အပိုင်း ၁၆၈
Viewers 35k

🍵Chapter 168

ဘယ်လိုလုပ်ပြီး ဒီလောက်ကြောက်စရာကောင်းတဲ့သူမျိုးရှိရတာလဲ။



ထုံရွှယ်လူက ရှောင်ကျိုး၏ခေါင်းကိုပွတ်ကာ ချီးကျူးလိုက်သည်။


“ရှောင်ကျိုးက အရမ်းတော်လိုက်တာ၊ ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ကိုယ့်နာမည်ကိုရေးတတ်‌နေပြီ”


ရှောင်ကျိုးက ချီးကျူးခံရသဖြင့် ပျော်သွားကာ ရှက်သွေးဖြာလာသည်။


ထုံမျန်မျန်က သူမနာမည်ကိုမရေးတတ်သေးပေ။ သူမ၏မမကြီးက ရှောင်ကျိုးကိုချီးကျူးနေသောအခါ နှုတ်ခမ်းစူပြီးပြောလိုက်သည်။


“ငါက လိမ္မာတဲ့ကောင်မလေးဘဲ၊ အသက်နှစ်နှစ်အရွယ်ကတည်းက အိပ်ရာထဲမှာ ရှူးမပေါက်ချတော့ဘူး၊ ရှောင်ကျိုး နင်ကရောဘယ်လိုဘဲ ဘယ်အရွယ်ရောက်မှ အိပ်ရာထဲမှာ ရှူးပေါက်ချတာ ရပ်သွားတာလဲ။


သူမစကားကိုကြားသောအခါ ရှောင်ကျိုး၏မျက်နှာက ပိုနီရဲသွားသည်။ သူကအချိန်အတော်ကြာအောင် စကားထစ်အနေသော်လည်း ထိုမေးခွန်းကို ပြန်မဖြေနိုင်ပေ။


သူ၏ပုံစံကိုမြင်သောအခါ လူတိုင်းက အော်ရယ်လိုက်ကြသည်။


ဒီကလေးနှစ်ယောက်က အရမ်းချစ်ဖို့ကောင်းတာဘဲ။


ထုံရွှယ်လူတို့မောင်နှမများက စုမိသားစုအိမ်တွင် နေ့လယ်စာစားပြီးမှ ပြန်သွားကြသည်။ အမေစုက သူမတို့ကို မကြာခနလာလည်ရန် ပြောခဲ့ရာ သူမကလည်း လက်ခံလိုက်သည်။


🍵

ဌာနတွင် ပြသနာလေးတစ်ခုဖြစ်‌သွားသောကြောင့် ဝမ်ရူကွေ့နှင့် သူ့ဆရာကျောင်းပေါရှန်းတို့က ကူညီရန်ထွက်သွားကြသည်။


၎င်းက အချိန်သုံးပတ်ကြာသွားကာ ဝမ်ရူကွေ့ကအလုပ်များလွန်းသဖြင့် ထမင်းစားချိန်တောင်မရှိပေ။ သူက ကိုယ်အလေးချိန်အတော်လေးကျသွား၏။


ဌာနမှ သုတေသနစင်တာသို့ ပြန်လာသည့်လမ်းတွင် သူက မတွေ့တာအတော်ကြာပြီဖြစ်သည့် သူငယ်ချင်းတစ်ယောက်နှင့် ဆုံခဲ့လေသည်။


ပြောရလျှင် သူကအတိအကျကြီးသူငယ်ချင်းမဟုတ်ပေ။


သူက ဝမ်ရူကွေ့နှင့်အတူ စစ်မှုထမ်းအိမ်ရာတွင် နေဖူးကာ အတန်းလည်းတူ၏။ သူတို့က ထိုအချိန်တုန်းကဆိုလျှင် ကျောင်းအတူသွားကာ အတော်လေးရင်းနှီးကြသည်။


နောက်ပိုင်းတွင် သူ့မိဘများကအနောက်မြောက်ဘက်သို့ ရွှေ့ပြောင်းသွားကြသဖြင့် သူတို့နှစ်ယောက်လည်း အနေဝေးသွားကြသည်။


သူ့ဘက်ကအရင်စကာ ဝမ်ရူကွေ့ကိုမခေါ်လာပါက ဝမ်ရူကွေ့ကသူ့ကိုမှတ်မိမည်မဟုတ်ပေ။


စွင်းဝူယန်က ပြုံးပြလာသည်။

“တိုက်ဆိုင်လိုက်တာ၊ မင်းဘယ်သွားမလို့လဲ ရူကွေ့ မြို့ထဲပြန်မလို့လား”


ဝမ်ရူကွေ့က ခေါင်းခါလိုက်သည်။

“ငါ သုတေသနစင်တာကိုပြန်မလို့”


စွင်းဝူယန်က လန့်သွားသည်။

“မင်းက သုတေသနစင်တာမှာ အလုပ်လုပ်တာလား၊ ငါက မင်းကို မင်းအဖိုးနဲ့အဖေတို့လိုဘဲ လေတပ်ထဲဝင်မယ်လို့ ထင်နေတာ”


ဝမ်ရူကွေ့က အောက်ကိုငုံ့လိုက်သည်။

“ငါက သုတေသနလုပ်ရတာနဲ့ ရူပဗေဒကို သဘောကျလို့လေ”


စွင်းဝူယန်က မေးစေ့ကိုပွတ်လိုက်သည်။

“အို ဟုတ်လား ငါကမင်းကို မင်းအဖေဆုံးတာကိုစိတ်ဒဏ်ရာရသွားလို့ လေတပ်ထဲမဝင်တာလို့ ထင်သွားတာ ဟားဟား.....”


ဝမ်ရူကွေ့၏မျက်တောင်ရှည်များက သူ့မျက်လုံးကိုဖုံးအုပ်ထားကာ ဘာမှပြန်မပြောလာပေ။


စွင်းဝူယန်ဘေးမှ မိန်းကလေးက သူ့ကိုရိုက်ကာ ကြယ်လမြင်အောင်လုပ်ပေးလိုက်သည်။


ထို့နောက်သူမက ရှေ့သို့လျှောက်လာပြီး ဝမ်ရူကွေ့ကိုပြုံးပြလာသည်။


“မင်္ဂလာပါ ရဲဘော်ဝမ် ရှင်နဲ့ထပ်တွေ့ရလို့ ဝမ်းသာပါတယ်”


ဝမ်ရူကွေ့ကခေါင်းမော့ကာ ထိုမိန်းကလေးအား အချိန်အတော်ကြာအောင်ကြည့်နေပြီးမှ မေးလာသည်။

“တစ်ဆိတ်လောက်ပါ၊ မင်းကဘယ်သူ.....”


စွင်းမန်ရို့၏အပြုံးကတောင့်တင်းသွားသည်။


“ကျွန်မကစွင်းမန်ရို့ပါ၊ လွန်ခဲ့တဲ့လအနည်းငယ်တုန်းက အနောက်မြောက်ဘက်သို့ သွားတဲ့ရထားပေါ်မှာ ဆုံခဲ့ဘူးတယ်လေ၊ ရှင်က သူလျှိုကိုဖမ်းပေးပြီး ကျွန်မအသက်ကိုကယ်ခဲ့တာ”


ဝမ်ရူကွေ့က အိုးခနဲအသံပြုလိုက်သည်။

“မင်္ဂလာပါ ရဲဘော်စွင်း’


ထို့နောက် ဘာမှမရှိတော့ပေ။


စွင်းမန်ရို့က ကိုးရိုးကားယားနိုင်သွားသည်။


စွင်းဝူယန်က သူတို့နှစ်ယောက်ကိုကြည့်ပြီး သိချင်စွာမေးလာ၏။

“မင်းတို့နှစ်ယောက်က အချင်းချင်းသိကြတာလား၊ ရှောင်ရို့.. ရူကွေ့က နင့်အသက်ကိုကယ်ပေးခဲ့တဲ့သူလား”


စွင်းမန်ရို့က ခေါင်းညိတ်ပြသည်။

“ဟုတ်တယ် အဲ့ဒီနေ့တုန်းက ကံကောင်းလို့ ရဲဘော်ဝမ်နဲ့ဆုံသွားတာ မဟုတ်ရင် ဘာ‌တွေဖြစ်သွားမလဲဆိုတာကို တွေးတောင်မတွေးရဲဘူး”


စွင်းဝူယန်က ချောင်းဟန့်လိုက်သည်။

“ဘယ်လိုတောင် တိုက်ဆိုင်တာလဲ ရူကွေ့၊ ရှောင်ရို့က ငါ့ဝမ်းကွဲလေ သူမက စွင်းမိသားစုထဲမှာ အရမ်းကိုအရည်အချင်းရှိတဲ့သူဘဲ၊ ပြီးတော့ သူမကမိန်းမလှလေးပါ”


စွင်းမန်ရို့က ရှက်သွားသည့်ပုံပေါ်ကာ သူ့ကိုထပ်ထုလာ၏။

“ဘာတွေပြောနေတာလဲ တတိယအစ်ကို”


“နင်ရှက်နေစရာမလိုပါဘူး ငါပြောသမျှကအမှန်တွေဘဲလေ၊ ပြီးတော့ ရူကွေ့ကလည်း မိသားစုလိုပါဘဲ”


စွင်းဝူယန်က ပြောရင်းဖြင့် ချောင်းဟန့်ကာ ခေါင်းကုတ်လိုက်သည်။


သူက ဝမ်ရူကွေ့ဘက်လှည့်ကာ ပြောလိုက်သည်။

“အိုးးဟုတ်သား ရူကွေ့ ငါ့မိသားစုက မြို့တော်ကို ပြန်ပြောင်းလာတော့မှာ နောက်ရက်အနည်းငယ်အတွင်းမှာ စစ်မှုထမ်းအိမ်ရာဆီပြန်ရောက်လာလိမ့်မယ်၊ အချိန်ရှိရင် ငါတို့တွေတွေ့ကြတာပေါ့”


ဝမ်ရူကွေ့က တည်ကြည်စွာ ပြန်ဖြေ၏။

“ငါကဌာနကိုပြန်သွားရမှာ ဘယ်အချိန်အားမလဲဆိုတာကို မသိဘူး”


အကယ်၍သူအားလပ်ရက်ရလာလျှင်တောင်မှ စွင်းဝူယန်နှင့် အချိန်မဖြုန်းချင်ပေ။ သူက သူ့ကောင်မလေးဖြင့်သာ သူ၏အချိန်အားလုံးကို ကုန်ဆုံးချင်၏။


စွင်းဝူယန် :“ရတယ်လေ ငါတို့က အခုကစပြီး စစ်မှုထမ်းအိမ်ရာမှာ‌ဆက်နေသွားမှာဘဲဟာ၊ အချင်းချင်းဆုံမိကြမှာပါ”


ဝမ်ရူကွေ့က ခေါင်းညိတ်ပြလိုက်သည်။


ဌာနသို့ပြန်သည့်ကားရောက်လာသဖြင့် ဝမ်ရူကွေ့က စွင်းမောင်နှမများကို နှုတ်ဆက်ကာ ကားထဲသို့ဝင်လိုက်သည်။


ကားထွက်သွားသည့်နောက်မှ စွင်းမန်ရို့က တွန့်ဆုတ်စွာ အကြည့်လွှဲလိုက်သည်။


“တတိယအစ်ကို ရဲဘော်ဝမ်ရဲ့ အဖေရော၊ အဖိုးရောက လေတပ်ထဲမှာလား”


စွင်းဝူယန်က ခေါင်းညိတ်ပြလာသည်။

“ဟုတ်တယ် သူ့အဖိုးက လေတပ်ထဲက ဗိုလ်မှူးကြီးလေ၊ လေတပ်ရဲ့ အရာရှိဟောင်းဆိုတာ သေးသေးမွှားမွှားမဟုတ်ဘူး၊ အဲ့ဒါကြောင့် သူ သုတေသနလုပ်နေတယ်လို့ကြားတဲ့အခါ ငါအံ့ဩသွားတာပေါ့”


“သူ့မိသားစုနောက်ခံ၊ သူတို့ရဲ့ အဆက်အသွယ်တွေနဲ့ဆိုရင် သူလေတပ်ထဲဝင်လိုက်လို့ကတော့ အနည်းဆုံးကိုလိုနယ်ရာထူးအထိရနိုင်တယ်”


စွင်းမန်ရို့၏မျက်လုံးများက‌ တောက်ပလာသည်။

“သူ့အဖေကရော ဘယ်လိုဘဲ၊ အစ်ကိုခုနက အဲ့ဒီအကြောင်းကို ပြောလိုက်သလားလို့”


စွင်းဝူယန်က စုတ်သပ်ကာ ဝမ်မိသားစုအရင်မျိုးဆက်မှ အချစ်အမုန်းပုံပြင်များကို ပြောပြလာသည်။


ထိုဇာတ်ကြောင်းကိုနားထောင်ပြီးသောအခါ စွင်းမန်ရို့က မျက်‌မှောင်ကြုတ်လိုက်သည်။

“ရဲဘော်ဝမ်က အမြဲတမ်း မပျော်နေတဲ့ပုံပေါက်နေတာ  မအံ့ဩတော့ပါဘူး၊ သူက မကောင်းတဲ့ကိစ္စအများကြီးကို ခံစားခဲ့ရတာဘဲ......”


စွင်းဝူယန်က မျက်ခုံးပင့်လိုက်သည်။

“နင်က သူ့ကိုအရမ်းဂရုစိုက်နေတာဘဲ၊ နင်သူ့ကို သဘောကျနေတာလား”


စွင်းမန်ရို့၏မျက်နှာက ချက်ချင်းဆိုသလို နီရဲသွားသည်။ သူမက ရှက်ဒေါသဖြင့် ပြောလာ၏။

“တတိယအစ်ကို ဘာပေါက်ကရတွေပြောနေတာလဲ၊ ကျွန်မတို့ပြောတာကို တစ်ယောက်ယောက်ကြားသွားရင် မကောင်းဘူး”


စွင်းဝူယန်က တောက်ပစွာပြုံးလိုက်သည်။

“အဲ့ဒါက ဘာမှားနေလို့လဲ၊ ယောက်ျားလေးရော မိန်းကလေးရောက အရွယ်ရောက်လာရင် အိမ်ထောင်ပြုကြတာဘဲလေ၊ နင်ကတော့ အထူးတလည်ကို ချေးများနေတာ၊ နင့်မိသားစုက ‌ရွေးချယ်ပေးတဲ့ ယောက်ျားလေးတိုင်းရဲ့ အပြစ်တွေကိုလည်း လိုက်ရှာသေးတယ်၊ လက်စသတ်တော့ နင့်စိတ်ထဲမှာ လူတစ်ယောက်ရှိနေပြီကိုး”


စွင်းမန်ရို့ကခြေထောက်ဆောင့်ကာ သူမ၏တတိယအကိုကိုမကြည့်ချင်တော့သဖြင့် တစ်ဖက်လှည့်လိုက်သည်။ရင်ခုန်မှုကြောင့် သူမမျက်နှာပေါ်တွင်ပန်းရောင်သန်းနေဆဲဖြစ်သည်။


🍵

ထုံရွှယ်လူသည် တစ်စုံတစ်ယောက်က ဝမ်ရူကွေ့အပေါ် မျက်စိကျသွားသည်ကို မသိပေ။


သူမက စားသောက်ဆိုင်မှကိစ္စများကို စီစဉ်လိုက်ပြီးနောက် ကျောင်းသို့ စက်ဘီးစီးသွားလိုက်သည်။


ထုံကျားရှင်း၏အတန်းပိုင်က သူမကိုကျောင်းသို့ လာခိုင်းထား၏။


မနေ့ညက ဤကိစ္စအကြောင်း ထုံကျားရှင်းပြောပြလာသောအခါ သူမက ခံစားချက်မကောင်းဖြစ်လာည်။


သို့သော်ငြား ထုံကျားရှင်းက သူမဘယ်လိုမေးမေး မပြောပြလာပေ။


ကလေးဆိုးထုံကျားရှင်းသည် ***ထဲမှနာကျင်မှုပင်ဖြစ်သည်။


ကံကောင်းစွာဖြင့် ထုံကျားမင်က ရင့်ကျက်ကာ ထုံမျန်မျန်က လိမ္မာ၏။မဟုတ်ပါက သူမကချက်ချင်းထွက်ပြေးမိမှာဖြစ်သည်။


ထုံရွှယ်လူက လေအေးအေးကြောင့် အေးခဲမတတ်ဖြစ်သွားသည်။


သူမက အရင်တစ်ခေါက်ကိစ္စပြီးသွားသည့်နောက် ကျောင်း၏ရုံးခန်းနှင့် အတော်လေးရင်းနှီးနေပြီဖြစ်သည်။


ထုံရွှယ်လူက ရုံးခန်းသို့ တိုက်ရိုက်သွားလိုက်သောအခါ ထုံကျားရှင်းကစာမေးပွဲတွင် ခိုးချခဲ့ကြောင်း သိလိုက်ရသည်။


Dang!


ထုံရွှယ်လူက ဒေါသဖြင့် အော်ရယ်မိမတတ်ဖြစ်သွားသည်။ သူမဒီလောက်မေးတာတောင် ထုံကျားရှင်းကမပြောပြတာ မအံ့ဩတော့ပါဘူး၊ သူက ဒီလိုရှက်စရာအပြစ်ကို ကျူးလွန်ထားတာဘဲ။


အတန်းပိုင်ဆရာမက သူမကိုပြော၏။

“ကျားရှင်းရဲ့အစ်မ ကျွန်မကရှင်အလုပ်များတာကို နားလည်ပါတယ် ဒါပေမယ့် ရှင့်မောင်လေးရဲ့ပညာရေးကိုလည်း အာရုံစိုက်ဖို့လိုသေးတယ်လေ”


“သူက စာမေးပွဲမှာ စာခိုးချရုံသာမကဘူး၊ အတန်းထဲမှ ဘယ်တော့မှ စာကိုစိတ်မဝင်စားဘူး၊ ရှင်သူ့ကိုအိမ်မှာသေချာစကားပြောဖို့လိုတယ်”


ထုံရွှယ်လူက ခေါင်းကို တဆတ်ဆတ်ငြိမ့်ပြလိုက်သည်။

“ကျွန်မလုပ်လိုက်ပါ့မယ်၊ ကျေးဇူးအများကြီးတင်ပါတယ် ဆရာမ၊ ကျွန်မအိမ်ရောက်ရင် သေချာပေါက် သူ့ကိုစကားပြောလိုက်ပါ့မယ်”


ထုံရွှယ်လူက အပြုအမူကောင်းက အတန်းပိုင်ဆရာမ၏မျက်နှာကို ပြုံးသွားစေသည်။

“ထုံကျားရှင်းက ဉာဏ်ကောင်းတဲ့ကလေးပါ၊ သူက ကျောင်းစာကို စိတ်မဝင်စားဖြစ်နေရုံဘဲ”


ယခုခေတ်ကာလတွင် ဤကဲ့သို့ပညာရှိသည့် ပြောဆိုမှုကိုကြားလိုက်ရသောအခါ အတန်းပိုင်ဆရာမနှင့် ထုံရွှယ်လူက အချင်းချင်းအထင်အမြင်ကောင်းများရှိသွားကြသည်။


သူမက ရင်ဘတ်ကိုအုပ်ကာ ထုံကျားရှင်းကို ကောင်းကောင်းသင်ခန်းစာပေးမည်ဖြစ်ကြောင့် ကတိပေးလိုက်သည်။


ရုတ်တရက်ပင် အပြင်မှဆူညံသံများထွက်လာ၏။

“ဒီကိုထွက်လာခဲ့စမ်း ကျန်းတန့်ဟုန် နင့်တစ်ဘဝလုံးပုန်းနေနိုင်မယ်များ ထင်နေတာလား”


“ဘုရားရေ ဘယ်လိုဖြစ်ပြီး ဒီလောက်တောင်အသိဉာဏ်မရှိတဲ့သူမျိုး ရှိနိုင်တာလဲ”


“လူတွေကိုပညာသင်ပေးတဲ့ ဆရာမကျန်းတန့်ဟုန်က ပထမဆုံးသူ့ဦးလေးကို ထောင်ကျအောင်လုပ်တယ်၊ ပြီးတော့ သူ့ယောက္ခမနဲ့ ခင်ပွန်းကိုရောဘဲ၊ နောက်တော့ သူမရဲ့ကလေးတွေကို စွန့်ပစ်လိုက်တယ်၊ မိုးကောင်းကင်အောက်မှာ ဘာလို့ ဒီလောက်တောင်ရက်စက်တဲ့ဆရာမမျိုးရှိနိုင်ရတာလဲ”


ဤအချိန်တွင် ကျန်းတန့်ဟုန်က ရုံးခန်းထဲတွင်မရှိပေ။ သူမက စာသင်နေလောက်သည်။


သို့သော် ဤလူများ၏ ကျယ်လောင်ပုံနှင့်ဆိုလျှင် မကြားရန် မဖြစ်နိုင်ပေ။