(8) မကိုင်လိုက်ရတဲ့ ဖုန်းခေါ်သံ
Viewers 62k

(8) မကိုင်လိုက်ရတဲ့ ဖုန်းခေါ်သံ

ရိုက်ကွင်းကနေ သူတို့အိမ်ပြန်လာတဲ့အချိန်က ည(၁၀)နာရီရှိနေပြီ။

ရိုက်ကူးချိန်က နဂိုစီစဉ်ထားတဲ့အချိန်နဲ့စာရင် အများကြီးပိုနောက်ကျသွားပေမယ့် ရလဒ်က ကျေနပ်စရာဆိုတော့ အကုန်လုံးက ပင်ပန်းတယ်မထင်တော့ဘူး။

ဟုန်ဟုန်က သူ့အနားအရောက် ကားနဲ့လာကြိုတယ် “ပစ္စည်းတွေအကုန်လုံးရွှေ့ပြီးပါပြီ၊ မနက်ဖြန် အိမ်ဟောင်းက ကျန်ခဲ့တဲ့အရာတွေအကုန်လုံး ရှင်းလိုက်ပါ့မယ်”

ဒီနေ့နေ့လည်ခင်း ပိုင်လန်အလုပ်လုပ်နေတဲ့အချိန်တုန်းက ဟုန်ဟုန်တစ်ယောက် သူ့အိမ်သော့လာတောင်းပြီး အိမ်အသစ်ဆီရွှေ့ပြောင်းရေး မဆိုင်းမတွကူညီပေးနေတယ်။ 

“အကုန်လုံး? ရေခဲသေတ္တာထဲက ဟာတွေတောင်လား?” ပိုင်လန်က ကားနောက်ခုံမှာ ဝင်ထိုင်လိုက်လေတယ်။ 

ဟုန်ဟုန်က ကားစတီယာရင်ကိုလှည့်ရင်း ဖြေပါတယ် “ဟုတ်၊ တခြားလိုအပ်တာများ ရှိသေးလား?”

“မရှိပါဘူး” ပိုင်လန်က ခဏစဉ်းစားပြီးမှ ထပ်ပြောတယ် “ဗိုက်ဆာနေပြီလား၊ ညလယ်စာ စားချင်လား”

ဒီနေ့က လက်ထောက်အသစ်ရတဲ့နေ့ဖြစ်တာကြောင့် ပိုင်လန်ဆိုတဲ့ဒီသူဌေးအသစ်လေးက တစ်ခုခုကျွေးဖို့ခေါ်သွားသင့်တယ်မလား။

ဟုန်ဟုန်တစ်ယောက် အဖြေပြန်မပေးခင် အကြာကြီးနှုတ်ဆိတ်သွားပါသေးတယ် “အင်း”

ဒါက အမှန်တကယ်လက်မခံချင်ပေးမယ့် နောက်ပိုင်းအလုပ်အတူလုပ်ရမှာကိုတွေးပြီး အောင့်သီးအောင့်သက် လက်သင့်ခံလိုက်ရပုံနဲ့တူတယ်လေ။

ပိုင်လန်က အနည်းငယ်ပြုံးလိုက်မိတယ်။ ဒါပေမယ့် သူက ဟုန်ဟုန်ကို ချိုးချန်ပေးထားတဲ့အိမ်အသစ်ဆီ ခေါ်သွားပေးဖို့ပြောလိုက်ပါတယ်။

သူတို့အိမ်ပြန်ရောက်လာတော့ နဂိုရှင်းလင်းတဲ့ ခေတ်မီဧည့်ခန်းက အခုတော့ သေတ္တာပုံးကြီးငယ်တွေနဲ့ပြည့်နေတယ်။ ကံကောင်းတာက ပိုင်လန့်တိုက်ခန်းဟောင်းက ပရိဘောတွေအစုံလိုက်နဲ့မို့သာပဲ၊ နို့မဟုတ်ရင်တော့ အဲဒိဟာတွေပါရွှေ့နေရရင် ခေါင်းအကြီးကြီးကိုက်နေတော့မှာ။

ပိုင်လန်က ဟုန်ဟုန့်ကို ထိုင်ခိုင်းလိုက်ပြီး အမှန်တကယ်ကြီး ရေခဲသေတ္တာထဲကဟာတွေပါ ရွှေ့လာလားလို့ သွားပြေးဖွင့်ကြည့်တယ်။ 

ဆယ်မိနစ်လောက် အလုပ်များပြီးနောက်မှာ ပိုင်လန်က အငွေ့တထောင်းထောင်းထွက်နေတဲ့ ကြက်ဥခေါက်ဆွဲနှစ်ပန်းကန်ကိုင်ပြီး မီးဖိုချောင်ထဲကထွက်လာတယ်။ အသားပြုတ်ရည်နံ့မွှေးပျံ့ပျံ့က လေထုထဲမှာ ပံျ့နှံ့လာပြီး ကြက်ဥဖတ်ဝါဝါလေးတွေနဲ့ ခရမ်းချဉ်သီး သုံးလေးစိတ်ပါဝင်တဲ့ ခေါက်ဆွဲပြုတ်ကိုကြည့်ရတာ အရသာရှိမယ့်ပုံပေါ်တယ်။

“ခရမ်းချဉ်သီးကြက်ဥခေါက်ဆွဲလေးပါ၊ ကြိုက်ပါ့မလား မသိဘူး” ပိုင်လန်က ပန်းကန်လုံးကိုချပြီး ဧည့်သည်ကိုခေါ်လိုက်တယ်။

ဟုန်ဟုန့်အမူအရာက နည်းနည်းတော့ထူးဆန်းတယ်။ ပိုင်လန်က မီးဖိုချောင်ထဲအလုပ်ရှုပ်နေတာကြောင့် ဘာရယ်လို့တော့ မပြောနိုင်ဘူး။ အခုသူက တူတစ်စုံကိုကောက်ယူလိုက်ပြီး စားသောက်ရေးစတင်နေတယ်။ “ရှုး..ရှုး..ရှုး” နဲ့ ပါးစပ်အပြည့် စားသောက်သံတွေက တစ်ခန်းလုံးပဲ့တင်ထပ်နေတာပဲ။ ပိုင်လန်က ကျေနပ်သွားတာကြောင့် သူ့ပန်းကန်ကို ဖြည်းဖြည်းလေး စစားလိုက်တယ်။

အရင်ဘဝတုန်းက ပိုင်လန်က သေဆုံးဖို့လအနည်းငယ်အလိုမှ သူ့နှလုံးရောဂါပြဿနာကို သိရှိခဲ့တယ်လေ။ ရောဂါရဲ့ နောက်ဆက်တွဲရိုက်ခတ်မှုကလည်း သူ့အပေါ်မှာ ပြင်းထန်လွန်းခဲ့တယ်။ ဒါကြောင့်ပဲဖြစ်နိုင်ပါတယ်.. ပိုင်လန်တစ်ယောက် ရူးကြောင်မူးကြောင်နဲ့ ခန်းကျန့်ပြောသမျှအဟုတ်ထင်ပြီး ပရိသတ်ရှေ့ ဂေးလို့ဝန်ခံခဲ့မိတာ။ အသက်မရှည်နိုင်မယ့်အတူတူ အချိန်ဆွဲစရာဘာရှိမှာလဲလို့ တွေးပြီးတော့လေ။

ဒါပေမယ့် ဒီလိုဖြစ်ခဲ့တယ်ဆိုရင်တောင်မှ ပိုင်လန်က ကိုယ့်ကိုကိုယ် ကောင်းကောင်းမွန်မွန် ဂရုစိုက်ခဲ့ပါသေးတယ်။ ပုံမှန်လူနေမှုဘဝနဲ့ ကျန်းမာတဲ့အစားအသောက်ပုံစံမျိုးရှိရမယ်လို့ ဆရာဝန်က ပြောတာကြောင့် အချိန်ပေးပြီး ပြုပြင်နေထိုင်ခဲ့တယ်။ အဆင်သင့်သွားတာက လွန်ခဲ့တဲ့နှစ်နှစ်လောက်က ဟင်းချက်TVအစီအစဉ်ကြောင့်ပဲ။ ဒီအစီအစဉ်မှာ ပိုင်လန်က စတားတွေရဲ့ ဟင်းချက်ပုံတွေကို ကြည့်ရှုခွင့်ရရုံသာမကပဲ အစီအစဉ်ရုပ်ထွက်ပိုကောင်းအောင် ကိုယ်တိုင်လည်း ဟင်းချက်နည်းတွေကို အချိန်အများကြီးသုံးပြီး သင်ယူခဲ့တယ်။

ပိုင်လန်က ဟင်းတွေကိုပိုပိုပြီးချက်လေ ပိုပြီးစိတ်ဝင်စားလေ ဖြစ်ခဲ့တယ်။ ပြန်လည်မွေးဖွားလာပြီး နောက်ပိုင်းမှာလည်း အပြင်စာတွေစားရတာ မနှစ်သက်တော့ဘူး။ လတ်လတ်ဆတ်ဆတ် သားငါးဟင်းသီးဟင်းရွက်တွေကို အရသာလည်းရှိအောင် ကျန်းမာရေးနဲ့လည်း ညီညွတ်အောင် ချက်ပြုတ်ရတာကိုပဲ ကြိုက်တော့တယ်။ 

ဒီနေ့ညလယ်စာ ဟုန်ဟုန့်ကို ဧည့်ခံကျွေးမွေးရတာက သူတို့နှစ်ယောက်ပိုပြီးရင်းနှီးလာအောင် အစပျိုးလိုက်တာဖြစ်ပေမယ့် အများကြီးလည်း မမျှော်လင့်ထားပါဘူး။

ညလယ်စာ စားနေကြတဲ့အချိန်မှာ ပိုင်လန်က အခွင့်အရေးကိုသုံးပြီး ရှောင်ယန်စီစဉ်ပေးထားတဲ့ ရိုက်ကွင်းအစီအစဉ်တွေအကြောင်း စာချုပ်တွေအကြောင်း ဟုန်ဟုန့်ကို အကျဉ်းချုပ်ပြောပြနေတယ်။ ဒါက ရုတ်တရက် လူပြောင်းသွားတာကြောင့်လေ။

ဟုန်ဟုန်က ဒီနေ့ရိုက်ကွင်းအကြောင်းကို ပြောနေတုန်းမှာပဲ ပိုင်လန့်ဖုန်းက သုံးလေးငါးခါ ထမြည်လာတယ်။

ဖုန်းခေါ်သံတွေရဲ့တစ်ဝက်လောက်က ရှောင်ယန့်ဆီကပဲ။ ရှောင်ယန့်ဆီက ဖုန်းကိုမြင်တော့ ဟုန်ဟုန်က ချက်ချင်းပဲ ဖုန်းကိုကောက်ကိုင်ပြီး ဖြေလိုက်တယ်။ သူက ရှောင်ယန့်ကို နောက်ထပ်ဖုန်းမခေါ်ဖို့နဲ့ အလုပ်ကိုဝင်မရှုပ်ဖို့အကြောင်း ရှင်းရှင်းလေးပဲပြောထဲ့လိုက်တယ်။ ဘယ်လိုတွေ.. ဘာအတွက်ကြောင့်များ.. ဆိုတာကတော့.. ဟုန်ဟုန်ရဲ့တည်ငြိမ်လှတဲ့အမူအရာကိုကြည့်ပြီး ပိုင်လန်က မမေးဖို့ ဆုံးဖြတ်လိုက်လေတယ်။

ခေါက်ဆွဲပန်းကန်တစ်ဝက်ကျိုးချိန်မှာ ချိုးချန်တစ်ယောက် တံခါးကိုဖွင့်ပြီး အထဲဝင်လာတယ်။

နှစ်ယောက်သား ထိုင်ခုံပေါ်ထိုင်ပြီး ခေါက်ဆွဲပူပူတွေကိုစားနေတာမြင်တဲ့အခါ သူ သိပ်ကိုမနာလို ဖြစ်သွားတာပေါ့။

“ညလယ်စာလား? ကောင်းတာပေါ့” ချိုးချန်က ထမင်းစားခန်းထဲဝင်လာရင်း ဟုန်ဟုန့်ခုံနောက်ကနေ ကျော်ကြည့်လိုက်တယ်။  

ပိုင်လန်က လှမ်းကြည့်ပြီးပြောလိုက်ပါတယ်  “ကျွန်တော် ချန်ထားတာ ရှိသေးတယ်၊ စားချင်ရင် တစ်ပန်းကန်ပြင်ပေးမယ်လေ ”

“ခဏလေး..ခဏလေး..” ချိုးချန်က လှမ်းတားလိုက်တယ်။ ပြီးတော့မှ သိချင်စိတ်တွေနဲ့မေးလိုက်တာပေါ့  “မင်းချက်ထားတာလား?”

ပိုင်လန်က စွတ်ပြုတ်ကိုသောက်ရင်းခေါင်းညိမ့်ပြတယ်။ 

ဟုန်ဟုန်က တရှုးရှုးသံအကျယ်ကြီးနဲ့ အရည်တွေကိုအားကုန်မော့နေတာလေ။ ဒါက အရမ်းကြိုက်နေတဲ့ အခြေအနေပဲပေါ့။ ချိုးချန်က သွားရည်တွေကျလာသလို ခံစားလိုက်ရတယ် “ဒါ မဟုတ်သေးဘူး၊ ဒီနေရာမှာ အရင်ဆုံးသောက်သင့်တာ ကိုယ်ဖြစ်သင့်တာပေါ့၊ ဘာပဲဖြစ်ဖြစ် ဒါက ကိုယ်ပိုင်တဲ့အိမ်၊ ဒါက ကိုယ်ပိုင်တဲ့ပန်းကန်၊ ပြီးတော့ ကိုယ့်ခေါက်ဆွဲတွေပဲ!?”

ဟုန်ဟုန်က ချိုးချန်ကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ ပြီးတော့ ရုတ်တရက် မတ်တပ်ထရပ်ပြီး တစ်ချက်တည်းနဲ့ အကုန်မော့ချလိုက်ကာ ပန်းကန်ကို ပြန်ချလိုက်လေတယ် “ညလယ်စာအတွက်ကျေးဇူးပါ၊ စားလို့ကောင်းပါတယ်”

ပိုင်လန်က ပြုံးလိုက်တယ်။ ဒါက စားဖိုမှူးတိုင်းကြားချင်ကြတဲ့ စကားတစ်ခွန်းပဲလေ။ “အိမ်ပြန်ပြီး စောစောအနားယူလိုက်နော်၊ မနက်ဖြန်မှတွေ့မယ် ”

ဟုန်ဟုန်က အချိန်ဆွဲမနေပါဘူး၊ ချိုးချန်ဆီက စကားကိုလည်း စောင့်မနေဘူး။ သူက နှုတ်ဆက်ပြီးတာနဲ့ တချိုးတည်း ထပြန်သွားတယ်။

အခုတော့ ထမင်းစားခန်းထဲမှာ ကျန်နေတဲ့လူက ချိုးချန်ဖြစ်သွားပြီ။ ဟုန်ဟုန့်ကို စိုက်ကြည့်နေခဲ့တဲ့ သူ့မျက်လုံးတွေက ပိုင်လန့်ဆီရွေ့သွားပြီ။ သူက မျက်လုံးတွေကိုမှေးကျဉ်းရင်း ပြောတယ် “ဘယ်လိုတောင်များ အားဟုန်ကို ဧည့်ခံနေရတာတုန်း၊ ရောင်းထွက်သွားပြီကွ… ရောင်းထွက်သွားပြီ! မင်းကိုမင်း တစ်ဦးတည်းပိုင်ဆိုတာလည်း သတိရစမ်းပါဦး”

ပိုင်လန်က ခေါက်ဆွဲပန်းကန်ကို ကိုင်ထားပြီး သောက်နေဆဲပါပဲ “ကျွန်တော် ခင်ဗျားအတွက် ကြက်ဥအပိုတစ်လုံးချန်ထားသေးတယ်၊ စားချင်သေးလား”

“စားမယ်” ချိုးချန်က အိမ်တော်အရှင်သခင်ကြီးလိုမျိုး ထမင်းစားစားပွဲထိပ်မှာ ဝင်ထိုင်လိုက်တယ်။ 

ငါးမိနစ်လောက်ကြာတဲ့အချိန်မှာ ပိုင်လန်က နောက်ထပ်တစ်ပန်းကန်ကို ယူလာတယ်။ ပြင်ဆင်ပုံက အရမ်းမြန်တာကြောင့် ကြိုတင်လုပ်ထားပြီး ချန်ထားတယ်ဆိုတာ အပိုပြောတာမဟုတ်ဘူးလို့ ခန့်မှန်းရလေတယ်။ 

ချိုးချန်က နည်းနည်းလေးတော့ ကျေနပ်သွားတာပေါ့။ ပြီးတော့ သူလည်းပဲ ဟုန်ဟုန့်အတိုင်း အသံကျယ်ကြီးနဲ့စားနေတာပါပဲ။ ပိုင်လန်က ဘေးနားကနေကြည့်နေရင်း ကိုယ့်ပန်းကန်ကိုယ် ဆက်လက်စားသောက်နေလိုက်တယ်။ 

…………..

ဟုတ်တာပေါ့.. ဗိုက်လေးလည်းပြည့်ပြီးကျေနပ်သွားပြီဆိုတော့ အခြားဆန္ဒတွေ အကောင်အထည်ဖော်ဖို့အချိန်ရောက်ပါပြီ။

ညလယ်စာကို သုံးဆောင်ပြီးတဲ့အခါ ချိုးချန်က ပိုင်လန့်ကို ဆိုဖာခုံပေါ်ဆွဲဖိလိုက်ပြီး အကြိမ်ရေအချို့လုပ်လိုက်ဖို့လည်း နှောင့်နှေးမနေဘူး။ 

ပိုင်လန်ကတော့ သတိလက်လွတ်အိပ်ပျော်သွားရလောက်တဲ့အထိ လုပ်ခံလိုက်ရတယ်။ သူ့စိတ်ထဲမှာ တိတ်တိတ်လေးတွေးနေတာက ချိုးချန်တစ်ယောက် အရသာအသစ်တွေ့ပြီး စိတ်ဝင်စားမှုလယ်ဗယ်တွေ မတရားမြင့်နေတာကြောင့်ဖြစ်မယ်လို့ ထင်နေတယ်။

ဒီလိုသာနေ့တိုင်းဖြစ်နေမယ်ဆိုရင် သူ့အသက်သေးသေးလေးတောင် ဆုပ်ကိုင်ထားနိုင်ပါတော့မလားဆိုတာ အသေအချာတွေးတောဖို့လိုလာပြီ ဖြစ်တယ်။

ဒါပေမယ့် အခုလေးတင် ဖုတ်ပူမီးတိုက်လေ့ကျင့်ခန်းလုပ်ပြီးသွားတဲ့ ချိုးချန်ကတော့ စီးကရက်ကိုခဲရင်း အတွေးမြောက်မြားစွာထဲမှာ နစ်မြှပ်နေတယ်။

ဒီနေ့က ပိုင်လန် သူ့ဆီကိုရောက်လာတဲ့ သုံးရက်မြောက်နေ့ပဲ။ သူက ပိုင်လန်ရဲ့ပြီးခဲ့တဲ့နှစ်နှစ်အတွင်း တွေ့ကြုံခဲ့ရတဲ့အရာတွေနဲ့ အမူအကျင့်တွေကို လူလွှတ်ပြီး စုံစမ်းခိုင်းထားတာ အစီရင်ခံစာက သူ့လက်ထဲရောက်နေပြီ။

ဒါပေမယ့် အစီရင်ခံစာထဲမှာရေးထားတဲ့ဟာတွေက ဒီသုံးရက်အတွင်း သူတွေ့ကြုံလိုက်ရတဲ့အရာတွေနဲ့ နည်းနည်းလေးမှ မအပ်စပ်ဘူး။

ပိုင်လန်ရဲ့အမူအကျင့်တွေအားလုံးက ပြောင်းလဲသွားသလိုပဲ။ သူက ခေါင်းမာတတ်တဲ့ ဖြူစင်သူအင်နိုးစန့်လေးလည်း မဟုတ်တော့ဘူး။ ဒါပေမယ့် သည်းခံနိုင်စွမ်းတွေနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတွေကတော့ ပိုလာတယ်။ 

ပြီးတော့ ဖန်းဟွာဆီက မမျှော်လင့်ထားတဲ့ ဖုန်းတစ်ကောလ်ကိုလည်း လက်ခံရရှိခဲ့သေးတယ်။ 

“ချိုးချန်.. ရှင်နဲ့ပိုင်လန် ဘယ်လိုအခြေနေထိရောက်နေကြပြီလဲ၊ ရှင် သူ့နဲ့ အတူနေနေကြပြီလား”

“ဘာလဲ၊ အဲသလိုမထင်ရဘူးလား”

“တကယ်ကြီးပြောနေတာလား၊ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက သူ ရှင့်ကိုငြင်းခဲ့တာလေ၊ ရှင် ဘာနည်းလမ်းတွေများ သုံးလိုက်တာလဲ”

“ဟေး.. ဒီတစ်ခါတော့ မင်းမှားသွားပြီ၊ သူက ပိုက်ဆံလိုတယ်၊ ကိုယ်က ပိုက်ဆံပေးတယ်၊ ဒါပဲ၊ ရှင်းရှင်းလေး”

“သူက ပိုက်ဆံလိုတယ်?” ဘာလို့လဲ”

“ဒီလောက်မေးခွန်းတွေအများကြီးမေးစရာလိုလို့လား”

“ပြီးရော.. မပြောပြချင်လည်း ရပါတယ်၊ ဒါပေမယ့် တစ်ခုလောက်တော့ပြောလိုက်ဦးမယ်၊ ရှင်တို့ လမ်းခွဲပြီးသွားရင်တော့ ကျွန်မကို ချက်ချင်းပြောပေး၊ ရှင့်ဆီက လက်လွှဲယူမလို့”

“လက်လွှဲယူမယ်!? ဖာခ့်.. မင်းလည်း သူနဲ့အိပ်ချင်လို့လား” 

“ရှင့်ကြီးတော်ကြီး သွားအိပ်ပါလား မကောင်းတဲ့ကောင်ရဲ့၊ အကုန်လုံးကို ရှင့်လိုများထင်နေလား၊ ကျွန်မပြောချင်တာက သူက သာမန်မဟုတ်ဘူး၊ အရည်အချင်းလည်းရှိတယ်၊ ရှင့်လက်ချက်နဲ့ ပျက်စီးသွားရင် နှမြောစရာကောင်းလို့ ပြောနေရတာ”

“အရည်အချင်းရှိတယ်? သူကလား?” ချိုးချန်က လက်ထဲက အစီရင်ခံစာကို ကြည့်နေတယ် “မင်းကို ဘယ်သူပြောလဲ?”

“ကျွန်မမျက်လုံးတွေနဲ့ မျက်မြင်ကိုယ်တွေ့တွေ့တာပါ၊ ရှင် သူ့အလုပ်ကိုလည်း ဝင်မနှောင့်ယှက်ပါနဲ့၊ သူ့နာမည်ထိခိုက်အောင်လည်း မလုပ်ပါနဲ့၊ ချိုးချန်..ကျွန်မပြောတာကြားလား? ဒီတစ်ခါတော့ ကောင်းမွန်တဲ့ဇာတ်လမ်းလေးနဲ့ ကြည်ကြည်ဖြူဖြူလမ်းခွဲတာကိုပဲ မြင်ချင်တယ်နော်”

“ကိုယ့်မှာ လိုလိုလားလားနဲ့လိုက်လျောတတ်တဲ့အိပ်ဖန်စောင့်လေးတွေပဲ ရှိတာပါ၊ ဘယ်တစ်ကြိမ်တုန်းကများ ကြည်ကြည်ဖြူဖြူ လမ်းမခွဲဖူးလို့လဲ?”

“ဒါပေမယ့် ရှင့်မှာ စိတ်ကောင်းမရှိဘူးလို့တော့ ကျွန်မပြောရဲတယ်၊ ထားပါလေ.. အခု ကျွန်မသိသွားပါပြီ”

“ဘာသိတာလဲ?”

“ရှင်က သူ့လက်ထောက်ပြောင်းလိုက်တော့ အခုကျွန်မကိုလည်း သူ့မန်နေဂျာနေရာထားပေး၊ ဒါဆိုရင်တော့ ဘာတွေဖြစ်လာမလဲ ရှင်သိလာမှာပါ !”

“… တကယ်ကြီးလား?”

“ကျွန်မမှာ ရှင်နဲ့စနောက်နေဖို့ အချိန်တွေပိုနေတယ်များ ထင်နေလား!? အလုပ်တွေများ များလွန်းလို့၊ ဒါပဲနော် ဖုန်းချလိုက်ပြီ !”

……………..

အခု ဖန်းဟွာပြောခဲ့တဲ့စကားတွေတောင်မှ သူ့လက်ထဲက အစီရင်ခံစာနဲ့ မကိုက်ညီဘူး။ တစ်ခုခုက လွဲနေတယ်လို့ ချိုးချန်ခံစားနေရတယ်၊ ဒါပေမယ့် သူလုပ်နိုင်တာလည်း ဘာမှမရှိဘူး။

သူက စောင်ပုံထဲမှာကွေးနေတဲ့ပိုင်လန့်ကို တစ်ချက်ကြည့်လိုက်တယ်။ သူ့အသားရည်ဖြူဖွေးဖွေးက ကာလာရင့်ရင့်အိပ်ယာခင်းနဲ့ ဘယ်လိုမှ မအပ်စပ်ဘဲ ပိုလို့တောင် ဖြူဖျော့နေသလိုပဲ။ ရှည်လျားတဲ့မျက်တောင်လေးတွေကတော့ သူ့မျက်နှာပေါ်မှာ အရိပ်ကျနေတယ်။ အိပ်နေတာတောင်မှ ပင်ပန်းနွမ်းနယ်တဲ့ ပုံစံလေးနဲ့။ သူက အိပ်ယာရဲ့တစ်ဖက်ခြမ်းမှာ လဲလျောင်းပြီး စိတ်ချလက်ချအိပ်ပျော်နေပုံပါပဲ။

ချိုးချန်ရဲ့လက်ချောင်းတွေက ပိုင်လန်ရဲ့ချောမွေ့နေတဲ့ပုခုံးသားတစ်လျှောက် ပွတ်သပ်နေတယ်။ လည်ပင်းကနေ ညှပ်ရိုးတွေအထိပဲ။

အစောတုန်းက သူတို့ခန္ဓာကိုယ်နှစ်ခု အတူတကွပူးကပ်ပြီး သာယာမှုရှာဖွေခဲ့ကြတာတွေ…ပိုင်လန်ရဲ့ ရိုကျိုးနာခံတတ်တဲ့ အပြုအမူလေးတွေကို… စဉ်းစားမိတဲ့အခါ ချိုးချန်က စီးကရက်ကိုသတ်လိုက်ပြီး ရုတ်တရက်မြင့်တက်လာတဲ့ဆန္ဒတွေကို ချိုးနှိမ်လိုက်တယ်။ သူက ခေါင်းကိုငုံ့ပြီး ပိုင်လန်ရဲ့လည်ပင်းသားလေးကို ကိုက်လိုက်တယ်။ ချောမွေ့တဲ့အသားရည်က နူးညံ့ပြီးအိစက်နေတာပဲ။ ချိုးချန်က စိတ်မထိန်းနိုင်စွာ အားနည်းနည်းထပ်ထည့်လိုက်တယ်။ အိပ်ပျော်နေတဲ့ပိုင်လန်လေး မျက်မှောင်တစ်ချက်တစ်ချက်ကျုံ့သွားတာကို သူသိပ်သဘောကျတာ။

ယုန်ဖြူလေး.. မင်း ဘာတွေကိုများ ဖုံးကွယ်ထားတာလဲ?

……………………

လာမယ့်ရက်သတ္တပတ်တွေမှာ ပိုင်လန့်ကိုအကြီးအကျယ်အံ့အားသင့်စေတာက သူ့မန်နေဂျာ ပြောင်းသွားတာပဲ။

ပြီးခဲ့တဲ့ဘဝတုန်းကတော့ သူက 'လက်တွဲဖော်များ' နာမည်ကြီးပြီးမှ မန်နေဂျာအတည်တကျရတယ်။ မတိုင်ခင်ကလည်း သူလုပ်စရာရှိတာက ထရိန်နင်တွေပဲရှိတယ်၊ လက်တွဲဖော်များက သူ့ရဲ့တစ်ခုတည်းသောအလုပ်ပဲ။ လက်ထောက်တစ်ယောက်ဆို လုံလောက်နေပြီလေ။ တိုတယ်က သတ်မှတ်ပေးတဲ့ သူ့ရဲ့ဦးဆုံးမန်နေဂျာက ချန်စုန့်လို့ခေါ်တဲ့ လူတစ်ယောက်။ သူက အလုပ်လုပ်တာ (၈)နှစ်လောက်ရှိနေပြီးတော့ အတွေ့အကြုံကလည်း အရမ်းကြီးလည်းမများဘူး၊ နည်းလည်းမနည်းဘူး။ ပိုင်လန့်လို နာမည်ကြီးဖို့အစပျိုးနေတဲ့သူအတွက် ချန်စုန့်က အသင့်တော်ဆုံးမန်နေဂျာပါပဲ။

ဒါပေမယ့် အခုတော့ ချန်စုန့်က သူ့ဆီမှာမန်နေဂျာဖြစ်နေတာ ရက်သတ္တပတ်အနည်းငယ်ပဲရှိသေးတယ်။ ရုတ်တရက်ကြီး ဖန်းဟွာဆီ ပြောင်းသွားပါရော။ သူက ဝမ်းနည်းရမှာလား၊ ဝမ်းသာရမှာလား မသိတော့ဘူး။ ဒါပေါ့ ဖန်းဟွာမှာ အဆက်အသွယ်အများကြီးရှိပြီး ပိုကောင်းတာပေါ့။ ဒါပေမယ့် ဒီသဘောက လိပ်ပြာလေးရဲ့တောင်ပံခတ်သံ ပိုအားကောင်းလာတာကြောင့် နောက်ဆက်တွဲအကျိုးဆက်က ပိုကြီးမားလာနေတယ်လို့ ဆိုလိုနေတာလေ။ သူ အရင်ဘဝရဲ့အတွေ့အကြုံတွေကိုလည်း အသုံးချလို့ မရလောက်တော့ဘူး။ ကွာခြားချက်က အရမ်းကိုများပြားနေပြီလေ။

ဒါပေမယ့် ဘဝအသစ်မှာ အခွင့်အရေးအသစ်တွေကို တတ်နိုင်သမျှ ဖမ်းဆုပ်ထားရမယ်လို့ သူဆုံးဖြတ်ချက်ချပြီးသွားပါပြီ။

ဒီတစ်ကြိမ်မှာ ပိုင်လန်က အနုပညာလောကထဲ ဆယ်နှစ်အတွေ့အကြုံလည်း ရှိနေပြီ။ ဒါတွေနဲ့ဆိုရင် အနည်းဆုံးတော့ လမ်းမှားမသွားလောက်တော့ဘူးလေ။

ဖန်းဟွာက သူ့မန်နေဂျာဖြစ်လာပြီးနောက်မှာ ပိုင်လန်က ရုန်စစ်ချီကို ညီငယ်လေးအဖြစ် မမျှော်လင့်ဘဲရလိုက်တယ်။

UNI ကလည်း နောက်ဆုံးမှာ သူတို့ဒီဇိုင်းကို ပိုင်လန်အကြံပေးချက်အတိုင်းသွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ 

အဲဒိနေ့ပြီးတဲ့နောက်မှာ ပိုပြီးအသေးစိတ်ကျတဲ့နောက်ခံဇာတ်လမ်းနဲ့ ကြော်ငြာအတိုလေးကို ဖန်တီးခဲ့ကြပြီး ကာရိုက်တာတွေကိုလည်း မွမ်းမံခဲ့တယ်။ အိုင်ဒီယာအသစ်က ပိုကောင်းတော့ အရင်တုန်းက အတိုက်အခံလုပ်သူတွေတောင် ပါးစပ်ပိတ်သွားပြီ။ ဒါကြောင့် လာမယ့်နေ့တွေမှာ ပိုင်လန်က UNI ကြော်ငြာနဲ့အလုပ်ရှုပ်နေရင်း တဖက်ကလည်း ရုန်စစ်ချီရဲ့ သရုပ်ဆောင်နည်းပြတာဝန်ကိုပါ ထမ်းဆောင်လေတယ်။

ဖြတ်သန်းရတဲ့နေ့ရက်တွေအားလုံးက ကျေနပ်စရာတွေချည်းပဲဆိုပေမယ့် အတိတ်ရဲ့အရိပ်ဆိုးတွေကတော့ ပိုင်လန့်ဆီက ထွက်ခွာသွားဖို့ ငြင်းဆန်ဆဲပါပဲ။

………………..

ရက်အနည်းငယ်ကြာပြီး တစ်မနက်ခင်းမှာ ပိုင်လန်က ရေချိုးနေခဲ့တယ်။ ပြီးခဲ့တဲ့ညတုန်းကတော့ ချိုးချန်က ပိုင်လန့်ကိုလွှတ်မပေးဘဲ အားအင်ကုန်ခမ်းမောပန်းနွမ်းနယ်သွားစေတဲ့အထိ ပုံမှန်ဝတ္တရားကို ပြုမူဆောင်ရွက်လေတယ်။ ဒါကြောင့် မနက်ခင်းမှာ ချိုးချန်က ခါတိုင်းလို အိပ်ယာပေါ် ပျင်းပျင်းရိရိနဲ့ပါပဲ။ အိပ်တစ်ဝက် နိုးတစ်ဝက်နဲ့ ဇိမ်ယူနေတယ်။ အဲဒိအချိန်မှာ အိပ်ယာဘေးစားပွဲပေါ်တင်ထားခဲ့တဲ့ ပိုင်လန်ရဲ့ဖုန်းလေးက အသံမြည်လာတယ်။

တစ်ကြိမ်မြည်တယ်၊ နှစ်ကြိမ်မြည်တယ်….. ခြောက်ကြိမ်မြောက် အသံမြည်ပြီးနောက်မှာတော့ ဖုန်းသံက ချိုးချန်နားထဲ နှောင့်ယှက်နေတာကြောင့် သူ အိပ်ရာက နိုးလာတယ်။ 

ဒါပေမယ့် ချိုးချန်ပထမဆုံးလုပ်တာက ခေါင်းအုံးကိုယူပြီး နားပေါ်ဖိလိုက်တာပဲ။ သူက အိပ်ချင်စိတ်လေးကို မစွန့်လွတ်ချင်သေးဘူးလေ။

ဇွဲကောင်းတယ်ပဲပြောရမလား၊ မိုဘိုင်းဖုန်းက ခဏပဲ အသံတိတ်သွားပြီး ခုနှစ်ကြိမ်မြောက်ပြန်မြည်လာတယ်။ 

တစ်ခါ..နှစ်ခါ.. သုံးခါ .. ဆက်တိုက်ကိုမြည်နေတာပဲ…

ချိုးချန်က သည်းခံနိုင်စွမ်းတွေကုန်ဆုံးသွားပြီ။ သူက ပိုင်လန့်ဖုန်းကို ဆွဲယူလိုက်တယ်။ ပြီးတော့ မျက်လုံးတွေတောင် မဖွင့်ဘဲ ဖုန်းဖွင့်လိုက်လေတယ်။

“ဟယ်လို?!” ဒေါကြီးမောကြီးလေသံအပြင် အိပ်ချင်မူးတူးခပ်လေးလေးအသံကြီးပါ သူ့လေသံထဲပါနေတယ်။ 

အခြားတစ်ဖက်ကလူက လန့်ဖြန့်သွားပုံရတာကြောင့် ခဏလေးတိတ်ဆိတ်သွားပြီးမှ ပြောလေတယ် “ကျွန်တော် ..ကျွန်တော် ပိုင်လန့်ကိုဆက်တာပါ၊ သူနဲ့ပြောလို့ရမလား ?”

“သူ ရေချိုးနေတယ်! ဘာလုပ်မလို့လဲ!?” ချိုးချန်က ရေကျသံတွေ ကြားနေရတာကြောင့် မျက်လုံးတွေကိုပိတ်လျက် စိတ်မရှည်စွာပြောတယ်။ 

“ဟင်..ရေချိုးနေတယ်?” အခြားတစ်ဖက်ကလူရဲ့အသံက ဝေခွဲမရပုံနဲ့ မေးချင်ဟန်ရှိတယ် “ဒါဆို အခုပြောနေတာဘယ်သူလဲလို့…?”

“မင်း ရူးနေလား!? မင်းနာမည် အရင်ပြောသင့်တာ မဟုတ်ဘူးလား!?” ချိုးချန်က ချက်ချင်းပဲ ဆဲဆိုနေပါရော။ “ကျင့်ဝတ်တွေ ငယ်ငယ်တုန်းက မသင်ခဲ့ရဘူးလား!?” ဒါပေါ့…. မျက်လုံးတွေ မဖွင့်ဘဲ အော်ဟစ်နေတဲ့ချိုးချန်က ဖုန်းစခရင်ပေါ် ပေါ်နေတဲ့ နာမည်ကိုလည်း မကြည့်ပါဘူး။ 

“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ ကျွန်တော် ခန်းကျန့်ပါ၊ သူသိပါတယ်၊ ဒါဆို ကျွန်တော် နောက်မှပဲ ပြန်ခေါ်လိုက်တော့မယ်၊ အနှောင့်အယှက်ဖြစ်သွားလို့ တောင်းပန်ပါတယ်” သူက ပြောလို့လဲပြီးရော ချိုးချန်ပြန်ပြောတာတောင် မစောင့်ဘဲ ချက်ချင်းဖုန်းချသွားလေတယ်။ 

ဒီလိုဖုန်းချသွားပြီးမှ ချိုးချန်က အမှန်တကယ်နိုးလာတယ်။

“သေလိုက်ပါလား၊ ဒီလောက်မနက်အစောကြီး!?”

စိတ်မရှည်လက်မရှည်ဖြစ်နေတဲ့ချိုးချန်က မျက်လုံးတွေဖွင့်ရင်း စခရင်ကိုစွေကြည့်လိုက်တယ်။ နိုတီတက်နေတဲ့ မစ်စ်ကောလ်တွေအများကြီးက စခရင်မှာအပြည့်ပဲ။

ခန်းကျန့်ဆိုတာ ဘယ်ကသောက်ကောင်ပါလိမ့်၊ တစ်ခါမှ မကြားဖူးဘူး!!

ပိုင်လန်ရဲ့ဖုန်းနဲ့ မရင်းနှီးတာကြောင့် သူကဘာနှိပ်ရမယ်မှန်း မသေချာဘူး။ ဒါပေမယ့် မစ်စ်ကောလ်တွေက စခရင်ပေါ်မှာ တန်းစီနေတယ်။

ခန်းကျန့်

ခန်းကျန့်

ခန်းကျန့်

ခန်းကျန့်

……

စုစုပေါင်း ခုနှစ်ခါ၊ အားလုံးက ဒီရက်ပိုင်းငါးရက်အတွင်းခေါ်ထားတာ။ အကုန်လုံးက 'ခန်းကျန့်' ဆီကချည်းပဲ။

ချိုးချန်ကမျက်မှောင့်ကျုံ့သွားတယ်။ နဂို ဖွင့်ချင်မဖွင့်ချင်ဖြစ်နေတဲ့ မျက်လုံးတွေက ချက်ချင်းကို ပြူးကျယ်သွားပြီ။

တဘက်လေးပတ်ပြီး ရေချိုးခန်းထဲက ပိုင်လန်ထွက်လာတဲ့အခါ စီးကရက်တစ်လိပ်ပါးစပ်ထဲညှပ်ထားတဲ့ ချိုးချန်က သူ့ဖုန်းကို အားမနာလျှာမကျိုး ယူကြည့်နေတာကို မြင်လိုက်ရလေတယ်။ သူ့ကိုကြည့်ရတာ အပြစ်ရှိတဲ့အမူအရာ တစိလေးတောင်မရှိဘူး၊ ဖုံးကွယ်ဖို့လည်း မကြိုးစားဘူး၊ တပါးသူရဲ့ကိုယ်ရေးကိုယ်တာကို ပေါ်ပေါ်ထင်ထင် ကျူးကျော်နေလေတယ်။

ပြောစရာစကားမရှိဖြစ်သွားတဲ့ပိုင်လန့်ကိုမြင်တဲ့အခါ ချိုးချန်က တစ်ချက်တည်းပဲ ဖြေရှင်းချက်ထုတ်လိုက်တယ် “အခုလေးတင်ဖုန်းလာနေတယ်၊ ခန်းကျန့်တဲ့၊ ကိုယ် ကိုင်လိုက်တယ်”

ပိုင်လန်က ခဏလောက်ငြိမ်သွားပြီးမှ တဘက်နဲ့ ခေါင်းက ရေတွေကို ဆက်သုတ်နေတယ် “အင်း..”

“မင်းဘာလို့ သူ့ဖုန်းတွေမကိုင်တာလဲ?” ချိုးချန်က ဖုန်းကိုပိတ်လိုက်တယ်။  “ဘာလဲ ပြတ်သွားတဲ့ ရည်းစားဟောင်းလား?” 

……………………….