🍵Chapter 159
ထိုည၌ ထုံကျားရှင်းသည်ပင် တိတ်ဆိတ်နေခဲ့သည်
မာလာထန်က ခဏလေးနှင့် ကျက်သွား၍ ထုံရွှယ်လူနှင့် မုန့်ချင်းချင်းတို့က အထဲသို့ သယ်လာလိုက်ကြသည်။
အဖိုးဝမ်က မြင်သောအခါ မျှော်လင့်တကြီးနှင့် စားသောက်ဆိုင်ထဲသို့ လှမ်းဝင်လာသည်။
ဆိုင်က တဖြည်းဖြည်းနှင့် လူများလာသောကြောင့် အဖိုးဝမ်သည် ထုံရွှယ်လူနားလာ၍ စကားပြောခွင့်မရတော့ချေ။
ထုံရွှယ်လူက မာလာထန်အိုးအား ကောင်းဝေ့ဖျင်ကို စောင့်ကြည့်ခိုင်းထားလိုက်သည်။
မာလာထန်ချက်ရန်မှာ အရမ်းကြီး ဟင်းချက်တော်နေစရာမလိုပေ။ အချိန်ကို သေချာမှန်းဆနိုင်လျှင်ရပြီဖြစ်သည်။
ကောင်းဝေ့ဖျင်သည် မာလာထန်ချက်ပြုတ်သည်ကို ရက်အတော်ကြာ စောင့်ကြည့်နေခဲ့သောကြောင့် မည်သည့်အမျိုးအစားဆိုလျှင် မည်မျှချက်ရမည်ကို အကြမ်းဖျင်းတော့ သိနေပြီဖြစ်သည်။ သို့သော် ယခုကဲ့သို့ သူကိုယ်တိုင် လုပ်ရမည်ကိုတော့ အနည်းငယ်လန့်နေမိသည်။
ထုံရွှယ်လူက ကောင်းဝေ့ဖျင်နား၌နေ၍ ညွှန်ကြားပေးနေသည်။ ဆယ်ရန် အချိန်စေ့ခါနီးပြီဆိုလျှင် သတိပေးသည်။
အစကတော့ လာစားသည့်ဧည့်သည်များက အမဲသားလုံးများကို ညှီမည်အထင်နှင့် သိပ်မစားကြပေ။
သို့သော် အစားအသောက်ကိုကြိုက်နှစ်သက်သည့်လူများအတွက်ကတော့ သူတို့၏စိုးရိမ်စရာမှာ အစားအသောက်ကောင်းများကို လွတ်သွားမည်ကိုသာဖြစ်သည်။
ထို့ကြောင့် သူတို့သည် မည်သည့်အစားအသောက်အသစ်အဆန်းကိုမဆို မြည်းစမ်းရန် အဆင်သင့်ဖြစ်နေကြသည်။
သို့သော် ထိုအမဲသားလုံးများကို စားပြီးသည့်အခါတွင်တော့ အရသာရှိလွန်း၍ လျှာကိုပင် မြိုချတော့မိမတတ်ဖြစ်သွားသည်။
ဆတ်ထုတ်ထုတ်နှင့် အရသာက ပါးစပ်ထဲ စွဲကျန်သွားခဲ့သည်။
ထိုအမဲသားလုံးများသည် အလွန်ပင် အရသာရှိလှပါပေသည်။
ထိုအစားအသောက်ကြိုက်သူများက အသားလုံးများကို နောက်တစ်ပွဲထပ်မှာကြသည်ကို မြင်သောအခါ အခြားလူများကလည်း လိုက်မှာကြတော့သည်။
တစ်နေ့တာရောင်းစရာမှာ ချက်ချင်းပင် ကုန်သွား၍ မစားလိုက်ရသည့်လူများသည် သက်ပြင်းချရုံမှလွဲ၍ ဘာမှမလုပ်နိုင်တော့ချေ။
***
ထုံရွှယ်လူသည် နေ့လယ်၌ ခွင့်ယူလိုက်ကာ ညနေပိုင်းကို ကောင်းဝေ့ဖျင်နှင့်သာ လွှဲထားခဲ့လိုက်သည်။
အိမ်၌ နေမကောင်းသည့်ကလေးရှိနေသောကြောင့် စိတ်ချလက်ချ အလုပ်မလုပ်နိုင်ပေ။
ထင်ထားသည့်အတိုင်းပင် ထုံရွှယ်လူ အိမ်ပြန်ရောက်သည်နှင့် ထုံမျန်မျန်၏ငိုနေသံကို ကြားလိုက်ရလေသည်။
"အီးဟီး...ကိုကိုလေး...မေမေ့ကိုခေါ်ပေးပါ..."
"အဲ့လိုမဆိုးပါနဲ့ မျန်မျန်ရယ်...ဒီမှာ ကိုကို သကြားလုံးတွေပေးမယ်လေ..."
"ဟင့်အင်း မျန်မျန် ဖေဖေနဲ့မေမေ့ကိုပဲ လိုချင်တယ်...ကိုကိုလေး...မေမေတို့ကို မျန်မျန်လွမ်းတယ်...သူတို့တွေက မျန်မျန့်ကိုလည်းလာမတွေ့ကြဘူး...မေမေတို့က မျန်မျန့်ကို မချစ်ကြတော့ဘူးလားဟင်..."
ဤတစ်ခေါက်တွင်တော့ ထုံကျားမင်လည်း ဘာမှပြန်မဖြေနိုင်တော့ချေ။
ထုံရွှယ်လူသည်လည်း တံခါးဝ၌ရပ်ကာ ရင်ဘတ်ထဲ၌ နာကျင်သွားရသည်။
ထို့နောက် လိုက်ကာကိုမ၍ အခန်းထဲသို့ ဝင်ကာပြောလိုက်သည်။
"ဘယ်သူငိုနေတာပါလိမ့်...မမရဲ့ လိမ္မာတဲ့ညီမလေး မျန်မျန်တော့ ဟုတ်မယ်မထင်ပါဘူး..."
ထုံမျန်မျန်သည် သူ့အစ်မကိုမြင်သည်နှင့် နှုတ်ခမ်းကို ထော်လိုက်သည်။
"ဟုတ်တယ်...ငိုနေတာ မျန်မျန်ပါ...မျန်မျန် ဖေဖေနဲ့ မေမေ့ကို လွမ်းတယ် အီးဟီး..."
ထုံရွှယ်လူသည် အနားသို့လျှောက်လာကာ ထုံမျန်မျန်ကို ပွေ့ချီလိုက်သည်။ ထို့နောက် နဖူးကို စမ်းကြည့်လိုက်သောအခါ ယခုထိ ကိုယ်ပူနေဆဲဖြစ်သည်ကို သိလိုက်ရသည်။
"ဖေဖေနဲ့မေမေတို့က အလုပ်လုပ်ဖို့ အဝေးကို သွားနေရတယ်လေ...အခု မျန်မျန်စားနေတာတွေ ဝတ်နေတာတွေ အကုန်လုံးက ဖေဖေ မေမေတို့ရှာထားတဲ့ ပိုက်ဆံတွေနဲ့ ဝယ်ထားတာတွေပေါ့..."
ထုံမျန်မျန်၏ဝိုင်းစက်နေသော မျက်လုံးများထဲ၌ မျက်ရည်များဖြင့် ပြည့်နေသည်။ မျက်တောင်ခတ်လိုက်သောအခါ မျက်ရည်များက ပါးပေါ်စီးကျလာလေသည်။
"ဖေဖေ မေမေတို့က အလုပ်မလုပ်လို့ မရဘူးလားဟင်..."
ထုံရွှယ်လူ: "ဘယ်ရမလဲ...ဖေဖေတို့ အလုပ်မလုပ်ရင် မမတို့ ဘာနဲ့သွားစားကြမလဲ...မျန်မျန်က လိမ္မာပါတယ်...အလုပ်လုပ်နေတဲ့ ဖေဖေ မေမေတို့ စိတ်ညစ်အောင် မလုပ်ဘူးမလား..."
ပေါင်မုန့်လုံးလေးမျန်မျန်က မျက်တောင်တစ်ချက်ခတ်ကာ တိုးတိုးလေးရှိုက်လိုက်သည်။
ထုံမျန်မျန်သည် အစတည်းက သိမ်မွေ့ကျိုးနွံသူလေးဖြစ်ကာ ထုံရွှယ်လူနှင့်စတွေ့ကာစက အလွန်စကားနည်းတိတ်ဆိတ်သည့်ကလေးဖြစ်သော်လည်း ယခုတွင်တော့ တဖြည်းဖြည်းနှင့် တက်ကြွသောကလေးတစ်ယောက်ဖြစ်လာသည်။
ထိုကလေး၏စိတ်ထဲ၌ သူ၏မိဘများကို အမြဲတွေးနေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
ထုံမျန်မျန်ကဲ့သို့ ကလေးကတောင် ဒီလောက်ဖြစ်နေလျှင် ထုံကျားမင်နှင့် ထုံကျားရှင်းတို့က ပိုဆိုးကြမည်ဖြစ်သည်။ ကလေးအကြီးနှစ်ယောက်က ထုတ်မပြောကြ၍သာ မသိရခြင်းဖြစ်သည်။
ကလေးနှစ်ယောက်က သူတို့ ခံစားနေရသည်များကို ထုတ်မပြောပဲ အဆင်ပြေဟန်ဆောင်နေကြခြင်းဖြစ်သည်။
ထိုအကြောင်းကိုတွေးရင်းဖြင့် ထုံရွှယ်လူသည် သူမ၏မျက်လုံးများ၌လည်း မျက်ရည်များဝဲလာသည်ကို ခံစားလိုက်ရသည်။
ထုံမျန်မျန်သည် အနည်းငယ်ထပ်ငိုပြီး နောက်ဆုံးတွင်တော့ အိပ်ပျော်သွားရှာတော့သည်။ သို့သော်လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သည်တော့မဟုတ်ပဲ ရှိုက်ငင်ရင်း ခဏခဏနိုးလာသေးသည်။
ထုံရွှယ်လူသည် ထုံမျန်မျန် ည၌ ဆာနေမည်စိုးသော်ကြောင့် ငါးဆန်ပြုတ်လုပ်ကာ မဝင်ဝင်အောင် ကျွေးလိုက်၏။
ထိုည၌ ထုံမိသားစု၏အခြေအနေသည် လေးလံထိုင်းမှိုင်းနေကာ အမြဲစနောက်နေတတ်သည့် ထုံကျားရှင်သည်ပင် ထိုညကတော့ တိတ်ဆိတ်နေခဲ့လေသည်။
🍵
စစ်တပ်ဝန်းထဲ၌..
ဦးလေးဇုန်းသည် အိမ်တံခါးဝ၌ ရပ်ကာ လည်ပင်းကို တတ်နိုင်သမျှ ဆွဲဆန့်ကာ အပြင်သို့ မျှော်ကြည့်နေလေသည်။ ဗိုလ်မှူးပြန်ရောက်လာသည့်အခါတွင်တော့ ဦးလေးဇုန်းသည် တစ်ချိန်လုံး မတ်တပ်ရပ်ကာ စောင့်နေရသောကြောင့် ခြေထောက်များပင် ညောင်းကိုက်နေပြီဖြစ်လေသည်။
ဦးလေးဇုန်းသည် ချက်ချင်းပင် အဖိုးဝမ်ဆီသို့ ပြေးသွားလိုက်သည်။
"ဗိုလ်မှူး...မြက်နုလေးကို တွေ့ခဲ့လား..."
အဖိုးဝမ်က သူသယ်လာသည့် အထုပ်ကို ဦးလေးဇုန်းအား လှမ်းပေးရင်းပြောလိုက်သည်။
"တွေ့ခဲ့တာပေါ့ကွ...ကလးမလေးက ချောလည်းချော...အိန္ဒြေလည်းရှိ...ယဉ်လည်းယဉ်ကျေးပြီး အရမ်းတော်တာပဲ...သူ့ရဲ့ ဟင်းချက်လက်ရာကတော့ ပြောမနေနဲ့တော့..."
တိုတိုပြောရလျှင် ထုံရွှယ်လူသည် အဘက်ဘက်မှ ပြည့်စုံနေသူလေးဖြစ်၍ သူမအကြောင်းကို ပိုသိလေ အဖိုးဝမ်က ပို၍သဘောကျလေ ဖြစ်နေတော့သည်။
ဦးလေးဇုန်းက သဘောတူစွာ ခေါင်းငြှိမ့်လိုက်သည်။
"မြက်နုလေးက တကယ်ကို အံ့ဩစရာကောင်းတဲ့ မိန်းကလေးပါ...ရူကွေ့ သဘောကျတာလည်း မဆန်းပါဘူး...ဪ ဟုတ်သားပဲ...ဗိုလ်မှူး ကျွန်တော့်အတွက် ဘာဝယ်လာတာလဲ..."
အဖိုးဝမ်က မျက်လုံးကို ဝေ့လိုက်သည်။
"ဘာကို ဘာဝယ်လာရမှာလဲကွ...ဒါ ငါစားမယ့်ညစာကွ..."
ဦးလေးဇုန်း ဝမ်းနည်းသွားလေသည်။
"..."
ဗိုလ်မှူးရယ်...အဲဒီလိုလုပ်တာတော့ မကောင်းပါဘူး...ဗိုလ်မှူးပဲ ကျွန်တော့်အတွက် စားစရာဝယ်လာမယ်ပြောခဲ့တာလေ...ဘယ်လိုဖြစ်လို့ ဗိုလ်မှူးရဲ့ ညစာ ဖြစ်သွားရတာလဲ...
နောက်တစ်နေ့၌ ထုံမျန်မျန်၏အဖျားကျသွား၍ ကလေးလေးသည်လည်း ပြန်၍ ပြုံးနိုင် ရယ်နိုင်ဖြစ်လာသည်။
ထုံရွှယ်လူလည်း ထိုအခါမှသာ သက်ပြင်းချနိုင်တော့သည်။
ထုံကျားမင်နှင့် ထုံကျားရှင်းတို့က ခွင့်ယူချင်ကြသော်လည်း ထုံရွှယ်လူက ယူခွင့်မပေးချေ။ သူတို့နှစ်ဦးအား ကျောင်းသွားခိုင်း၍ ထုံမျန်မျန်အား ဝေ့မိသားစုတို့၏အိမ်သို့ ပို့ထားခဲ့လိုက်သည်။
ယနေ့၌ ဝေ့မိသားစုတို့အား ကျေးဇူးတင်ကြောင်းပြသသည့်အနေဖြင့် အမဲသားလုံးနှင့်ငါးအသားလုံးအချို့ ပိုလုပ်ကာ အဖွားရှန်ဝမ်ရုံတို့အားပေးရန် ထုံရွှယ်လူ စိတ်ကူးထားသည်။
ရာသီဥတုက အေးလာသည်နှင့်အမျှ စားသောက်ဆိုင်မှ မာလာထန်သည်လည်း တဖြည်းဖြည်းပို၍ နာမည်ကြီးလာလေသည်။
ဤကဲ့သို့သော ရာသီဥတု၌ စပ်သော စားစရာများနှင့် အစပ်ဟင်းရည်တို့ကို တစ်လုတ်မျှစားလိုက်ရုံဖြင့် ခန္ဓာကိုယ်ကို နွေးထွေးသွားစေနိုင်သည်။
လာစားသူများကလည်း ရွေးချယ်စရာများစွာရှိသည့် အသားနှင့် ဟင်းသီးဟင်းရွက်များကို ဈေးသက်သာစွာစားနိုင်ကြသည်။ ထိုအချက်က လူတော်တော်များများကို လာစားစေချင်သည့်အချက်ဖြစ်သည်။
စားသောက်ဆိုင်ထိုင်ရန်အတွက် ပိုက်ဆံမသုံးချင်သည့်လူများသည်ပင် လစာထုတ်ရက်ဆိုင်လျှင် ဤစားသောက်ဆိုင်သို့ရောက်လာတတ်ကြတော့သည်။
ထိုလူများထဲ၌ ဧည့်သည်လူကြီးကို ထုံရွှယ်လူ မှတ်မိနေမိတော့သည်။
ထိုလူကြီးသည် နေ့တိုင်း သို့မဟုတ် နှစ်ရက်တစ်ခါနီးပါး ဆိုင်သို့ အမြဲရောက်လာတတ်ကာ လာသည့်ရက်တိုင်းမှာလည်း ရှေ့ဆုံးမှ တန်းစီနေတတ်မြဲဖြစ်သည်။ ထို့အပြင် အခေါက်တိုင်း၌လည်း ထမင်းဘူးနှစ်ဘူး ယူလာတတ်ကာ စားစရာမှာသည့်အခါတိုင်းလည်း ထုံရွှယ်လူနှင့် စကားစမြည်ပြောတတ်သည်။
ထိုလူကြီးသည် အိမ်၌ အထီးကျန်နေရသောကြောင့် စကားပြောဖော်ရှာနေရသည့် လူအိုကြီးများလား ဟု ထုံရွှယ်လူ တွေးမိသည်။
မိုးနှစ်ခါရွာပြီးသောအခါ လကုန်ရက်သို့ ရောက်လာပြန်လေသည်။
ထုံရွှယ်လူသည် အစည်းအဝေးတက်ရန် ကုန်သွယ်ဌာနသို့ သွားရပြန်သည်။
ဤတစ်ခေါက်တွင်တော့ ထုံရွှယ်လူသည် အရင်တစ်ခေါက်ကလို လက်ချည်းသက်သက် မသွားတော့ပဲ စားသောက်ဆိုင်စာရင်းချုပ်နှင့် သူမ၏ လုပ်ဆောင်မှုစာရင်းချုပ်တို့ကို ယူသွားလိုက်သည်။
အရင်တစ်ခေါက်တုန်းက ထုံရွှယ်လူ အစည်းအဝေးခန်းထဲ ဝင်သွားချိန်တွင် လူတိုင်းက သူမအား မလိုလားသည့်အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်။
ယခုတစ်ခေါက်တွင်တော့ လူတိုင်း၏ သူမအပေါ်ကြည့်သည့်အကြည့်များက ပြောင်းလဲကုန်ကြပြီဖြစ်သည်။
ယခင်တစ်ခေါက်က ထုံရွှယ်လူက တစ်လအတွင်းစားသောက်ဆိုင်ကို ပြောင်းလဲနိုင်ပါသည်ဟု ပြောခဲ့စဉ်က လူတိုင်းသည် ထုံရွှယ်လူက ပါးစပ်ထဲရှိသည်များကိုလျှောက်ပြောနေသည်ဟု ထင်ခဲ့ကြခြင်းဖြစ်သည်။
သို့သော် ဤ ၁၉ နှစ်အရွယ်ကောင်မလေးသည် တကယ်ပင် စားသောက်ဆိုင်အား နှစ်ပတ်အတွင်း ပြောင်းလဲအောင် လုပ်နိုင်ခဲ့၍ စားသောက်ဆိုင်သည် လူတိုင်း၏ပါးစပ်ဖျားတွင် နာမည်ကြီးနေပြီဖြစ်သည်။
အစိုးရပိုင်စားသောက်ဆိုင်များအကြောင်းပြောသည်နှင့် ထုံရွှယ်လူ၏စားသောက်ဆိုင်က ထိပ်ဆုံးကပါလာမြဲဖြစ်သည်။ အဓိကက ထိုဆိုင်၏ မာလာထန်ဖြစ်သည်။
ယခုအစည်းအဝေး၌ ရှိနေကြသောလူတော်တော်များများသည် စားသောက်ဆိုင်သို့ လျှို့ဝှက်စွာ သွားခဲ့ကြပြီးဖြစ်၍ အစားအသောက်လက်ရာများကလည်း လူအများပြောနေသည့်အတိုင်း တကယ်ပင် အရသာရှိသည်ကို သိထားကြပြီးဖြစ်သညါ။
ယခု ထုံရွှယ်လူတစ်ယောက် ခေါင်းကိုမော့၍ အခန်းထဲဝင်လာသည်ကို မြင်သောအခါ အချို့က ရှက်နေမိကြ၍ အချို့ကတော့ ထုံရွှယ်လူကို အထင်ကြီးလေးစားကာ အချို့ကတော့ အထင်သေးနေကြမြဲဖြစ်လေသည်။
ထုံရွှယ်လူကလည်း အရင်တစ်ခေါက်ကလို မာနကြီးကာ မျက်နှာမတင်းထားတော့ပဲ သူမနှင့် အကြည့်ချင်းဆုံသည့်လူတိုင်းကို ခေါင်းငြှိမ့်ကာ နှုတ်ဆက်နေလိုက်သည်။
ထုံရွှယ်လူတစ်ယောက် ယခင်ကနှင့် မတူတော့သည်ကို မြင်သောအခါ အချို့လူများက ချက်ချင်းပင် ထုံရွှယ်လူအား အမြင်ကြည်သွားကြလေသည်။
"ရဲဘော်ထုံ...မင်း မာလာထန်ကို ဘယ်လိုများလုပ်လိုက်တာလဲ...အခု မြို့တော်တစ်ခုလုံးက မင်းရဲ့ မာလာထန်အကြောင်းကိုပြောနေကြပြီ..."
"ဟုတ်ပါ့...ငါ့ရဲ့မိန်းမက ကလေးတွေကို ဆိုင်ကို တစ်ခေါက်ခေါ်သွားတာ ပြန်လာတည်းက စားကောင်းကြောင်းပြောနေတာ မပြီးတော့ဘူး..."
"မင်းက အသက်ငယ်ငယ်လေးနဲ့ အများကြီး စွမ်းဆောင်နိုင်တာပဲ...တော်လိုက်တာ..."
ထုံရွှယ်လူက ပြုံးကာပြောလိုက်သည်။
"ကျွန်မကို ချီးကျူးလွန်းနေပါပြီ...မာလာထန်က ဒေသအစားအစာဖြစ်ပေမယ့် ဆိုင်က မာလာထန်ကိုတော့ ကျွန်မကိုယ်တိုင် တီထွင်ခဲ့တာပါ...ကျွန်မမှာ တခြားလုပ်စရာလည်း သိပ်မရှိတော့ အားနေတဲ့အချိန်တွေမှာ ဟင်းတွေကို တစ်ခုနဲ့တစ်ခု ပေါင်းစပ်တီထွင်ကြည့်တာ အကျင့်လိုဖြစ်နေလို့ပါ..."
"ဪ ဟုတ်သားပဲ...ငါမှတ်မိပြီ...ရဲဘော်ထုံက စားသောက်ဆိုင်မှာ စားဖိုမှူးနေရာလည်း အစားဝင်ပေးနေရတာမဟုတ်လား..."
ထုံရွှယ်လူက ခေါင်းငြှိမ့်လိုက်သည်။
"ဟုတ်ပါတယ်...ကျွန်မတို့ရဲ့ စားဖိုမှူးက လက်ကျိုးနေလို့ သူ့နေရာမှာ အစားဝင်ပေးနေတာပါ..."
ထိုအခိုက်၌ တစ်စုံတစ်ယောက်က မကျေနပ်သည့်ပုံနှင့် ဝင်ပြောလိုက်သည်။
"စားဖိုမှူးဖြစ်ဖို့ဆိုရင် လက်မှတ်လိုတယ်လေ...ရဲဘော်ထုံက လက်မှတ်မရှိပဲ ဘယ်လိုများ စားဖိုမှူးနေရာကို အစားဝင်နေရတာလဲ..."
ထုံရွှယ်လူက ထို ထပြောလိုက်သည့်လူကို လှည့်ကြည့်လိုက်သည်။
"အိမ်စာကို သေချာမလုပ်လာတဲ့လူတွေက စကားဝင်မပြောသင့်ဘူးလို့ ခေါင်းဆောင်ကြီးက ပြောထားဖူးပါတယ်...လူကြီးမင်းလည်း အိမ်စာကို အရင်လုပ်ပြီးမှ စကားဝင်ပြောဖို့ ကျွန်မ အကြံပေးပါရစေ...မဟုတ်ရင် ကိုယ့်ကို လူတွေ ဝိုင်းလှောင်အောင် လုပ်လိုက်တာနဲ့ တူတူပဲမဟုတ်လား...ကျွန်မမှာ လက်မှတ်ရှိရုံမကလို့ ကျွန်မမှာရှိတဲ့ လက်မှတ်က အဆင့် ၁ လက်မှတ်ပါ..."
စားဖိုမှူးလက်မှတ်သည် အဆင့် ၃ မှစ၍ အဆင့် ၁ အထိ သုံးမျိုးရှိသည်။ စားသောက်ဆိုင်တော်တော််များများက အဆင့် ၃ လက်မှတ်နှင့်စားဖိုမှူးများကို သိပ်မခန့်ချင်ကြပေ။ သို့သော် အဆင့် ၁ လက်မှတ်ပိုင်ရှင် စားဖိုမှူးများကလည်း ရှားပါးလှသည်။ ထို့ကြောင့် စားသောက်ဆိုင်များသည် အဆင့် ၂ စားဖိုမှူးများကိုသာ ခန့်တတ်ကြသည်။
ထုံရွှယ်လူ၏စကားကြောင့် လူတိုင်း အံ့ဩသွားကြလေတော့သည်။