အပိုင်း ၃၂၉
Viewers 87k

Chapter 329




လင်းလော့ချင်းက ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ့အတွေးများမှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေသည်။


သူ့စိတ်ထဲမှာ ပုံရိပ်တွေ ပေါ်လာသည်။အသိစိတ်ရှိနေချိန်မှာ ကျိယွီရှောင်ကို ပြောမှာမဟုတ်သည့် စကားလုံးတွေကို ယခု ပေါ့ပေါ့ပါးပါးပဲ ထုတ်ပြောပစ်လိုက်လေသည်။


ကျိယွီရှောင်ကို ချစ်မိသွားသည့်အချိန်ကိုပင် သူ မေ့နေပြီဖြစ်၏။


ကျိယွီရှောင် ပထမဆုံးမြင်လိုက်ချိန်မှာ ဒီလူက ချောလိုက်တာဟု တွေးမိခဲ့ချိန်ကလား...


ကျိယွီရှောင် သူ့ရှေ့မှာ ပထမဆုံးအကြိမ် အိပ်ပျော်သွားတုန်းက သူ ကျိယွီရှောင် အိပ်ပျော်နေတဲ့ မျက်နှာကို မေးဖျားကနေ နဖူးထိ ငုတ်တုပ်ထိုင်ကြည့်ခဲ့ချိန်ကလား ...


ဒါမှမဟုတ်

သူတို့ အိပ်ရာအတူတူမျှဝေခဲ့ကြတဲ့ပထမဆုံးနေ့မှာ သူ ကျိယွီရှောင်ရဲ့ရင်ခွင်ထဲမှာနိုးလာပြီး နားနားကိုကပ်ပြီး တမင်တကာ သူ့ကိုကျီစယ်ခဲ့ချိန်ကပဲလား ...


အသိသာကြီးကို သူ အဆင်မပြေဖြစ်နေပေမဲ့ သူ့ကိုတွေ့ဖို့ ရိုက်ကွင်းရှိရာကို ကီလိုမီတာထောင်ပေါင်းများစွာ ခရီးနှင်ဖို့ ဆန္ဒရှိနေခဲ့ချိန်ကပဲလား...


မှန်သည်ပင်၊ သူက ကျိယွီရှောင်ကို တိတ်တခိုးလေး ခိုးချစ်နေခြင်းမျိုး ဘယ်တုန်းကမှ မရှိခဲ့ပေ။သို့ပေမဲ့ သူ

သူ့ကို ကြိမ်ဖန်များစွာ၊ ထပ်ခါတလဲလဲ ပြောခဲ့သည်။တစ်ခါတစ်ရံတွင် သူ ကျိယွီရှောင်ကို တကယ်ကြီး 15 နှစ်ကြာအောင်တိတ်တခိုးချစ်ခဲ့သလိုမျိုး ရုတ်တရက် ခံစားရသည်။ သူက လေနှင့် နှင်းများကို ဖြတ်လျှောက်ရင်း အချိန်များ ဖြတ်သန်းကာ ကျိယွီရှောင်ကို တွေ့ရန်လာခဲ့သည်။


ကျိယွီရှောင်ကို တကယ် ချစ်နေခဲ့လျှင် 

ကောင်းမှာပင်။


သူပြောခဲ့သလိုမျိုး သူ ကျိယွီရှောင်ကို ကယ်15 နှစ်ကြာအောင် တိတ်တခိုးချစ်နေခဲ့လျှင် သိပ်ကိုကောင်းလိမ့်မည်။


ထိုသို့ဆိုလျှင် သူ၏ငယ်ဘဝကလည်း ပျော်စရာကောင်းနေမှာပင်။


"ငါ မင်းကို သဘောကျတယ်"

သူ အသံတိုးတိုးလေးနှင့် ပြောလိုက်သည်။သဘောကျရလွန်း၍ အချိန်ကို နောက်ပြန်ဆုတ်ကာ မူလတန်းကျောင်းကို ပြန်သွားပြီး ကျိယွီရှောင်အငယ်လေးကိုရှာ၍ ဤလူကို သူ့နှလုံးသားထဲမှာ ထည့်ထားနိုင်ရန်မျှော်လင့်မိသည်။


ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံးသော မုသားမှာ မုသားအစစ်ဖြစ်သည်။


ယင်းက နောက်ဆုံးတွင် အမှန်တရားဖြစ်လာမည့် မုသားဖြစ်လေသည်။


လင်းလော့ချင်း ဇာတ်ကြောင်းကို ရှောင်ရှားရန်အတွက် ကျိယွီရှောင်ကို ချစ်သည်ဟု တစ်ခါက ပြောခဲ့ဖူးသည်။သို့ပေမဲ့ နောက်ပိုင်းမှာ သူထိုသို့မပြောတော့ပေ။အကြောင်းမှာ သူ ကျိယွီရှောင်နှင့် စောစောစီးစီးတွေ့ပြီး ကျိယွီရှောင်ကို့ စောစောတကယ်မချစ်မိခဲ့သည်ကို နောင်တရသောကြောင့်ဖြစ်သည်။


"တကယ် 15နှစ်ကြာအောင် မင်းကို တိတ်တခိုး ချစ်ခဲ့နိုင်ရင် ကောင်းမှာပဲ" ဟု သူ တိုးတိုးလေးပြောသည်။


ကျိယွီရှောင် သူယခုလိုပြောလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။


မနှစ်က နှင်းတွေကျသည့်ညကို သူသတိရမိသည်။လင်းလော့ချင်းက ထိုအချိန်ကလည်း အရက်မူးနေပြီး သူက ကျိယွီရှောင်ကို လိုက်ပိုးနေသည့်သူဖြစ်ပြီး ကျိယွီရှောင်ကိုကြိုက်သည်ဟု ခေါင်းမာမာနှင့်ပြောခဲ့သည်။


အခုကစပြီး ကျိယွီရှောင်က သူ့ကိုလိုက်ပိုးတော့မည်ဟု ပြောသည်ကို သူက သဘောမတူခဲ့ပေ။သူက ကျိယွီရှောင်ကို ကြိုက်၍ သူကသာ ကျိယွီရှောင်ကိုလိုက်ပိုးနေသူဖြစ်ရမည်ဟု အခိုင်အမာ ပြောနေခဲ့သည်။


ထိုအချိန်တုန်းက လင်းလော့ချင်း၏ ခိုင်မာသော သဘောထားကြောင့် သူ စိတ်ရှုပ်ထွေးသွားသည်။ တစ်ချိန်လုံး သူ တစ်ခုခု လွဲနေခြင်းဖြစ်မည်၊လင်းလော့ချင်းက သူ့ကို တကယ်ပဲ သဘောကျခြင်းဖြစ်လောက်မည်ဟုထင်ခဲ့သည်။


ယခု ဘာတွေဖြစ်နေမှန်း သူသိသွားပြီဖြစ်သည်။


လင်းလော့ချင်းက သူ့ကို သဘောကျပြီး သူပြောခဲ့သည်တွေကို တကယ်ဖြစ်လာစေချင်သည်။သူပြောခဲ့သလိုများ သူ့ကို တကယ်ခိုးချစ်နေခဲ့ချင်ခဲ့ခြင်းဖြစ်၏။


သို့ရာတွင် ကျိယွီရှောင်သည်းမခံနိုင်ပေ။


၁၅ နှစ်ဆိုသည်က ရှည်ကြာလွန်းသည်။လင်းလော့ချင်းက 15 နှစ်ကြာ သူ့ကို တကယ် တိတ်တိတ်လေးခိုးချစ်နေခဲ့သည့်အကြောင်းကို တွေးလိုက်ရုံဖြင့် စိတ်မကောင်းဖြစ်ရသည်။


"ကိုယ့်ကို တိတ်တိတ်လေးခိုးချစ်နေစရာ မလိုပါဘူး"

သူ ပြန်ဖြေလိုက်သည်။

"မင်း ကိုယ်ရှေ့မှာ ပေါ်လာတာနဲ့ ကိုယ်မင်းကို သဘောကျသွားမှာ သေချာတယ်... ဒါကြောင့် တိတ်တိတ်လေး ခိုးချစ်နေမလိုပါဘူးကွာ"


ခိုးချစ်နေရန်ပင်မလို၊ သူ့ရှေ့မှာ မတ်တပ်ရပ်ပြီး သူ့အနားမှာ ပေါ်လာရန်ပဲလို၏။


လင်းလော့ချင်း ဖြစ်နေသရွေ့ ကျိယွီရှောင် သူ့ဆီက အလိုအလျောက် အဆွဲဆောင်ခံရပြီး စွဲလန်းသွားလိမ့်မည်။


ထို့ကြောင့် တိတ်တိတ်လေး ခိုးချစ်နေစရာမလိုပေ၊ 15 နှစ်ဆိုရန်က ဝေးစွပင်။


ကျိယွီရှောင် အလွန်ကံကောင်းသည်။လင်းလော့ချင်းက သူ့ကို ဘယ်တုန်းကမှ ခိုးချစ်မနေခဲ့သည့်အတွက်ကံကောင်းသည်။


ဘယ်သူကမှ ကြာရှည်လှသည့် တိတ်တခိုးအချစ်ဘဝကို မဖြတ်သန်းခဲ့ရသည့်အတွက် ကံကောင်းသည်။


ဘယ်သူကမှ သူ့ကြောင့် ညလုံးပေါက် လူးလိမ့်မနေခဲ့ရသည့်အတွက် ကံကောင်းသည်။


လင်းလော့ချင်းအား သူပေးခဲ့သောအရာအားလုံးသည် ပျော်ရွှင်မှု၊ကြည်နူးမှုနှင့် သူပိုင်သော တောက်ပသည့်အရောင်များဖြစ်ခဲ့သည်ကို သူအလွန်ဝမ်းသာမိသည်။


လင်းလော့ချင်းအား သူ့ကို ချစ်သည့်အတွက်ကြောင့် မနာကျင်စေခဲ့ပေ။ဤသည်က သူလုပ်ဖူးသမျှထဲမှာ အပျော်ဆုံးအရာဖြစ်လေ၏။


"ကိုယ် မင်းကိုချစ်တယ်"


ကိုယ် မင်းကိုချစ်တာမလို့ မင်းတစ်ယောက်တည်းအထီးကျန်နေမှာကို ကိုယ်သည်းမခံနိုင်ဘူး...


ဒါကြောင့် မင်းကိုယ့်ကို တိတ်တခိုးချစ်နေစရာ မလိုဘူး...


လင်းလော့ချင်းက အိပ်ပျော်သွားပြီး ဤစကားကို မကြားလိုက်သည်က စိတ်မကောင်းစရာပင်။


မှန်ပြတင်းပေါက်မှ လရောင်က သူ့အိပ်မက်ကို ညင်သာစွာ လွှမ်းခြွုထားသည်။ ထိုအထဲတွင် သူက သူ့ကလေးဘဝသို့ ပြန်ရောက်သွားပြီး ကျိယွီရှောင်နားက ဖြတ်သွားခဲ့သည်။


သူပြန်လှည့်ကြည့်လိုက်သည်။ကျိယွီရှောင်အငယ်လေးက ကြည်လင်တောက်ပသော မျက်လုံးများဖြင့် သူ့ထံသို့ ပြုံးကာ လက်ပြနေသည်။ နေရောင်က သူ့မျက်နှာပေါ် ဖြာကျနေပြီး ကျိယွီရှောင်၏ နှလုံးသားထဲကို လင်းလက်သွားစေသည်။


သူတို့က တစ်ယောက်နှင့်တစ်ယောက် 15နှစ် တိတ်တခိုးချစ်ခဲ့ကြသည်။15နှစ်ကြာပြီးနောက် တစ်ယောက်နှင့်တစ်ယောက် တယုတယ နမ်းကြသည်။


ကောင်းကင်က မြင့်သည်၊ ရေက ရှည်ပြီး နှစ်တွေက ငြိမ်သည်။


***

ဝူရှင်းယွမ်က သူ့ကိုလာနှိုးသည်အထိ

လင်းလော့ချင်း မှင်တက်နေဆဲဖြစ်သည်။


မနေ့ညက သူ ကျိယွီရှောင်နှင့် ဖုန်းပြောခဲ့သလိုလိုရှိသည်ကို ယောင်ဝါးဝါး သတိရမိသည်။ သူ့ဖုန်းထဲက ဖုန်းခေါ်ဆိုမှု မှတ်တမ်းကို တွေ့ပြီး မှန်ကန်ကြောင်းကို မတွေ့ရမချင်း သူ မသေချာမရေရာဖြစ်နေခဲ့သည်။


သို့သော်လည်း လင်းလော့ချင်း ၎င်းကိုမြင်သောအခါ ချက်ချင်းပင် အံ့သြသွားခဲ့သည်။ကျိယွီရှောင်နဲ့ ငါးနာရီကြာအောင် စကားပြောခဲ့တာလား...


ဘယ်လိုဖြစ်လို့ ဒီလောက်ကြာအောင် ပြောခဲ့တာလဲ...


လင်းလော့ချင်း သိချင်သွားပြီး ကျိယွီရှောင်ဆီသို့ WeChat မက်ဆေ့ချ်ကို ပို့ခဲ့သည်။

[မနေ့ညက ငါတို့ ငါးနာရီကြာအောင်ထိ ဘာတွေပြောခဲ့ကြတာလဲ]


ကျိယွီရှောင်ကတွေးလိုက်၏။သူ့ဖုန်းဘက်ထရီကုန်သွားလို့သာ...မဟုတ်ရင် ငါးနာရီကျော်မှာ...


ကျိယွီရှောင် : [ပြန်လာရင် ပြောပြမယ်]


လင်းလော့ချင်း ပို၍ပင် သိချင်သွားသည်။ 

[ကြိုပြီး ပြောလို့မရဘူးလား?]


ကျိယွီရှောင်: [မရဘူး~]


လင်းလော့ချင်း: '... ထူးဆန်းတယ်'


လင်းလော့ချင်း ဤကိစ္စကို သိပ်ပြီး မစဉ်းစားခဲ့ပေ။မည်သို့ပင်ဆိုစေကာမူ သူက မနက်ဖြန်ပြန်မည်ဖြစ်၍ မနက်ဖြန်ဆိုသိရမှာဖြစ်သည်။


သူ ဝူရှင်းယွမ်နောက်ကလိုက်ကာ ယခုတစ်ခေါက် ကော်ဇောနီလျှောက်ရာတွင် ဝတ်ဆင်မည့် ဝတ်စုံကို ရွေးချယ်ခဲ့သည်။ပြီးလျှင် မှန်တင်ခုံရှေ့မှာထိုင်ပြီး စတိုင်လစ်က သူ့ကို့မိတ်ကပ်လိမ်းပေးသည်။


ညနေ ၆ နာရီတွင် လင်းလော့ချင်း ရှစ်ကျန်း ၊ယွီကျားယုံနှင့် နင်းယွိတို့နှင့်အတူ ကော်ဇောနီလျှောက်ခဲ့သည်။


ရွှေဖီးနစ်ဆုပေးပွဲ အခမ်းအနားသို့ သူတို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းသော်လည်း ဤသည်က နောက်ဆုံးအကြိမ် မဟုတ်ကြောင်း သူ ကောင်းကောင်းသိသည်။


ရွှေဖီးနစ်က တိုက်ရိုက်ထုတ်လွှင့်မှုမလုပ်ပေ။ထို့ကြောင့် ကော်ဇောနီဓာတ်ပုံတွေကို တရုတ်နိုင်ငံကို ပြန်ပို့နေချိန်မှာ လင်းလော့ချင်းက ခန်းမထဲကို စောစောဝင်ခဲ့ပြီး ဆုပေးပွဲအခမ်းအနား စတင်ရန် စောင့်ဆိုင်းနေခဲ့သည်။


လင်းလော့ချင်း၏ဖန်တွေက သူ၏ကော်ဇောနီဓာတ်ပုံတွေကို မြင်ပြီး တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်ခဲ့ကြသည်။ 

[အားးး ချင်းချင်းက အရမ်းချောတာပဲ]


[ဝတ်စုံက ကြည့်ကောင်းတယ်...လှချက်ပဲ!]


[ကောကောရဲ့အလှကြောင့် ငါတော့သေပါပြီ]


[ဝူးဝူးဝူး ဒီဘဝမှာ ချင်းချင်းနဲ့ မအိပ်ရဘူးလို့ တွေးမိတဲ့အခါ၊ ငါ့ဘဝရဲ့ အဓိပ္ပါယ်ကဘာလဲလို့ ပြန်တွေးမျတယ်]


[အရမ်းစိတ်လှုပ်ရှားနေတယ်...ကောကော ကျားယို့!]


အခြားအင်တာနက်သုံးစွဲသူများသည် ကော်ဇောနီပေါ်ရှိ 'ကွေးယွီ့' အဖွဲ့ကို ကြည့်ကာ သက်ပြင်းမချဘဲမနေနိုင်ပေ။


[ဖာ့ခ်...အဖွဲ့သားတွေအားလုံးက ဒီလောက် ချောတာလား]


[ငါ လင်းလော့ချင်း နဲ့ ရှစ်ကျန်းကို သိတယ်... သူ့ဘေးနားက လူချောနှစ်ယောက်က ဘယ်သူတွေလဲ...ဒါရိုက်တာနဲ့ တခြားသရုပ်ဆောင်လား]


[အလယ်ကတစ်ယောက်က ဒါရိုက်တာလို့ သေချာတယ်...ဒါရိုက်တာက တော်တော်ချောတာ]


[သူက ရုပ်ချောရုံတင်မကဘူး ငယ်လည်းငယ်သေးတယ်]


[ဘုရားရေ သူတို့လေးယောက်က အဖွဲ့လိုက် ပွဲဦးထွက်လို့ရတယ်... သူတို့မျက်နှာတွေက အံ့သြစရာကောင်းအောင်ချောလွန်းတယ်]


[ကျန်းကောက ချင်းချင်းဘေးမှာ ရပ်နေတယ်... ကဗျာဆန်တဲ့ စိတ်ခံစားချက်က ဒီကို ပြန်ရောက်လာပါပြီ]


[ဟားဟား ...ဒါက ချင်းချင်းနဲ့ ကျန်းကော နဲ့ ပထမဆုံးအကြိမ် တရားဝင် ပူးပေါင်းဆောင်ရွက်တာပဲ...အရင် 'ထောင်လီပုရန်' ကို ထည့်မတွက်ဘူး...ကျန်းကော အဲဒီတုန်းက အခန်းသိပ်မပါဘူး]


[လင်းလော့ချင်းက သူ့ကို အရမ်းချစ်တာပဲ... ရုပ်ရှင်ရိုက်ရင် ကျန်းကောကို ဘယ်တော့မှ မမေ့ဘူး]


[??? လင်းလော့ချင်းရဲ့ အချစ်ဆုံးကကျိယွီရှောင်ပါနော်...ကဗျာဆန်တဲ့ခံစားချက်က ကြည့်လိုက်တာနဲ့ သူငယ်ချင်းအစစ်မှန်းသိသာတယ်... လုပ်ငန်းခွင်မှာ ပူးပေါင်းဆောင်ရွက်နေကြတာ... စိတ်အားထက်သန်မှုကသာ တကယ့်ချိုမြိန်မှုအစစ်]


[မှန်တယ်...စိတ်အားထက်သန်မှုက အချိုဆုံး...ကဗျာဆန်တဲ့ခံစားချက်က အလုပ်တွဲလုပ်ရုံမှန်း သေချာတယ်]


[ဘုရားရေ CP ဖန်တွေ ဒီကို မလာသင့်ဘူး... ဘာလို့ ချောချောလေးတွေကို တွဲမကြည့်ရတာလဲ]


[ဟားဟားဟား... သကြားလုံးလာလုကြ...ရှစ်ချင်းလား ကျိချင်းလား ကြည့်ရအောင်...ငါ ဒီနှစ်တွဲလုံးရဲ့ သကြားလုံး မစားရသေးဘူး]


ခဏကြာသောအခါ ဖိုရမ်မှာ လင်းလော့ချင်း အကြောင်း ပို့စ်တွေ ပြည့်နေသည်။


၈ နာရီမှာ ဆုပေးပွဲ အခမ်းအနားကို တရားဝင် စတင်ခဲ့သည်။


လင်းလော့ချင်း စိတ်လှုပ်ရှားစွာဖြင့် ထိုင်ခုံပေါ်တွင် ထိုင်နေသည်။ 'ဆုရရမယ် ဆုရရမယ်' ဟု တိတ်တိတ်လေး စိတ်ထဲမှာ တွေးခဲ့သည်။


သူနဲ့ယွီကျားယုံ နှစ်ယောက်စလုံး ဆုရကိုရရမယ်...


သူ ဂနာမငြိမ်ဖြင့် လက်ခုပ်တီးနေခဲ့သည်။ ခဏအကြာ၌ အစီအစဉ်တင်တက်သူက အင်္ဂလိပ်လိုပြောသည်ကို သူကြားလိုက်ရ၏။

"နောက်တစ်ခုက ဒီနှစ်ရဲ့ ရွှေဖီးနစ် အကောင်းဆုံး ဒါရိုက်တာဆုပါ"


လင်းလော့ချင်း ချက်ချင်းပင် မတ်မတ်ထိုင်လိုက်သည်။


စင်မြင့်ပေါ်ရှိ ဖန်သားပြင်ကြီးက ဆန်ခါတင်ဒါရိုက်တာများ၏ လက်ရာများကို တစ်ခုပြီးတစ်ခု ပြသနေသည်။


လင်းလော့ချင်း ဖန်သားပြင်ပေါ်တွင် သူ့အခန်းက ဖျတ်ခနဲပေါ်လာသည်ကို မြင်လိုက်ရသည်။ နောက်ဆုံးတွင် အစီအစဥ်တင်ဆက်သူက ယွီကျားယုံ ၏ အင်္ဂလိပ်နာမည်ကို အမြင့်သံကြီးဖြင့် အော်သည်အား ကြားလိုက်ရသည်။


လင်းလော့ချင်း တစ်စက္ကန့်မျှမလှုပ်မယက်ဖြစ်သွားသည်။ ထို့နောက် သူ့မျက်နှာပေါ်တွင် ပျံ့နှံ့နေသော အပြုံးကို မရပ်တန့်နိုင်တော့ဘဲ အမြန်လက်ခုပ်တီးလိုက်သည်။


ယွီကျားယုံက စင်မြင့်ပေါ်ရှိ အစီအစဥ်တင်ဆက်သူများကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ထို့နောက် သူ့ဘေးနားရှိ လင်းလော့ချင်း နှင့် နင်းယွီကို တကြည့်လိုက်သည်။


ဒါ... သူရသွားတာလား...


တကယ် သူပဲ...


ယွီကျားယုံက အနည်းငယ်မှင်တက်နေနေသည့်ပုံစံဖြင့် မတ်တပ်ထရပ်လိုက်ပြီး သူ့လက်နှင့်ခြေများကြား အချိတ်အဆက်မမိနိုင်လုနီးပါးဖြစ်နေသည်။ သူက သူ၏ စိတ်အခြေအနေကို လျင်မြန်စွာ ချိန်ညှိပြီး စင်မြင့်ပေါ်သို့ တက်တက်ကြွကြွ လျှောက်လှမ်းခဲ့သည်။


ပရိသတ်က လက်ခုပ်သြဘာပေးနေကြဆဲဖြစ်သည်။ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူတို့အားလုံး၏ မျက်နှာပေါ်တွင် ကောင်းချီးပေးသည့် အပြုံးများ ရှိသည်။


ယွီကျားယုံ ၎င်းကို ကြည့်ပြီး ရုတ်တရက် အတော်လေး မှော်ဆန်သည်ဟုခံစားရသည်။ ၎င်းသည် မအတန်ငယ် ထင်ယောင်ထင်မှားဖြစ်နေသကဲ့သို့ဖြစ်ပြီး စစ်အမှန်နှင့်မတူပေ။


သူ ဆုပေးသူထံမှ ဆုကိုယူကာ မိုက်ခရိုဖုန်းဆီသို့ လျှောက်သွားပြီး ပရိသတ်ထဲမှ လူများကို ကြည့်လိုက်သည်။


တစ်နေ့နေ့ သည်နေရာမှာ ရပ်နေရလိမ့်မည်ဟု သူဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။မဟုတ်သေး၊ သူ ဤအကြောင်းကို တစ်ကြိမ်ထက်မက တွေးခဲ့ဖူးပေမဲ့ထပ်ပြီး မတွေးဝံ့ခဲ့ပေ။


ယခု သူရောက်ရန် အိပ်မက်မက်နေသည့် နေရာကိုရောက်နေလေပြီ။


ယွီကျားယုံ ထိုအခိုက်အတန့်တွင် ငိုချင်ပေမဲ့ ငိုစရာ ဘာမှ မရှိဘူးဟု ခံစားရသည်။


သူ့အိမ်မက်တွေ အကောင်အထည်ပေါ်နေပြီဖြစ်သည်။ငိုစရာ မလိုပေ။


သူက ပရိသတ်ကို ပြုံးပြုံးရွှင်ရွှင်နှင့် ကြည့်ပြီး ဆုကို မြှောက်လိုက်သည်။ ယခင်က အလွန်တရားဝင်ဆန်သည့်လက်ခံမိန့်ခွန်းကို အလွတ်ကျက်ခဲ့ဖူးသော်လည်း ယခုအချိန်တွင် ခြောက်သွေ့ပြီး အသုံးမဝင်သော စကားလုံးများကို သူ မပြောချင်ပေ။


"ဒါက ကျွန်တော့်အတွက် ပထမဆုံး အကြိမ် ရွှေဖီးနစ်ဆုပေးပွဲကိုတက်ရောက်တာပါ ...ကော်ဇောနီကို လျှောက်လာရင်းနဲ့ ဒါဟာ ကျွန်တော့်ရဲ့ နောက်ဆုံးအကြိမ် မဟုတ်ဘူးဆိုတာ သေချာတယ်လို့တွေးမိပါတယ်... အခုဆို ဒီနေရာကိုရောက်တာ ကျွန်တော့်ရဲ့ နောက်ဆုံးအကြိမ် မဟုတ်ဘူးဆိုတာ ပိုပိုပြီးတော့ ယုံကြည်လာတယ်"


"ကျောင်းတက်တုန်းက ဆရာက ကျွန်တော့်ကို အရမ်းထူးချွန်တယ်လို့ ထင်ပြီး 'ကျားယုံ ...မင်းက ရုပ်ရှင်ရိုက်ဖို့ အရမ်းသင့်တော်တယ်' လို့ ပြောတယ်... ကျွန်တော်လည်း တွေးမိတယ်... ဒါကြောင့် ကျောင်းတက်နေချိန်ရော ဘွဲ့ရပြီးရော ရုပ်ရှင်တွေရိုက်တယ်...အဲ့ဒါကြောင့် မိသားစုနဲ့တောင် ကွဲသွားတယ်...ကျွန်တော် ရုပ်ရှင်တွေရိုက်ခဲ့ပေမဲ့ ကျွန်တော့်ရုပ်ရှင်တွေထဲက တစ်ကားမှ အမှန်တကယ် လူသိရှင်ကြားမပြခဲ့ပါဘူး... ဘွဲ့ရပြီး လေးနှစ်ကြာတဲ့အထိ ရလဒ်မထွက်ဘူး...အကောင်းဆုံး ကောလိပ်ဘွဲ့ရဖြစ်ခြင်းကနေ ပြီးပြည့်စုံတဲ့ အရှုံးသမားဖြစ်လာခဲ့တယ်"


"ကျောင်းတက်တုန်းက ဒီနေရာကို အိပ်မက်မက်နိုင်ခဲ့တယ်...ဆုရခဲ့တယ်လို့ အိပ်မက်မက်ပြီး အိပ်မက်ထဲမှာ ငါ့ခေတ်ကို ရောက်လာပြီလို့ ကျွန်တော်ပြောခဲ့တယ်... ဒါပေမဲ့ အဲဒီနောက်ပိုင်း ဒီနေရာကို ထပ်ပြီး အိပ်မက်မမက်တော့ဘူး...ဒီနေရာမှာ မီးတွေက တဖျပ်ဖျပ်တောက်ပြီး လင်းနေချိန်မှာ ကျွန်တော့်အိမ်မက်တွေအားလုံး ပြာတွေဖြစ်နေခဲ့တယ်"


"ဒါပေမဲ့ အခု ကျွန်တော် ဒီကိုရောက်လာပြီး ကျွန်တော့်အိပ်မက်ထဲက ဒီနေရာလေးမှာ ရပ်နေရတုန်းပါပဲ... အနာဂတ်မှာ ဒီနေရာမှာ ရပ်နိုင်မဲ့ ဒုတိယအခွင့်အရေးကို ကျွန်တော်ဘယ်တော့မှ မရနိုင်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်... ဒါကြောင့် ဒီတစ်ခေါက်အတွက် ကျွန်တော် နှလုံးသားထဲကနေ အမှန်တစ်ကယ် ပြောဖို့ ဆုံးဖြတ်ခဲ့တယ်"


"ကျွန်တော့်ကို ဒီဆုပေးခဲ့တဲ့ ပွဲစီစဉ်သူတွေကို အရမ်းကျေးဇူးတင်ပါတယ်...ဒီဆုနဲ့အတူဆိုရင် အနာဂတ်မှာ လူတချို့နဲ့ အရာတွေကို ရင်ဆိုင်ဖို့၊ ကျွန်တော်သွားချင်တဲ့လမ်းကို ခိုင်မာစွာ လိုက်လျှောက်ပြီး ကျွန်တော်အဖြစ်ချင်ဆုံး ယွီကျားယုံ ဖြစ်လာဖို့ ပိုယုံကြည်မှုရှိလာမှာပါ...ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ စိတ်ရှည်သည်းခံပြီး ယုံကြည်အားပေးခဲ့ကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်... သူတို့ကြောင့် ကျွန်တော် ဒီအဆင့်ထိကို လှမ်းနိုင်ခဲ့တာပါ"


"ဟုတ်ပါတယ်...ကျွန်တော် ကျေးဇူးအတင်ဆုံးက ကျွန်တော့်သူငယ်ချင်း နင်းယွီ နဲ့ လင်းလော့ချင်းတို့ပါ... သူတို့ထဲက တစ်ယောက်က ကျွန်တော် ကိုယ့်ကိုကိုယ် လက်လျော့လိုက်တဲ့အချိန်မှာ ကျွန်တော့်ကို လက်မလျော့ခဲ့ပါဘူး... နောက်တစ်ယောက်က ကျွန်တော် မျှော်လင့်ချက်တွေမဲ့နေချိန်မှာ ကျွန်တော့်ကို နောက်ဆုံး မျှော်လင့်ချက် ပေးလာခဲ့တယ်... သူတို့မရှိရင် ကျွန်တော် ဒီနေ့ ကျွန်တော်ရှိနေတဲ့နေရာမှာ ရှိနေ မှာမဟုတ်ပါဘူး...ဒီနေ့ ဒီဆုကို ကျွန်တော်ရမှာ မဟုတ်ပါဘူး...ဒါကြောင့် ဒီဆုက ကျွန်တော်ဟာတင်မဟုတ်ပါဘူး၊သူတို့ဟာလည်းဖြစ်ပါတယ်...ကျေးဇူးတင်ပါတယ်သူငယ်ချင်းတို့"


ယွီကျားယုံက လေးလေးနက်နက် ဦးညွှတ်လိုက်သည်။


နင်းယွီက ပြုံးပြီး လက်ခုပ်ကို အတီးမရပ်နိုင်ပေ။


လင်းလော့ချင်း သူ့ကိုကြည့်ရင်း သူ့မျက်လုံးထဲမှာ အပြုံးတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။


မူရင်းဝတ္ထုတွင်လည်း နင်းယွီက ယခုကဲ့သို့ ပျော်ရွှင်နေပြီး စိတ်လှုပ်ရှားနေလောက်သည်။ သူ့လက်တွေ နီရဲလာပေမဲ့ လက်ခုပ်တီးနေတုန်းပင်။


သို့ပေမဲ့ ယွီကျားယု ပံ့ပိုးကူညီမှု အလိုအပ်ဆုံးအချိန်မှာ သူ လှည့်ထွက်သွားခဲ့သောကြောင့် သူ့နှလုံးသားထဲက အထုံးတွေကို ဘယ်သောအခါမှ ဖြေဖျောက်နိုင်ခဲ့မည်မဟုတ်ပေ။