အပိုင်း ၂၇၈
Viewers 87k

Chapter 278



လင်းလော့ချင်း ကားသွားမည့်နေရာရောက်ခါနီးအထိ နှစ်နာရီကြာအောင် အိပ်ခဲ့သည်။ နောက်ဆုံးတွင် သူ ဖြည်းညှင်းစွာ နိုးလာသည်။ သူက အကျင့်ပါနေသည့်အတိုင်း ကျိယွီရှောင်၏လက်မောင်းကိုဖက်ကာမေးလိုက်သည်။


"ဘယ်ရောက်ပြီလဲ"


ကျိယွီရှောင်: "……"


ကျိယွီရှောင် သူ့လက်ကို တိတ်တဆိတ် ရွှေ့လိုက်သည်။ 

'ကိုယ့်လူရေ... မင်းက တခြားသူတွေကို မြင်မှာကို မကြောက်ဘူးလား' ဟု သူ့စိတ်ထဲမှာ တွေးလိုက်မိသည်။


အသေးစိတ်အချက်အလက်များကို စေ့စေ့စပ်စပ်ကြည့်ရှုပြီးနေပြီဖြစ်သော ဝမ်ကျစ်မင်နှင့် ဟို့ဝမ်ယွီတို့သည် တစ်ယောက်ကိုတစ်ယောက် လျင်မြန်စွာ ကြည့်လိုက်ကြသည်။ ထို့နောက် ၎င်းတို့သည် ဤ CPကို ပိုပို၍ယုံကြည်လာခဲ့သည်။


လင်းလော့ချင်း၏စိတ်က ကြည်လင်မနေသေးဘဲ အိပ်ချင်မူးတူးဖြစ်နေဆဲဖြစ်သည်။ယခုက ကျိယွီရှောင် သူ့လက်ကို ဆွဲထုတ်သွားသဖြင့် အနည်းငယ် စိတ်တိုသွားသည်။


ကျိယွီရှောင်: "……"


ကျိယွိရှောင် သူ့ခေါင်းဖြင့် အမူအရာပြုရုံသာတတ်နိုင်သည်။

"ငါတို့ အပြင်မှာရောက်နေတာ"


လင်းလော့ချင်း၏အသိစိတ်တွေ ပြန်ပရောက်လာပြီး ချက်ချင်း မတ်မတ်ထထိုင်လိုက်သည်။


ကျိယွီရှောင်က ရယ်မောရင်း သူ့ဘက်ကို မှီပြီး နားနားမှာတိုးတိုးလေးပြောလိုက်၏။


"ဖက်ဦးလေ... မင်း ငါ့ကိုဆက်ပြီးဖက်ချင်သေးလား"


လင်းလော့ချင်းက ခေါင်းလှည့်ကာ စူးစူးရဲရဲ ကြည့်လိုက်သည်။


ကျိယွီရှောင် ပြုံးမိသွားပြီး ဖောင်းကားနေသောပါးလေးကို ဆွဲချင်လာသည်။ သို့သော်၊ သူဤနေရာမှာ တကယ်လုပ်၍မဖြစ်ပါချေ။

"ငါတို့ရောက်ခါနီးပြီ...ဆယ်မိနစ်လောက်ပဲလိုတော့တယ်"


ဆယ်မိနစ်လောက်ကြာသောအခါ ကားက ရှုခင်းသာနေရာရှေ့ရှိ လယ်တောအိမ်လေးမှာ ရပ်သွား၏။


လင်းလော့ချင်းက လင်းဖေး နှင့် ကျိလဲ့ယွီကို ကားပေါ်မှ ချပေးလိုက်သည်။ကျိယွီရှောင်က အနောက်မှ လျှောက်လာပြီး သူတို့သုံးယောက်နောက် လိုက်သွားသည်။


ကျိလဲ့ယွီနှင့်လင်းဖေးတို့သည် လယ်တောအိမ်လို နေရာကို ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်၍ သူတို့အတွက်အသစ်အဆန်းဖြစ်နေလေသည်။


လယ်တောအိမ်ပိုင်ရှင်က သူတို့လာမည်ဆိုသည်ကိုသိပြီး နေ့လယ်စာပြင်ဆင်ထား၏။သူတို့ကားပေါ်ကဆင်းသည်ကို စောင့်ပြီးနောက် စားသောက်ဆိုင်ဆီ ခေါ်သွားခဲ့သည်။


ဒါရိုက်တာလီက သရုပ်ဆောင်တွေနှင့် တခြားဝန်ထမ်းတွေကို စီစဉ်ပေးထားသည့် အခန်းတွေဆီ အရင်ခေါ်သွားပေးရန် တာဝန်ခံကို ပြောလိုက်သည်။ ထို့နောက် အတူတူ စားသောက်ကြပြီး ရှုခင်းသာနေရာသို့ ဝင်ကြသည်။


သူနှင့်လက်ထောက်ဒါရိုက်တာသည် အရင်က သည်ကို ရောက်ဖူးပြီးသားဖြစ်၏။သူတို့နှစ်ယောက် ရှေ့က လမ်းလျှောက်ပြီး အားလုံးကို ရှေးဟောင်းသစ်ပင်ဆီ ခေါ်သွားလိုက်သည်။ 


ထို့နောက် ကင်မရာကိုဖွင့်၍ လင်းလော့ချင်း၊ ဝမ်ကျစ်မင် နှင့် ဟို့ဝမ်ယွီတို့အား နေရာစမ်းယူခိုင်းလိုက်ပြီး ကျိလဲ့ယွီကိုလည် နေရာအနည်းငယ်မျှ တစ်ယောက်တည်း စမ်းခိုင်းခဲ့သည်။


နေဝင်ချိန်ကမရောက်သေးပေ။


ကျိလဲ့ယွီ၏အနောက်ဘက်တွင် နေရောင်ခြည်များအလင်းတန်းများက ပြင်လိုက်ကြီး ဖြာကျနေသည်။ သူက အဖြူရောင် လက်တိုအင်္ကျီ၊ ကာကီဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး လက်ထဲတွင် သစ်ကိုင်းရှည်တစ်ခုကို ကိုင်ထားသည်။ သူရ ကမ္ဘာမြေဆီသို့ လျှောက်လှမ်းလာနေသော နတ်သားလေးနှင့်တူလေသည်။


သို့သော် သူက ဘယ်တုန်းကမှ တစ်သားတစ်ပါးမဟုတ်ခဲ့ပေ။ သူက မကောင်းသော ရည်ရွယ်ချက်များကိုသိုမှီးထားသော နတ်ဆိုးတစ်ကောင်ဖြစ်သည်။


သို့ပေမဲ့ သူအလိုရှိလျှင် သူ့ကိုယ်သူ နတ်သားတစ်ပါးအဖြစ် အမြဲတမ်း အသွင်ဆောင်နိုင်သည်။


သူက တလမ်းလုံး ပန်းတွေခူးပြီး ကျိယွီရှောင်ဆီကို လျှောက်သွားကာ သူ့လက်ထဲက တောရိုင်းပန်းတွေကို ကျိယွီရှောင်ကို ပေးလိုက်သည်။


ကျိယွီရှောင်က ၎င်းကိုက သူ့မျက်နှာကို နမ်းလိုက်ပြီး သူ့ကို နူးညံ့စွာ ကြည့်နေသည်။


ကျိလဲ့ယွီ ခြေဖျားထောက်ရပ်လိုက်ပြီး လက်ဆန့်၍ ကျိယွီရှောင်၏ နားရွက်ကို အုပ်ကာ နားထဲကိုတိုးတိုးလေးပြောလိုက်သည်။

"ပါးပါးကို ပန်းတွေ ပေးလိုက်ပါလား... ဒယ်ဒီ ပါးပါးကို ပန်းမပေးဖူးသေးဘူးမလား"


သူ့အဖေက သူ့အမေကို ပန်းတွေ မကြာခဏ ပေးလေ့ရှိပေမဲ့ သူ့ရှုရှုက ထိုကဲ့သို့မလုပ်ပေ။


သို့ပေမဲ့ ကိစ္စမရှိပါချေ။ယခု သူ့ရှုရှုမှာ သူ့ရှန့်ရှန့်ကို ပေးရန် ပန်းတွေရှိနေပြီဖြစ်သည်။


ကျိလဲ့ယွီက ပျော်ရွှင်စွာ ရယ်မောပြီး ကျိယွီရှောင်ကို မျှော်လင့်တကြီး ကြည့်နေသည်။ သူက အရိုးရှင်းဆုံး၊သာမာန်အဖြစ်ဆုံး ကလေးတစ်ယောက်နှင့် ဘာမှမခြားပါချေ။


ကျိယွီရှောင် အစက ပန်းတွေက သူ့အတွက်ဟု ထင်ခဲ့သည်။သူ တခြားတစ်ယောက်ကိုလက်ဆောင်ပေးရန်အတွက်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။


ရယ်ရမလား ငိုရမလားမသိ။ကျိလဲ့ယွီ၏ ခေါင်းလေးထဲမှာ ဘာတွေရှိနေလဲ သိချင်မိသည်။ဘာလိုများ သူနဲ့ လင်းလော့ချင်းကို ကူညီဖို့ ဘယ်တုန်းကမှ မမေ့ရတာလဲဆိုပြီး....


သူက သူတို့နှစ်ဦး၏ အမာခံCP ဖန်တစ်ဦးဖြစ်လုနီးပါးဖြစ်ပြီး ဖန်ကလပ်ဥက္ကဋ္ဌလိုမျိူးပင်ဖြစ်နေသည်။


ကျိယွီရှောင်..ကျိလဲ့ယွီ၏ ပါးလေးကိုဆွဲလိုက်သည်။ကျိလဲ့ယွီက သူ့ကို မျက်လုံးတွေဖြင့် 'မြန်မြန်လေး... မြန်မြန် ပန်းတွေပေးလိုက်' ဆိုပြီး အချက်ပြနေ၏။ကျိယွီရှောင် ပြုံးပြီး သူ့ခေါင်းကို ပွတ်လိုက်သည်။ ထို့နောက် လင်းလော့ချင်းကို လှည့်ကြည့်လိုက်သည်။


လင်းလော့ချင်းက သူတို့နှစ်ဦးကြား အပြန်အလှန်ဆက်ဆံမှုကို စောင့်ကြည့်နေခြင်းဖြစ်သည်။ထိုနောက် ကျိယွိရှောင် သူ့ကို လှမ်းကြည့်လာသဖြင့်"ဘာဖြစ်နေတာလဲ"ဟုမေးလိုက်၏။ 


ကျိယွီရှောင်က သူ့ကိုကြည့်ကာ မေးငေါ့လိုက်သည်။ 

"ဟိုမှာ ငှက်ကလေးတစ်ကောင် ရှိနေသလိုပဲ...အပြာနဲ့ ခရမ်းရောင်စပ်ကြားလေး... တော်တော်လှတယ်"


လင်းလော့ချင်း သူ့အကြည့်နောက်သို့ လိုက်ကာ ခေါင်းကို လှည့်လိုက်သော်လည်း မတွေ့ပေ။


သံသယစိတ်ဖြင့် ခေါင်းကိုပြန်လှည့်ကာ ကျိယွီရှောင်ကို ငှက်ဘယ်မှာလဲဟု မေးချင်သော်လည်း သူ့ရှေ့တွင် ပန်းစည်းတစ်ခုရောက်နေသည်ကို တွေ့လိုက်ရသည်။


"ငှက်က ပျံသွားပေမဲ့ ပန်းတွေ ထားခဲ့တယ်... ကမ္ဘာပေါ်မှာ အလှဆုံးလူကို ပေးလိုက်ဖို့ ပြောခဲ့တယ်"

ကျိယွီရှောင်က နူးနူးညံ့ညံ့လေး ပြောသည်။


လင်းလော့ချင်း သူ့မှာ ထိုသို့သော အတွေးမျိုး ရှိလာမည်ဟု မမျှော်လင့်ထားသဖြင့် ချက်ချင်း ရယ်မောလိုက်သည်။ သူက ကျိယွီရှောင်ကို မော့ကြည့်ပြီး 'ဒါမျိုးကျတတ်တယ်' ဟု တိတ်တိတ်လေး တွေးလိုက်သည်။


'ကိုယ့်ကိုကိုယ် မှော်မှန်ကြီး၊ ကမ္ဘာပေါ်မှာ ရုပ်အချောဆုံးလို့များ ထင်နေတာလား'


သူက စိတ်ထဲတွင် ကွန်ပလိန်းတက်လိုက်သော်လည်း ပန်းများကို လှမ်းယူပြီး ရယ်လိုက်မိဆဲဖြစ်၏။


ကျိယွီရှောင်ဆီက သူ တစ်ခါမှ ပန်းမရဖူးပေ။


လင်းလော့ချင်း သူ့လက်ထဲက ရောင်စုံပန်းပွင့်လေးတွေကို ကြည့်ပြီး မျက်လုံးများထဲတွင် ချစ်ခြင်းအပြည့်နှင့် ပန်းပွင့်တစ်ပွင့်၏ ပွင့်ဖက်လေးများကိုချွေလိုက်သည်။


ကျိယွီရှောင်က သူ့မျက်လုံးများထဲရှိ ကြည်နူးမှုကို မြင်ပြီး ရယ်လိုက်သည်။


လင်းလော့ချင်းကို သူ အရင်က ပန်းမပေးဖူးကြောင်း နောက်ကျမှ သိလိုက်ရချိန်တွင် သူ ရယ်နေမိသည်။ ဤက လင်းလော့ချင်းကို ပထမဆုံးအကြိမ် ပန်းပေးခြင်းဖြစ်သည်။


သူ ပန်းမပေးချင်ခဲ့သည်မျိုး မဟုတ်ပေ။သို့ပေမဲ့ အစတုန်းက တစ်ယောက်နှင့်တစ်ယောက် ဘာခံစားချက်မှ မရှိခဲ့ကြသဖြင့် သဘာဝအတိုင်း ပန်း မပေးဖြစ်ခဲ့ခြင်းဖြစ်၏။


နောက်ပိုင်းတွင် သူ့မှာ လင်းလော့ချင်းအတွက် ခံစားချက်များရှိလာခဲ့သော်လည်း လင်းလော့ချင်းက အမြဲတမ်း အလုပ်များနေခဲ့သည်။ နှစ်ယောက်သား အတူရှိရန်က မလွယ်သလို ပန်းပေးရန်လည်း မေ့နေခဲ့သည်။


ယင်းက ယနေ့ ကျိလဲ့ယွီက ပန်းတွေခူးပြီး သူ့ဆီပေးကာ လင်းလော့ချင်ကို ပေးခိုင်းပေးခိုင်းသည့်အချိန်အထိပါပင်။ နောက်ဆုံးတွင် သူ လင်းလော့ချင်းကို ပန်းတစ်ခါပေးခဲ့ပြီဖြစ်သည်။


သူတို့က ဈေးကြီးသည့် ပန်းတွေ မဟုတ်သလို ဈေးကြီးသည့် ဘရန်းတွေ မဟုတ်ပေ။ သူကိုယ်တိုင်ခူးဆွတ်ထားခြင်းပင်မဟုတ်သည့် သာမန်တောရိုင်းပန်းတွေဖြစ်၏။


ကျိယွီရှောင် အနည်းငယ် အပြစ်ရှိသလိုခံစားရပြီး ရှက်စိတ်လည်း ရှိသည်။


ပထမဆုံး ပန်းပေးခြင်းက ယခုလိုပန်းတွေ ဖြစ်သွားသည်။ သူသိပ်မကျေနပ်ပေ။


သူက ပိုကောင်းအောင်လုပ်သင့်ပြီး ပိုစိတ်ကူးယဉ်ဆန်ကာ ပိုစဥ်းထားပေးသင့်သည်။ပိုအဖိုးတန်ပြီး ပိုတန်ဖိုးရှိသော ပို၍လှပမွှေးကြိုင်သော ပန်းများ ပေးသင့်သည်။ ဤနည်းဖြင့် နေရာတိုင်းတွင် တွေ့နိုင်သော တောရိုင်းပန်းလေးများထက် အနာဂတ်မှာ ပြန်တွေးကြည့်သောအခါ အမှတ်တရ ပိုဖြစ်ပေလိမ့်မည်။


စိတ်ဆိုးစွာဖြင့် ပါးစပ်ကို ဖွင့်လိုက်သည်။သူက မငယ်တော့မှန်းသိသာပေမဲ့ သူသဘောကျရသည့်လူရှေ့မှာ ကောင်းကောင်းမစွမ်းဆောင်နိုင်သော ကလေးတစ်ယောက်လိုဖြစ်နေသည်။ကသိကအောင့်ဖြစ်စွာဖြင့် သူသဘောကျရသည့်လူအား သူ့ကို နောက်တစ်ကြိမ်အခွင့်အရေးပေးစေချင်မိသည်။


"နောက်တစ်ခါကျ... ငါ မင်းကို ပိုလှတဲ့ ပန်းတွေ ပေးမယ်" 

သူ လင်းလော့ချင်းကို ပြောလိုက်၏။


လင်းလော့ချင်းက ၎င်းတိုက တောရိုင်းပန်းလေးများဖြစ်နေသည်ကို ဂရုမစိုက်ပေ။


အဖိုးတန်ပန်းများက ဈေးကြီးပြီး လှပသလို တောပန်းများက လတ်ဆတ်မှုကိုသယ်ဆောင်ထားသည်။၎င်းတို့အားလုံးကို လူတွေ၏ နှလုံးသားနှင့် နှစ်သက်မှုကို ဖော်ပြရန်အတွက် အသုံးပြုနိုင်သောကြောင့် သူ ဇီဇာကြောင်မနေပေ။


"ဒါလေးလည်း အရမ်းလှပါတယ်"

သူ့လက်ထဲက ပန်းပွင့်တွေကို ကြည့်ကာ နူးညံ့စွာပြောလိုက်၏။

"မင်းပေးသမျှအရာတွေတိုင်းက အရမ်းလှတယ်"


ကျိယွီရှောင် ထိုစကားကို နားထောင်ပြီး ထိုပန်းများ ပေးမိခြင်းကြောင့်ဖြစ်နေသည့် မကျေနပ်မှုများ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူက လင်းလော့ချင်း၏အနားသို့ ဖြည်းညှင်းစွာ ကပ်လာကာ ပါးပြင်နားသို့တိုးကပ်လာသည်မှာ ထိန်းမနိုင်သိမ်းမရ နမ်းလိုက်ချင်သကဲ့သို့ပင်။လင်းလော့ချင်းက နောက်ပြန်လှည့်ကာ သူများတွေကို ကြည့်လိုက်သည်။ သူတို့နှစ်ဦး၏


အသက်ရှုသံများသည် အချင်းချင်း နီးကပ်နေ၏။


ကျိယွီရှောင်က အလိုလို ရပ်တန့်သွားသည်။



လင်းလော့ချင်း သူ့နှလုံးခုန်သံ မြန်လာပြီး တဒုန်းဒုန်းခုန်နေသည်ကို ခံစားလိုက်ရသည်။ ရင်ခုန်သံများက သူ့နားစည်ထဲကို ပျံ့လာပြီး နားအူမတတ်ကျယ်လောင်နေသည်။


သူ နောက်လူလိုက်သလိုမျိုး ခေါင်းကိုငုံ့ချလိုက်သည်။ သူ့မျက်နှာမှာ မသိလိုက်ပါဘဲ နီရဲ၍နေသည်။


"ဒါရိုက်တာလီ ဘယ်လိုနေလဲ သွားကြည့်လိုက်ဦးမယ်"


လင်းလော့ချင်းက ပန်းများကိုယူကာ ဒါရိုက်တာလီဆီသို့ လျှောက်သွား သည်။


သူ ခေါင်းငုံ့ကာ ခပ်မြန်မြန်လျှောက်လာခဲ့သည်။ သူ့စိတ်က ယခုနက မြင်ကွင်းထဲကိုပဲ ရောက်နေခဲ့သည်။


ကျိယွီရှောင်က သူ့ကို နမ်းမလို့လား...


လူတွေအများကြီးရှိနေတာကို...


သူဘယ်လိုတောင်လုပ်ရဲတာလဲ...


ပြီးလျှင် ၎င်းကိုပြန်တွေးကြည့်ပြီး တိတ်တိတ်လေး ရယ်မိပြန်သည်။


သူ့လက်ထဲက ပန်းပွင့်တွေကို ပြန်ကြည့်လိုက်သည်။ပန်းများက သေးငယ်ပြီး အရောင်အသွေးစုံကာ ကျိယွီရှောင်၏ အကြိုက်အတိုင်းပင်။ သူတို့သည် တောက်ပပြီး လင်းလက်နေသည်။


သူတို့တရားဝင် လူသိရှင်ကြား ဖွင့်ချပြီးသည်နှင့် လူမြင်ကွင်းတွင် နမ်း၍ရပြီဖြစ်သည်။


ဒါဆို ဘယ်အချိန်မှ လူသိရှင်ကြား ဖွင့်ချမှာလဲ...


လင်းလော့ချင်း ၎င်းကို တွေးပြီး တိတ်တဆိတ် အရှိန်လျှော့လိုက်သည်။


ယခု သူ့အလုပ်က တဖြည်းဖြည်း တည်ငြိမ်လာပြီဖြစ်သဖြင့် လူသိရှင်ကြားဖွင့်ချ၍ရပြီဖြစ်သည်။ထို့ကြောင့် သူ ထိုအကြောင်းကို စစဉ်းစားသင့်ပြီဖြစ်သည်။


သူ ထိုသို့တွေးပြီး မသိစိတ်ဖြင့် ဒါရိုက်တာလီ၏အနားကို လျှောက်သွားခဲ့သည်။


ဒါရိုက်တာလီက ရှုခင်းရှေ့တွင် ပစ္စည်းကိရိယာများကို အမြဲတစေစစ်ဆေးနေပသည်။လင်းလော့ချင်း လာနေသည်ကိုမြင်သောအခါ "ဘာလဲ"ဟုမေးသည်။


"ဒီနေ့ ရိုက်ကူးရေးလုပ်မှာလား" 

လင်းလော့ချင်းက လိုရင်းကိုပဲတန်းသွားလိုက်၏။


ဒါရိုက်တာလီ ကောင်းကင်ကို ကြည့်လိုက်ပြီး ခဏအတွင်းမှာ ဖြစ်လာမည့် နေဝင်ချိန်ကို အမိအရယူကာလုပ်နိုင်လောက်သည်ဟု ခံစားရသည်။ ထို့ကြောင့် သူက ခေါင်းညိတ်သည်။ 


"ရိုက်ကြည့်ရအောင်...နေဝင်ချိန်လိုမျိုး သဘာဝရှုခင်းက ကံပေါ်မှာ လုံးဝမူတည်တာ်...တစ်ရက်ဆိုလည်းတစ်ရက်ပဲ...ငါတို့ဒီနေ့ဒီမှာရှိနေတာဆိုတော့ အဲဒါကိုမဖြုန်းတီးလိုက်နဲ့"


"ကောင်းပြီ" 

လင်းလော့ချင်းက ပြောသည်။


ဒါရိုက်တာလီက ခေါင်းငုံ့လိုက်ပြီးနောက် တစ်ဖက်လူ၏လက်ထဲမှာ ပန်းတွေကို တွေ့လိုက်သည်။၎င်းတို့ကို ကျိလဲ့ယွီအတွက် ပန်းကုံးလုပ်ရန် ခူးလာသည်ဟု ထင်ပြီးပြောလိုက်၏။

"ဟေ့...မင်းက ပန်းကုံးအတွက် ကုန်ကြမ်းတွေတောင် အဆင်သင့်ပြင်ပြီးနေပြီလား... ကောင်းတယ်...ရှောင်ကျောက်လာ... ရှောင်ယွီအတွက် ပန်းကုံးလုပ်လိုက်"


လင်းလော့ချင်း: "????"


လင်းလော့ချင်း သူ့ပန်းများကို ကမန်းကတန်း ကာကွယ်လိုက်သည်။ ဒီတောင်ပေါ်မှာ ပန်းတွေ ဒီလောက် အများကြီးရှိနေတာကို ဒီလူက သူ့ပန်းတွေကို ဘာလို့ လာလုတာလဲ...


ဒါက သူ့ပန်းတွေလေ...


"ရှောင်ကျောက်လောင်ရှီးကိူ သူ့ဘာသာသူ ပန်းခူးခိုင်းလိုက်ပါ...ဒီပန်းတွေက ပိုင်ရှင်ရှိတယ်"

လင်းလော့ချင်းက ပြောလိုက်သည်။


ဒါရိုက်တာလီက ချက်ချင်းနားလည်သွားပြီး အသံကိုတမင်ဆွဲပြောလိုက်သည်။ 

"အိုး ဒီပန်းတွေက ပိုင်ရှင်ရှိတဲ့ ပန်းတွေပါလားနော်~"


လင်းလော့ချင်း:"……"


လင်းလော့ချင်း လှည့်ပြီး ပြန်ထွက်သွားသည်။


ဒါရိုက်တာလီက သူ့နောက်ကျောကိုကြည့်ကာ သူ့ကိုစဖို့မမေ့ပေ။ 

"ဖြေးဖြေးနော်...ပိုင်ရှိတဲ့ပန်းတွေကို ပြုတ်မကျစေနဲ့"


လင်းလော့ချင်း: "……"


လင်းလော့ချင်း ဒေါသထွက်လွန်း၍ ထိုလူကို လှည့်ကာ စူးစူးဝါးဝါးကြည့်လိုက်သည်။ ဒီလူက ဘာလို့ ဒီလောက် စိတ်အနှောက်အယှက်ဖြစ်စရာကောင်းပြီး သူ့ကိုစရတာကို ဒီလောက်ကြိုက်နေတာလဲ...


ဒါရိုက်တာလီက ရယ်လိုက်ပြီးနောက် သူက လှည့်၍ ဝန်ထမ်းတွေကို တဲဆောက်ခိုင်းကာ စတိုင်လစ်ကို လင်းလော့ချင်းကို မိတ်ကပ်ပြင်ပေးခိုင်းလေသည်။


လင်းလော့ချင်း၊ဝမ်ကျစ်မင် နှင့် ဟို့ဝမ်ယွီတို့၏မိတ်ကပ်က ရိုးရှင်းသည်။ ၎င်းတို့အနက် လင်းလော့ချင်းက မိတ်ကပ်မလိမ်းဘဲ ရိုက်ကူးခဲ့ပြီး အထူးတလည်ကို ရိုးရှင်းသည်။ဖူရှီဖြစ်ရန် သူ့အဝတ်အစားတွေကိုပဲ လဲခဲ့ရသည်။


သူ့အဝတ်အစားတွေလဲပြီးသည်နှင့် ကျိလဲ့ယွီကိုအဝတ်အစားတွေလဲပေးရန် တဲထဲခေါ်သွားလိုက်သည်။စတိုင်လစ်က သူ၏ဆံပင်ပုံစံကို အနည်းငယ်ပြင်ဆင်ပြီး ယက်လုပ်ထားသော ပန်းကုံးကို တင်လိုက်သည်။သူက တောအုပ်ထဲက ထွက်လာသည့် နတ်သူငယ်တစ်ကောင် ပြန်ဖြစ်၍လာသည်။



ဒါရိုက်တာလီက ကျိလဲ့ယွီ နှင့် လင်းလော့ချင်းကို ခေါ်ပြီး ကျိလဲ့ယွီ အကြောင်းကို ပြောပြခဲ့သည်။ 

"စိတ်မပူပါနဲ့... လုပ်နေကျအတိုင်းသာ လုပ်ပါ သဘာဝကျပါစေ"


ကျိလဲ့ယွီက ခေါင်းညိတ်လိုက်သည်။ "သားသိပါတယ်"


ဒါရိုက်တာလီကဆိုသည်။

"ဒါဆို စမ်းကြည့်ပါဦး"


ကျိလဲ့ယွိက လင်းလော့ချင်းကို ရှေးဟောင်းသစ်ပင်ဆီသို့ မကြောက်မရွံ့ ဆွဲခေါ်သွားလိုက်သည်။


"ဒီဟာပဲ"


သူ့ရှေ့ကသစ်ပင်ကို မော့ကြည့်ရင်းပြောလိုက်သည်။


သစ်ပင်က အလွန်မြင့်သည်။ကျိလဲ့ယွီ ခေါင်းမော့ထားသည့်တိုင် အပေါ်ပိုင်းကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။


ခဏလောက် ငေးကြည့်ပြီးနောက် ပျင်းလာပြီး လင်းလော့ချင်းလက်ကို လွှတ်ကာ သူ့ဘာသာသူ သွားကစားနေလိုက်သည်။


ဒါရိုက်တာလီ ခုနကညွှန်ပြခဲ့သော မြက်ခင်းပြင်သို့ သူသွားခဲ့သည်။ သူ လက်လှမ်းမမီနိုင်သော တောရိုင်း အသီးအနှံများကို ခြေဖျားထောက်၍ခူးကာ ပန်းပွင့်များကို ငုံ့ကာ ခူးသည်။တစ်ခါတစ်ရံတွင် သူသည် လိပ်ပြာများကို လိုက်ဖမ်းပြီး တစ်ခါတစ်ရံ ပန်းပွင့်များဆီသို့ မြက်ပင်ရှည်များကို လှမ်းပစ်သည်။


သူက သူ့ကိုယ်သူ ကျေနပ်စွာ ရယ်မောလိုက်ပြီး ၎င်းနောက် လင်းလော့ချင်း ၏ အသံကို ကြားလိုက်ရသဖြင့် ပျော်ရွှင်စွာ ပြေးသွားခဲ့သည်။ သူက လင်းလော့ချင်း၏လက်ကိုဆွဲယူပြီး တောင်ပေါ်မှဆင်းသွားခဲ့သည်။


သူက လင်းလော့ချင်းကို လက်တစ်ဖက်နှင့် ကိုင်ထားပြီး အခြားတစ်ဖက်တွင် ပန်းပွင့်များကို ကိုင်ထားသည်။ သူ့ကမ္ဘာကြီးက အလှတရားတွေ မျှော်လင့်ချက်တွေနှင့် ပြည့်နေသည်။


ဒါရိုက်တာလီက ဖြစ်စဉ်တစ်ခုလုံးတွင် သူသဘာဝကျကျ ပြုမူသည်ကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်သည်။


"မှန်တယ်...ခဏနေလို့ ကင်မရာနဲ့မျက်နှာချင်းဆိုင်ရရင်လည်း ဒီအတိုင်းပဲ လုပ်... စိတ်မလှုပ်ရှားနဲ့"


"မရှားဘူး" 

ကျိလဲ့ယွီက ကတိပေးသည်။


"အဲဒါ အကောင်းဆုံးပဲ" 

ဒါရိုက်တာလီက စကားပြောပြီးသည်နှင့် သူနှင့်လင်းလော့ချင်းကို အရင်အနားယူနေခိုင်းလိုက်သည်။


ကျိယွီရှောင် နှင့် လင်းဖေး တို့သည် မနီးမဝေးက ကုလားထိုင်ပေါ်တွင် ထိုင်နေကြသည်။ လင်းဖေးက ကျိယွီရှောင်၏ လက်ချောင်းများ ပျံသန်းနေသကဲ့သို့ လှုပ်ရှားနေပြီး သူ့လက်ချောင်းများကြားမှ မြက်ပင်များက မကြာမီတွင် တညီတည်း ကျစ်လစ်စွာ ချိတ်ဆက်သွားသည်ကိုကြည့်နေသည်။လင်းဖေး၏ မျက်လုံးများသည် စူးစမ်းလိုစိတ်များ ပြည့်နှက်နေခဲ့သည်။ 


"အဲဒါဘာလဲ"


"ပုစဉ်းလေး" 

ကျိယွီရှောင်က ပြန်ဖြေသည်။

"ဒါပေမဲ့ ပုံသဏ္ဍာန်တော့ မပေါ်သေးဘူး...ပုံစံပေါ်လာမှမြ

င်ရမှာ... သားရှုရှုရဲ့ ဖန်တွေကို ပုစဉ်းလေးတွေလို့ ခေါ်တာဆိုတော့ ရှုရှု သူ့ကို ပုစဉ်းလေးလုပ်ပေးလိုက်တာ"


"ရှုရှုက သားရှုရှုရဲ့ ဖန်လား" 

လင်းဖေး အံ့ဩသွားသည်။


"ဒါပေါ့" 

ကျိယွီရှောင်က သူ့နားနားကို ကပ်လိုက်သည်။ 

"ရှုရှုက သူ့ရဲ့ကောင်လေးဖန်နဲ့ CPဖန်လေ"