အပိုင်း ၁၄၈
Viewers 35k

🍵Chapter 148

-သူတို့အားလုံး၏မျက်လုံးများက အရောင်တောက်လာသည်။



ဖူကျန့်ယိ :“သူစိမ်းနယ်မြေမှာ လူစိမ်းတစ်ယောက်က  အားလပ်ရက်မှာ သူ့သူငယ်ချင်းနဲ့ မိဘ‌ကိုလွမ်းဆွတ်နေရှာ ဒီနေ့မှာ မင်းနဲ့အတူ တောင်ထိပ်ထိတက်လှမ်းနိုင်ဖို့ ဆုတောင်းမိပါရဲ့”


ဝမ်ရူကွေ့၏အသံက အလွန်စိတ်ရှုပ်သွားသည့်ပုံပင်။

“မင်းက ဘာလို့ရုတ်တရက်ကြီး ဝမ်ဝေရဲ့ကဗျာကို ရွတ်နေတာလဲ”


ဖူကျန့်ယိက အသံပိုကျယ်လိုက်သည်။

“နောက်တစ်ပတ်ဆို ချုံယန်းပွဲတော်ရောက်တော့မှာလေ အဲ့ဒါကငါရင်ထဲဝင်လာလို့ပါ၊ ဒါနဲ့ မင်းမွေးနေ့က ချုံယန်းပွဲတော်ပြီးတဲ့နောက် နှစ်ရက်အကြာမှာ ဟုတ်တယ်မလား”


ဝမ်ရူကွေ့၏နားရွက်များက အနည်းငယ်နီရဲသွားသည်။

“ဟုတ်တယ် မင်းပြောတာဟုတ်တယ်”


ဖူကျန့်ယိက ဆက်ပြီးဇာတ်ကလာသည်။

“အဲ့ဒါက နောက်တစ်ပတ်ကြာသ‌ပတေးနေ့ဘဲ အဲ့နေ့ကျငါအလုပ်လုပ်စရာရှိတာ ဆိုးလိုက်တာ၊ ဒါဆိုရင် အခုကတည်းကဘဲ မင်းကို မွေးနေ့ဆုတောင်းပေးလိုက်တော့မယ်”


ဝမ်ရူကွေ့က ပြီးပြည့်စုံစွာ သရုပ်ဆောင်လာ၏။

“ကျေးဇူးပါ”


ထုံရွှယ်လူက မီးဖိုချောင်ထဲတွင် ရယ်ရလွန်းသဖြင့် တစ်ကိုယ်လုံးယိမ်းခါနေသည်။ သူမကရယ်လွန်းသဖြင့် မျက်ရည်များတောင်ထွက်လာသည်။


သူမကို သူတိုက်ရိုက်လာပြောရင် အရမ်းတဲ့တိုးဆန်သွားမယ်ဆိုတော့ ဒါကသိပ်ပြီးတိုက်ရိုက်မဆန်တော့ဘူးလား။


ပြီးတော့ ကဗျာတောင် ရွတ်လိုက်သေးတယ်။


သူတို့က ဤသို့သောနည်းလမ်းကိုရလာမည်ဟု သူမ ယုံတောင်မယုံနိုင်ပေ။


သူမကရယ်လွန်းသဖြင့် အသက်ရှူတောင်ရပ်လုနီးပါးဖြစ်သွားသည်။


ဖူကျန့်ယိက မီးဖိုချောင်ကို တစ်ချိန်လုံးစိုက်ကြည့်နေသော်လည်း ဘာမှမဖြစ်လာပေ။


သူက ဝမ်ရူကွေ့နားသွားကာ  အသံတိုးတိုးဖြင့်ပြောလိုက်သည်။

“ရဲဘော်ထုံကြားမယ်လို့ မင်းထင်လား”


ဝမ်ရူကွေ့က ခနတန့်သွားသည်။

“သူမကြားလောက်ပါတယ်၊ လာမီးဖိုချောင်ထဲမှာ သွားကူရအောင် တကယ်လို့သူမကြားရင် တစ်ခုခုပြောလာလိမ့်မယ်”


ဖူကျန့်ယိသည်လည်း ၎င်းကအဓိပ္ပါယ်ရှိသည်ဟု ထင်၏။ ထို့ကြောင့် သူတို့နှစ်ယောက်က မီးဖိုချောင်ထဲသို့ဝင်လာကြသည်။


သူတို့လာနေသည်ကို မြင်သောအခါ ထုံရွှယ်လူကအလျင်အမြန်ပင် မျက်ရည်များကိုသုတ်လိုက်ပြီး ချက်ပြုတ်တာကို အလွန်အာရုံရောက်နေသည့် ပုံစံဆောင်လိုက်သည်။


ဝမ်ရူကွေ့နှင့် ဖူကျန့်ယိတို့ အထဲရောက်‌လာသောအခါ ထုံရွှယ်လူကအလွန်အာရုံစိုက်နေသောပုံစံဖြင့် အသားလှီးနေသည်ကို မြင်လိုက်ရ‌လေသည်။ သူမက သူတို့ဝင်လာသည်ကိုတောင် သတိမထားမိပေ။


သူတို့နှစ်ယောက် စိတ်ဓာတ်ကျသွားသည်။ ခုနတုန်းက သူမ မကြားလိုက်ဘူးလား။


ဖူကျန့်ယိက ချောင်းဟန့်လိုက်သည်။

“ရဲဘော်ထုံ ငါတို့ကူညီပေးနိုင်တာများရှိလား”


ထုံရွှယ်လူက သူတို့ရောက်နေသည်ကို အခုမှသိသွားသလို ဟန်ဆောင်လိုက်သည်။

“ဟင် ရှင်တို့ဘယ်တုန်းကဝင်လာတာလဲ အမှန်တော့ ကျွန်မလည်း အကူအညီနည်းနည်းလိုနေတာ ‌ဒီအရွက်တွေကို ရေဆေးပေးပါလား”


“ကောင်းပါပြီ”

ဝမ်ရူကွေ့က သူမကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာကြမ်းပြင်ပေါ်မှ အရွက်ခြင်းကိုယူပြီး ဆေးရန် အပြင်ဘက်သို့ ယူသွားလိုက်သည်။


ဖူကျန့်ယိက ဆေးပြီးသည့်အရွက်များထည့်ရန် ခြင်းလွတ်တစ်ခုကိုကိုင်ကာ ဝမ်ရူကွေ့နောက်မှ လိုက်သွားလိုက်သည်။ သူတို့နှစ်ယောက်လုံးက အနည်းငယ် စိတ်လေးသွားကြ၏။


‌သူတို့က ရေဘုံဘိုင်ဆီသို့ လျှောက်လာကြသည်။


ဖူကျန့်ယိက အနည်းငယ်ခေါင်းခြောက်သွားသည်။

“ခုနတုန်းက ငါ့အသံက တော်တော်လေးကျယ်ပါတယ် သူမကဘယ်လိုဖြစ်လို့ မကြားတာလဲ”


ဝမ်ရူကွေ့က ထုံရွှယ်လူအတွက်ဆင်ခြေပြောပေးလာ၏။

“သူမက အသားနုတ်နုတ်စင်းနေလို့များ မကြားတာလား”


ဖူကျန့်ယိက အရွက်များကို ခြင်းထဲသို့ထည့်လိုက်ပြီး သွားကိုက်လာသလိုတောင် ခံစားလိုက်ရသည်။

“အခုဘယ်လိုလုပ်ကြမလဲ ငါတို့နောက်တစ်ခေါက်ထပ်ပြောကြမှာလား”


ဝမ်ရူကွေ့က ခနလောက်တွေးလိုက်သည်။

“အင်း နောက်တစ်ခေါက်လောက် ထပ်လုပ်ကြ‌တာပေါ့”


ဤမွေးနေ့က သူတို့ချစ်သူဖြစ်ပြီးနောက်တွင် ပထမဆုံးအကြိမ်ကြုံရသည့် မွေးနေ့ဖြစ်သောကြောင့် ဝမ်ရူကွေ့ကအမှန်ပင် ထုံရွှယ်လူနှင့် မွေးနေ့ကိုကုန်ဆုံးချင်၏။


သူတို့က ဒီအတိုင်းအတူရှိကာ ဘာထူးထူးခြားခြားမှ မလုပ်လျှင်တောင်မှ ‌သူပျော်မိမှာဖြစ်သည်။


ဖူကျန့်ယိက သူ့ကိုစလိုက်သည်။

“ညီအစ်ကို မင်းကို ဒီလိုမျိုးကူညီပေးရတဲ့အတွက် ငါ့ကိုဘာပြန်ပေးမှာလဲ”


ဝမ်ရူကွေ့က နှစ်ခါမစဉ်းစားဘဲ ပြန်ဖြေလိုက်သည်။

“ငါမင်းအတွက် အကြွေးပြန်ဆပ်ရမယ့်ရက်ကို နောက်ဆုတ်ပေးလိုက်ပြီလေ မဟုတ်ဘူးလား”


ဖူကျန့်ယိ :“……”  မင်းနိုင်ပါတယ်။


သူတို့နှစ်ယောက်က အရွက်များကိုဆေးပြီးနောက် ကြက်သွန်ဖြူခွာလိုက်ကြသည်။


ထို့နောက်တွင် ကျန်းတန့်ဟုန်နှင့် ဖန်ကျင်းယွမ်တို့ရောက်လာကာ သူတို့နှင့်အတူကူပေးလာသဖြင့် ဝမ်ရူကွေ့နှင့် ဖူကျန့်ယိက မီးဖိုချောင်ထဲတွင် နေရာမဆံ့တော့ပေ။


သူတို့က ဆွေးနွေးရန် ဧည့်ခန်းထဲသို့ ပြန်သွားကြသည်။


ဖူကျန့်ယိ :“ ငါ‌ကတော့ ပြီးမှဘဲ သူမရှေ့မှာတိုက်ရိုက်ထုတ်ပြောလိုက်တော့မယ် သူမနောက်တစ်ခါမကြားတာမျိုး မဖြစ်စေချင်ဘူး”


ဝမ်ရူကွေ့လည်း ၎င်းက အဓိပ္ပါယ်ရှိသည်ဟု ခံစားမိသွားသည်။

“ကောင်းပြီလေ အဲ့လိုလုပ်လိုက်”


စားစရာများရောက်လာပြီးနောက် ဖူကျန့်ယိက လုပ်ငန်းစလိုက်သည်။


သူက ရုတ်တရက် ကျန်းတန့်ဟုန်ကို စကားလှမ်းပြောလာ၏။

“ရဲဘော်ကျန်း နောက်တစ်ပတ် ကြာသပတေးနေ့က ရူကွေ့မွေးနေ့ဆိုတာ သိလား”


ထမင်းခူးနေသော ကျန်းတန့်ဟုန်၏လက်က လေထဲတွင်တန့်သွားကာ ‌ခေါင်းရှုပ်သွားပုံရလေသည်။

“ဟင့်အင်း ကျွန်မမသိလိုက်ဘူး၊ ဒါဆို ရဲဘော်ဝမ်က မွေးနေ့လုပ်ချင်တာလား”


ဖူကျန့်ယိက ကျန်းတန့်ဟုန်ဘေးတွေရပ်နေသည့် ထုံရွှယ်လူကိုကြည့်လိုက်သည်။

“မလုပ်ဖြစ်လောက်ဘူး သူ့အတွက်ခွင့်ယူဖို့က တော်တော်လေးခက်ခဲတယ်လေ”


ကျန်းတန့်ဟုန်က အိုးခနဲအသံပြုလိုက်ပြီးနောက် ထိုသို့ဘဲအဆုံးသတ်သွားလေသည်။


ဖူကျန့်ယိက ခေါင်းကုတ်ကာ ထုံရွှယ်လူအားတိုက်ရိုက်မေးလိုက်သည်။

“ရဲဘော်ထုံ မင်းငါပြောတာကို ကြားလိုက်လား ရူကွေ့မွေးနေ့ကျရင် ဘာလုပ်ဖို့စီစဉ်ထားလဲ”


သူပြောပြီးနောက်တွင် ဝမ်ရူကွေ့ကလည်း ငါးနှင့် ဆားရည်စိမ်အရွက်ပန်းကန်ကိုယူကာ အထဲသို့ဝင်လာလေသည်။


ထုံရွှယ်လူက အံ့ဩသွားသည့်ပုံပင်။

“ဟမ် ရူကွေ့မွေးနေ့ရောက်တော့မှာလား ဒါပေမယ့် ကြာသပတေးနေ့ကျ ကျွန်မကအရမ်းအလုပ်များနေမှာ အဲ့ဒီနေ့ကိုခွင့်ယူလို့ရမယ်လို့ မထင်ဘူး”


ထိုသို့ပြောပြီးနောက် သူမက အခြားသူများကို ကြည့်လိုက်သည်။

“ဒါနဲ့ ကျွန်မမှာ အသိပေးစရာရှိတယ် ကျွန်မက အစိုးရစားသောက်ဆိုင်ရဲ့ မန်နေဂျာအဖြစ် ရာထူးတိုးခံလိုက်ရပြီ”


ဝမ်ရူကွေ့မှလွဲ၍ လူတိုင်းက လန့်သွားကြသည်။


ထုံကျားရှင်းက အရင်ဆုံးသတိပြန်ဝင်လာသူဖြစ်သည်။

“မမကြီးက တကယ်ဘဲ မန်နေဂျာဖြစ်တော့မှာလား”


ထုံရွှယ်လူက ခေါင်းညိတ်ပြလိုက်သည်။

“အင်းးးမနက်ဖြန်ကစပြီး အလုပ်စလို့ရပြီ”


ထုံကျားရှင်းက ကြမ်းပြင်ပေါ်မှ သုံးပေကွာသည်အထိ ထခုန်လာသည်။

“အဲ့ဒါက‌ အံ့ဩစရာဘဲ၊ အစ်မကြီးက မန်နေဂျာဖြစ်သွားပြီဆိုတော့ ကျွန်တော်တို့တွေ နေ့တိုင်းအသားစားရတော့မှာပေါ့”


ထုံရွှယ်လူက သူ့ကို အပေါ်ယံပြုံးပြလိုက်သည်။

“နင်စာမေးပွဲတွေအောင်ရင်တော့ ဖြစ်နိုင်ပါတယ်”


ထုံကျားရှင်း၏မျက်နှာပေါ်မှ အပြုံးက အေးခဲသွားသည်။


ဖန်ကျင်းယွမ်၏ပါးစပ်က ‌အတိုင်းသားဟနေ၏။

“ဘုရားရေ ရွှယ်လူ နင်က တလောတုန်းကတင် စက်ရုံကအလုပ်သမားဖြစ်ခဲ့တာပါ၊ နောက်ပြီးတော့ အစိုးရစားသောက်ဆိုင်မှာ စားပွဲထိုးဖြစ်လာတယ် ပြီးတော့ စားဖိုမှူး အခုလည်း မန်နေဂျာဖြစ်သွားပြန်ပြီ ဘယ်လိုများလုပ်လိုက်တာလဲ”


ကျန်းတန့်ဟုန်က ထုံရွှယ်လူကိုလေးစားစွာကြည့်လာသည်။

“ဂုဏ်ပြုပါတယ်နော် ရွှယ်လူ”


အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ဂုဏ်ပြုလာကြသည်။ ထုံရွှယ်လူကလူတိုင်းကို အပြုံးတစ်ခုနှင့် ကျေးဇူးတင်လိုက်သည်။


ဤသို့ဖြင့် ဝမ်ရူကွေ့၏မွေးနေ့အကြောင်းကို အ‌မေ့ခံလိုက်ရလေသည်။


အမေ့ခံလိုက်ရတယ်..........


ဝမ်ရူကွေ့က ငါးနှင့် ဆားရည်စိမ်အရွက်ကို စားပွဲပေါ်တွင်ချလိုက်ပြီးနောက် ရုတ်တရက်လျစ်လျူရှုထားခံလိုက်ရသလို ခံစားမိသွားသည်။


သူမက ခွင့်မယူနိုင်အောင် အလုပ်များနေပေမယ့် သူခွင့်ယူလို့ရတယ်လေ။


အကယ်၍သူမသာ သူ့ကိုမေးလာရင် ခွင့်ယူဖို့နည်းလမ်းရှာပြီး ပြန်လာခဲ့မှာပေါ့။


ဖူကျန့်ယိက သနားသည့်အကြည့်ဖြင့်ကြည့်ကာ အသံတိုးတိုးဖြင့်ပြောလာသည်။

“ညီအစ်ကိုရေ ငါလည်းတတ်နိုင်သမျှ လုပ်ပေးခဲ့ပါတယ်”


ဝမ်ရူကွေ့ :“……” သူ့ခံစားချက်က ပိုလို့တောင်ဆိုးရွားလာလေသည်။ 


ထို့နောက်တွင် လူတိုင်းက ထုံရွှယ်လူ၏မန်‌နေဂျာ ရာထူးတိုးမှုနှင့် စားကောင်းသောက်ဖွယ်များ‌အပေါ် အာရုံရောက်သွားကာ ဘယ်သူကမှ ဝမ်ရူကွေ့မွေးနေ့အကြောင်း ထပ်ပြောမလာတော့ပေ။


ထုံရွှယ်လူတောင်မှ မပြောလာပေ။


ထုံရွှယ်လူက အိုးကပ်တို့ဟူးလွှာ၊ ကြက်သွန်ဖြူဆော့စ်ဖြင့် လုပ်ထားသည့်ခရမ်းသီးနှပ်၊ ဆားရည်စိမ်နှင့် ငါးဟင်း၊ ထိုင်ဝမ်မုန်ညင်းကြော်တို့အပြင် ဘီစကစ်များကို ဖုတ်ထား၏။


တို့ဟူးလွှာက အရသာပြင်းကာ ခရမ်းသီးနှင့်ကြက်သွန်ဖြူဆော့စ်က နူးအိသောအရသာရှိ၏။ ဘီစကစ်များက ကြွပ်ရွကာ အရသာရှိပေသည်။


ဆားရည်စိမ်အရွက်နှင့် ငါးဟင်းကစပ်ကာ လျှာထုံသွားစေနိုင်ပြီး ငါးအသားကအလွန်နူးအိ၏။ စားစရာအားလုံးက အရမ်းကောင်းလွန်းသဖြင့် လျှာကိုတောင် မတော်တဆ မြိုချမိစေသည်။


စားသောက်ကြပြီးသောအခါ လူတိုင်းက ထုံရွှယ်လူ၏လက်ရာကြောင့် အနိုင်ယူခံလိုက်ရပြန်သည်။


ဖန်ကျင်းယွမ်က သူမ၏ပုံရိပ်ကို ဂရုမစိုက်တော့ဘဲ ဗိုက်ကိုပွတ်လိုက်သည်။

“ရွှယ်လူ နင့်လက်ရာက ထုံးစံအတိုင်း အံ့ဩဖို့ကောင်းလိုက်တာ၊ မန်နေဂျာဖြစ်လာရင်ရော စားသောက်ဆိုင်မှာ ချက်ဦးမှာလား”


ထုံရွှယ်လူက ခေါင်းခါလိုက်သည်။

“ခေါင်းဆောင်စားဖိုမှူးပြန်ရောက်လာရင် ငါထပ်မချက်တော့ဘူး”


ဖန်ကျင်းယွမ်က ငြီးငြူလိုက်သည်။

“အဲ့လိုဆို ငါဘယ်လိုလုပ်ရတော့မှာလဲ”


ထုံရွှယ်လူက သူမကိုလျစ်လျူရှူထားလိုက်ကာ ဘီစကစ်များကိုသွားကြည့်လိုက်သည်။


ဝမ်ရူကွေ့က သူမနောက်လိုက်သွားချင်သော်လည်း ဖန်ကျင်းယွမ်က သူ့ထက်အရင် လှစ်ခနဲလိုက်သွားလေသည်။


ဝမ်ရူကွေ့  “……”

ဖန်ကျင်းယွမ်က ထုံရွှယ်လူနောက်မှလိုက်ကာ လက်မောင်းကိုတွဲလိုက်သည်။


“နင် ငါ့အကိုကြီးကို ဘာလို့လွှင့်ပစ်လိုက်လဲဆိုတာ နောက်ဆုံးတော့ ငါနားလည်သွားပြီ”


ထုံရွှယ်လူက မျက်ခုံးပင့်လိုက်သည်။


ဖန်ကျင်းယွမ် :“ငါ့အကိုကြီးက ကြည့်ရမဆိုးပေမယ့် နင့်ကောင်လေးကိုတော့ မယှဉ်နိုင်ဘူးလေ၊ ငါသာနင့်နေရာမှာဆိုရင်တောင်မှ ငါ့အကိုကြီးကိုရွေးမှာမဟုတ်ဘူး”


သူမအကိုကြီး၏ စိတ်ပျက်ဖွယ်ကောင်းသည် ကိုယ်ကျင့်စရိုက်ကိုမူ ထုတ်ပြောနေစရာတောင် မလိုတော့ပေ။


ထုံရွှယ်လူက သူမကိုတစ်ချက်ကြည့်လိုက်ကာ စိတ်ထဲတွင် ဖန်ဝမ်ယွမ်အတွက် တိတ်‌တိတ်လေး ဖယောင်းတိုင်ထွန်းပေးလိုက်သည်။


ဖန်ကျင်းယွမ်က ဆက်ပြောလာ၏။

“ရွှယ်လူ အခုဆို ငါတို့က သူငယ်ချင်းကောင်းတွေဖြစ်နေပြီလေ နင့်အိမ်မှာညစာစားဖို့ မကြာခနလာလို့ရတယ်မလား”


ထုံရွှယ်လူက သူမလက်ကိုပြန်ဆွဲထုတ်လိုက်သည်။

“ငါတို့က ဘယ်အချိန်တုန်းကများ သူငယ်ချင်းကောင်းဖြစ်သွားတာလဲ”


ဖန်ကျင်းယွမ်က ထုံရွှယ်လူလက်ကို ပြန်ဆွဲလိုက်သည်။

“တစ်ခါညီအစ်မဖြစ်ဖူးရင် တစ်သက်လုံး ညီအစ်မဘဲ၊ ဘာဘဲဖြစ်ဖြစ် အဲ့လိုဘဲဆုံးဖြတ်လိုက်ပြီ အခုကစပြီး ငါခနခနလာလည်မယ်”


ထုံရွှယ်လူက မျက်စောင်းထိုးလိုက်သည်။


လူတိုင်းပြန်မည့်အချိန်‌သို့ရောက်သောအခါ ထုံရွှယ်လူကတစ်ယောက်စီတိုင်းကို ဘီစကစ်များအား လက်ဆောင်ထည့်ပေးလိုက်သည်။


ဝမ်ရူကွေ့က အခြားသူများမရသောအရာတစ်ခုပိုရ၏။ ----ဘဲဥများပင်။


ထုံရွှယ်လူက ဘဲဥများကိုလက်ညှိုးထိုးပြကာ ပြောလိုက်သည်။

“ရှင့်မွေးနေ့မှာပျော်ရွှင်ပါစေလို့ ကြိုပြီးဆုတောင်းပေးလိုက်တယ်နော် ဒီဘဲဥတွေကို ရှင့်အတွက်မွေးနေ့လက်ဆောင်ကြိုပေးတယ်လို့ဘဲ သဘောထားလိုက်ပါ”


ဝမ်ရူကွေ့က အနည်းငယ်တောင့်‌တောင့်ကြီးဖြစ်နေ၏။

“ကျေးဇူးတင်ပါတယ်”


လမ်းကြားထဲထွက်လာပြီးနောက်တွင် ဖူကျန့်ယိက ခေါင်းပြုတ်မတက်အော်ရယ်လာလေသည်။

“ဟားဟားဟား အမလေး ဘုရားရေ သူမက မင်းမွေးနေ့လက်ဆောင်ကို ဘဲဥပေးလိုက်တယ်တဲ့ ဒါကအရမ်းရီရတာဘဲ.........”


“……”

ဘဲဥအိတ်ကိုကိုင်ထားကာ ဝမ်ရူကွေ့က အလွန်မပျော်မရွှင်ဖြစ်လာသည်။


ဖူကျန့်ယိက ဝမ်ရူကွေ့၏မျက်နှာကိုမြင်သောအခါ ပိုပြီးရယ်လာလေသည်။ သူ့ရယ်သံကို တစ်မိုင်အကွာကတောင် ကြားနိုင်လောက်၏။