(33) တက္ကသိုလ်ဆေးရုံ
ဒီစကားကိုကြားတဲ့လင်ကုန်းချန်က စားပွဲကိုဗြန်းခနဲမြည်အောင်ရိုက်ပြီး အကျယ်ကြီးထရယ်တယ်။
“ဒါပဲ၊ ကြည့်.. မင်းက သားတစ်ယောက်တော့ဖြစ်ဖြစ်မြောက်မြောက်မွေးထားတယ်၊ အဖြေက ငါထင်တဲ့အတိုင်းပဲ ဟား ဟား ဟား”
ဒီတစ်ကြိမ်မှာတော့ သူ လှောင်ခံနေရမှန်း ချိုးရှောင်ဟိုင်သိသွားပြီ။ ဒါကြောင့်ခေါင်းကိုတစ်ပတ်လည်အောင်လှည့်ပြီးမေးတယ် “ဘာလို့ အဲ့ဦးဦးကရယ်တာလဲ?”
ချိုးချန်က လင်ကုန်းချန်ကို အကြည့်တစ်ချက်ပေးလိုက်တယ် “ဦးဦးက သားကိုယ်စား ဝမ်းသာပေးနေတာ၊ ဦးဦးကြိုက်တဲ့ညီမလေးက ထွက်ပြေးသွားလို့လေ”
တဟားဟားအော်ရယ်နေတဲ့လင်ကုန်းချန်လည်း တိခနဲရပ်သွားလေရဲ့။ ချိုးရှောင်ဟိုင်လည်း မျက်လုံးအပြူးသားနဲ့ စပ်စုပြန်တယ် “ဘာလို့လဲ..ဟင်?”
ပိုင်လန်က ချိုးရှောင်ဟိုင်ရဲ့ဆံပင်လေးတွေကို ဆွဲဖွလိုက်ပါတယ် “အဲ့လိုမေးတာ မယဉ်ကျေးဘူးလေ၊ သားက ဦးဦးကို နှစ်သိမ့်ပေးရမှာ”
“သြော်” ချိုးရှောင်ဟိုင်က နာခံစွာနဲ့ခေါင်းညိတ်ပါတယ် “ဦးဦး စိတ်မကောင်းမဖြစ်နဲ့နော်” သူက ခဏလောက်စဉ်းစားပြီး ထပ်ပြောလိုက်ပါသေးတယ် “ဟုတ်လည်း ဟုတ်တယ်၊ မိန်းကလေးတွေက အရမ်းစိတ်ညစ်ဖို့ကောင်းတယ်”
စားပွဲတစ်ခုလုံးက ဝါးခနဲအကျယ်ကြီးထရယ်လိုက်ကြတယ်၊ ချိုးချန်လည်းပါတာပေါ့။
ဒါကြောင့် ချိုးရှောင်ဟိုင်လည်း ဝိုင်းအနိုင်ကျင့်ခံရသလိုမျိုးခံစားလိုက်ရတာကြောင့် မပျော်မရွှင်ဖြစ်လာတယ်။ သူက ထိုင်ခုံပေါ်ကလျောချပြီး ပိုင်လန့်နားပြေးသွားကာ တွယ်တက်တော့တာပဲ။ ပိုင်လန်လည်း ရယ်ချင်စိတ်ကိုလျှော့ပြီး မျက်နှာပိုးသတ်လိုက်ရပါတယ်။ ပြီးတော့ ချိုးရှောင်ဟိုင်ကို ပေါင်ပေါ်တင်ရင်း နှစ်သိမ့်ပေးရသေးပါတယ်။ ချိုးရှောင်ဟိုင်လည်း နှုတ်ခမ်းစူထော်နေရင်း နောက်ထပ်စကားမပြောတော့ဘူးလို့ ဆုံးဖြတ်လိုက်လေရဲ့။
ဒါပေမယ့်လည်း သိပ်မကြာခင်အတွင်းမှာပဲ ကိတ်မုန့်ခွဲတဲ့အစီအစဉ်ရောက်လာပြီ။ ဖယောင်းတိုင်မီးလေးတွေထွန်းထားတဲ့ ကိတ်မုန့်ပေါ်ထွက်လာတဲ့အချိန်မှာ ချိုးရှောင်ဟိုင်မျက်လုံးတွေ တလက်လက်တောက်ပသွားပြန်တယ်။
ချိုးချန်လည်း အခုမှ သူ့သားကိုချော့ရမယ်မှန်းသတိရသွားတယ်။ သူက ချိုးရှောင်ဟိုင်ဘက်လှည့်ပြီး ဖယောင်းတိုင်မီးမှုတ်ချင်သလားလို့မေးတယ်။ ကလေးလေးက နှစ်ခါမမေးရဘူး၊ ခေါင်းကို တဆတ်ဆတ်မြည်အောင်ညိတ်ပြီး ချက်ချင်းပဲရှေ့တက်လာတယ်။ သူ့ကို စားပွဲခုံပေါ်မှောက်ရက်မလဲသွားအောင်တော့ ပိုင်လန်က ခါးမှာထိန်းကိုင်ထားပေးရတာပေါ့။
“ဟူး!” လို့အသံရှည်ဆွဲထွက်လာပြီးနောက်မှာ မစ်ရှင်တစ်ခုပြီးမြောက်သွားသလိုမျိုး ချိုးရှောင်ဟိုင်က ပြုံးဖြဲဖြဲလုပ်နေတယ်။ ပြီးတော့ ချိုးချန်ဆီက ချီးမွမ်းခံရဖို့အတွက် သူ့အဖေကိုလှည့်ကြည့်လိုက်ပါတယ်။
ဒီမြင်ကွင်းကို အပြင်လူအနေနဲ့ကြည့်မယ်ဆိုရင်တော့ တကယ့်မိသားစုတစ်ခု အတူတကွမွေးနေ့ပွဲကျင်းပနေသလိုမျိုး အလားတူပါပဲ။
***
ကိတ်မုန့်ခွဲအစီအစဉ်ပြီးဆုံးတဲ့အချိန်မှာ ပါတီလည်းအဆုံးသတ်ပါပြီ။
ည ၈ နာရီ ၉ နာရီလောက်ရောက်တဲ့အခါ ချိုးရှောင်ဟိုင်လည်း မှေးစဉ်းနေတဲ့မျက်လုံးတွေကိုပွတ်နေပြီ။ ချိုးချန်က အချိန်ထပ်မဆွဲတော့ဘူး၊ အိမ်ပြန်ပြီးအနားယူကြဖို့ လောဆော်လိုက်တယ်။
အာ့ဟုန်ကိုမတွေ့ရတာ အတော်ကြာနေပြီဖြစ်တဲ့လင်ကုန်းချန်က စကားစမြည်ပြောချင်သေးတာကြောင့် ချိုးချန်တို့နဲ့အတူပြန်သွားတယ်။
သူတို့တွေထွက်သွားကြတဲ့အခါ ရှင်းလင်းနေပြီးသားကလပ်တစ်ခုလုံး ပိုပြီးတော့တောင် တိတ်ဆိတ်ပြီး ငြိမ်သက်သွားလေတယ်။
ကျန်နေခဲ့တဲ့စုချွမ်က ဝိုင်တစ်ခွက်ကိုလောင်းထည့်တယ်။ အခုသူက ကြမ်းပြင်ကနေ မျက်နှာကျက်ထိတိုင်ကြီးမားတဲ့ မှန်ပြတင်းနားရပ်နေတာ။ ဟိုးအဝေးက ကျိုးတိုးကျဲတဲလမ်းမီးရောင်ကို ငေးကြည့်နေရင်း ဝေခွဲမရဖြစ်နေပုံပေါ်ပါတယ်။
“အားချန်က အများကြီးပြောင်းလဲသွားတယ်၊ သူ့ကိုဒီလိုပုံစံမျိုး ငါအရင်က တစ်ခါမှမမြင်ဖူးဘူး”
ဘေးတစ်ဖက်မှာတော့.. ဝမ်ယွင်က လက်ထဲမှာ အရက်ခွက်ကိုကိုင်ထားပြီး လှည့်နေတယ် “ငါတို့အရွယ်က မိသားစုနဲ့အတည်တကျဖြစ်ဖို့အရွယ်ရောက်နေပါပြီ”
“ဟုတ်မှာပါ” စုချွမ်က ခပ်ပါးပါးလေးပြုံးပါတယ် “ပိုင်လန်က သိပ်ကိုအကြံကြီးတာပဲ၊ ချိုးရှောင်ဟိုင်ကို ကောင်းကောင်းထိန်းချုပ်ထားနိုင်တယ်”
ဝမ်ယွင်က တခဏတော့တိတ်ဆိတ်သွားတယ်။ သူကြည့်ရတာ သဘောတူချင်ပုံမရပေမယ့် အလိုက်အထိုက်တော့ပြောတယ် “ဘာပဲဖြစ်ဖြစ်ပါ၊ တစ်ယောက်ဆိုတစ်ယောက် သတ်သတ်မှတ်မှတ်ရှိတော့ ကောင်းတာပေါ့၊ အားချန်လည်း စမ်းကြည့်ချင်တာနေမှာပါ”
“မင်းကလည်း ပိုက်ဆံနဲ့ပေးဝယ်ထားတဲ့အရာကို ဘယ်လိုလုပ် သတ်သတ်မှတ်မှတ်ထားရမှာလဲ?” စုချွမ်က ခေါင်းလှည့်ပြီး ဝမ်ယွင်ကိုကြည့်တယ်။ သူ့အကြည့်တွေကစူးရှနေတာပဲ။
ဝမ်ယွင်က စုချွမ်ရဲ့ပြီးပြည့်စုံလှတဲ့ ကိုယ်တစောင်းအနေအထားလေးကို ကြည့်နေတယ်။ ပြီးတော့မှ မနေနိုင်ဘဲထပ်ပြောတယ် “ဒါပေမယ့် ဘာမှမျှော်လင့်ချက်မရှိတာထက်စာရင်တော့ ပိုကောင်းတာပေါ့”
စုချွမ်ရဲ့အမူအရာတွေအားလုံးကရပ်ဆိုင်းသွားတယ်။ ဝမ်ယွင်ရဲ့စကားကြောင့် စိတ်ထိခိုက်သွားသလိုမျိုး ဖြစ်သွားပါတယ်။ သူက ဟိုဘက်ပြန်လှည့်သွားပြီး တအောင့်ကြာမှ ပြောတယ် “ငါလည်း ဒီလိုမဖြစ်ချင်ပါဘူး၊ ဒါပေမယ့်အားယွင်.. ငါ ဒီလောက်အကြာကြီးကြိုးစားခဲ့ပြီးမှ နောက်ဆုံးမှာဘာမှမကျန်ခဲ့ဘူးဆိုတာမျိုး မဖြစ်ချင်ဘူး”
“ဒါဆိုရင်လည်း ..” ဝမ်ယွင်က သက်ပြင်းချတယ် “မင်း ဘာလို့အခုထက်ထိ…”
“.. ဒါပေမယ့်အခု အားချန်မှာ အာဏာလည်းရှိနေပြီ၊ လုပ်နိုင်စွမ်းတွေလည်းရှိနေပြီ” စုချွမ်က ဝမ်ယွင်စကားကိုဖြတ်ပြောတယ်။ သူ့မျက်နှာက အလွန်တရာယုံကြည်မှုရှိတဲ့အသွင်ဖြစ်နေတယ်။ “သူသာဆန္ဒရှိမယ်ဆိုရင် ဘယ်အရာမှတားဆီးလို့ရမှာမဟုတ်ဘူး၊ ဒါပေမယ့် အဲဒိမတိုင်ခင်တော့ သူ့ဘက်ကလိုလားတယ်ဆိုရင်တောင် ငါက စွန့်ပစ်ခဲ့လို့ မရသေးဘူး..”
“မင်းက စွန့်လွှတ်ခဲ့လို့မရဘဲနဲ့ ဘာလို့အားချန်ဆီက မျှော်ကိုးနေသေးတုန်း” ဝမ်ယွင်ရဲ့အမူအရာက စိတ်အချဉ်ပေါက်သွားသလိုမျိုး ခပ်တန်းတန်းဖြစ်လာတယ်။
“ဒါကြောင့်ငါ မင်းအကူအညီလိုတာလေ အားယွင်” စုချွမ်က မော့ကြည့်လာပြီး ဝမ်ယွင်မျက်လုံးထဲစိုက်ကြည့်နေတယ်။ “မင်းအမြဲတမ်း ငါနဲ့အားချန်ကို သဘောတူပေးလာတာပဲမဟုတ်ဘူးလား”
ဝမ်ယွင်က စုချွမ်မျက်ဝန်းတွေဆီက အကြည့်လွှဲပါတယ်။ ပြီးတော့မှ ခါးသက်သက်ရယ်တယ် “ငါ့ကို ဒီလိုလာမကြည့်နဲ့၊ တက္ကသိုလ်ဆေးရုံပြောင်းဖို့ မင်းလုပ်ပေးခဲ့တယ်ဆိုတာ ငါသိတယ်၊ ဒါပေမယ့် အားချန်လည်း ငါ့ကိုကူညီခဲ့ဖူးတယ်လေ”
“ငါပြောတာက… အားချန်ကို မကောင်းတာတစ်ခုခုလုပ်ဖို့ ပြောနေတာမဟုတ်ပါဘူး၊ ငါ့တို့နှစ်ယောက်လုံးကို ကူညီဖို့ပါ” စုချွမ်က နူးနူးညံ့ညံံ့လေးကြည့်ပါတယ် “အဆုံးသတ်ကျရင် ငါနဲ့အားချန်.. ငါတို့နှစ်ယောက်လုံး ကြိမ်းသေပေါက်ပျော်ရွှင်ရမှာ”
***
မွေးနေ့ပါတီမှာ ဝမ်ယွင်ကိုတွေ့ဆုံခဲ့ခြင်းဟာ ခြောက်လတစ်ခါ နှလုံးစစ်ဆေးဖို့အချိန်နီးလာပြီလို့ ပိုင်လန့်ကို အမှတ်ရသွားစေခဲ့တယ်။
ပိုင်လန်ရဲ့နာမည်က မကြာသေးမီကမှ တဟုန်ထိုးလူသိများလာတာကြောင့် ဖန်းဟွာနဲ့ဟုန်ဟုန်တို့မသိဘဲ ဆေးရုံသွားဖို့ဆိုတာ အလွန်တရာခက်ခဲတယ်။ ပြီးတော့ နာရီလည်းရှိသေးတယ်။ နာရီကို နေ့တိုင်းဝတ်ထားရာကနေ ရုတ်တရက်ကြီးချွတ်ပစ်လိုက်မယ်ဆိုရင် ချိုးချန်သံသယဝင်သွားမလားတော့ သူလည်းမပြောတတ်ဘူး။
ချိုးချန်ပြောခဲ့ဖူးတဲ့စကားအရဆိုရင် တစ်နေ့(၂၄)နာရီလုံးလုံးချောင်းနားထောင်နေရအောင် သူက အားမနေပါဘူးတဲ့။ တစ်ခါတစ်လေပျင်းပျင်းရှိမှ အပျော်သဘောဖွင့်နားထောင်တယ်ပေါ့လေ။ ဟုတ်တာပေါ့.. ဒီလိုအပျော်သဘောက နှာဘူးကျတယ်လို့ ဆိုရမှာပေါ့။ ဒါပေမယ့် အဆိုးထဲကအကောင်းရှာကြံတွေးတယ်လို့ပဲပြောရမလား… ချိုးချန်က သူ့ကိုဘယ်တုန်းကမှ ဖိအားမပေးခဲ့ဘူး၊ သူ့သဘောအတိုင်း ဝတ်ချင်လည်းဝတ်၊ မဝတ်ချင်လည်း မဝတ်နဲ့လို့ပြောခဲ့ပြီးသားပါ။
နောက်ဆုံးတော့ ပိုင်လန်ကရွေးချယ်စရာမရှိဘဲ ရုန်စစ်ချီကို အကူအညီတောင်းလိုက်ရတယ်။ ချိုးချန်စက်ကွင်းလွတ်တဲ့သူတွေထဲမှာတော့ ရုန်စစ်ချီက ပိုင်လန်အယုံကြည်ရဆုံးသူငယ်ချင်းတစ်ယောက်ပါပဲ။
ပိုင်လန်က ရုန်စစ်ချီကို သူ့မိသားစုအဆက်အသွယ်သုံးပြီး ဖန်းဟွာမသိအောင် တက္ကသိုလ်ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးချက်လုပ်ဖို့ ကြိုတင်ဘိုကင်ယူခိုင်းတယ်။ ပြီးတော့မှ ရုန်စစ်ချီကိုအဖော်ပြုပေးတယ်အကြောင်းပြပြီး ဆေးရုံကိုအတူသွားရတယ်။
ဒါကြောင့် သူ့ကိုဆေးရုံမှာဓါတ်ပုံရိုက်မိသွားရင်တောင် ဆင်ခြေကောင်းကောင်းရှာထားပြီးသားလေ။ သူလုပ်စရာရှိတာတစ်ခုက ဒေါက်တာဖုန့်ယင်းချီရဲ့အခန်းထဲကို ဝင်နေတုန်းမှာ ဘယ်သူမှသူ့ကိုမှတ်မိမနေဖို့ပဲလိုတာ။
ဒါပေမယ့် ရုန်စစ်ချီလုပ်ပေးတဲ့နည်းလမ်းက ပိုပြီးတော့တောင်ထိရောက်ပါသေးတယ်။
သူက ပိုင်လန့်သတင်းကြားပြီးမှာ ရှောခ့်ရသွားလို့ အကြာကြီးမလှုပ်မရှက်ဖြစ်သွားတယ်။ နှလုံးရောဂါလို့သိပြီးနောက်မှာလည်း အဆုံးစွန်ထိတွေးလိုက်လွန်းလို့ ကြောက်ရွံ့တုန်လှုပ်တာတွေအထိပါဖြစ်လာတယ်။ ပိုင်လန်က အားနာနာနဲ့ပဲရယ်လိုက်ရပြီး သူငယ်ချင်းကိုနှစ်သိမ့်လိုက်ရတယ်။ အဲ့လောက်အဆိုးကြီးမဟုတ်ပါဘူးလို့လည်း ရှင်းပြလိုက်ရတယ်။ သူ့ရောဂါက သာမန်သွေးတိုးဆီးချိုရောဂါလောက်ပဲဖြစ်ပြီး ကြိုတင်သတိထားပြီးဂရုတစိုက်နေထိုင်ဖို့ပဲလိုတာပါလို့ ပြောလိုက်ရသေးတယ်။
ဒါပေမယ့် ရုန်စစ်ချီကတော့ သေတော့မယ့်ရောဂါလိုမျိုးတွေးနေတုန်းပဲ။ သူက ချက်ချင်းပဲ တက္ကသိုလ်ဆေးရုံကို တိုက်ရိုက်ဆက်သွယ်လိုက်ပြီး အထူးသီးသန့်ခန်းတစ်ခန်းတောင်းလိုက်တယ်။ ပိုင်လန်ဆေးရုံရောက်သွားတဲ့အချိန်မှာ ဒေါက်တာဖုန့်ယင်းချီတောင် ကြိုရောက်လို့ အသင့်စောင့်နေပြီ။ အခန်းထဲဝင်လို့တံခါးပိတ်ပြီးနောက်မှာတော့ သူဘာလာလုပ်သလဲ ဘယ်သူမှမသိနိုင်တော့တဲ့အတွက် အေးအေးဆေးဆေးနဲ့ စစ်ဆေးချက်တွေလုပ်လို့ရတယ်။ ဒီနည်းလမ်းက အများကြီးပိုကောင်းတာပေါ့။
ဒါပေမယ့် သူဘယ်လောက်ပဲဂရုစိုက်စိုက်၊ ဘာပဲလုပ်လုပ် ကံတရားကမလွတ်မြောက်နိုင်သလိုမျိုး လူမိသွားဖို့ရာ အကြောင်းရင်းပါလာပြီးသားပဲ။
ပိုင်လန်က ဆေးစစ်ပြီးလို့ ဆေးရုံခန်းထဲကအထွက်မှာ အခုလေးတင်မှဆေးရုံကိုပြောင်းလာတဲ့ဝမ်ယွင်က ရုံးကိစ္စတွေအပြီးထွက်လာတာနဲ့ကြုံကြိုက်ပြီး မြင်ဖြစ်အောင်မြင်ခံလိုက်ရသေးတယ်။
ပိုင်လန်က အကွယ်ထောင့်နားကဝမ်ယွင်ကိုမမြင်ပေမယ့် ဝမ်ယွင်ရဲ့မျက်လုံးတွေကတော့ သူထွက်လာတဲ့အခန်းဆီကို အလိုလျောက်ပဲရောက်သွားတယ်။ ဆေးရုံခန်းက ဘာဆိုင်းဘုတ်မှမတတ်ထားတဲ့ သီးသန့်ကိုယ်ပိုင်အခန်းတစ်ခုဖြစ်ပါတယ်။
ဒါကြောင့် ဝမ်ယွင်က ပိုင်လန်ဖုန်းပြောရင်းအဝေးကိုလျှောက်သွားတာကို အကွယ်နားကနေ စောင့်ကြည့်နေခဲ့တယ်။ သူထင်ထားသလိုပါပဲ.. အခန်းတံခါးနောက်ထပ်ပွင့်လာပြန်ပြီး သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ယောက်ထွက်လာတယ်။ သူက ဆေးရုံနှလုံးအထူးကုဌာနမှာ တစ်ပြေးနေတဲ့ ဖုန့်ယင်းချီလေ။ ဖုန့်ယင်းချီက ဂျူတီကုတ်အဖြူရောင်ကိုဝတ်ထားပြီး လက်ထဲမှာတော့ လူနာဖိုင်ကိုကိုင်ထားတယ်။
ဝမ်ယွင်ရဲ့နှလုံးက ဒုန်းခနဲခုန်သွားတယ်။ သူကနံရံဘက်ကိုပိုကပ်လိုက်ပြီး ဖုန့်ယင်းချီတစ်ယောက် ဆန့်ကျင်ဘက်ကိုလျှောက်သွားပြီးပျောက်ကွယ်သွားတာကိုကြည့်နေမိတယ်။ နောက်တော့ ရုတ်တရက်ပဲ သတိရမိလိုက်တာက ဌာနတစ်ခုတည်းမှာအလုပ်လုပ်ကြတဲ့လူတွေက အချင်းချင်းရဲ့လူနာမှတ်တမ်းတွေကို တောင်းကြည့်လို့ရတယ်ဆိုတာကိုပေါ့။
***
ဒီအချိန်မှာ ရွှေရုပ်ရှင်က သူ့ရဲ့တစ်လအကြာရုံတင်ပြသမှုရဲ့နောက်ဆုံးအပတ်ရောက်လာပြီး box office တစ်ခုလုံးဝင်ငွေ သိန်း(၃၈၀၀)ရှိလာတယ်။
ဒီအသေးစားထုတ်လုပ်ရေးလေးကို သိန်း(၄၀၀)ပဲအကုန်ခံခဲ့တာဖြစ်ပြီး အဲဒိထဲကတစ်ဝက်လောက်ကလည်း ရိုက်ကူးပြီးပရိုမိုးရှင်းအတွက်သုံးခဲ့တာ။ ရုပ်ရှင်က သူ့ရဲ့ရင်းနှီးမြှပ်နှံသူတွေကို ငွေအမြောက်အမြားရှာပေးရုံမကဘူး ပိုင်လန်၊ ချွယ်ချီမင်နဲ့ ဇာတ်လိုက်မင်းသမီးရှန်းအိုက်ရူတို့ကို ကျော်ကြားမှုလမ်းမပေါ် တရှိန်ထိုးတွန်းတင်ပေးခဲ့တယ်။
ဒါကြောင့် အနုပညာလောကထဲမှာ ကောလဟလတစ်ခုပြန့်လာခဲ့တယ်၊ ဒီရုပ်ရှင်က ဒီနှစ်ရဲ့ Golden Emperor Awards ဆုပေးပွဲမှာ ဆုသုံးလေးမျိုးလောက်နာမည်စာရင်းချိတ်နိုင်မယ်တဲ့လေ။ ဖန်းဟွာက ဒီသတင်းကိုကြားတဲ့အခါ အများကြီးပျော်ရွှင်သွားခဲ့ပြီး ပိုင်လန့်ကိုရွေးချယ်ခဲ့တာမမှားဘူးလို့ သူမက ပွင့်ပွင့်လင်းလင်းပဲပြောခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းဖြစ်လာမဲ့အရာတွေကိုတော့ သူတို့သတိကြီးကြီးထားနိုင်ရင် အကောင်းဆုံးပဲလို့ သတိပေးခဲ့ပါသေးတယ်။
အကြောင်းရင်းက ဆုပေးပွဲတစ်ခုရဲ့ နာမည်စာရင်းဇကာတင်ဝင်ပြီဆိုရင် သရုပ်ဆောင်အဟောင်းပဲဖြစ်ဖြစ် အသစ်ပဲဖြစ်ဖြစ် အဲဒိအချိန်လေးအတွင်းမှာ နောက်ထပ်ရုပ်ရှင်တစ်ခုရိုက်တာမျိုးရှောင်ကျဉ်သင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဆုပေးပွဲအတွက် သူတို့ရဲ့သရုပ်ဆောင်မှုအကဲဖြတ်ချက်တွေ တမျိုးတမည်ပြောင်းသွားမှာကို ကြိုတင်ကာကွယ်ဖို့အတွက်လေ။
မကြာခဏဖြစ်လေ့ဖြစ်ထရှိတာက သရုပ်ဆောင်သစ်တွေက သူတို့ရဲ့ပွဲဦးထွက်ရုပ်ရှင်မှာ ချီးကျူးခံရပေမယ့် နောက်ဆက်တွဲရုပ်ရှင်ညံ့ရင်တော့ ဝေဖန်မှုဆိုးဆိုးတွေပေးခံရတာမျိုး ကြုံရလေ့ရှိတယ်။
ဒီနေရာမှာ လက်တွေ့ကျကျပြောရရင် ဇာတ်ကောင်စရိုက်တွေကို ရုပ်ရှင်တစ်ခုချင်းစီအတွက် သီးခြားစီအကဲဖြတ်သင့်တာပါ၊ ဒါပေမယ့်လည်း ရှေ့ရုပ်ရှင်အတွက် ဆုတံဆိပ်လက်ခံရယူတဲ့အချိန်မှာ ထိုသရုပ်ဆောင်ရဲ့နောက်ရုပ်ရှင်က ဝေဖန်မှုတွေကြုံတွေ့နေရမယ်ဆိုရင် ပရိသတ်တွေက လာဘ်ပေးထားသလားလို့ သို့လောသို့လောသံသယတွေနဲ့ အမြင်မရှင်းနိုင်ဖြစ်ကြပြီး ရလဒ်က ဆိုးဆိုးရွားရွားဖြစ်သွားပါလိမ့်မယ်။ ဒီဖြစ်ရပ်မျိုးတွေဖြစ်ခဲ့ဖူးတဲ့နောက်ပိုင်းမှာ ဆုရွေးချယ်ရေးအဖွဲ့တွေက ဆုတစ်ဆုပေးတော့မယ်ဆိုရင် အဖက်ဖက်ကစဉ်းစားသုံးသပ်လာကြတယ်။ ဒါကြောင့်ပဲ ဇကာတင်စာရင်းဝင်ပြီဆိုရင် သရုပ်ဆောင်အသစ်လေးတွေအနေနဲ့ နောက်ထပ်ရုပ်ရှင်တစ်ကားထပ်ရိုက်ဖို့ လတ်တလောရှောင်ကျဉ်သင့်ပါတယ်။
ဒါပေမယ့် ရုပ်သံဇာတ်လမ်းတွဲတွေကတော့ မတူပါဘူး။ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်တွေက လုံးဝကြီးကို ကွဲပြားခြားနားကြတယ်။ ကင်မရာရှေ့မှာသရုပ်ဆောင်နေတာချင်းတူပေမယ့် ဇာတ်အသွားနဲ့ကြာချိန်တို့ကွာခြားတာကြောင့် မတူတဲ့နယ်ပယ်နှစ်ခုမှာသရုပ်ဆောင်နေသလိုမျိုး ပရိသတ်တွေကမြင်ကြတယ်။ ဒါကြောင့် ရွှေရုပ်ရှင်အပြီးမှာ ဖန်းဟွာနောက်ထပ်ရှာပေးတာက ရုပ်သံဇာတ်လမ်းတွဲဇာတ်ညွှန်းပါ။
ဖန်းဟွာ သူ့ကိုပေးလာတဲ့ဇာတ်ညွှန်းတွေကို ပိုင်လန်သိသလောက်ပြောရရင် အရင်ဘဝမှာ မဆိုးတဲ့အဆင့်နဲ့ အောင်မြင်တဲ့ဇာတ်လမ်းတွေချည်းပဲ။
ပထမတစ်ခုက ရှေးခေတ်ဇာတ်လမ်းဖြစ်ပြီး ပိုင်လန်က ခေါင်းဆောင်မင်းသားနေရာရမှာ။ ဇာတ်ကောင်က ရုပ်ရည်ချောမောခန့်ညားလှပပြီး စိတ်အားထက်သန်ပြီးဇွဲကောင်းတယ်။ ရွှေရုပ်ရှင်ရဲ့လီချွမ်ချင်နဲ့ ဘာမှမကွာဘူး။
ဒါကြောင့် ပိုင်လန်က ဒုတိယဇာတ်လမ်းဖြစ်တဲ့ လျှို့ဝှက်သည်းဖိုရာဇဝတ်မှုဇာတ်လမ်းကို ပိုစိတ်ဝင်စားတယ်။
မတိုင်မီက ခန်းကျန့်ကြုံတွေ့ခဲ့တဲ့ အနုပညာလောကမူးယစ်ဆေးဝါးအရှုပ်တော်ပုံကြောင့်လည်း ဒီအမျိုးအစားဇာတ်လမ်းတွဲတွေက အချိန်အတော်ကြာ မပြသခဲ့ရဘူး။ ဒါကြောင့် အရင်ဘဝတုန်းကတော့ ဒီစီးရီးထုတ်လွှင့်ချိန်မှာ မှတ်ချက်ကောင်းကောင်းတွေနဲ့ ရီဗျူးကောင်းကောင်းတွေ ရခဲ့ပါတယ်။ သူ့ဇာတ်ညွှန်းကိုယ်တိုင်ကိုက ကောင်းတာလည်း ပါတာပေါ့လေ။
ပိုင်လန် ဒီဒရမ်မာကိုစိတ်ဝင်စားရတဲ့ နောက်ထပ်အဓိကအကြောင်းရင်းတစ်ခုလည်း ရှိသေးတယ်။ ဇာတ်လမ်းထဲ ဇာတ်ဆောင်မင်းသားနှစ်ယောက်ရှိတဲ့အထဲမှာ ပိုင်လန်က အမှန်တရားဘက်တော်သားရဲအရာရှိမဟုတ်ဘဲ အပေအတေခပ်ဆိုးဆိုးနေတတ်တဲ့ သူ့လူကိုယ့်ဘက်သားသူလျှိုတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရမှာ။ အပြင်ဘက်မှာကြမ်းတမ်းပြီးထီမထင်ပုံစံရှိလှတဲ့ ဒီသူလျှိုရဲ့ရင်တွင်းမှာတော့ ဖိအားတွေနဲ့ပြည့်နှက်ပြီး တာဝန်နဲ့ဝတ္တရားတွေထမ်းဆောင်နေရတယ်။ ဒီဇာတ်ကောင်က စီးရီးရဲ့အာရုံဖမ်းစားနိုင်ဆုံးဇာတ်ကောင်တစ်ခုပါပဲ။
ပိုင်လန်အတွက် ဒီဇာတ်ကောင်က အရင်ဇာတ်ကောင်တွေထက်ကို အပြတ်အသတ်သာလွန်နေခဲ့ပြီး အဲဒိအတွက်ကြောင့် သူကလည်းသရုပ်ဆောင်ချင်ခဲ့တယ်။
ဒီဇာတ်ကောင်ကိုရွေးရင် အနာဂတ်တက်လမ်းအတွက်ပိုကောင်းမယ်လို့ ဖန်းဟွာကလည်း တက်ညီလက်ညီအဆိုပြုတယ်။
ဒါပေမယ့်လည်း စိုးရိမ်စရာကောင်းတာတစ်ခုတော့ရှိသေးတယ်။ ဒီစီးရီးထဲမှာပါဝင်မယ်ဆိုရင် အသတ်အပုတ်ဖိုက်တင်းဆင်းန်တွေနဲ့အက်ရှင်ခန်းတွေ ပြောစမှတ်ပြုရလောက်အောင် သရုပ်ဆောင်ရပါလိမ့်မယ်။ အန္တရာယ်အများဆုံးဆင်းန်တွေကို စတန့်သမားတွေအစားထိုးလို့ရတယ်ဆိုပေမယ့် သူကိုယ်တိုင်လည်း ကိုယ်ခံစွမ်းအားအရမ်းကောင်းနေမှ ဖြစ်မှာလေ။ ဒါက ပိုင်လန် လုံးဝလုံးဝမရိုက်ဖူးတဲ့အရာတစ်ခုပါ။
ပြီးခဲ့တဲ့တစ်ပတ် ဆေးရုံသွားပြီး ဆေးစစ်ခဲ့တုန်းကတော့ သူ့ရဲ့နေထိုင်စားသောက်မှုအလေ့အကျင့်တွေကို ဖုန့်ယင်းချီက ချီးကျူးခဲ့သေးတယ်။
သူသာ ကိုယ်ခန္ဓာကို ကောင်းကောင်းဂရုစိုက်ပြီး မရိုက်ခင်လည်းသေချာလုပ်၊ ရိုက်နေစဉ်မှာလည်းသေချာအနားယူမယ်ဆိုရင် ဒီလိုစတန့်မျိုးလောက်တော့ လုပ်လို့ရနိုင်ပါတယ်။ ဒါပေါ့.. အလွန်အကျွံလည်းလုပ်လို့မရဘူး၊ အချိန်အကြာကြီးလည်း လုပ်လို့မရဘူးပေါ့လေ။ ဒါကြောင့်ပိုင်လန်က ဖုန့်ယင်းချီရဲ့အမြင်ကိုမေးတဲ့အချိန်မှာ “အားမပေးချင်ပေမယ့် ကန့်ကွက်စရာလည်း မရှိပါဘူး” လို့ အဖြေပြန်ရခဲ့တယ်။
ဒါကြောင့် ပိုင်လန်က စိတ်ဆုံးဖြတ်လိုက်ဖို့ကြိုးစားတုန်း တစ်ခုသောနေ့လည်ခင်းမှာ ဖန်းဟွာက သူ့အတွက်ဘီယာကြော်ငြာတစ်ခုကို လက်ခံပေးခဲ့တယ်။
ဒီဘီယာကြော်ငြာရဲ့ရိုက်ကွင်းမှာတော့ ပိုင်လန်က ဒီဇာတ်ကောင်ရဲ့စိန်ခေါ်မှုကိုလက်ခံလိုက်ဖို့ ဆုံးဖြတ်ချက်ချနိုင်စရာတွန်းအားအဖြစ် အကြောင်းအရင်းတစ်စုံတစ်ရာကိုရှာတွေ့ခဲ့ပါတယ်။
……………………