အပိုင်း ၂၅၀
Viewers 87k

Chapter 250




ကျိမူ ထိတ်လန့်သွားသည်။ ကျိယွီရှောင်က ထိုသို့ပြောလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။


'အရူး...ကျိယွီရှောင်က အရူးပဲ...သူက အခု အရူးဖြစ်နေပြီ...'


သူက အမြန် လှည့်ထွက်သွားလိုက်သော်လည်း သူ့နောက်မှ ကျိယွီရှောင်၏အသံကို ကြားလိုက်ရလေသည်။


"ငါ အခု မင်းကို မသတ်တော့ဘူး...ဒါပေမဲ့ နောက်တစ်ခါ မသတ်တော့ဘူးလို့ မဆိုလိုဘူး...မင်း ရှောင်ယွီဆီကို နောက်တစ်ခါ ချဉ်းကပ်လာရင် ငါ မင်းကို လွှတ်ပေးတော့မှာ မဟုတ်ဘူး...သေတာထက် ဆိုးတဲ့ဘ၀နဲ့ ရှင်သန်စေရမယ်..."


ကျိမူက အနောက်ကို ထိတ်လန့်တကြီး လှည့်ကြည့်လိုက်သည်။ 


ကျိယွီရှောင်က နေရောင်အောက်တွင် ထိုင်နေပြီး နေရောင်ခြည်ကြောင့် သူ့၏ဖျော့တော့နေသော အသားအရေက ပိုမိုမှုန်မှိုင်းလာကာ ‌ထိတ်လန့်စရာ ကောင်းနေလေသည်။


ကျိယွီရှောင်၏လက်ထဲတွင် ဓားကို ကိုင်ထားဆဲဖြစ်ပြီး ဓားထိပ်ဖျားမှ သွေးစက်များက တစ်စက်စက် ကျနေသည်။ သို့သော် ကျိယွီရှောင်၏မျက်လုံးများက ဓားထက်ပင်အေးစက်ပြီး အကြင်နာကင်းမဲ့နေခဲ့သည်။


ကျိမူက ရုတ်တရက် အထက်တန်းကျောင်းရှိ ကျိယွီရှောင်ကို ပြန်တွေးမိသွားလေသည်။


တစ်ခါက သူက သူငယ်ချင်းအချို့နှင့် ထမင်းစားနေစဉ် ထမင်းတစ်၀က်လောက်တွင် သူတို့က ကျိယွီလင်း၏မကောင်းကြောင်းကို ပြောကာ ရယ်မောနေကြစဉ် ကျိယွီရှောင်၏အသံက သူ့နောက်မှ ရုတ်တရက် ထွက်ပေါ်လာလေသည်။


"သူများကို အပုပ်ချရတာပျော်လား..."


ထို့နောက် နောက်တစ်စက္ကန့်တွင် ကျိယွီရှောင်က သူ့ရှေ့လျှောက်လာပြီး သူတို့ထမင်းစားပွဲဝိုင်းကို မှောက်ချပစ်လိုက်လေသည်။


သူက ကျိယွီရှောင် ထိုသို့လုပ်လာလိမ့်မည်ဟု မထင်ထားသောကြောင့် ဒေါသ အလွန်ထွက်သွားပြီး ကျိယွီရှောင်ကို အပြစ်တင်ကြိမ်းမောင်းရာ ရလဒ်အနေနှင့် ကျိယွီရှောင်၏ရုတ်တရက်ကန်ချက်ကိုသာ ရရှိခဲ့သည်။


သူက စကားတစ်ခွန်းမှ မပြောခဲ့‌‌ပေ။ ကျိမူကိုသာ တိုက်ရိုက်ကန်ခဲ့ပြီး ခံစားချက်မဲ့သည့် မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။


ထိုစဉ် ကျိယွီရှောင်၏သူငယ်ချင်းများက ကျိယွီရှောင်ကို ပြန်ဆွဲခေါ်နေကြလေသည်။


ကျိယွီရှောင်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး ကျိမူမျက်လုံးကို စိုက်ကြည့်ကာ ပြတ်သားစွာ ပြောလိုက်သည်။


"နောက်တစ်ခါ အစ်ကို့မကောင်းကြောင်း ထပ်ပြောရင် ရိုက်တာနဲ့တင် ပြီးသွားမယ်မထင်နဲ့..."


ကျိယွီရှောင်၏မျက်လုံးများက အေးစက်နေခဲ့ပြီး သူ့ဒဏ်ရာကလည်း နာကျင်နေခဲ့၏။


ကျိယွီရှောင်၏စကားများက အမှန်ဖြစ်ကြောင်း သူ သိခဲ့သည်။


ကျိမူက ဘယ်သောအခါမှ ကျိယွီလင်းကို မကြောက်ခဲ့ပေ။ ကျိယွီလင်းက ဘယ်အချိန် ရှေ့တိုးရမည်၊ ဘယ်အချိန် နောက်ဆုတ်ရမည်ကိုသိပြီး အတိုင်းအတာကို သိသောကြောင့် အပြင်လူများရှေ့တွင် သူ့ကို မျက်နှာသာပေးလေသည်။


သို့သော် ကျိယွီရှောင်ကမူ မတူပေ။


ကျိယွီရှောင်က မာနကြီးကာ မဆင်မခြင်ပြုမူတတ်ပြီး ကျိယွီလင်းနှင့် လုံး၀ကွာခြားလှသည်။ သူက အခြားလူများ၏မျက်နှာကို ဂရုမစိုက်ပေ။ သူက သူဂရုစိုက်သည့်သူများကိုသာ မျက်နှာသာပေးလေသည်။


ကျိမူက သူ ဂရုစိုက်သည့်သူထဲတွင် မပါ၀င်ခဲ့ပေ။


ထို့အတွက်ကြောင့် သူက ကျိယွီရှောင်ကို မုန်းတီးလေသည်။ သို့သော်တစ်ချိန်တည်းတွင်ပင် ကြောက်လည်းကြောက်ရွံ့၏။


သူက ကျိယွီရှောင်နှင့် စကားများရန်ဖြစ်ဖူးသော်လည်း ကျိယွီရှောင်ကို တစ်ခါမှ မနိုင်ဖူးခဲ့ပေ။


ကျိယွီရှောင်က သူ့ကို အစ်ကိုတစ်ယောာက်အဖြစ် ဘယ်သောအခါမှ မမှတ်ယူခဲ့သလို သူကလည်း ကျိယွီရှောင်ကို ညီတစ်ယောက်အဖြစ် မမှတ်ယူခဲ့ဖူးပေ။


ကျိယွီရှောင်က သူ့ထက် နောက်ခံကောင်း၊ သူ့ထက် အစွမ်းထက်ပြီး သူ့ထက် လောဘနှင့်ရည်မှန်းချက် နည်းပါးလေသည်။


ကျိယွီရှောင်က ဘ၀ကို ဂုဏ်ယူစွာ တစ်ဟုန်ထိုး ဖြတ်သန်းနေပြီး လောကကြီးကို အထင်သေးလေသည်။


သူက ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက် မယှဉ်ပြိုင်ပေ။ သူ့ဆွေမျိုးများနှင့်သူငယ်ချင်းများကလွဲလျှင် သူက ဘာကိုမှ ဂရုမစိုက်သည့်ပုံပေါ်လေသည်။


ကျိယွီလင်း အသက်ရှင်နေစဉ်က ကျိယွီရှောင်က ကျိဂရုကို ဂရုမစိုက်ခဲ့ပေ။ 


ကျိယွီလင်း ဆုံးပါးသွားသောအခါတွင်လည်း သူက ကျိဂရုကို ဂရုမစိုက်သေးပေ။


ဤအခိုက်အတန့်တွင် ကျိမူက ကျိယွီရှောင် ပြောင်းလဲသွားခြင်းမရှိသည်ကို သဘောပေါက်သွားသည်။ သူက အထက်တန်းကျောင်းတက်စဉ်က အတိုင်းသာဖြစ်ပြီး သူ့ကိုချုပ်နှောင်ထားသည့်အရာများ မရှိချေ။


သူက ကျိယွီလင်းဆုံးပါးပြီး‌နောက်တွင် သူ့ခံစားချက်များကို ကျိယွီလင်း၏ကလေးအပေါ် အကုန်လွှဲပြောင်းပုံအပ်ခဲ့ပြီး ကျိလဲ့ယွီက လုံး၀ မထိသင့်သည့်သူတစ်ယောက် ဖြစ်လာခဲ့သည်။


ကျိမူက ကျိလဲ့ယွီကို မထိခဲ့သင့်ပေ။


ကျိလဲ့ယွီက ငယ်ရွယ်ပြီး မသိနားမလည်သေးသောကြောင့် အကောင်းနှင့်အဆိုးကို သေချာမခွဲခြားနိုင်သေးပေ။ သူက ကျိယွီရှောင်ကို ဆန့်ကျင်ရန် ဆန္ဒရှိလာနိုင်ပေသည်။


ထိုသို့ဖြစ်လာလျှင် ကျိယွီရှောင်က ကျိလဲ့ယွီကို အပြစ်တင်မည်မဟုတ်ချေ။ သူနှင့်ယှဉ်ပြိုင်ရန် ကျိလဲ့ယွီကို ပစ်မှတ်ထားသည့်သူကိုသာ အပြစ်တင်မည်ဖြစ်သည်။


သူက သူ့ကို လာတိုက်ခိုက်သည့်သူကို လွှတ်ပေးမည်မဟုတ်ချေ။ တစ်ဖက်လူကိုပင် သတ်ရန်ပင် ဖြစ်နိုင်လေသည်။


သူက ကျိလဲ့ယွီကို အခြားလူနောက် လိုက်သွားခွင့် မပေးနိုင်ချေ။


ကျိလဲ့ယွီက ကျိယွီလင်း၏ကလေးဖြစ်သည်။ သူက ကျိလဲ့ယွီကို ပြုစုစောင့်ရှောက်ကာ ကျိလဲ့ယွီတဖြည်းဖြည်းကြီးပြင်းလာသည်ကို စောင့်ကြည့်ချင်လေသည်။


သူက ဘယ်သောအခါမှ ကျိလဲ့ယွီအပေါ် ထားသည့်စိတ်ကို မဖုံးကွယ်ထားခဲ့ပေ။ ကျိလဲ့ယွီကို ပြုစုစောင့်ရှောက်ရန် သူ့အဖေနှင့် ရန်ဖြစ်ကတည်းက ကျိမူ သဘောပေါက်ခဲ့သင့်၏။


သူက ကျိလဲ့ယွီအတွက် အရူးတစ်ယောက် ဖြစ်လေနိုင်ပေသည်။


"နောက်တစ်ခါ ရှိတော့မှာမဟုတ်ဘူး...သေချာတယ်..."


ကျိမူက တီးတိုးရေရွတ်လိုက်သည်။


သူက အရူးကို နိုင်ရန် မဖြစ်နိုင်ပေ။


သူ အသက်ရှင်ချင်သေးသည်။ သူ့တွင် ဆန္ဒများ၊ ရည်မှန်းချက်များ ရှိသေးရာ လောကကြီးကို အရှုံးပေးထားသည့် ကျိယွီရှောင်၏လက်ထဲတွင် အဆုံးမသတ်ချင်ပေ။


"ဒီလိုဆို အကောင်းဆုံးပေါ့..."


ကျိယွီရှောင်က ကျိမူကို ကြည့်ကာ ပြောလိုက်သည်။


"ဒီကိုလာ..."


ကျိမူက သူ့လည်ပင်းရှိဒဏ်ရာကို အုပ်ထားလိုက်ပြီး လျှောက်သွားလိုက်သည်။


"မင်းဖုန်း..."


ကျိယွီရှောင်က လက်ဆန့်ကာ ပြောလိုက်သည်။


ကျိမူက တစ်ခဏခန့် အေးခဲသွားပြီး ကျိယွီရှောင် ပြောချင်သည့်အဓိပ္ပာယ်ကို သဘောပေါက်ပြီး‌နောက် ဖုန်းထုတ်ကာ တစ်ဖက်လူကို ပေးလိုက်သည်။


“မှတ်တမ်းယူထားတာ မရှိဘူး...စိတ်မပူနဲ့...”


သူ မသေချင်ပေ။ သူတို့သွေးသားရင်းဆက်ဆံရေးကြောင့် ရဲခေါ်လျှင်ပင် အသုံး၀င်မှာ မဟုတ်ချေ။


အမှန်တွင် ကျိမူက ရဲကိုခေါ်ရန် ဘယ်သောအခါမှ မတွေးခဲ့ပေ။ သူက ကျိယွီရှောင်တွင် ဤကဲ့သို့သောအကြံမျိုးရှိသည့်အတွက် အံ့အားသင့်သွားရုံသာဖြစ်သည်။


သူတို့မိသားစုတွင် ကျိယွီရှောင်လိုလူမျိုး မရှိခဲ့ပေ။


ကျိယွီရှောင်က ဖုန်းကို စစ်ဆေးလိုက်ပြီး ကျိမူ စကားမှန်ကန်ကြောင်း အတည်ပြုပြီးနောက် ဖုန်းကို ပြန်ပေးလိုက်သည်။


သူက ကျိမူ ရဲခေါ်မှာ မဟုတ်ကြောင်းကို ကြိုသိ‌ထားသော်လည်း ကျိမူ မှတ်တမ်းတင်ထားပြီး အချိန်ကျလျှင် လင်းလော့ချင်း၊ ကျိလဲ့ယွီနှင့်လင်းဖေးက ယင်းကို သိသွားမှာကို ကြောက်ရွံ့မိ၏။သူတို့အား သူ့၏ဤဘက်ခြမ်းကို မပြချင်ပေ။ သူက စဉ်းစားပေးတတ်သည့်ချစ်သူ‌ကောင်း၊ နူးညံ့သိမ်မွေ့သည့်အဖေကောင်းသာ ဖြစ်ချင်လေသည်။


"မင်းက ဖန်ရှင်းပေါ်လာအောင် လုပ်ခဲ့တော့ သူ့ကို ပျောက်သွားအောင် လုပ်ဖို့ကလည်း မင်းတာ၀န်ပဲ...မနက်ဖြန် ရှောင်ယွီကျောင်းတက်လို့ သူ ရှိနေသေးရင် ငါ့အဆိုးမဆိုနဲ့..."


"‌သိပါပြီ..."


ကျိမူ ကတိပေးလိုက်သည်။


"အခု မင်းသွားလို့ရပြီ..."


နောက်ဆုံးတွင် ကျိယွီရှောင်၏လေသံက ပုံမှန်လေသံအတိုင်း ပြန်ဖြစ်သွားပေပြီ။


ကျိမူက ကျိယွီရှောင်၏စကားကိုကြားသည်နှင့် ချက်ချင်း လှည့်ထွက်သွားလိုက်သည်။ 


သူက ဤနေရာတွင် တစ်စက္ကန့်ပင် ထပ်‌မနေချင်တော့ပေ။


ကျိယွီရှောင်က ကျိမူထွက်သွားသည်ကို စောင့်ကြည့်ပြီးနောက် တစ်ရှူးကို ထုတ်လိုက်ပြီး ဓားသွားပေါ်မှ သွေးများကို သုတ်လိုက်ကာ ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။


ဓားအိမ်က အဖြူရောင်ဖြစ်ပြီး ဒီဇိုင်းကလည်းလှပလှသည်။


ကျိယွီရှောင်က သူ့လက်ထဲမှ ဓားကို ကြည့်ပြီး ဖြည်းညှင်းစွာ ပြုံးလိုက်သည်။


ကျိမူက ကျိယွီရှောင်၏ဗီလာထဲမှ ထွက်လာပြီးနောက် ဒရိုင်ဘာကို အမြန်မောင်းထွက်ရန် တိုက်တွန်းလိုက်သည်။


ဒရိုင်ဘာက ကျိမူလည်ပင်းပေါ်မှ သွေးများကို မြင်သောအခါ အံ့ဩသွားလေသည်။


"ဘာဖြစ်သွားတာလဲဗျ..."


"ဆေးရုံကိုသာ သွား..."


ကျိမူက အေးစက်စွာ အမိန့်ပေးလိုက်သည်။


သူက သူ့လည်ပင်းကို ဖုံးအုပ်ထားသည့် ထိတ်လန့်စိတ်က ယခုထိ မပြေသေးပေ။


ဓားသွားက ဤထက် နက်နက်၀င်သွားလျှင် သူက ထိုဗီလာမှ အသက်ရှင်လျက် ထွက်လာနိုင်‌တော့မည်မဟုတ်ချေ။


သူက သူ့ရှေ့မှ ဗီလာကို ကြည့်လိုက်သည်။


ဒီကို ဘယ်တော့မှ ထပ်မလာတော့ဘူး...


ကျိယွီရှောင်ကိုလည်း ထပ်မတွေ့ချင်တော့ဘူး...


လင်းဖေးနှင့်ကျိလဲ့ယွီ အိမ်ပြန်ရောက်သောအခါ ရှောင်လီက ဧည့်ခန်းထဲမှ သွေးများကို သန့်ရှင်းပေးပြီးဖြစ်ပြီး ကလေးနှစ်ယောက်နှင့်အန်တီကျန်းက အဖြစ်အပျက်ကို သိနိုင်တော့မည်မဟုတ်ချေ။


ကျိယွီရှောင်က ရေချိုးလိုက်ပြီး အ၀တ်အစားလဲလိုက်ကာ ကျိလဲ့ယွီ ပြန်ရောက်မည့်အချိန်ကို စောင့်နေလိုက်သည်။


လွန်ခဲ့သည့်နှစ်ရက်အတွင်း ကျိလဲ့ယွီက အိမ်ပြန်လာသောအခါ ယခင်အတိုင်း ပျော်ရွှင်နေခဲ့သည်ကို တွေးမိပြီး ကျိယွီရှောင် စိတ်ထိခိုက်ရလေသည်။


ကျိလဲ့ယွီက ထိလွယ်ရှလွယ်ဖြစ်ပြီး ဂရုစိုက်ပေးသည့်ကလေးဖြစ်ကြောင်း သူ သိသည်။


သူက လမ်းမလျှောက်နိုင်တော့သည့်အတွက် ကျိလဲ့ယွီက အပြင်ထွက် ကစားခြင်းမရှိတော့ပေ။ သူနှင့်သာ အိမ်တွင်နေနေခဲ့သည်။


သူက တစ်ခါတစ်ရံ လော့ကျားနှင့် အပန်းဖြေဥယျာဉ်သို့ သွားခိုင်းသော်လည်း ကျိလဲ့ယွီက ငြင်းဆန်ခဲ့လေသည်။


ထို့အပြင် သူ အဆင်မပြေမည်ကို စိုးရိမ်ပြီး သူ့ကို ကျောင်းပင် လိုက်မပို့ခိုင်းခဲ့ချေ။ ကျိလဲ့ယွီက နေ့တိုင်း ပျော်ရွှင်စွာ အိမ်ပြန်လာပြီး သူ ကြုံတွေ့ခဲ့ရသည့် စိတ်၀င်စားစရာကိစ္စများကို ပြန်ပြောပြတတ်သည်။


ကျိလဲ့ယွီက သူ့အိမ်ထောင်ရေးအတွက်ပင် ထင်မြင်ချက် မရှိခဲ့ပေ။ အချင်းချင်း သဘောကျသရွေ့ သူ အဆင်ပြေသည်ဟုသာ ပြောခဲ့၏။


ကလေးများက အချစ်များ ခွဲဝေပေးရမည်ကို ကြောက်ရွံ့ကြသော်လည်း ကျိလဲ့ယွီကမူ ယင်းကိုလက်ခံပေးခဲ့လေသည်။


ကျိလဲ့ယွီက ‌လက်သည်းမပါသော ကြောင်နှင့်တူ၏။ သူက သူ(ကျိယွီရှောင်)ပျော်ရွှင်ရန်ကိုသာမျှော်လင့်လေသည်။


ယခု ဖန်ရှင်းပေါ်လာသောအခါတွင်လည်း ကျိလဲ့ယွီက အဆင်မပြေဖြစ်ကာ နာကျင်နေရသော်လည်း သူ့ကို ပြောပြရန် ဆန္ဒမရှိခဲ့ပေ။ ထိုအစား လင်းဖေးမှတစ်ဆင့် လင်းလော့ချင်းကိုသာ ပြောပြခဲ့ပြီး ဖန်ရှင်းကို ကျောင်းပြောင်းပေးရန် တောင်းဆိုခဲ့လေသည်။


ကျိလဲ့ယွီက ကျိယွီရှောင် သူ့အတွက် စိုးရိမ်နေရမည်ကို မလိုချင်ခဲ့ပေ။


ကျိယွီရှောင် သက်ပြင်းချလိုက်ပြီး သူ့နှလုံးသားက နာကျင်နေမိသည်။


သူက ကျိလဲ့ယွီကို ထိုမျှ မသိတတ်စေချင်ပေ။


"ဆရာ ထမင်းဝိုင်းအဆင်သင့်ဖြစ်ပါပြီ..."


အန်တီကျန်းက တံခါးခေါက်ကာ ကျိယွီရှောင်ကို သတိပေးလိုက်သည်။


ထိုအခါ ကျိယွီရှောင်က သိကြောင်း ပြောလိုက်ပြီး အောက်ထပ်သို့ ဆင်းသွားလိုက်၏။ 


ကျိလဲ့ယွီက အိမ်ပြန်ရောက်ပြီး ထမင်းစားပွဲဝိုင်းသို့ ရောက်နှင့်ပြီးဖြစ်ကာ အလွန်တက်ကြွစွာစကားပြောနေလေသည်။


ကျိယွီရှောင်က ကျိလဲ့ယွီနှင့် ပူးပေါင်းကာ ရံဖန်ရံခါ စကား၀င်ပြောပြီး ဟင်းများခတ်ထည့်ပေးနေလိုက်သည်။


ညစာစားပြီးနောက် အပေါ်ထပ်သို့ အတူ တက်ကြပြီး ကျိလဲ့ယွီက အိမ်စာမပြီး‌သေးသောကြောင့်လင်းဖေးအခန်းသို့သွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။


သို့သော် ကျိယွီရှောင်က သူ့ကို တားလိုက်လေသည်။


"မင်းအခန်းကို သွားရအောင်...ဒယ်ဒီ မင်းကို ပြောစရာရှိတယ်..."


ထို့နောက် လင်းဖေးဘက်လှည့်ကာ ပြောလိုက်သည်။


"ဖေးဖေး ဒယ်ဒီ ရှောင်ယွီနဲ့ ပြောစရာရှိလို့ နောက်မှ ရှောင်ယွီကို သားဆီ လွှတ်ပေးလိုက်မယ်နော်..."


လင်းဖေး ခေါင်းငြိမ့်လိုက်သည်။


သူနှင့်လင်းလော့ချင်းက မကြာခဏစကားပြောကြပြီး ကျိယွီရှောင်လည်း ကျိလဲ့ယွီနှင့် စကားပြောချင်သည်မှာ ပုံမှန်ပင်ဖြစ်လေသည်။


လင်းဖေးက သူ့အခန်းသူ ပြန်သွားလိုက်ပြီး ကျိလဲ့ယွီနှင့် ကျိယွီရှောင်အတွက် နေရာဖယ်ပေးလိုက်သည်။


ကျိလဲ့ယွီက ကျိယွီရှောင်၏အခန်းထဲ လိုက်၀င်သွားပြီး မေးလိုက်သည်။


"ဘာပြောမလို့လဲ ဒယ်ဒီ..."


ကျိယွီရှောင်က ကျိလဲ့ယွီကို ကြည့်နေပြီး ဘာပြောရမလဲ မသိပေ။


သူက ကျိလဲ့ယွီကို နှစ်သိမ့်ပေးချင်သော်လည်း ဘယ်လိုနှစ်သိမ့်မလဲ မသိချေ။


သူ ဘယ်‌လိုပြောရင် ကျိလဲ့ယွီက အဆင်ပြေမှာလဲ...


ကျိယွီရှောင်က ကျိလဲ့ယွီကို ပေါင်ပေါ်တင်ကာ အချိန်အတော်ကြာ တွေးပြီးနောက် ကျိလဲ့ယွီကို နူးညံ့စွာ ကြည့်လိုက်သည်။


ကျိလဲ့ယွီက နားမလည်နိုင်တော့ပေ။


ဘာဖြစ်နေတာလဲ...ဘာလို့ ဒယ်ဒီက ဘာမှမပြောဘဲ သူ့ကို စိုက်ကြည့်နေတာလဲ...


ထူးဆန်းလိုက်တာ...


ကျိယွီရှောင်က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ နူးညံ့စွာ မေးလိုက်သည်။


"ဖန်ရှင်းကို တွေ့ပြီးပြီလား..."


ကျိလဲ့ယွီက တစ်ခဏခန့် အံ့အားသင့်သွားသော်လည်း လင်းလော့ချင်းက ကျိယွီရှောင်ကို ပြောပြလိုက်ခြင်းဖြစ်ကြောင်းကို သဘောပေါက်သွားလေသည်။


လင်းဖေးက လင်းလော့ချင်းကို ပြောတယ်...


လင်းလော့ချင်းက ကျိယွီရှောင်ကို ပြောတယ်...


ကျိလဲ့ယွီက နှုတ်ခမ်းကို ဖိလိုက်သည်။ သူ လင်းလော့ချင်းကို အပြစ်မတင်ပေ။ ကျိယွီရှောင်သိသွားသည့်အတွက်သာ ၀မ်းနည်းနေလေသည်။


ကျိယွီ‌ရှောင်က ယင်းကို သတိထားမိပြီး ရှင်းပြလိုက်သည်။


"မင်းပါးပါးက မင်း ငါ့ကို မပြောပြချင်မှန်း သိပေမဲ့လည်း ငါ အန္တရာယ်ရှိမှာစိုးလို့ ပြောပြတာပဲ...သူက ငါ့ကို ပိုသတိထားနေစေချင်လို့လေ..."


ကျိလဲ့ယွီက အံ့ဩသွားလေသည်။


"အခု ဒယ်ဒီ အန္တရာယ်ရှိနေပြီလား..."


"အခု ငါ သိသွားပြီ‌ဆိုတော့ အန္တရာယ်မရှိတော့ဘူး..."


ကျိလဲ့ယွီက စိတ်သက်သာရာရသွားပြီး ကျိယွီရှောင်ကို နှစ်သိမ့်ပေးလိုက်သည်။


"သား အဆင်ပြေပါတယ်...ဒယ်ဒီ မစိုးရိမ်ပါနဲ့..."


ကျိယွီရှောင်က ထိုစကားများကို ကြားသောအခါ ပိုစိတ်ဆင်းရဲသွားမိသည်။


သူက ကျိလဲ့ယွီ၏ဆံပင်ကို ထိလိုက်ပြီး မျက်လုံးများထဲ၌ ဂရုစိုက်မှုများ ပြည့်နှက်နေသည်။


"ရှောင်ယွီ ကျိမူက အဲ့လိုလုပ်လိမ့်မယ်လို့ ဒယ်ဒီ မထင်ထားခဲ့ဘူး...ဒယ်ဒီ ပေါ့ဆမိတဲ့အတွက် တောင်းပန်ပါတယ်‌နော်..."


ကျိလဲ့ယွီ ခေါင်းခါလိုက်သည်။


"သား ဒယ်ဒီကို အပြစ်မတင်ပါဘူး...ဒါက သူ့အမှားပဲလေ...သူက မကောင်းတဲ့သူပဲ...ဒယ်ဒီနဲ့မဆိုင်ပါဘူး..."


"သား တကယ် အဆင်ပြေရဲ့လား..."


ကျိယွီရှောင် မေးလိုက်သည်။


"သား ဖန်ရှင်းကို မမုန်းဘူးလား...ဒီရက်ပိုင်း သား မိဘတွေကို ပြန်တွေးမိပြီး ၀မ်းနည်းနေသလား..."


ကျိလဲ့ယွီ အံ့အားသင့်သွားသည်။ သူက ကျိယွီရှောင်မေးခွန်းကို ဘယ်လို ပြန်ဖြေရမလဲ မသိသောကြောင့် ခေါင်းကို ငုံ့ထားလိုက်လေသည်။


ကျိယွီရှောင်က ကျိလဲ့ယွီကို ပွေ့ဖက်လိုက်ပြီး ခေါင်းကို နမ်းလိုက်သည်။


"သား သူ့ကို ထပ်မမြင်စေရဘူး...‌နောက်ကြရင် ဒီလိုထပ်မဖြစ်စေရဘူး..."


ကျိယွီရှောင်က ကျိလဲ့ယွီကို ကတိပေးလိုက်သည်။


ကျိလဲ့ယွီက နာခံစွာ ခေါင်းငြိမ့်လိုက်၏။


"သားမိဘတွေကို နာကျင်စေတဲ့လူတွေကို ဒယ်ဒီ ဒီအတိုင်းလွှတ်မထားပါဘူး...သား စိတ်မပူနဲ့နော်...သူတို့ကို အပြစ်ပေးမှာပါ...သားက ဖန်ရှင်းကို မုန်းပြီး အဆင်မပြေဖြစ်နေနိုင်တယ်...ဒေါသထွက် နေနိုင်တယ်...ဒါက ပုံမှန်ပါပဲ...ဒယ်ဒီကို ပျော်ရွှင်စေဖို့ နေ့တိုင်း ပျော်နေပြစရာ မလိုပါဘူး...ကလေးတွေက ၀မ်းနည်းလာတဲ့အခါ လူကြီးတွေရဲ့ရင်ခွင်ထဲ ပုန်းနေလို့ရပါတယ်..."


“သားမိဘ‌တွေ မရှိ‌တော့ဘူး...ဒယ်ဒီက သားအဖေ ဖြစ်နေပြီ...ဒယ်ဒီရင်ခွင်ထဲ ပုန်း‌နေလို့ရတယ်... သားရဲ့ခံစားချက်တွေကို ဒယ်ဒီဆီ ဖော်ပြလို့ရတယ်...ဒယ်ဒီက သားရဲ့ဦးလေး၊ အစ်ကိုနဲ့ သားအဖေရဲ့ညီလေးပဲ...ဒါ့ကြောင့် ဒယ်ဒီ သားကို အန္တရာယ်တွေကနေ ကာကွယ်ပေးမယ်...ဘာလို့ဆို ဒယ်ဒီက သားကို ချစ်ပြီး သားက ဒယ်ဒီ့သွေးရင်းဆွေမျိုးမို့လို့ပဲ..."


"အခု ဒယ်ဒီက သားအဖေဖြစ်သွားပြီ...အဲ့ဒါကြောင့် သားကို ပိုပြီးတောင် ကာကွယ်ပေးရဦးမယ်... အဖေက သူ့သားကို ကာကွယ်ပေးသင့်တယ်...သားက အဖေကို ကာကွယ်ပေးစရာ မလိုဘူး ...ဘာလို့ဆို အဖေက သန်မာပြီး အစွမ်းထက်လို့ပဲ...သားက ငယ်သေးတယ်...ဒယ်ဒီကို ကာကွယ်‌ပေးစရာ မလိုဘူး...ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့ပဲလိုတယ်...ပျော်နေတဲ့အချိန် ရယ်မောနေသင့်တယ်...၀မ်းနည်းတဲ့အချိန် ဒယ်ဒီကို ပြောပြသင့်တယ်...ဒါက ဒယ်ဒီလိုချင်တာပဲ..."


"ဒီလိုနည်းနဲ့ ဒယ်ဒီက အရည်အချင်းပြည့်မီတဲ့အဖေဖြစ်တာကို ပြသနိုင်တာပေါ့..."