(57) ရှန်ဂရီလာ
Viewers 62k

(57) ရှန်ဂရီလာ 

ငြိမ့်ညောင်းသာယာလွန်းတဲ့အသံတွေက နားစည်ကိုဖြတ်ပြီးဝင်ရောက်လာတယ်။ ဂျတ်ဇ်ဂီတသံခပ်တိုးတိုးပျံ့လွင့်နေတဲ့ ပတ်ဝန်းကျင်က စိတ်ကျေနပ်စရာကောင်းလှပါတယ်။

အခန်းကျယ်ကြီးက နူးညံ့ပျော့ပျောင်းတဲ့ဆိုဖာကူရှင်တွေ၊ သစ်ချသားထိုင်ခုံပရိဘောဂတွေနဲ့ လိုက်ဖက်စွာပနံရနေပြီး အလွန်တရာအဆင့်အတန်းမြင့်မားမှုကိုဖော်ပြနေတယ်။ ပတ်ပတ်လည်မှာက အောက်ခြေကြမ်းခင်းကနေ မျက်နှာကျက်ထိမြင့်မားတဲ့ မှန်ပြတင်းပေါက်တွေရှိတယ်။ နေရာက အဆောက်အဦးအထပ်မြင့်မှာတည်ရှိတဲ့အတွက် ဟိုးအဝေးကမြို့ပြရဲ့ညရှုခင်းကို ပြတင်းပေါက်တွေကတဆင့် ရင်သတ်ရှုမောဖွယ်မြင်တွေ့နေရပါတယ်။ ဒီနေရာကတော့ သာမန်လူလက်မခံဘဲ မမ်ဘာဝင်တွေသာဝင်ခွင့်ပြုတဲ့ နာမည်ကြီးညနေခင်းကလပ် “ရှန်ဂရီလာ” ဖြစ်ပါတယ်။

လင်းချန်ယွမ်က ဝိုင်မီနူးစာအုပ်ကို အသေအချာလေးပြန်ချလိုက်တယ်။ ပြီးတော့ သူ့ရဲ့မက်မွန်ပွင့်မျက်ဝန်းတွေကို ခပ်ကျယ်ကျယ်ဖွင့်ရင်း ဘေးဘီကိုကြည့်နေပါတယ်။ သူ့စိတ်ထဲမှာတော့ နေမထိထိုင်မထိဖြစ်နေလေရဲ့။

မျက်နှာချင်းဆိုင်ကခန်းကျန့်က အခြားဝိုင်မီနူးစာအုပ်ကို ကိုင်ထားတုန်းပဲ။ စာအုပ်ထဲမှာပြထားတာက ဈေးအပေါဆုံးဝိုင်တောင်မှ ယွမ်(၁၀၀၀)ရှိတယ်။ ဆိုဒါရေတစ်ခွက်ကိုတောင် ယွမ်(၁၀၀)တဲ့။ ခန်းကျန့်က ဈေးနှုန်းတွေကိုကြည့်ပြီး အနည်းငယ်တွန့်သွားပေမယ့် ဟန်ကိုယ့်ဖို့လုပ်ရင်း အပေါဆုံးထက် နည်းနည်းပိုဈေးများတဲ့ ဝိုင်တစ်ခွက်ကို မှာလိုက်ပါတယ်။ ပြီးတော့ ဆန့်ကျင်ဖက်မှာထိုင်နေတဲ့လင်းချန်ယွမ်ကိုကြည့်ပြီး မေးလိုက်တယ် “မင်းရော?”

လင်းချန်ယွမ်က ဘားတစ်ပတ်လည်လုံးကို သမင်လည်ပြန်လိုက်ကြည့်နေတုန်းပဲ။ သူက ခန်းကျန့်အမေးကိုကြားပြီး ခပ်မြန်မြန်ပဲ ခေါင်းယမ်းလိုက်တယ် “အစ်ကိုကြိုက်တာမှာပါ”

ခန်းကျန့်ကပြုံးတယ်။ သူက ပုံစံတူဝိုင်နောက်တစ်ခွက်မှာပြီး ဝိတ်တာကိုလက်ခါပြလိုက်ပြီးမှ လင်းချန်ယွမ်ဘက်လှည့်ပြောပါတယ် “ရှောင်ယွမ်..ပေါ့ပေါ့ပါးပါးပဲနေ၊ နောက်ပိုင်းလည်း ကိုယ်တို့တွေ ဒီကို မကြာခဏလာမှာ”

သူတို့ဘေးပတ်လည်ကလူတွေအားလုံးက စကားကိုတိုးတိုးသာသာပြောဆိုနေကြပြီး တစ်ချက်တစ်ချက်မှာ ညင်သာတဲ့ခွက်တိုက်သံ တချွင်ချွင်ကိုလည်း ဟိုတစ်စသည်တစ်စ ကြားနေရသေးတယ်။ ဒါက လင်းချန်ယွမ်ကို ပိုလို့မသက်မသာဖြစ်စေပါတယ်။ သူက လေသံကိုထပ်လျော့ချလိုက်သေးတယ် “အစ်ကိုခန်း.. အစ်ကိုက စီးပွားရေးလုပ်ဖို့ ဒီကိုမကြာခဏလာရတာလား၊ ဒီနေရာက တကယ့်ကို..ပထမတန်းစားပဲ၊ ကျွန်တော်အမှားလုပ်မိလိုက်လို့ အစ်ကိုခန်းမျက်နှာပျက်မှာစိုးတယ်” 

ခန်းကျန့်က ခါတိုင်းလိုပဲ ဆိုဖာခုံပေါ် အေးအေးလူလူမှီထိုင်နေတယ် “မင်း ဘာမှမပူနဲ့၊ နောက်ပိုင်းနေသားကျသွားရင် အဆင်ပြေသွားလိမ့်မယ်၊ ဒီကိုလာတဲ့လူတွေက အဲ့လောက်ကြီးရှိန်ရမယ့်လူတွေမဟုတ်ဘူး၊ သူတို့က ပိုက်ဆံလေးပေါလွန်းတာတစ်ခုပဲ.. ဒါပဲ၊ … ဒါပေမယ့် မင်းမှာပိုက်ဆံအများကြီးမရှိဘူးဆိုရင်တောင် ရှန်ဂရီလာအဖွဲ့ဝင်ဖြစ်ချင်သေးတယ်ဆိုရင် အခြားမမ်ဘာတစ်ယောက်ကို မိတ်ဆက်ပေးခိုင်းလို့လည်းရသေးတယ်၊ သူတို့က မင်းရဲ့ကိုယ်ရေးအချက်အလက်ကိုစစ်ပြီး လက်ခံပေးလိမ့်မယ်၊ ဒီလိုမှမဟုတ်ရင်တော့ မမ်ဘာဖြစ်ဖို့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် သုံးကြိမ်အရင်လာဖြုန်းပေးရလိမ့်မယ်”

“ဒါဆို အစ်ကိုခန်းလည်း ဒီကမမ်ဘာတစ်ယောက်ပဲလား? ဝါး..မိုက်တယ်ဗျာ!” လင်းချန်ယွမ်ရဲ့မျက်ဝန်းလေးတွေက လေးစားအားကျခြင်းတွေနဲ့ ပြည့်နှက်သွားပါတယ်။

“ကိုယ်က မမ်ဘာမဟုတ်သေးပါဘူး၊ ဒါပေမယ့် မကြာခင်ဖြစ်လာတော့မှာ၊ ရှောင်ရွှီက အစ်ကိုတုန်ကို မိတ်ဆက်ပေးခိုင်းထားတာ၊ အဲဒိအကြောင်းပြောမှ ဒီလဆိုရင် ကိုယ့်မမ်ဘာကဒ်ရသင့်နေပြီ” ခန်းကျန့်က စကားတွေပြောရင်း ရင်အစုံကိုငွားငွားစွင့်ဖွင့်ထားတယ်။

“ဟုတ်လား… ဒါဆို မမ်ဘာဖြစ်ရင်ရော ခံစားခွင့်တွေအများကြီးရမှာလား၊ ကျွန်တော် အစောကလေးတင် ဝိုင်ဈေးတွေကြည့်လိုက်တာ ဈေးကြီးလွန်းလို့ လဲသေချင်စိတ်တောင်ပေါက်တယ်” ခုဏတုန်းက သူပြောလိုက်တဲ့စကားကို ခန်းကျန့်တစ်ယောက် အလွန်မနောခွေ့သွားမှန်း လင်းချန်ယွမ်ကသိတယ်။ ဒါကြောင့် ဖောလိုးလိုက်ရင်း တစ်ဖက်သားကျေနပ်စေမယ့်စကားတွေကိုသာ ရွေးပြောပါတယ်။

ခန်းကျန့်မျက်နှာကြီးက ချက်ချင်းပဲ အပျော်တွေဖုံးမရဖိမရဖြစ်သွားတယ် “ဒီနေရာရဲ့အရေးကြီးဆုံးအချက်က ဝိုင်မဟုတ်ဘူး ရှောင်ယွမ်ရဲ့၊ အဆက်အသွယ်ကွ၊ ဒီကိုလာတဲ့သူဌေးတွေနဲ့ရင်းနှီးလို့ရမယ်၊ အဲဒိကနေတဆင့် အလုပ်အကိုင်အခွင့်အလမ်းတွေရမယ်၊ ပိုက်ဆံများများပိုရှာနိုင်တာပေါ့၊ အဲဒါကမှ ဒီနေရာကိုလာရခြင်းရဲ့တကယ့်တန်ဖိုး” ခန်းကျန့်တစ်ယောက် လင်းချန်ယွမ်ကိုကြိုက်နှစ်သက်ရခြင်းရဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ လင်းချန်ယွမ်က အမြဲတမ်းသူ့ကိုလေးစားအားကျနေတာကြောင့်ဖြစ်တယ်။ သူ့အပေါ်အမြဲအထင်သေးတဲ့လိရှားလိုမဟုတ်ဘူး။

“သြော် ဒီလိုလား” လင်းချန်ယွမ်က ခေါင်းညိတ်တယ်။ ပြီးမှ ပတ်ပတ်လည်ကိုငေးကြည့်ပြန်ရင်း “အခုဒီမှာ အစ်ကိုခန်းနဲ့သိတဲ့ သူဌေးတွေဘာတွေများရှိနေလား? သွားနှုတ်ဆက်စရာလိုသေးလား?”

ခန်းကျန့်က ဘေးဘီကိုစူးစမ်းလိုက်တယ်။ ကလပ်ထဲမှာ ရှောင်ရွှီမိတ်ဆက်ပေးလို့ သိကျွမ်းခဲ့တဲ့ လူအချို့ရှိတယ်။ ဒါပေမယ့် အခုချိန်မှာ သူတို့တွေအားလုံးက ပါတနာတွေနဲ့စကားပြောနေကြပြီး သူ့ကိုမမြင်ဟန်ပြုနေကြတယ်။ သူတို့ကို သွားနှုတ်ဆက်သင့်သလား၊ မဆက်သင့်ဘူးလား ခန်းကျန့်က မသေချာဘူး။ အခု သူက ရှောင်ရွှီသင်ပေးထားတဲ့အရာတွေကို ပြန်စဉ်းစားနေမိတယ်။

အချင်းချင်းပဲစကားတွေပြောဆိုနေတဲ့သူဌေးတွေကိုမြင်ရတာ ခန်းကျန့်ရင်ထဲ လူရာမဝင်သလိုခံစားနေရတယ်။ နောက်ပြီး လင်းချန်ယွမ်လည်း သူ့ဘေးနားမှာရှိနေတော့ အရဲမစွန့်လိုက်ချင်ဘူး။ သွားနှုတ်ဆက်ပြီးမှ အရှက်မကွဲချင်ဘူးလေ။ ခန်းကျန့်က ချီတုံချတုံဖြစ်နေတယ်။ ဒီအချိန်ကွက်တိမှာပဲ ဝိတ်တာတစ်ယောက်က ဝိုင်လာပို့တာကြောင့် ခန်းကျန့်က အခွင့်အရေးမှာ စကားလမ်းကြောင်းလွှဲလိုက်ပါတယ် “အဲ့မှာ သောက်၊ ကိုယ်က မင်းကို မျက်စိပွင့်နားပွင့်ဖြစ်အောင် ဒီကိုခေါ်လာတာ၊ ဒီညရဲ့ဇာတ်လိုက်က မင်းပဲ”

လင်းချန်ယွမ်ရဲ့အပြုံးတွေက ပိုလို့တောင်သိသာထင်ရှားလာတယ် “ကျေးဇူးတင်ပါတယ် အစ်ကိုခန်း!”

ခန်းကျန့်က လင်းချန်ယွမ်မျက်လုံးထဲက ယုံကြည်ကိုးစားမှုတွေကိုမြင်ပြီး အလွန်တရာစိတ်ကျေနပ်သွားပါတယ်။ သူက ဝိုင်တစ်ငုံစမ်းသောက်လိုက်တယ်။ ဒါပေမယ့် ဝိုင်အရသာက ပေးရတဲ့ဈေးနဲ့တန်ရဲ့လားလို့ ဆန်းစစ်ချိန်တောင်မရလိုက်ဘူး၊ ရုတ်တရက်ပဲ ပတ်ဝန်းကျင်က ရုန်းစုရုန်းစုဖြစ်လာတယ်။

နဂိုတိတ်ဆိတ်နေတဲ့အသံတွေက ကျယ်ကျယ်ကျယ်ကျယ်ဖြစ်လာတယ်။ လူတစ်ချို့ကဆို မတ်တပ်ထရပ်ပြီး ကလပ်ဝင်ပေါက်ဆီကိုလျှောက်သွားကြတယ်။ ဒါက အင်အားကြီးတဲ့သူဌေးကြီးတစ်ဦးရောက်လာလို့ပဲဖြစ်ရမယ်။ ခန်းကျန့်က ခေါင်းလှည့်ရင်း စပ်စပ်စုစုမျှော်ကြည့်လိုက်ပါတယ်။

သူက အစပိုင်းတော့ လူတစ်စုလွဲလို့ ရှင်းရှင်းလင်းလင်းမမြင်ရဘူး။ “အိုး ခင်ဗျားလည်းလာတာလား?” “ခင်ဗျားဘယ်လိုဖြစ်လို့ရောက်လာတာလဲ?” “ကြွပါ ကြွပါ ကျွန်တော်တို့က စောင့်နေတာပါ!” စတဲ့အသံတွေပဲကြားနေရတယ်။ ဒါပေမယ့် ခဏအကြာ နှုတ်ဆက်သံတွေအဆုံးမှာတော့ လူတွေက ကိုယ့်နေရာကိုယ်ပြန်သွားကြရင်း လူအုပ်ကြီးထဲက ချိုးချန်နဲ့ပိုင်လန်ကို ရုတ်တရက်မြင်လိုက်ရလေတယ်။ သူတို့နှစ်ယောက်ရဲ့ရှေ့မှာက အပြုံးပန်းတွေဖောဖောသီသီဆင်မြန်းထားတဲ့ လူလတ်ပိုင်းအမျိုးသားတစ်ယောက်ရှိတယ်။ အဲဒိလူက ရှောင်ရွှီ သူ့ကိုမိတ်ဆက်ပေးထားတဲ့ ကလပ်မန်နေဂျာဆိုတဲ့လူမှန်း ခန်းကျန့်သိပါတယ်။

ဒါပေမယ့် တစ်ခဏလေးအတွင်းမှာပဲ ကလပ်မန်နေဂျာဆိုသူရဲ့လှုပ်ရှားမှုတွေကရော၊ ချိုးချန်ဘေးနားကလူတွေကိုရော ဘယ်အရာကမှ ခန်းကျန့်အာရုံထဲဝင်မလာတော့ဘူး။ သူ့ရဲ့စိတ်အာရုံတစ်ခုလုံးက ပိုင်လန့်ကိုယ်ခန္ဓာပေါ်ကလွဲလို့ ဘယ်မှမရောက်တော့ဘူး။ ပိုင်လန့်တစ်ကိုယ်စာလွဲလို့ ဘယ်အရာမှ မမြင်တော့ဘူး။

ချိုးချန်က သူ့ဘေးနားကလူတွေနဲ့နှုတ်ဆက်စကားဆိုနေတယ်။ ပိုင်လန်ကတော့ သစ်ချသားတွေနဲ့ချည်းတည်ဆောက်ထားတဲ့ ဝိုင်ဘားကို စူးစမ်းလေ့လာနေလေရဲ့။

သူက အရောင်ဖျော့ဖျော့ရှပ်အင်္ကျီတစ်ထည်ကိုဝတ်ဆင်ထားပြီး လက်တစ်စုံက ဘောင်းဘီအိတ်ကပ်ထဲထည့်ထားတယ်။ ခန်းကျန့်ရဲ့မျက်လုံးထဲမှာ မတွေ့တာကြာပြီဖြစ်တဲ့ပိုင်လန်က လန်းဆန်းတက်ကြွနေပြီး ကျော့မော့နေပါတယ်။ 

ခန်းကျန့်က နေရာမှာမလှုပ်နိုင်မရှားနိုင် ကြက်သေသေသွားပါတယ်။ ဒါပေမယ့် သူက ကိုယ့်ကိုကိုယ်တော့ ဘာဖြစ်သွားမှန်း နားမလည်လိုက်ဘူး။ သူ့နှလုံးသားထဲ အစွန်းနှစ်ဖက်ကိုလွန်ဆွဲနေတဲ့ခံစားချက်တွေ ရုတ်တရက်ရောက်လာတာကိုပဲ သိလိုက်တယ်။ ပိုင်လန် သူ့ကိုတွေ့သွားစေချင်မိတယ်၊ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ မတွေ့လည်းကောင်းတာပဲလို့ ထင်လိုက်ပြန်ရော။

ဒီအချိန်ရောက်လာတာတောင်မှ ခန်းကျန့်က ပိုင်လန့်အပေါ်မှာထားရှိတဲ့ သူ့ခံစားချက်တွေကို ရေရေရာရာမသိသေးဘူး။

ပိုင်လန်ရဲ့ကံကောင်းမှုတွေကို သူအမြဲတမ်းမနာလိုဖြစ်မိတယ်။ ပစ္စည်းမက်တဲ့ပိုင်လန်ရဲ့ရုပ်ဝါဒသဘောထားကို သူအသေအလဲမုန်းမိတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ နှလုံးသားထဲကနှစ်သက်မြတ်နိုးမှုတွေကလည်း ဘယ်တော့မှပျောက်ကွယ်မသွားဘူး။ နောက်ပြီး အရှက်တရား..သစ္စာဖောက်ခဲ့မိလို့ ပိုင်လန့်ရှေ့မှာလည်း သူ့အရှက်တွေဗြန်းဗြန်းကွဲခဲ့ရဖူးတယ်။ ဒီလို မညီမျှတဲ့ခံစားချက်တွေအားလုံးက ခန်းကျန့်နှလုံးသားထဲ ထိုးစစ်ဆင်နေကြတယ်။ ဒါကြောင့် အခုချိန်မှာ ပိုင်လန့်ကိုလျှပ်တပြက်လေးတွေ့လိုက်မိတဲ့အခါ သူ့ဝင်သက်ထွက်သက်တွေတောင်မှားသွားရတယ်။

ဒီအချိန်မှာ ရုတ်တရက်ပဲ ပိုင်လန့်မျက်ဝန်းလေးက သူ့ဆီရောက်လာတယ်။ ခန်းကျန့်ရဲ့နှလုံးသားလေးလည်း အပြင်းအထန်လှုပ်ရှားသွားတာပေါ့။

ဒါပေမယ့် ပိုင်လန်တစ်ယောက် မမြင်ချင်ယောင်ဆောင်လိုက်မယ်လို့တော့ သူ မထင်လိုက်မိဘူး။ အကြည့်တွေက ခပ်မြန်မြန်ပဲရောက်လာပြီး ခပ်မြန်မြန်ပဲပြန်ထွက်သွားတယ်။ ဘာအမူအရာမှမရှိတဲ့သာမန်အကြည့်တွေက လေဟာနယ်ကိုမြင်လိုက်ရသလိုမျိုး အဝေးပြန်ရောက်သွားပါတယ်။

သိမ်ငယ်ရတဲ့အရှက်ကွဲမှုလှိုင်းလုံးကြီးက ခန်းကျန့်ရင်ထဲ နောက်တစ်ကြိမ်ဝင်ဆောင့်ပြန်တယ်။

ဒါက ဆုရမယ်ထင်လို့ပြင်ဆင်မတ်တပ်ထရပ်ပြီးကာမှ နာမည်အခေါ်မခံလိုက်ရသလိုပဲ။ လူဘုံအလယ်မှာ မျက်နှာပျက်ရတယ်၊ အရှက်ကွဲရတယ်၊ ဒေါသထွက်ရတယ် အဲ့သလိုခံစားချက်တွေအတိုင်းပဲ။

ဒါပေမယ့် ခန်းကျန့်ကတော့ မျက်စိမလွှဲနိုင်သေးပါဘူး။ 

ဒီအချိန်မှာ နှုတ်ဆက်ပြီးသွားတဲ့ချိုးချန်က ပိုင်လန့်ဘေးနားရောက်လာတယ်။ သူက ခေါင်းကိုငုံ့ပြီး ပိုင်လန့်ကိုစကားသုံးလေးခွန်းလောက်ပြောလိုက်တယ်။ ပြီးနောက်မှာတော့ လက်တစ်ဖက်က ပိုင်လန့်ခါးကိုဖက်ရင်း ကလပ်မန်နေဂျာဦးဆောင်တဲ့နောက် လှေကားပေါ်ကိုတက်သွားကြလေတယ်။

လှေကားက ဘားရဲ့တစ်ဖက်မှာရှိတယ်။ ဒီလှေကားကနေတက်သွားပြီးရင်တော့ စပါယ်ရှယ်ဂုဏ်ပြုခံဧည့်သည်တွေအတွက် အနားယူစရာ ထပ်ခိုးအခန်းတွေရှိမှန်း ခန်းကျန့်သိပါတယ်။ အခန်းတွေက သီးသန့်ဆန်ပြီး ပိုပြီးပြည့်စုံတဲ့လှတဲ့ညရှုခင်းကို ကြည့်ရှုခံစားနိုင်တယ်။ ဒါက ဗီအိုင်ပီထဲမှာမှ ဗီအိုင်ပီတွေအတွက် အထူးဆားဗစ်ပေးတာပါ။

အပေါ်တက်သွားတဲ့လူတစ်စုကို ခန်းကျန့်လိုက်ကြည့်မိနေတာ လင်းချန်ယွမ်ရဲ့အသံတွေ သူ့အတွေးထဲ ဝင်မလာခင်အထိပဲ။

“အစ်ကိုခန်း! အစ်ကိုခန်း! အဆင်ပြေရဲ့လား ဘာလို့ဘာမှပြန်မပြောတာတုန်း!?”

“အခုတက်သွားတာ ပိုင်လန်မလား သူလည်းဒီကိုလာတတ်တယ်ပေါ့၊ သူ့ဘေးနားကလူက သူဌေးချိုးဖြစ်ရမယ်၊ သူဌေးချိုးက ဓါတ်ပုံတွေထဲကထက်တောင် ပိုကြည့်ကောင်းသေးတယ်…”

“အရင်တုန်းက လူတော်တော်များများကပြောကြတယ်၊ ကျွန်တော်က ပိုင်လန်နဲ့နည်းနည်းဆင်တယ်တဲ့၊ ဟဲ ဟဲ အစပိုင်းကတော့ လက်ခံပါသေးတယ် ဒါပေမယ့် နောက်ပိုင်းကျတော့ တူတယ် တူတယ်ချည်း ပြောခံနေရတာ စိတ်ညစ်လာတယ်လေ၊ အဲဒါကြောင့် ဆာဂျရီနည်းနည်းလုပ်လိုက်တာ….”

သူ့စကားတွေက ခန်းကျန့်စိတ်ထဲ ဒီဘက်နားကဝင်ပြီး ဟိုဘက်နားကပြန်ထွက်သွားလေရဲ့။  ခန်းကျန့်က လုံးဝကို နားထောင်မနေဘူး။ 

နောက်ပိုင်းအချိန်တွေမှာလည်း သူ့မျက်လုံးတွေက အပေါ်ထပ်ကအခန်းတွေဆီပဲရောက်နေတာ။

အထူးသဖြင့် ဝိတ်တာတွေက အပေါ်တက်လိုက်အောက်ဆင်းလိုက် လုပ်နေတဲ့အချိန် မြင်ကွင်းကိုကာထားတဲ့တံခါး ခဏတဖြုတ်ဖွင့်လာတဲ့အချိန်တွေမှာပဲ။

အခုတော့ သူက ဈေးကြီးလွန်းလို့ လက်တွန့်မိခဲ့ရတဲ့ ဝိုင်ကိုတောင်မှ တစ်ခွက်ပြီးတစ်ခွက်မှာသောက်မိနေပြီ။

ဝိုင်အရည်တွေ သူ့အစာအိမ်ထဲကိုဝင်လာမှ နှလုံးသားထဲက အမည်တပ်မရတဲ့ခံစားချက်တွေ ထိန်းချုပ်နိုင်သလိုပေါ့။

***

ဒီလိုနည်းနဲ့ တစ်ခွက်ပြီးတစ်ခွက်သောက်လိုက်တဲ့အခါ  အမူးလွန်ပြီးအသိစိတ်ပျောက်သွားတဲ့ခန်းကျန့်ကို လင်းချန်ယွမ်က လိုက်တွဲပေးနေရတယ်။ 

ကလပ်မန်နေဂျာလည်း အသောက်များလို့ ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ဧည့်သည်ကိုမြင်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်မှာစိုးတာကြောင့် ညအိပ်ဖို့ဧည့်သည်ခန်းတစ်ခန်းဖွင့်ပေးလိုက်တယ်။ ပြီးတော့မှ ဧည့်သည်ကို အတင်းအကျပ်ရော ချော့မော့ပြီးပါ အခန်းထဲထိုးထည့်လိုက်ပါတယ်။

နာရီဝက်လောက်အကြာမှာ ခန်းကျန့်နဲ့လင်းချန်ယွမ်တို့နှစ်ယောက်သားက သက်တောင့်သက်သာရှိလှတဲ့ ဟိုတယ်ခန်းကြီးထဲရောက်နေပြီ။ ယာယီကဒ်ကိုင်ထားဆဲဧည့်သည်တွေဖြစ်တာတောင်မှ ဇိမ်ခံအခန်းကျယ်ကြီးထဲမှာ အနားယူနေရပါပြီ။

လင်းချန်ယွမ်က ခန်းကျန့်ကို ကုတင်ပေါ်မှာအိပ်ဖို့ကူညီပေးပြီး အပြင်ဝတ်ကိုချွတ်ပေးနေတာကြောင့် သူ့ခမျာ ကလပ်ကပေးတဲ့ဆားဗစ်ကောင်းကောင်းတွေကို ခံစားဖို့တောင်အချိန်မရှိဘူး။ ဖေးမကူညီရင်း မောဟိုက်နေပြီ။ ဒီအချိန်မှာ အိပ်ရာပေါ်ပက်လက်ဖြစ်နေတဲ့ခန်းကျန့်က ရုတ်တရက်ကုန်းထလိုက်ပြီး လင်းချန်ယွမ်ကိုတက်ဖိလိုက်တယ်။ သူက အရက်မူးမူးကြမ်းကြမ်းတမ်းတမ်းနဲ့ လင်းချန်ယွမ်အဝတ်အစားတွေကို လိုက်ချွတ်နေပါတယ်။

အမှန်အတိုင်းပြောရရင် လင်းချန်ယွမ်ရဲ့ပထမဦးဆုံး “အဲ့ဒါ” လုပ်တဲ့အချိန်က သူတို့နှစ်ယောက်လုံးမူးနေတာ။ သူက မူးမူးနဲ့ခုခံအားမဲ့နေတော့ မူးချင်ယောင်ဆောင်နေတဲ့ခန်းကျန့်ရဲ့အမြတ်ထုတ်တာကို ခံလိုက်ရတယ်။ ဒါကြောင့် သူ့မျက်စိရှေ့ကခန်းကျန့် ဒီလိုတွေလုပ်နေတာကိုမြင်ပြီး လင်းချန်ယွမ်အံ့သြမနေတော့ဘူး။ တစ်ဖက်လူရဲ့အရက်နံ့က သည်းမခံနိုင်လောက်အောင် နံလွန်းနေတာလေးတစ်ခုပဲ။ ဒီနေ့ညမှာတော့ လင်းချန်ယွမ်က အရက်လည်းသိပ်မသောက်ထားဘဲ အသိစိတ်လေးလည်းရှိသေးတာကြောင့် ခန်းကျန့်အပြုအမူတွေကို မနှစ်မြို့နိုင်စိတ်ပျက်လက်ပျက်ဖြစ်နေတယ်။ သူက ခန်းကျန့်ကို တွန်းချပစ်လိုက်ချင်ပေမယ့်လည်း တစ်ဖက်လူရဲ့အားအင်အောက်မှာ မရုန်းနိုင်ဘဲ နေရာမှာစွဲနေအောင်ဖိထားခြင်းခံနေရပါတယ်။

“ငြိမ်ငြိမ်နေ− မလှုပ်နဲ့−” ခန်းကျန့်ရဲ့မျက်လုံးတွေက နီရဲနေပြီး အသံတွေက အာလေးလျှာလေးဖြစ်နေတယ်။

“အစ်ကိုမူးနေရင်လည်း အနားယူ−” လင်းချန်ယွမ်က တွန်းထိုးနေရင်း စကားပြောဖို့ကြိုးစားတယ်။ ဒါပေမယ့် စကားတောင်မဆုံးသေးဘူး၊ ခန်းကျန့်က သူ့ပါးစပ်ကိုဖိပိတ်ပစ်လိုက်တယ်။

အနမ်းတွေက အရက်နံ့တထောင်းထောင်းနဲ့ ကြမ်းတမ်းပြီးနာကျင်ရတယ်။ သက်တောင့်သက်သာတစ်စက်လေးမှရှိမနေဘူး။ လင်းချန်ယွမ်က လှုပ်ရှားတယ်၊ရုန်းကန်တယ်၊ ခေါင်းကိုဟိုဘက်လှည့်ဖို့ကြိုးစားတယ်။ ဒါပေမယ့် မေးရိုးကိုခပ်ကြမ်းကြမ်းဆွဲညှစ်တာခံရပြီး ကိုက်ခံလိုက်ရပါတယ်။

“အွန်း..ဟင့်အင်း…!!” လင်းချန်ယွမ်က ရုန်းကန်မြဲရုန်းကန်ဆဲပဲ။ သူက ရှိသမျှအားအင်အကုန်ထုတ်ပြီး ခန်းကျန့်ကို တွန်းထုတ်လိုက်တယ်။

အရက်မူးပြီး ဇဝေဇဝါဖြစ်နေတဲ့ခန်းကျန့်က ခုခံချိန်မရလိုက်ဘူး။ ဘေးဘက်ကို ပြုတ်ကျသွားတယ်။ ဒါပေမယ့် သူက လေတစ်ချက်ရှုသွင်းလိုက်ပြီး မျက်လုံးတွေလည်း ပိုလို့တောင်နီလာတယ်။ သူက လင်းချန်ယွမ်ရဲ့မျက်နှာကို အားပြင်းပြင်းနဲ့ရိုက်ပြီးမှ အော်ထဲ့လိုက်တယ် “ငါ မင်းကိုငြိမ်ငြိမ်နေလို့ပြောရင် ငြိမ်ငြိမ်နေလိုက်ပေါ့!! ကြားလား!!”

နောက်ထပ် “ဖြန်း” ခနဲအသံထွက်လာပြန်တယ်။

လင်းချန်ယွမ်ရဲ့မျက်နှာက ရိုက်ခံလိုက်ရလို့ တစ်ဖက်ကိုလည်ထွက်သွားတယ်။ နှုတ်ခမ်းက ပေါက်ပြဲလို့ သွေးတွေထွက်လာပြီး ခေါင်းကမူးနောက်မူးနောက်ဖြစ်သွားတယ်။

သူတို့တွေပထမဦးဆုံးအကြိမ်လုပ်ခဲ့ကြတုန်းကတောင် မူးနေတဲ့လင်းချန်ယွမ်က ရုန်းကန်ခဲ့သေးပေမယ့် အခုလိုတော့ ကြမ်းကြမ်းတမ်းတမ်းမဆက်ဆံခံခဲ့ရဘူး။ ဒါပေမယ့် အခုတော့ သူ့ရှေ့ကခန်းကျန့်က ဒေါသတကြီးနဲ့ သူ့လက်တွေကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတာ သွေးမလျှောက်နိုင်တော့လို့ ထုံတောင်ထုံနေပြီ။ လင်းချန်ယွမ်တစ်ယောက် ထိတ်လန့်တုန်လှုပ်နေပါပြီ “အစ်… အစ်ကိုခန်း….”

“ငြိမ်ငြိမ်နေ−” ခန်းကျန့်က သူ့မျက်လုံးထဲကိုကြည့်လာပြီး ပြာနှမ်းနှမ်းအသံနဲ့ပြောပါတယ် “မှောက်လိုက်! ခြေထောက်တွေကားထား−”

လင်းချန်ယွမ်က ခက်ခက်ခဲခဲတံတွေးမြိုချလိုက်နေရပြီ။ သူက အသက်ရှုအောင့်ထားရင်းမှာပဲ ခန်းကျန့်ရဲ့ဒေါသတကြီးအကြမ်းဖက်မှုကို ခံလိုက်ရတယ်။ သူ့နှလုံးသားလေးက ခုန်ထွက်တော့မတတ်ဖြစ်နေပေမယ့် ကိုယ်ခန္ဓာကတော့ ခန်းကျန့်ညွှန်ကြားမှုအောက်မှာ လိုက်ပါလှုပ်ရှားနေရတယ်။

ဒိနောက်မှာတော့ သူက မခံမရပ်နိုင်လောက်အောင် သဲကြီးမဲကြီးလုပ်ခံလိုက်ရပြီး  ဖြူဖျော့နေတဲ့မျက်နှာထားနဲ့ အံကြိတ်လက်ခံဖို့ကလွဲပြီး ဘာမှမရှိခဲ့ဘူး။

ဒါပေမယ့်လည်း ဒါတွေအားလုံးက ဒီနေ့ညမှာ လင်းချန်ယွမ်ကြုံတွေ့ရတဲ့ ထိတ်လန့်စရာအကောင်းဆုံးဖြစ်ရပ်တွေမဟုတ်သေးဘူး။ 

သူက ဆိုးရွားလွန်းလှတဲ့နာကျင်မှုတွေကို မျက်ရည်စက်လက်နဲ့ခံစားနေရတုန်းမှာပဲ မယုံနိုင်စရာကောင်းလှတဲ့အသံတစ်ခုကို အမှတ်မထင်ကြားလိုက်ရပါတယ်။

စကားသံတွေက အရက်မူးမူးနဲ့မိန်းမောနေတဲ့ ခန်းကျန့်ဆီကထွက်လာတာပါ။

“…….အားလန် အိုး…အားလန်….”

***

နောက်တစ်နေ့မှာတော့ နှစ်ဦးသား ကလပ်ကနေထွက်လာကြတဲ့အချိန်မှာ သာမန်ထက်ပိုဖြူဖျော့နေတဲ့လင်းချန်ယွမ်မျက်နှာက သူ မနေ့ကမီးကုန်ယမ်းကုန်ကြမ်းလိုက်တာကြောင့်ဖြစ်မယ်လို့ ခန်းကျန့်ကထင်လိုက်တယ်။ ဒါကြောင့် အပြုံးလေးနဲ့ ချော့မော့နှစ်သိမ့်လိုက်ပေမယ့် လင်းချန်ယွမ်ရဲ့အာရုံတွေကတော့ အခြားနေရာကိုပျံ့လွင့်နေပုံရတယ်။

လာမယ့်နေ့ရက်တွေမှာလည်း ခန်းကျန့်က ဒီလူကို အိပ်ရာပေါ်မှာ အပျော့ဆွဲဆွဲဖို့ကြိုးစားပါတယ်။ ဒါပေမယ့် လင်းချန်ယွမ်ကတော့ အဲဒိညတုန်းကရထားတဲ့ဒဏ်ရာတွေကနာနေသေးတယ်လို့ ဆင်ခြေပေးတယ်။

ခန်းကျန့်က လင်းချန်ယွမ်ကို မျက်နှာတစ်ချက်မညှိုး အတော်လေးအလိုလိုက်လွန်းလှတဲ့ပုံစံနဲ့ ပြောဆိုဆက်ဆံတယ်။ ဒါကြောင့် နာနေသေးတယ်လို့ ပြောသံလည်းကြားရော နှစ်သိမ့်တဲ့စကားချိုချိုလေးတွေအများကြီးသုံးပြီး ပြောဆိုနှစ်သိမ့်တယ်။ အဲဒိအချိန်မှာပဲ ရုတ်တရက်ကြီး လင်းချန်ယွမ်က ဖြည်းဖြည်းချင်းပြောလာတယ် “ခန်းကျန့်..အစ်ကိုလည်းသိတာပဲ၊ အစ်ကိုက ပိုက်ဆံလည်းအများကြီးရှာနိုင်တယ်၊ ကျွန်တော့်ဆီလည်း ခဏခဏလာတယ်၊ အစ်ကို ဘာလို့တိုက်ခန်းတစ်ခန်းလောက်မဝယ်လဲ၊ ကျွန်တော့်ဒီတိုက်ခန်းစာချုပ်က ကုန်ခါနီးနေပြီ၊ အစ်ကို အိမ်ခန်းတစ်ခန်းလောက်ရှာပြီးဝယ်လိုက်ပါလား၊ ကျွန်တော်တို့ ပိုသက်တောင့်သက်သာနေရတာပေါ့”

“အိမ်ခန်းတစ်ခန်းဝယ်ရမယ်?” ခန်းကျန့်က ငွေကုန်မယ့်အကြောင်းကြားပြီး မျက်မှောင်ကြီးကိုချက်ချင်းကျုံ့လိုက်တယ်။

“အင်း.. တိုက်ခန်းတစ်ခန်းဆိုရင်ပဲရပါပြီ” လင်းချန်ယွမ်ကပြောတယ် “ငှားခတွေက အဲ့လောက်ဈေးကြီးတာ၊ ငှားမယ့်ငွေကို အရစ်ကျဝယ်တဲ့အခါပေးပြီးရင် နောက်ပိုင်းက နည်းနည်းချင်းစီပဲထပ်ပေးရတော့မှာ၊ ပိုက်ဆံကုန်ပေမယ့်တန်ပါတယ်၊ အိမ်စာချုပ်မှာ အစ်ကို့နာမည်ထည့်လို့အဆင်မပြေရင် ကျွန်တော့်နာမည်ထည့်လို့ရတယ်၊ ဟုတ်တယ်မလား၊ အစ်ကိုလည်း အခုတောင် ဘေးခန်းကစားသောက်ဆိုင်က ဆီနံ့တွေ မီးခိုးနံ့တွေနဲ့ ညှော်တယ်ဆို၊ ကျွန်တော်တို့ ဒိထက်ကောင်းတဲ့နေရာကိုပြောင်းကြမယ်လေ”

“ဒါက..” ခန်းကျန့်က နှုတ်ဆိတ်သွားတယ်။ သူ့ကြည့်ရတာ တွေးတောစဉ်းစားနေပုံရတယ်။

ခန်းကျန့်က ဘာမှပြန်မပြောဘူး။ ဒါကို လင်းချန်ယွမ်ကလည်း မြင်တယ်။ သူက မျက်လွှာကိုချလိုက်ပြီး ခံစားချက်တစ်မျိုးတစ်မည်လည်း သူ့မျက်ဝန်းထဲဖြတ်ပြေးသွားတယ်။ သူကပြောပါတယ် “အဆင်မပြေလည်းရပါတယ် ထားလိုက်ပါတော့၊ ဒီအတိုင်းပြောကြည့်တာပါ၊ စာချုပ်က ကုန်ခါနီးဆိုတော့ တွေးမိတာလေးပြောတာပါ”

ခန်းကျန့်က ဒီစကားကိုကြားပြီးမှ အမူအရာနည်းနည်းပြန်ကောင်းလာတယ်။ သူက လင်းချန်ယွမ်ကိုဖက်ပြီး နူးညံ့တဲ့လေသံလေးနဲ့ပြောလိုက်တယ် “ကိုယ်ကတော့ ဒီနေရာက အရမ်းကောင်းတယ်လို့ထင်တယ်၊ ပတ်ဝန်းကျင်လေထုက နည်းနည်းညစ်ညမ်းပေမယ့် အတော်လေးတိတ်ဆိတ်တယ်၊ ဒီမှာပဲ ခဏလောက်ထပ်နေရအောင်လေ၊ နောက်ပိုင်းပိုက်ဆံပိုရှာနိုင်တဲ့အခါမှပဲ ပိုကောင်းတဲ့နေရာကိုပြောင်းကြတာပေါ့ မဟုတ်ဘူးလား”

လင်းချန်ယွမ်က မပွင့်တပွင့်ပြုံးပြပါတယ်။ သူက ခန်းကျန့်ရဲ့နူးညံ့လွန်းလှတဲ့အမူအရာတွေကိုမြင်ပြီး ဒီလူက သူ့မိန်းမကိုရော ဒီလိုအမူအရာမျိုးနဲ့ ချော့ဖူးလား၊ မချော့ဖူးဘူးလားလို့ စဉ်းစားနေပါတယ်။

***

အချိန်ကတော့ကျလာပါပြီ။ နောက်ဆုံးမှာတော့ ချိုးချန်က ခန်းကျန့်အတွက် အဆုံးသတ်ထောင်ချောက်ဆင်လိုက်ပြီ။ 

အချိန်ကာလကိုတော့ ဒီလရဲ့လကုန်ပိုင်းကိုရွေးချယ်ထားတယ်။ အဲဒိအချိန်မှာ ခန်းကျန့်က ရှန်ဂရီလာတရားဝင်မမ်ဘာကဒ်ရရှိလို့ အပျော်တွေလွန်နေပြီး အစ်ကိုတုန်ကိုလည်း ပိုပြီးယုံကြည်ကိုးစားလာတယ်။ တစ်နေ့မှာတော့ အစ်ကိုတုန်က ကလပ်မှာသွားသောက်ကြဖို့ ခန်းကျန့်ကိုဖိတ်တယ်။ ဒါပေမယ့် နောက်ဆုံးအချိန်ကျမှ ကိစ္စလေးရှိလို့ဆိုပြီး နောက်ကျနေတယ်။ အဲဒိနေ့မှာပဲ အစ်ကိုတုန်နောက်ထပ်ဖိတ်ထားတဲ့ ရှောင်းချန်ဆိုတဲ့လူကလည်း ကလပ်ကိုရောက်နေပြီး နှစ်ယောက်သားက အစ်ကိုတုန်ကိုစောင့်ရင်း စကားဖောင်ဖွဲ့နေကြတယ်။

ရှောင်းချန်က အစ်ကိုတုန်ဆီက ငွေလာချေးတာဖြစ်တယ်။ အစ်ကိုတုန်က မြေအောက်လောကရဲ့အင်အားကြီးငွေတိုးချေးစားသူဖြစ်တယ်။ အစ်ကိုတုန်နဲ့ခန်းကျန့်ကိုတော့ ရှောင်ရွှီကမိတ်ဆက်ပေးထားတာ။ 

ရှောင်းချန် ငွေလာချေးရတဲ့အကြောင်းကတော့ သူက အိမ်ခြံမြေကုမ်ပဏီတစ်ခုကို မျက်စိကျနေတာကြောင့်ဖြစ်ပါတယ်။ ကုမ်ပဏီက တိုက်ရိုက်ရောင်းချတဲ့စီးပွားရေးပုံစံကို ကျင့်သုံးတယ်။ သူ့ပုံစံက ပွဲစားမလို ရောင်းသူနဲ့ဖောက်သည်တိုက်ရိုက်ထိတွေ့ဆက်ဆံကြပြီး ရလာတဲ့ဝင်ငွေတွေကို အိမ်ခြံမြေဖော်ထုတ်ရေးပရောဂျက်တွေမှာ ပြန်လည်ရင်းနှီးမြှပ်နှံတယ်။ ဒီနည်းလမ်းက မင်းရင်းနှီးမြှပ်နှံထားတဲ့ငွေတွေကို ခဏခဏအမြတ်ပေါ်စေမှာမဟုတ်ဘူး။ ဒါပေမယ့် လုံခြုံခိုင်မာမှုရှိပြီး အမြတ်ငွေ(၃၀)%အထိ မျှော်မှန်းလို့ရတယ်။

ဒီလိုရင်းနှီးမြှပ်နှံမှုမျိုးက ငွေကြေးအတိုင်းအတာအရမ်းကြီးတယ်။ ပရောဂျက်တွေဆိုတာလည်း ဒေါ်လာကိုမီလီယံရာနဲ့ချီနေတာ။ ဒါပေမယ့် အမြတ်ဝေစုဆိုတာလည်း အထင်ကြီးစရာကောင်းလောက်အောင် များပြားလွန်းတယ်။ ဒီလိုအာမခံချက်ရှိတဲ့စီးပွားရေးမှာ ငွေတိုးချေးစားသူဆီကငွေချေးပြီး ရင်းနှီးမြှပ်နှံရမယ်ဆိုရင်တောင်မှ ရလဒ်ကောင်းထွက်ဦးမှာပဲ။ 

ဒီကုမ်ပဏီရဲ့ရင်းနှီးမြှပ်နှံမှုပစ်မှတ်အသစ်က မြို့နေလူတန်းစားဧရိယာတွေမှာရှိတဲ့ ကြီးမားတဲ့အဆောက်အဦးအဟောင်းတွေကို ပြန်လည်ပြင်ဆင်မွမ်းမံမှုလုပ်မှာဖြစ်တယ်။ အမြတ်ကိုလည်း ခါတိုင်းလိုနှစ်ဆရမယ်လို့ခန့်မှန်းထားကြတယ်။ ရှောင်းချန်က ဒီသတင်းကိုကြားပြီး ဝင်ပါချင်လွန်းလို့ အစောတလျင်ငွေလာချေးရတာဖြစ်တယ်။ သူက ရနိုင်သလောက်ချေးယူဖို့စိတ်ကူးထားတယ်၊ များများရလေ ကောင်းလေပဲ။

ရွှန်းရွှန်းဝေနေအောင်အဆွယ်ကောင်းလှတဲ့ရှောင်းချန်ကြောင့် ခန်းကျန့်ရဲ့နှလုံးသားလေးလည်း စိတ်မရှည်နိုင်တော့ဘူး။ ကြားလေကြားလေ ပိုစိတ်ဝင်စားလေပဲ။ ဒါကြောင့် မနက်ဖြန်မနက်ကျရင် အိမ်ခြံမြေကုမ်ပဏီကိုသွားပြီး ရင်းနှီးမြှပ်နှံမှုအကြံပြုချက်တွေကို သွားနားထောင်မယ်လို့ ရှောင်းချန်နဲ့ချိန်းဆိုလိုက်တော့တယ်။

ဒါပေမယ့် အမှန်တရားကသပ်သပ်ရှိပါတယ်။ အဲဒိ“တိုက်ရိုက်ရောင်းချတဲ့ပုံစံ” ဆိုတာက ပိရမစ်ရောင်းဝယ်မှုပုံစံ မသမာတဲ့ MLM နည်းလမ်းဖြစ်ပြီး၊ အဲဒိ “အမြတ်များများရမယ်” ဆိုတာကတော့ ရင်းနှီးမြှပ်နှံသူအသစ်တွေဆီကနေ ကုမ်ပဏီထဲကိုဝင်လာတဲ့ငွေတွေဖြစ်တယ်။ သူတို့က အဲဒိငွေတွေကို ရင်းနှီးမြှပ်နှံသူအဟောင်းတွေဆီပြန်ခွဲပေးတာ။ ရင်းနှီးမြှပ်နှံမှုအမြတ်ငွေတွေဆိုတာ စာအုပ်ပေါ်မှာပဲရှိတဲ့ဂဏန်းတွေပဲ။ ပြောရရင်လည်း ဘယ်တော့မှမရှုံးဘူး၊ မြတ်ပဲမြတ်မယ်ဆိုတဲ့စီးပွားရေး ဘယ်မှာရှိလို့လဲ?

( T/N အောက်ဆုံးကလူတွေ မွဲသထက်မွဲ၊ ထိပ်ဆုံးပိုင်းပဲ အမြတ်ကြီးစားတဲ့ MLM ပုံစံတော့ သိကြတယ်မလား)

ဥပဒေကိုလက်တစ်လုံးခြားလှည့်စားဖို့အတွက်တော့ ကုမ်ပဏီတစ်ခုလုံး ထိပ်ပိုင်းကနေအောက်ခြေထိ လှလှပပထုတ်ပိုးထားတယ်။ ဒါကြောင့် ကုမ်ပဏီရဲ့အပြင်ပိုင်းပုံသဏ္ဍာန်က ရင်းနှီးမြှပ်နှံလို့ကောင်းတဲ့ အမြတ်အစွန်းထွက် ကုမ်ပဏီတစ်ခုနဲ့အလားသဏ္ဍာန်တူပြီး လောဘသမားတွေကို ဆွဲဆောင်နိုင်တယ်။

လောဘဆိုတာဘာလဲ? မင်းရဲ့ရင်းနှီးမြှပ်နှံမှုတွေ ဘယ်တော့မှအရှုံးမရှိနိုင်ဘူးလို့ အာမခံပေးတာက တရားနည်းလမ်းမှမကျတာဘဲ။ ဒါကို ယုံကြည်ဖို့ဆန္ဒရှိတဲ့လူတွေကတော့ အခြားအရာတွေမျက်လုံးထဲမရှိဘဲ ငွေသည်သာကိုးကွယ်ရာ ငွေကိုငမ်းငမ်းတက်နေတဲ့ လောဘရဲ့သားကောင်တွေသာဖြစ်တယ်။ အမြတ်ခွဲပေးနေသမျှကာလပတ်လုံး ကန့်လန့်ကာနောက်ကွယ်ကအရာတွေကို တစ်ချက်ကလေးတောင်လှည့်မကြည့်သူတွေဖြစ်ပါတယ်။ (T/N ဘယ်သူသေသေ ငတေမာရင်ပြီးရော)

ဒီလိုလူလိမ်လောင်းကစားသမားတွေဆိုတာ  မြေအောက်လောကရဲ့ငွေရှင်ကြေးရှင်သူဌေးတစ်ယောက်ဖြစ်တဲ့   အစ်ကိုတုန်ရဲ့စက်ကွင်းထဲက ဘယ်ပြေးလွတ်မှာလဲ။ သူတို့တွေအကုန်လုံးက ငွေရှာဖို့ငွေချေးနေကြတဲ့လူတွေပဲ။ ဒါကြောင့် လုပ်ရမယ့်အရာကတစ်ခုပဲရှိတယ်။ ဒီလိုလူမျိုးနဲ့ ခန်းကျန့်ကိုပေးတွေ့ဖို့ အချိန်လေးတစ်ခုစီစဉ်လိုက်ရုံပဲ။ ခန်းကျန့်လို ဘူမသိကိုးမသိ ငါးစာအမြတ်ကိုပဲမြင်တဲ့လူက လက်ထဲရှိသမျှအကုန် သေချာပေါက်ရင်းနှီးမြှပ်နှံပစ်လိုက်လိမ့်မယ်။

ဟုတ်ပါတယ်။ မျှော်လင့်ထားသလိုလည်း ခန်းကျန့်က ချက်ချင်းကြီးကို ငါးမြှားချိတ်မှာလာဟပ်ပါတော့တယ်။

…………………..