က မှန်နံရံအပြင်ဘက်ကို မော့ပြီး စိုက်ကြည့်လိုက်သည်။
" ကျွန်တော့်အမေနဲ့ ပတ်သက်တဲ့ မှတ်ဥာဏ်ဆိုလို့ နာမည်နဲ့ ဓါတ်ပုံနည်းနည်းလောက်ပဲ ရှိတာ... ကျွန်တော်က နှစ်သစ်ကူးညမှာ မွေးခဲ့ပြီးတော့ ကျွန်တော့အမေက ကျွန်တော့်ကို မွေးပြီးပြီးချင်း ဆုံးသွားခဲ့တာလေ... ကျွန်တော့်အဘွား ပြောခဲ့တာက သူမက ဒီလောကကြီးထဲက ထွက်မသွားခင် ကျွန်တော့ကို တွေ့ရဖို့ တောင်းဆိုခဲ့တယ်တဲ့ ဒါကြောင့် ကျွန်တော်က ကျွန်တော့မွေးနေ့ကို တစ်ခါမှ မကျင်းပခဲ့ဖူးဘူး"
"ကျွန်တော့်အဖေ ဘယ်သူလဲ ဆိုတာ ကျွန်တော် မသိဘူး... ပြီးတော့ ကျွန်တော့အမေကလည်း အဖေ့အကြောင်းကို တစ်ခါမှ ပြောမပြခဲ့ဘူးတဲ့... ကျွန်တော့် အဘိုးအဘွားတွေတောင် မသိဘူး... အဲ့ဒီခေတ်တုန်းက လက်မထပ်ပဲ ကလေးမွေးတာကို သိပ်သဘောမကျကြဘူး... ဒါပေမယ့်လည်း ကျွန်တော့်အဘိုးအဘွားတွေက အများကြီး မတွေးကြပါဘူး... ကျွန်တော့် အဘိုးက တစ်ယောက်ယောက်ရဲ့ အဖေကို သိရမယ် အဖေဖြစ်သူရဲ့ မျိုးရိုးနာမည်ထည့်ပေးရမယ် ဆိုတာက အမျိုးသားတွေကို အမျိုးသမီးတွေထက် ပိုဦးစားပေးတဲ့ လူ့ဘောင်အဖွဲ့အစည်းရဲ့ စည်းမျဥ်းသတ်မှတ်ချက်တွေပါပဲ လို့တောင် ပြောခဲ့သေးတယ်... ဒါကြာင့် ကျွန်တော့်အဖေရင်းကို ရှာဖို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး...ကျွန်တော့်အဘိုးအဘွားတွေ စောင့်ရှောက်ပေးထားတာနဲ့တင် လုံလုံလောက်လောက် ကံကောင်းနေပါပြီ... ကံကောင်းတာထက်ကို ပိုပါတယ်"
"သူတို့နှစ်ယောက်စလုံးက အံ့သြစရာကောင်းတဲ့ သူတွေပဲ"
"ဟုတ်တယ်... သူတို့က တကယ် အံ့သြစရာကောင်းတာ..."
ယွီနျန့်မျက်လုံးများက အပျော်ကြောင့် တလက်လက် ဖြစ်နေသည်
" ကျွန်တော့်အဘိုးနာမည်က ယွီရှို့နျင်းလေ... လက်ရေးလှရေးတဲ့သူတစ်ယောက်... ယဥ်ကျေးမှုအမွေအနှစ် စစ်ဆေးအကဲဖြတ်တဲ့နေရာမှာ ဆရာတစ်ဆူ... ပြီးတော့ တရုတ်ရိုးရာယဥ်ကျေးမှုရဲ့ ဆရာသခင် ဆိုပြီး လူတော်တော်များများက သူ့ကို ဂုဏ်ပုဒ် အမျိုးမျိုးပေးကြတယ်...အသက်ငယ်ငယ်လေးတည်းက ကျွန်တော့်အဘိုးနဲ့ စာရေးစာဖတ် လေ့လာသင်ယူခဲ့တယ်... တစ်ယောက်ယောက်က သူ့ဆီလာပြီး ယဥ်ကျေးမှုအမွေအနှစ်ပစ္စည်းတွေ အကဲဖြတ်ပေးဖို့ ပြောလာတဲ့အခါမှာလည်း ကျွန်တော်က သူနဲ့အတူ လိုက်ခဲ့ရတယ်... တခြားသူတွေက လက်ရေးလှရေးပေးဖို့ သူ့ဆီ လာရှာတဲ့အခါမှာလည်း ကျွန်တော်က ဘေးကနေ မှင်သွေးကူပေးရတယ်"
ရွှယ်ယုံက သိပ်ပြီး အံ့သြမသွားသော်လည်း မေးလာသည်
" ချင်းရှန်းယွီ မိသားစုက မစ္စတာရှို့နျင်းကို ပြောတာလား"
"အမှန်ပဲ... လူတော်တော်များများက သူ့ကို အဲ့လိုညွှန်းဆိုကြတယ်... ကျွန်တော် သေးသေးလေးတုန်းက သူက မစ္စတာရှို့နျင်း မဟုတ်ပဲ ကျွန်တော့် အဘိုးဆိုပြီး အဘိုးကို လာတွေ့တဲ့ ဧည့်သည်ကိုတောင် အမှန်ပြင်ပေးခဲ့သေးတယ်... "
ရွှယ်ယုံ့အကြည့်တို့ နူးညံ့သွားသည်
" အဲ့ဒီတုန်းက မင်းအသက် ဘယ်လောက်ရှိပြီလဲ"
"သုံးနှစ်လောက်လား... သိပ်မသေချာတော့ဘူး"
ယွီနျန့်မျက်လုံးများက နီယွန်မီးများနှင့် ရောင်ပြန်ဟပ်နေသည်
" ကျွန်တော့်အဘွားနာမည်က ရှန်းလင်းယီလေ... ပြီးတော့ သူမက နျင်းမြို့တော်က ရှန်းမိသားစုရဲ့ အငယ်ဆုံးသမီး.. သူမက တေးရေးတည်းဖြတ်တဲ့ နေရာမှာ အရမ်းကျွမ်းကျင်တာ...
ကျွန်တော်ငယ်ငယ်တုန်းက သူမ သီချင်းအပြီးသတ်ရေးနေတာကိုတောင် တွေ့ဖူးသေးတယ်... သူမက ကုချင်တီးပြီး အဘိုးက ရှောင်းပလွေကို မှုတ်တယ်...အဲ့ဒီအချိန်တုန်းကတော့ ကျွန်တော်က အရာရာတိုင်းက အမြဲတမ်း လှပနေမှာပဲလို့ တွေးခဲ့တာ"
"နောက်ပိုင်း ကျွန်တော့်အသက် ၁၂နှစ်နှစ်မှာ အဘိုးဆုံးခဲ့တယ်... အဲ့ဒီတုန်းက ကျွန်တော့်အဘွားကတော့ ညတွင်းချင်း ၁၀နှစ်စာလောက် အိုစာသွားတဲ့ပုံပဲ... ပြီးတော့ "ယွီအိမ်တော် "ကို "သူမရဲ့ ကွယ်ပျောက်သွားတဲ့ ခင်ပွန်းဖြစ်သူ ရှို့နျင်းကို လွမ်းဆွတ်သတိရခြင်း" ဆိုတဲ့ အဓိပ္ပါယ်နဲ့ "စီနျင်းအိမ်တော်" လို့ ပြောင်းခဲ့တယ်..."
ယွီနျန်က အတိတ်ကို လွမ်းဆွတ်တမ်းတနေသည့် နူးနူးညံ့ညံ့လေသံလေးနှင့် ပြောနေသည်
" ကျွန်တော့်အဘိုးဆုံးတော့ လူတွေအများကြီး အရိုအသေပေးဖို့ လာခဲ့ကြတာ... ကျွန်တော်က အထိမ်းအမှတ်ခန်းမရှေ့မှာ ဒူးထောက်ခဲ့ပြီး နှုတ်ဆက်လာတဲ့ လူတိုင်းကို ပြန်ပြီး နှုတ်ဆက်ခဲ့ရတယ်... အဲ့ဒီနောက် ကျွန်တော် အရွယ်ရောက်ဖို့ လိုလာပြီမှန်း ကိုယ့်ကိုယ်ကို ဖြေးဖြေးချင်း နားလည်လာခဲ့တယ်... ကျွန်တော့်အဘွားနဲ့ မိသားစုကိုလည်း စောင့်ရှောက်ပေးရမယ်... အဲ့ဒီအချိန်တုန်းက ကျွန်တော်က ပြဿနာတွေကို အမှီအခိုကင်းကင်းနဲ့ ကိုယ်တိုင် ဖြေရှင်းတတ်ဖို့ သင်ယူခဲ့တယ်"
ယွီနျန့်လက်ကို ကိုင်ထားသည့် ရွှယ်ယုံ့လက်များက တင်းကျပ်လာသည်။
"ကျွန်တော် အသက်ဆယ့်ရှစ်နှစ် ပြည့်တော့ ကျွန်တော့်အဘွားရဲ့ ဘဝလည်း အဆုံးသတ်ကို ရောက်လာခဲ့တယ်... အဘွားက အရင်ရက်တွေကတည်း ကြိုပြီး ခံစားမိနေသလားပဲ... အဘွားက ကျွန်တော့်လက်ကို ခဏခဏ ကိုင်ထားရင်း ပြောခဲ့တာ ' ဘဝကံကြမ္မာဆိုတာ တက်လိုက် ကျဆင်းလိုက်နဲ့ လည်ပတ်နေတဲ့ အရာပဲ... လူဆိုတာလည်း မွေးဖွားလာပြီးရင် သေရမှာမို့ အရမ်း ဝမ်းနည်းမနေပါနဲ့ " တဲ့
အဲ့ဒီကာလအတွင်း ကျွန်တော့်အဘွားကို ဆုံးရှုံးရမှာ ကြောက်လို့ ညညဆို အိပ်မပျော်နိုင်ဘူး... ပြီးတော့ တစ်နေ့မှာ ကျွန်တော် သူမကို နိုးဖို့သွားတော့ အသက်မရှိတော့ဘူးဆိုတာ သိခဲ့ရတယ်... အဲ့ဒီအချိန်မှာ ကျွန်တော့်ရင်ထဲ ဘာမှမရှိတော့သလို ဗလာဖြစ်သွားပြီး ဘယ်လိုတုံ့ပြန်ရမလဲ မသိခဲ့ဘူး"
ရွှယ်ယုံက လေသံကို နိမ့်လိုက်ရင်း ပြောလာသည်
" ဒါကြောင့် 'လူဆိုတာ မွေးဖွားပြီး သေဆုံးရတယ်... ကံကြမ္မာ အတက်နဲ့အကျလိုပါပဲ... မင်း ထွက်မသွားခင် ရှင်းရှင်းလင်းလင်း ပြောပြသွားပေမယ့် ကိုယ့်မှာ သတ်မှတ်ချက်တွေထဲက မလွတ်မမြောက်နိုင်သေးဘူး....' ဆိုပြီး ရေးခဲ့တာလား"
ရွှယ်ယုံက သီချင်းစာသားကို ဖတ်ပြလာ၍ ယွီနျန်က ထိုင်နေရာမှ မတ်မတ်ဖြစ်သွားရင်း အံ့အားသင့်သွားဟန် ပြောလာသည်
" ဘယ်... ဘယ်လိုလုပ် ဒီသီချင်းကို သိနေရတာလဲ"
ရွှယ်ယုံနှင့် အကြည့်ချင်း ဆုံသွား၍ ယွီနျန်က ရုတ်တရက် အာခေါင်ခြောက်သွားသလို ခံစားရပြီး မသိလိုက်စွာနှင့် လေသံကို တိုးလိုက်သည်
" အရင်တုန်းက ကျွန်တော် အဲ့ဒီသီချင်းဆိုနေတဲ့အချိန် နားထောင်ခဲ့တဲ့သူက ခင်ဗျားလား"
ရွှယ်ယုံက အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး အကြည့်လွဲသွားသည်
" ဟုတ်တယ်... အဲ့ဒီတုန်းက ... ကိုယ့်အဖေ ဆုံးကာစဖြစ်ပြီးတော့ ရုတ်တရက် မိသားစုစီးပွားရေးကို လွှဲယူလိုက်ရတယ်... အဲ့ဒီကာလက..."
သူက နှစ်စက္ကန့်မျှ စကားရပ်သွားပြီး " အရမ်း ခက်ခဲခဲ့တယ်"
ထိုအချိန်အတွင်း ကမ္ဘာကြီးက သူ့ကို ချွန်ထက်ထက်သွားတို့ကို ပြထားပြီးဖြစ်၍ အတိတ်က ဆုံးဖြတ်ချက်များက လက်ရှိအချိန်အပေါ် သက်ရောက်လာသည်။
ယွီနျန်က ပြုံးလိုက်ပြီး လက်နှင့် မေးထောက်လိုက်ရင်း မျက်လုံးများက အလင်းရောင်နှင့်အတူ တလက်လက် တောက်ပနေသည်။
"အဲ့ဒီသီချင်းက အလျင်စလို ရေးလိုက်ရတာ ဆိုတော့ ခေါင်းစဥ်တောင် မပေးထားဘူး... အဲ့ဒီအချိန်တုန်းက ခင်ဗျားက နားဆင်သူသက်သက် ဖြစ်ခဲ့တာလေ... အားလုံး အဆင်ပြေသွားမှာပါ ဆိုပြီး ခင်ဗျားချန်ထားခဲ့တဲ့ မက်ဆေ့ချ်လေးကိုတောင် မှတ်မိသေးတယ်"
သူတို့၏ အခက်ခဲဆုံးကာလများဆီ ခေါင်းစဥ်ပြောင်းသွား၍ တစ်ယောက်နှင့်တစ်ယောက် အားပေးနှစ်သိမ့်ပေးနေကြသည်။
စောစောက ရုန်ယွဲ့ဖုန်းခေါ်လာသည့် အကြောင်းကို ပြန်စဥ်းစားမိရင်း ယွီနျန်က မေးလာသည် " စကားမစပ်... ကနေဒါမှာ ရွှေ့ပြောင်းနေထိုင်တဲ့ တရုတ်လူမျိုး ရှောင်မိသားစုကို သိလား"
ရွှယ်ယုံက မျက်မှောင်ကြုပ်လိုက်ရင်း မေးလာသည်
" သူတို့နဲ့ ရင်းနှီးတယ်လေ...ဘာကိစ္စရှိလို့လဲ"
" လက်ရှိမှာ ကျွန်တော် ပိုင်တဲ့ ' ရစ်မူးနေတဲ့ မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ်' ပန်းချီကားကို ရှောင်ထင်းဆိုတဲ့ နာမည်နဲ့လူက ဝယ်ချင်နေတာ...ယွမ်ကျားလေလံအိမ်မှာတုန်းက ရှောင်ထင်းရဲ့ လက်ထောက်တစ်ယောက်က သူက ကျွန်တော့်ကို တွေ့ချင်နေတယ်လို့ ပြောပြီး တားလာတာ... ဒါပေမယ့် ကျွန်တော် အာရုံမစိုက်ခဲ့ပါဘူး"
ရွှယ်ယုံ၏ စိတ်ပူနေသည့် ပုံစံကို တွေ့လိုက်ရ၍ ယွီနျန်က အကျယ်တဝင့် ပြုံးပြလိုက်ရင်း ပြောလာသည်
" သိပ်မပြင်းထန်ပါဘူး...အဲ့ဒီပန်းချီကားအပေါ် သူ ဘာလို့ စွဲလမ်းနေမှန်း ကျွန်တော်က သိချင်ရုံလေးပါ"
ရွှယ်ယုံက ပြန်လည်စဥ်းစားရင်း ပြောပြလာသည်
" ရှောင်မိသားစုက ကနေဒါမှာ ပြောင်းရွှေ့နေထိုင်ခဲ့တာ အချိန်တစ်ခုစာ ကြာပြီဆိုတော့ တော်တော်လည်း အမြစ်တွယ်နေပြီ... မကြာသေးခင်က ရှောင်မိသားစုခေါင်းဆောင်က သေတမ်းစာ ပြင်ဆင်နေပြီး ဆက်ခံသူရွေးဖို့ လုပ်နေတယ်လို့ သတင်းထွက်လာတယ်..
. ဒါကြောင့် ရှောင်ထင်းအပါအဝင် အလားအလာရှိတဲ့ ဆက်ခံသူပေါင်းများစွာက လှုပ်လှုပ်ရွရွ ဖြစ်လာကြတယ်... ရှောင်မိသားစုရဲ့ သခင်မကြီးက ရှေးဟောင်းပန်းချီတွေ စုဆောင်းရတာ ကြိုက်တယ်...ပြီးတော့ ရှောင်ထင်းကလည်း သူမရဲ့ အချစ်တော် ဖြစ်ဖို့ ကြိုးစားနေတာဆိုတော့ 'ရစ်မူးနေတဲ့ မြင်းက နွေဦးမှာ ဦးတည်ရာမဲ့ လျှောက်သွားနေတယ် ' ပန်းချီကားက သူ့ရဲ့ ကုတ်တွယ်ရာ အဖြစ် ပစ်မှတ်ထားနေတာ ဖြစ်လောက်မယ်"
ယွီနျန်က ခေါင်းထဲ အကြံတစ်ခု ပေါ်လာ၍ မျက်လုံးထက် ညစ်ကျယ်ကျယ်အရိပ်တို့ စွန်းထင်းလျက် ပြောလာသည် " ဒါဖြင့် ကျွန်တော့်ကောင်လေးနဲ့ ရှောင်ထင်းနဲ့ ယှဥ်ကြည့်ရင် ဘယ်သူက ပိုပြီး အာဏာရှိလောက်လဲ"
ရွှယ်ယုံက ကျောကို မတ်လိုက်ရင်း လက်ချောင်းများနှင့် နှုတ်ခမ်းထောင့်ကို အသာအုပ်လိုက်ပြီး ပြောလာသည် " ကိုယ်ပဲ" ။ သူ့မျက်တောင်များက အနည်းငယ် တုန်ခါနေပြီး အလေးအနက် ပြောလာသည်
" ကိုယ်က အများကြီး အများကြီး ပိုအာဏာရှိတယ်"