(13) လမုန့်ဂျတ်ဖာတစ်သေတ္တာ
“နင် မနေ့ညက UNI ကြော်ငြာကြည့်လိုက်သေးလား!?”
“ကြည့်လိုက်တာပေါ့! ခဏခဏကြည့်ပြီးပြီ! ဒေါင်းလုပ်တောင်ဆွဲထားသေးတယ်”
“ငါလည်းကြည့်ပြီး အသည်းတွေယားနေတာ၊ သူတို့နှစ်ယောက်က ဘာလို့ အဲ့လောက်တောင် လိုက်ဖက်နေရလဲ မသိဘူး! နှစ်ယောက်တွဲရိုက်ခိုင်းလိုက်တာကိုက လုံးဝကြီး အမျှော်အမြင်ရှိတယ်!”
“ဟုတ်တယ် ဟုတ်တယ်! အားချီက အရမ်းချစ်ဖို့ကောင်းတာပဲ၊ ရုပ်တည်ကြီးနဲ့ချွဲနေတယ်၊ ငါထင်တယ် သူက အိမ်မှာလည်း အဲ့လိုပုံစံပဲနေမှာပဲ! အိုး… ပိုင်လန်ကရော…..! ငါ့အိမ်က သောက်ကျိုးနည်းအစ်ကို သူနဲ့ ၁% ပဲတူရင်တောင် ငါသေပျော်ပါပြီဟယ်!”
“ငါလည်း သတင်းစာထဲက သူတို့ပုံတွေကို သိမ်းထားတယ်၊ ဟိုပုံလေးလေ.. ပိုင်လန်က မျက်မှန်လေးကို လှမ်းပေးလိုက်တာလေ!! အင်း..ပိုင်လန်က အရမ်းကိုတည်ငြိမ်ရင့်ကျက်ပြီး ကြင်နာတတ်တဲ့ပုံစံလေး!! ပြီးတော့ ဈေးဝယ်နေတဲ့ပုံရောပဲ၊ ဈေးဝယ်နေတာတောင် ဘာလို့ကြည့်ကောင်းနေရတာလဲ!!”
“ဟီးဟီး.. ငါ့မှာ ပိုကြည်တဲ့ ဒစ်ဂျစ်တယ်ဗားရှင်းရှိတယ်၊ စာရွက်တွေနဲ့ဆို ပြဲသွားမှာကြောက်နေရသေးတယ်”
“အွန်း…ငါ့ကိုလည်း ကူးပေး၊ ငါက နင့်လောက်မလုပ်တတ်ဘူးလေ”
“ရပါတယ်ဟ..ပြီးတော့ နင် ဒီတစ်ပတ်ပိတ်ရက် အားလား၊ ငါ.. UNI မှာအင်္ကျီသွားဝယ်မလို့!”
“ငါက ဒီညသွားမလို့ လုပ်ထားတာ.. ဘာလို့ စနေနေ့ထိစောင့်နေဦးမှာတုန်း”
“အား.. ငါ့ကိုစောင့်ဦးလေ၊ ငါဒီည အလုပ်မှာ အိုဗာတိုင်ဆင်းရမှာ”
“ဟဲ့..နင် မသိသေးဘူးလား၊ ပိုင်လန်နဲ့အားချီဝတ်တဲ့ လောင်းကုတ်ရှည်တွေက အကန့်အသတ်ထုတ်တာတဲ့! မကုန်ခင် အမြန်ဝယ်ထားမှရမှာ”
“ဘာ.. အကန့်အသတ်!” မိန်းကလေးက အကျယ်ကြီးအော်လိုက်တယ်။ “ဘာလို့ အကန့်အသတ်ထုတ်ရတာလဲ!?”
“ဘာလို့လဲဆိုတော့ ဆိုင်တွေအကုန်လုံးက အလုအယက်မှာနေကြလို့လေ၊ အလုံအလောက်မရှိတော့ တစ်နေရာမှာရောင်းကုန်သွားပြီဆိုရင် အခြားဆိုင်မှာ ရှာပေရော့ပဲ”
“ဒါဆို ဒီည နင်သွားဝယ်ရင် ငါ့ကို တစ်ထည်ဝယ်ခဲ့ပေး၊ နော်..ဝယ်ခဲ့နော်၊ ငါက ခရင်ကာလာရောင်လေး ဆိုဒ်က နံပါတ်(၃)!”
“ကောင်းတယ် ကောင်းတယ်၊ ငါက ခရမ်းရောင်လေးဝယ်မယ်၊ အိုကေ ငါတို့ဝယ်ပြီးသွားရင် စနေနေ့ လက်ဖက်ရည်သောက်ရင်း ဆင်တူလေးဝတ်ကြမယ်လေ”
“ဟားဟား.. အိုကေအိုကေ ၊ နင် သေချာသွားဝယ်လိုက်ဦးနော်”
“ရတယ်.. ပြဿနာမရှိဘူး၊ ငါဒီနေ့ အလုပ်က စောစောလစ်ထွက်မှာ”
“အော်..တော်တော်ကောင်းတဲ့ ဝန်ထမ်းလေးပဲ၊ နင့် အဖွ့ဲမှူးကို သွားတိုင်ပြောမှပဲ”
“ငါ့အဖွဲ့မှူးက ငါ့ထက်တောင် ပိုဆိုးသေးတယ်၊ သူက နေ့လည်ထဲက ထွက်သွားတာ!”
***
ခိုးရိုက်ဓါတ်ပုံတွေ ပေါ်ထွက်လာမှုက ပိုင်လန့်ကို ပိုပြီးနာမည်ကြီးသွားစေခဲ့တယ်။ သတင်းစာတွေမှာ ဟိုးလေးတကြော်ကြော်ပလူပျံပြီးတဲ့အခါ တိုတယ်ကုမ်ပဏီဘက်က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး UNI ကလည်း သူတို့ရဲ့ကြော်ငြာအသစ်ကို မဂ္ဂဇင်းမှာရော တီဗွီတွေမှာပါ ဖြန့်ချီခဲ့တယ်။ ဒါတွေက ပိုင်လန့်ကို အနေအထားတစ်ခုထိ ရောက်စေခဲ့တာပေါ့။ ဒါဆို စပွန်ဆာရှိတဲ့ သတင်းကရော… တစ်ရက်နှစ်ရက်ပဲ လူပြောများလိုက်ပြီး ပျောက်သွားတာပါပဲ။
ဖြစ်နိုင်တာက ရုန်စစ်ချီကို ကျေးဇူးတင်ရမှာ။ သူက ပိုင်လန့်ကိုကူညီဖို့ ရှေ့ထွက်ခဲ့တာကြောင့် ရက်အတော်ကြာ မီဒီယာတွေက နောက်ကလိုက်ရင်း သူတို့နှစ်ယောက်ဆက်ဆံရေးကို မေးမြန်းကြလေတယ်။ ဒါပေမယ့် ဒီနေရာမှာ အားလုံးသိကြတာက ကုမ်ပဏီရဲ့ခွင့်ပြုချက်မရှိဘဲ ရုန်စစ်ချီက သူတို့သူငယ်ချင်းသံယောဇဉ်ကို ဖော်ပြမှာမဟုတ်ဘူး ဆိုတာပဲ။ ဒါကပဲ အားလုံးကို သိသာစေခဲ့တာက ပိုင်လန်က သာမန်ဖိုးကံကောင်းလေးတစ်ယောက်မဟုတ်ဘဲ တိုတယ်ကုမ်ပဏီရဲ့ အပြည့်အဝထောက်ပံ့မှုရရှိထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တယ် ဆိုတာပါပဲ။
နောက်ထပ် အရေးကြီးတဲ့အချက်ကလည်း UNI ကြော်ငြာရဲ့ နောက်ဆက်တွဲအောင်မြင်မှုတွေပါပဲ။ ကြော်ငြာစီးရီးတွဲတွေကြောင့် ရုန်စစ်ချီနဲ့ပိုင်လန်က တဟုန်ထိုး လူသိများလာတယ်။ နဂိုပရိသတ်တွေမပြောနဲ့ အစတုန်းက လှည့်မကြည့်တဲ့ ဖြတ်သွားဖြတ်လာပရိသတ်တွေတောင် အခုတော့စိတ်ဝင်စားလာကြပြီ။
‘ကျော်ကြားမှု’ ဆိုတဲ့အရာက သိပ်ကိုထူးဆန်းအံ့သြဖွယ်ရာကောင်းတာလေ။
တစ်ချက်ကလေး အစမပြုလိုက်နဲ့.. ပြုလိုက်တာနဲ့ ပိုပိုကြီးထွားလာတာပါပဲ။
ခိုးရိုက်ဓါတ်ပုံကိစ္စလည်း ဖြေရှင်းပြီးသွားရော ပိုင်လန်က ‘လက်တွဲဖော်များ’ ဇာတ်လမ်းတွဲရဲ့ နာမည်အကြီးဆုံးလူတွေထဲကတစ်ယောက် ဖြစ်လာတယ်။ သူရုပ်ရှင်ရိုက်တဲ့နေရာ အောက်ဒိုးဖြစ်ဖြစ် အင်ဒိုးဖြစ်ဖြစ် သတင်းထောက်တွေနဲ့ပရိသတ်တွေ အများကြီးစုပြုံနေပြီး ရင်းနှီးမှုရဖို့ကြိုးစားကြလေတယ်။ ဒါက အမျိုးသားဇာတ်လိုက်ဝူရှန်အန်းကို ဒေါသထွက်စေခဲ့တာကြောင့် သူက အမြဲတမ်းစိတ်အလိုမကျဖြစ်နေပြီး ဇာတ်ဝင်ခန်းတစ်ခန်းပြီးတိုင်းမှာ အဝတ်လဲခန်းထဲမှာပဲ သူ့ကိုယ်သူ ပိတ်နေလေတယ်။
ဒါပေမယ့် ပိုင်လန်ရဲ့သရုပ်ဆောင်လမ်းကြောင်းပွင့်သွားတဲ့နေရာမှာ ရုန်စစ်ချီကြောင့်ပဲလို့ပြောရင် မှန်တဲ့အရာလည်း မဟုတ်ဘူး။ ပရိသတ်တွေရဲ့အမြင်မှာတော့ ပိုင်လန်နဲ့သူငယ်ချင်းဖြစ်ပြီးမှ ရုန်စစ်ချီပုံရိပ်က ပိုပြီးတိုးတက်လာတာ။ နေ့တိုင်းထုတ်လွှင့်တဲ့ ‘လက်တွဲဖော်များ’ မှာ ပိုင်လန်ရဲ့ပါဝင်နှုန်းက အဆက်မပြတ်ဖြစ်နေပြီး ရုန်စစ်ချီရဲ့နောက်ဆုံးထွက် အယ်လ်ဘန်ထဲက သီချင်းကလည်း ဇာတ်လမ်းတွဲရဲ့ အပိတ်သီချင်းဖြစ်လာခဲ့တယ်။ ဒါက ကံကောင်းလှတဲ့တိုက်ဆိုင်မှုတစ်ခုဖြစ်ပြီး နှစ်ယောက်သားကိုလည်း ပရိသတ်တွေ ပိုမိုမှတ်မိလာစေတယ်။
ရလဒ်ကတော့ ဇာတ်ညွှန်းရေးဆရာတွေက ဇာတ်ကွက်ကိုပြောင်းဖို့ဆုံးဖြတ်လိုက်ကြပြီး ပိုင်လန်ရဲ့ဇာတ်ဝင်ခန်းတွေကို ထပ်ထည့်ခဲ့ကြတယ်။
ဒါပေမယ့် ဖန်ရှန်းဖြစ်စေချင်သလို အမျိုးသမီးဇာတ်လိုက် ဝူရှင်းရာနဲ့ အချစ်ဇာတ်လမ်းတော့ မဟုတ်ခဲ့ပါဘူး။ သူတို့က ဒီနည်းအတိုင်းပြောင်းလိုက်မယ်ဆိုရင် ပိုင်လန့်ပရိသတ်တွေ စိတ်ဆိုးသွားမှာကြောက်လို့လေ။ ဘာပဲဖြစ်ဖြစ် အဆုံးသတ်မှာတော့ ဝူရှင်းရာက ဇာတ်လိုက် လင်ချွမ်ရှီနဲ့ပဲ ညားပြီး ပျော်ရွှင်ဖွယ်ရာဇာတ်သိမ်းလေး ဖြစ်ရမှာမလား။ ဒါကြောင့် ကျန်းရှင်းချန်ကို သာမန်အဖြည့်ခံဇာတ်ပို့လေး မဖြစ်စေချင်တဲ့ ဇာတ်ညွှန်းရေးဆရာက ပြတ်ပြတ်သားသားကွဲထွက်စေခဲ့ပါတယ်။ ဇာတ်ညွှန်းရေးဆရာရွှီက ချန်မေယွိကာရိုက်တာကို အဆိုးဘက်ကိုပြောင်းလဲခဲ့ပြီး ကျန်းရှင်းချန်ကို သူမအပေါ်မှာထားတဲ့အချစ်တွေ စွန့်လွှတ်စေခဲ့တယ်။ ကျန်းရှင်းချန်က ဘဝသစ်တစ်ခုကို စတင်ပြီး သူ့သားကျန်းလဲ့နဲ့ပဲ ကောင်းမွန်တဲ့ဘဝကို ထူထောင်ခဲ့တယ်လေ။
ဒါဆို ကျန်းရှင်းချန်ရဲ့အချစ်နဲ့ ပျော်ရွှင်မှုတွေအတွက်ကရော.. ဒါလည်း စိုးရိမ်စရာ မရှိတော့ပါဘူး။ သူ့သားကျန်းလဲ့သာ ဘေးနားမှာအဖော်ပြုပေးနေမယ်ဆိုရင် သူ့အတွက် ကောင်းမွန်တဲ့ဇာတ်သိမ်းဖြစ်လာနိုင်ပြီး ဒါကပဲ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဇာတ်လမ်းတွဲရဲ့နောက်ပိုင်းတွေမှာ ဇာတ်ညွှန်းရေးဆရာရွှီက သားအဖနှစ်ယောက်ရဲ့ဇာတ်ဝင်ခန်းတွေကို ပိုဖြည့်ခဲ့ပြီး မိသားစုပုံစံဇာတ်ကြောင်းကို ပြောင်းလဲခဲ့တယ်။ ဇာတ်ဝင်ခန်းအရေအတွက်ကလည်း ဇာတ်လိုက်လင်ချွမ်ရှီလောက်နီးနီးဖြစ်လာပြီး ဇာတ်ပို့သရုပ်ဆောင်မဟုတ်ဘဲ ဒုတိယဇာတ်လိုက် ဖြစ်လာခဲ့လေတယ်။
ဝူရှန်အန်းက ဒီဇာတ်ညွှန်းအသစ်ကို ရရှိတဲ့အချိန်မှာ ဒေါသတွေမတရားထွက်လာတာကြောင့် သူ့လက်ထောက်ရှေ့က ထိုင်ခုံကို ဆောင့်ကန်ထုတ်လိုက်တယ်။ သူက ခန်းကျန့်ဆိုတဲ့နာမည်ကို သူ့ရှေ့မှာထုတ်မပြောမိစေဖို့နဲ့ ပြောတဲ့လူကိုရေစက်ဖြတ်ပစ်မယ့်အကြောင်းကို ဂရန်းမီဒီယာက လူတွေအားလုံးကို သတင်းလွှင့်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ခန်းကျန့်က ဂြိုလ်ဆိုးတစ်ကောင်ဖြစ်တာကြောင့်လေ။
ဒါပေမယ့် ဝူရှန်အန်းနဲ့ခန်းကျန့်တို့ ထင်ထားသလိုလည်း ကိစ္စတွေက အဆုံးထိရောက်မသွားဘူး။ သူတို့မျှော်လင့်ခဲ့တာက ပိုင်လန်ရဲ့ဓါတ်ပုံတွေကို ဖွင့်ချလိုက်ရင် နာမည်ပျက်သွားမယ်လို့လေ။ အကယ်၍ ဘာမှမဖြစ်ဘူးဆိုရင်တောင်မှ သူတို့ဆီမြားဦးပြန်လှည့်မလာနိုင်ဘူးလို့ပေါ့။ ဒီနေရာမှာ သူတို့မသိသေးတာက ဒီအကြောင်းတွေကို ဟုန်ဟုန်က ရှာတွေ့ပြီးပြီဆိုတာပဲ။ နောက်ကွယ်ကလူကိုတောင်မှ သိပြီးနေပါပြီ။ လမ်းကြောင်းက လိုက်ရင်းလိုက်ရင်း နောက်ဆုံးမှာ ဝူရှန်အန်းဘေးနားကို ပြန်ရောက်လာတယ်။ ဓါတ်ပုံဆရာကို ခိုင်းစေတဲ့ရည်ရွယ်ချက်ကလည်း ပိုင်လန့်ကို သူ့အမျိုးသားချစ်သူနဲ့ လက်ပူးလက်ကြပ်ဖမ်းမိစေချင်လို့ပေါ့။
ဒီသတင်းကို ချိုးချန်ကြားတဲ့အချိန်မှာ အကျယ်ကြီးအော်ရယ်လိုက်တယ်။ သူက ချက်ချင်းပဲ ခန်းကျန့်နဲ့ဖုန်းပြောခဲ့တဲ့ မနက်ခင်းကို သတိရသွားတာပေါ့။ သူက ပိုင်လန်နဲ့အတူတွဲပြီး လူမြင်ကွင်းကိုထွက်ဖို့ဆိုတာ မရှိသလောက်ရှားတယ်။ ပြီးတော့ ပိုင်လန်ရဲ့ချစ်မှုရေးရာကလည်း အခုချိန်ထိ ဘာသတင်းမှထွက်ဖူးတာမဟုတ်ဘူး။ ဒါကြောင့် အဲဒိအဖြစ်အပျက်ကလွဲပြီး ပိုင်လန်ရဲ့လိင်တိမ်းညွှတ်စိတ်ကို ဘယ်သူက သံသယရှိနေမှာလဲ။
“ကြည့်ရတာ မင်းနဲ့ ခန်းကျန့်က ရန်ညှိုးလေးတွေရှိပုံရတယ်၊ မင်းထက်တောင် ဟိုက ပိုပြီးခြေမြန်လက်မြန်ရှိသေးတယ်၊ အဲ့တော့ နှစ်ယောက်လုံးနဲ့ပတ်သက်ပြီး မင်း ကိုယ့်ကို ဘယ်လိုကိုင်တွယ်စေချင်လဲ?”
တစ်ညမှာ ချိုးချန်က တိုက်ခန်းရဲ့လသာဆောင်မှာ မတ်တပ်ရပ်နေရင်း ဒီမေးခွန်းကိုမေးလိုက်တယ်။ လေပြေလေညှင်းလေးက သူ့မျက်နှာနဲ့ဆံပင်တွေပေါ်မှာ ဖြတ်တိုက်နေရင်း ချိုးချန်က စီးကရက်တစ်လိပ်ကို သောက်နေခဲ့တယ်။
ပိုင်လန်ကတော့ နံရံမှာမှီရင်း အဝေးကမီးရောင်တွေကို ငေးကြည့်နေတယ် “ဝူရှန်အန်းနဲ့ပတ်သက်ပြီးတော့ အစ်မဖန်းကို အကူအညီတောင်းထားတယ်”
“ဘယ်လိုလဲ?”
“သူ့ကို ဇာတ်လမ်းတွဲအသစ်မှာ မိတ်ဆက်ပေးလိုက်ဖို့ အစ်မဖန်းကိုပြောထားတာ”
ချိုးချန်က မျက်ခုံးတွေကိုပင့်တင်လိုက်တယ် “သဘောတွေ စွတ်ကောင်းနေတယ်ပေါ့?”
ပိုင်လန်က ပါးပါးလေးပြုံးတယ် “ဇာတ်လမ်းတွဲအဖွဲ့သားတွေထဲမှာ ပါတီတက်ဖို့၊ ဆေးသုံးဖို့ လျှောက်မြူဆွယ်တတ်တဲ့သူတွေပါမှန်း ကျွန်တော်သိတယ်၊ ဘယ်သူမှ မပြောရင်တော့ ဘာမှမဖြစ်ဘူး၊ ဒါပေမယ့် ပေါ်သွားပြီဆိုတာနဲ့ ထုတ်လုပ်ရေးတစ်ခုလုံး မြောင်းထဲရောက်သွားပြီပဲ၊ ပြီးတော့ သူတို့ရိုက်မဲ့ဟာကလည်း အမှန်တရားဘက်တော်သား စုံထောက်ဇာတ်လမ်းတွဲ” သူ့အရင်ဘဝတုန်းကတော့ ဇာတ်လမ်းတွဲမထုတ်လွှင့်ခင် စတင်ကြေငြာခါစပဲရှိသေးတယ်၊ သတင်းတွေက ပျံ့လာပြီး ပါဝင်တဲ့လူအကုန်လုံးကို ဆွဲချသွားလေတယ်။ ဖြစ်ရပ်မှာ လူတွေသာမကဘဲ လပေါင်းများစွာကြိုးပမ်းခဲ့တဲ့ အလုပ်တစ်ခုလုံးလည်း အလဟဿဖြစ်သွားခဲ့တယ်။
ချိုးချန်က ဆေးလိပ်ကို ရှိုက်သွင်းလိုက်ရင်း ပိုင်လန့်ကို ငဲ့စောင်းကြည့်လိုက်တယ် “မင်း ဘယ်လိုသိတာလဲ”
ပိုင်လန်က အရေးမကြီးသလို စိတ်မဝင်စားဟန်နဲ့ပြန်ဖြေတယ် “သူငယ်ချင်းတစ်ယောက် ပြောပြတာ”
ချိုးချန်က သူ့ကိုကြည့်နေရင်းမှာပဲ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့မေးခွန်းလေး မေးလိုက်တာပေါ့ “ဒါဆို ခန်းကျန့်ကိုရော..?”
“ခန်းကျန့်ပွဲဦးထွက်ရုပ်ရှင်က ပြခါနီးပြီ၊ ပရိုမိုးရှင်းဆင်းနေတာလည်း ကျွန်တော်နဲ့အတူတူလောက်ပဲ၊ တစ်ခါတစ်လေ ပရိုမိုးရှင်းဆင်းတဲ့နေရာတွေလည်းတူတယ်၊ ကျွန်တော် သူ့ကိုလွယ်လွယ်နဲ့ လုပ်ခွင့်မပေးနိုင်ဘူး”
“ဒါပဲလား?” ချိုးချန်က စောင့်နေတုန်းပဲ ဒါပေမယ့် နောက်ထပ်စကားသံလည်း မကြားရတော့ဘူး၊ သူ အများကြီးစိတ်ပျက်သွားလေတယ် “မင်းက အနည်းဆုံးတော့ မျက်လုံးတစ်လုံးဆုံးရင် မျက်လုံးတစ်လုံး ဖြစ်သင့်တာပေါ့”
“ဒီလိုအရေးကြီးတဲ့အချိန်မျိုးမှာ ခန်းကျန့်က လွယ်လွယ်နဲ့ အမှားလုပ်မှာ မဟုတ်ဘူး၊ အပြစ်လိုက်ရှာနေမယ်ဆိုရင် အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မယ်” ပိုင်လန်က အားငယ်သလိုခံစားနေရတယ်။ သူ့အရင်ဘဝမှတ်ဉာဏ်တွေထဲမှာတော့ ဒီအချိန်မှာ ခန်းကျန့်က အပြုအမူတွေကို သိပ်ဂရုစိုက်နေတာ၊ သူ့ကို တုန့်ပြန်ဖို့နည်းလမ်း စဉ်းစားလို့ကို မရတာ။ “အခုချိန်မှာ သူက ပိုပြီးလူသိများလာအောင် ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ချင်နေလိမ့်မယ်၊ ကျွန်တော်က သူ့ကို လိုက်ပိတ်ပင်ဖို့ ဝန်လေးနေတာမဟုတ်ပါဘူး၊ ဒါပေမယ့် အစ်မဖန်း က သဘောတူမှာမဟုတ်ဘူး”
“ဘာလို့လဲ? ဒီနည်းက ထိရောက်တယ်လေ”
ချိုးချန်လို သူဌေးတစ်ယောက်အတွက်ဆိုရင် ဒါက စကားလေးတစ်ခွန်းပြောလိုက်ရုံနဲ့ ပြီးမြောက်သွားမယ့်အရာပဲ။
ပိုင်လန်က မျက်ခုံးတွေကို ပင့်လိုက်တယ် “သူက ကျွန်တော်နဲ့ အဆင့်ချင်းမှ မတူတာ”
(Note…. သဘောက ချန်းကျန့်လို ပမွှားလေးတစ်ယောက်ကို ပိုင်လန်က အားအားယားယား လိုက်ပြိုင်မနေချင်ဘူးလို့ ဆိုလိုတာ)
ဒီလိုလှပတဲ့မျက်နှာလေးထက်က သွေးအေးတဲ့အကြည့်တွေကိုမြင်ရတာ ချိုးချန်ကို အလွန်တရာဆွဲဆောင်နေသလိုပါပဲ။ ဒါကြောင့်ချိုးချန်စိတ်ထဲ ယားကျိကျိဖြစ်လာတယ်။ သူက စီးကရက်မီးကို သတ်ပစ်လိုက်ပြီး မျက်စိရှေ့ကကောင်လေးကို လက်မောင်းထဲဆွဲဖက်လိုက်ပြီးမှ ပြောလေတယ် “မဆိုးပါဘူး..ဟင်၊ အမြင်မှန်လေးတော့ ရှိသားပဲ၊ ခန်းကျန့်ကို ကိုယ့်တာဝန်ထားလိုက်”
ပိုင်လန်က ဘာမှမပြောဘူး။ ဒါကိုခံစားမိတဲ့ ချိုးချန်က ထပ်ပြောပြန်တယ် “ဘာလဲ? ကိုယ်က သူ့ကိုထိလို့မရဘူးလား?”
ချိုးချန်က အန္တရာယ်ရှိတဲ့အငွေ့အသက်တွေနဲ့ မျက်လုံးတွေကိုမှေးကျဉ်းရင်း သူ့မေးဖျားလေးကို ရုတ်တရက်ဆွဲညှစ်လိုက်တာကြောင့် ပိုင်လန်က ပြန်ပြောဖို့အခွင့်အရေးတောင် မရလိုက်ဘူး။
“သူ့ကို မင်းပဲ အနိုင်ကျင့်လို့ရပြီး အခြားသူတွေ လက်ဖျားလေးနဲ့တောင် ထိခွင့်မရှိဘူးလို့ ကိုယ့်ကိုမပြောနဲ့”
ပိုင်လန်နဲ့ခန်းကျန့်ကြားက ဆက်ဆံရေးအစစ်အမှန်ကို ချိုးချန်တစ်ယောက် မရှာနိုင်ပေမယ့်လည်း ဖုန်းထဲက မှတ်တမ်းတွေအရတော့ ဒီနှစ်ယောက်က အချိန်တစ်ခုထိရင်းနှီးခဲ့တယ်ဆိုတာ သူသေချာသိတယ်။ ဒီလို မရှင်းမလင်း ဆက်ဆံရေးမျိုးက ချိုးချန်ကို သိပ်ပြီးမကျေမနပ်ဖြစ်စေခဲ့တာပေါ့။
သူပြောတာကိုကြားတဲ့ပိုင်လန်က ခပ်ဟဟရယ်ပါတယ် “မဟုတ်ပါဘူး၊ ခင်ဗျားသဘောပါ၊ ဒါပေမယ့် ပတ်စာခွာဖျာလိပ်အဆုံးထိတော့ မလုပ်နဲ့လို့၊ သူ့နောက်ဆုံးထွက်သက်ကိုတော့ ကျွန်တော့်အတွက် ချန်ထားပေး”
“ဒါက သူ့ကိုချမ်းသာပေးဖို့ မင်းရဲ့သနားခံတဲ့နည်းလမ်းလား?” ချိုးချန်က သူ့လက်ချောင်းတွေနဲ့ ပိုင်လန်ရဲ့မေးရိုးတစ်လျှောက်ပွတ်သပ်နေတယ်။
ပိုင်လန်က သူ့လက်ကို ဖမ်းကိုင်လိုက်တယ် “သူ ကျွန်တော့်ကို သစ္စာဖောက်ခဲ့တာ ပြန်ပေးဆပ်ခိုင်းရမှာပေါ့”
ချိုးချန်က စကားတွေကိုကြားပြီးရယ်တယ် “ဟင်.. ကူညီပေးဖို့တောင် ကိုယ်က တောင်းဆိုနေရတယ်…….”
ပိုင်လန်က မျက်လုံးတွေကိုလှန်ပြီးကြည့်လိုက်တယ်။ ပြီးတော့ လက်တွေ့ထိရောက်တဲ့ နည်းလမ်းကို သုံးလိုက်လေတယ်။ သူက ရှေ့ကိုတိုးရင်း သူ့နှုတ်ခမ်းတွေနဲ့ တစ်ဖက်လူပါးစပ်ကို လှမ်းပိတ်လိုက်တယ်။
မမျှော်လင့်ဘဲ အင့်ခနဲအသံထွက်သွားတဲ့ ချိုးချန်က လက်နှစ်ဖက်ကိုသုံးရင်း ရှေ့ကလူကို ကျိုးကြေမတတ် မက်မက်မောမောပြန်နမ်းလိုက်တယ်။ ပြီးတော့ စက္ကန့်ပိုင်းအတွင်းမှာပဲ တက်ကြွစွာ ဦးဆောင်လှုပ်ရှားသူဖြစ်လာလေတယ်။
နောက်ဆက်တွဲအနေနဲ့ကတော့ အပူချိန်က မြန်မြန်ဆန်ဆန်မြင့်တက်လာရင်း အသက်ရှုနှုန်းတွေကလည်း ပိုပြီးကြမ်းတမ်းလာတယ်။
ညချမ်းရဲ့အေးစက်လှတဲ့ လေပြေလေညှင်းလေးတွေတောင် အပူတွေကို ငြိမ်းအေးဖို့ မစွမ်းသာတော့ပါဘူး။
***
လာမယ့်နေ့ရက်တွေမှာတော့ ပိုင်လန်က လက်တွဲဖော်များရိုက်ကွင်းအပြင် အရင်မန်နေဂျာ ချန်စုန့်လက်ခံခဲ့တဲ့ ကြော်ငြာတွေကိုပါ အပြီးဖြတ်ဖို့ ကြိုးစားနေခဲ့ရတယ်။ စာချုပ်ချုပ်ပြီးတဲ့ တစ်ချို့အသေးစားကြော်ငြာတွေကိုတော့ ဖန်းဟွာက ဖျက်သိမ်းခဲ့ပြီး လျော်ကြေးလည်း ပေးခဲ့တယ်။
ဒီအတောအတွင်း ခန်းကျန့်ရဲ့ရုပ်ရှင် ပရိုးမိုးရှင်းတွေလည်း ထွက်လာခဲ့ပြီး အရင်ဘဝတုန်းကလိုလည်း သူ့ကာရိုက်တာက ပရိသတ်တွေရဲ့လက်ခံမှုကို ရရှိခဲ့တယ်။ ဒီလို လက်ခံကြပေမယ့် သိပ်ပြီးစိတ်ဝင်စားမှုမရှိတာကြောင့် ဒီရုပ်ရှင်က ခန်းကျန့်ရဲ့သရုပ်ဆောင်ဘဝအတွက် အများကြီးအထောက်အကူတော့ မပြုခဲ့ဘူး။ ဒါပေမယ့် ဒါက ပိုင်လန်တစ်ခုခုလုပ်ခဲ့တာကြောင့် မဟုတ်ဘဲ UNI ကြော်ငြာရဲ့လွှမ်းမိုးမှုမရှိတာကြောင့် ဖြစ်ပြီး ခန်းကျန့်ရဲ့ ကျော်ကြားမှုလည်း ထင်သလောက်မပေါက်ရောက်ခဲ့ပါဘူး။
ဒါပေမယ့် ခန်းကျန့်ရဲ့အစပျိုးနေတဲ့ ဒီအချိန်မှာတောင် ချိုးချန်က ဝင်ရောက်နှောင့်ယှက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူက ဝူရှန်အန်းရိုက်ကူးမယ့်ထုတ်လုပ်ရေးမှာ ခန်းကျန့်ကို တစ်ဖက်လှည့်နဲ့ ထည့်သွင်းလိုက်ပြီး အရံဇာတ်ကောင်နေရာပါ ရရှိအောင် စီစဉ်ပေးလိုက်ပါတယ်။
သူက လူလွှတ်ပြီးစုံစမ်းကြည့်တဲ့အခါ ပိုင်လန့်သတင်းတွေက မှန်ကန်ကြောင်းသိသွားတာကြောင့် ငါးမျှားချိတ်လေးသာချပြီး အေးအေးဆေးဆေးစောင့်နေလေတယ်။ ချိုးချန်က ဓါးခုတ်ရာလက်ဝင်မလျှိုပါဘူး၊ ခန်းကျန့်နဲ့ ဝူရှန်အန်းတို့ ကံဆိုးမိုးမှောင်ကျမယ့်အချိန်ကို စောင့်ကြည့်နေတာပါ။ ဒီလိုနည်းနဲ့ ဆေးသုံးစွဲတယ်ဆိုတဲ့သတင်းက ထွက်မလာခဲ့ရင်တောင် ချိုးချန်က သူ့ပိုက်ဆံတွေကိုသုံးပြီး ထုတ်လုပ်ရေးကိုထွက်မလာနိုင်အောင် ဖိအားပေးထားလို့ရတယ်လေ။ ဒါက ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင်ပစ်တာပဲ မဟုတ်လား။ ပြီးတော့ ဂရန်းမီဒီယာက လူအားလုံးလည်း သိတယ်၊ ဝူရှန်အန်းက ခန်းကျန့်ကို မုန်းတယ်ဆိုတာကို။ ဒီလိုနည်းနဲ့ပဲ ခွေးနှစ်ကောင် သူ့တို့ဖာသာကိုက်နေကြတာကို အသာလေး စောင့်ကြည့်နေလို့ရတယ်လေ။
ချိုးချန်လိုလူမျိုးအတွက် ဒီလိုအသေးအမွှားကိစ္စလေးတွေက စကားလေးတစ်ခွန်းပြောရုံ၊ လက်ကလေးတစ်ဖက်လှုပ်ရုံနဲ့ အောင်အောင်မြင်မြင်ပြီးသွားနိုင်တဲ့အရာတွေ ဖြစ်တယ်။ ကိစ္စတွေလည်း စီစဉ်လို့ပြီးရော သူက ပိုင်လန့်ဆီ အပြေးကလေးသွားရင်း သူလုပ်ခဲ့တာတွေကို ကြွားလုံးထုတ်နေခဲ့တယ်။ ပိုင်လန်က အများကြီးကျေးဇူးတင်နေတယ်၊ ဒါကြောင့် အရမ်းကောင်းတဲ့ဆုချဖို့လည်း ဆုံးဖြတ်လိုက်တယ်။ ဒါက ချိုးချန်ကြိုက်တဲ့ ကြက်သွန်မြိတ်များများပါတဲ့ အမဲသားကြော်တစ်ပန်းကန်ပေါ့။ အမဲသားတောင်မှ ရိုးရိုးအမဲသားမဟုတ်ပါဘူး၊ အကောင်းဆုံးကွာလတီ ဂျပန်ဒေသထွက်အမဲသားပါ။
***
ရက်သတ္တပတ်အချို့အကြာမှာတော့ လက်တွဲဖော်များရဲ့ရိုက်ကွင်းက တရားဝင်ပြီးဆုံးသွားတယ်။
နောက်ပိုင်းကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ဒါရိုက်တာ ကျုံးချွင်ချိုင်က ပိုင်လန်ရဲ့ဘေးနားမှာ ကပ်ရပ်ထိုင်နေခဲ့ပြီး အပြုံးလေးနဲ့ မေးခွန်းတွေကို အတူတကွဖြေနေခဲ့တာပေါ့။ သူက ပိုင်လန့်ရဲ့ ရိုက်ကွင်းတစ်လျှောက် ခုန်ပံျကျော်လွှားတိုးတက်လာမှုတွေကို ချီးကျူးနေခဲ့ပြီး အကောင်းဆုံးဆိုတာတွေ ရောက်ရှိလာလိမ့်မယ်လို့ ပြောနေခဲ့တယ်။ မျိုးဆက်သစ် နာမည်ကြီးအနုပညာရှင်တစ်ယောက် ပေါ်ထွက်လာတော့မယ်ပေါ့လေ။
ဉာဏ်ကောင်းလှတဲ့ အမျိုးသမီးဇာတ်လိုက် ဖန်ရှန်းကလည်း ပိုင်လန်ရဲ့တစ်ဖက်ခြမ်းမှာ ကပ်နေခဲ့ပြီး မြင်နိုင်သမျှ မြင်သာအောင် ကြိုးပမ်းနေခဲ့တယ်။ သူမက ပုခုံးသားတွေ လစ်ဟာနေတဲ့ ဝိုင်နီရောင် မီနီဂါဝန်လေးဝတ်ထားပြီး ခန္ဓာကိုယ်သေးသေးသွယ်သွယ်လေးက မိန်းကလေးဆန်စွာ ချစ်ဖို့ကောင်းနေတာပေါ့။ ခန့်ညားတဲ့အမျိုးသားနဲ့ လှပတဲ့အမျိုးသမီးတို့ အတူတကွရှိနေခြင်းက မြောက်မြားလှတဲ့မျက်လုံးတွေနဲ့ တဖြတ်ဖြတ်လက်နေတဲ့ ကင်မရာမီးတွေ စုပြုံနေစေပါတယ်။
အမျိုးသားဇာတ်လိုက်ဝူရှန်အန်းက ဒါရိုက်တာကျုံးချွင်ချွိုင်ရဲ့တစ်ဖက်မှာ ရပ်နေပေမယ့်လည်း သတင်းထောက်တွေရဲ့မိုက်ခရိုဖုန်းအများစုကတော့ ကျုံးချွင်ချွိုင်နဲ့ပိုင်လန့်ကြားမှာပဲ တရုံးရုံးဖြစ်နေတယ်။ ကြည့်ရတာ အမျိုးသားဇာတ်လိုက်က ပိုင်လန်ဖြစ်နေသလိုပါပဲ။
တမင်တကာရည်ရွယ်လား မရည်ရွယ်လား မသိနိုင်ပေမယ့် မေးခွန်းအများစုကတော့ ဒါရိုက်တာကြီးပြီးရင် ပိုင်လန့်ကို မေးနေကြတာပဲ။ ပိုင်လန်ကလည်း တွန့်ဆုတ်မနေဘဲ အကုန်လုံးကို ယုံကြည့်ချက်ရှိရှိ ဖြေပေးတယ်။ တစ်ဖက်မှာရှိတဲ့ ဝူရှန်အန်းကလည်း ဒေါသထွက်လောက်အောင် အံကြိတ်နေရပေမယ့် အများအမြင်မှာတော့ တောက်ပခန့်ညားလေဟန် ဟန်ဆောင်နေရလေတယ်။
သတင်းထောက်တွေထဲမှာလည်း ဝူရှန်အန်း မှားမယ့်စကားတွေကို စောင့်နေကြတဲ့ သတင်းထောက်တွေ အများကြီးရှိတယ်။ စိတ်တိုပြီး ဒေါသထွက်လွယ်တဲ့ ဝူရှန်အန်းက သတင်းသမားတွေကို အပြစ်ပြုမိတဲ့ အချိန်တွေလည်း ရှိခဲ့ဖူးတယ်။ ဒါကြောင့် သူတို့က လက်စားချေဖို့အခွင့်အရေး စောင့်နေကြတာလေ။
အဲဒါကြောင့်ပဲ ဝူရှန်အန်းက သတင်းစာရှင်းလင်းပွဲပြီးချိန်ထိ စိတ်ရှည်လက်ရှည် စောင့်နေရတယ်။ နောက်ပိုင်းလုပ်တဲ့ပါတီမှာတော့ သူက ပိုင်လန့်နားကို ကပ်လာခဲ့ရင်း လက်ထဲက ရှန်ပိန်ခွက်ကို မြှောက်ကာ အတင်းကြီးလုပ်ယူရတဲ့အပြုံးတစ်ခုနဲ့ ပြောလေတယ် “ငါ မင်းကို သတိရနေမှာပါ”
ပိုင်လန်က သိမ်မွေ့တဲ့အမူအရာလေးနဲ့ ခွက်ကိုမြှောက်ပြီးပြန်ပြေပါတယ် “သူ့ကျေးဇူးတွေမှတ်ထားပါ၊ ကိုယ့်ကျေးဇူးတွေကို မေ့ပစ်ပါတဲ့၊ ကျွန်တော်လည်း အများကြီး အမှတ်ရနေမှာပါ”
ဒီစကားတွေရဲ့ အဓိပ္ပါယ်ကို နားလည်ဖို့ ဝူရှန်အန်းတစ်ယောက် အချိန်အကြာကြီး ယူခဲ့ရတယ်။
***
ဂုဏ်ပြုပွဲပါတီ ကျင်းပခဲ့တဲ့ အဲဒိညက သိပ်ကို ခမ်းနားသိုက်မြိုက်ပြီး လှုပ်ရှားတက်ကြွနေခဲ့တာပေါ့။
သူတို့က ပွဲကျင်းပဖို့ သီးသန့်ရွက်လှေတစ်စီးကို ငှားရမ်းခဲ့ကြပြီး ရှန်ပိန်မိုးရွာသွန်းနေခဲ့တယ်။
အားလုံးက သန်းခေါင်ညကို အပျော်တွေအပြည့်နဲ့ဖြတ်သန်းနေကြပြီး နောက်ဆုံးမှာ တအိအိနဲ့ စိတ်မပါလက်မပါ ပြန်သွားကြလေတယ်။
တက်ကြွပြီး မာန်ပါတဲ့ ထူးခြားတဲ့ညလေး ပြီးဆုံးပြီးနောက်မှာ ပိုင်လန်က အထီးကျန်လှတဲ့တိုက်ခန်းဆီကို တစ်ယောက်တည်း ပြန်လာတယ်။
သူက သော့ကိုဘေးကို ပစ်လိုက်တယ်။ ပြီးတော့ မ လာတဲ့ ကတ်ထူဗူး လေးလေးကြီးကို စားပွဲပေါ်ပစ်တင်လိုက်တဲ့အခါ “ဗန်း..” ခနဲ အသံတစ်ခု ထွက်လာလေတယ်။
ဒါက ဟုန်ဟုန် သူ့ကို ပေးလိုက်တဲ့ လမုန့်ဂျတ်ဖာ တစ်ဗူးလေ။
လမုန့်ဂျတ်ဖာကြီးက ပိုင်လန့်မိဘတွေ ကုမ်ပဏီကိုပို့လိုက်တာဖြစ်ပြီး တစ်ဆင့်တစ်ဆင့် သူ့ဆီရောက်လာတာ။
ပိုင်လန်က အမှောင်ထဲမှာ ထိုင်နေတယ်။ ဒါက သူ့အတွက်တော့ အိမ်မက်ထဲကနေ နိုးထလာသလိုပဲ။ ဒါပေမယ့် နာကျင်မှုတွေကတော့ သူ့ဘေးနားမှာ မခွာရက်နိုင် တဝဲလည်လည် ဖြစ်နေတုန်းပါပဲ။
…………………………….