Chapter 262
“ဘာလဲ"
လင်းလော့ချင်းက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
ကျိယွီရှောင်က ဆံပင်ကို ကိုင်ကာ dryer နှင့် မှုတ်ပေးနေစဉ် ပြောလိုက်သည်။
“ငါ ငါ့အစ်ကိုနဲ့မရီးကို သတ်ခဲ့တဲ့ လူသတ်သမားအစစ်ကို ရှာတွေ့ပြီ…”
Dryerသံက ဆူညံ့နေသောကြောင့် အသံကို ရှင်းရှင်းလင်းလင်း မကြားနိုင်ပေ။ ထို့ကြောင့် လင်းလော့ချင်းက ကျိယွီရှောင်ကို လှည့်ကြည့်လိုက်ပြီး မေးလိုက်၏။
“မင်း ဘာပြောလိုက်တာလဲ…ငါ သေချာမကြားရဘူး…”
ကျိယွီရှောင်က တစ်ဖက်လူ၏နှုတ်ခမ်းကို နမ်းလိုက်သည်။
“နောက်မှ ပြောပြမယ်…”
ပြောပြီးနောက် လင်းလော့ချင်း၏ဆံပင်များကို စိတ်ရှည်လက်ရှည် dryer ဖြင့် မှုတ်ပေးလိုက်လေသည်။
လင်းလောချင်း၏ဆံနွယ်များက အလွန်နက်မှောင်ပြီး တိမ်အစုအဝေးနှင့် တူ၏ ။
ကျိယွီရှောင်၏လက်ချောင်းများက လင်းလော့ချင်း၏ဆံနွယ်များကြား ပြေးလွှားရင်း မကြာမီပင် ဆံနွယ်များက ခြောက်သွေ့သွားလေသည်။
ထို့နောက် လင်းလော့ချင်းက ကျိယွီရှောင်ဘေးတွင် ထိုင်လိုက်ပြီး စူးစမ်းစွာ မေးလိုက်သည်။
“အခုပြောပြတော့…သတင်းကောင်းက ဘာလဲ…”
ကျိယွီရှောင်က Dryer ကို အိပ်ရာဘေးရှိစားပွဲပေါ် တင်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“အစ်ကိုနဲ့မရီးကို သတ်ခဲ့တဲ့ လူသတ်သမားအစစ်ကို ရှာတွေ့ပြီ…”
လင်းလော့ချင်း အံ့ဩသွားပြီး မယုံကြည်နိုင်ပေ။
“ရှာတွေ့ပြီလား…”
အရမ်း မြန်တာပဲ…ဒါပေမဲ့ စာအုပ်ထဲမှာ ကျိယွီရှောင်က လူသတ်သမားအစစ်ကို တစ်နှစ်အတွင်း ရှာတွေ့ခဲ့တာ…အခု တစ်နှစ်လည်း ပြည့်ခါနီးပြီဆိုတော့ ရှာတွေ့သွားတာက ဖြစ်သင့်ပါတယ်…
အဲ့ဒါကြောင့် အဲ့နေ့က ကျိယွီရှောင်က သူ့အစ်ကိုရဲ့ အုတ်ဂူရှေ့မှာ ၀မ်းနည်းတကြီးရပ်နေခဲ့တာကို…အဲ့ဒါကြောင့် အချိန်အကြာကြီး အိပ်ပျော်သွားခဲ့တာကို…
ကျိယွီရှောင်က သူ့အစ်ကိုအတွက် လက်စားချေဖို့ ပြေးလွှားနေရတာ…နောက်ဆုံးတော့ ဒီတာ၀န်ကြီးကနေ လွတ်မြောက်သွားပြီး စိတ်အေးလက်အေး အိပ်ပျော်နိုင်သွားပြီ…
သူ ရိုက်ကူးရေး လုပ်နေတုန်း အများကြီးဖြစ်ပျက်သွားတာပဲ…
အဲ့ဒါကြောင့် ကျိယွီရှောင်က သူ့ဆီ လာမလည်နိုင်ခဲ့တာလား…
“မင်း လက်စားချေပြီးပြီလား…”
လင်းလော့ချင်း မေးလိုက်သည်။
ကျိယွီရှောင်က လိပ်ပြာမလုံစွာ ပြန်ဖြေလိုက်သည်။
“ငါ မင်းကို တမင်ဖုံးကွယ်ထားတာ မဟုတ်ပါဘူး…မင်း စိုးရိမ်နေရမှာစိုးလို့ပါ…ငါ မင်း အန္တရာယ်ကြုံရမှာကို မလိုချင်ဘူး…မင်းအလုပ်ကို စိတ်ချလက်ချ လုပ်စေချင်တာလည်းပါတယ်…ဒီဟာကြောင့် မင်း စိတ်မကောင်းမဖြစ်ဖို့ မျှော်လင့်ပါတယ်…”
ထို့နောက် ကျိယွီရှောင်က လင်းလော့ချင်းကို ကိုင်လိုက်သည်။
“ငါ ကတိပေးတယ်…ငါ နောက်ဆို ဘယ်တော့မှ ဘာမှ ဖုံးကွယ်မထားတော့ဘူး…အဲ့ဒါကြောင့် ဒီတစ်ခါတော့ ငါ့ကို ခွင့်လွှတ်ပေးနိုင်မလား…”
လင်းလော့ချင်းက ကျိယွီရှောင်ကို အပြစ်မတင်ပေ။
သူက ယခင်က ကျိယွီရှောင်အကြောင်းကို သေချာ နားမလည်နိုင်ခဲ့သော်လည်း ယခု နားလည်သွားပြီဖြစ်သည်။
စာအုပ်ထဲရှိ ကျိယွီရှောင်က လူသတ်သမားအစစ်ကို တိတ်တဆိတ် လက်စားချေခဲ့ပြီး ကျိလဲ့ယွီအားလောကကြီး၏ရက်စက်ကြမ်းကြုတ်မှုမှ ဖုံးကွယ်ထားခဲ့လေသည်။ ထို့ကြောင့် စာဖတ်သူများနှင့် ကျိလဲ့ယွီက တစ်ဖက်လူအကြောင်းကို မသိခဲ့ရပေ။
ကျိယွီရှောင်က တာ၀န်သိစိတ် ပြင်းထန်လွန်းပြီး သူ ကာကွယ်ချင်သည့်သူများကို သူ့တောင်ပံအောက်တွင် ကာကွယ်ပေးထားပြီး ပြင်ပမှ သွေးစွန်းနေသော မြင်ကွင်းများကို မမြင်အောင် ဖုံးကွယ်ထားလေသည်။
သို့သော် ကျိယွီရှောင် ကာကွယ်ပေးချင်သည့်သူများက ကျိယွီရှောင် ထင်ထားသလို နုနယ်သည့်သူများ မဟုတ်ချေ။
လင်းလော့ချင်းကလည်း ကျိယွီရှောင်ကို တစ်ယောက်တည်း ရင်ဆိုင်ခိုင်းသည့်ထက် နှစ်ယောက်အတူတူ ရန်သူများနှင့် ရင်ဆိုင်ချင်လေသည်။
သို့သော် သူက ကျိယွီရှောင်၏ကာကွယ်ပေးချင်သည့်စိတ်ဆန္ဒနှင့် တာ၀န်သိစိတ်ကို နားလည်နိုင်သောကြောင့် ကျိယွီရှောင်၏လှုပ်ရှားမှုကို လက်မခံနိုင်သော်ငြားလည်း အပြစ်တင်ပြောဆိုရန် ဆန္ဒမရှိချေ။
ကျိယွီရှောင် ဆုံးရှုံးရတာ တော်တော်များနေပြီ…သူ့ဂရုစိုက်တဲ့လူတွေကို ဒီကိစ္စကြောင့် အန္တရာယ်ကြုံမလာအောင် ကာကွယ်ပေးထားတာက သဘာ၀ပဲ…
သို့သော် လင်းလော့ချင်းက စိတ်ဆိုးချင်ယောင်ဆောင်လိုက်ပြီး ဆူပုတ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
“ဒီလောက်ကြီးတဲ့ကိစ္စကို ငါ့ကို မပြောပြဘဲနဲ့ စကားလေးနည်းနည်းပြောရုံနဲ့ မင်းကို ခွင့်လွှတ်ပေးစေချင်တာ သင့်တော်တယ်လို့ ထင်လား…”
ကျိယွီရှောင် :’’တကယ် မသင့်တော်ဘူး…’’
“ဒါဆို ငါ ဘာလုပ်ပေးရမလဲ…မင်း ဖြစ်စေချင်တာကို ပြော…ငါ ဘာမဆိုလုပ်ပေးမယ်…ငါ့ကိုသာ မရှောင်နဲ့…ဟုတ်ပြီလား…”
“ဟိုဘက်လှည့်…”
လင်းလော့ချင်း မေးစေ့ကို ပင့်ကာ ပြောလိုက်၏။
ကျိယွီရှောင်က တစ်ဖက်သို့ လှည့်လိုက်လေသည်။
စိတ်တိုလွန်းလို့ သူ့မျက်နှာကိုတောင် မမြင်ချင်တော့ဘူးလား…
ကျိယွီရှောင်က တွေးနေစဉ် တစ်စုံတစ်ယောက်က သူ့ကို ပွေ့ဖက်လာသည်ကို ခံစားလိုက်ရလေသည်။နောက်တစ်ခဏတွင် လင်းလော့ချင်းက သူ့မျက်နှာကို ထိတွေ့လာခဲ့သည်။
“ဒီလောက်ကြီးတဲ့ကိစ္စကို လုပ်ထားတာဆိုတော့ ဘာလို့ ငါ့ကို မနမ်းတာလဲ…”
လင်းလော့ချင်းက ပြုံးကာ ကျိယွီရှောင်နား နားကပ်ပြောလိုက်ပြီး တစ်ဖက်လူ၏နားကို နမ်းုက်သည်။
“နှစ်ခါနမ်းပေးရင် ခွင့်လွှတ်ပေးမယ်…”
ကျိယွီရှောင် :”...”
“မင်းက ကစားနေတာပဲ…"
လင်းလော့ချင်းက ပြုံးလိုက်၏။
“ ပျော်စရာကောင်းတယ်လေ…"
ကျိယွီရှောင် :”???”
၀န်ခံရဲတယ်ပေါ့…
သူ လင်းလော့ချင်းကို အရမ်း အလွတ်ပေးထားမိတာပဲ…
ကျိယွီရှောင်က လက်ဆန့်ကာ လင်းလော့ချင်း၏ခါးကို ကလိထိုးလိုက်လေသည်။
လင်းလော့ချင်းက အိပ်ရာပေါ် လဲကျသွားပြီး ကျိယွီရှောင်ကို တွန်းဖယ်နေသော်လည်း ကျိယွီရှောင်က အလွတ်မပေးသည့်အတွက် မျက်ရည်များပင် ကျလောက်အောင် ရယ်မောနေရလေသည်။
“ငါ့အမှားပါ…ငါ တောင်းပန်ပါတယ်…ကလိမထိုးပါနဲ့တော့…”
ထို့နောက် ကျိယွီရှောင်၏လက်ကို ဖမ်းဆုပ်လိုက်ပြီး မျက်ရည်၀ဲနေသော မျက်လုံးများဖြင့် ကျိယွီရှောင်ကို စိုက်ကြည့်လိုက်လေသည်။
ကျိယွီရှောင်က ကူရာမဲ့စွာဖြင့် လင်းလော့ချင်း၏မျက်လုံးများကို နမ်းလိုက်ရာ လင်းလော့ချင်း၏နှလုံးသားလေး ခုန်ပေါက်လာလေသည်။
လင်းလော့ချင်း၏ညအိပ်၀တ်စုံက ယခင်လှုပ်ရှားမှုကြောင့် ဟနေပြီး ညှပ်ရိုးများက ပေါ်လွင်နေလေသည်။
လိပ်ပြာငယ်လေးများက လင်းလော့ချင်း၏ဖြူဖွေးသော အသားပေါ် ဆင်းသက်လာကြပြီး အရောင်ခြယ်သပေးလိုက်သည်။
ညက တိတ်ဆိတ်နေသော်လည်း လှပနေခဲ့လေသည်။
ကျိယွီရှောင်က လင်းလော့ချင်း၏တောင်းဆိုမှုကြောင့် သူ့ခရီးစဉ်ကို ယာယီရပ်နားလိုက်ရသည်။
သူက တစ်ရက်ခွဲကြာ အိပ်ပျော်နေခဲ့သည့်အတွက် ဤတိုက်ပွဲကို ဆက်လက်ဆင်နွှဲနိုင်လေသည်။
သို့သော် လင်းလော့ချင်းကမူ အလွန်အိပ်ချင်နေပြီး အိပ်ပျော်မသွားမီ တွေးလိုက်၏။
ကျိယွီရှောင်ရဲ့ စွမ်းအားက ကြောက်စရာပဲ…အိပ်ရေး၀၀ အိပ်ပြီး တစ်ညလုံးကားမောင်းချင်တာလား….
သူကတော့ မရဘူး…
အေးချမ်းစွာ အိပ်မောကျနေသည့် လင်းလော့ချင်း၏မျက်နှာကို ကြည့်ပြီး ကျိယွီရှောင် တိတ်တဆိတ် ရယ်မောလိုက်မိ၏။
သူက လင်းလော့ချင်း၏ပါးကို နမ်းလိုက်သောအခါ လင်းလော့ချင်းက မသိစိတ်အရ သူ့ကို ပွေ့ဖက်လာလေသည်။
သူ လင်းလော့ချင်းကို အချိန်အတော်ကြာ စိုက်ကြည့်လိုက်ပြီး မီးပိတ်လိုက်ကာ လင်းလော့ချင်းကို ပွေ့ဖက်ပြီး အိပ်ပျော်သွားခဲ့သည်။
တိုတောင်းသော နွေဦးည၏ရလဒ်အနေဖြင့် လင်းလော့ချင်းက အိပ်ရာထနောက်ကျပြန်သည်။
ကျိလဲ့ယွီက စိတ်လှုပ်ရှားစွာဖြင့် မနက်စာစားရန် လာခေါ်သောအခါ သူ့အားရီက သူ့ရှုရှုရင်ခွင်ထဲတွင် အိပ်ပျော်နေလေသည်။
ကျိလဲ့ယွီ :”...”
ကျိလဲ့ယွီက မျက်လုံးကို လက်ဖြင့် အုပ်လိုက်ပြီး နောက်ပြန်ဆုတ်သွားလိုက်သည်။
ကျိယွီရှောင်က ထိုလှုပ်ရှားမှုနှင့် ရင်းနှီးပြီးသားဖြစ်လေသည်။
“ရပ်လိုက်…”
ကျိယွီရှောင်က ပြောလိုက်သည်။
ကျိလဲ့ယွီက မျက်လုံးကို လက်ဖြင့် အုပ်လျက်ပင် ပြန်ဖြေလိုက်သည်။
“သား ဘာမှ မမြင်ဘူးနော်…”
“မင်းပါးပါး မထနိုင်သေးဘူး…မင်းနဲ့ဖေးဖေး အရင်စားနှင့်ကြ…မင်းပါးပါးနိုးလာမှပဲ ငါ သူနဲ့အတူတူစားလိုက်မယ်…”
ကျိလဲ့ယွီက ဆန်ကောက်နေသော ကြက်ကလေးသဖွယ် ခေါင်းငြိမ့်လိုက်၏။
“ဒါဆို သွားတော့…တံခါးပိတ်သွားဖို့ မမေ့နဲ့ဦး…”
ထိုအခါ ကျိလဲ့ယွီက မျက်လုံးကို မှိတ်လျက်သားပင် လက်တစ်ဖက်နှင့် တံခါးကို ပိတ်လိုက်သည်။
ကျိယွီရှောင်က ယင်းကို မြင်သောအခါ ရယ်မောလိုက်လေသည်။
ကလေးတွေက တကယ်ချစ်စရာကောင်းတာပဲ…
တံခါးကို ပိတ်ပြီးနောက် ကျိလဲ့ယွီက မျက်လုံးကို ဖွင့်လိုက်ပြီး လင်းဖေးအခန်းထံ ပြေးသွားလိုက်ကာမနက်စာစားရန် ခေါ်လိုက်သည်။
“ပါးပါးက မထသေးဘူး…ဒယ်ဒီက ပြောတယ်…ပါးပါးထလာမှ ပါးပါးနဲ့အတူတူစားမယ်တဲ့ …”
လင်းဖေးက နာရီကို ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
“ပါးပါးက မထသေးဘူးလား…”
“အွန်း…ပါးပါးက ဒယ်ဒီရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ…ဟီးဟီး…”
လင်းဖေး :”...”
ဘာလို့ ဟီးဟီးလဲ… ပါးပါးက အိပ်ပျော်နေသေးတာကို ဘာလို့ ရယ်နေတာလဲ…
သူက ကျိလဲ့ယွီကို ကူရာမဲ့စွာ ကြည့်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။
ကျိလဲ့ယွီ :”...”
ဘာလို့ လင်းဖေးက သူ့ကို ဒီလိုကြည့်နေတာလဲ…
သူက လင်းဖေး၏လက်ကို ကိုင်ကာ ပြောလိုက်၏။
“သားကို ပြုံးပြ…”
လင်းဖေး :” ...”
စကားလုံးအသစ်ကို သင်ယူပြီးပြီပဲ…
လင်းဖေးက ထွက်သွားလိုက်သောအခါ ကျိလဲ့ယွီက လင်းဖေးကို အလျှော့ပေးရန် ဆန္ဒမရှိပေ။
“ဘာလို့ မပြုံးပြတာလဲ…ပြုံးပြပါဆို…”
လင်းဖေးက ကျိလဲ့ယွီကို လျစ်လျူရှုထားပြီး အနည်းငယ် စိုးရိမ်နေမိလေသည်။
အခုတလော ဘာတွေဖြစ်နေတာလဲ…ကျိယွီရှောင်ကလည်း တော်တော်ကြာအောင် အိပ်နေတယ်…လင်းလော့ချင်းကလည်း တော်တော်ကြာအောင် အိပ်နေတယ်…လူကြီးတွေက အရမ်းပင်ပန်းနေကြတာလား…
သူ အရွယ်ရောက်လာပြီး ပိုက်ဆံရှာနိုင်မှပဲ အဆင်ပြေတော့မယ်…
လင်းဖေးက တွေးနေစဉ် ကျိလဲ့ယွီက လင်းဖေး၏ရှေ့တွင် ရပ်လိုက်လေသည်။
“အိုကေ…အိုကေ…ကိုကို မပြုံးပြမှတော့ သားပဲပြုံးပြတော့မယ်…”
ပြောပြီးနောက် ကျိလဲ့ယွီက နေကြာပန်းသဖွယ် တောက်ပသောအပြုံးလေးကို ပြုံးပြလိုက်လေသည်။
ထိုအပြုံးကို မြင်သောအခါ လင်းဖေးက သဘောကျသွားလေသည်။
ကလေးဆန်ပေမဲ့ ချစ်စရာကောင်းသား…
“ကြည့် ကိုကိုလည်း ပြုံးနေပြီပဲ…”
ထို့နောက် ကျိလဲ့ယွီက စိတ်ကျေနပ်စွာဖြင့် လင်းဖေးလက်ကို ဆွဲကာ အောက်ထပ်သို့ ဆင်းသွားလိုက်သည်။
လင်းဖေးက ကျိလဲ့ယွီကို ကြည့်နေပြီး သူ့မျက်၀န်းထဲမှ အပြုံးလေးက ပျောက်ကွယ်မသွားခဲ့ပေ။
လင်းလော့ချင်း နေ့လည်တစ်နာရီထိုးတွင် နိုးလာလေသည်။
“မောနင်း…”
သူက ကျိယွီရှောင်ကို နှုတ်ဆက်လိုက်၏
ကျိယွီရှောင်က တစ်ဖက်လူ၏မျက်နှာကို ညှစ်လိုက်ပြီး ပြောလိုက်သည်
“တစ်နာရီတောင် ထိုးနေပြီ…”
လင်းလော့ချင်း :”???”
သူက တစ်ဖက်လူကို စိုက်ကြည့်လိုက်၏။
အဲဒါ ဘယ်သူကြောင့်မို့လို့လဲ…
ထို့နောက် သူက ကျိယွီရှောင်ကို စေးကပ်စွာ ပွေ့ဖက်လိုက်ပြီး ကျိယွီရှောင်၏ရင်ခွင်ထဲတွင် လဲနေစဉ် မနေ့ညက ပြောခဲ့သည့်စကားများကို ပြန်သတိရသွားလေသည်။
“ဒါနဲ့ မင်းအစ်ကိုနဲ့မရီးကို သတ်ခဲ့တဲ့လူသတ်သမားက ဘယ်သူလဲ…”
လင်းလော့ချင်းက မေးလိုက်၏။
“မင်း သူ့ကို မသိဘူး…သူ့နာမည်က ထန်ကျားကျိ…ငါ့အဖေရဲ့ တရားမ၀င်သားပဲ…”
လင်းလော့ချင်း အံ့အားသင့်သွားလေသည်။
တရားမ၀င်သားရှိသေးတာလား…
လင်းလော့ချင်း၏အံ့အားသင့်နေသော မျက်နှာကို မြင်သောအခါ ကျိယွီရှောင်က ပြုံးလိုက်ပြီး ထိုအကြောင်းကို ပြောပြလိုက်သည်။
လင်းလော့ချင်းက ကျိယွီရှောင်ကို ပွေ့ဖက်ကာ တိတ်တဆိတ် နားထောင်နေခဲ့သည်။
ကျိယွီလင်းရဲ့သေဆုံးမှုက အဖေကျိနဲ့သက်ဆိုင်မယ်လို့ထင်ခဲ့တာ…ဒီလိုဖြစ်မယ်လို့ မထင်ထားခဲ့ဘူး…
အဖေ့ရဲ့တရားမ၀င်သားက အစ်ကို့ကို သတ်ခဲ့ပြီး အဖေက အဲ့ဒါကို ဖုံးကွယ်ပေးထားတယ်…
အဲ့နေ့က ကျိယွီရှောင် အထီးကျန်နေတာ မထူးဆန်းတော့ပါဘူး…
သူ့အစ်ကိုအတွက် လက်စားချေပေးဖို့လုပ်ရင်း အဖေရင်းရဲ့မျက်နှာအစစ်အမှန်ကို တွေ့လိုက်ရတယ်…
"မင်းအစ်ကိုက မင်းအတွက် ၀မ်းသာနေမှာပါ…သူက မင်းအတွက် အရမ်းဂုဏ်ယူနေပြီး သူ့သားကို အပ်ခဲ့မိတဲ့အတွက် စိတ်သက်သာရာရနေမှာ…မင်းလိုညီလေးမျိုးရှိတဲ့အတွက် သူက ဂုဏ်ယူနေမှာ…နောက်ဘဝသာရှိခဲ့ရင် မင်းနဲ့ညီအစ်ကိုတွေ ထပ်ဖြစ်ဖို့ မျှော်လင့်နေမှာ…”
သူက ကျိယွီရှောင်ကို နှစ်သိမ့်ပေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျိယွီရှောင်က သူ့အိပ်မက်ကို သတိရသွားလေသည်။ သူ့အိပ်မက်ထဲတွင်လည်း ကျိယွီလင်းက ထိုသို့ပြောခဲ့ဖူးလေသည်။
နောက်ဘ၀သာ တကယ်ရှိခဲ့ရင်…
သူတို့ညီအစ်ကိုတွေ ထပ်ဖြစ်ခဲ့ကြရင်…
သူတို့သဘောကျတဲ့သူတွေကို မိတ်ဆက်ပေးတဲ့အချိန် သူ့အစ်ကိုက ချန်ဝေ့နဲ့ မိတ်ဆက်ပေးပြီးရင် သူက ပြန်မိတ်ဆက်ပေးမယ်…
“အစ်ကို သူက ကျွန်တော် ချစ်ရတဲ့သူပါ…သူ့နာမည်က လင်းလော့ချင်း…”
xxxxxxx