🍬Chapter 91
နောက်တစ်နေ့၌၊ ရွှီလော့ယန်က နေမွန်းတည့်သည်အထိ၊ အိပ်မောကျနေလေသည်။ သူ့မျက်လုံးများပွင့်သည်နှင့် ပထမဆုံးလုပ်သည့်အရာမှာ၊ သူ့အား ချီချန်အန်းရေးပေးထားသည့် စာကိုဖတ်ခြင်းပင်။ စာက သိပ်မရှည်ပေ။ သူက ခုနစ်ကြိမ်၊ရှစ်ကြိမ်မျှ ထပ်ခါထပ်ခါဖတ်လိုက်ပြီး၊ တစ်ခေါက်ဖတ်ပြီးတိုင်း၊ စောင်အောက်သို့ဝင်ပုန်းကာ တိတ်တဆိတ်ကြိတ်ရယ်ရင်း နောက်ထပ်တစ်ခေါက် ထပ်ဖတ်ပြန်သည်။
ချီချန်အန်း၏အကူအညီဖြင့် အဝတ်အစားလဲပြီးနောက် သူ့အိမ်တွင်းစီးဖိနပ်ကိုစီးကာ ရွှီလော့ယန်က အိပ်ရာမှထ၍ သွားတိုက်ရန်ပြင်လေသည်။ သို့သော်၊ သူ့ဖုန်းမြည်သံကို ကြားလိုက်ရသဖြင့် ပါးစပ်ထဲ သွားတိုက်တံကိုထည့်လျက်နှင့် ချီချန်အန်း၏အမည်ကို အော်ခေါ်လိုက်ရာ၊ မကြာမီဘဲ သူ့ဖုန်းက သူ့လက်ထဲသို့ ရောက်လာလေ၏။
"ငါ ကျန်းသုန့်ပါ"
ချက်ချင်းပင် ရွှီလော့ယန်က ဖုန်းစပီကာကို ဖွင့်လိုက်သည်။
"ကျန်းကော၊ ကျွန်တော် သွားတိုက်နေတုန်း ဘာကိစ္စရှိလို့လဲ..."
"အရေးကြီးတယ် ငါမင်းဆီ ဇာတ်ညွှန်းတစ်ခုပို့လိုက်တယ် သေသေချာချာဖတ်ပြီးတော့ ချက်ချင်းငါ့ဆီအကြောင်းပြန်ပေး ...မင်းဝင်ပြီး သရုပ်ဆောင်ချင်တယ်ဆိုရင်၊ ငါ့အင်္ကျီလက်တွေကိုပင့်ပြီး တိုက်ပွဲဝင်ပေးမယ်..."
ကျန်းသုန့်က ဤမျှလောက် စိတ်အားထက်သန်နေသည်ကိုမမြင်ရတာ အလွန်ကြာပြီဖြစ်သည်။ ပါးစပ်ထဲမှ အမြှုပ်ဖြူဖြူများကို ထွေးထုတ်ကာ၊ ရွှီလော့ယန်ပြန်ဖြေလိုက်သည်။
"ကောင်းပြီ...ကောင်းပြီ...ကျွန်တော်ဖတ်ကြည့်ပြီး ပြန်ပြောမယ်လေ..."
သွားတိုက်၊မျက်မှာသစ်ခြင်းကို အလျင်အမြန်လုပ်ဆောင်ပြီးနောက်၊ ရွှီလော့ယန် ဇာတ်ညွှန်းကိုဖွင့်ကြည့်လိုက်သည်။ ပထမဆုံးစာမျက်နှာကိုမြင်လိုက်သည်နှင့် အဘယ်ကြောင့်ကျန်းသုန့်က ဤမျှမီးတောက်နေမှန်းကို သိလိုက်ရသည်။
"ချန်အန်း ဒါကတစ်ကယ်ကြီး ဒါရိုက်တာ တုရွမ်လန်ရိုက်ထားတာပဲ..."
သူ့ပါးစပ်နားသို့တေ့ပေးလာသည့် ပျားရည်ကိုသောက်ကာ၊ သူ့ရဲ့နာကျင်နေသည့် လည်ချောင်းကို အနည်းငယ်စိုစွတ်စေပြီး ဆက်ပြောလိုက်သည်။
"ဒါပေမယ့်၊ ဒါရိုက်တာတုရဲ့ အဲ့ဒီရုပ်ရှင်က ဒီနှစ်မစခင်တည်းက ပြင်ဆင်ပြီးပြီလို့ ငါကြားထားတာ..."
"အင်း ကိုယ်လည်း ကြားတယ်... ကော်ဝေ့ကို အဓိကဇာတ်လိုက်မင်းသားနေရာ သရုပ်ဆောင်ဖို့ ရွေးထားတာ..."
"ကော်ဝေ့က ဒီကားမှာ သရုပ်မဆောင်တော့ဘူးလား..."
ရွှီလော့ယန်က စဉ်းစားမရတာမို့၊ သူက ဆက်ပြီးတွေးမနေတော့ပေ။ သူက အစားအသောက်ကို အနည်းငယ်သာ ဖြစ်သလိုစားလိုက်ပြီး ဇာတ်ညွှန်းကို စဖတ်တော့သည်။
ထိုဇာတ်ကား၏အမည်မှာ 'အလင်းကိုဆန့်ကျင်၍' ဖြစ်ပြီး တင်းရွှမ်ဟုအမည်ရသည့် မူးယစ်ရဲတစ်ယောက်၏ ဇာတ်လမ်းပင်။ ထောင်ကျနေသည့် မူးယစ်ရာဇာတစ်ဦးထံချည်းကပ်ကာ၊ နောက်ကွယ်မှဆက်နွှယ်နေသည့်အမှုပေါင်းများစွာ၏ ဖုံးကွယ်ထားသည့်သဲလွန်စတို့ကို ရှာဖွေနိုင်ရန်၊ တင်းရွှမ်က မှတ်ပုံတင်အတုဖြင့် ထောင်ထဲသို့ဝင်ရောက်လာသည်။ ဇာတ်ညွှန်းထဲတွင် ဇာတ်လမ်း၏သုံးပုံတစ်ပုံသာ ပါသည့်အတွက် ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းကိုဖတ်နေသည့် ရွှီလော့ယန်မှာ ကောင်းခန်းရောက်မှဖြတ်ချခံလိုက်ရသည့်အတွက် အလွန်အမင်းစိတ်ပျက်သွားရသည်။
သူက ကျန်းသုန့်ကို အလောတကြီးဖုန်းခေါ်၍ "ကျန်းကော၊ ဇာတ်ညွှန်းအဆက်ရှိသေးလား တင်းရွှမ်က ဖော်ထုတ်ခံလိုက်ရလား၊ မခံရဘူးလား..."
"မင်း ရိုက်ကူးရေးအဖွဲ့ထဲကိုဝင်မှ ကျန်တဲ့ဇာတ်လမ်းကို ပေးမှာ အဲ့ဒီတော့၊ ငါ့ကိုပြော၊ မင်း ဝင်ပြီး သရုပ်ဆောင်မှာလား မဆောင်ဘူးလား..."
ချက်ချင်းအဖြေပေးမည့်အစား၊ ရွှီလော့ယန်က မေးလေသည်။
"မနှစ်ကနှစ်မကုန်ခင်တုန်းက၊ ဒါရိုက်တာတုက ပြင်ဆင်တာတွေပြီးသွားပြီဆိုတဲ့ သတင်းကို ကြားလိုက်တာ မှတ်မိသေးတယ်... သူတို့က ဘာလို့ အမျိုးသားဇာတ်လိုက်ကို နောက်ထပ် ထပ်ရှာနေရတာလဲ ရင်းနှီးမှု့ပ်နှံသူတွေနဲ့ ပြဿနာဖြစ်လို့လား...ဒါမှမဟုတ် အရင်ဇာတ်လိုက်က ပြဿနာရှာလို့လား..."
"ပြဿနာရှာသွားတာ ကော်ဝေ့နဲ့ သူ့အဖွဲ့က သရုပ်ဆောင်ကြေးမြှင့်လိုက်တယ်လေ တော်တော်များတယ်...တုရွမ်လန်ကသဘောမတူလို့ နှစ်ဖက်စလုံး ပြင်းပြင်းထန်ထန်အငြင်းပွားခဲ့ကြသေးတယ် ထပ်ပြီးတော့၊ ကော်ဝေ့တို့ဘက်က လှည့်စားမှုတွေလည်း လုပ်ထားသေးတာမို့ စာချုပ်က အပြီးမသတ်ရသေးဘူး အဲ့ဒါနဲ့၊ ရုပ်ရှင်ရိုက်မယ့်အချိန်ရောက်တော့၊ ကော်ဝေ့က သဘောတူညီချက်ကို ဖျက်လိုက်တယ်..."
ကျန့်သုန်းက အခြေအနေကို ရှင်းရှင်းလင်းလင်းနားလည်နေသည်မို့ ထပ်၍ပြောလေသည်။
"တုရွမ်လန်နဲ့ ဒါရိုက်တာချူးနဲ့က သူငယ်ချင်းတွေ...သူမင်းကို စဉ်းစားတာက၊ ဒါရိုက်တာချူးက မင်းကိုထောက်ခံပေးထားတာမို့လို့ပဲ..."
ရွှီလော့ယန်က ချီချန်အန်း၏ပေါင်ကို ပုတ်လိုက်ကာ
"လုပ်ကြတာပေါ့...ကော်ဝေ့က ပိုက်ဆံအတွက်နဲ့ စာချုပ်ကိုဖျက်ခဲ့တာ အဲ့ဒါကြောင့်မို့ နောက်ပိုင်းအငြင်းပွားစရာပေါ်လာရင်တောင် ကျွန်တော်တို့နဲ့ မဆိုင်တော့ဘူး ပြီးတော့၊ ကျွန်တော်က သူ့လိုမျိုး သရုပ်ဆောင်ကြေးကို စိတ်မဝင်စားဘူး... ထုတ်လုပ်ရေးအတွက် ရန်ပုံငွေတောင် ထည့်ပေးနိုင်သေးတယ်..."
"ငါတို့ရဲ့ကုမ္ပဏီကတော့ ပိုက်ဆံကိစ္စစိတ်ဝင်စားတယ်ဟ...အကယ်၍ မင်းဒီဇာတ်ကောင်ကို လက်ခံမယ်ဆိုရင်၊ မင်း ငွေရဖို့ နောက်ထပ်ကြော်ငြာသုံးခု လက်ခံရလိ့မ်မယ် အဲ့ဒီတော့မှ၊ ကုမ္ပဏီကလူတွေ ဘာမှပြောလို့မရမှာ..."
"ကောင်းပါပြီ ကျန်းကောက အဲ့ဒါကို ဖြေရှင်းပေးလေ "
ရွှီလော့ယန်က ဇာတ်ညွှန်းကို စိုက်ကြည့်နေကာ သူ့စိတ်ထဲရုပ်ရှင်အကြောင်းသာ ပြည့်နေတော့သည်။
"အဲ့ဒီတော့၊ ကျွန်တော် ဒါရိုက်တာတုနဲ့ ဘယ်အချိန်လောက် တွေ့ရမှာလဲ"
"မနက်ဖြန်ညလောက်ပေါ့ ထုံးစံအတိုင်း၊ ဇာတ်ညွှန်းကို ရင်းနှီးအောင်လုပ်ထားဦး သူတို့ရုတ်တရက် စမ်းသပ်လာရင် အဆင်ပြေအောင်..."
"စိတ်မပူပါနဲ့..."
အရေးကြီးကိစ္စကိုဆွေးနွေးပြီးသွားသောအခါ၊ ကျန်းသုန့်က သူ့အား စနောက်လာသည်။
"ငါတို့ရဲ့ မွေးနေ့ရှင်လေးက သူ့မွေးနေ့ကို ဆက်ပြီး မကျင်းပတော့ဘူးလား..."
ရွှီလော့ယန်က ယုံကြည်ချက်အပြည့်ဖြင့်
"မွေးနေ့အတွက် ဘယ်သူကအချိန်ရှ်ိလို့လဲ ကျွန်တော် စာသားတွေကျက်မှာ..."
ဖုန်းချပြီးသောအခါ၊ ရွှီလော့ယန်က ချီချန်အန်းအပေါ် ပျော်ရွင်စွာခုန်တက်လိုက်တော့သည်။
"ငါအရမ်း စိတ်လှုပ်ရှားတာပဲ... အကယ်၍ ညှိနှိုင်းမှုလုပ်တာသာအဆင်ပြေရင် ငါ ဒါရိုက်တာတုရဲ့ဇာတ်ကားမှာ သရုပ်ဆောင်ရတော့မှာ..."
တုရွမ်လန်နှင့် ချူးဝေ့တို့ နှစ်ဦးလုံးက 'အံ့ဖွယ်နှစ်ဦး' ဟု လူသိများကာ၊ အနုပညာလောကထဲတွင် အလားတူအဆင့်အတန်းနှင့် အရည်အချင်းတို့ရှိလေသည်။ သူတို့နှစ်ဦးက နှစ်ပေါင်းများစွာ ရင်းနှီးသည့်မိတ်ဆွေများဖြစ်ခဲ့ကြပြီး နှစ်ဦးလုံးထံတွင် သမားရိုးကျမဟုတ်သည့် ရိုက်ကူးမှုအလေ့အထများရှိကြသည်။ သို့သော်လည်း၊ သူတို့၏ဖန်တီးမှုများက အမြဲတစေဂန္တဝင်အဖြစ် သတ်မှတ်ခံရလေသည်။
ချီးချန်အန်းက သူ့အား မြဲမြဲချီထားကာ "မင်းသေချာပေါက် လုပ်နိုင်ပါတယ်..."
အလျင်စလိုနှင့်၊ ရွှီလော့ယန်က အသီးနှစ်လုံးကို ထပ်စားလိုက်ပြီးနောက် ဇာတ်ညွှန်းကို ပရင့်ထုတ်လိုက်ပြီး ထပ်ခါထပ်ခါစတင်ကျက်တော့သည်။ ထို့နောက် ရလဒ်ကသိပ်မကောင်းကြောင်း သတိထားမိသွားကာ၊ ရိုးရှင်းစွာဖြင့် ချီချန်အန်းကို သူနှင့်အတူ အစမ်းလေ့ကျင့်ပေးရန် တောင်းဆိုလိုက်သည်။ စာသားများ ပို၍ဖတ်လေလေ၊ သူက ပို၍စိတ်လှုပ်ရှားလာလေလေပင်။
သူက ဖတ်နေရင်း ရပ်လိုက်ကာ "ဇာတ်ညွှန်းရေးဆရာက တကယ် အံ့သြစရာပဲ...ဇာတ်ကွက်တွေနဲ့ ဇာတ်လမ်းအတက်အကျက အံ့မခန်းပဲ...စကားပြောခန်းနဲ့ အက်ရှင်ခန်းတွေလည်း အများကြီးပါတာမို့ ရိုက်ကူးရေးလုပ်တဲ့အခါ သေချာပေါက်ကို ပင်ပန်းမှာ..."
သို့သော် ထိုသို့ပြောနေပေမယ့်၊ သူ့အပြုံးက ပို၍တောက်ပလာခဲ့သည်။
"အင်း...တင်းရွမ်ဇာတ်ကောင်က နက်နဲတယ်...'ယိုယွင်းနေသောကမ္ဘာကြီး' မှာ မင်းသရုပ်ဆောင်ခဲ့တဲ့ ဧကရာဇ်ထက်ပိုပြီး သုံးဖက်မြင်ပုံရိပ်ရှိတယ်...ထပ်ပြီးတော့၊ ဇာတ်ညွှန်းတစ်ခုလုံးမှာ၊ ဇာတ်ကောင်တွေအများကြီးရှိနေပေမယ့် တင်းရွှမ်က သေချာပေါက်ကို အမျိုးသားဇာတ်လိုက်ပဲ..."
ချီချန်အန်းက ရွှီလော့ယန်အတွက် သေချာခွဲခြမ်းစိတ်ဖြာပေးနေသည်။ သူပြောပြီးသွားသည်အခါ၊ ရွှီလော့ယန်၏အပြုံးတို့ မှိန်ဖျော့နေသည်ကို သတိထားမိသွားပြီး ရှုပ်ထွေးသွားရသည်။
"နျောင်နျောင်၊ ဘာဖြစ်လို့လဲ..."
"ချန်အန်း..." ရွှီလော့ယန်က ဇာတ်ညွှန်းကို ပိတ်လိုက်သည်။
အနည်းငယ် တုံ့ဆိုင်းနေပြီးမှ မေးလိုက်တော့၏။
"မင်း သရုပ်ဆောင်တာကို ရပ်လိုက်မလို့.... စီစဉ်နေတာလား..."
ချီချန်အန်းက အငိုက်မိသွားသော်လည်း အဖြေကို တန်းမပေးသေးပေ။
" ဘာလို့ အဲ့ဒီလို ထင်တာလဲ..."
"မင်း ငါ့ကို ဖုန်းကွယ်ထားတာမျိုးမှမဟုတ်တာ... ခုတလော၊ မင်း ငွေကြေးနဲ့ပတ်သက်တဲ့စာအုပ်တွေ၊ စာရွက်စာတမ်းတွေနဲ့ ဘဏ္ဍာရေးအစီရင်ခံစာတွေ အမျိုးမျိုးနဲ့ ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်တွေကိုဖတ်နေတာ ငါသတိထားမိတယ်... အဲ့ဒါကြောင့် ငါလည်း သိချင်လာတာလေ..."
ချီချန်အန်းက မေးခွန်းထပ်မမေးမီ စက္ကန့်ပိုင်းမျှတိတ်ဆိတ်သွားလေသည်။
"အကယ်၍၊ ကိုယ် သရုပ်ဆောင်လောကက ထွက်လိုက်ရင်၊ မင်းအရမ်း စိတ်ပျက်သွားမှာလား..."
"ငါနည်းနည်းလေးတော့ စိတ်ပျက်မိမှာ"
ရွှီလော့ယန်က ဂရုတစိုက်ဖြေလေသည်။
"ငါက မင်းကို ငါ့ရဲ့ ပန်းတိုင်အဖြစ်သတ်မှတ်ထားတာ ဟိုးအရင်တည်းကပဲ... မင်းလိုမျိုး သရုပ်ဆောင်နိုင်စွမ်းရှိတဲ့အဆင့်ကိုရောက်ချင်ပြီး မင်းလိုမျိုး တော်တဲ့လူဖြစ်ချင်တာ...အဲ့ဒီလိုမျိုးတွေးလိုက်မိတိုင်း၊ ငါအရမ်း စိတ်ခွန်အားရတယ် ဒါပေမယ့်၊ လူတိုင်းမှာ သူတို့လုပ်ချင်တာကိုလုပ်ရမယ့်၊ သူတို့ပျော်မယ့်အရာကို လုပ်ရမယ့်အခွင့်အရေးရှိတယ်လို့ ငါယုံတယ် မင်းအပါအဝင်ပေါ့၊ ချန်အန်း မင်းဘာပဲလုပ်လျင်လုပ်ချင်၊ မင်းပျော်နေသရွေ့ ငါအပါအဝင်တခြားလူတွေရဲ့ အထင်အမြင်ကို စိုးရိမ်နေစရာမလိုဘူး..."
ချီချန်အန်းက ရွှီလော့ယန်၏လက်ချောင်းများနှင့် သူ့လက်ချောင်းများကို ရောယှက်ဆက်နွယ်ကာ၊ သူ့လက်ဖဝါးကိုညင်သာစွာပွတ်သပ်ရင်း အလေးအနက်ဖြေလာခဲ့သည်။
"ကိုယ်သရုပ်ဆောင်တာကို လုံးဝကြီးရပ်လိုက်ဖို့တော့ အစီအစဉ်မရှိဘူး ဒါပေမယ့်၊ အနာဂတ်မှာ ကိုယ့်ရဲ့အာရုံက တခြားကိုပြောင်းသွားရုံပါ..."
ချီချန်အန်းကိုကြည့်ကာ ရွှီလော့ယန်က နူးညံ့စွာမေးလေ၏။
"ငါတို့အတွက်ပဲမဟုတ်လား ဟုတ်တယ်မဟုတ်လား..."
"အဲ့ဒါက အဓိကအချက်ပေါ့..."
ချီချန်အန်းက သူ့အတွေးများကို ကွယ်ဝှက်မထားပေ။
"လော့ယန် မင်းကိုယ်နဲ့ စတွဲဖို့ ဆုံးဖြတ်လိုက်တည်းက၊ ဖြည်းဖြည်းချင်း လူသိရှင်ကြားချပြဖို့ အစီအစဉ်ရှိထားပြီးသားမလား"
ရွှီလော့ယန်က ခေါင်းညိတ်လိုက်သည်။
"အင်း ငါအစတည်းက ကျန်းကောနဲ့ ဆွေးနွေးထားပြီးပြီ မင်းက အရမ်းကောင်းတာပဲကို...
မင်းနဲ့တွဲနေတယ်ဆိုတာကို ဖုံးကွယ်ထားစရာမလိုဘူးလေ ဒါပေမယ့်လည်း ငါတို့အနေနဲ့ ကိစ္စတွေကို ဖြည်းဖြည်းချင်း၊ တဆင့်ချင်းလုပ်ရမယ်ဆိုတာကိုတော့ ငါသိပါတယ် အဲ့ဒါကြောင့်လည်း ငါက ကုချန် CP အကြောင်း ဖြည်းဖြည်းချင်း ပျံ့စေတာလေ ဒီနည်းလမ်းက ကြာကောင်းကြာနိုင်ပေမယ့်၊ ရလဒ်ကတော့ အကောင်းဆုံးပဲဖြစ်မှာလေ..."
ဒါကြောင့်မို့ ဝေ့ပေါ်နှင့် ရသစုံရှိုးများတွက် သူချီချန်အန်းနှင့် ပြောဆိုဆက်ဆံခြင်းကို မရှောင်ခဲ့ခြင်းပင်။
"တွေ့လား... မင်းက အစကတည်းက အနာဂတ်အတွက်ပါ ကြိုတွေးထားပြီးပြီ...ကျင့်ကြံဖို့ပါ ပြင်ဆင်ထားသေးတယ်လေ" ရွှီလော့ယန်၏ မျက်စောင်းလေးကြောင့် ချီချန်အန်းရဲ့အပြုံးက ပို၍ နက်ရှိုင်းလာရသည်။
"မင်းလိုပဲ ကိုယ်လည်း အနာဂတ်အကြောင်း တွေးထားတယ်လေ..."
သူက ဘေးတွင်းချထားသည့် ဇာတ်ညွှန်းစာအုပ်ကိုကြည့်ကာ
"မင်းက သီချင်းဆိုတာထက်ပိုပြီး သရုပ်ဆောင်ရတာကို သဘောကျတယ်လေ... ကိုယ်တို့ရဲ့ဆက်ဆံရေးကြောင့် မင်းကြိုးကြိုးစားစားနဲ့ မျှော်လင့်ထားတဲ့အလုပ်ကို စွန့်လွှတ်ဖို့ မင်းကို တွန်းအားမပေးချင်ဘူး...ဒါကြောင့် ကိုယ်တို့ဆက်ဆံရေးကို လူသိရှင်ကြားချပြတဲ့အခါ၊ ကောင်းချီးတွေရပြီးတော့၊ ဆန့်ကျင်မှုတွေ၊ စွတ်စွဲမှုတွေနဲ့ အနိုင်ကျင့်တာတွေကြုံရတဲ့အခါမျိုးမှာ ကိုယ်မင်းကို ကာကွယ်ပေးချင်တယ်..."
ရွှီလော့ယန်ကခေါင်းခါကာ အလောတကြီးပြောလိုက်သည်။
"ငါ့ကိုယ်ငါလည်း ကာကွယ်နိုင်ပါတယ် အကယ်၍ ငါ့ကိုကာကွယ်ဖို့ မင်းသဘောကျတာကို စွန့်လွှတ်ရမယ်ဆိုရင်...."
"နျောင်နျောင်"
ချီချန်အန်းက သူ့အား စကားဆုံးသည်အထိ ပြောခွင့်မပေးပေ။
"ကိုယ်က မင်းကို အကြိုက်ဆုံးပဲ"
စက္ကန့်ပိုင်းမျှအကြာ၊ သူက ထပ်ပေါင်းပြောလေသည်။
"အစက၊ ကိုယ် ဒါရိုက်တာချူးရဲ့ သရုပ်ဆောင်ဖို့ဖိတ်ခေါ်မှုကိုလက်ခံလိုက်တာက ဒီဇာတ်ကောင်တွေက ကိုယ့်ကို တခြားလူတစ်ယောက်လိုမျိုး ဟန်ဆောင်နေလို့ ရလို့ပဲ... ကလေးဘဝတုန်းက အရိပ်မည်းတွေကနေ လွတ်မြောက်ဖို့အတွက်နဲ့၊ အချိန်ခဏလောက် သက်သာရရဖို့အတွက်လေ..."
"ဒါပေမယ့် အခုတော့ မလိုအပ်တော့ဘူး..."
သူက ရွှီလော့ယန်၏လက်သန်းလေးကို သူ့လက်သန်းဖြင့် ချိတ်လိုက်ကာ
"အခုက၊ ကိုယ့်မှာ မင်းရှိနေပြီလေ..."
ရွှီလော့ယန် ဘာမှမပြောတာကို မြင်သည့်အခါ၊ ချီချန်အန်းက အကူအညီမဲ့သွားရသည်။
"ပြီးတော့ ကိုယ့်အကိုကြီးကလည်း သူ့အသက် တစ်ဆယ့်ရှစ်နှစ်ကတည်းက မိသားစုစီးပွားရေးကို စီမံလာရတာ...သူလည်း ပင်ပန်းနေပြီမို့၊ ကိုယ် ကူညီပေးနိုင်ဖို့ မျှော်လင့်နေတာလေ..."
ရွှီလော့ယန်က "အင်း" ဟုသာ တုံ့ပြန်လိုက်ကာ "မင်းမှာ အကြောင်းပြချက်တွေ အများကြီးရှိနေပြီးတော့ အကုန်လုံးကလည်း အကျိုးအကြောင်းသင့်နေတာချည်းပဲ...ဒါပေမယ့် မင်းက နှစ်နေရာလုံးမှာ အလုပ်တွေများနေရင် ကျန်းမာရေးထိခိုက်မှာပေါ့..."
"နှစ်နှစ်တစ်ကြိမ်လောက်ပဲ ပရောဂျက်ကောင်းကောင်းလေးတစ်ခုကို လုပ်ပြီး အလုပ်အတွက် အားစိုက်ထားလို့ ရပါတယ်..."
"ကောင်းပြီလေ..."
ချီချန်အန်း၏ပခုံးပေါ် ရွှီလော့ယန်ခေါင်းလေးတင်ကာ အနည်းငယ် စိတ်ဓာတ်ကျမိသွားသည်။ ရုတ်တရက်ကြီး ဘာဆက်ပြောရမလဲ မသိတော့သလိုပင်။
သူက ချီချန်အန်းကို အချိန်အကြာကြီး ဖက်ထားပြီးတော့မှ " မင်းရဲ့ကျန်းမာရေးထက် ဘာကမှ အရေးမကြီးဘူး... လူတွေရဲ့အထင်အမြင်ပဲဖြစ်ဖြစ်၊ အနာဂတ်မှာကြုံရမယ့် အခက်အခဲတွေပဲဖြစ်ဖြစ် ၊ ဘာကမှ အရေးမပါဘူး... ငါတို့ အသက်ကြီးသွားတဲ့အခါ၊ လက်ချင်းတွဲပြီး လမ်းလျှောက်နေနိုင်ဖို့ပဲ ငါမျှော်လင့်တာ...ညဘက်တွေ အသာလေးအိပ်ရာကထ မင်းကိုပွေ့ဖက်ထားပြီး မနက်ခင်းကျ မင်းကို အိပ်ရာကနေနှိုးပေးမယ်ဆိုပြီး..."
"အင်း ကိုယ် ကတိပေးပါတယ်"
ရွှီလော့ယန်၏ကျောပြင်ကို အသာလေးပုတ်ပေးနေကာ ချီချန်အန်းက ရယ်မောရင်း ပြောလေသည်။
"ဒါပေမယ့် နျောင်နျောင်၊ ညဘက်တွေ ပွေ့ဖက်ပေးပြီး မနက်ခင်းမှာ အိပ်ရာနှိုးပေးတဲ့လူက ကိုယ်မဟုတ်ဘဲ ၊မင်းဆိုတာ သေချာရဲ့လား..."
ရွှီလော့ယန်က သူ့ကို ပြင်းပြင်းထန်ထန်မျက်စောင်းထိုးလိုက်တော့၏။
"မစ္စတာချီ မင်း အာရုံစိုက်ထားတဲ့ အကြောင်းအရာက မှားနေပြီနော်..."
နောက်တနေ့နေ့လည်၊ ကျန်းသုန့်တစ်ယောက် ရွှီလော့ယန်ကို ကားဖြင့် လာခေါ်သည့်အခါ၊ ရွှီလော့ယန်တစ်ယောက် စိုးရိမ်တကြီး မျက်မှောင်ကြုတ်ထားသည်ကို မြင်လိုက်ရသည်။
"ဘာဖြစ်လို့လဲ... မင်းအသက်တစ်နှစ်ကြီးသွားလို့ ဝမ်းနည်းနေတာလား..."
ရွှီလော့ယန်က ထိုင်ခုံနောက်မှီပေါ် မှီချလိုက်ကာ
"ချန်အန်းက ဆုံးဖြတ်ချက်ကြီးကြီးမားမားချထားတယ်..."
"မင်း အရမ်း စိတ်ပူနေတာလား..."
"အင်း သူ့ကျန်းမာရေးက သိပ်မကောင်းဘူး... ပြီးတော့ သူ့စိတ်ထဲတွေးနေတာတွေလည်း အများကြီးရှိနေသေးတယ် သူသိပ်ပင်ပင်ပန်းပန်းမလုပ်ရင် ကောင်းမှာပဲ ဒါပေမယ့် ကျွန်တော်က သူ့ကောင်လေးဖြစ်နေရင်တောင်မှ ဝင်မပါသင့်ဘူးလို့ ကျွန်တော်ထင်တယ်..."
"မင်းတို့ ဆက်ဆံရေးကိစ္စတွေကို ငါမသိပ်နားမလည်ဘူး... ဒါပေမယ့် ဘေးလူတစ်ယောက်အနေနဲ့ အရင်ဆုံးပြောပြရရင်၊ ချီချန်အန်းက မင်းထက်ပိုပြီး ဉာဏ်ကောင်းတယ် သူဘာလိုချင်လဲဆိုတာ သူသိပြီးတော့ အရူးလုပ်ခံမှာမဟုတ်ဘူး... နောက်တစ်ချက်၊ သူ့ရဲ့ ဆုံးဖြတ်ချက်ကို မင်းကို ပြောပြတယ်ဆိုတာ၊ သူသေသေချာချာ စဉ်းစားထားပြီးသားမို့လို့ပဲ ဒါကြောင့် မင်း သူ့ကို ယုံကြည်ပေးလိုက်ပါ..."
ရွှီလော့ယန်က ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်လည်း အဲ့ဒီလိုပဲ ထင်တယ် ဒါပေမယ့် စိတ်ပူနေမိတုန်းပဲ..."
"..."
သေချာတာပေါ့...အဲ့ဒီတော့ ဒါက ချစ်ခြင်းတရားရဲ့ ချိုမြိန်တဲ့ စိုးရိမ်ပူပန်မှုလေးပေါ့လေ...
ကားကို garden club တစ်ခုမှာ ရပ်လိုက်ပြီး ကျန်းသုန့်က သူကြိုတင်ဘိုကင်တင်ထားသည့် ' အနောက်မြစ်၏လမင်း' ဟုခေါ်သည့် သီးသန့်ခန်းဆီသို့ ရွှီလော့ယန်ကို ခေါ်သွားလေသည်။
သူက အချိန်ကို တစ်ချက်ကြည့်လိုက်ကာ
"နောက် နာရီဝက်လောက်နေမှ ချိန်းထားတာ ဒါပေမယ့် တုရွမ်လန်က ဆယ့်ငါးမိနစ်ကြိုရောက်နေတတ်တယ်လို့ ငါသတင်းရထားတယ်..."
ရွှီလော့ယန်က တက်ကြွနေသည့်ပုံစံဖြစ်နေကာ၊ စိတ်အားထက်သန်စွာဖြင့် "အင်း...ကျွန်တော် အဆင်သင့်ပါပဲ မစိုးရိမ်ပါနဲ့"
ရွှီနျောင်နျောင်၏ခံစားချက်သေးသေးလေး :
မော်ဒယ်တွေ မကိုက်လို့ ထည့်လို့မရဘူး....။ QAQ
__
Translated By IQ-Team.