အပိုင်း ၂၈၀
Viewers 87k

Chapter 280




လျှို့မင်က ထွက်သွားရန် အလျဉ်မလိုခဲ့။ သူက ရှန်းဝမ်ဖူရှီတို့နှင့်အတူ ရွာထဲတွင် ရက်အနည်းငယ်ကြာ နေခဲ့သည်။ ဖူရီ မမြင်နိုင်ခဲ့သည့် ရှခင်းများကို ကြည့်ရင်း သူမအတွက် အပင်ငယ်လေးတစ်ခု စိုက်ပေးကာ ကားဖြင့် ပြန်လာခဲ့၏။ 


ဒါရိုက်တာလီက ကျိလဲ့ယွီ လင်းလော့ချင်းထံ ပြေးသွားသည့် ရိုက်ကွင်းဖြင့် အဆုံးသတ်လိုက်သည်။ သူက နေဝင်ချိန်ကို ထပ်ခါထပ်ခါ ရိုက်ကူးနေခဲ့၏။ သုံးခါရိုက်ပြီးနောက် သူက ပြီးဆုံးကြောင်း ကြေငြာလိုက်သည်။ 


သို့သော် ဒါရိုက်တာ အံ့အားသင့်ရလောက်အောင်ပင် ကျိလဲ့ယွီက အေးအေးဆေးဆေး သရုပ်ဆောင်သွားခဲ့သည်။ 


သူက ကင်မရာနှင့် ရင်ဆိုင်ရချိန်၌ ရှက်ရွံ့ခြင်း မဖြစ်ခဲ့သလို အမူအရာ ပျက်ခြင်းလည်း မရှိခဲ့ချေ။ သူ၏ လှုပ်ရှားမှုများက ကာရံညီလျှက်ရှိ၏။ သူ့က ပြီးပြည့်စုံသော ကလေးသရုပ်ဆောင် ဖြစ်သည်။ 


အမှန်စင်စစ် သူ့အရွယ်ကလေးတစ်ဦးသည် ပို၍ကောင်းမွန်လာခြင်းကို နားမလည်လောက်ချေ။ သူတို့က တူညီသော လုပ်ဆောင်မှုများကို ထပ်ခါထပ်ခါ လုပ်ရသဖြင့် ပျင်းရိလာနိုင်ချေပင် မြင့်မား၏။ 


သို့သော် ကျိလဲ့ယွီက ထိုသို့ မဖြစ်ခဲ့။ သူက ပထမဆုံးအကြိမ် ရိုက်ကူးခြင်းကဲ့သို့ အိပ်မက်ဆန်ဆန် လှပနေခဲ့သည်။ 


သူက အနုပညာလောကတွင် သူ့အစ်ကိုထက် ပိုမိုသင့်လျော်၏။ 


ဒါရိုက်တာလီက ဘာ့ကြောင့်မှန်းမသိ စိတ်ဝင်စားလာသည်။ ထိုတူဝရီး သုံးဦးသည် ကြည့်ကောင်းရုံသာမက အနုပညာလောကအတွက်လည်း သင့်တော်လှ၏။ သူတို့က အလွန်စိတ်ဝင်စားစရာ ကောင်းသည်။ 


ဒါရိုက်တာလီ ရိုက်ကူးရေးပြီးချိန်၌ လင်းလော့ချင်းနှင့် ကျိလဲ့ယွီတို့ အနားယူရန် ပြင်ဆင်ကြသည်။ 


ထိုအချိန်တွင် ဆည်းဆာချိန်က လွင့်ပါးပျောက်ကွယ်သွားကာ ညအချိန်က လွှမ်းခြုံလာ၏။ 


လင်းလော့ချင်းနှင့် ကျိလဲ့ယွီက ကျိယွီရှောင်နှင့် လင်းဖေးထံ လျှောက်လာကြသည်။ ကျိယွီရှောင်က သူတို့နှစ်ဦးကို ရေကမ်းပေးရင်း မေးလိုက်၏။ “ဗိုက်ဆာလား … တစ်ခုခု အရင်စားချင်လား …” 


ကျိလဲ့ယွီ ခေါင်းညှိတ်လိုက်သည်။


လင်းဖေးက သူ့အိတ်ထဲမှ ဒိန်ချဉ်နှင့် ဘီစကစ်များကို ထုတ်ကာ သူတို့အတွက် ကမ်းပေးလိုက်သည်။ ကျိလဲ့ယွီက ထိုအရာများကို ယူလိုက်ရင်း လင်းလော့ချင်းနှင့်အတူ စတင်စားသောက်တော့၏။ 


လင်းလော့ချင်းက သူ၏ ပုစဉ်းအကြောင်း စိတ်ပူသွားကာ ကျိယွီရှောင်ကို မေးလိုက်သည်။ “ငါ့ပုစဉ်းလေးရော …”


ကျိယွီရှောင် ပြုံးလိုက်၏။ သူက ပုစဉ်းလေးကို ကောက်လိုက်ပြီး လင်းလော့ချင်း လက်ဖဝါးပေါ် တင်ပေးလိုက်သည်။ ထို့နောက် ပို၍သေးသော ပုစဉ်းလေးကို ကျိလဲ့ယွီထံသို့ ကမ်းလိုက်၏။ “အိုး… ဒီတစ်ခုက သားအတွက်လေ …” 


ကျိလဲ့ယွီက ပျော်ရွှင်စွာ ယူလိုက်သည်။ သူက သစ်ကိုင်းလေးကို လှုပ်ယမ်းလျှက် ကစားနေ၏။ 


လင်းလော့ချင်းက လင်းဖေးကို ကြည့်လိုက်သည်။ သူက လင်းဖေး ကစားချင်မည်ကို စိုးရိမ်လာ၏။


သူက သူ၏ပုစဥ်းလေးကို ကမ်းပေးလိုက်သည်။ “ဆော့ချင်လား… ”


လင်းဖေးက ခေါင်းယမ်းကာ ကျိယွီရှောင်နှင့် အတူလုပ်ထားသည့် ပုစဥ်းကို ပြလိုက်သည်။ “ကျွန်တော့်မှာလည်း ရှိတယ်…”


သူက လင်းလော့ချင်း၏ ပုစဥ်းကိုကြည့်ရင်း တစ်စုံတစ်ရာအား သတိပြုမိသွား၏။ “ပါပါးပုစဥ်းက ပိုကြီးတယ်…”


ကျိလဲ့ယွီ ထိုစကားကြောင့် အားလုံး၏ ပုစဥ်းများကို ကြည့်လိုက်သည်။  “သားပုစဥ်းက အသေးဆုံးပဲ…”


သူက ရယ်လိုက်၏။ “ဒယ်ဒီက ဆိုဒ်အတိုင်း လုပ်ထားတာလား… ပါပါးပုစဥ်းက အကြီးဆုံးပဲ….”


ကျိယွီရှောင် နှာခေါင်းကုတ်လိုက်သည်။ “တော်တယ်…”


ကျိလဲ့ယွီ မျက်ဝန်းထောင့်များ ကွေးညွှတ်သွား၏။ ထို့နောက် ပုစဥ်းကို ပျော်ရွှင်စွာ လွှဲယမ်းနေလေသည်။


သူတို့စကားပြောနေစဥ် ရိုက်ကူးရေးအဖွဲ့က ပစ္စည်းသိမ်းနေကြ၏။ သူတို့က အဖွဲ့နှင့်အတူ တောင်အောက်သို့ ပြန်ဆင်းလာပြီး လယ်တောအိမ်သို့ ပြန်ကြသည်။ 


နယ်မြို့ကလေး၏ ညရှုခင်းမှာ မြို့ပြထက် ပိုမိုတိတ်ဆိတ်၏။ 


ကျိလဲ့ယွီ ကောင်းကင်ကိုကြည့်ရင်း ထူးဆန်းစွာ ပြောလာသည်။ “ကြယ်လေးတွေ အများကြီးပဲ….”


“အွန်း...” လင်းလော့ချင်း ကောင်းကင်ကို မော့ကြည့်လိုက်၏။


ကျိလဲ့ယွီက သူ၏ မိဘများ၊ ကျိယွီရှောင်နှင့်အတူ ကားတစ်စီးနှင့် လျှောက်သွားခဲ့သည်ကို သတိရလာ၏။ သူက စခန်းချခရီးချင်ကြောင်း ပူဆာခဲ့ပြီး သူတို့အားလုံးက ညအခါတွင် ကြယ်များ အတူတကွ ကြည့်ရန် သဘောတူခဲ့သည်။


သို့သော် သူ မကြည့်ခဲ့ရ။ 


ယခုမူ သူ၏ ဦးလေးစုံတွဲနှင့်အတူ ကြယ်များကို ကြည့်နေရပြီ ဖြစ်သည်။ 


သူက သူ့မိဘများ ထိုမြင်ကွင်းကို မြင်တွေ့ရန် မျှော်လင့်မိသည်။ 


ကျိလဲ့ယွီက ကျိယွီရှောင်ဘက်လှည့်ကာ လက်ကလေးများကို ဆန့်တန်းလျှက် ပွေ့ဖက်မှု တောင်းခံလိုက်သည်။ 


ကျိယွီရှောင်က သူ့ကို ကောက်ချီလိုက်ရင်း လင်းဖေးကို မေးလိုက်၏။ “ဖေးဖေးရော အချီခံချင်လား …”


လင်းဖေး ခေါင်းယမ်းလိုက်သည်။ “ကျွန်တော် ကိုယ့်ဟာကိုယ် လမ်းလျှောက်နိုင်ပါတယ် …”


ကျိယွီရှောင် ထိုအပြုအမူလေးကို ကြည့်ရင်း ခပ်တိုးတိုး ရယ်လိုက်မိ၏။ 


သူက ကျိလဲ့ယွီကို လက်တစ်ဖက်ဖြင့် ချီလိုက်သည်။ ထို့နောက် လင်းလော့ချင်း၏ လက်ကို အခြားလက်တစ်ဖက်ဖြင့် ကိုင်လိုက်၏။ သူက သူတို့၏ လက်ချောင်းများကို အချင်းချင်း ယှက်နွယ်စေလျှက် လယ်တောအိမ်သို့ ဦးတည်လာခဲ့သည်။ 


အခန်းများက ခွဲဝေထားပြီးသား ဖြစ်သည်။ ဝန်ထမ်းက အခန်းများ ခွဲမပေးခင် လင်းလော့ချင်း၏ အမြင်ကို အရင်မေးခဲ့သည်။ လင်းလော့ချင်းက သူတို့လေးဦးကို တစ်ခန်းထဲထားပေးရန် တောင်းဆိုခဲ့၏။ သူက ကလေးများကို စောင့်ရှောက်ရန်ဟူသည့် ခိုင်မာသော အကြောင်းပြချက် ပေးခဲ့ရာ ဝန်ထမ်းကလည်း သဘောတူခဲ့သည်။ 


လင်းလော့ချင်းက ပစ္စည်းများချကာ ခဏအနားယူလိုက်သည်။ ထို့နောက် လက်ထောက်က ညစာစားရန် လာခေါ်သည်ကို ကြားလိုက်ရ၏။ သူတို့က လက်ဆေးကာ ထမင်းစားခန်းထံသို့ ဦးတည်လာကြသည်။ 


စားသောက်ပြီးနောက် ကျိလဲ့ယွီက ကျိယွီရှောင်ကို ကပ်မေးလိုက်၏။ “ဒယ်ဒီ … ဦးဦးပြောတာ သားရဲ့လခကို ဒယ်ဒီ့ဆီ လွှဲပေးလိုက်မယ်တဲ့ … ဒယ်ဒီ ရပြီးပြီလား …”


ကျိယွီရှောင် ခေါင်းညှိတ်လိုက်သည်။ “ရပြီးပြီ …”


သူက ကျိလဲ့ယွီ သရုပ်ဆောင်ခ ရခြင်းကို အံ့အားသင့်နေဆဲ ဖြစ်သည်။ 


ကနဦးက လင်းလော့ချင်းသည် ကျိလဲ့ယွီအား သရုပ်ဆောင်ခပေးသည်ဟု လှည့်ဖြားရန် စီစဉ်ခဲ့သည်။ ထိုမှသာ သူက လင်းဖေးနှင့် ကွဲပြားသည်ဟု မခံစားရမှာဖြစ်၏။ သူတို့က ကလေးနှစ်ဦးကြား စိတ်သဘောထား ကွဲလွဲမှုမျိုး မဖြစ်စေချင်ခဲ့ချေ။


ထို့နောက် ဒါရိုက်တာလီက ကျိလဲ့ယွီအတွက် ဇာတ်ကောင်တစ်ခု စီစဉ်ပေးလိုကြောင်းနှင့် သူ၏ မျက်နှာကြောင့် ကလေးသရုပ်ဆောင်တစ်ဦးကဲ့သို့ ဆက်ဆံလိုကြောင်း လင်းလော့ချင်းထံမှ သိခဲ့ရသည်။ 


ကျိယွီရှောင် အမှန်တကယ် ထိတ်လန့်သွားခဲ့ရ၏။ 


ဒါက အလှတရားရဲ့ လွှမ်းမိုးမှုလား ….

သူ့တူလေးက ဒီလောက်ထိ စွမ်းအားကြီးတာလား ….


ကျိယွီရှောင်က ကျိလဲ့ယွီ၏ မျက်နှာလေးကို သေချာကြည့်လိုက်သည်။ သူက အလွန်ကြည့်ကောင်းသော်လည်း ပိုက်ဆံရရန်အတွက် မျက်နှာအား မှီခိုခဲ့ခြင်း ဖြစ်၏။ မည်သို့ပင်ဖြစ်စေ၊ ထိုအရာက အလွန်ဆန်းကြယ်လှသည်။


“သားက တော်လိုက်တာ …” ကျိယွီရှောင်က သက်ပြင်းချလိုက်သည်။ 


ကျိလဲ့ယွီက ကျိယွီရှောင် သူပိုက်ဆံရှာနိုင်သည့်အပေါ် ချီးကျူးနေခြင်း ဖြစ်သည်ဟု ထင်လိုက်၏။ သူက ခေါင်းမော့လိုက်သည်။ “ဒါပေါ့ …”


“အခုတစ်ဝက်ရပြီ … သား ရိုက်ကူးရေးပြီးရင် နောက်တစ်ဝက် ထပ်ရလိမ့်မယ် … သားရဲ့ပိုက်ဆံနဲ့ သားလိုချင်တဲ့ ကစားစရာ ဝယ်ပေးမယ်နော် … ဟုတ်ပြီလား …” ကျိယွီရှောင်က သူ့ပါးလေးကို ညှစ်လိုက်၏။ ထို့နောက် မနေနိုင်ပဲ ထပ်ညှစ်လိုက်ပြန်သည်။ 


ကျိလဲ့ယွီ ခေါင်းယမ်းလိုက်သည်။


သူက တောက်ပစွာ ပြုံးလိုက်၏။ “သား ကစားစရာ မလိုချင်ဘူး …” 


“ဒါဖြင့် သားဘာလိုချင်လဲ …”


“သား ဒယ်ဒီ့ကို မုန့်ဖိုးပေးချင်တယ် …” ကျိလဲ့ယွီက တက်ကြွစွာ ဆိုသည်။ “သားက ငယ်သေးတော့ ဒီလောက်ပဲ ပေးနိုင်သေးတယ် … နောက်ပိုင်း သားကြီးလာတဲ့ အခါကျရင် ဒယ်ဒီ့ကို မုန့်ဖိုးအများကြီးပေးပြီး ဒယ်ဒီလိုချင်တဲ့ ကစားစရာတွေ ဝယ်ပေးမယ် …”


ကျိယွီရှောင် မယုံနိုင်ဖြစ်သွားသည်။ သူ၏ အပြုံးက ပိုမိုကျယ်ပြန့်လာပြီး ကျိလဲ့ယွီအား အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်သည်။ “သားဘာပြောလိုက်တာလဲ …”


ကျိယွီရှောင် အလွန်ခံစားသွားရသည်။


သူက ထိန်းချုပ်မရသော ခံစားချက်များစွာဖြင့် ကလေးငယ်အား ပွေ့ဖက်လိုက်ပြီး ခေါင်းငုံ့ကာ ကျိလဲ့ယွီ၏ နဖူးလေးကို နမ်းလိုက်သည်။


သူ၏ ကလေးလေးမှာ အလွန်ငယ်ရွယ်သေး၏။ သိသာထင်ရှားစွာပင် သူက ပိုက်ဆံမရှာနိုင်သေးသော်ငြား ကျိယွီရှောင်အတွက် မုန့်ဖိုးပေးရန် စဉ်းစားတတ်နေပြီ ဖြစ်သည်။ သူက ကမ္ဘာပေါ်ရှိ ချစ်စရာအကောင်းဆုံး နတ်သားလေးဖြစ်၏။ 


ကျိယွီရှောင်က သူ့ကိုဖက်ရင်း နဖူးလေးကို ထပ်မံနမ်းလိုက်ပြန်သည်။ သူ့နှလုံးသားက ကလေးငယ်၏ စကားချိုချိုများထဲတွင် နစ်မြုပ်နေသကဲ့သို့ ခံစားနေရ၏။ 


“ဒယ်ဒီ့ရဲ့ သားကလေး …” သူက နူးညံ့စွာဆဆိုသည်။ “ကမ္ဘာပေါ်မှ ဒီလိုသိတတ်ပြီး ချစ်စရာကောင်းတဲ့ ကလေးလေး ဘယ်လိုလုပ်ပြီး ရှိနေတာလဲ … ဒယ်ဒီအရမ်းပျော်တာပဲ …”


ကျိလဲ့ယွီက ထိုစကားများကို နားထောင်ရင်း အနမ်းကို ခံယူလိုက်သည်။ သူက ကျိယွီရှောင် ပျော်နေသည်ကို ခံစားမိလိုက်၏။ ကျိလဲ့ယွီက အနာဂတ်တွင် ပိုက်ဆံများများရှာပြီး သူ့အတွက် မုန့်ဖိုးပေးမည်ဖြစ်သည်။ 


အိုး … သူ့အဒေါ်လည်း ရှိသေးတာပဲ … နောက်တစ်ဝက်ရတဲ့အခါကျ သူ့အဒေါ်ကို ပေးရမယ် … သူအရမ်းပျော်သွားမှာ … 


ထိုသို့တွေးရင်း ကျိလဲ့ယွီ၏ မျက်ဝန်းကလေးများက ထပ်မံကွေးညွှတ်သွားသည်။ သူက နောက်တစ်ဝက်ကို တတ်နိုင်သမျှ မြန်မြန်ရရန် မျှော်လင့်မိ၏။


******


လင်းလော့ချင်း ပြန်ရောက်လာချိန်တွင် ကျိယွီရှောင်က အိပ်ရာပေါ်တွင် အလွန်ပျော်ရွှင်သော အမူအရာဖြင့် ဖုန်းဆော့နေ၏။ သူ့အပြုံးက သန်းငါးရာ ထီပေါက်ထားသကဲ့သို့ ကြီးမားကျယ်ပြန့်လျှက် ရှိသည်။ 


“သတင်းကောင်း ရှိတာလား …” သူက သိချင်စိတ်ဖြင့် မေးလိုက်၏။ 


ကျိယွီရှောင် သူ့ကိုကြည့်ကာ ပြုံးလိုက်သည်။ “မှန်းကြည့်လေ …” 


ကျိယွီရှောင်က စိတ်ပျက်ဟန်ဖြင့် ဆို၏။ “သန်းငါးရာက ငါ့ကို ပျော်အောင် လုပ်နိုင်မယ်တဲ့လား …”


လင်းလော့ချင်း ကြောင်အသွား၏။ ‘သန်းငါးရာက ပျော်အောင် မလုပ်နိုင်ဘူးလား …’

သူက သာမန်လို ပြောနေတာပဲ …

ငါသာဆို အကြာကြီး ပျော်နေနိုင်တယ် …


“ဒါဖြင့် ဘာများလဲ …” လင်းလော့ချင်း ဇဝေဇဝါ ဖြစ်သွားသည်။ “သန်းငါးရာထက် ပိုပျော်ဖို့ကောင်းတာ ရှိလို့လား …”


“ဒါပေါ့ …”


“ဉပမာ …”


ကျိယွီရှောင် ဂုဏ်ယူစွာ ပြုံးလိုက်သည်။ “ရှောင်ယွီက ကိုယ့်ကို မုန့်ဖိုးပေးတယ် …” 


လင်းလော့ချင်း “…”


လင်းလော့ချင်းက ချက်ချင်း ထိုင်ချကာ စပ်စုလိုက်၏။ “သူက ဘာလို့ မင်းကို မုန့်ဖိုးပေးတာလဲ …”


“ကြည့်ရတာ ဖေးဖေးဆီက သင်လာတာထင်တယ် …” ကျိယွီရှောင် မှန်းကြည့်လိုက်သည်။


 “ပြဒါးနဲ့ နီးတဲ့အရာတွေက အနီရောင်ပြောင်းတတ်ပြီးတော့ မင်နဲ့နီးတဲ့ အရာတွေက အနက်ရောင် ပြောင်းတတ်တယ်လေ … ဖေးဖေးက အရမ်းတွေးတတ်တာ … ဖေးဖေးအတွက် ကိုယ် ဂုဏ်ပြုတံဆိပ်လုပ်ပေးသင့်တယ် … (မင်းရဲ့ညီလေးကို စာသင်ပေးပါ … မင်းရဲ့ညီလေးကို ကိုယ်ချင်းစာတတ်အောင် သင်ပေးပြီး အသက်ရှည်ရှည်နေသွားကြပါ) လို့ထွင်းထားတဲ့ လည်ဆွဲမျိုးပေါ့ …”


လင်းလော့ချင်း ရယ်လိုက်သည်။ “လုပ်လိုက် … ဒီတစ်ခါပြန်သွားရင် သေချာပေါက် လုပ်လိုက်နော် … ဖေးဖေး အဲဒါကို မြင်ရင် တကယ်ကြီး စိတ်ပျက်သွားမှာပဲ …” 


“ဒါပေမယ့် ကိုယ့်ရင်ထဲက ဂုဏ်ပြုတံဆိပ်ကိုတော့ ဘယ်မီနိုင်ပါ့မလဲလေ …”


လင်းလော့ချင်း ပြုံးလိုက်သည်။ “ဒါဖြင့် မင်းက ဒါကြောင့်ကြိတ်ပျော်နေတာပေါ့ …”


ကျိယွီရှောင် မျက်ခုံးပင့်လိုက်၏။ “ကိုယ်မပျော်ရဘူးလား …”


“ပျော်ရမှာပေါ့ …” လင်းလော့ချင်း လျင်မြန်စွာ ထောက်ခံလိုက်သည်။ “အဲဒါက သန်းငါးရာထက်တောင် ပိုတန်သေးတယ် … ဒါဆို ရှောင်ယွီ့ကို ဒီညတူတူအိပ်မယ်လို့ ကတိပေးခဲ့တယ်မဟုတ်လား …”


ကျိယွီရှောင် အံ့အားသင့်သွား၏။ “မင်းဘယ်လိုသိတာလဲ …” 


“ဘာလို့ဆို ဖေးဖေး မင်းကို မုန့်ဖိုးပေးတုန်းကလည်း အဲဒီ့အတိုင်း လုပ်ခဲ့တယ်လေ …” သူက ကျိယွီရှောင်ကို ကြည့်ရင်း စလိုက်သည်။ “သားသမီးရူးလေး …”


ကျိယွီရှောင် “…”


ကျိယွီရှောင်က သူ့ကို ပြန်ပက်လိုက်၏။ “မင်းလည်း အတူတူပဲကို … မဟုတ်ရင် ဘာလို့ လိုက်ကြွားနေမှာလဲ …”


သူက လင်းလော့ချင်း၏ လေသံကို တုပလိုက်၏။ “ဖေးဖေးက ဘာလို့ ရိုက်ကူးရေးကို လာလဲသိလား … သူက ငါ့အတွက် မုန့်ဖိုးပေးချင်လို့လေ …”


လင်းလော့ချင်း “…”


လင်းလော့ချင်းကလည်း ငြိမ်မခံချေ။ “မင်းရော မကြွားလို့လား … ဝူးဝူးဝူး … ငါ့ကလေးလေး ဖေးဖေးက အရမ်းချစ်စရာကောင်းတာပဲ … အဲဒီ့လို ဖြစ်နေခဲ့တာလေ … ဉက္ကဌကျိရဲ့ …” 


ကျိယွီရှောင် “…”


လင်းလော့ချင်း နှာခေါင်းရှုံ့ကာ ရယ်လိုက်သည်။ “ငါပြန်လာတာနဲ့ မင်းက သူများတွေကို စကြွားတော့တာပဲ မဟုတ်လား …” လင်းလော့ချင်းက ကျိယွီရှောင်၏ ဖုန်းကို ထောက်လိုက်သည်။ 


ကျိယွီရှောင် “…”


ကျိယွီရှောင် ဖုန်းကို ဖွက်လိုက်၏။ သူက အခြားလူများကို အကြိမ်ရေများစွာ ကြွားဝါနေခဲ့ခြင်း ဖြစ်သည်။ 


ဘယ်အဖေက ဒီလိုကိစ္စမျိုးကို စိတ်မလှုပ်ရှားပဲ နေမှာလဲ … ဟုတ်တယ်မလား … အိုး … တခြားကလေးတွေက သူတို့ မိဘကို မုန့်ဖိုးမပေးဘူးလေ … သူ့ကလေးနှစ်ယောက်ပဲ အဲဒီ့လိုလုပ်တာ … ဟီးဟီး …


လင်းလော့ချင်း သူ့ကိုကြည့်ရင်း အပြုံးဖြင့် ဆို၏။ “ပြောသားပဲ … သားရူးပါဆို …”


ကျိယွီရှောင် နှာခေါင်းရှုံ့လိုက်သည်။ “ရှောင်ယွီရဲ့ လစာတစ်ဝက် ရတာနဲ့ သူက မင်းကို ပေးမှာပဲ … အဲဒီ့အခါကျ မင်းလည်း သေချာပေါက် ကြွားမှာပဲ …”


လင်းလော့ချင်းက ထိုစကားများကို နားထောင်ရင်း တွေးလိုက်၏။ ‘ကျိလဲ့ယွီ သူ့ကို မုန့်ဖိုးပေးလောက်လား …’


ဒါက နည်းနည်းတော့ အခြေခံမကျသလိုပဲ …


သူက ကျိလဲ့ယွီ၏ ဖခင်ဖြစ်လာသည်မှာ အတော်လေး ကြာခဲ့ပြီ ဖြစ်သည်။ သူက အနာဂတ်တွင် ခွေးနှင့် လက်ထပ်ရမည်ကို ရှောင်ရှားလိုခဲ့ခြင်းသာဖြစ်ပြီး မုန့်ဖိုးကိုမူ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။ 


“မင်း ငါပြောတာ မယုံဘူးလား …”


“ငါ ကြည့်လိုက်ဦးမယ် …” လင်းလော့ချင်းက ပြောသည်။ 


သူ ဒီလိုမျိုး မမျှော်လင့်ခဲ့ဘူး ဆိုပေမယ့် အကယ်၍များ …


ကျိလဲ့ယွီက လင်းဖေးဆီက သင်ယူခဲ့တာလေ … လင်းဖေးက သူနဲ့ကျိယွီရှောင် နှစ်ယောက်လုံးကို မုန့်ဖိုးပေးတာ … ဒီတော့ ကျိလဲ့ယွီလည်း ဒီလိုပဲ လုပ်လောက်တယ် မဟုတ်လား …


လင်းလော့ချင်း မျှော်လင့်တကြီးဖြစ်လာ၏။


“ရှောင်ယွီ မင်းကို ဘာပြောသေးလဲ …” သူက သိချင်လာသည်။ “သူနောက်တစ်ခါ လစာရရင် ငါ့ကိုပေးမယ်လို့ ပြောခဲ့လား …”


“အဲဒီ့လိုတော့ မပြောခဲ့ပေမယ့် အသိသာကြီးပဲလေ … သူက မင်းကို သဘောကျတယ် … ငါနဲ့လည်း အတူတူထိုင်ခိုင်းပြီး မင်းအတွက်လည်း ပန်းတွေ ယူလာပေးတယ် .. သူက မင်းကို မုန့်ဖိုးမပေးပဲ စုထားတာကမှ ထူးဆန်းနေမှာ …”


လင်းလော့ချင်းက မနေနိုင်ပဲ ရယ်လိုက်၏။ “သူက ငယ်သေးတယ်လေ … ပိုက်ဆံစုဖို့ နားမလည်သေးဘူး …”


“ဒါပေမယ့် သူက ငါတို့နှစ်ယောက်လုံးကို ညီတူဆက်ဆံပါတယ် …”


လင်းလော့ချင်း သူ့မေးကို မော့စေလိုက်သည်။ “ဘာလို့လဲ … မင်း မကျေနပ်ဘူးလား ..”


ကျိယွီရှောင်က လက်မောင်းဖြင့် သူ့ကို ဖက်လိုက်၏။ “ဘယ်ကသာ … ကိုယ်က ဂုဏ်ယူနေတာ …”