အပိုင်း ၃၁၁
Viewers 87k

Chapter 311




[ချင်ဝူလည်း ဖြစ်နိုင်ချေ အရမ်းများတယ်... "အလင်းရောင်" ကနေ "အနောက်အရပ်သို့ခရီး"အထိ လင်းလော့ချင်းနဲ့ ချင်ဝူတို့က မကြာခဏဆိုသလို ပို ပူးပေါင်းဖြစ်ကြတယ်လေ]


[ဟားဟားဟား သူနဲ့ စုထုံကို တွဲတွေ့ချင်နေတာ ငါတစ်ယောက်တည်းလား.. သူကလည်း ရှင်းရီက...စုထုံကလည်း ရှင်းရီက... သူတို့နှစ်ယောက်လုံးက အခုချိန်မှာ ထိပ်တန်းတွေ...ဘုရင်က ဘုရင်ချင်းပဲမြင်မှာပေါ့ [ခွေးခေါင်း]] 


[ငါပြောရမယ်ဆိုရင် အကုန်လုံးသာ ခေါ်လာလိုက်... ဘာပဲဖြစ်ဖြစ် ငါတို့ မင်လျန့်မိသားစုက မဝင်ဆန့်ဘူး[ရယ်စရာ]]


အင်တာနက်သုံးစွဲသူတွေက အများကြီးပြောနေကြချိန်မှာ လင်းလော့ချင်း ပေးလိုက်သည့် ဆွေမျိုးနှင့် သူငယ်ချင်းစာရင်းကို ကြည့်ပြီး အစီအစဉ်အဖွဲ့က ခေါင်းကိုက်နေခဲ့သည်။လင်းလော့ချင်းက ရှစ်ကျန်းကို ခေါ်လာမည်ဟု သူတို့ ထင်ခဲ့ကြပြီး ရွှေလော်ရယ်ဆု၏ ကျော်ကြားမှုကို အခွင့်ကောင်းယူနိုင်မည်ဟု တွက်ထားခဲ့ကြသည်။မမျှော်လင့်ဘဲ လင်းလော့ချင်းက အပျော်တမ်းသူငယ်ချင်းကို ခေါ်လာခဲ့သည်။


ဒါရိုက်တာက သက်ပြင်းချပြီးတွေးလိုက်သည်။အိုကေ အပျော်တမ်းဆိုလည်း အပျော်တမ်းပေါ့...ဘာပဲဖြစ်ဖြစ် သူတို့လိုချင်တာက လင်းလော့ချင်းပဲဟာ... ဆွေမျိုးတွေ သူငယ်ချင်းတွေက အရေးမကြီးပါဘူး...


အင်တာနက်အသုံးပြုသူများနှင့် ၎င်းကို ဆွေးနွေးခဲ့ကြပြီး နှစ်ရက်အကြာတွင်

ပရိုဂရမ်အဖွဲ့က အဖြေထုတ်ပေးခဲ့သည်။


တောက်ပသောတနင်္ဂနွေV : မင်လျန့်အိမ်သို့ ခရီး...ကားပေါ်က သူငယ်ချင်း ကော်ဖီတစ်ခွက် လာသောက်မှာ မလား@လင်းလော့ချင်း


လင်းလော့ချင်းက ဤသည်ကို မှတ်ချက်တစ်ခုနှင့် ပြန်လည်မျှဝေခဲ့သည်။

[နို့နဲ့သကြားထည့်ပေးပါ...ကျေးဇူးတင်ပါတယ်]


လင်းလော့ချင်း၏ဖန်များက အော်ဟစ်ကြသည်။ 

[အားအားအား အဲဒါ ငါ့ကောကောပဲ... သူက ရသစုံရှိုး ရိုက်ကူးတော့မယ်]


[အခု ငါ ရသစုံရှိုး သွားကြည့်တော့မယ်...ငါနဲ့ ဘယ်သူလိုက်မလဲ"


[ အတူတူသွားကြရအောင် ...အားအား... ညီလေး နောက်ဆုံးတော့ ရသမျိုးစုံရှိုးကို မှတ်တမ်းတင်လိုက်ရတာ အရမ်းပျော်တယ်]


[ငါရောပဲ...ကျားယို့ကောကော ...သွားပျော်ချေပါ]


အင်တာနက်သုံးစွဲသူတွေကတွေလည်း ရှော့ရသွားပြီး ယခုလိုပြောကြသည်။ [ဖာ့ခ် ဒီရာသီ မင်းတို့ဖိတ်ထားတဲ့ ဧည့်သည်တွေက မနှစ်ကရာသီလောက် မကောင်းဘူး...မင်းတို့ရဲ့အကွက်ကြီးကြီးကို ဒီနေရာအတွက်သိမ်းထားတာလား ! ! ! ဘုရားရေ မင်းတို့က လင်းလော့ချင်းကို တကယ်ဖိတ်ထားတာပဲ]


[ဒါက လင်းလော့ချင်းရဲ့ ပွဲဦးထွက် ရှိုးလား...မင်လျန့်က အရမ်းမိုက်တယ်]


[မင်လျန့်က မျှော်လင့်ထားတဲ့အတိုင်းပဲ... ငါကြိုက်တယ်... ငါfollowမယ်]


[လင်းလော့ချင်းက ဘယ်တော့ ရှိူးကိုလာမှာလဲ...မနက်ဖြန် အဆင်ပြေလား... ငါ လေယာဉ်လက်မှတ်ဝယ်မလို့]


[ဒီရာသီကို တိုက်ရိုက်ထုတ်လွှင့်မှုအဖြစ် ပြောင်းလဲခဲ့တာကို ငါ မှတ်မိပါတယ်...ဟုတ်တယ်မလား ပရိုဂရမ်အဖွဲ့! ! အချိန်ကျလာရင် လင်းလော့ချင်း ဝင်လာတဲ့အချိန်ကစပြီး သူထွက်သွားတဲ့အထိ တိုက်ရိုက်ထုတ်လွှင့်နော်! !]


[ VIP ကိုဖွင့်ပြီး 24 နာရီ တိုက်ရိုက်ထုတ်လွှင့်မှုကို စီစဉ်ပေးစေချင်တယ်]


[ယင်ကောင်က သူ့လက်တွေကို ပွတ်သပ်နေပြီ...ငါ မစောင့်နိုင်တော့ဘူး]


[ခဏလေး...လော့ချင်း နင်ဘယ်သူနဲ့ လာချင်တာလဲ...ကျန်းကော မဟုတ်ရင် ငါ ညှိနှိုင်းပေးမှာ မဟုတ်ဘူးနော်]


[ချင်ကျဲ...ချင်ကျဲ... ချင်ကျဲ]


[လော့ချင်း ကျန်းကောကိုကြည့်ပါ...ကျန်းကော ချစ်ခြင်းမေတ္တာကို ဖွင့်ဟကြေညာတာက ရိုမန်တစ်ဆန်တယ်မဟုတ်ဘူးလား]


[ချင်ကျဲရဲ့ ကျေးဇူးတင်စကားတွေကလည်း အရမ်းရိုးသားတာနော်]


[ရှူး ရှူး သွားကြ! ပရိုဂရမ်အဖွဲ့ရေ ငါ့စကားကို နားထောင်...တိုက်ရိုက်ထုတ်လွှင့်မှု ပိုပြီးပေါက်ဖို့က စုထုံဖြစ်မှရမယ်နော်]


[ဟုတ်တယ်...ဘုရင် ဘုရင်ချင်းပဲမြင်းချင်တယ်နော်...လင်းလော့ချင်းက စုထုံကို မဖိတ်ရင် ပရိုဂရမ်အဖွဲ့က စုထုံကိုသွားပြီး ဖိတ်သင့်တယ်]


ခဏအကြာတွင်၊ [လင်းလော့ချင်း မင်လျန့်အိမ်]က အပူတပြင်း ရှာဖွေမှုတစ်ခုဖြစ်လာပြီး ရှစ်ကျန်း၊ ချင်ဝူ နှင့် စုထုံတို့သည်လည်း ဤအပူတပြင်းရှာဖွေမှုကိုတွေ့လိုက်ရသည်။


ရှစ်ကျန်း :...ဒါက တကယ်ပဲငါလား...


ချင်ဝူက အနည်းငယ် ချီတုံချတုံ ဖြစ်နေသည်။ သူမ မဖြစ်လောက်ဘူး မဟုတ်လား...


စုထုံက အလွန်ယုံကြည်မှုရှိနေသည်။သူက အရမ်းဈေးကြီးလွန်းလို့ သေချာပေါက် သူမဖြစ်နိုင်ဘူး...


သူက WeChat မက်ဆေ့ခ်ျပို့ပြီး လင်းလော့ချင်းကိုမေးလိုက်သည်။

[ဘယ်သူ့ကို ခေါ်သွားမှာလဲ]


လင်းလော့ချင်း သူ၏ WeChat မက်ဆေ့ချ်ကို ကြည့်လိုက်သည်နှင့် သူမေးနေသည့်အရာမှာ "မင်လျန့်အိမ်" ဖြစ်မှန်းတန်းသိသည်။

[မင်းသွားချင်လား]


စုထုံ: [မင်းဘယ်သူ့ကိုခေါ်သွားချင်လဲဆိုတာပေါ်မူတည်တယ်]


[ကျိယွီရှောင်]

လင်းလော့ချင်း ရိုးရိုးသားသား ပြောလိုက်သည်။


စုထုံ: ! ! !


စုထုံ ခေါင်းမော့ပြီး သူ့အေးဂျင့်ကိူကြည့်လိုက်သည်။

"မင်လျန့်အိမ်ကို သွားရိုက်လို့ရမလား...လင်းလော့ချင်းရဲ့အပိုင်းတွေတင်"


"မရဘူး" 

အေးဂျင့်က သူ့ကို ကြည့်လိုက်ပြီး

အကူအညီမဲ့စွာ ပြောသည်။

"မင်းရဲ့အချိန်ဇယားက ဇူလိုင်လအထိ စီစဉ်ထားပြီးသား...လင်းကလော့ချင်း ဇူလိုင်လမှာ သွားရိုက်မယ်ဆိုမှ မင်းလိုက်လို့ရမှာ"


စုထုံ :' ...ဟူး ထိပ်တန်းအနုပညာရှင်တစ်ယောက်ရဲ့ အချိန်က အရမ်းကျပ်နေပါလားနော်'


[ငါတကယ် ပွဲကြည့်ချင်ပေမဲ့ ငါ့အချိန်ဇယားထဲမှာ အချိန်မရှိဘူးဖြစ်နေတယ်]

စုထုံက စိတ်မကောင်းစွာနှင့် ပြောလိုက်သည်။


လင်းလော့ချင်း:' ...အချိန်မရှိတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်'


[ဒါပေမဲ့ အချိန်ကျလာတဲ့အခါ တိုက်ရိုက်ထုတ်လွှင့်မှုကို ငါကြည့်လို့ရတယ်... ဟားဟား ကျိယွီရှောင်ကိုကောင်းကောင်းနေခိုင်းနော်...မဟုတ်ရင် မင်း မှတ်ချက်တွေကို ရေတပ်နဲ့ ထိန်းချုပ်နေရလိမ့်မယ် [ရယ်စရာ]]


လင်းလော့ချင်း : '...ဒီအချိန်မှာ ကျိယွီရှောင် နဲ့ မင်းရဲ့ဆက်ဆံရေးက သိပ်ကောင်းပုံမပေါ်ဘူး'


လင်းလော့ချင်း: [မင်းရဲ့ သူဌေးအပေါ် ယုံကြည်မှု နည်းနည်းလေးတောင် မရှိဘူးလား]


စုထုံ: [အိုး ဒါဆိုလည်း သူဌေးကိုပြောလိုက် ကျားယို့လို့...သူဌေးကတော်မင်းရောပဲ]


လင်းလော့ချင်း:'ငါနောက်ဆုံးစာကြောင်းကို တကယ် မလိုဘူး'


"မင်လျန့်အိမ်" ရှိ ဧည့်သည်များ၏ ဆွေမျိုးများနှင့် သူငယ်ချင်းများကို တရားဝင်ကြေငြာရန် မလိုအပ်ပါချေ။ ထို့ကြောင့် အတူ လိုက်ပါလာခဲ့သည့် ဆွေမျိုးများနှင့် သူငယ်ချင်းများကို ကြည့်ရှုလိုပါက ရှိူးပြသည်အထိ စောင့်ရပေမည်။


ရှစ်ကျန်း လင်းလော့ချင်းကိုမေးမြန်းခဲ့ပြီး လင်းလော့ချင်းက ကျိယွီရှောင်ကိုခေါ်သွားရန်စီစဉ်ထားသည်ကိုသိလိုက်ရသည်။သူအနည်းငယ်အံ့သြသွားသော်လည်း လင်းလော့ချင်းအနေဖြင့် ကျိယွီရှောင်ကိုတစ်သက်လုံးဖုံးကွယ်ထား၍မရကြောင်း သူသိသည်။သူက သေချာပေါက် ကျိယွီရှောင်နှင့် တရားဝင် ကြေငြာချက်ထုတ်မှာဖြစ်သည်။ထို့ကြောင့် ယခုလိုလူရှိသည်ဆိုခြင်းကို ဖန်တွေအား ကြိုအသိပေးထားခြင်းကကောင်း၏။


[ကျားယို့] 

သူက လင်းလော့ချင်းကို WeChat မက်ဆေ့ခ်ျပို့လိုက်သည်။

[သွားပျော်ခဲ့]


[အင်း] 

လင်းလော့ချင်းက သူ့ကို ကြောင်လေးခေါင်းညိတ်ပြသည့်အီမိုဂျီပို့လိုက်သည်။


မကြာမီ ဆောင်းစံပယ်ရနံ့နှင့် ငှက်တွန်သံများနှင့်အတူ မတ်လက ကမ္ဘာမြေသို့ ရောက်ရှိလာသည်။


လင်းဖေး နှင့် ကျိလဲ့ယွီတို့က ကျောင်းသို့ပြန်သွားကြသည်။ယခုအချိန်တွင် "အနောက်အရပ်သို့ခရီး" ထွက်ထားသောကြောင့် ကျောင်းထဲသို့ဝင်သည်နှင့် လူအများက သူတို့ကို တိတ်တိတ်လေး စောင့်ကြည့်နေကြသည်။


တခြားတစ်ယောက်ယောက်က သူတို့ဆီပြေးလာပြီး လင်းဖေးကိုမေးသည်။

"မင်းက ရှောင်ဖူရှီလား" 


လင်းဖေးက စကားမပြောရန် အလွန်ပျင်းနေသည်။ကျိလဲ့ယွီက ခေါင်းခါလိုက်သည်။

"မဟုတ်ဘူး"


"ဒါဆို မင်းက ရှောင်ရှီ လား"


"ရှောင်ရှီက ဘယ်သူလဲ" 

ကျိလဲ့ယွီက ဘာမှမသိသည့်ဟန်ဖြင့်ရှိနေသည်။


"အဲဒါက ဇာတ်ကားထဲက ကောင်လေး" သူတို့ကို ခုနကတားမေးသည့်ကလေးက သိချင်သွား၏။

"အဲဒီဇာတ်ကားကို မကြည့်ဘူးလား...လင်းလော့ချင်း သရုပ်ဆောင်တဲ့ တစ်ခုလေ"


ကျိလဲ့ယွီက ခေါင်းခါလိုက်ပြီးဆိုသည်။ "မကြည့်ပါဘူး"


ကောင်လေးက ၎င်းကိုမြင်သောအခါ သူတို့နှင့်တူရုံတူခြင်းဖြစ်မည်ထင်ပြီး မေးခြင်းကို ရပ်လိုက်သည်။


သို့သော် အတန်းထဲသို့ ဝင်လိုက်သည်နှင့် သူတို့ ဝိုင်းအုံခံလိုက်ကြသည်။


စပ်စုသော အတန်းဖော်များက ရုပ်ရှင်ရိုက်တာက ပျော်စရာကောင်းလား ၊ဘာလို့ ရုပ်ရှင်သွားရိုက်တာလဲ၊ နောင်ရော ထပ်လုပ်ဦးမှာလား စသဖြင့်တတွတ်တွတ်မေးကြသည်။


လင်းဖေးက သူတို့ကို အေးစက်စွာ တွန်းဖယ်လိုက်ပြီး သူ့ထိုင်ခုံဆီသို့ လျှောက်သွားသည်။


ကျိလဲ့ယွီက ပြုံးပြီးဖြေသည်။

"အရမ်းပျော်ဖို့ကောင်းတယ်...ဒါပေမဲ့ အတန်းတက်ရမှာဆိုတော့ ရုပ်ရှင်မရိုက်နိုင်တော့ဘူး"


"ငါသာ ရုပ်ရှင်ရိုက်နိုင်ရင် ကျောင်းတက်မှာ မဟုတ်ဘူး" 

ကလေးလေးတစ်ယောက်က ပြောသည်။


သူ့ဘေးနားက ကောင်မလေးက ချက်ချင်း ငြင်းဆန်လိုက်သည်။

"နင် ကျောင်းတက်ရမှာ... ငါ့အမေကပြောတယ် ကလေးတိုင်း ကျောင်းတက်ရမယ်တဲ့"


လင်းဖေးက သူ့စာအုပ်ကို အေးအေးဆေးဆေး ထုတ်ယူလိုက်ပြီး ကျိလဲ့ယွီက သူ့အား ဆက်ပြောလိုသော အတန်းဖော်များကို လက်ဝှေ့ယမ်းကာ မောင်းထုတ်လိုက်သည်။


စာသင်နှစ်အသစ်ပြန်စပြီဖြစ်၏။


လင်းလော့ချင်း နှင့် ကျိယွီရှောင်တို့၏ ရိုက်ကူးရေးကို မတ်လ 12 ရက်နေ့ သစ်ပင်သစ်တောထိန်းသိမ်းရေးနေ့မှာသွားရန် စီစဉ်ထားသည်။ သူတို့ အစီအစဥ်နေရာသို့သွားချိန်မှာ

လင်းဖေး နှင့် ကျိလဲ့ယွီတို့က ကျောင်း၏ သစ်ပင်ငယ်များရေလောင်းခြင်း လှုပ်ရှားမှုတွင် ပါဝင်မည်သည်။


"ပါးပါးနဲ့ သားတို့ဒယ်ဒီ မနက်ဖြန်ည ပြန်မလာတော့ဘူး...ဦးလေးရှောင်လီက သားတို့ကို လာကြိုပြီး မနက်ဖြန်ည အိမ်မှာ လာအိပ်လိမ့်မယ်...ပါးပါးနဲ့ဒယ်ဒီက သဘက်ခါ ပြန်လာမှာပါ" 

လင်းလော့ချင်းက သူတို့ကို ပြောပြသည်။


ကျိလဲ့ယွီက ခြေဖဝါးလေးများကို လှုပ်ခါလိုက်ပြီး ပယင်းရောင်မျက်လုံးများကို နားမလည်နိုင်စွာ ပုတ်ခတ်ပုတ်ခတ်လုပ်သည်။

"ဒယ်ဒီရော သွားမှာလား"


"ဟုတ်တယ် ... သူက ပါးပါးနဲ့အလုပ်လုပ်သွားမှာ" 

လင်းလော့ချင်းက ပြုံးလိုက်သည်။


ကျိလဲ့ယွီက ချက်ချင်းလက်ကိုမြှောက်လိုက်ပြီးဆိုသည်။

"သားလည်း ပါးပါးနဲ့အလုပ် လုပ်လိုက်လို့ရတယ်"


"နောက်တစ်ခါမှပေါ့"

လင်းလော့ချင်းက သူ့ကို ပေါင်မုန့်တစ်လုံးပေးလိုက်သည်။

"သားနဲ့ သားကိုကိုကို ဒီတစ်ခါတော့ ပါးပါးခေါ်သွားလို့မရဘူး... သားနဲ့သားကိုကိုက သစ်ပင်လေးတွေကို ရေလောင်းလိုက်နော်...ပါးပါးနဲ့ ဒယ်ဒီက အလုပ်သွားလုပ်မယ်...ပါးပါးတို့ သဘက်ခါမှတွေ့မယ်"


"အိုး~" 

ကျိလဲ့ယွီက တစ်ခုခုကို တွေးမိလိုက်သည့်အလားရယ်လိုက်သည်။

"ပါးပါးက ဟန်းနီးမွန်းအတွက် နှစ်ယောက်တစ်ကမ္ဘာ သွားမှာပဲ~"


လင်းလော့ချင်း:"???"


လင်းလော့ချင်း ဤကလေးက တော်တော်သိသည်ဟု ခံစားရသည်။


"လက်ထပ်ပြီး အတူတူသွားမယ်ဆိုမှ ဟန်းနီးမွန်း... ဒါက ဟန်းနီးမွန်းမဟုတ်ဘူး" 

သူက အမှန်ပြင်ပေးလိုက်သည်။ 


"ဒါပေမဲ့ ပါးပါးတို့ကလက်ထပ်ထားတာမဟုတ်ဘူးလား"


လင်းလော့ချင်း:"......"


လင်းလော့ချင်း ရယ်ရမလိုငိုရမလိုဖြစ်သွား၏။

"အဲဒါက မတူဘူး...သားကြီးလာရင် သိလိမ့်မယ်"


ကျိလဲ့ယွီက ပြုံးလိုက်သည်။

"ပါးပါးတို့ ကောင်းကောင်းပျော်ခဲ့ကြနော်... သားနဲ့ ကိုကိုအတွက် စိတ်မပူနဲ့...ကိုကိုက သားကို ဂရုစိုက်လိမ့်မယ်"


ကျိယွီရှောင်က သူပြောသည်ကိုကြားသောအခါ ရယ်သည်။

"သားက သားကိုကိုကို ဂရုစိုက်လို့မရဘူးလား...ကိုကိုက သားကို ဂရုစိုက်မှာလို့ပြောရတာ မရှက်ဘူးလား"


ကျိလဲ့ယွီက ခိုင်လုံစွာပြောသည်။

"ကိုကိုကပြောတယ်... သားက ညီလေး၊ သူက သားကို ဂရုစိုက်မယ်၊သား သူ့ကို ဂရုစိုက်စရာ မလိုဘူးတဲ့" 


လင်းဖေးကလည်း အေးဆေးတည်ငြိမ်စွာ ဆိုလေသည်။

"အင်း"


ကျိလဲ့ယွီက လိမ္မာဖို့ပဲလိုတယ်...


တခြားဘာမှ မလိုဘူး...


ကျိလဲ့ယွီက ထိုစကားကိုကြားသောအခါတွင် သူ့မျက်နှာလေးကို မော့ပြီး ဂုဏ်ယူနေလေသည်။


ကျိယွီရှောင်သည် ရှက်ရမည့်အစား ဂုဏ်ယူနေဟန်ရှိသော သူ့ကိုကြည့်ကာ လင်းဖေးက သူ့ကို အတော်လေး အလိုလိုက်ထားသည်ပဲဟု ခံစားလိုက်ရသည်။

"ဒါဆို ကိုကို့ရဲ့စကားကို ပိုပြီးတောင် နားထောင်ရမယ်... လိမ္မာရမယ်နော် သိလား"


"သိပါတယ်"

ကျိလဲ့ယွီက ခေါင်းလေးစောင်းကာဆိုသည်။

"သားက အရမ်းလိမ္မာတာပါနော်...ကိုကို ဘာပြောပြောနားထောင်တယ်"


"ဒီလိုဆိုတော်သေးတာပေါ့" 

ကျိယွီရှောင် ပြုံးလိုက်သည်။


ကလေးနှစ်ဦးနှင့် သဘောတူညီမှုရရှိပြီးနောက် လင်းလော့ချင်း နှင့် ကျိယွီရှောင်တို့သည် မတ်လ ၁၂ ရက် မွန်းလွဲပိုင်းတွင် လေဆိပ်သို့ သွားရောက်ခဲ့ကြသည်။


"တောက်ပသောတနင်္ဂနွေ" ဤရိုက်ကူးရေးမှာ ဧည့်သည်က လင်းလော့ချင်းအပြင် တခြားဧည့်သည် နှစ်ယောက်ရှိ၏။တစ်ယောက်က အခုတလော နာမည်ကြီးနေသည့် trafficစတား စုန့်ရှို့ဝမ်ဖြစ်ပြီး နောက်တစ်ယောက်က တက်သစ်စအနုပညာရှင် ဖန်းဖေးကျယ်ဖြစ်သည်။


လင်းလော့ချင်းက သူတို့ထဲက တစ်ယောက်ကိုမှ မသိပါချေ။ယဉ်ကျေးမှုအရ မသွားခင် အွန်လိုင်းမှာ သူတို့၏ အကျင့်တွေ၊ ကြိုက်နှစ်သက်မှုတွေ၊ မကြိုက်သည်တွေကို စစ်ဆေးပြီး ကျိယွီရှောင်ကို မျှဝေခဲ့သည်။အိမ်ရှင်လျှိုယာမင်နှင့် စွန်းလျန့်တို့ ကြိုက်သည်၊မကြိုက်သည်တွေလည်း ပါခဲ့သည်။ယခင်က သူတို့ ဧည့်သည်တွေနှင့် ကစားဖူးသော ဂိမ်းတချို့လည်းပါသည်။


ကျိယွီရှောင် ယခင်က သူတို့ကစားခဲ့သည့် ဂိမ်းတွေကို ကြည့်လိုက်၏။ ကံကောင်းထောက်မစွာပဲ အားလုံးက သူကစားဖူးသည့်အတွက် မခက်ခဲပါချေ။


သူ လေယာဉ်ပေါ်မှ စိတ်ချလက်ချ ဆင်းကာ လင်လော့ချင်း၏နောက်ကနေ ရိုက်ကူးသည့်နေရာ - ကြီးမားသော ဗီလာကြီးဆီသို့ လိုက်သွားခဲ့သည်။


လင်းလော့ချင်းက "ဝိုး"ခနဲပြုလိုက်သည်။

"မင်လျန့်အိမ်က တကယ်ကို တောက်ပတာပဲ ...လုံးဝပေါ့သေးသေးတော့မဟုတ်ဘူး"


"မင်းကြိုက်ရင် ငါတို့လည်း ပိုကြီးတဲ့နေရာကို ပြောင်းလို့ရတယ်" 

ကျိယွီရှောင်က ပေါ့ပေါ့တန်တန်ပြောလိုက်သည်။


လင်းလော့ချင်း သူ့ကို ချက်ချင်းသတိပေးလိုက်သည်။

"နောက်ကျ အိမ်ထဲဝင်လိုက်တာနဲ့ ဒီလိုစကားတွေ ပြောလို့မရဘူး... မဟုတ်ရင်

အလွယ်တကူ ဖော်ထုတ်ခံရလိမ့်မယ်"


ကျိယွီရှောင်က "အိုကေ" အမူအရာလုပ်ကာ "စိတ်မပူပါနဲ့" ဟုပြောသည်။


သူတို့နှစ်ယောက် လှေကားပေါ်တက်လိုက်ကြသည်။ဝူရှင်းယွမ်က သူတို့နောက်မှာ ရှိနေပြီး သူတို့၏ဥက္ကဋ္ဌကျိကြောင့် သူတို့ အထောက်အထားအမှန်ကို သတိမထားမိဘဲ ပေါ်သွားမှာကို ရုတ်တရက် စိုးရိမ်လာသည်။


'မဖြစ်နိုင်လောက်ပါဘူး'

ဝူရှင်းယွမ် သူ့ကိုယ်သူ တွေးလိုက်သည်။

'သူက အဲသလောက်သတိမမဲ့ဘူး...မလား"


လင်းလော့ချင်းက တံခါးခေါက်လိုက်ပြီး သိပ်မကြာခင်မှာပဲ တံခါးပွင့်လာသည်။ တံခါးဖွင့်ပေးသူက ဤရှိုး၏အိမ်ရှင်တဖြစ်လဲ အမျိုးသမီးအစီအစဥ်မှုး လျှိုယာမင် ဖြစ်၏။


သူက ရိုးရိုးရှင်းရှင်း ပြောင်၀တ်စုံကို ဝတ်ဆင်ထားပြီး အလွန်နူးညံ့ပုံပေါက်သည်။

"မင်းတို့နှစ်ယောက်ဖြစ်မယ်ထင်သားပဲ...ဝင်ခဲ့လေ...ငါတို့ မင်းတို့ကိုစောင့်နေတာ"


လင်းလော့ချင်းက ခေါင်းညိတ်ပြပြီး ကျိယွီရှောင်နှင့်အတူ ဝင်သွားသည်။


သူများတွေ ရောက်ကုန်ကြပြီဖြစ်၏။


စုန့်ရှို့ဝမ်က အနုပညာအသိုင်းအဝိုင်းထဲက သူမသူငယ်ချင်း ကျိုက်ထင်လန်ကို သူမနှင့်အတူ ခေါ်လာသည်။သူတို့နှစ်ယောက် ဆိုဖာပေါ်မှာ ထိုင်ရင်း

ဖန်းဖေးကျယ် ပြောသည်ကို နားထောင်နေကြသည်။


ဖန်းဖေးကျယ်၏ဘေးတွင် သူနှင့် အသက်အရွယ်တူ ကောင်လေးတစ်ယောက် ထိုင်နေသည်။အသံကြား၍ ခေါင်းလှည့်လိုက်ရာ လင်းလော့ချင်း ဝင်လာသည်ကို တွေ့လိုက်သည်နှင့် သူက စိတ်လှုပ်ရှားစွာ မတ်တတ်ထရပ်လိုက်ပြီး နှုတ်ဆက်၏။

"မင်္ဂလာပါ လင်းကော... ကျွန်တော့်နာမည်က ချမ်ယုံအန်းပါ...ဖေးကျယ်က ခေါ်လာတာပါ"


သူပြောပြီးသည်နှင့် ဖန်းဖေးကျယ်က မတ်တပ်ထရပ်ပြီး လင်းကောဟု ခေါ်သည်။


၎င်းကိုမြင်သောအခါ စုန့်ရှို့ဝမ်နှင့် ကျိုက်ထင်လန်ကလည်း အမြန်ထရပ်ပြီး သူ့ကို ပြုံးပြပြီး မိတ်ဆက်လေသည်။


လင်းလော့ချင်း သူတို့၏ မိတ်ဆက်စကားတွေကို နားထောင်ပြီး ယဥ်ကျေးပျူငှာစွာပြောလိုက်သည်။

"ဒါက ငါ့သူငယ်ချင်း ကျိယွီရှောင်ပါ... ဒါပေမဲ့ သူက ငါတို့နဲ့ မတူဘူး...သူက ငါတို့လောကထဲက မဟုတ်ဘူး...ဒါကြောင့် မင်းတို့ သူ့ကို အရင်က တွေ့ဖူးမှာမဟုတ်လောက်ဘူး"


ထို့နောက်မှာ တခြားဧည့်သည်တွေက တုံ့ပြန်ခဲ့ကြသည်။သူတို့ရှေ့ကလူက ဘာလို့ ဤမျှလောက် ချောမောပြီး အဆင့်အတန်းမြင့်ပုံပေါ်သည်ကို သူတို့မရင်းနှီးရသည်လဲဟု သူတို့လည်းတွေးနေခဲ့သည်။ ယင်းက သိပ္ပံနည်းမကျပေ။


လက်စသတ်တော့ ဤလူက အနုပညာလောက အပြင်ဘက်ဖြစ်နေတာကိုး...


လျှိုယာမင် နှင့် စွန်းလျန့်တို့က လင်းလော့ချင်း အနုပညာလောကအပြင်ဘက်ရှိ သူငယ်ချင်းကို ခေါ်ဆောင်လာသည်ကို သိထားပြီးဖြစ်သည့်အတွက် သူတို့ သိပ်မအံ့သြကြပေ။ သူတို့က ပြုံးပြီး ဆိုသည်။


"ထိုင်လေ ဘာလို့ ရပ်နေတာလဲ...ထိုင်ထိုင်"


"မင်းတို့နှစ်ယောက် ဘာသောက်ချင်လဲ" 

သူမက လင်းလော့ချင်းကို မေးသည်။


"ကျွန်တော် ရေပဲသောက်မယ်"

လင်းလော့ချင်းက ပြောပြီးသည့်အခါ ကျိယွီရှောင်ကို လှည့်ကြည့်လိုက်၏။


ကျိယွီရှောင်က ပေါ့ပေါ့ပါးပါးဆိုသည်။ "ကျွန်တော်လည်းအတူတူပဲ"


လျှိုယာမင်က သူတို့နှစ်ယောက်အတွက် ရေသွားယူနေခိုက်မှာ စုန့်ရှို့ဝမ်က သူမရှေ့ရှိ အသီးပန်းကန်ကို လင်းလော့ချင်းတို့ရှေ့ တွန်းပေးလိုက်သည်။


"ကျေးဇူးပါ" 

လင်းလော့ချင်းက ကပြောသည်။


စုန့်ရှို့ဝမ်က ပြုံးပြီးဆို၏။

"ရပါတယ်"


.ခု ဧည့်သည်တွေ အားလုံး ရောက်နေကြပြီဖြစ်သဖြင့် လူတိုင်း မနက်ဖြန်ရိုက်ကူးရေး အကြောင်းကို ပြော၍ရပြီဖြစ်သည်။ယင်းက တိုက်ရိုက် ထုတ်လွှင့်မှု ဖြစ်သဖြင့် အများကြီး ပြင်ဆင်ထားရန် လိုလေသည်။


"မနက်ဖြန်ဂိမ်းအကြောင်း အရင်ပြောကြရအောင်" 

လျှိုယာမင်က ဆိုဖာပေါ်ထိုင်ကာစပြီး အစီအစဥ်မှူးလုပ်သည်။

"မနက်ဖြန် ကျိပန်ရှား(script murder)ကစားရအောင် အဆင်ပြေလား"


ဤဂိမ်းကို အရင်က အပိုင်းတော်တော်များများမှာ ဧည့်သည်တွေ ကစားဖူးကြသည်။လူတိုင်းက ပွဲမစခင် အိမ်စာတွေ လုပ်ထားကြသဖြင့် မအံ့သြသွားကြပါချေ။

"ကောင်းပြီ"


"အခု ငါတို့မှာ ပြဿနာနည်းနည်းရှိနေတယ်" 

လျှိုယာမင် သူမရှေ့က အမျိုးသားဧည့်သည်လေးယောက်နှင့် အမျိုးသမီးဧည့်သည်နှစ်ယောက်ကို ကြည့်ပြီးပြောလိုက်သည်။

"မနက်ဖြန်ကစားမဲ့စာအုပ်က မိန်းကလေးလေးယောက်နဲ့ ယောက်ျားသုံးယောက်ပါတဲ့ စာအုပ်...ဒါပေမဲ့ ငါတို့မှာ မိန်းကလေး သုံးယောက်ပဲရှိတယ်...ဆိုတော့အခု ယောက်ျားလေးဧည့်သည်တွေထဲမှာ မိန်းမလို ဝတ်ချင်တဲ့သူရှိလား"


သူမက ပြုံးပြီးပြောသည်။

"ပထမဆုံးအနေနဲ့ ငါ့ယောကျ်ားကို ဖယ်ထားလိုက်... သူက မနက်ဖြန်ရဲ့ စုံထောက်လေးဖြစ်လိမ့်မယ်...ကျန်တဲ့လေးယောက်ထဲ လုပ်နိုင်မယ်ထင်တဲ့သူရှိလား"