အပိုင်း ၉၀
Viewers 21k

Chapter 90

လုပ်လို့မရဘူးလား... ရတာပေါ့... မင်းလုပ်လို့ရတယ်လေ...



နောက်တစ်နေ့တွင် သူတို့က အဖွဲ့တွင် ပါဝင်ခဲ့ပြီး ရှစ်ရော့ကလည်း သူမဘေးမှ အိတ်အကြီးကြီးကို လက်ညှိုးထိုးပြလိုက်သည်။ 


"အစ်မ Uပုံစံ ခေါင်းအုံးရယ် maskတွေရယ် ယူလာခဲ့တယ်... လိုရင် အစ်မကို လှမ်းပြောနော်... အစ်ကိုမုန့်က အစည်းအဝေး လုပ်နေလို့ လေဆိပ်မှာ တွေ့မယ်ပြောတယ်"


ယွီနျန်က အဖြူရောင် လျှာထိုးဦးထုပ်လေးကို ထုတ်ကာ ပြန်ဖြေလိုက်သည်။ "ဟုတ်... အချိန်ကျရင် လာတောင်းမယ်လေ"နာနီကား စတင်ထွက်ခွာလာသောအခါ ယွီနျန်တစ်ယောက် ပိုက်ဆံအိတ်ကို ထုတ်၍ ဖွင့်ကြည့်လိုက်သည်ကို ရှစ်ရော့ သတိပြုမိသွားသည်။ သူမက သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။ 


"နျန်နျန်... ပုံမှန်ဆို ပိုက်ဆံအိတ် မသုံးပါဘူး"


"အခု လိုလာလို့"


တစ်စုံတစ်ယောက်က ပိုက်ဆံအိတ်ထဲတွင် ထည့်ကာ သူနှင့်အတူ သယ်သွားရန် ဓါတ်ပုံပေးထားခဲ့သည့်အတွက်ကြောင့်သာပင်။ 


ရှစ်ရော့မှာ ထပ်မမေးတော့ဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။ "စကားမစပ်... စိတ်ရှုပ်စရာကောင်းတဲ့ ထန်းရှောင်ခယ်ကလည်း ဟာဆီရှိုးကို တက်မယ်လို့ သတင်းရထားတယ်... သူ့ကို နေရာတိုင်း တွေ့နေရတာပဲ"


“သူလည်း သွားမှာလား" ယွီနျန်က သူသည်သာ ရှိုးက ဖိတ်ကြားထားသည့် တစ်ဦးတည်းသော အမျိုးသား အနုပညာရှင်ဖြစ်ကြောင်း အမှတ်ရသွားသဖြင့် မေးလိုက်သည်။ 


"ထန်းရှောင်ခယ်က ဘယ်လို ဖိတ်ကြားချက်မျိုး ရထားတာလဲ"


"ဘယ်လိုဖိတ်ကြားချက်မျိုး ရမှာလဲ... ငွေသုံးပြီး ရလာတာမျိုးပေါ့... သူက ပိုက်ဆံ ဘယ်လို သုံးရမလဲ သိသားနော်... အစ်မ စပ်စုကြည့်ပြီးပြီ... သူက မိသားစုထဲမှာ တစ်ဦးတည်းသောသားမို့လို့ သူ့အဘွားက သူ့ကို အလွန်အကျွံ အလိုလိုက်ထားတာတဲ့... သူလိုချင်သမျှ အားလုံး ပေးတယ်... အသက်ဆယ့်ခုနစ်နှစ် အရွယ်မှာ ပြိုင်ကားနဲ့ တစ်ယောက်ယောက်ကို တိုက်မိလို့ သူ့မိသားစုက ငွေသုံးပြီး ဖြေရှင်းခဲ့တာတဲ့... အဲ့အချိန်တုန်းက ထိခိုက်သွားတဲ့လူကို ကယ်ရမဲ့အစား သူ့အဘွားက ထန်းရှောင်ခယ်ကို သူ့မြေးလေး လန့်သွားရှာတယ်ဆိုပြီး ဖက်ငိုခဲ့တာတဲ့... သောက်ကျိုးနဲ... အစ်မ အဲ့အကြောင်းကြားတော့ ကိုယ့်ကိုယ်ကိုယ်တောင် တန်ဖိုး မရှိတော့သလိုပဲ"


ယွီနျန် မျက်မှောင်ကြုတ်လိုက်သည်။


 "ပြီးတော့ ဘာဆက်ဖြစ်လဲ"


"သူတို့က ငွေတွေအများကြီးလျော်လိုက်တော့ ထန်းရှောင်ခယ်လည်း လုံးလုံးလျားလျား လွတ်သွားတော့တာပေါ့" ရှစ်ရော့က အေးတိအေးစက် နှာမှုတ်ကာ လက်သီးဆုပ်လိုက်သည်။


 "ဒါကြောင့်မို့ သူက လူကောင်း မဟုတ်ဘူးဆိုတာ သိသာနေတာ... နျန်နျန်... နောက်တစ်ခါ အစ်မတို့ သူနဲ့ ထိပ်တိုက်တွေ့ရင် အသေအကြေ ဆွဲဖြဲကြရအောင်"


သူမ၏ မခံမရပ်နိုင်ဖြစ်နေသော အမူအယာကို ကြည့်ကာ ယွီနျန် ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။


 "ဒါပေါ့"


ဆယ့်နှစ်နာရီ လေယာဥ်စီးပြီးနောက် ယွီနျန် ဘေးကင်းကင်း ရောက်လာခဲ့ပြီး ပွဲစီစဥ်သူက ကားအကြိုလွှတ်ပေးခဲ့သည်။ သူတို့က အနားယူရန်အတွက် ဟိုတယ်ကိုသာ တန်းလာခဲ့ကြသည်။ နောက်တစ်နေ့ မနက်စောစောတွင် ယွီနျန်က ရွှယ်ယုံကို မိနစ်အနည်းငယ်ကြာ ဗီဒီယိုကော ခေါ်ခဲ့ပြီးနောက် ချက်ချင်းပင် ပွဲတက်ရန်အတွက် ပြင်ဆင်လေတော့သည်။


ရှစ်ရော့က သူမ၏ ဖုန်းကို ထုတ်၍ ကြည့်လိုက်ရာ မျက်နှာပြောင်းသွားလေသည်။


 "ယွီနျန်... မျိုးရိုးထန်းရဲ့ ပုံတွေ ဘာလို့ ဒီလောက်တောင် တက်နေရတာလဲ"


"ထန်းရှောင်ခယ်လား" 

ယွီနျန်က မှန်ရှေ့တွင် ထိုင်နေပြီး စတိုင်လစ်က ဆံပက်ပြင်ပေးနေခဲ့သည်။ သူ ရှစ်ရော့အား မေးလိုက်၏။


 "ဘာဖြစ်လို့လဲ"


“သူ ဘယ်နေရာကနေ သတင်းရလာလဲ မသိပါဘူး... ဒီနေ့ မင်းဝတ်မဲ့ ဝတ်စုံနဲ့ တစ်ထပ်တည်းတူတဲ့ ဝတ်စုံကို ဝယ်ခဲ့တယ်လေ... သူမင်းကို လာယှဥ်ချင်နေတာ နေမှာပေါ့" ရှစ်ရော့က မျက်မှောင်ကြုတ်ထားလေသည်။ "ပွဲစီစဥ်သူက ဒီဝတ်စုံကို ဝတ်ရမယ်ဆိုပြီး သေချာပြောထားတာ... သူက အဝတ်ချင်း လာယှဥ်မလို့လား"


ယွီနျန်က နှုတ်ခမ်းထောင့်လေးများကို ပင့်တင်လိုက်သည်။ 


"မစိုးရိမ်ပါနဲ့.. ကျွန်တော်တို့က ဝတ်စုံအတူတူ ဝတ်ကြမှာပဲဟာ... သူနဲ့ ယှဥ်ရပ်ရင် ကျွန်တော် ရှုံးသွားမယ်လို့ အစ်မ ထင်လို့လား"


"ဘယ်ထင်ပါ့မလဲ" ရှစ်ရော့က ရုတ်တရက် စိတ်အားတက်ကြွလာသလိုပင်။ 


"ဝတ်... ဝတ်... ဝတ်သာဝတ်... အဝတ်အစားချင်း ပြိုင်ရတာလောက်ကတော့ ကြောက်စရာကောင်းမနေဘူး... ပိုကြည့်ရဆိုးတဲ့သူက ရှက်ရမှာပဲ .. သူက အစ်မတို့ကို တမင်သက်သက် လာရင်ဆိုင်ချင်ရင် သူ့ကို ပြန်တိုက်ကြရုံပေါ့... အစ်မတို နောက်ဆုတ်မှာ မဟုတ်ဘူး"


"ဟုတ်တယ်... ဒါကြောင့်မို့ မပျော်မရွှင် ဖြစ်မနေနဲ့တော့... အစ်ကိုမုန့်ကိုသာ အဲ့အကြောင်း သတိတရ ပြောလိုက်ဦး... ထန်းရှောင်ခယ်ရဲ့ အဖွဲ့က ထုတ်ပြန်ချက်တစ်ခု ထုတ်လိမ့်မယ်... ကျွန်တော်တို့က လက်ဦးမှုယူပြီး ရိုက်ချပစ်ရမယ်"


ရှစ်ရော့မှာ တိုက်ခိုက်ချင်စိတ်များ အပြည့်ဖြစ်သွားသည်။ 


"အိုကေ... ပြဿနာ မရှိဘူး" 


ဟာဆီရှိုးဘက်မှ တင်ပေးသော ပုံများ တက်လာသောအခါ မျက်စိလျင်လှသောဖန်များက ပြဿနာကို ချက်ချင်းဖမ်းမိသွားကြသည်။


[ဘယ်လို ဖြစ်တာတုန်း... ပုံတွေကို ကြည့်လိုက်စမ်းပါဦး... ငါတို့ရဲ့ သခင်လေးထန်းရဲ့ အင်္ကျီတွေက ယွီနျန်နဲ့ တစ်ထပ်တည်းတူနေတယ်... ဒီလိုပွဲမျိုးမှာ တူတဲ့ ဝတ်စုံကို ဝတ်တာက @ထန်းရှောင်ခယ်ရဲ့ စတူဒီယိုက အလုပ်ဆက်မလုပ်ချင်ကြတော့ဘူးလား... သူတို့က ကြိုပြီး မဆက်သွယ်ထားဘူးလား]


[အမလေး... နျန်နျန်က ဟာဆီဘက်ကနေ တရားဝင်ဖိတ်ကြားခံထားရတာနော်... ပြီးတော့ ဝတ်စုံကိုလည်း ပွဲစီစဥ်သူက သေချာရွေးပေးထားတာ... ဒီနေရာမှာ တမင်တကာ ရည်ရွယ်တာမျိုး မရှိဘူးနော်... ဒါဆို ထန်းရှောင်ခယ်ဘက်က အဝတ်အစားချင်း တိုက်အောင် တမင် အစီအစဥ်ချထားတာလား... ပြဿနာ ရှာလိုက်တာပေါ့လေ... ယွီနျန်အတွက် စိတ်မကောင်းဘူး... သူ့ခမျာ ရှိုးကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲသင့်တာကို အခုတော့ ဒီလို စိတ်ပျက်စရာ အခြေအနေနဲ့ ကြုံလာရတယ်]


[ထန်းရှောင်ခယ် ဝယ်ထားတဲ့ ကွန်မန့်တွေကို ကြည့်လိုက်ပါဦး... တစ်ခုချင်းစီက ယွီနျန်ရဲ့ အရှိန်အဝါကို ဝေဖန်ထားတာ... ယွီနျန်က ဟာဆီရဲ့ အဝတ်အစားတွေ ဝတ်ဖို့ မသင့်တော်ဘူးဆိုပဲ...

တကယ်ပဲနော်... ကျောက်မီးသွေးတွင်း ပိုင်တဲ့ ဒုတိယမျိုးဆက်တစ်ယောက်ကပဲ ဝတ်ခွင့်ရှိနေတာလား... ဒါပေမယ့် နှိုင်းယှဥ်ချက်တွေကို ထန်းကောင်ရဲ့ဘက်က ပြန်ပြင်ထားတဲ့ ပုံတွေနဲ့ ယှဥ်ထားတာနော်... ယွီနျန့်ပုံတွေကျ ပြင်တောင်မပြင်ထားဘဲနဲ့... သူတို့ရဲ့ ပုံပန်းအသွင်အပြင်နဲ့ ဟိတ်ဟန်အမူအယာမှာ ကွာခြားချက်အကြီးကြီး ရှိပါတယ် လုပ်ထားတာ... သူများကို ဝေဖန်ချင်ရင် ကိုယ့်ရုပ်ကို အရင်ပြန်ကြည့်လေ...နင်တို့ရော ဒီလိုပဲထင်ကြလား]


မကြာခင် များစွာသော မားကတ်တင်းအကောင့်များက ချက်ချင်းပင် အခွင့်ကောင်းယူကာ "ယွီနျန် vs ထန်းရှောင်ခယ်: ဟာဆီရှိုးရဲ့ အဝတ်အစားတိုက်ပွဲမှာ ဘယ်သူ နိုင်မလဲ" ဟူသည့် ဆောင်းပါးများ တင်လာကြပြီး မဲပေးရွေးချယ်မှုများ လုပ်လာကြသည်။ သိပ်မကြာခင် အဝတ်အစားတိုက်ပွဲက hot searchသို့ ရောက်လာပြီး နှစ်ဖက်လုံးက ဖန်များက စတင်အငြင်းပွားလာကြလေတော့သည်။ 


ရှစ်ရော့က အပ်ဒိတ်များကို အနီးကပ် လိုက်ကြည့်ပေးနေသည်။ ဝေ့ပေါ်နှင့် ဖိုရမ်များကို စစ်ဆေးပြီးနောက် ယွီနျန်အနားတွင် ရပ်ကာ တီးတိုးပြောလိုက်သည်။ 


"ဖန်တွေက မတုံးဘူး... ထန်ရှောင်ခယ်ရဲ့ နိုင်ငံတကာမှာ အဝတ်အစားတိုက်အောင် လုပ်တာက သိသာထင်ရှားနေတယ်... သူပြဿနာ ရှာနေတာ အားလုံး သိနေကြတာပဲ"


ယွီနျန်က လက်ခံဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး လက်ကြယ်သီးများကို တွယ်နေရင်း ပြုံးပြလိုက်သည်။


 "ကျေးဇူးပါ... အစ်မရော့ရော့"


“ဒါ အစ်မလုပ်သင့်တာပဲလေ... အဲ့ဒီကောင် ထန်းရှောင်ခယ်က ခေါင်းပေါ်မှာ မျက်လုံးတွေ အများကြီး ရှိနေတာ... တကယ် စိတ်ပျက်ဖို့ ကောင်းချက်" 


ရှစ်ရော့က နေရာအနေအထား သိပ်အဆင်မပြေကြောင်း သိနေသဖြင့် များများစားစား မပြောတော့ပေ။ သူမက ယွီနျန်ကို ခြေဟန်လက်ဟန် ပြလိုက်သည်။


 "ကံကောင်းပါစေ"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ "ကျေးဇူးပါ"


ဖက်ရှင်ရှိုးက ယခုမှ စတင်ခြင်း ဖြစ်ပြီး တကယ့် highlightက ရှိုးအပြီး ညစာစားပွဲဖြစ်သည်။ ယွီနျန်တစ်ယောက် ထိန်လင်းနေသည့် ဟောခန်းထဲသို့ ရောက်လာသည်နှင့် ရင်းနှီးနေသော မျက်နှာများကို တွေ့လိုက်ရသည်။


"ယွီနျန်"


သူ့နာမည် ခေါ်သံကြားသောအခါ ယွီနျန် လှည့်ကြည့်လိုက်ရာ ထိုသူကို ချက်ချင်း မှတ်မိသွားသည်။ သူ တောက်ပစွာ ပြုံးပြလိုက်သည်။


 "ဒါရိုက်တာမက်ဆာ... မတွေ့ရတာကြာပြီ"


မက်ဆာက ရှန်ပိန်တစ်ခွက် ကိုင်ထားပြီး "ယွီနျန်" ဟူသော အမည်ကို ပီပီသသ အသံထွက်ဖြင့် ခေါ်ခဲ့ခြင်း ဖြစ်သည်။ လက်ဆွဲနှုတ်ဆက်ပြီးနောက် မက်ဆာက ပြုံးပြလိုက်လေသည်။ 


"ငါ မင်းကို ဒီနေရာမှာ အထူးတလည် လာစောင့်နေတာပဲ"


ယွီနျန် အံ့အားသင့်သွားလေသည်။


 "ကျွန်တော့်အတွက် တကယ် ဂုဏ်ယူစရာပါ... ကျွန်တော့်ကို အရေးကြီးတာ တစ်ခုခု ပြောဖို့များလား"


“ဒါပေါ့... အရမ်း အရေးကြီးတယ်" 

မက်ဆာက ယွီနျန်ကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။


 "မင်းအတွက် အတော်လေးကောင်းတဲ့ surprise ရှိမယ်ထင်တယ်"


ယွီနျန် အကြံရသွားသည်။

 "surpriseလား... ကျွန်တော် ထင်နေတာများလား"


မက်ဆာက လျှို့ဝှက်ဆန်းကြယ်ပုံ ဟန်ဆောင်လိုက်သည်။


 "ငါ့နောက်လိုက်ခဲ့ရင် သိရမှာပေါ့"


တီးမှုတ်နေသော တီးဝိုင်းတစ်ခုနှင့် ပွဲကျင်းပရာ ခန်းမထဲမှ လူအုပ်ကြီးကို ဖြတ်သွားပြီးသောအခါ ညာဘက်တွင် တစ်ဝက်ဖွင့်ထားသော သီးသန့်ခန်းလေးသို့ ရောက်လာခဲ့သည်။ အထဲတွင် တန်ဖိုးမြင့် သလင်းကျောက် မီးဆိုင်းပန်းများ၊ ကြက်သွေးရောင် ကတ္တီပါ ထိုင်ခုံများနှင့် စားချင့်စဖွယ် မုန့်များ၊ သောက်စရာများနှင့် ခက်ရင်းနှင့် ဓါးအစုံ တင်ထားသည့် လေးထောင့်စားပွဲတစ်ခု ရှိနေသည်။ 


မုတ်ဆိတ်မွှေးထူထူနှင့် တက်တက်ကြွကြွ ရှိပုံပေါ်သည့် လူတစ်ယောက်က ထရပ်ကာ မက်ဆာကို ပြုံးပြလာခဲ့သည်။ 


"ဒါက ယွီနျန်လား"


မက်ဆာက မိတ်ဆက်ပေးသည်။


 "ဟုတ်ပါတယ်... ဒါက ယွီနျန်ပါ... ယွီနျန်... ဒီဘက်က မစ္စတာ စလစ်မန်းလေ.... ဟာဆီရဲ့ အနုပညာဒါရိုက်တာပေါ့"


အသက်ခြောက်ဆယ်အရွယ် ရှိနေပြီ ဖြစ်သည့် စလစ်မန်းက ဖက်ရှင်လောကတွင် မယိုင်လဲနိုင်သော ကျောက်တိုင်ကြီး ဖြစ်ပြီး လူတိုင်းက လေးစားကြရသည်။ သို့သော်လည်း သူက ပျူငှာတတ်သူ ဖြစ်ပေသည်။ ယွီနျန်နှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် သူမေးသည့် ပထမဆုံး မေးခွန်းမှာ "ပဲရစ်ရဲ့ ရာသီဥတုနဲ့ သဟဇာတ ဖြစ်ရဲ့လား" ဟူ၍ပင်။ 


ယွီနျန် ပြုံး၍ အင်္ဂလိပ်စကားဖြင့် ပြန်ဖြေလိုက်သည်။ "ဟုတ်... မိုးရွာနေတာကလွဲရင်ပေါ့... လမ်းနှစ်ဖက်လုံးကနေ ခေါင်မိုးပေါ်က ကျလာတဲ့ မိုးရေစက်တွေကို ခေါင်းလေးစောင်းကြည့်ရတယ်လေ... အဆုံးကျ ကျွန်တော့်မျက်နှာတွေပေါ် မိုးတွေ လာစင်တာပေါ့"


စလစ်မန်းက ရယ်မောလိုက်သည်။

 "မိုးစက်လေးတွေက စိတ်ရှုပ်စရာ ကောင်းပေမယ့် လှလည်း လှတယ်... ဟုတ်တယ်မလား"


"ဟုတ်တယ်... တကယ့်ကို လှပပါတယ်"


မက်ဆာက ယွီနျန်အပေါ် စလစ်မန်း၏ အရေးပေးသော အပြုအမူအပေါ် သတိပြုမိသဖြင့် သဘောတကျ ဝင်ပြောသည်။


 "မစ္စတာစလစ်မန်း... ကျွန်တော့်ရဲ့ အာရုံခံနိုင်စွမ်းက လျော့ကျမသွားသေးဘူးနော်... ခင်ဗျားမတိုင်ခင် အသင့်တော်ဆုံးသူ တွေ့လာတယ်မလား"


“ဟုတ်တာပေါ့" 

စလစ်မန်းက တွေးတောနေဟန်ဖြင့် လက်ထဲမှ ခွက်လေးကို မကာ ယွီနျန်၏ ခွက်လေးကို တိုက်လိုက်ပြီး သဘောတူလိုက်သည်။


 "ဟုတ်တယ်... ငါလည်း ဝန်ခံရမယ် မက်ဆာရေ... ဒီတစ်ကြိမ်တော့ မင်းမှာ အမြင်ကောင်း ရှိတာပဲ... ငါ့ဆီ အကောင်းဆုံး သင့်တော်သူကို ခေါ်လာပေးခဲ့တာ"


သုံးယောက်သားက ပျော်ပျော်ရွှင်ရွှင် စကားပြောခဲ့ကြသည်။ အချိန်ကျသောအခါ စလစ်မန်းက စင်ပေါ်တက်၍ မိန့်ခွန်းပြောခဲ့သည်။ ယွီနျန်က စင်ဘေးမှ ထွက်လာခဲ့ပြီး ရှန်ပိန်ခွက်အလွတ်ကို ပြန်ဖြည့်လိုက်သည်။


ပွဲပြီး၍ ဟိုတယ်ပြန်ရောက်သောအခါ မုန့်ယွမ် ခပ်မြန်မြန် မေးလာခဲ့သည်။ 


"နျန်နျန်... ဘယ်လို အခြေအနေရှိလဲ... မစ္စတာ စလစ်မန်းက ဆိုရှယ်မီဒီယာမှာ မင်းနဲ့အတူ တွဲပြီး ပုံတင်ပြီးတော့ ဒီညမှာ အံ့သြစရာတွေနဲ့ ပြည့်နေတယ်လို့ ပြောခဲ့တာ.. ဆိုတော့ ဘယ်လို ဖြစ်သွားပြီလဲ... ငါ့လက်ထဲက ရေးလက်စ ဆောင်းပါးရှိနေတုန်းပဲ... အခုထိ မပို့ရသေးဘူး"


ယွီနျန်က စိတ်အေးလက်အေး ဖြစ်နေပုံပေါ်ပြီး မုန့်ယွမ်ကို ယုံကြည်ချက်ရှိရှိ ပြုံးပြလိုက်သည်။


 "ကျွန်တော် ရခဲ့ပြီ... ကျွန်တော်က အခု ဟာဆီရဲ့ ပြောရေးဆိုခွင့် ရှိသူ အသစ် ဖြစ်လာတော့မယ်"


မုန့်ယွမ်က ယွီနျန်၏ ပုခုံးကို အားတက်သရော ပုတ်လိုက်ပြီး အံ့သြတကြီး ပြောလိုက်သည်။ 


"ပြဿနာ ရှိမှာ မဟုတ်မှန်း သိသားပဲ" 


သူ့မျက်နှာကို ပွတ်လိုက်ပြီးနောက် မေးခွန်းများကို စက်သေနတ်ပစ်သလို ပစ်လွှတ်လိုက်သည်။ 


“ဘယ်လို စာချုပ်အဆင့်မျိုးလဲ... ဘရန်း ပြောရေးဆိုခွင့်ရှိသူလား... Brand ambassadorလား... ဘရန်းမိတ်ဆွေလား... ကမ္ဘာလုံးဆိုင်ရာလား... ပြည်တွင်းလား... အာရှပစိဖိတ်ဒေသလား... ထုတ်ကုန်အားလုံးအတွက်လား... အထူးထုတ်ကုန်တွေအတွက်လား... အလှအပထုတ်ကုန်လား... ရေမွှေးလား... အဝတ်အစားလား"


မုန့်ယွမ် မေးခွန်းအားလုံးကို ပစ်လွှတ်ပြီးနောက်မှသာ ယွီနျန် အဆုံးတွင် ပြန်ဖြေလိုက်သည်။ 


"ကမ္ဘာလုံးဆိုင်ရာ... ဟာဆီရဲ့ ထုတ်ကုန်အားလုံးအတွက်ပဲ" 


"ထပ်ပြောပြလို့ရမလား"


ယွီနျန်က စိတ်ရှည်လက်ရှည် ထပ်ပြောလိုက်သည်။ "အစ်ကိုမုန့်... အစ်ကိုကြားတာ မှန်တယ်... ကျွန်တော်က တကယ်ကို ဟာဆီရဲ့ ထုတ်ကုန်အားလုံးအတွက် ပြောရေးဆိုခွင့် ရှိသူပဲ"


မုန့်ယွမ်က ဆိုဖာပေါ်တွင် ထိုင်ကာ နားထင်များကို ဖိနှိပ်ထားလိုက်သည်။ 


"ငါ့ကို သုံးစက္ကန့်လောက် ပေးစမ်းပါ... မဟုတ်သေးဘူး... ခေါင်းအလုပ်လုပ်ဖို့ ငါးစက္ကန့်ပေး" 


သူက ငါးကြိမ် ရေတွက်လိုက်ပြီးနောက် အားရပါးရ ရယ်သံကြီးဖြင့် ဆိုဖာပေါ် နောက်ပြန်ကျသွားလေသည်။ 


"နျန်နျန်... မင်းတော့ ကောင်းကင်ပေါ်ထိ တက်ရတော့မယ်ကွ"


မုန့်ယွန်က စိတ်အေးလက်အေး အမူအယာကို ထိန်းထားလိုက်ရင်း ဆက်ပြောလိုက်သည်။ 


"မင်းရဲ့ အလုပ်ကြိုးစားမှုက တန်ကြေး ပြန်ရခဲ့ပြီ... ဟာဆီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာတာနဲ့ တန်ဖိုးကြီး ဇိမ်ခံပစ္စည်းကမ္ဘာကြီးက မင်းအတွက် တံခါးဖွင့်ပေးလာလိမ့်မယ်... ပြီးရင် အကောင်းဆုံးအချက်က မင်းကို အဓိကကျတဲ့လူ ဖြစ်တဲ့ မစ္စတာစလစ်မန်းကိုယ်တိုင် ရွေးချယ်ထားတာ... အခုကစပြီး မင်းအနားမှာ ဖက်ရှင် အရောင်အဝါတွေ ဝန်းရံနေလိမ့်မယ်"


မစ္စတာစလစ်မန်းနှင့် စကားပြောခဲ့ရစဥ်က အချိန်ကို ပြန်စဥ်းစားမိသွားသောအခါ ယွီနျန် ပြောလိုက်သည်။


 "မစ္စတာစလစ်မန်းက ဟာသဥာဏ်ရွှင်ပြီး ခင်ဖို့ကောင်းတဲ့သူပဲ... သူနဲ့စကားပြောရတာ တကယ် ပျော်ဖို့ကောင်းတယ်"


"ငါသာ ငါ သဘောကျရတဲ့သူနဲ့ တွေ့ရမယ်ဆို ငါလည်း ဟာသဥာဏ်ရွှင်ပြီး ခင်ဖို့ကောင်းတဲ့သူ ဖြစ်မှာပဲ" 


မုန့်ယွမ် ရုတ်တရက် ထထိုင်လိုက်သည်။ 


"သေစမ်း... ဒီတစ်ကြိမ်တော့ ငါမင်းကို အကြိတ်အနယ် ပရိုမိုးရှင်း ဆင်းပေးလိုက်ဦးမယ်... ဒါပေမယ့်... အာ"


သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျိုးကြောင်းဆက်စပ် စဥ်းစားကြည့်လိုက်သည်။ 


"အခုထိ တရားဝင် မကြေညာရသေးဘူးလေ.... ဒါက ရေအေးနဲ့ လောင်းချလိုက်သလိုပဲ ဆိုပေမယ့် ဒီလောကထဲမှာ ဒီလိုအခြေအနေတွေက ခဏခဏ ဖြစ်နေခဲ့တာပဲ...စာချုပ်ချုပ်ဖို့ နောက်ဆုံးမိနစ်ကျမှ လွဲချော်သွားရတာလည်း အများကြီးပဲ... တရားဝင်ထုတ်ပြန်ချက်ထုတ်ပြီး စာချုပ်မှာ လက်မှတ်မထိုးရသေးခင်အထိ မယုံရသေးဘူး"


ယွီနျန်လည်း သဘောတူသည်။ 


"အစ်ကို ပြောတာ မှန်တယ်... ကျွန်တော်တို့ ပရိုမိုးရှင်းတွေ မဆင်းခင် တရားဝင် ထုတ်ပြန်ချက်ကို စောင့်သင့်တယ်"


“အိုကေ... ဒီလိုပဲ လုပ်ကြတာပေါ့" 

မုန့်ယွမ်က သူ့ရင်ဘတ်ကို ပုတ်ပြလိုက်သည်။


 "အာ... ဒီခံစားချက်ကြီးက သူများကို ပြလို့မရဘဲ သိမ်းထားရတဲ့ တန်ဖိုးကြီးရတနာတစ်ခု ရှိနေသလိုပဲ... တကယ် စိတ်တွေ လှုပ်ခါနေသလိုပဲ"


ယွီနျန် သူ့ကို အကြံပြုလိုက်သည်။ 


"ဘေးကင်းကင်းနဲ့ ကစားကြရအောင်"


"ဒါပေါ့... တစ်ဆင့်ချင်း သွားရမယ်" မုန့်ယွမ်က နှုတ်ခမ်းမွှေး ငုတ်တိုလေးများ ပေါက်နေသည့် မေးစေ့ကို ပွတ်လိုက်ပြီး သဘောတကျ ရယ်လေတော့သည်။


 "မင်း ဖလောရင့်ရဲ့ ပုံရိပ်ယောင်ပင်လယ်အတွက် စာချုပ်ရကတည်းက ဒီအတွက် စိတ်ပြင်ဆင်ထားခဲ့ပြီးသားပါ... အခုတလောမှာ ဟာဆီက မင်းနဲ့ တကယ် စာချုပ်ချုပ်တော့မယ် ဒီတစ်ကြိမ်ပတ်

လည်လောက်မှာဆိုပြီး အာရုံတွေ ရနေတာ... ဒီသတင်းကို ကြားရတာ ငါ့နှလုံးသားကို ထိန်းမနိုင်သိမ်းမရ ခုန်ပေါက်စေဦးမယ်လို့ မထင်ထားဘူး" 


ယွီနျန် ပြုံးလိုက်သည်။ 


"အစ်ကိုမုန့်... စိတ်လျှော့ပါ... အစ်ကိုလည်း အသက်မငယ်တော့ဘူးလေ"