(6) ခေါင်းစွပ်ဆွယ်တာအင်္ကျီ
Viewers 62k

(6) ခေါင်းစွပ်ဆွယ်တာအင်္ကျီ

ဒီနေ့မှာ ပိုင်လန်က UNI ရိုက်ကွင်းကိုရောက်တော့ ကြော်ငြာရိုက်ကူးရေးစဖို့ ငါးမိနစ်ပဲလိုတော့တယ်။

ဒီလောက်မြန်မြန်ရောက်လာတာကလည်း ဟုန်ဟုန်ရဲ့ကားမောင်းကျွမ်းကျင်တာကြောင့်နဲ့ ချိုးချန်ရဲ့ ငွေရောင် SUV ကြီးကြောင့်လေ။

အခုရိုက်ကွင်းကို မလာမီလေးတင် ချိုးချန်က ဟုန်ဟုန်ကို ဖုန်းဆက်ခေါ်ပေးခဲ့တာ။ သိပ်တောင်မကြာလိုက်ပါဘူး.. အမည်းရောင်ဝတ်စုံပြည့်နဲ့ ဟုန်ဟုန်က တိုက်ခန်းအဆောက်အဦးထဲ ဝင်လာတယ်။ ချိုးချန်က သူ့ကို ကားသော့ပစ်ပေးလိုက်ပြီး ညွှန်ကြားလိုက်တာပေါ့ “အခုချိန်ကစပြီး မင်း ပိုင်လန်နောက်ကို လိုက်ရမယ်” ။ ဒါပါပဲ တစ်ခွန်းတည်း ပြီးသွားတာပဲလေ။

အမိန့်ထုတ်ခံလိုက်ရတဲ့ဟုန်ဟုန်က မျက်နှာပေါ်မှာ မကျေနပ်ချက်လေးတော့ ပြဖြစ်အောင် ပြလိုက်သေးတယ်။ ဒါကိုမြင်လိုက်တဲ့ ပိုင်လန်လည်း သူ့စကားတွေအတွက် နောင်တရသွားရှာတယ်။

ပိုင်လန်က ဟုန်ဟုန်ကို ရွေးရတဲ့အကြောင်းရင်းကတော့ သူက စကားမဖွာတဲ့လူတစ်ယောက်မို့လို့ပဲ။ သူ့ပုံစံက ဖော်ဖော်ရွေရွေ မရှိပေမယ့် အလုပ်လုပ်ရာမှာတိကျပြီး အခြေအနေအရပ်ရပ်ကိုလည်း ဖြေရှင်းနိုင်စွမ်းရှိတယ်။ သူက ရှောင်ယန်နဲ့တော့ လုံးဝတခြားစီပဲ။ ဒါပေမယ့် ဟုန်ဟုန်က ချိုးချန်လက်ထောက်ဖြစ်လိမ့်မယ်လို့ ပိုင်လန်က မထင်ထားမိဘူး။ အရင်ဘဝတုန်းက ချိုးချန်ဘေးနားမှာ နေတဲ့လူက ဟုန်ဟုန်မှ မဟုတ်တာ။

ဒါပေမယ့် သေချာတာတစ်ခုကတော့ ချိုးချန်ဘေးနားမှာနေနိုင်တယ်ဆိုကတည်းက ထက်မြက်လို့ဆိုတာ မြေကြီးလက်ခတ်မလွဲပဲလေ။ ဒါက ပြောစရာတောင် မလိုဘူး။

… အရင်ဘဝတုန်းကရော ချိုးချန်က ဟုန်ဟုန်ကိုလွှတ်ပြီး သူ့ကိုကူညီခဲ့စေတာလား…..

ပိုင်လန်က ချိုးချန်ကို မနေနိုင်မထိုင်နိုင် လှမ်းကြည့်လိုက်တယ်။ သူ့နှလုံးသားထဲမှာလည်း ရှုပ်ထွေးနေတာပဲ။ သူ အတွေးများနေတာလည်း ဖြစ်နိုင်တာပဲ.. ဟုန်ဟုန်က မတော်တဆအမှားလုပ်မိလိုက်လို့ ချိုးချန်ကကန်ထုတ်လိုက်တဲ့အချိန်မှာ ပိုင်လန်အနားရောက်လာတာလည်း ဖြစ်နိုင်တာပဲ။ ဒါပေမယ့် အဲဒိတုန်းက သူ့ဆီအပို့ခံလိုက်ရတဲ့ဟုန်ဟုန့်မှာ ဒေါသထွက်နေတဲ့အမူအရာတွေလည်းမရှိဘူး၊ ကန့်လန့်ဂွတိုက်နေတဲ့အပြုအမူတွေကိုလည်း မလုပ်ဘူး။ ဒါကြောင့် ပိုင်လန်က ပထမအတွေးကို ပိုပြီးဖြစ်နိုင်ချေရှိတယ်လို့ ကောက်ချက်ဆွဲလိုက်တယ်။

ဒါပေမယ့် အရင်ဘဝတုန်းက ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ဖြစ်ဖြစ် ဟုန်ဟုန် သူ့အနားရောက်လာခဲ့ပါစေ၊ အခု သူက ချိုးချန်ရဲ့နိမ့်ကျတဲ့အချစ်တော်လေး ဖြစ်နေခဲ့တာကြောင့် ဟုန်ဟုန့်ကို သူ့အနားခေါ်လိုက်တာက ဟုန်ဟုန့်တက်လမ်းတွေ ပိတ်ဆို့သွားစေနိုင်တယ်လို့ ပိုင်လန်က တွေးနေမိတယ်။

အပြောင်းအလဲမြန်တာတော့ မဟုတ်ရပေမယ့် ပိုင်လန်က အားတင်းပြီးထပ်ပြောလိုက်ရတယ် “…အစ်ကိုဟုန်က အစ်ကိုချိုးရဲ့လူဆိုတာ ကျွန်တော် မသိလိုက်ဘူး၊ ကျွန်တော်က သူ့အကြောင်း သူများပြောသံကြားဖူးလို့ပါ၊ ဒါမှမဟုတ်လည်း ကျွန်တော်မခေါ်တော့ပါဘူး၊ တစ်ခြားတစ်ယောက်ဆိုလည်း ရပါတယ်” ဒီတစ်ကြိမ်မှာတော့ ပိုင်လန်က နာမည်တပ်ပြီးတောင် မခေါ်ရဲတော့ဘူး။

ချိုးချန်က ပိုင်လန့်ကို ဓါးထက်ထက်တစ်ချောင်းလို အကြည့်စူးစူးတစ်ချက်လှမ်းပေးလိုက်ရင်း ရယ်ရယ်မောမော ပြောလိုက်တယ် “ယဉ်ယဉ်ကျေးကျေးတွေ ပြောမနေပါနဲ့၊ မင်းလေးရဲ့ပါးစပ်ဖျားက ထွက်သမျှစကားတွေကို ကိုယ်က သဘောမတူပဲ မနေရဲပါဘူး၊ ဒီနားကိုလာစမ်းပါဦး” 

ကိစ္စတွေက နောက်ကျသွားပြီမှန်း ပိုင်လန်က သိပါတယ်။ သူက ချိုးချန်အနားကို လျှောက်လာရင်း ပြောလိုက်တယ် “ကျေးဇူးတင်ပါတယ် အစ်ကိုချိုး”

ချိုးချန်က ပိုင်လန်ရဲ့ခါးကို သူ့လက်မောင်းကြီးတွေနဲ့ဖက်လိုက်ပြီး ဟုန်ဟုန်ရဲ့ရှေ့မှာပဲ ကြက်ဥပန်ကိတ်အရသာရှိတဲ့ အနမ်းတစ်ခုပေးလိုက်လေတယ်။

အနမ်းချွေပြီးနောက်မှာတော့ ချိုးချန်က ပိုင်လန်ရဲ့တင်ပါးလေးကို ပြောင်ပြောင်တင်းတင်းပဲ ပွတ်လိုက်တယ်။ ပြီးတော့မှ ရင်းနှီးလွန်းလှတဲ့အမူအရာနဲ့ပြောလိုက်ပြန်တယ် “ကျေးဇူးတင်စရာမလိုပါဘူး၊ ဒီနေ့ မင်းအလုပ်တွေပြီးသွားရင် အားဟုန်ကို ပြန်လာကြိုခိုင်း ဟုတ်ပြီလား” 

“…. ဟုတ်ကဲ့” ပိုင်လန်က ခေါင်းညိမ့်ပြလိုက်တယ်။ 

ဒီအေးစက်သယောင်ယောင်ဖြစ်နေတဲ့ ဇိမ်ခံတိုက်ခန်းက ချိုးချန် ခဏခဏလာတတ်တဲ့နေရာမျိုးတော့ မဟုတ်ဘူး။ အကယ်၍ပိုင်လန်သာ သည်နေရာကို ပြောင်းလာနေမယ်ဆိုရင် အတူနေချစ်သူဆိုတဲ့သဘောကို အပြည့်အဝလက်ခံလိုက်တယ်လို့ ချိုးချန်ကရည်ရွယ်တယ်။

မျက်လွှာချထားပြီး ဘာသဘောထားကိုမှထုတ်မပြတဲ့ ဟုန်ဟုန်ဘေးနားကို ဖြတ်လျှောက်လာရင်း ပိုင်လန်စိတ်ထဲမှာတော့ ဒီခံစားချက်ကြီးက တဖြည်းဖြည်းပြင်းထန်လာတယ်။

အရင်ဘဝတုန်းက ဂေးဘားတစ်ခုကသူ့ဓါတ်ပုံတွေ အင်တာနက်မှာပျံ့နှံ့သွားတုန်းကအချိန်ကို ပိုင်လန်မှတ်မိပါသေးတယ်။ အဲဒိတုန်းက ဟုန်ဟုန်က စိုးရိမ်တကြီးပြေးချလာပြီး မေးခွန်းတွေတရစပ်မေးခဲ့တယ်။ ဒါပေမယ့် တုံးအလှတဲ့ပိုင်လန်က သူ့အကြံတွေကို ဘေးလူတွေသိသွားမှာစိုးတာကြောင့်ဖုံးကွယ်ခဲ့ပြီး ဟုန်ဟုန့်ကိုလည်း မပြောရဲခဲ့ဘူး။ ဟုန်ဟုန်ရဲ့ဒေါသတကြီးမေးမြန်းမှုတွေကြားထဲမှာတော့ ပိုင်လန်က သူငယ်ချင်းသံယောဇဉ်အနည်းငယ်ကို ရှာတွေ့ခဲ့ပါသေးတယ်။

ဒါပေမယ့် ဒီဘဝမှာတော့ အားလုံးက ခြားနားခဲ့ပြီလေ။ 

ပိုင်လန်က ကားနောက်ခန်းထဲမှာထိုင်နေရင်း ကားမောင်းနေတဲ့ဟုန်ဟုန်နောက်ကျောကို ကြည့်ပြီး တိတ်တိတ်လေးတွေးနေမိတယ်။

ဖြစ်နိုင်ပါတယ်.. ချိုးချန်က ဖုံးကွယ်မထားချင်တာ ဒီအကြောင်းကြောင့်ပဲဆိုတာကို။ သူက ပိုင်လန့်ကို ပိုက်ဆံတစ်ခုတည်းအတွက်နဲ့ အရာအားလုံးစွန့်လွှတ်ထားတယ်လို့ သူများတွေကိုသိစေချင်နေတာ။ 

အရင်းစစ်လိုက်ရင်တော့ ချိုးချန်က သူ့ကို အရုပ်လေးလို ကစားချင်နေတာပဲလေ.. မဟုတ်ဘူးလား။ 

ပိုင်လန်က ခပ်အုပ်အုပ်လေးရယ်မောလိုက်ရင်း ဘာတွေများထပ်ပြီးဖျော်ဖြေပေးရဦးမလဲလို့ တွေးတောနေမိတယ်။

…………………….

UNI ရဲ့ အဝတ်အစားကြော်ငြာရိုက်ဖို့ လွန်ခဲ့တဲ့နှစ်ပတ်က သဘောတူခဲ့တာ။ သူတို့က လက်တွဲဖော်များဇာတ်လမ်းတွဲမှာပါဝင်တဲ့ ပိုင်လန်ရဲ့စစ်မှန်ပြီးအေးချမ်းတဲ့ ပုံစံလေးကို မျက်စိကျသွားတာကြောင့်လေ။ ဒါက ရိုးရှင်းတဲ့ဒီဇိုင်းနဲ့ စတိုင်ကျပြီး သက်တောင့်သက်သာရှိတဲ့ UNI ရဲ့အဝတ်အစားတွေနဲ့ ကိုက်ညီတာကြောင့်ပေါ့။ 

အကယ်၍ မင်းသားတစ်ယောက်က ကြော်ငြာနဲ့အများကြီးလိုက်ဖက်နေမယ်ဆိုရင် UNI ရဲ့အဝတ်အစားတန်ဖိုးကလည်း အများကြီးမြင့်တက်သွားမှာ။ ဖက်ရှင်စိတ်ဝင်စားတဲ့လူငယ်တွေကြားထဲမှာ အရမ်းအောင်မြင်တဲ့ ပေါ်ပြူလာထုတ်ကုန်တစ်ခုဖြစ်လာမှာလေ။

အရင်ဘဝတုန်းကတော့ ပိုင်လန်က UNI ကြော်ငြာရိုက်ပြီးမကြာမှီမှာပဲ ပိုင်လိရဲ့အကြွေးတော်ပုံကိစ္စက ပေါ်ပေါက်လာတယ်။ ဒါပေါ့.. ပိုင်လန်ရဲ့ပုံတွေအကုန်လုံးပြောင်းခံလိုက်ရပြီး ရှေ့နေဆီက လျော်ကြေးတောင်းခံလွှာလည်း ရောက်လာတယ်။ သူ့ဘဝလမ်းကြောင်းရဲ့အခက်အခဲတွေအကြောင်းကို ပြောရမယ်ဆိုရင် UNI ကလည်း တစ်ခုအပါအဝင်ပဲဖြစ်တယ်။ 

ဒါကလည်း အလုပ်သဘောအရ ကြည့်မယ်ဆိုရင် သူကွန်ပလိန်းတက်နိုင်တာ ဘာမှရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အရင်ဘဝရဲ့ကံမကောင်းအကြောင်းမလှတဲ့ဖြစ်ရပ်တွေက ဒီရိုက်ကွင်းနဲ့ပတ်သက်ပြီး ပိုင်လန့်ရဲ့မှတ်ဉာဏ်တွေကို မပြတ်မသားဝိုးတဝါးဖြစ်စေတယ်။

ဒါပေမယ့် သူက အဝတ်လဲခန်းထဲဝင်လာပြီး လူတစ်ယောက်ကိုမြင်လိုက်ရတဲ့အချိန်မှာ ရုတ်တရက်အားလုံးကို မှတ်မိသွားပါတယ်။

ဖော်ရွေပုံမရတဲ့ ခန့်ညားလှတဲ့လူငယ်လေးက လက်ထဲကစာရွက်တွေကို တဖြတ်ဖြတ်လှန်ရင်း ထိုင်နေတယ်။ သူက ပိုင်လန့်ကိုတွေ့တာတောင်မှ ထပြီးမနှုတ်ဆက်ဘူး၊ ခေါင်းကိုသာ တစ်ချက်ညိမ့်ပြရင်း ဝတ်ကျေတန်းကျေနှုတ်ဆက်လိုက်တယ် “ဟေး.. အများကြီးသင်ပြပေးပါဦးနော်..” 

ပိုင်လန်ကလည်း ပြန်နှုတ်ဆက်ပါတယ် “အစ်ကို့ကိုလည်း ဂရုစိုက်ပေးပါဦး..” 

ရုန်စစ်ချီက အခုမှ ဆယ့်ကိုးနှစ်ပဲရှိသေးတယ်။ သူတို့နှစ်ယောက်လုံးက တိုတယ်ကုမ်ပဏီလက်ထွက်တွေချည်းဖြစ်ပေမယ့် ရုန်စစ်ချီကတော့ သရုပ်ဆောင်အလုပ်ကိုပဲဇောက်ချလုပ်နေတဲ့ ပိုင်လန်နဲ့ကွာတယ်။ သူက သီချင်းလိုင်းဘက်ကို ပိုပြီးအားသန်တဲ့လူတစ်ယောက်ဖြစ်တာပေါ့။

နှစ်ယောက်သားက အဆက်အသွယ်တော့မရှိပါဘူး၊ အရင်ဘဝတုန်းကလို သူစိမ်းတရံတွေပါပဲ။

ပိုင်လန့်လို ဖြတ်သွားဖြတ်လာအမှတ်တမဲ့နဲ့ တက်သစ်စလေးဖြစ်လာတဲ့လူမျိုးအစား ရုန်စစ်ချီကတော့ တိုတယ်အနုပညာရဲ့ အရင်းအနှီးကြီးကြီးမြေတောင်မြှောက်ထားသူလေးတစ်ဦး ဖြစ်ပါတယ်။  သူက ရွှေဓါတ်ပြားမျက်နှာသစ်ဆုကိုတောင် ရထားတာ။ အဆိုတော်တွေအတွက် မျက်နှာသစ်ဆုဆိုတာ ပွဲဦးထွက်တဲ့နှစ်တစ်နှစ်မှာပဲ မျှော်မှန်းနိုင်တယ်။ လွဲသွားရင်တော့ တစ်သက်လုံးအခွင့်အရေးမရနိုင်တော့ဘူး။ ဆုရတဲ့အဆိုတော်အတွက်လည်း ပြိုင်ဘက်တွေရဲ့အားကျမှုတွေ မလိုမုန်းထားမှုတွေ ခံရသေးတာပေါ့။

ရုန်စစ်ချီက နောက်ထပ်ဆုပေါင်းများစွာရရှိခဲ့သေးတယ်ဆိုတာ ပိုင်လန်က နောက်ထပ်ဆယ်နှစ်ကြာမှ သိခဲ့ရတယ်။

နောင်လာမဲ့အနာဂတ်ရဲ့ဆယ်နှစ်မှာ ဂီတလောကတစ်ဝက်လောက်က ရုန်စစ်ချီရဲ့ပိုင်နက်နယ်မြေပဲ။ သူ့မှာ ပြိုင်ဘက်ကင်းအသံတစ်ခုရှိတာအပြင် လူငယ်လေးဟာ ပါရမီရှင်လို့လဲ ခေါ်ဆိုထိုက်ပါသေးတယ်။ သူက တသသဖြစ်ရလောက်တဲ့အချစ်သီချင်းပေါင်းများစွာကို ရေးစပ်ခဲ့တယ်။ ပိုင်လန်အတွက်တော့ သူက လူမှန်နေရာမှန်ရောက်ရှိနေတဲ့ စစ်မှန်တဲ့ပညာရှင် ဆိုတဲ့စံပြဥပမာတစ်ခုပဲ။

ဒါပေမယ့် ဂီတနဲ့ပတ်သက်ရင် ပညာရှင်တစ်ယောက်ဖြစ်တဲ့ ရုန်စစ်ချီက သရုပ်ဆောင်နဲ့ပက်သက်လာရင်တော့ ခဏခဏတိုက်ခိုက်ခံရတယ်။ သူ့မှာ အမြဲတမ်းအေးစက်ပြီး တည်ငြိမ်နေတဲ့ အမူအရာမျိုးရှိတယ်။ ဒါကြောင့် မလှုပ်မရှားမျက်နှာသေကြီးဆိုပြီး အမြဲတမ်းလက်ညှိုးထိုးခံရတာပေါ့။

ဒါကြောင့် ရိုက်ကွင်းစပြီး မကြာမီမှာပဲ ပြဿနာတွေ ဖြစ်လာတော့မယ်ဆိုတာ ပိုင်လန်က မှတ်မိတယ်။ ဒါက သိပ်ပြီးကိစ္စမရှိပေမယ့် ရုန်စစ်ချီနေရာမှာ အစားထိုးခံလိုက်ရတဲ့ လူကိုတွေးမိသွားတဲ့အခါ ပိုင်လန်ရဲ့မျက်နှာမှာ အလိုမကျမှုတွေ ဖြစ်ပေါ်လာလေတယ်။ ဒါက ခန်းကျန့်ကလွဲရင်.. ဘယ်သူရှိရဦးမှာလဲ။

……………………..

ခန်းကျန့်အကြောင်းပြောကြကြေးဆိုရင် UNI ရဲ့ရိုက်ကွင်းက သူတို့နှစ်ယောက်တွေ့ဆုံတဲ့ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ 

သိပ်မကြာသေးမီက ‘ဘဝလက်တွဲဖော်များ’ ရိုက်ကွင်းရဲ့ အစပိုင်းတွေမှာ ပိုင်လန်က လေ့ကျင့်ရေးပရိုဂရမ်တွေ ဆင်းရတယ်။ အဲဒိအချိန်တုန်းက ဂရန်းမီဒီယာလုပ်ငန်းစုရဲ့ တက်သစ်စလေးဖြစ်တဲ့ ခန်းကျန့်လည်း ဒီပရိုဂရမ်မှာ တက်ရောက်ရတာပေါ့။ ဒီကိုလာပြီး ထရိန်နင်ဆင်းတဲ့လူတွေအကုန်လုံးက နောက်ခံရှိတဲ့လူတွေချည်းပဲ။

ထရိန်နင်မှာ ပိုင်လန်ရဲ့တိုးတက်နှုန်းက နည်းနည်းတော့နှေးတယ်လို့ပြောလို့ရတယ်။ ဆယ့်ခွန် ဆယ့်ရှစ် ဆယ်ကျော်သက်အုပ်စုနဲ့ ယှဉ်ရရင်တော့ အသက်(၂၂)အရွယ် တက္ကသိုလ်က ဘွဲ့ရပြီးသားပိုင်လန်က အုပ်စုထဲမှာ အကြီးဆုံးဖြစ်နေပြီး အခြားသူတွေရဲ့လှောင်ပြောင်ခြင်းကိုလည်း ခံရတယ်။

ဒါပေမယ့် ပိုင်လန်က အုပ်စုထဲမှာ အစောဆုံးအောင်မြင်မှုရသူတစ်ဦးပါ။ ထရိန်နင်ပြီးသွားပြီး မကြာဘူး.. ‘ဘဝလက်တွဲဖော်များ’ ကြောင့် ပိုင်လန်က နာမည်ကြီးလာတယ်။ သူနဲ့အတူ ထရိန်နင်ဆင်းခဲ့ကြတဲ့ ကျောင်းသားတွေထဲက ရင်းနှီးသူတွေက အဆက်အသွယ်ရရှိဖို့ရည်ရွယ်ချက်တွေနဲ့ ဖုန်းတွေခေါ်ခဲ့ကြတယ်။ ဒီလူတွေထဲကမှ ပထမဦးဆုံးသူ့ကိုဆက်သွယ်ခဲ့တာ ခန်းကျန့်ပဲ။ အခုပြန်တွေးကြည့်လိုက်တော့ ခန်းကျန့် သူ့ကို စဆက်သွယ်တဲ့အချိန်က 'ဘဝလက်တွဲဖော်များ' စရိုက်တဲ့အချိန်ကွက်တိပဲလေ။

သူတို့နှစ်ယောက် အလျင်အမြန်ရင်းနှီးသွားရတဲ့အကြောင်းရင်းက 'ဘဝလက်တွဲဖော်များ' ရဲ့ အဓိကခေါင်းဆောင်မင်းသား ဝူရှန်အန်းကြောင့်ဆိုရင်လည်း မမှားဘူး။ ဝူရှန်အန်းကလည်း ဂရန်းမီဒီယာလက်ထွက်ဖြစ်ပြီး ခန်းကျန့်ရဲ့စီနီယာအစ်ကိုလို့ ပြောလို့ရတယ်။ ဒါပေမယ့် သူ့စိတ်နေသဘောထားက မောက်မာပြီးမာနကြီးလွန်းတာကြောင့် ဂျူနီယာအကုန်လုံးကမုန်းကြပြီး နေရာတကာရန်သူတွေနဲ့ပြည့်နေတယ်။ အဲဒိအချိန်တုန်းက ပိုင်လန်နဲ့ခန်းကျန့် ဆုံဖြစ်ကြတိုင်း ပြောဖြစ်ကြတဲ့အဓိကအကြောင်းအရာက ဝူရှန်အန်းပဲလေ။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်လည်း တစ်စတစ်စပိုရင်းနှီးလာတယ်။

ဒါပေမယ့် ပိုင်လန်အတွက်တော့ ခန်းကျန့်ဆိုတာ နာမည်မကြီးခင်ကတည်းက ရင်းနှီးခဲ့တဲ့သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ခဲ့ပြီး အများကြီးလည်း တန်ဖိုးထားခဲ့တာ။ သူ့မှာ အခွင့်အရေးရှိတိုင်းလည်း ရှိသမျှအားအင်နဲ့အတူ ခန်းကျန့်ကိုပါ ဆွဲတင်ပေးခဲ့တယ်။ ဒီလိုပြုလုပ်ပေးဖို့လည်း ပိုင်လန်ကဘယ်တော့မှ တွန့်ဆုတ်တွေဝေခြင်း မရှိခဲ့ဘူး။ အရင်ဘဝရဲ့ UNI ရိုက်ကွင်းကြော်ငြာမှာ ရုန်စစ်ချီကိုလူပြောင်းမယ့်အကြောင်း ခန်းကျန့်ကိုသတင်းပေးခဲ့တာလည်း သူပဲလေ။

ဒီနောက်မှာတော့ ခန်းကျန့်က ဘာနည်းလမ်းတွေသုံးပြီး အခွင့်အရေးရအောင်ယူလိုက်လဲ ရိုးသားတဲ့ဖိုးသခွားလေးဖြစ်ခဲ့သူပိုင်လန်က သေချာမသိဘူး။ လူပြောင်းလဲအောင်လုပ်နိုင်တယ်ဆိုတာ အာဏာတွေ ပါဝါတွေ ငွေကြေးတွေလိုအပ်မယ်မှန်းလည်း ဘယ်တုန်းကမှမတွေးမိခဲ့ဖူးဘူး။ ဒါကြောင့် ခန်းကျန့်ဆိုတာ အပေါ်ယံမြင်ရသလောက် ဖြူစင်ဖြောင့်မတ်နေတာမဟုတ်မှန်း သူနားမလည်ခဲ့ပါဘူး။

ဒါပေမယ့် ဒီတစ်ခါတော့ ထပ်တူညီတဲ့အမှားမျိုး နောက်ထပ်လုပ်မှာ မဟုတ်ဘူး။

မိတ်ကပ်အဝတ်အစား ပြင်ဆင်ပြီးသွားတဲ့ ပိုင်လန်က မှန်ထဲမှာ ကိုယ့်ကိုကိုယ်ပြန်ကြည့်နေရင်း ဒီစကားတွေကို ထပ်ကာထပ်ကာ ရွတ်ဆိုနေမိတယ်။

…………………….

သြဂုတ်လရဲ့လကုန်ပိုင်းမှာရိုက်ကူးတဲ့ UNI ကြော်ငြာက လာမယ့်ဆောင်းရာသီထုတ်ကုန်အသစ်ဖြစ်တဲ့ လောင်းကုတ်ရှည်နဲ့ခေါင်းစွပ်ဆွယ်တာအင်္ကျီတို့ကို ဈေးကွက်မြှင့်တင်ရန်ဖြစ်တယ်။ 

ကြော်ငြာသဘောတရားက သိပ်ကိုရိုးရှင်းပြီး မတူညီတဲ့ပုံစံနဲ့ လူငယ်လေးနှစ်ယောက်ကို အဓိကထားရိုက်ကူးထားခြင်းဖြစ်တယ်။ လူငယ်လေးနှစ်ယောက်မှာ တစ်ယောက်က နေရောင်ခြည်လိုတောက်ပနွေးထွေးပြီး ကျန်တစ်ယောက်က တည်ငြိမ်ပြီးတသီးတသန့်ဆန်တယ်။ နှစ်ယောက်စလုံးက အလွန်လိုက်ဖက်လှတဲ့ UNI ရဲ့အဝတ်အစားတွေကိုဝတ်ဆင်ပြီး ပြိုင်ဘက်ကင်းတဲ့အလှအပပုံရိပ်တွေကို ဖော်ထုတ်ရမှာ။

ရိုက်ကွင်းကလည်း နှစ်မျိုးနှစ်စားခွဲခြားထားပြီး တစ်ခုကမဂ္ဂဇင်းပုံနှိပ်ကြော်ငြာအတွက်ဖြစ်ပြီး တစ်မျိုးက TV ကြော်ငြာဗီဒီယိုအတိုလေးဖြစ်တယ်။ ဒီနေ့အတွက်တော့ ပိုင်လန်နဲ့အခြားသူတွေက ကြော်ငြာသဘောတရားအရ မုဒ်ခံစားချက်တွေ၊ ပြင်ဆင်စရာရှိတာတွေအတွက် အစမ်းလေ့ကျင့်နေကြတာဖြစ်ပြီး ဒါတွေအကုန်ညှိနှိုင်းပြီးတော့မှ တကယ့်ရိုက်ကွင်း စမှာဖြစ်တယ်။

ခရင်ကာလာခေါင်းစွပ်ဆွယ်တာအင်္ကျီနဲ့အပြာရောင်ဖျော့ဖျော့ ဂျင်းဘောင်းဘီတို့ကို ဝတ်ဆင်ထားတဲ့ ပိုင်လန်က အခုမှ ကျောင်းဆင်းလာတဲ့ကျောင်းသားလေးတစ်ယောက်လိုပဲ။ ပုံစံလေးက နူးညံ့နေတယ်။ သူက နှင်းတွေပြည့်နေတဲ့ ရိုက်ကွင်းနေရာကို လျှောက်ဝင်လာတဲ့အချိန်မှာ ရုန်စစ်ချီက နေရာယူပြီးဖြစ်နေတာကို တွေ့လိုက်တယ်။

ပိုင်လန်ကတစ်နေရာမှာ မတ်တပ်ရပ်နေပြီး အရင်ရိုက်ကူးနေသူရဲ့ပါဖောမန့်ကို ရှုစားနေလိုက်တယ်။ ဒီတစ်ကြိမ်မှာ UNI က ရုန်စစ်ချီကိုရွေးရတဲ့အကြောင်းရင်းက သူက ရွှေဓါတ်ပြားဆုလောလောလတ်လတ်ရထားတဲ့ နာမည်ကြီးလေးဖြစ်တာကြောင့်ပဲ။ ငယ်ရွယ်ပြီးခေတ်မီတဲ့ပုံရိပ်လေးကို ပိုင်ဆိုင်တာကြောင့် UNI ရဲ့အကြိုက်နဲ့ ကွက်တိပဲလေ။

ပြီးတော့ ရုန်စစ်ချီက အရမ်းရမ်းအောင်မြင်တဲ့အဆိုတော်တစ်ယောက်၊ သူ့မှာ ရှည်လျားပြီးထူထဲတဲ့မျက်တောင်လေးတွေနဲ့ မျက်ဝန်းနက်နက်လေးလည်းရှိတယ်။ မြင့်မားဖြောင့်တန်းတဲ့နှာတံလေးရောပေါ့။ ဒါပေမယ့် သူမျက်မှောင်ကျုံ့လိုက်ပြီဆိုရင် ငယ်ရွယ်တဲ့ပုံရိပ်လေးက ပျောက်ပျောက်သွားပြီး ထင်ယောင်ထင်မှားဖြစ်စေတယ်။ ဒါကြောင့် UNI က သူ့ကို ခရမ်းနဲ့မီးခိုးရောင်ပေးဝတ်ထားတာကြောင့် ပိုပြီးရင့်ကျက်သယောင်ဖြစ်လာစေတယ်။

ရုန်စစ်ချီတစ်ယောက် UNI ဆွယ်တာကြီးဝတ်ထားတာ သိပ်ကိုရိုးရှင်းပြီး သာမန်ဆန်လွန်းတယ်။ သူက အမှန်တကယ်ခန့်ညားပေမယ့် ဖွံ့ဖြိုးဆဲအရွယ် (၁၉)နှစ်ကောင်လေးတစ်ယောက်က ခန္ဓာကိုယ်ကောက်ကြောင်းတွေလိုအပ်တဲ့ဆွယ်တာအင်္ကျီကို ဝတ်ရတာသိပ်ကိုမသင့်တော်သလိုဖြစ်နေတာပေါ့။ ပြီးတော့ အင်္ကျီဆိုတာမျိုးက သေချာမဝတ်ထားရင်လည်း နောက်ပိုင်းဘယ်လောက်ပဲ တည်းဖြတ်တည်းဖြတ် ပြုပြင်နိုင်တော့မှာ မဟုတ်ဘူးလေ။

ဒါကြောင့် ဓါတ်ပုံဆရာက စလာကတည်းက သိပ်ပြီးကျေနပ်ပုံမရဘူး။ သူက ရုန်စစ်ချီကို ကိုယ်နေဟန်ထားအမျိုးမျိုးပြောင်းခိုင်းနေတာကြောင့် ပိုင်လန့်မျက်စိထဲ အတင်းအကျပ်လုပ်ယူနေသလိုမျိုး ဖြစ်နေတယ်။

ရုန်စစ်ချီကတော့ ကွန်ပလိန်းမတက်ပဲ ရိုက်ပေးနေရှာပါတယ်။ အလွန်တရာကြည့်ကောင်းလှတဲ့ တက်သစ်စလေးတစ်ယောက်မှာ ပရိုဖက်ရှင်နယ်ကျကျသဘောထားတွေရှိတယ်။ ဒါက နောက်လာမယ့်ဆယ်နှစ်အတွင်းမှာလည်း ရုန်စစ်ချီတစ်ယောက် သူ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းအပေါ် ထားမယ့်သဘောထားပဲ။ ဒါပေမယ့် သူ့ရဲ့လူနေမှုဘဝကတော့ သိပ်ကိုလျှို့ဝှက်လွန်းပြီး ဘာသတင်းမှလည်း ထွက်မှာမဟုတ်ဘူး။ သူက သူ့အားအင်တွေအကုန်လုံးကို ဂီတပေါ်မှာပဲ မြှပ်နှံထားခဲ့တယ်။ ဒီလိုမျိုးသန့်ရှင်းလှတဲ့ပုံရိပ်ကို ပိုင်ဆိုင်ထားသူအနုပညာရှင်တစ်ယောက်အတွက် တိုတယ်ကုမ်ပဏီက ဘယ်လောက်တောင်ဂရုစိုက်လဲဆိုတာ ထင်သာမြင်သာရှိစေပါတယ်။ 

ဒီနေ့နေဝင်သွားပြီး ရုန်စစ်ချီက ဝတ်ဆင်သုံးစုံလုံးလဲလှယ်ရိုက်ကူးပြီးနောက်မှာ ဓါတ်ပုံဆရာ အထွန့်တက်မယ့်ကွန်ပလိန်းတွေကို ပိုင်လန်က ကြိုမြင်နေတယ်။ ရုန်စစ်ချီကိုရိုက်ရတာ ပြဿနာရှိနေပါတယ်ပေါ့။ 

အခန်းထဲကလေထုက တစ်စတစ်စမှုန်မှိုင်းလာတယ်။ ဒီလိုအခြေအနေမျိုးမှာပဲ ဆက်သွားနေမယ်ဆိုရင် အရင်ဘဝတုန်းကလိုမျိုး ခန်းကျန့်ရဲ့အစားထိုးဝင်ရောက်လာမှုကို တားနိုင်ပါတော့မလား။

ဟုတ်တာပေါ့.. ခန်းကျန့်ကို တားဆီးရမှာပေါ့..ပိုင်လန်က သူ့ကို ဒုက္ခရောက်စေချင်တာမဟုတ်ပါဘူး၊ တက်လမ်းကိုပဲ ပိတ်ဆို့ထားချင်တာပါ။

တစ်ခြားသူတွေအားလုံးထက် အမြင့်မှာနေလိုတဲ့ခန်းကျန့်အတွက်တော့ ဒါက သိပ်ကိုသည်းမခံနိုင်စရာအခြေအနေတစ်ခုဖြစ်မှာပဲလေ။

အရင်ဘဝတုန်းက သစ္စာဖောက်ခဲ့တဲ့သူ့ကို နောက်ထပ်အခွင့်အရေးလည်း ပိုင်လန်က မပေးလိုပါဘူး။ ဒါပေမယ့် ခန်းကျန့်သစ္စာဖောက်မှုမရှိခဲ့ရင်လည်း သူလည်းပြန်လည်မွေးဖွားလာမှာမဟုတ်ဘူး။ ဘဝဆိုတဲ့သံသရာထဲမှာတော့ ရှင်းပြလို့မရနိုင်တဲ့ အကြောင်းတရားတွေကြောင့်သာ အကျိုးတရားဖြစ်လာတာပဲပေါ့။ 

ပိုင်လန်အတွက်တော့ အကောင်းဆုံးကြိုးစားရင် ရပြီလေ။ ကျန်တာတော့ ကံတရားကိုပဲ လက်ခံရမှာပေါ့။

ဒါကြောင့် ဒီတစ်ကြိမ်မှာ ပိုင်လန်က ခန်းကျန့်ဆီသတင်းပေါက်ကြားခွင့် ပြုကိုမပြုနိုင်ဘူး။ ဒါပေမယ့် သူ့မှာ အခြားလမ်းကြောင်းတွေရှိသေးမှန်းလည်း ပိုင်လန်သိတယ်။ သူ မပြောရင်တောင်မှ ခန်းကျန့်က ရုန်စစ်ချီနေရာဝင်ယူဖို့ အခြားနည်းလမ်းရှာနေဦးမှာ။

ခန်းကျန့်အတွက်လည်း ဒီကြော်ငြာရိုက်ကွင်းက အရေးကြီးတဲ့ပထမခြေလှမ်းဖြစ်ခဲ့တာလေ။ အရင်တုန်းကအကြောင်းတွေ ပြန်စဉ်းစားကြည့်လိုက်ရင် အခုချိန်က ခန်းကျန့်ဒုတိယမင်းသားအဖြစ်ပါဝင်ထားတဲ့ 'သပွတ်အူ' ရုပ်ရှင်ကားထွက်လာတဲ့အချိန်ပေါ့။ သူက အခန်းအများကြီးမပါဝင်ရပေမယ့် အများကြီးလက်ခံအားပေးမှုရရှိခဲ့တယ်။ ရုပ်ရှင်ရုံတင်တဲ့အချိန်က UNI ကြော်ငြာ အကြီးအကျယ်ပရိုမိုးရှင်းဆင်းတဲ့အချိန်နဲ့ကွက်တိပါပဲ။ ဒါက ခန်းကျန့်ကို တဟုန်ထိုးနာမည်ကြီးလာစေခဲ့တယ်။

ဒါကြောင့် ဒီနေ့ရဲ့တားဆီးမှုက ခန်းကျန့်အတွက်တော့ အတောင်ပံတွေကို ချိုးလိုက်သလိုမျိုးဖြစ်သွားစေလိမ့်မယ်။

ဒါပေမယ့် ဘယ်လိုနည်းလမ်းနဲ့ တားဆီးရမှာလဲ။ ပိုင်လန်က မျက်မှောင်ကျုံ့ရင်း အတွေးနက်နက်ဝင်မိတယ်။

အဲဒိအချိန်မှာပဲ ပိုင်လန်က သူ့နားကိုလျှောက်လာတဲ့လူနှစ်ယောက်ကို တွေ့လိုက်ရတယ်။ ခေါင်းကိုလှည့်ပြီး ကြည့်လိုက်တဲ့အချိန်မှာ ရင်းနှီးဖူးခဲ့တဲ့မျက်နှာတစ်ခုကို မြင်မိသွားတယ်။ ဒါမှမဟုတ် နောင်လာမယ့်နေရက်တွေမှာ ရင်းနှီးလာမယ့် မျက်နှာတစ်ခုလို့ ပြောရင်လည်း မှားနိုင်ချေတော့မရှိပါဘူး။

.........................