(60) အလဲထိုးအနိုင်ယူခြင်း
လိရှားက ကွာရှင်းခွင့်ရဖို့တရားစွဲခဲ့တယ်။ အိမ်ထောင်ရေးဖောက်ပြန်သူ အဓိကဇာတ်လိုက်နှစ်ယောက်ဖြစ်တဲ့ လင်းချန်ယွမ်နဲ့ခန်းကျန့်တို့ရော ဘာတွေဖြစ်ကုန်ပြီလဲ?
ပထမကလင်းချန်ယွမ်။ သူက လိရှားလာသောင်းကျန်းတဲ့နေ့မှာ မျက်နှာစုံမှိတ်လို့ ခန်းကျန့်နောက်ကျောဓါးနဲ့ထိုးခဲ့တယ်။ အကြောင်းပြချက်ကတော့ လိမင်ကိုအပြစ်ပြုမိမှာကြောက်လို့ဖြစ်ပါတယ်။ သူတို့တွေ ရှန်ဂရီလာကိုသွားကြတဲ့ညက ခန်းကျန့်ကြမ်းတာခံလိုက်ရတဲ့လင်းချန်ယွမ်က သူ့ရဲ့လှပတဲ့ပုံရိပ်ယောင်ကမ္ဘာထဲကနေ ရုတ်တရက်နိုးထသွားခဲ့တယ်။ ခန်းကျန့်လိုလူမျိုးက သူ့ကိုအချစ်စစ်နဲ့ချစ်တာမဟုတ်မှန်း အဲဒိညမှာ သူ သေသေချာချာသိသွားခဲ့ပါတယ်။
သူတို့ရဲ့ပတ်သက်မှုတွေ နောက်ပိုင်းပြဿနာဖြစ်လာခဲ့ရင် ခန်းကျန့်က သူ့ဘက်ကရပ်တည်ပေးလိမ့်မှာမဟုတ်ဘူး။ အခုတောင် သိန်း(၂၀၀)ဝင်နေတာတောင်မှ တိုက်ခန်းတစ်ခန်း မသဒ္ဒါနိုင်တဲ့သူ့ကို နောက်ပိုင်းဘာတွေအားကိုးလို့ရနိုင်ဦးမှာလဲ။ အချိန်အကြာကြီးစဉ်းစားပြီးတဲ့နောက် လင်းချန်ယွမ်ရဲ့နှလုံးသားအေးခဲသွားချိန်မှာ သူ့သံသယတွေ မှန်ကန်တယ်လို့ခံစားလာခဲ့ရတယ်။
ဒါကြောင့် အဲဒိနေ့ကစလို့ လင်းချန်ယွမ်က သူနဲ့ခန်းကျန့်တို့အတူနေချိန် “အထူးစပါယ်ရှယ်ဓါတ်ပုံတွေ” ကို တိတ်တဆိတ်စုဆောင်းခဲ့တယ်။ အရေးကြီးဆုံးအချက်က သူ့ကိုယ်သူ ခံရသူလို့ကြွေးကြော်နိုင်ဖို့ပဲ။ ဒီလိုမှမလုပ်ရင်လည်း ကိစ္စတွေပေါက်ကြားသွားတဲ့အခါ ခန်းကျန့်ရဲ့လှည့်ကွက်ထဲကျရှုံးသွားလိမ့်မယ်။ ကိုယ်ခန္ဓာရောင်းစားတဲ့ မကောင်းတဲ့အကောင်ဆိုပြီး သနားဖို့ကောင်းစွာအဆုံးသတ်သွားရလိမ့်မယ်။ ဒါကြောင့် လိမင်နဲ့လိရှားတို့စက်ကွင်းကလွတ်ဖို့ရာ လင်းချန်ယွမ်က ကြိုတင်ပြင်ဆင်နေခဲ့ရပါတယ်။
သူက သူ့ရဲ့တန်ပြန်တိုက်ခိုက်မယ့်လုပ်ရပ်အတွက် နည်းနည်းလေးတောင် အပြစ်ရှိသလိုမခံစားခဲ့ရဘူး။ လိရှားသောင်းကျန်းတဲ့နေ့မှာ သူက လုံခြုံရေးနှစ်ယောက်နဲ့အတူ ရဲစခန်းကိုလိုက်သွားပြီး ခြိမ်းခြောက်မှု၊အကျပ်ကိုင်မှုတွေနဲ့ ခန်းကျန့်ကို တရားဝင်အမှုဖွင့်ခဲ့ပါတယ်။
ခန်းကျန့်ကတော့ ဒီကလေးကုလားကွက်တွေကိုမြင်ပြီး ငိုရမလား ရယ်ရမလားတောင် မသိတော့ဘူး!!
ဒီလိုမျိုးယုံတမ်းပုံပြင်တွေကို ယုံတဲ့သူရှိပါ့မလား!?
အဲဒိနေ့က လင်းချန်ယွမ်တစ်ယောက် လုံခြုံရေးတွေနဲ့ထွက်သွားတာကိုမြင်ပြီး ခန်းကျန့်က အေးစက်စက်ရယ်မောခဲ့သေးတယ်။ သူက တိုင်ချင်သလိုတိုင်ကြ စိတ်လည်းမပူဘူး။ လင်းချန်ယွမ် သူ့ကိုသစ္စာဖောက်ရတဲ့အချက်က လိမင်ကိုကြောက်လို့လုပ်တာမှန်းလည်းသိတယ်။ ဒါပေမယ့် ခြိမ်းခြောက်တယ်!? အကျပ်ကိုင်တယ်!? အတင်းအဓမ္မလုပ်တယ်တဲ့လား!? မဟုတ်တမ်းတရားတွေ! လင်းချန်ယွမ်မှာသက်သေအစစ်ရှိလိမ့်မယ်လို့ သူ မယုံဘူး! ဒါကြောင့် တိုင်ချင်သပဆိုရင်လည်း စိတ်ကြိုက်သာတိုင်ကြ!! သူ့ဘက်ကလည်း ဈေးအကြီးဆုံး၊အကောင်ဆုံးရှေ့နေငှားပြီး ဖြူစင်မှုကိုသက်သေပြမယ်!!
ရုံးရောက်ဂတ်ရောက် တရားစွဲကိစ္စတွေမှာ ခန်းကျန့်တစ်ယောက် ပေ့ါပေါ့လေးတွေးနေတာ ထူးဆန်းတယ်ထင်ရပေမယ့် အမှန်တကယ်တော့ သူ့မှာ အဲဒိ့ကိစ္စတွေကိုအာရုံစိုက်ဖို့အချိန် ရှိကိုမရှိတာပါ။
လူတစ်အုပ်နဲ့လိရှား သူ့တိုက်ခန်းမှာလာမွှေသွားပြီးကတည်းက ယောက္ခမတွေရဲ့စွန့်ပစ်ခြင်းကို ခံလိုက်ရပြီးပြီ။ သူ ကြိုးစားတည်ဆောက်ခဲ့တဲ့ ကျော်ကြားမှုတွေ၊ဂုဏ်သတင်းတွေဆိုတာလည်း သတင်းထောက်တွေရဲ့လက်ချက်ကြောင့် ရေစုန်မျောသွားခဲ့ပြီးပြီ။
သူ့အတင်းအဖျင်းစကားတွေ ထုတ်လွှင့်ခံလိုက်ရတဲ့အချိန်မှာ အပေါ်ယံလူရှုပ်လူပွေလေးဖြစ်ပေမယ့် အတွင်းမှာသစ္စာရှိတဲ့ပုံစံ သူ့ပုံရိပ်က လုံးဝကိုဖျက်ဆီးခံလိုက်ရပြီး လူမဆန်တဲ့မကောင်းဆိုးဝါးကောင်အဖြစ်ကိုပြောင်းလဲသွားတယ်။ ဒါမှမဟုတ် ဒိထက်လည်းပိုဆိုးလိမ့်ဦးမယ်။ သရုပ်ဆောင်မင်းသားအဖြစ် သူ့အသက်မွေးဝမ်းကြောင်းအလုပ်ကိုလည်း ဆိုးဆိုးရွားရွားထိခိုက်ခဲ့ပါတယ်။
လိရှားကွာရှင်းခွင့်တရားစွဲပြီးတဲ့အချိန်မှာတော့ လိမင်က အားလုံးကိုတပ်လှန့်ထားခဲ့တယ်။ ခန်းကျန့်ကိုအလုပ်ပေးတဲ့လူ ဟာမိုနီအင်တာတိန်းမန့်ရဲ့ရန်သူ ဆိုပြီးတော့ပါ။
ဒါပေမယ့် ခန်းကျန့်ကတော့အေးဆေးပါပဲ။ သူက လိရှားကို ရေရှည်မကြည့်တဲ့မိန်းမ၊ အားနေရန်လိုနေတဲ့မိန်းမ ဆိုပြီးတောင် အပြစ်တင်ခဲ့သေးတယ်။ အဲဒိဦးနှောက်မရှိတဲ့မိန်းမက အဆိုးအကောင်း ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိဘူး။ သူက လင်းချန်ယွမ်ရှေ့မှာ ဟိတ်ဟန်ထုတ်ရုံလေးပဲလေ။ နောက်ပိုင်း လိရှားကို ပြန်ချော့ပေးပြီး နှစ်သိမ့်ပေးချင်လည်းပေးဦးမှာ။ ဒါပေမယ့် အခုတော့ ကိစ္စတွေက ဒီအခြေအနေထိရောက်ကုန်တယ်။ နောက်ပြန်လှည့်လို့လည်း မရတော့ဘူး။ လိရှားရဲ့ မိုက်မဲမှုတွေ၊ ကမူးရူးထိုးလုပ်တတ်တာတွေကို သူတကယ်မုန်းခဲ့ပါတယ်။
အခုချိန်မှာတော့ အွန်လိုင်းနဲ့ မီဒီယာချန်နယ်အမျိုးမျိုးပေါ်မှာ လူအားလုံးက ခန်းကျန့်ကိုလက်ညှိုးထိုးအပြစ်တင်စွပ်စွဲခဲ့ကြတယ်။
ဒီသတင်းကိုကြားတဲ့လူတိုင်းပြောကြတာက..
…. ခန်းကျန့်ကိုကြည့်ပါဦး.. အပြင်ပန်းက ရိုးပုံရိုးရဲ့နဲ့ အတွင်းထဲမှာတော့ ရွံစရာကောင်းလောက်အောင် ပုပ်ပွနေလိုက်တာ!...
…. လင်းချန်ယွမ်က သူ့ဒဏ်ကိုခါးစီးခံနေရတယ်၊ အေးပေါ့လေ အခြားသူတွေ သူ့လိုမဖြစ်တော့ဘူးပေါ့!...
…. ဒီလိုအဆင့်မရှိတဲ့ကောင်မျိုးကို အနုပညာလောကထဲက ကန်ထုတ်လိုက်သင့်တာ၊ တသက်လုံးလုပ်စားဖို့စိတ်မကူးနဲ့တော့….
***
အထက်ပါအပြစ်တင်စွပ်စွဲချက်တွေအားလုံးက ခန်းကျန့်လှည့်စားတာကိုခံရလို့ ပိုင်လန် အရင်ဘဝမှာကြုံတွေ့ခဲ့ရတဲ့ ပြစ်တင်စွပ်စွဲချက်တွေနဲ့ တစ်ထပ်တည်းပါပဲ။
ဒါကြောင့် ဒီသတင်းတွေကိုမြင်နေခဲ့ရတဲ့ ပိုင်လန်ရဲ့ခံစားချက်တွေလည်း ရှုပ်ထွေးနေခဲ့တယ်။
ချိုးချန်လည်း ဒါကိုသတိထားမိတယ်။ ဒါကြောင့် ပိုင်လန့်လက်ထဲကသတင်းစာကိုဆွဲယူရင်း တစ်ဖက်ကိုလုံးထွေးပစ်တင်လိုက်တယ်။ ပြီးတော့ ပိုင်လန့်ကို လက်မောင်းထဲဆွဲဖက်လိုက်ပါတယ် “ကြည့်မနေနဲ့၊ ဒင်းက သူ့အပြစ်သူခံရတာ၊ ကိုယ့်ဒုက္ခကိုယ်ရှာတဲ့နေရာမှာတော့ ဆရာကြီးပဲ”
ပိုင်လန်က ချိုးချန်ရင်ခွင်ထဲမှာမှီပြီး သက်ပြင်းချပါတယ် “ခံစားချက်ကြီးကထူးဆန်းနေတယ်၊ အရင်ဘဝတုန်းကလည်း သူ ကျွန်တော့်ကို ဒီလိုမျိုးလှောင်နေခဲ့မှာပဲနော်”
ချိုးချန်က ဒီစကားတွေကို ဆက်မကြားလိုတော့ဘူး။ သူက ပိုင်လန့်မေးစေ့ကိုဆွဲမော့ရင်း အနမ်းပြင်းပြင်းပေးလိုက်ပါတယ်။ သူ့လျှာက ပိုင်လန့်ခံတွင်းထဲတိုးဝင်သွားပြီး နေရာအနှံ့နယ်မြေချဲ့ထွင်နေတယ်။ အဆုံးသတ်မှာ ပိုင်လန်က ညည်းညူသံပြုပြီးအသက်ရှုမဝ ဖြစ်တော့မှပဲ လွှတ်ပေးလိုက်တော့တာ။
ချိုးချန်က သူ့နှုတ်ခမ်းတွေကို သုံးလေးငါးခါလျက်နေပါသေးတယ် “အခုရက်ပိုင်း ကိုယ် လူလွှတ်ပြီး ခန်းကျန့်ကိုစောင့်ကြည့်ခိုင်းထားတယ်၊ မင်းလည်း သတိဝီရိယနဲ့နေနော်”
“ကျွန်တော်က သူနဲ့အဆက်အသွယ်မရှိတာမှ ကြာလှပြီကို” ပိုင်လန်ရဲ့အသက်ရှုသံတွေက အနည်းငယ်တော့မြန်နေတုန်းပဲ “ပြီးတော့ ခင်ဗျားရဲ့အကွက်တွေဆိုတာလည်း လျှို့ဝှက်ပိရိလွန်းနေတာ၊ ကျွန်တော်နဲ့လာပတ်သက်မှာ မဟုတ်ပါဘူး”
ပိုင်လန်ရဲ့လေသံက လုံးဝကိုသေချာနေတဲ့လေသံနဲ့။ ချိုးချန်ကလည်း ဒါကိုကြားပြီး ပြီးခဲ့တဲ့ရှော့ပင်းမောလ်ဖွင့်ပွဲတုန်းက ခန်းကျန့်ရဲ့ထူးထူးဆန်းဆန်းအကြည့်တွေကို သွားပြေးသတိရတယ်။ သူက ပိုင်လန့်ကို ဒီအကြောင်း အသိပေးလိုက်သင့်လား မသင့်လား တွေဝေနေပါတယ်။ သူက ပိုင်လန့်ကို အသိလည်းပေးချင်တယ်၊ ဒါပေမယ့် ခန်းကျန့်အကြောင်းကိုလည်း နည်းနည်းလေးတောင် ခေါင်းထဲမရောက်စေချင်ဘူး။ ဒီခံစားချက်နှစ်ခုကလွန်ဆွဲနေတော့ ချိုးချန်ရဲ့မျက်မှောင်ကြီးလည်း အကြာကြီးကျုံ့နေခဲ့တာပေါ့။
ပိုင်လန်က အခြေအနေကိုရိပ်စားမိပါတယ် “ဘာဖြစ်နေတာလဲ?”
ချိုးချန်က ဘာမှပြန်မပြောဘူး။ သူက ဒီလူသားကို ရင်ခွင်ထဲပဲဆွဲဖက်ထားတယ်။
သူတို့ရဲ့ဘဝတွေ ရစ်ပတ်နှောင်ဖွဲ့လာလေလေ ချိုးချန်ရဲ့ အလိုလိုက်ချင်တာတွေ၊ စိုးရိမ်ပူပန်နေရတာတွေ၊ ပိုင်ဆိုင်လိုစိတ်တွေသာ ဒီ့ထက်ပိုပြီးခိုင်မာလာလေလေ ဖြစ်ခဲ့ပါတယ်။
***
လိရှားရဲ့သောင်းကျန်းမှုအပြီးမှာ ခန်းကျန့်က တွေ့သမျှလူဝိုင်းဆဲတာခံနေရတဲ့ လမ်းပေါ်ကကြွက်တစ်ကောင်လိုဖြစ်သွားခဲ့တယ်။ ဒါပေမယ့် သူ့နှလုံးသားထဲကခံစားချက်တွေကတော့ အတော်လေးခိုင်မာနေတုန်းပါပဲ။
သူ့လက်ထဲမှာ စွမ်းအားပြင်းအနိုင်ကွက်တစ်ခုရှိသေးတယ်လေ။ ဘယ်တော့မှအရှုံးမရှိနိုင်တဲ့ သိန်း(၅၀၀)တန်စာချုပ်တစ်ခု သူ့လက်ထဲမှာရှိနေသေးတယ်။ နှစ်တိုင်းမှာ အမြတ်ငွေ (၅၀)%ရမယ်။ လာမယ့်သုံးလေးရက်နေရင်တောင် ပထမဦးဆုံးအမြတ်ငွေ သူ့အကောင့်ထဲဝင်လာတော့မှာ။
ပထမလမှာ သိန်း(၂၀)၊ ဒုတိယလမှာ သိန်း(၄၀)၊ တတိယလမှာ သိန်း(၆၀) ….. နောက်တစ်နည်းပြောရရင် ရှေ့တစ်နှစ်လုံး အလုပ်မလုပ်ဘဲထိုင်စားရင်တောင် ဘာပြဿနာမှရှိမှာမဟုတ်ဘူး။ ပြီးပြည့်စုံတဲ့ရင်းနှီးမြှပ်နှံမှုတစ်ခုနဲ့တင် ဆယ်နှစ်စာလောက် အေးဆေးနေနိုင်နေပြီ။
ဒါကြောင့် လုံခြုံခိုင်မာမှုအပြည့်သူ့ဘဝမှာ မီဒီယာတွေဘယ်လောက်ဆဲဆဲ ခန်းကျန့်တို့ကတော့ အော်ပဲထိုင်ရယ်နေလိုက်တော့မယ်။ သူ့နှလုံးသားထဲတွေးနေတာက .. မင်းတို့တွေ ဘယ်အချိန်ထိများ လိုက်ဆဲနေဦးမှာလဲ စောင့်ကြည့်လိုက်ဦးမယ်ပေါ့။ ဒီကာလတွေပြီးဆုံးသွားရင် သူ့အလုပ်ဟောင်းကိုလည်း ပြန်လုပ်စရာမလိုတော့ဘူး။ စီးပွားရေးလောကသစ်ထဲကို ခြေစုံပစ်ဝင်တော့မှာ။ လောကမှာပိုက်ဆံရှိရင် အရာအားလုံးပြည့်စုံနေပြီ။ နာမည်လေးနည်းနည်းလေးရနေတဲ့ ရုပ်ရှင်မင်းသားအလုပ်ကို သောက်ဂရုကိုမစိုက်ဘူး!!
ဒါကြောင့် ခန်းကျန့်က လက်ထဲကျန်တဲ့ငွေတစ်သိန်းနဲ့ ဟိုတယ်မှာဇိမ်ယူနေခဲ့တယ်။ ရှေ့နေရုံးခန်းအချို့တောင်လျှောက်သွားပြီး ဈေးမသေးတဲ့ရှေ့နေအချို့ရှာလာကာ လိရှားရဲ့ကွာရှင်းတဲ့အမှုနဲ့ လင်းချန်ယွမ်ရဲ့စွပ်စွဲချက်တွေကို ကူညီဖြေရှင်းစေခဲ့တယ်။
ဟိုပြေးသည်းပြေးနဲ့တက်ကြွနေခဲ့တဲ့ခန်းကျန့်တစ်ယောက် ပထမဦးဆုံးအသုတ်အမြတ်ငွေတွေ သူ့အကောင့်ထဲဝင်လာဖို့ စိတ်အားထက်သန်စွာမျှော်လင့်စောင့်စားနေတုန်းမှာပဲ ချိုးချန်ရဲ့လှုပ်ရှားမှုကလည်း အကောင်အထည်ပေါ်ခဲ့ပါတယ်။
အဲဒိနေ့က သတင်းတွေမှာကြေငြာနေခဲ့တယ်..
“ရင်းနှီးမြှပ်နှံဖို့အလွန်ကောင်းသောအိမ်ခြံမြေကုမ်ပဏီအား ရဲဘက်မှရှာဖွေသိမ်းဆည်း!! ငွေစာရင်းအကုန်ပိတ်သိမ်း!!”
“ဒါရိုက်တာအဖွဲ့ဝင်အားလုံး တရားမဝင်ငွေကြေးခဝါချမှုနှင့်အဖမ်းခံရ!!”
***
“ဒါဆို ငါ့ပိုက်ဆံတွေဘယ်ရောက်သွားတာလဲ!? ငါရမယ့်အမြတ်ငွေတွေဘယ်ရောက်သွားတာလဲ!?”
“မနက်ဖြန်ထုတ်ပေးရမှာ မဟုတ်ဘူးလား!? အဲဒါငွေဖြူငွေမည်းလုပ်တာနဲ့ ဘာဆိုင်လို့လဲ!?”
“သူတို့တရားစွဲခံရတာ သူတို့ကိစ္စလေ!! ငါ့ပိုက်ဆံတွေက တရားဝင်ရင်းနှီးမြှပ်နှံထားတာ”
“ငါ့မှာစာချုပ်ရှိသေးတယ် ရပြီမဟုတ်ဘူးလား!? မင်းတို့ ငါ့ပိုက်ဆံကိုပြန်ပေးကိုပေးရမှာ!!”
“ငါမသိဘူး!! စောက်ရေးမပါတာတွေလာမပြောနဲ့!! ငါ့ပိုက်ဆံအကြောင်းကိုပဲမေးနေတာ!! ငါ့ပိုက်ဆံတွေဘယ်ရောက်သွားတာလဲ…!?”
ခန်းကျန့်ရဲ့မျက်လုံတွေက နီနေတယ်။ သူက ဖုန်းကိုဆုပ်ကိုင်ထားပြီး အကျယ်ကြီးအော်ပါတယ်။ ဒါပေမယ့် ဆုံးအောင်တောင်မအော်ရသေးဘူး၊ တစ်ဖက်ကလူက နားပူမခံနိုင်တဲ့ပုံနဲ့ ဖုန်းချလိုက်တယ်။
ခန်းကျန့်က နောက်တစ်ကြိမ်ထပ်ခေါ်ပေမယ့် လိုင်းမအားတာနဲ့ပဲ တိုးနေပါတယ်။ အဲဒိနေ့ကစပြီးလည်း ဖုန်းအားတယ်လို့ ဘယ်တော့မှမရှိတော့ပါဘူး။
ဒီအချိန်မှာ ခန်းကျန့်တစ်ယောက်နားလည်သွားပါပြီ။ သူ့အိပ်မက်တွေ တစ်စစီပြိုလဲပျက်ဆီးသွားပြီ ဆိုတာကိုပေါ့!!
ပိုက်ဆံသိန်း(၅၀၀)! သူ့ပိုက်ဆံသိန်း(၅၀၀)!!
အကုန်လုံးကို ရင်းနှီးမြှပ်နှံပစ်လိုက်တာ!! အခုတော့ အရိပ်အယောင်လေးတောင် မမြင်ရတော့ဘူး!!
ခန်းကျန့်တစ်ကိုယ်လုံး ချွေးစေးအေးအေးတွေရွှဲနစ်လာခဲ့တယ်။ ခြေတွေလက်တွေလည်း မလှုပ်မရှားနိုင်ပျော့ခွေနေပြီ။ ဒါပေမယ့်လည်း လက်မလျှော့နိုင်သေးလို့ ကိုယ့်ကိုကိုယ်အားတင်းရင်း ဦးထုပ်လေးကိုဆောင်း၊ နေကာမျက်မှန်လေးကိုတပ်ပြီး ကုမ်ပဏီကိုထွက်လာခဲ့တယ်။
ဒါပေမယ့် တွေ့လိုက်ရတဲ့မြင်ကွင်းကတော့ ရင်ဝဆီးကန်လိုက်သလိုပါပဲ။
ကုမ်ပဏီအဆောက်အဦးကြီးရဲ့အဝတည့်တည့်မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့လူတစ်စုကို တားဆီးနေတဲ့ ရဲတစ်အုပ်ရှိတယ်။ ရဲသားဆယ်ယောက်က ကုမ်ပဏီရဲ့အဝင်တံခါးမှာ မဝင်ရဆိုပြီးကြိုးတန်းဆွဲကာနေတယ်။ ရဲအချို့ကတော့ ရှေ့တက်လာတဲ့လူအုပ်ကြီးကိုတားနေပြီး နောက်ထပ်ရဲတွေကတော့ သက်သေအထောက်အထားတွေကို အဆောက်အဦးထဲကနေ ပုံးကြီးပုံးငယ်နဲ့သယ်ယူနေကြပါတယ်။
အဆောက်အဦးရှေ့ကလူအုပ်ကြီးက ဒေါသတွေနဲ့တုန်လှုပ်ခြောက်ခြားနေကြတယ်။ သူတို့ထဲကအချို့က မြေကြီးပေါ်ဖင်ထိုင်ချပြီး ငိုယိုအော်ဟစ်ကြပါတော့တယ်။
“လူမဆန်လိုက်တဲ့ဟာတွေ!! ငါ့ပိုက်ဆံပြန်ပေးးးးကြစမ်း!! လူလိမ်တွေ သေသင့်တဲ့ဟာတွေ နင်တို့တွေလူမဟုတ်ဘူး!!”
“ရဲတွေဘာလုပ်နေတာတုန်း!! ငါတို့ပိုက်ဆံတွေကအထဲမှာလေ ငါတို့ကိုဝင်ခွင့်ပေး ငါတို့ပိုက်ဆံတွေပြန်ထုတ်ပေး!!”
“ဟုတ်ပါတယ်!! ငါတို့သွေးတွေချွေးတွေနဲ့ရှာထားရတဲ့ပိုက်ဆံတွေ! အမလေး.. မိသားစုချွေးနည်းစာလေးတွေ ငါတို့ဘယ်လိုအသက်ရှင်ရတော့မလဲ!!”
“ငါသေမယ်ဆိုရင်တောင် ငါ့ပိုက်ဆံပြန်ရမှဖြစ်မယ်!! နောက်ပိုင်းဘယ်လိုလုပ်ရပါ့မလဲ အား!!”
ခန်းကျန့်ရဲ့နှလုံးခုန်သံတွေမြန်လာတယ်။ သူက အဖြစ်အပျက်တွေကိုကြည့်နေတဲ့လူအုပ်ကြားထဲ တိုးဝင်သွားရင်း ရှေ့ဆုံးရောက်အောင်တိုးလိုက်တယ်။ ပြီးတော့ ရှေ့ဆုံးမှာရပ်ကြည့်နေတဲ့အန်တီကြီးတစ်ယောက်ကို မေးလိုက်ပါတယ် “အန်တီ.. ဒီမှာဘာတွေဖြစ်နေတာလဲဟင်?”
အန်တီကြီးက ရပ်ကြည့်နေတာအတော်ကြာပြီဖြစ်လို့ အဖြစ်အပျက်တွေကိုလည်း ရှင်းလင်းနေပြီ “ကုမ်ပဏီကလိမ်စားသွားတယ်လို့ထင်တာပဲ၊ အခုခေတ်မှာ အလိမ်ဆင်တွေလည်းပေါမှပေါ၊ အန်တီတောင် အန်တီ့အိမ်နီးနားချင်းလောင်ဝမ်ဆီကကြားပြီး လောကကြီးမှာဒီလောက်ကောင်းတဲ့ကုမ်ပဏီ ရှိသေးတယ်လားလို့ သူ့ကိုမေးမိလိုက်သေးတယ်၊ အခုတော့ကြည့်ဦး.. စကားနားမထောင်ဘဲလုပ်ချင်ရာလုပ်တာ၊ ဟော အခု ရဲတွေက နေရာကိုချိတ်ပိတ်လိုက်ပြီ၊ အထဲကဟာတွေ တစ်ခုမှထိခွင့်မပေးတော့ဘူး၊ အန်တီကတော့ သူ့ပိုက်ဆံတွေ ဘယ်တော့မှပြန်မရတော့ဘူးလို့ထင်တယ်၊ အင်း အလွယ်လိုက်ချင်တာကိုး၊ လူတွေ လူတွေ လူတွေ လောဘကြီးလိုက်ကြတာ..”
ခန်းကျန့်တစ်ကိုယ်လုံးတောင့်တင်းသွားပါတယ်။
ပြန်မရတော့ဘူး? ဘယ်တော့မှပြန်မရနိုင်တော့ဘူး!!??
ဒါဆိုဘဏ်ချေးငွေတွေကို ဘယ်လိုလုပ်ကြမလဲ? ငွေတိုးချေးတဲ့အတိုးတွေကို ဘယ်လိုလုပ်ရပါ့မလဲ? လတိုင်းလတိုင်း အတိုးသိန်းငါးဆယ်လောက်ပေးနေရတာ!! သူဘယ်လိုလုပ်ရတော့မလဲ!! လက်ထဲရှိတဲ့ပိုက်ဆံတွေတော်တော်များများလည်း သုံးလို့ကုန်ပြီ။ ပြန်တွက်ကြည့်ရင် အခု သူ့ဆီမှာ တစ်သောင်းလား… နှစ်သောင်းလားပဲကျန်တော့တယ်၊ ဒီတစ်ပတ်ဟိုတယ်ခတောင်လောက်ပါတော့မလား!? သူ သူ ဘာလုပ်သင့်သလဲ!?
ခန်းကျန့်က သူ့အတွေးနဲ့သူ သွေးပျက်နေခဲ့တယ်။ ဘေးနားကအန်တီကြီးကတော့ သူ့စကားပြန်မလာလို့ စိတ်ဆိုးမာန်ဆိုးနဲ့ ဟိုဘက်လှည့်သွားပါတယ်။ ဒါပေမယ့် ခဏအကြာမှာ သူမကထပြောပါတယ် “အိုက်ယိုး ကောင်လေး.. မင်းက ဟို သတင်းထဲမှာပါတဲ့ ဆန်ကုန်မြေလေးအကောင်နဲ့အတော်တူတာပဲ၊ ဘာတဲ့.. သူ့နာမည်က ဘာကျန့်ဆိုလား!? ဟား ဟား ..မင်းလည်း အဲ့ကောင်နဲ့တူလို့ အခုတလောတော်တော်အပြောခံနေရမှာပဲနော်!?”
အန်တီကြီးရဲ့စကားသံကိုကြားပြီး ဘေးပတ်လည်ကလူတွေက လှည့်ကြည့်လာကြတယ်။ သူတို့ရဲ့မီးဝင်းဝင်းတောက်နေတဲ့မျက်လုံးတွေက ခန်းကျန့်ဆီဦးတည်လာတယ်။ ခန်းကျန့်က မသိလိုက်မသိဖာသာ နောက်ဖက်ကိုသုံးလေးလှမ်းလောက်ဆုတ်မိပေမယ့် အနောက်မှာရပ်နေတဲ့လူတွေနဲ့ဝင်တိုက်မိလေတယ် “မဟုတ်ဘူး၊ မဟုတ်ပါဘူး၊ ခင်ဗျား လူမှားနေပြီ….”
ဖြစ်ရပ်ကိုဝိုင်းကြည့်ရှုနေတဲ့လူတွေက ကြင်နာသနားတတ်တဲ့လူတွေမဟုတ်ပါဘူး။ သူတို့တွေက ပိုပြီးတော့တောင် ဆိုးရွားလာပါတယ် “အိုက်ယား မင်းက တကယ်ပဲအဲ့ကောင်လား!? ကြည့်စမ်းပါဦး ဖြူဖျော့သွားလိုက်တာ ရှက်နေတာပဲဖြစ်ရမယ်! နေပါဦး အဲ့ကောင်က ထွက်ပြေးသွားပြီမဟုတ်ဘူးလား!?”
လူတွေရဲ့ပြောသံတွေကိုကြားပြီး အားလုံးက စပ်စုလိုစိတ်နဲ့စုပြုံလာကြတယ်။ သူတို့က လက်ညှိုးတထိုးထိုးနဲ့ စတင်ပြောဆိုကြပါတယ်။
“တကယ်ကြီးဟ! ဦးထုပ်နဲ့နေကာမျက်မှန်အောက်က မျက်နှာနဲ့ခေါင်းကိုကြည့်၊ တကယ်လားမသိဘူး!?
“မှန်တယ်၊ သူ မဟုတ်ဘူးဆိုရင် အဲလောက်ကြီးမူပျက်နေစရာအကြောင်းမရှိဘူး! သူ့ဦးထုပ်ချွတ်ပြီးကြည့်လိုက်ကြပါလား!”
“ဟား.. အဲ့ကောင်သာဆိုရင်တော့ မိုးနတ်မင်းကြီးက အလွတ်မပေးဘူးပဲ! မိန်းကလေးတစ်ယောက်ရဲ့ခံစားချက်ကို လိမ်ညာလှည့်စားတဲ့ကောင်၊ အခုတော့ သူ့ပိုက်ဆံတွေလိမ်ခံလိုက်ရပြီလေ!!”
“ဟား ဟား ဟား! ဟုတ်တယ် ဟုတ်တယ်!! ဝဋ်ဆိုတာနောက်ဘဝမကူးဘူး!! ဒီလိုကောင်မျိုးက ဒီလိုပဲဖြစ်သင့်တာ ဟား!”
ရန်လိုနေတဲ့လူအုပ်ကြီးရဲ့ တွန်းထိုးတာကိုခံရလို့ ခန်းကျန့်တစ်ကိုယ်လုံး ဇောချွေးတွေနဲ့တုန်လှုပ်ခြောက်ခြားလာတယ်။ အခုသူက ပြိုလဲကျတော့မတတ်ပဲ။ ဘေးနားက လူတစ်ယောက်ချင်းစီတိုင်းက အမဲဖြတ်ချင်နေကြတဲ့ မကောင်းဆိုးဝါးအုပ်စုကြီးလိုပဲ။ ဒါက ခန်းကျန့်ရဲ့ဆင်ခြင်တုံတရားတွေကို ပျောက်ဆုံးသွားစေခဲ့တယ်။ သူကိုယ်တိုင် အရူးလုံးလုံးဖြစ်သွားသလိုပဲ။ သူက လူအုပ်ကြီးထဲကိုဝင်တိုးရင်း ဖောက်ထွက်ဖို့ကြိုးစားတယ်!!
“ဟေး! ဘာလို့ လူကြားထဲဝင်တိုးတာတုန်း!!”
“နာတယ်ဟ!! ရူးနေလားအကောင်ရဲ့!!
“တကယ့်ကိုကြောက်လန့်တကြားဖြစ်နေတာပဲ!! ဆွဲထားစမ်းသူ့ကို!!”
“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်!! ဖမ်းထား!! သူက ဟိုလူမဆန်တဲ့အကောင် မှန်တယ်!!”
လူအုပ်ကြားထဲတွန်းထိုးဆွဲလွဲနေရင်း ခန်းကျန့်ရဲ့ဦးထုပ်နဲ့နေကာမျက်မှန်က ဆွဲချွတ်ခြင်းကိုခံလိုက်ရပါတယ်။ အာမေဋိတ်သံတွေလည်း ထွက်လာတာပေါ့ “ခန်းကျန့်ဟုတ်တယ်ဟေ့!!” “ထင်တောင်မထင်ထားဘူး!!” ခန်းကျန့်မှာ တန်ပြန်တိုက်ခိုက်ဖို့ အားအင်တစ်စက်လေးမှတောင်မရှိဘူး။ သူသိတာတစ်ခုက ဒီနေရာကနေ ဝေးနိုင်သမျှ ဝေးဝေးကိုထွက်ပြေးရလိမ့်မယ်!!
ဒါပေမယ့် ဒါတွေက ဒီနေ့မှာခန်းကျန့်ရင်ဆိုင်ရတဲ့ ကြောက်စရာအကောင်းဆုံးဖြစ်ရပ်တွေ မဟုတ်သေးဘူး။
ခန်းကျန့်က နောက်ဆုံးမှာလူအုပ်ကြားထဲကထွက်ပြေးပြီး ဟိုတယ်ပြန်ရောက်လာခဲ့တယ်။ ရောက်ရောက်ချင်းမှာပဲ မြေအောက်လောကရဲ့ငွေတိုးချေးစားသူအစ်ကိုခွန်းနဲ့ နောက်လိုက်နောက်ပါတစ်စုကို ဟိုတယ်လော်ဘီမှာ တွေ့လိုက်ရပါတယ်။ သူတို့က ဧည့်ကြိုကောင်တာမှာမတ်တပ်ရပ်ပြီး ဟိုတယ်ဝန်ထမ်းကို မေးခွန်းတွေမေးနေတယ်။
သူ့ရှေ့ကမြင်ကွင်းကြောင့် ခန်းကျန့်ခြေထောက်တွေပျော့ခွေသွားလေရဲ့။
သူက လော်ဘီထဲက ခပ်မြန်မြန်ပြန်ထွက်လာခဲ့ရတယ်။ အစ်ကိုခွန်းတွေ့သွားမှာတွေ၊ မတွေ့သွားမှာတွေ ဂရုမစိုက်အားဘူး၊ ချက်ချင်းပဲနောက်ပြန်လှည့်ရင်း အရူးတစ်ယောက်လို နေရာကထွက်ပြေးခဲ့ရတယ်။
မြေအောက်လောက ငွေတိုးချေးစားသူတွေအကြောင်း ခန်းကျန့်ကြားဖူးတယ်။ သူတို့က လက်ချောင်းတွေကိုဖြတ်ပစ်တယ်၊ မူးယစ်ဆေးစွဲအောင်လုပ်တယ်၊ ပြည့်တန်ဆာအဖြစ်ခိုင်းစေတယ်၊ မဟုတ်တာမှန်သမျှအကုန်လုပ်ခိုင်းတယ်!! အရင်က ခန်းကျန့်တွေးခဲ့တာက လစဉ်ရမယ့်သူ့ရဲ့အမြတ်ငွေ သိန်း(၂၀၀)နဲ့ဆိုရင် အတိုးသိန်းငါးဆယ်လောက်ကိုတော့ ကြိမ်းသေပေါက်ပေးနိုင်မှာပဲဆိုပြီး စွန့်စားဖို့ဆန္ဒရှိခဲ့တာ။ ဒါပေမယ့် အခုတော့….အခုတော့….
ဘာကြောင့်..ဘာကြောင့် ဒီလိုတွေဖြစ်လာရတာလဲ!?
ခန်းကျန့်က ထွက်ပြေးနေတုန်းပါပဲ။ သူ့နှလုံးသားထဲမှာလည်း ကြောက်ရွံ့ခြင်းနဲ့အတူ ဒေါသတွေလည်း ပေါက်ဖွားလာတယ်။
သူက ဦးတည်ရာမရှိဘဲပြေးနေတယ်။ ပြေးရလွန်းလို့ အဆုတ်တွေလည်းနာလာပြီး အသက်ရှုလို့လည်းမရတော့ဘူး။ နှလုံးဆိုတာလည်း ရင်ဘတ်ထဲကခုန်ထွက်တော့မတတ် တဒုန်းဒုန်းနဲ့ခုန်နေတယ်။ ခြေထောက်တွေကပျော့ခွေနေခဲ့တယ်။ ခန်းကျန့်က နောက်ဆုံးမှာ လမ်းကြားလေးတစ်ခုထဲပြေးဝင်လာခဲ့တယ်။
သူက ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိဘူး။ အနီးနားကအမှိုက်ပုံးတစ်ခုကို ကန်မိလာလို့ အထဲက ညစ်ပတ်တဲ့အရည်တွေလည်း သူ့အဝတ်တွေမှာစွဲနေလေရဲ့။
အခုချိန်မှာ ခန်းကျန့်က အသက်တောင်ဝဝမရှုနိုင်ဘူး။ သူက နံရံကိုမှီပြီး ဆက်တိုက်ချောင်းဆိုးနေခဲ့တယ်။
ဒါပေမယ့် သူပြေးဝင်လာခဲ့တဲ့လမ်းကြားလေးကတော့ သူကြောင့် အုတ်အော်သောင်းနင်းမဖြစ်သွားပါဘူး။ နဂိုအတိုင်းသက်ဝင်လှုပ်ရှားဆဲပါပဲ။
ဒီနေရာက A မြို့ရဲ့ဆင်ခြေဖုံး ဆင်းရဲသားရပ်ကွက်တွေထဲကတစ်ခုပါ။
လမ်းကြားလေးထဲမှာ တိုက်ခန်းတွေက သေးငယ်ပြီးပြွတ်သိပ်ကျပ်ညပ်နေတယ်။ လူတွေက ဧည့်ခန်းထဲမှာထိုင်နေကြပြီး နေရာပိုရအောင်လို့ အဝင်ဝတံခါးတွေကိုဖွင့်ထားကြတယ်။ အများစုကတော့ သူတို့ရဲ့စားပွဲတွေထိုင်ခုံတွေကို အိမ်အပြင်ဘက်က လမ်းကြားလေးထဲမှာထုတ်ထားတယ်။ ဒါက ပြွတ်သိပ်ပြီးညစ်ပတ်ရှုပ်ပွနေတဲ့ ရွာငယ်လေးနဲ့ဆင်တူပါတယ်။ နောက်ပြီး အိမ်ထဲကတီဗွီသံတွေက အပြင်ကိုလျှံထွက်နေလို့ အိမ်နီးချင်းသုံးလေးအိမ်လောက်အထိကို ကောင်းကောင်းကြီးအနှောင့်အယှက်ပေးနိုင်တယ်။
ဒီအချိန်မှာ အပြင်မှာထုတ်ထားတဲ့တီဗွီတစ်ခုက သီချင်းတွေပြီးဆုံးသွားလို့ ကြော်ငြာစကားအချို့တက်လာတယ်။
“မိုးကောင်းကင်နဲ့ကမ္ဘာမြေကြီးကိုသက်သေတည်၍.. ရုန်အဲမှ.. သင့်အတွက်”
ခန်းကျန့်က ရုတ်တရက်ခေါင်းမော့ကြည့်မိတယ်။
တီဗွီစကရင်ပေါ်မှာက လေယာဉ်မောင်ယူနီဖောင်းလေးကိုဝတ်ဆင်ထားတဲ့ ပိုင်လန်။ သူ့အပြုံးတွေက အလွန်တရာရင်းနှီးနွေးထွေးလွန်းတယ်။
ပိုင်လန်က ခါတိုင်းလိုပဲ ကြည်လင်ရှင်းသန့်ပြီးလှပနေတုန်းပဲ။
အားလန်….
ဟုတ်တယ်။ အခုချိန်မှာ အားလန်တစ်ယောက်ပဲ သူ့ကိုကယ်တင်နိုင်မှာ။
…………………………