Chapter 80
အစားအသောက်တွေတောင် မှာမစားနိုင်ရှာဘူး
ပရိုဂရမ်တစ်ခု၏ ရိုက်ကူးရေး နားချိန်အတွင်း မိတ်ကပ်ပညာရှင်လေးကပင် ပြောလာခဲ့သည်။
"နျန်နျန်... မင်းတော့ EPတစ်ချပ်တည်းနဲ့ နာမည်ကြီးလာပြီလို့ လူတိုင်းက ပြောနေကြတယ်"
အဖြူရောင် ဟူဒီထက်တွင် အနီရောင် ဂျာကင် အင်္ကျီ ထပ်ဝတ်ထားပြီး ဂျင်းဘောင်းဘီ ဖျော့ဖျော့ ဝတ်ထားသည့် ယွီနျန်က မျက်လုံးမိတ်ကပ်ကို ပြန်ပြင်နေခြင်း ဖြစ်သည်။
မိတ်ကပ်ပညာရှင်လေး၏ လက်လှုပ်ရှားမှုများက တည်ငြိမ်နေပြီး မိတ်ကပ်ဆက်ဖို့ပေးနေသည်။ "တကယ့်ကိုပဲ 'ကျော့ရှင်းသော'က hit ဖြစ်နေတာ... ဒီမနက် ကော်ဖီသွားဝယ်တုန်းကလည်း ကော်ဖီဆိုင်ထဲကို ဝင်သွားတော့ အဲ့သီချင်းဖွင့်ထားတာလေ... ပြီးတော့လည်း အစ်မခေါ်ထားတဲ့ ကားရောက်လာတော့ အသက်လေးဆယ်အရွယ် ဒရိုင်ဘာဦးလေးက ဒီသီချင်းပဲ နားထောင်နေတာ သိလား... အစ်မကလည်း သူ့ကို မေးလိုက်တာပေါ့... သူပြောတာ ဒီသီချင်းကို ဘယ်သူဆိုလဲ မသိပေမယ့် နားထောင်လို့ ကောင်းတယ်တဲ့... လမ်းမှာ ခရီးသည်တွေ အများကြီး ထပ်တင်လာခဲ့တော့လည်း သူတို့ အားလုံး ကောင်းတယ်လို့ပဲ ပြောနေကြတာ"
ယွီနျန်၏ အနွေးဘူးများကို သယ်ပေးထားရင်း အနားတွင်ရပ်နေသည့် ရှစ်ရော့လည်း ပါဝင်လာခဲ့ပြီး အားတက်သရော ဝင်ပြောလေသည်။
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်... အစ်မလည်း ခုလေးတင် ဒေတာတွေ စစ်ကြည့်လာတာ... physical အယ်လ်ဘမ်ရောင်းအားတွေက ပထမဆုံး သုံးရက်လောက်မှာ တဟုန်ထိုးတက်သွားပြီးရင် နှေးကျသွားတတ်တာလေ... ဒါပေမယ့် နျန်နျန် မင်းကတော့ မတူဘူး... မင်းရဲ့ ရောင်းအားကတော့ ဒီရက်ထဲ မိုးထိထိုးနေတက်တာပဲ"
သူမက စနောက်လိုက်သည်။ "ဘာကြောင့်လဲ သိလား"
ယွီနျန်ကလည်း သူမနောက်လိုက်ကာ မေးလိုက်သည်။ "ဘာကြောင့်များလဲ"
"တကယ်တော့ ပထမဆုံး သုံးရက်မှာ အဓိကက ဖန်တွေက ရောင်းအားကို ပံ့ပိုးပေးကြတာလေ... ဒါပေမယ့် ဒီအခြေအနေပြီးသွားရင် ဖန်တွေ မဟုတ်ဘဲ မင်းရဲ့ သီချင်းကို ရိုးရိုးရှင်းရှင်း သဘောကျကြတဲ့လူတွေ အများကြီးကတောင် အယ်လ်ဘမ်ဝယ်ဖို့ ဆန္ဒရှိနေကြလို့ပဲ... ဒါကြောင့် ကျသွားရမဲ့အစား တိုးလာတာ"
ရှစ်ရော့၏ စိတ်လှုပ်ရှားမှုများက အတော်လေး သိသာနေသဖြင့် အသံလျှော့လိုက်ရသည်။
"ဒီအရှိန်ကို ဆက်ထိန်းထားနိုင်ရင် တစ်နှစ်တာအကောင်းဆုံးသီချင်းကို ရဖို့က အိမ်မက် မဟုတ်တော့ဘူး"
ယွီနျန် မျက်လုံး ဖွင့်ထားလိုက်ပြီး အိုင်းလိုင်နာကို အရောင်ပြန်တင်၍ မျက်လုံးထောင့်အောက်မှ အမှတ်လှလှလေးကို ပို၍ ပေါ်လွင်သွားစေခဲ့သည်။ သူက အကြည့်များကို တဖျတ်ဖျတ် ခတ်ရင်း ပြုံးရယ်၍ နူးနူးညံ့ညံ့ ခေါင်းငြိမ့်ပြလိုက်သည်။
"ဟမ်း... ကျွန်တော် အလုပ်ကြိုးစားရမှာပေါ့"
ဤတစ်ကြိမ်၌ ယွီနျန်က အတော်လေး အခြေခိုင်သည့် talk show တစ်ခုကို ရိုက်ကူးနေခြင်း ဖြစ်၍ အတူတကွ စကားပြောကြရန်အတွက် ဧည့်သည်တော် သုံးယောက်ကို ထည့်ထားသည်။ တင်ဆက်သူက ဖျော်ဖြေရေးလောကထဲ အတော်လေး လေးစားသမှု ပြုရသူ ဖြစ်ကာ ဟာသဥာဏ်ရွှင်တတ်သော ပုံစံ ဖြစ်ပြီး ကြည့်ရှုသူများကို အဆက်မပြတ် ရယ်မောနေစေခဲ့သည်။
ရှိုးအလယ်ပိုင်း နားချိန်ပြီးနောက် ဧည့်သည်တော်များက ကင်မရာရှေ့တွင် နေရာယူခဲ့ကြသည်။ တင်ဆက်သူက သဲလွန်စကတ်ကို ကြည့်၍ ပြောလိုက်လေသည်။
"ဒီနေ့တော့ အချစ်ရေးတွေအကြောင်း ပြောကြရအောင်... ခင်ဗျားတို့ နှစ်ယောက်လုံးက ဝေ့ပေါ်မှာ အဖေတွေအကြောင်း ဝေဖန်လေကန်ရေး လုပ်နိုင်တဲ့ သားသမီးတွေ ရှိနေကြပြီ... ခင်ဗျားတို့ကလည်း မိသားစုအချစ်ကို နည်းအမျိုးမျိုးနဲ့ ဖော်ကြခဲ့ကြပြီးပြီ.. ဒါပေမယ့် ဒီနေ့မှာတော့ ခင်ဗျားတို့ကို ဒီအကြောင်း မမေးတော့ဘူး... ယွီနျန် မင်းအခု 22နှစ် ရှိပြီဆိုတော့ ငါတို့ နိုင်ငံရဲ့ တရားဝင်လက်ထပ်နိုင်တဲ့ အသက်ကို ရောက်နေပြီ... မင်းမှာ သဘောကျနေတဲ့သူများ ရှိလား"
ယွီနျန် အားရပါးရ ရယ်မောလိုက်လေသည်။
"အခု ကျွန်တော့်ကို ပစ်မှတ်ထားနေတာတော့ မဟုတ်ပါဘူးနော်"
တင်ဆက်သူက မျက်ခုံးပင့်လိုက်သည်။
"ဒါပေါ့... ငါတို့ရဲ့ ကြည့်ရှုသူတွေကို ငါ့ရဲ့ သဲလွန်စကတ်ပြပါရစေ... ဒီမေးခွန်းအတွက်ကို အစီအစဥ် ရေးဆွဲတဲ့အဖွဲ့က ယွီနျန်ကို သေချာပေါက် မေးကို မေးရမယ်ဆိုပြီး စာလုံး အကြီးကြီးနဲ့ ရေးထားတာပါ"
ယွီနျန် သက်ပြင်းချလိုက်သည်။ "ဟုတ်ပါပြီ... ကျွန်တော် အမှန်အတိုင်း ပြောရမလား... လိမ်ပြောရမလား"
တင်ဆက်သူက ခပ်မြန်မြန် ပြောလိုက်လေသည်။
"မင်းက ပြောရေးဆိုခွင့် ရှိသူပဲလေ... မင်းပြောချင်တာ မှန်သမျှ ပြောလို့ရတယ်... မင်းအပေါ်မှာပဲ မူတည်နေတာ"
ယွီနျန်က လက်ချောင်းများကို တွယ်ယှက်လိုက်ပြီး ကင်မရာကို အလေးအနက် ကြည့်လိုက်သည်။
"ဟုတ်ပါတယ်... ကျွန်တော် သဘောကျရတဲ့သူ ရှိပါတယ်"
တင်ဆက်သူက ချက်ချင်းပင် မတ်မတ် ထိုင်လိုက်သည်။
"ဟောဟောဒိုင်းဒိုင်းပါပဲလား... ဒါဆို မေးခွန်းလာပြီနော်... အခုပြောလိုက်တာ အမှန်လား လိမ်တာလား"
ယွီနျန် တီးတိုးရယ်လိုက်ပြီး "ပါးစပ်ပိတ်ထားသည်" ဟု ရေးထားသော maskတစ်ခုကို အိတ်ကပ်ထဲမှ ဆွဲထုတ်လိုက်သည်။ သူ ၎င်းကို တပ်လိုက်ပြီးနောက် တိတ်တိတ်လေးသာ နေလေတော့သည်။
“ဒီလို mask တပ်ပြလိုက်တာက အမိုက်စားပဲ"
တင်ဆက်သူက ထိုmaskကို အံသြတကြီး ဆိုလိုက်ပြီး ချောချောမွေ့မွေ့ပင် စကားလမ်းကြောင်း လွှဲလိုက်လေသည်။
"အိုး... မဟုတ်သေးပါဘူး... ဒီmaskကတော့ ငါတို့ရှိုးကြောင့်နဲ့ နာမည်ကြီးသွားတော့မယ်လို့ ခံစားချက် ရနေပြီ... စက်ရုံတွေကနေ ကျွန်တော်တို့ဆီ စေတနာအလျောက် ဆက်သွယ်လာပြီး ပရိုမိုးရှင်း အခကြေးငွေ အချို့ပေးဖို့ မျှော်လင့်ပါတယ်... ဟုတ်ပါပြီ... နောက်ထပ်မေးခွန်းကို ဆက်သွားရအောင်... တစ်စုံတစ်ယောက်ကို သဘောကျရတာ ဘယ်လို ခံစားချက်မျိုးလဲ"
အစွန်းတွင် ထိုင်နေသည့် ဝေလုက ပထမဆုံး ပြောလိုက်သည်။
"ကျွန်တော် ငယ်တုန်းက တီးဝိုင်းအဖွဲ့တစ်ခုမှာ ပါဝင်ခဲ့သေးတယ်... တူရိယာတွေ ဝယ်ဖို့အတွက် ငွေတွေ အကုန် သုံးပစ်လိုက်ရတာလေ... ဒါကြောင့် နေ့တိုင်း ဘန်းမုန့်ပေါင်းနဲ့ ရေပဲ စားခဲ့တာ... အဲ့အချိန်တုန်းက ကျွန်တော့် ကောင်မလေး ဖြစ်ခဲ့တဲ့ ကျွန်တော့်ရဲ့ ဇနီးက ကျွန်တော့်ကို ကြက်ဥပြုတ် သုံးလုံး ယူလာပေးဖို့ တစ်နာရီကြာအောင် ကားစီးပြီး လာခဲ့ရတယ်...
သူ(မ)က တစ်ချိန်လုံး နွေးနေအောင် လုပ်ပေးခဲ့တော့ ကျွန်တော့်ကို ပေးတဲ့ အချိန်တွေဆို နွေးနေသေးတုန်းပဲ... အဲ့အချိန်တုန်းကတော့ ကျွန်တော် တွေးမိတာပေါ့... ငါ ပိုက်ဆံတွေ အများကြီး ရှာမယ် အိမ်အကြီးကြီး ဝယ်ပြီး သူ့ကို ကောင်းကောင်းဆက်ဆံပေးမယ်ပေါ့... လူတစ်ယောက်ကို သဘောကျတယ်ဆိုတာ ပိုပြီးတော့ ကောင်းတဲ့သူ ဖြစ်လာချင်ပြီး သူ့အတွက် အကောင်းဆုံးအရာတွေ ပေးချင်တာမျိုးပါ"
“ကျွန်တော်လည်း အတူတူပဲ တွေးမိတယ်"
ဖန့်ရိရန် ဆက်ပြောသည်။
"ကျွန်တော်လည်း ဝေလုနဲ့ အတူတူပါပဲ... ကျွန်တော် ငယ်ငယ်တုန်းက ဂီတာတစ်လက် ကျောမှာ လွယ်ပြီး ခရီးတွေ လျှောက်သွားရင်း တစ်သက်လုံး ဒီလိုပဲ နေသွားလည်း ရတယ်လို့ တွေးမိတယ်... ဒါပေမယ့် ကျွန်တော့်ဇနီးနဲ့ တွေ့ရတဲ့အချိန်မှာတော့ ကျွန်တော် တွေးမိတယ်... ငါ သူ့ကို ငါနဲ့အတူ လေနဲ့နေရောင်ကို အံတုခိုင်းလို့ မဖြစ်ဘူး ဆိုပြီးတော့ပေါ့... ဒါကြောင့်မို့ မြို့တစ်မြို့မှာ အခြေချခဲ့ပြီး အသံသွင်းတာတွေ စလုပ်တယ်... လူတစ်ယောက်ကို သဘောကျရတာက တည်ငြိမ်တဲ့ အိမ်တစ်လုံးနဲ့ အေးချမ်းတဲ့ ဘဝကို ပေးချင်တာမျိုးလည်း ဖြစ်နိုင်တယ်"
ဖန့်ရိရန် စကားပြောပြီးသွားသောအခါ သူတို့ သုံးယောက်လုံးက maskတပ်ထားသော ယွီနျန်ကို ကြည့်လာကြသည်။
ယွီနျန် maskကို ချွတ်၍ အသက်ပြင်းပြင်းရှူလိုက်ပြီး မေးသည်။ "ကျွန်တော် ဖြေရမဲ့ အလှည့်လား"
ပရိတ်သတ်များက တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။ "ဟုတ်ပါတယ်"
ပြင်သစ်ဟင်းလျာများ သုံးဆောင်အပြီး ရွှယ်ယုံကို နှုတ်ဆက်ကာ စားသောက်ဆိုင်မှ ထွက်လာသည့်အချိန်က မြင်ကွင်းကို သူပြန်စဥ်းစားလိုက်မိပြီး စကားလုံးများကို သေချာရွေးချယ်လိုက်သည်။
"ကျွန်တော်က အသက်ငယ်သေးပြီး အတွေ့အကြုံလည်း မများသေးပါဘူး... ဒါပေမယ့် လူတစ်ယောက်ကို သဘောကျတယ်ဆိုတာ အိမ်ပြန်ရမဲ့အချိန်ရောက်ရင် မခွဲခွာချင်တဲ့ ခံစားချက်မျိုး ဖြစ်မယ်ထင်တယ်"
ဖန့်ရိရန်က ချက်ချင်းပင် ဝင်ထောက်လိုက်လေသည်။ "ဒီမေးခွန်းက လွယ်တယ်... လက်ထပ်လိုက်... ပြဿနာ ရှင်းသွားပြီ"
ဝေလုမှာ အားရပါးရရယ်မောလေတော့သည်။
"ဟုတ်ပါ့... ဟုတ်ပါ့... ဟုတ်ပါ့... လက်ထပ်ပြီးရင် မိသားစုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားမယ်"
ပတ်ဝန်းကျင်တစ်ခုလုံး ရယ်သံများဖြင့် ပြည့်သွားလေသည်။
ရိုက်ကူးရေးက ညသန်းခေါင်နီးမှ ပြီးဆုံးသွားခဲ့သည်။ ယွီနျန်က နှဖူးကို ပွတ်ကာ ရှစ်ရော့ ကမ်းပေးလာသည့် နွားနို့ပူပူလေးကို ယူလိုက်သည်။ သူက အနည်းငယ် စုပ်သောက်ကာ အပြောင်ရှင်းလိုက်ပြီးနောက် ပို၍ အင်အားပြည့်လာသလိုပင်။
ရှစ်ရော့ သူ့ကို ပြောစရာ ရှိနေသည့်ပုံပေါ်သဖြင့် မေးရန်အပြု ယွီချင်း၏ ဖုန်းဝင်လာခဲ့သည်။
"နျန်နျန်... လေယာဥ်တွေကဘာလဲ"
“ဘာလေယာဥ်လဲ" ယွီနျန် ပဟေဠိ ဖြစ်သွားသည်။ "ကျွန်တော် အခုလေးတင်မှ ရှိုးရိုက်ကူးရေးပြီးတာ... တစ်နေ့လုံး အလုပ်တွေ များနေတာပဲ... ဖုန်းတောင် ကြည့်ဖို့ အချိန်မရှိဘူး"
“နင်က ပရိုမိုးရှင်းကာလမှာပဲ ရှိနေတုန်းပဲ ဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်လေ... အလုပ်ပန်းပြီး နေမကောင်း ဖြစ်သွားဦးမယ်"
ယွီချင်းက ဟောပြောပို့ချစကားများပြီးမှ ထပ်ပြောလိုက်သည်။
"hot searchမှာ ရောက်နေတာဟဲ့... လျှို့ဝှက်ဆန်းကြယ်တဲ့ ပံ့ပိုးသူ တစ်ယောက်က ယွီနျန်ရဲ့ physical အယ်လ်ဘမ်ကို ကော်ပီပေါင်း နှစ်သိန်းထက်ပိုအောင် အရောင်းမြှင့်ပေးခဲ့တယ်... ဒီနေ့ နျင်းချန်လေဆိပ်ကို ဆိုက်လာတဲ့ လေယာဥ်အားလုံးက သူတို့ရဲ့ကိုယ်ထည်တွေမှာ နင့်ရဲ့ အယ်လ်ဘမ်ကာဗာပုံတွေချည်းပဲ... ထပ်ပြောမယ်နော်... လေယာဥ်အားလုံးပဲ... နင့်ဖန်တွေကတော့ စိတ်တွေ ရှုပ်ထွေးကုန်ကြပြီး နင့်ကို တိတ်တဆိတ် support လုပ်ပေးနေတဲ့ အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူက ဘယ်သူလဲဆိုပြီး လိုက်မေးနေကြတယ်... ဒီလို supportကြီး ပေးပြီးမှတော့ သူတို့လည်း ပံ့ပိုးစရာ ဘာမှ မကျန်ကြတော့ဘူးလေ"
ယွီနျန်မှာ စားသောက်ဆိုင်၏ ဖန်သားနံရံကို ဖြတ်၍ တွေ့ခဲ့ရသော မီးရှူးမီးပန်းများကို ပြန်စဥ်းစားမိပြီး အပြုံးများက ကျယ်ပြော၍ လာခဲ့လေသည်။
“ဟဲ့ နျန်နျန်... အရင်တစ်ခေါက်က အဆောက်အဦးတွေပေါ်က LED အလင်းရောင်ပြကွက်တွေနဲ့ မီးရှူးမီးပန်းတွေကို လုပ်ပေးတဲ့သူများ ဖြစ်နေမလားနော်"
“ဖြစ်လောက်တယ်"
အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့လူအကြောင်း စဥ်းစားမိတော့ သူ အခု အိပ်များနေမလားမသိ...
ယွီချင်းက ဆွေးနွေးပြီးနောက် ဆက်ပြောလေသည်။ "ဒါပေမယ့်... အဲ့ဒါကို ထားလိုက်ဦး... နျန်နျန်... နင့်အယ်လ်ဘမ် ရောင်းအားက ဒီနှစ်တလောအတွင်းကထက် အရမ်းကို သာသွားပြီ... ငါ့အယ်လ်ဘမ် 'ဆုံးရှုံးစရာမရှိ'ကတောင် နင့်ရဲ့ အောင်မြင်မှုကို မမီနိုင်ဘူး... အဲ့ဒါက သီချင်းဇယားတွေကိုတော့ လွှမ်းမိုးနိုင်ခဲ့ပေမယ့် နင့်အယ်လ်ဘမ်လောက် ရောင်အားမရှိဘူး... နင့်အတွက်တော့ ဆုတွေ သိမ်းရဖို့ သေချာနေပြီ"
ယွီနျန်က နံရံကို မီလိုက်ရင်း လက်များကို အိတ်ကပ်ထဲသို့ သဘာဝကျကျ ထည့်ထားလိုက်သည်။
"ကျွန်တော် မျှော်မှန်းထားတာထက်တောင် လွန်သွားပြီ... အစ်ကိုမုန့်နဲ့ ကျွန်တော် ခန့်မှန်းထားတာထက်ကို ပိုသွားသေးတယ်"
"ထင်ထားတာပဲ ဖြစ်ဖြစ် မထင်ထားတာပဲ ဖြစ်ဖြစ် ရောင်းအားဒေတာတွေက ပြောသွားတာပဲ... နင်မသိပါဘူး... ငါ့ဘေးနားကလူတွေက နင့်အယ်လ်ဘမ်ကို 'နတ်ဘုရားအဆင့် အယ်လ်ဘမ်'လို့ တင်စားနေကြပြီ... အတုမရှိတဲ့ အယ်လ်ဘမ်တဲ့... ဟားဟား"
ယွီနျန်မှာ အနည်းငယ် ရှက်ရွံ့သွားလေသည်။
"သူတို့က ချဲ့ကားပြောနေကြတာပဲ"
"သူတို့က နင့်ကို လုံလုံလောက်လောက် ချီးမွမ်းရသေးတာ မဟုတ်ဘူး"
ယွီချင်းက ဂုဏ်ယူဝံ့ကြွားစွာ ဆိုလေသည်။
"နင်က physical album တစ်ချပ်ကို ယွမ်တစ်ရာနဲ့ အချပ်ရေနှစ်သိန်းကို ဆယ်ရက်ထဲနဲ့ ရောင်းနိုင်ခဲ့တာလေ... ဒီအတွက် အခွန်ဘဏ္ဍာငွေက ဘယ်လောက်လဲ သိရဲ့လား... နင့်ကို နှိမ့်ချခဲ့တဲ့ လူတွေကတော့ ဒီဂဏန်းတွေ ကြည့်ပြီး ငိုနေကြလောက်ပြီ... ချူရှောင်းရန်တောင်မှ ရယ်ရင်းနဲ့ အိမ်မက်ကနေ နိုးလာလောက်တယ်"
"ဟုတ်ပါပြီ... ဥက္ကဌချူတော့ မသိဘူး... အစ်ကိုမုန့်ကတော့ တကယ့်ကို ရယ်ရင်းနဲ့ အိပ်ရာနိုးလာလောက်တယ်... သူပြောတာ အိမ်မင်ထဲမှာ ငွေတွေ ရေရလွန်းလို့ လက်တောင် တောင့်တယ်လို့ မက်ခဲ့တာတဲ့"
ယွီချင်းမှာ တဟားဟား ရယ်လေတော့သည်။
"ဟားဟား... ငါသာ သူ့နေရာမှာဆိုလည်း ရယ်ရင်းနဲ့ နိုးလာမှာပဲ" ထို့နောက် သူမ ထပ်ပြောလိုက်သည်၊
"နျန်နျန်... နင်က ပါရမီရော လုပ်ရည်ကိုင်ရည်ရော ရှိတယ်... နင်ကိုယ်တိုင် သီချင်းစာသားလည်း ရေးနိုင်တယ်... တေးသွားတွေလည်း ဖန်တီးနိုင်သလို သီချင်းတွေကိုလည်း စီစဥ်နိုင်သေးတယ်... နင့်ရဲ့ နေရာကို ဘက်စုံထူးချွန်တဲ့ အဆိုတော် တစ်ယောက်အဖြစ် ခိုင်ခိုင်မာမာ ခြေကုပ်ယူထားရုံပဲ... နင့်ဖန်တွေက နင့်ရဲ့ မျက်နှာလေးထက် နင့်သီချင်းတွေနဲ့ နင့်ပါရမီကို ပိုပြီး သဘောကျကြတယ်... အနာဂါတ်မှာ လျှပ်တပြက်လက်ထပ်လိုက်ရင်တောင် ကိစ္စမရှိဘူး... နင်သာ နာမည်ကြီး အိုင်လ်ဒေါတစ်ယောက်ရဲ့ လမ်းကြောင်းကိုသာ လိုက်ခဲ့ရင် ချိန်းတွေ့တာကတောင် ဖန်တွေရူးလောက်အောင် ဆုံးရှုံးသွားရမှာ... နင့်မှာ သဘောကျရတဲ့သူ ရှိပြီးသားပဲ... ကြိုပြီး စီစဥ်ထားပေါ့"
“ကျွန်တော်နဲ့ အစ်ကိုမုန့်မှာ အစီအစဥ် ရှိပြီးသားပါ... ကျွန်တော် ဘွားဘွားလို ဖြစ်ချင်တယ်... ပြီးရင် အချိန်မရွေး သီချင်းတွေ ရေးသွားချင်တယ်... တစ်နှစ် နှစ်နှစ်လောက်ပဲ နာမည်ကြီးပြီး ကွယ်ပျောက်သွားရတဲ့လူမျိုး မဖြစ်ချင်ဘူး... နောက်ပိုင်း ဆယ်စုနှစ်တွေ အများကြီးအထိ သီချင်းဆိုသွားရမဲ့လူမျိုးပဲ ဖြစ်ရမယ်"
“ကောင်းတယ်... ဆက်ပြီး ကြိုးစားထား... စကားမစပ် 'ရှေးဟောင်းလမ်းမ' ရုပ်ရှင်က ရွှေထင်းရှူး ရုပ်ရှင်ပွဲတော်အတွက် တင်သွင်းထားတယ်... နိုင်သွားရင် ပရိုမိုးရှင်းကို ယုံကြည်ချက်ရှိရှိ ဆင်ရလို့ရပြီ... ဇာတ်ဝင်တေးကို မကြာခင် ထုတ်လွှင့်တော့မှာမို့ မုန့်ယွမ်ကို အာရုံစိုက်ခိုင်းထားလိုက်... ငါတို့ ယိုယိုကို ပရိုမိုးရှင်းကာလအတွင်းမှာ ဘာပြဿနာမှ လုပ်ခိုင်းလို့ မဖြစ်ဘူး... လူတွေ စိတ်အနှောက်အယှက် ဖြစ်သွားလိမ့်မယ်"
ပြောပြီးနောက် ယွီချင်းက သူမကိုယ်သူမ အမွှန်းတင်လိုက်ပြန်သေးသည်။
"နိုင်ငံတကာထိ အောင်မြင်နေတဲ့ ဒါရိုက်တာရယ်... ငါ့လို ထူးချွန်ပြောင်မြောက်လွန်းတဲ့ အဓိကသရုပ်ဆောင်ရယ်၊ လတ်တလော အောင်မြင်ကျော်ကြားနေတဲ့ နင်ရယ်ဆိုရင်... ငါတို့မှာ ယုံကြည်ချက်အများကြီး ရှိပြီးသားပါပဲ"
ယွီနျန်မှာ သူမကိုယ်သူမ ချီးမွမ်းနေသည်ကို မရယ်ဘဲ မနေနိုင်တော့ "မမ... ဒီလောက်တောင် ကိုယ်ရည်သွေးတတ်တာပဲလား"
"ငါ့ဘာသာငါ ချီးကျူးတယ်... ဘာဖြစ်လဲ... နင်က လာရိုက်ချင်လို့လား"
ယွီချင်းက စနောက်လိုက်၏။
"စကားပြောတာ တော်ပြီ... ဒါရိုက်တာက တစ်ယောက်ယောက်ကို ခေါ်နေတယ်... နောက်မှ စကားပြောကြရအောင်"
ယွီနျန် ဖုန်းချလိုက်သောအခါ ရှစ်ရော့က လာမေးလေသည်။ "နျန်နျန် လေယာဥ်ကိစ္စ သိပြီးပြီလား"
"ဟုတ်... ကျွန်တော့်အစ်မ ပြောပြီးသွားပြီ"
ယွီနျန်မှာ ယွီချင်းကို ရွှယ်ယုံအကြောင်း ပြောပြရန် အချိန်ကောင်း ရှာဖို့ လိုနေပြီဟု စဥ်းစားမိလိုက်သည်။ မဟုတ်လျှင် သူ့အစ်မ၏ ကာကွယ်ပေးတတ်လွန်းပြီး ကမူးရှူးထိုးနိုင်ပုံအရ ရွှယ်ယုံကို တွေ့သည်နှင့် ပြေးကန်မည်ကို စိုးရိမ်ရပေသည်။
ရှစ်ရော့မှာ အားတက်သရော ပြောဆိုလေတော့သည်။ "အစ်မကတော့ ဒီလောက်ကြီးမားတဲ့ အစီအစဥ်ကြီးကို ချတာ ဘယ်သူလဲ သိချင်နေပြီ... အရမ်း လက်ဖွာတာပဲ... အစ်မ ဓါတ်ပုံတွေ တွေ့လိုက်တယ်သိလား... လေယာဥ်တန်းရှည်ကြီးက လေဆိပ်ကို ဆိုက်နေကြတာ... အားလုံးက အယ်လ်ဘမ်ကာဗာပုံတွေချည်းပဲ... အရမ်းမိုက်ချက်"
ယွီနျန် ရိုးရိုးသားသားသာ ဖြေလိုက်ပါ၏။
"အဲ့ဒါ ရွှယ်ယုံလေ"
"ဟမ်" ရှစ်ရော့မှာ မျက်တောင်များ တဖျတ်ဖျတ်ခတ်ကာ ယွီနျန်၏ နဖူးလေးကို ထိရင်းဖြင့် စိုးရိမ်ကြောင့်ကြစွာ ပြောလိုက်သည်။
"နျန်နျန်... အခုတလော အရမ်း ပင်ပန်းနေလို့လား... အစ်မတော့ ဥက္ကဌရွှယ် မင်းကို ပြဿနာ ရှာတာ ရပ်စေချင်ပြီ... ဒါဆိုရင် အရမ်းကျေးဇူးတင်မိမှာပဲ"
ယွီနျန် သက်ပြင်းချလိုက်သည်။ ဒါက သူမျှော်မှန်းထားသည့် တုံ့ပြန်မှုပင်။
ထိုအခိုက် အဝတ်လဲခန်းတံခါး ခေါက်သံ ကြားလိုက်ရပြီး တံခါးပွင့်လာပြီးနောက် တင်ဆက်သူ ရှန်းယန်က အပြုံးလေးတစ်ခု ဆင်မြန်း၍ ဝင်လာခဲ့သည်။
"နျန်နျန်... ထမင်းအတူတူ စားကြမလား"
ယွီနျန် ပြန်ပြုံးပြလိုက်သည်။ "ဟုတ်"
ရှန်းယန်က "ရှူး" ဟူသော ပုံစံ လုပ်ကာ တီးတိုးပြောလိုက်သည်။
"လျှို့ဝှက်ချက် လု
ပ်ထားရအောင်... ငါတို့ ဘာဘီကျူး မှာထားတယ်... ဗန်းအကြီးကြီးနော်"
“ဘာဘီကျုးလား” ယွီနျန်ကလည်း ပြန်ပြီး တီးတိုးပြောလိုက်ရင်း အလိုက်သင့် ပြန်တုံ့ပြန်လိုက်သည်။
"ကျွန်တော် လာခဲ့မယ်"