အပိုင်း ၁၂၇
Viewers 34k

🍵Chapter 127

-ဘယ်လိုတောင် ချစ်စရာကောင်းပြီး ဉာဏ်များတတ်တဲ့သူလဲ။ (2)



“အခု မင်းကောင်မလေးက မင်းကိုစိတ်ဆိုးနေတာ မင်းဖုန်းခေါ်ရင်လည်း မကိုင်ဘူး ဟုတ်တယ်မလား”


ကျိုးရန်က ခေါင်းပြုတ်မတတ်ငြိမ့်ပြလာသည်။

“ဟုတ်တယ် မင်းပြောတဲ့အတိုင်းဘဲ၊ ‌တစ်နေ့တုန်းက ငါသူ့ဆီသွားတုန်းကတောင် ငါ့ကိုစကားပြန်မပြောဘူး”


ဟွမ်ချီမင်က ငါသိသားဘဲဟူသောပုံစံဖြင့် ကြည့်လာသည်။

“ဒါပေမယ့် မင်းက ဒီအထင်လွဲနေတာကြီးကို ဖြေရှင်းရမယ်လေ အဲ့ဒါကြောင့် မင်းကောင်မလေးဆီစားရေးရမယ်”


ကျိုးရန်က ခေါင်းကုတ်လိုက်သည်။

“အဲ့ဒါက တကယ်ဘဲလိုလို့လား၊ ငါတို့က တစ်မြို့ထဲမှာနေတာလေ သူမဆီကိုစာရေးတာက ထူးဆန်းမနေဘူးလား”

အရေးကြီးဆုံးတစ်ခုမှာ သူ့လက်ရေးက အလွန်ဆိုးရွားသောကြောင့်ဖြစ်သည်။ ၎င်းကရှက်စရာပင်။


ဟွမ်ချီမင်က သူ့ကိုအလွန်စိတ်ပျက်သွားသလို ကြည့်လာ၏။

“အဲ့ဒါက တကယ်ဘဲမလိုဘူးလေ၊ မဟုတ်ရင်ဘယ်လိုလုပ်ပြီး အံ့ဩစရာဖြစ်မှာလဲ၊ သူမ မမျှော်လင့်ထားမှသာ အံ့ဩသွားမှာပေါ့၊ မင်းတွေးကြည့် သူမအလုပ်လုပ်နေတဲ့အချိန်အတွင်းမှာ မင်းဆီကကြေးနန်းပို့တာကို လက်ခံလိုက်ရရင် သူမက အံ့ဩပြီးပျော်သွားမှာမဟုတ်ဘူးလား”


ကျိုးရန်က တွေးကြည့်လိုက်သည်။ အဲ့ဒါက.....အဓိပ္ပါယ်ရှိသလိုဘဲ။ သူသည်လည်း တစ်နေ့တာအလုပ်လုပ်ပြီးသောအချိန်တွင် သူ့ကောင်မလေးဆီမှ ကြေးနန်းစာရခဲ့ပါက သေချာပေါက်ကို အံ့ဩမိမှာဖြစ်သည်။


ကျိုးရန်က သူ့စကားနားယောင်နေပြီကို မြင်သောအခါ ဟွမ်ချီမင်က ဆက်ပြောသည်။

“အဲ့ဒါကြောင့်မို့လို့ ဒီနေ့အလုပ်ဆင်းတဲ့အချိန်ကျ သူ့ဆီစာရေးလိုက်၊  မင်းကဘာကြောင့်အဲ့လိုပြောခဲ့တာလဲ၊ မင်းရင်ထဲမှာတကယ်ခံစားနေရတာဘယ်လို‌ဆိုတာကို သူမကိုပြောပြလိုက် မိန်းမတိုင်းက နှလုံးသားနူးညံ့ကြတယ် မင်းဆီကစာရပြီးလို့ကတော့ သူမကသေချာပေါက် မင်းကိုခွင့်လွှတ်မှာ”


“ပြီးတော့ စာတွေက အချိန်တွေအကြာကြီးသိမ်းထားလို့ရတယ်လေ၊ အဲ့ဒါတွေက တစ်နေ့ဆံပင်ဖြူပြီးအိုမင်းလာတဲ့အခါ အမှတ်တရကောင်းလေးတွေဖြစ်နေလိမ့်မယ်”


ကျိုးရန်က လုံးဝဆွဲဆောင်ခံလိုက်ရသည်။


အဲ့ဒါက အရမ်းကောင်းတာဘဲ။


သူအရင်တုန်းက ဘာလို့ဒီလိုမခံစားမိတာပါလိမ့်။


သူတို့နှစ်ယောက်လုံး အိုမင်းလာကာ မြေးများအများကြီးရှိနေသောအချိန်တွင် နှစ်ယောက်အတူထိုင်ပြီး  ဤစာများကိုပြန်ဖတ်ကြည့်မည်ဟူသော အတွေးက သူ့ကိုပျော်ရွှင်သွားစေသည်။


သူဆုံးဖြတ်လိုက်ပြီ။ အလုပ်ဆင်းရင် သူ့ကောင်မလေးဆီစာရေးရမယ်။ အဲ့လိုနည်းလမ်းနဲ့မှဘဲ သူတို့ရဲ့အချစ်ခရီးက မှတ်ကျောက်တင်ထားသလိုဖြစ်မှာ‌။


ဝမ်ရူကွေ့က တည်ငြိမ်သောပုံစံရှိနေဆဲဖြစ်သည်။ စားပွဲအောက်ရှိ သူ့လက်ချောင်းများကမူ ဒရမ်တီးသလို ထိုင်ခုံအား အဆက်မပြတ်တောက်နေ၏။

 

သူတို့သုံးယောက် လူစုခွဲပြီးသောအခါ ဝမ်ရူကွေ့က ရုံးခန်းသို့ပြန်လာခဲ့သည်။


သူက အံဆွဲထဲမှ စာအုပ်ကိုထုတ်လိုက်ပြီး ‘ကြီး’ ဆိုသောစကားလုံးအားအမှားခြစ်ကာ ‘သေး’ဖြင့်အစားထိုးလိုက်သည်။


ထို့နောက် သူကအောက်တွင် နောက်တစ်ကြောင်းထပ်ရေးလိုက်သည်။


5. သူမဆီကိုစာရေးပါ။ စာတွေက အသက်ကြီးပြီးဆံပင်တွေဖြူလာတဲ့အခါ အကောင်းဆုံးအမှတ်တရတွေဖြစ်စေတယ်။


ထို့နေ အလုပ်ဆင်းသောအခါ ဝမ်ရူကွေ့ရော ကျိုးရန်ပါ စာရေးလိုက်ကြသည်။


ကျိုးရန်က ဖောက်တိန်ထိပ်ကိုကိုက်ကာ ဆံပင်များကလည်း သူ့လက်ချက်ကြောင့် ရှုပ်ပွနေပြီး ကြက်‌ခြံလိုဖြစ်နေ၏။


သူက ထုံးစံအတိုင်းသင်၏ ဇီဝသိပ္ပံကောင်လေးမျိုးဖြစ်သည်။ သင်္ချာ၊ရူပ အစရှိသည်တို့တွင် ကျွမ်းကျင်၏။သို့သော် သူ့ကို ကဗျာသို့မဟုတ် စာစီစာကုံးတစ်ပုဒ်ရေးခိုင်းခြင်းက အလွယ်တကူသတ်နိုင်ပေသည်။


စာရေးရာတွင်လည်း အတူတူပင်။


သူက အချိန်အကြာကြီးစဉ်းစားပြီးမှ နောက်‌ဆုံးတွင် အခြေခံကျသောအချက်များကို ရေးရန် ‌ဆုံးဖြတ်လိုက်သည်။


“ရှောင်းယွင် အရင်နေ့တုန်းက ကိုယ်စကားပြောမှားသွားတာပါ၊ ကိုယ်ပြောချင်တာက မင်းမျက်နှာက ရွှေအင်တုံ၊ကျောက်စိမ်းအင်တုံတွေနဲ့တူပြီး ကံကောင်းမယ့်အသွင်အပြင်လို့ပြောချင်တာပါ ဒါပေမယ့် မင်းလည်းကိုယ့်အကြောင်းသိမှာပါ ကိုယ်ကစကားပြောမကောင်းဘူးလေ ပြီးတော့ စကားမှားပြောမိသွားတယ် ကျေးဇူးပြုပြီး ကိုယ့်ကိုခွင့်လွှတ်ပေးပါလား”


ထို့နောက် သူကသူတို့နှစ်ယောက်အချင်းချင်းသိကတည်းက အမှတ်တရများကို နည်းနည်းချင်းစီထပ်ရေးလိုက်ပြီး အဆုံးတွင် နိဂုံးချုပ်လိုက်သည်။

“ရှောင်းယွင် ကိုယ်တကယ်ကိုတောင်းပန်ပါတယ် ကျေးဇူးပြုပြီး ကိုယ့်အပေါ်စိတ်မကုန်သွားပါနဲ့နော် ဟုတ်ပြီလား”


သူကစာပြန်ဖတ်ကြည့်မည့်အချိန်တွင် ဝမ်ရူကွေ့က သူ့ရုံးခန်းအပြင်၌ပေါ်လာ၏။


ဝမ်ရူကွေ့က နှုတ်ခမ်းစေ့ကာ မေးလာသည်။

“ငါအခုဘဲ စာတစ်စောင်သွားပို့မလို့ မင်းစာကိုလဲလမ်းကြုံပေးလိုက်မလား”


ကျိုးရန်က လျင်မြန်စွာခေါင်းညိတ်သည်။

“အဲ့ဒါကို အိပ်ချင်‌နေတဲ့အချိန် တစ်စုံတစ်ယောက်က ခေါင်းအုံးလာချပေးတယ်လို့ခေါ်တယ်ကွ၊ အခုလေးတင် ဒီစာကိုပို့ပေးဖို့ အနားကလူတွေကို လိုက်မေးကြည့်တော့မလို့”


သူက သူ၏သုတေသနအတွက် အချိန်ပိုဆင်းရမှာဖြစ်သည်။ စာရေးလိုက်သောအချိန်သည် ဤညအတွက် သူမှာရှိသည့် အားလပ်ချိန်လေးသာ။


သူက အလျင်အမြန်ပင် စာကိုစာအိတ်ထဲထည့်လိုက်သည်။ ထို့နောက် သူ့စာကိုပေးလိုက်သောအခါ ဝမ်ရူကွေ့လက်ထဲမှစာကိုမြင်သွား၏။ သူကသိချင်သွားသည်။

“မင်းဆီမှာလည်း စာပို့ရမှာရှိနေတာလား”


ဝမ်ရူကွေ့၏မျက်တောင်များက တဖြတ်ဖြတ်လှုပ်သွားသည်။

“အင်း သူငယ်ချင်းတစ်ယောက်ဆီကို”


ကျိုးရန်က ထပ်ပြီးမစပ်စုတော့ပေ။ ကောင်မလေးမရှိသောတစ်စုံတစ်ယောက်အတွက် ကျိုးရန်က သူဘယ်သူ့ဆီစာပို့မည်ကို မသိချင်နေပေ။


ဝမ်ရူကွေ့က စာများကို ပို့ရန်အတွက် ကြေးနန်းရုံးသို့ယူသွားလိုက်သည်။


နောက်တစ်နေ့၌ ထုံရွှယ်လူနှင့်ဝမ်ရှောင်းယွင်တို့ဆီစာရောက်လာကြ၏။


ဟွမ်ချီမင်ပြောသလိုပင် ဝမ်ရှောင်းယွင်က စာရသောအခါ အံ့ဩသွားသည်။


စာလာသည်ကိုမြင်သောအခါ ဝမ်ရှောင်းယွင်၏လုပ်ဖော်ကိုင်ဖက်များက သူမကိုစလာကြသည်။

“ရှောင်းယွင် အဲ့ဒါနင့်ကောင်လေးဆီကလား”


ဝမ်ရှောင်းယွင်၏ပါးများက နီရဲသွားပြီး ရှက်ရွံ့စွာခေါင်းညိတ်ပြလိုက်သည်။

“သူငါ့ကိုစာရေးပို့မယ်လို့ မထင်ထားဘူး၊ ငါတို့ကတစ်မြို့ထဲမှာအတူတူနေကြတာလေ ဘာကိစ္စမလို့ လူကိုယ်တိုင်‌မပြောနိုင်ရတာလဲ စာပို့တာက ပိုက်‌‌ဆံဖြုန်းနေတာဘဲ”


“အိုက်ယားးး အဲ့ဒါက သူ့စိတ်ထဲမှာ နင်ရှိနေတယ်လို့ ဆိုလို‌တာပေါ့ အရမ်းရိုမန့်တစ်ဖြစ်တာဘဲ”


နောက်တစ်ယောက်ကလည်း ဝင်စလာသည်။

“ငါလည်းသဘောတူတယ် အရမ်းရိုမန့်တစ်ဖြစ်တာဘဲ”


“နင်တို့အကုန် ငါ့ကိုစနေကြတာ၊ ငါနင်တို့မခေါ်တော့ဘူး”


ဝမ်ရှောင်းယွင်က ပိုပြီးရှက်သွေးဖြာလာသည်။ သူမက ခြေထောက်ဆောင့်ကာ ထွက်ပြေးသွား၏။


သူမတစ်ယောက်တည်းဖြစ်သွားသောအခါ ဝမ်ရှောင်းယွင်က တောက်ပနေသောမျက်လုံးများဖြင့် စာအိတ်ကိုဖွင့်လိုက်သည်။


စာ၏ပထမပိုင်းက အဆင်ပြေ၏။ ဝမ်ရှောင်းယွင်ဖတ်ကြည့်လိုက်သောအခါ ပိုပြီးရှက်သွားသည်။ သူမကမှတ်ချက်တောင်ပေးလိုက်သေးသည်။

“သူ့လက်ရေးက ကြက်ခြေသည်းနဲ့ ခြစ်ထားသလိုဘဲ”


သို့သော် နောက်ဆုံးစာကြောင်းကိုမြင်သောအခါ သူမမျက်နှာကအရောင်ပြောင်းသွားလေသည်။


သူမဖတ်မိလိုက်သောအရာမှာ -

“ရှောင်းယွင် ကိုယ်တကယ်တောင်းပန်ပါတယ် ကျေးဇူးပြုပြီး ကိုယ့်အပေါ်အီးမပေါက်ပါနဲ့နော် ဟုတ်ပြီလား”


ဝမ်ရှောင်းယွင်က ဒေါသထွက်လွန်းသဖြင့် သူမမျက်နှာက နီတလှည့်ဖြူတလှည့်ဖြစ်သွားသည်။


အဲ့ဒီအကောင်စုတ် ကျိုးရန်။ သူမကဘယ်တုန်းကများ သူ့‌အရှေ့မှာလေလည်ဖူးလို့လဲ။


သူမက မိန်းကလေးမဆန်သည့် ထိုသို့သောအရာမျိုးကို ဘယ်တော့မှမလုပ်ပေ။ သူမကို ဘယ်လိုလူမျိုးလို့များ သူထင်နေတာလဲ။


အကောင်စုတ်၊ နင်သေလိုက်တော့။


🍵

ဝမ်ရူကွေ့၏စာက ထုံရွှယ်လူ၏အိမ်သို့လိပ်စာမူထားကာ အစိုးရစားသောက်ဆိုင်သို့ မဟုတ်ပေ။


ထို့ကြောင့် ထုံရွှယ်လူက အလုပ်ဆင်းသည့်အချိန်ထိ ထိုစာကိုမသိခဲ့ပေ။


သူမက ဝမ်ရူကွေ့ဆီမှစာလာသည်ကို သိလိုက်ရသောအခါ အတော်လေးအံ့ဩသွားသည်။


သူက သူမဆီစာရေးရန် တွေးမိလိမ့်မည်ဟု သူမမထင်မိခဲ့ပေ။


သူမသည်လည်း ယမန်နေ့ညက ဤအ‌ကြောင်းကို တွေးမိနေခဲ့၏။


သူမမကူးပြောင်းလာခင်တွင် နည်းပညာများက အတော်လေးတိုးတက်လာပြီဖြစ်သောကြောင့် လူတိုင်းက အချင်းချင်းဆက်သွယ်ရန် လက်ကိုင်ဖုန်းများကို အသုံးပြုကြသည်။ လူအနည်းစုကသာ စာရေးရန်ရွေးချယ်ကြ၏။


အခုတွင် သူမက ဤဘက်ခေတ်သို့ကူးပြောင်းလာပြီဖြစ်သောကြောင့် ဤကာလတွင် ချစ်သူများက အချင်းချင်းဘယ်လိုဆက်သွယ်ကြသည်ကို သိချင်မိသည်။


ထုံရွှယ်လူက စာအိတ်ကိုဖောက်လိုက်သောအခါ အထဲတွင်စာရွက်တစ်ရွက်တည်းသာရှိနေသည်ကို တွေ့လိုက်ရသည်။


“ရဲဘော်ထုံ မင်းအဆင်ပြေရဲ့လား၊ တနင်္ဂနွေနေ့က ကိုယ်တို့တွေ့ခဲ့ရလို့ အရမ်းပျော်ပါတယ် ကျောက်ပွင့်အချိုပွဲကလည်း အရမ်းအရသာရှိတယ် မင်းလက်ရာက ထုံးစံအတိုင်း အံ့ဩစရာကောင်းတယ်”


“ကိုယ်ဌာနကို ပြန်ရောက်ပြီးတဲ့နောက် အချိန်အများစုကို သုတေသနခန်းထဲမှာဘဲ ကုန်‌ဆုံးဖြစ်တယ်၊ အခုဆိုရာသီဥတုကအေးလာပြီမလို့ ရဲဘော်ထုံ ကျန်းမာရေးဂရုစိုက်ပါ၊ စစ်အ‌နွေးထည်က ဒီရာသီဥတုအတွက် အရမ်းပါးနေသေးတယ်၊ ကိုယ့်ဆီမှာ ပိတ်စတွေအတွက် လက်မှတ်တွေအပိုရှိသေးတယ်၊ ဒါတွေကိုသုံးပြီး ဒီရာသီနဲ့အဆင်ပြေမယ့် ‌အနွေးထည်လေးတွေ ဝယ်လိုက်ပါ”


“ကိုယ်တို့က တစ်မြို့ထဲမှာနေပြီး စာပို့လိုက်တာကို ထူးဆန်းတယ်လို့ မင်းထင်မှာစိုးရိမ်မိတယ်၊ ကျေးဇူးပြုပြီး ဒီကိစ္စကိုဘယ်လိုထင်လဲဆိုတာကို ကိုယ့်ကိုပြောပြပါဦး”


ထုံရွှယ်လူ စာဖတ်ပြီးသောအခါ သူမ၏နှုတ်ခမ်းထောင့်များ ထိန်းချုပ်မရနိုင်စွာ ကွေးတက်သွားသည်။


သူမက သူမပါးစပ်ထဲသို့ သကြားလုံးခွံ့ကျွေးခံလိုက်ရသလို ခံစားမိသွားသည်။ အမြဲပင် ဝမ်ရူကွေ့ကြောင့် ချိုမြိန်မှုများက သူမပါးစပ်မှရင်ထဲထိတိုင်အောင် ပျံ့နှံ့သွားပေသည်။


ဝမ်ရူကွေ့က ထပ်ခါတလဲလဲပင် သူမကိုအံ့ဩအောင်လုပ်နိုင်ခဲ့၏။ စာ‌ထဲတွင်ရေးထားသည်များက ရိုးရှင်းကာ တစ်ခြားဘာအဓိပ္ပါယ်မှမပါပေ။ သို့သော်ငြား သူမအတွက်သူ၏စိုးရိမ်မှုများကို စာထဲမှတစ်ဆင့် မြင်နေရပေသည်။


သူမက အထည်လက်မှတ်များကို ကြည့်လိုက်ရာ ဆယ်ခုတောင်ရှိနေ၏။


မိသားစုအများစုက တစ်လနေ၍ လက်မှတ်တစ်ခုသာရကြသည်။  တစ်ဖက်တွင် ဝမ်ရူကွေ့ကမူ သူမဆီသို့ တစ်ခါတည်းတွင် လက်မှတ်၁၀ခုပို့လာ၏။


သူကသူမအပေါ်တွင် အလွန်ကောင်းပေသည်။


နောက်ပိုင်းရက်များတွင် အထည်လက်မှတ်၁၀ခုဆိုသည်မှာ ဘာမှမဟုတ်နိုင်တော့သော်လည်း လက်ရှိကာလတွင်မူ ရှားပါးပစ္စည်းများဖြစ်သည်။


ထိုအတွေးက သူမနှလုံးသားက လောင်ကျွမ်းသွားစေကာ သူမမျက်လုံးများအား ‌နူးညံ့လာစေ၏။


သူက သူမထင်ထားသလောက် ပျင်းစရာကောင်းသည့် ယောက်ျားမဟုတ်ပေ။


စာ၏အဆုံးတွင် သူကအမေးစကားဖြင့် အဆုံးသတ်ထားသဖြင့် သူမကစာပြန်ရပေမည်။ သူမစာပြန်လိုက်သည်နှင့် သူ့ဘက်လည်း စာထပ်ရေးလာလိမ့်မည်။ ဤသို့စာပို့လိုက်၊စာယူလိုက်ဖြင့် သူတို့ကြားမှ အဆက်အသွယ်က မြဲမြံလာလိမ့်မည်။


ဝူးးးးဘယ်လိုတောင် ချစ်စရာကောင်းပြီး ဉာဏ်များတတ်တဲ့သူလဲ။


(Etn: သနားစရာကျိုးရန်လေး သူ့သူငယ်ချင်းတွေက အမြဲတမ်းသူ့ကိုကျရှုံးအောင် လုပ်နေတော့တာဘဲ *သက်ပြင်းချ**)